မောင်ရစ် – ၂၀၁၄ လမ်းခွဲမှာ လွတ်သွားတဲ့ ငါးကြီးများ

February 10, 2015

မောင်ရစ် – ၂၀၁၄ လမ်းခွဲမှာ လွတ်သွားတဲ့ ငါးကြီးများ
(အယ်ဒီတာ့လက်ရေး) (မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၅

ဆရာကြီး ဟံသာဝတီဦးဝင်းတင် ၂၀၁၄ ဧပြီလမှာ ဆုံးခဲ့တယ်။ ကျနော့်မှာ မေးစရာမေးခွန်းတွေ ရှိသော်လည်း ဖြေမယ့်သူမရှိတော့လို့ ၂၀၁၄ ခုနှစ်တခုလုံး မြိုသိပ်ပြီး နေခဲ့ရသလိုပါပဲ။ နောက် ပြန်စဉ်းစားကြည့်တော့ ကျနော်တို့အခြေအနေက အဖြေမရှိတဲ့ ပုစ္ဆာကြီးထဲများ ပိတ်မိနေကြသလားလို့ တွေးမိပြန်တော့တယ်။ ဆရာကတော့ ၂၀၁၃ နှစ်ကုန်ခါနီးမှာ မြန်မာပြည်ဟာ စစ်အစိုးရအလိုရကျလမ်းကြောင်းကနေ ခွဲထွက် လျောက်ကြဖို့ လိုတယ်လို့ ဝေဖန်ခဲ့တယ်။ လမ်းခွဲကြဖို့ မှာခဲ့တယ်။ နောက်တော့လည်း လမ်းခွဲဆိုတာထက် လက်လွတ်သွားတဲ့ ငါးတွေက ပိုကြီးတယ်ဆိုပြီး မချင့်မရဲ ဖြစ်ခဲ့ရတဲ့ နှစ်ဟာ ၂၀၁၄ များ ဖြစ်နေမလား တွေးနေမိပါတယ်။

၂၀၁၄ နှစ်ဆန်းပိုင်းမှာ အခြေခံဥပဒေ ၄၃၆ ပုဒ်မ ပြင်ဆင်ဖို့ အင်န်အယ်ဒီပါတီနဲ့ ၈၈ ပွင့်လင်းတို့ ပူးပေါင်းပြီး လက်မှတ်ထိုးကင်ပိန်း လုပ်ခဲ့ကြတာ ၂၀၁၄ သြဂုတ်မှာ လက်မှတ် ၅သန်း စုဆောင်းပြီး လွှတ်တော်တွေကို တင်သွင်းနိုင်ခဲ့ပါတယ်။ လွှတ်တော်အရပ်ရပ်လက်ထဲမှာ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးဆောင်ရွက် ပြင်ဆင်တော့ မယောင်ယောင် အသံတွေ လှုပ်ရှားမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမတော့ သောင်မတင် ရေမကျနဲ့ အကောင်အထည် ဖော်လာတာ မမြင်ရတော့ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်မှတ် ၅သန်းဆိုတာ မြန်မာတပြည်လုံးကို ကိုယ်စားမပြုပါဘူးလို့ တန်ပြန်စိန်ခေါ်စကားကို မီဒီယာအင်တာဗျူးနဲ့ တုန့်ပြန်လိုက်ပါသေးတယ်။ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် လွှတ်တော်တွင်း တင်သွင်းလိုက်တဲ့ လက်မှတ် ၅သန်း တောင်းဆိုချက်ကို ဆက်လက်ဖိအားပေး တောင်းဆိုဖို့ အားပျော့သွားခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲ လုပ်တော့ မလိုလို၊ လွှတ်တော်တွင်းမှာပဲ မဲခွဲပြီး ပြင်ဆင်မှုတွေ လုပ်တော့ မလိုလိုကို မျှော်တော်ယောင်နဲ့ စောင့်နေရသလို ဖြစ်နေပါတယ်။

၂၀၁၄ မတ်လမှာ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နှစ်ကုန်ပိုင်းမှာ ကျင်းပပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလကျတော့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖြစ်တော့ပါဘူးလို့ ကော်မရှင်က ဆုံးဖြတ်ကြေညာလိုက်ပါတယ်။ အဲသည်အတွက် အတိုက်အခံနိုင်ငံရေးပါတီကြီးက ဆက်လက်ဖိအားပေး တောင်းဆိုခြင်း မပြုလုပ်ဘဲ အေးဆေးငြိမ်သက်စွာ လက်ခံလိုက်ပါတယ်။ သြဂုတ်လမှာတုန်းကတောင် အင်န်အယ်ဒီက ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်အမည်စာရင်းတောင် ထုတ်ပြန်ဦးမတဲ့လို့ ဆိုနေရာက စက်တင်ဘာမှာ ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်မလုပ်တော့ဘူးလို့ ထုတ်ပြန်လို်က်တဲ့အခါမှာ အတိုက်အခံ၊ လွှတ်တော်၊ အစိုးရနဲ့ ဥပဒေသမားများကိုယ်တိုင်က သက်တောင့်သက်သာ ရှိနေလိုက်ကြတာဟာ အံ့သြစရာပါ။

ဒါတင်ပဲလားဆိုတော့ လွှတ်တော်ထဲမှာ အကြိမ်ကြိမ်သော ဥပဒေကြမ်းများ ရေးဆွဲခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြတဲ့အခါ အတိုက်အခံတွေဘက်က ထိထိရောက် တန်ပြန် စိန်ခေါ်နိုင်မှုတွေ၊ လူထုအင်အားနဲ့ တုန့်ပြန်မှုတွေ မလုပ်ခဲ့ကြသလိုပါပဲ။ ပညာရေးဥပဒေကြမ်း (မတ် ၂၀၁၄)၊ မျိုးစောင့်ဥပဒေကြမ်း ၄ ရပ် (မေ ၂၀၁၄ မှာစ နိုဝင်ဘာမှာ သွင်း)၊ ပီအာရာစနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန် တင်သွင်းခြင်း (ဇွန်မှ စ၍ သြဂုတ်လ အမျိုးသားလွှတ်တော်မှာ လက်ခံသည်အထိ) တွေဟာ လွှတ်တော်အရပ်ရပ်မှာ နောက်ဆုံး အတည်ပြုခြင်း၊ လက်ခံခြင်းတွေနဲ့ ဖြစ်မြောက်ခဲ့ရတာကို တွေ့နိုင်ပါတယ်။

၂၀၁၃ တုန်းက လွှတ်တော်က အတည်ပြုခဲ့တယ်ဆိုတဲ့ မီဒီယာဥပဒေကြမ်းဟာ စာနယ်ဇင်းကောင်စီနဲ့ အဖွဲ့အစည်းများအသီးသီးရဲ့ အငြင်းပွားမှု၊ ပြန်လှန်မေးခွန်းထုတ်မှုတွေနဲ့ ၂၀၁၄ မှာလည်း တောက်လျောက် ရင်ဆိုင်ခဲ့ရတာကို ပြန်ကြည့်နိုင်ပါတယ်။ ၂၀၁၄ သြဂုတ်မှာ စာပေအနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့စဉ်မှာ ဒေါ်စုက အဆိုပါ မီဒီယာဥပဒေအတည်ပြုမှုမှာ မကျေလည်မှုတွေရှိတယ်ဆိုတာ သိရှိပါကြောင်း ပြောခဲ့ပြီးနောက်မှာမှ မီဒီယာဥပဒေကြမ်းများဆိုင်ရာ အကြံဥာဏ်များကို ပါတီကနေ စာနယ်ဇင်းသမားတွေထံက ကြားနာမှု အောက်တိုဘာမှာ လုပ်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် ပညာရေးဥပဒေကြမ်းကို ကျောင်းသားသမဂ္ဂများနဲ့ ကျောင်းသားလူငယ်အသီးသီးက သြဂုတ်လကတည်းက ကန့်ကွက်ကြောင်း၊ ပြင်ဆင်ပြုပြင်ပေးရန်လိုအပ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြသော်လည်း လွှတ်တော်နဲ့ အစိုးရဘက်က ထိထိရောက်ရောက် မတုန့်ပြန်ခဲ့လို့ အခု ၂၀၁၅ နှစ်ဆန်းမှာ ပြည်လုံးကျွတ် ကျောင်းသားသပိတ်စစ်ကြောင်းတွေနဲ့ ဖိအားပေးမှုတွေ ဖြစ်ထွန်းလာတာကို တွေ့ရပါတယ်။

အဲသည်လို အများသဘောမတူတဲ့ ပညာရေးဥပဒေကြမ်း ကို ကျောင်းသားတွေက သပိတ်လက်နက်နဲ့ ရင်ဆိုင်တုန့်ပြန်တာဟာ လက်ပံတောင်းတောင်နဲ့ ဒေသအသီးသီးက လယ်ယာမြေအသိမ်းခံထားရတဲ့ လယ်သမားများရဲ့ သပိတ်၊ မိကျောင်းကန်ရပ်ကွက်နဲ့ မိမိအိမ်ယာအသိမ်းခံထားရတဲ့ ပြည်သူများရဲ့ သပိတ်၊ လုပ်ခလစာ တရားမျှတဖို့ အလုပ်သမားအခွင့်အရေးတွေ အာမခံချက်ရှိဖို့၊ အကာအကွယ်ရဖို့ တောင်းဆိုနေတဲ့ အလုပ်သမားများရဲ့ သပိတ်တွေလိုပဲ လွှတ်တော်ထဲက နိုင်ငံရေးအင်အားစုများသာမက လွှတ်တော်ပြင်ပက အဖွဲ့အစည်းကြီးတော်တော်များများရဲ့ ဥပက္ခာပြုမှုတွေနဲ့ ရင်ဆိုင်နေရတာဟာ ဆရာကြီးဦးဝင်းတင် ပြောခဲ့တဲ့ “သပိတ်စုံ အကုန်ရ” ဆိုတဲ့ လမ်းစဉ်၊ လမ်းကြောင်းကနေ အဲသည်လူတွေ ချောတောများ ငေါ့ကုန်ကြလေသလားလို့ တွေ့းချင်စရာ ဖြစ်လာပါတော့တယ်။

၂၀၁၅ ဟာ အရေးပါတဲ့ နှစ်ဖြစ်တယ်ဆိုရင် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ အခွင့်အရေး ပယ်ရှားခံလိုက်ရကတည်းက လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခမ်းကဏ္ဍ၊ ဖွဲ့စည်းပုံ၊ ဆောင်ရွက်နေမှုတွေကို တောက်လျောက် မေးခွန်းထုတ်၊ ဖိအားပေး စိန်ခေါ်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်အနေဖြင့် အာမခံပေးနိုင်မှု၊ တရားမျှတလွတ်လပ်မှု အာမခံနိုင်ရေး၊ အာဏာရ အစိုးရ၊ ပါတီနဲ့ တပ်မတော်များ၏ လောင်းရိပ်အောက်မှ ဖောက်ထွက်နိုင်ရေးတို့ကို အတိုက်အခံပါတီတွေ အဖွဲ့အစည်းတွေက ဇောင်းပေး ဆောင်ရွက်လာကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဖြစ်ပေါ်လာခြင်း မရှိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်မှု၊ စည်းရုံးလှုပ်ဆော်မှုများနဲ့ ပတ်သက်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ နည်းဥပဒေ စည်းကမ်း စည်းမျဉ်းများ ထုတ်ပြန်ပေးရန် ဖိအားပေးနိုင်ဖို့ကိုလည်း အတိုက်အခံတွေက အားနည်းခဲ့တယ်လို့ ဆိုချင်ပါတယ်။ အဲသည်အချိန်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက တိုင်းပြည်မငြိမ်သက်ရင် တပ်မတော်လက်ထဲ အာဏာပြန်ရောက်သွားမယ်လို့တောင် ချိန်းခြောက်စကား ပြောကြားလိုက်ပါသေးတယ်။ အဲသည်အတွက် ဒီမိုကရေစီအင်အားစုတွေက ပန်းနဲ့ ပေါက်သလောက်ပဲ ထင်လိုက်ပုံ ရပါတယ်။

၂၀၁၄ ဟာ မြန်မာပြည် သန်းကောင်စာရင်းနဲ့ လူဦးရေ၊ ဖြန့်ကျက်မှု အတိအကျ ထုတ်ပြန်နိုင်တဲ့ နှစ်ဖြစ်ပါတယ်။ ( သြဂုတ် ၂၀၁၄ ) အများက မျှော်မှန်းသလို သန်း ၆၀ မကျော်ဘူး၊ ၅၁ သန်း ကျော်သာ ရှိတယ်လို့ သိရပါတယ်။ ဆန္̔ဒမဲပေးနိုင်တဲ့ လူဦးရေစာရင်းဟာ သန်း ၃၀ ခန့် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲသည် သန်းကောင်စာရင်းအချက်အလက်တွေဟာ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲက ကိန်းဂဏန်းများ၊ ၂၀၁၀ ရွေးကောက်ပွဲက ရလဒ်များကို ပြန်လှန်မေးခွန်းထုတ် စိစစ်ဖွယ်ရာ သုံးသပ်ဆင်ခြင်ဖွယ်ရာ ကောင်းသော်လည်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ တုန့်ပြန်မှုတွေ ထွက်ပေါ်ခြင်း မရှိခဲ့ပါ။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွေ မဖြစ်မြောက်ခဲ့ပေမယ့် ရပ်ကျေးမြို့နယ် စည်ပင်သာယာရွေးကောက်ပွဲတွေကတော့ အစိုးရက ဆောင်ရွက်ပေးခဲ့ပါတယ်။ အောက်တိုဘာ ၂၀၁၄ ကနေ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ဒီဇင်ဘာလဆန်းမှာ ပြီးဆုံးခဲ့ပါတယ်။ အဲသည် စည်ပင်ရွေးကောက်ပွဲတွေဆိုတာ အမေရိကန်လို နိုင်ငံမှဆိုရင်တောင် လွှတ်တော်ရွေးကောက်ပွဲကြီးများလိုပဲ အများပြည်သူတွေက မိမိဒေသအုပ်ချုပ်သူတွေကို ရပ်မိ ရပ်ဖတွေထဲက ၊ ဒေသခံနိုင်ငံရေးပါတီတွေထဲက ထင်ရှားထောက်ခံသူတွေထဲက ရွေးချယ်တင်မြောက်ကြဖို့ အရေးတယူလုပ်ကြရတဲ့ ရွေးကောက်ပွဲတွေ ဖြစ်သော်လည်း မြန်မာပြည်က ပါတီတွေနဲ့ ပြည်သူတွေကတော့ ဘယ်နှယ့်မှ မနေလိုက်ပါဘူး။ လူတယောက် မဲတမဲဆိုတာထက် တအိမ်ထောင် မဲတမဲပဲ စည်ပင်သာယာရွေးကောက်ပွဲက မဲပေးခွင့်ရတယ်ဆိုတာကို စိတ်ဆိုးရကောင်းမှန်း ဘယ်သူမှ မသိလိုက်ကြသလိုပါပဲ။ သည်လိုနဲ့ မဆလခေတ်လို နအဖ န၀တ စစ်အုပ်ချုပ်ရေး ခေတ်ကလို စစ်တပ်နဲ့ အာဏာရ ကြံ့ဖွတ်တွေ၊ ဗျူရိုကရက်တွေ၊ လုပ်ငန်းရှင်တွေ စိတ်တိုင်းကျ စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့တွေ သူတို့ဖာသာ သူတို့ ရွေးကောက်တင်မြှောက်ခံလိုက်ရပါတော့တယ်။ မီဒီယာတွေပေါ်တက်လာတဲ့ စည်ပင်သာယာရွေးကောက်ပွဲဝင် ဦးဝင်းချိုတို့ ဒေါ်နော်လှလှစိုးတို့ တေးသံရှင် ဇင်ဇော်ဒိုင်းတို့ ၀င်ပြိုင်ကြတယ်ဆိုတဲ့ သတင်းကလွဲပြီး နောက်ပိုင်း မီးရောင်အောက်က ပျောက်သွားပါတယ်။။ လွှတ်တော်ရွေးကောက်ခံ ကိုယ်စားလှယ်များ အမတ်များလိုပဲ စည်ပင်သာယာရွေးကောက်ခံ ကိုယ်စားလှယ်များဟာ မိမိ ရပ်ကွက် ကျေးရွာ အရေးကိစ္စများကို စည်ပင်သာယာနယ်နမိတ်အတွင်း လုပ်ပိုင်ခွင့် ဥပဒေ နည်းဥပဒေ စည်းမျဉ်းများအတွင်း သာယာဝပြော တရားမျှတအောင် ဆောင်ရွက်ခွင့်ရှိကြတာမို့ အရေးပါသော အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါတွေကိုလည်း အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေက မီးမောင်းထိုး လှုံဆော်စည်းရုံး နိုးကြား ဆောင်ရွက်လာနိုင်ဖို့ အားပျော့ခဲ့ကြသလားပဲ။

၂၀၁၄ ခုနှစ်မှာ လွတ်သွားတဲ့ ငါးတွေက ကြီးတာလား၊ ကြီးတဲ့ငါးတွေကို တမင်များ လွှတ်ပေးမိသလားလို့ တွေးနေမိတယ်။ အခြေခံဥပဒေပြင်ဆင်ရေး အကြိမ်ကြိမ်ဖိအားပေးနေချိန်မှာ အခြားသော ဥပဒေကြမ်းတွေ အသီးသီးက လွှတ်တော်အရပ်ရပ်ကနေ အတည်ပြု ထောက်ခံမှုတွေ ရကုန်ကြပါတယ်။ အဲသည်အခါမှာ ၂၀၁၃ ကတည်းက အကြိမ်ကြိမ်တောင်းဆိုနေတဲ့ ဒေါ်စုနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေးက လိုင်းပေါ် ပြန်ရောက်လာပါတယ်။ အမေရိကန် သမ္မတကြီး အိုဘားမား အလည်ခရီးစဉ် မရှေးမနှောင်းမှာပဲ အစိုးရ၊ လွှတ်တော်၊ အာဏာရပါတီ ကြံ့ဖွတ်တို့က ၄ ပွင့် ၆ ပွင့်ထက်မကတဲ့ အပွင့်ပဒေသာတွေ့ဆုံပွဲတွေ ဖန်တီး လုပ်ဆောင်ခဲ့ပါတယ်။ တွေ့လိုက်ကြ ပြန်တွေ့လိုက်ကြ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၂၀၁၄)။  လွှတ်တော်ကနေ အစိုးရကို ထပ်ပြီး တွေ့ကြဖို့  အဆိုတင်၊ ထောက်ခံ၊ တောင်းဆိုလိုက်ကြနဲ့ပါပဲ။ အဲသည်အတွက် ကျနော်တို့ ဘာရသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မေးခွန်းမေးတဲ့ သတင်းထောက်တွေကို ပြန်မေးနေတာ တွေ့တာပဲ။ “သားတို့ကကော ဘယ်လိုထင်သလဲ၊ ပြောကြလေ …” ဆိုလား။ ထင်တာပြောရင် အမေရိကန်က လွှတ်တော်အမတ် စစ်အုပ်စုဝင် ဦးအောင်သောင်းကို နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့လိုက်တယ် (၂၀၁၄ အောက်တိုဘာ ၃၁)။ နိုဝင်ဘာမှ မြန်မာကြံ့ဖွတ် လွှတ်တော်ကနေ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို တခဲနက် ကန့်ကွက်ရှုတ်ချမှုနဲ့ တုန့်ပြန် အာခံလိုက်ပါတယ်။ အတို်က်အခံပါတီတွေက ဒီအရေးကို အခြားနည်းလမ်းနဲ့ မတုန့်ပြန်ကြပါဘူး။ အနည်းဆုံးတော့ အမေရိကန်နဲ့ ပြည်ပက အရေးယူပိတ်ဆို့ခံထားရတဲ့ အမတ်တွေ၊ အစိုးရ အဖွဲ့ဝင်တွေ၊ လုပ်ငန်းရှင်တွေ သင်္ကာရှင်းစေဖို့ ပွင့်လင်းမြင်သာမှု ရှိစေကြောင်း စစ်ဆေးကြားနာ စုံစမ်းရေးကော်မရှင်လေးများ ဖွဲ့ပြီး ဆောင်ရွက်လေမလားရယ်လို့ မျော်လင့်ထားတာမျိုးလည်း ဖြစ်မလာဖူးလို့ ဆိုရမှာပါ။

၂၀၁၄ ခုနှစ်အတွင်း ပြည်သူတွေအတွက် ရွှေနားတော် လေချော်ပြီး အကြားအမြင် အပြောအဆို အလွဲလေးတွေကလည်း ဖြစ်ပွားခဲ့တာတွေလည်း ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ဖို့ စဉ်းစား စောင့်ကြည့်နေဆဲလို့ ပြောချိန်မှာ ပါတီပြောခွင့်ရတဦးက ရွေးကောက်ပွဲကို ဘယ်လိုပဲ ဖြစ်ဖြစ် ၀င်မှာပါလို့ ပြောလိုက်တာမျိုး၊ အခြေခံဥပဒေပြင်ဆင်ပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံယူနိုင်ဖို့အထိ ပါတီခေါင်းဆောင်က တစိုက်မတ်မတ် ရပ်တည်ပါတယ်လို့ ဆိုနေချိန်မှာ ပါတီက လူကြီးတဦးကနေ ဒေါ်အောင်ဆန်းစုကြည်က  လာမယ့် ရွေးကောက်ပွဲအလွန် လွှတ်တော်ဥက္ကဌ အဖြစ်နဲ့လည်း အဆင်ပြေပါတယ်လို့ အထင်အမြင်တွေ တင်ပြလာတာမျိုးတွေပါ။ မြန်မာပရိသတ်ကြီးခင်မျာ ဘယ်စကားအသွားအလာကို အတည်ယူရမည် မသိ၊ သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ထောက်ခံမြဲ ထောက်ခံနေပါ၏ ဆိုတဲ့စိတ် တသားတည်း တစူးတည်းသော စိတ်နဲ့ ရေငုံနေလိုက်ရတယ်လို့များ ဆိုရလေမလားပါပဲ။

သည်လိုနဲ့ပဲ နေလိုက်ကြတာ … ၂၀၁၄ မတ်လတုန်းက ၀ှိုက်ကဒ်သမားတွေ နိုင်ငံရေးပါတီ ထူထောင်ခွင့် မရှိလို့ ဆုံးဖြတ်ပြင်ဆင်ခဲ့တဲ့ လွှတ်တော်ကနေ ၂၀၁၅ ဖေဖော်ဝါရီမှာ ၀ှိုက်ကဒ်သမားတွေ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရှိတယ်လို့ ထုတ်ပြန်လိုက်ပါတော့တယ်။ ၂၀၁၄ တနှစ်လုံး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးနေလိုက်ကြတာ တိုက်ပွဲတွေကလည်း တခြိမ်းခြိမ်း၊ တပ်မတော်ကလည်း တဖက်ကနေ လက်သံတွေ ပြောင်လာလိုက်တာမှ နိုဝင်ဘာမှာ ကချင်စခန်းတခုကို လက်နက်ကြီးနဲ့ ပစ်လို့ တိုင်းရင်းသားတွေ သေကျေခဲ့ကြသလို စစ်ပြေး စစ်ရှောင် စခန်းတွေလည်း လျော့သွားတယ် မရှိပါဘူး။ သတင်းသမား နိုင်ငံသား ကိုပါကြီးလည်း တပ်မတော်သားများရဲ့ တရားလက်မဲ့ အကြမ်းဖက် သတ်ဖြတ်ခံရ၊ လယ်သူမကြီး နိုင်ငံသား ဒေါ်ခင်ဝင်းလည်း ရဲတပ်သားတွေရဲ့ ကျည်ဆံသင့်ပြီး သေဆုံးရ၊ လူ့အခွင့်အရေးအတွက် ရဲရဲတောက်လှုပ်ရှားသူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုံးလှနဲ့ ရဲဘော်တွေလည်း ဥပဒေ ပုဒ်မအမျိုးမျိုးနဲ့ မတရားဖမ်းဆီး ချုပ်နှောင်ခံရ၊ မြေသိမ်း အိမ်သိမ်း ခံရသူ မိကျောင်းကန် မိဘတွေလည်း လမ်းပေါ်မှာ ဆက်ပြီး ဖျားနာ ချိနဲ့ နေဆဲနဲ့ ဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ရင်ကြားစေ့ရေးတို့ဆိုတာ ဘယ်လမ်းခွဲမှာများ ကျန်ရစ်ခဲ့ပြီလဲလို့ မေးရမယ့် မေးခွန်း။ မမေးဖြစ်တော့ပါဘူး ဆရာ ဦးဝင်းတင်ရယ်။

၂၀၁၄ တနှစ်လုံးမှာ လွတ်သွားတဲ့ ငါးတွေက ကြီးသလား၊ တမင်ပဲ ငါးကြီးတွေ လွှတ်ပေးခဲ့မိကြလေသလား ဆိုတာ နိုင်ငံရေးမျက်နှာစာက အဓိကရ အတိုက်အခံခေါင်းဆောင်များ အစုအဖွဲ့များက အသိဆုံးပဲ ဖြစ်မှာပါ။ အခု ရေးချလိုက်မိသမျှကလည်း သတင်းခေါင်းစဉ်ကြီးတွေကနေ လျပ်တပြက် ကောက်ဆွဲပြီး ရေးလို့မိတာမို့ ချို့ယွင်းချက်တွေ ရှိကောင်းရှိမယ် ထင်ပါတယ်။ ၂၀၁၄ မှာ လမ်းခွဲနိုင်မယ်ဆိုရင် ကျနော်တို့ ဘယ်ရောက်နေမှာလဲ။ စစ်အုပ်စု ဦးဆောင်နေတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ စိတ်တိုင်းကျ ဆွဲခေါ်နေတဲ့ လမ်းကြောင်းအတိုင်း တရွတ်တိုက် လိုက်နေခဲ့ကြလို့ ကျနော်တို့ ဘယ်စခန်း ဘယ်လမ်း ရောက်နေကြပြီလဲဆိုတာ စဉ်းစားခန်းဝင်စရာပါ။

အခု ၂၀၁၅ နှစ်ဆန်းမှာ ကျောင်းသား လူငယ်တွေကတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ ပညာရေးစနစ်၊ ဒီမိုကရေစီပညာရေး လမ်းသစ် ဖောက်ထုတ် ဖော်ဆောင်နိုင်ရေးအတွက် ချီတက်သွားကြပါပြီ။ ဒီမိုကရေစီလမ်းသစ်ဆိုတာ စစ်အာဏာရှင်တွေ စစ်အုပ်စုဝင်တွေ သဘောကျ စိတ်တိုင်းကျ ကြည်ကြည်ဖြူဖြူ ခင်းပေးမှ ရောက်ရမယ့် လမ်းမဟုတ်တာ ကလေးတွေက အစ သိပါတယ်။ အလုပ်သမား၊ လယ်သမား၊ မိဘ၊ ကျောင်းသားတွေ တိုင်းရင်းသားတွေ အားလုံး သိကြပါတယ်။ အတိုက်အခံဆိုတဲ့ လူကြီးမင်းများလည်း သိကြလိမ့်ဦးမယ်လို့ မျှော်လင့်မိပါတယ်။

ငှက်မသိတော့ ဇရက် ချိုးထင်၊ အချက်မသိတော့ သမက် သူခိုးထင် ဆိုကြသလိုမျိုး  ငရမန်ကန်းအချုပ်ထဲက စောလူမင်းသားကို ကျန်စစ်သား ပုခုံးပေါ်ထမ်းပြီး ၀င်ကယ်တော့ စောလူးမင်းသား အော်သလို “ဟော ဒီမှာ ကျန်စစ်သား ငါ့ကို ခိုးပြေးပါပြီ” လို့ ငရမန်ကန်းကြားအောင် အော်နေကြလေဦးမည်လား … ။
(ဓာတ်ပုံ – ၂၀၁၃၊ ဦးဝင်းတင် မကွယ်လွန်မီ၊ ၂၀၀၈ အခြေခံဥပဒေကို အသစ်ရေးဆွဲရန် ဆန္ဒပြုနေစဉ်က)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)