ဇာဝါရီ – ဆယ်မာမှသည် ရန်ကုန်ဆီ၊ အောင်ပွဲ ပန်းတိုင်သို့ ချီကြပြီ

February 11, 2015

 

ဇာဝါရီ – ဆယ်မာမှသည် ရန်ကုန်ဆီ၊  အောင်ပွဲ ပန်းတိုင်သို့ ချီကြပြီ
(မာတင်လူသာကင်း၏ ဆယ်မာမြို့၊ ခရီးရှည်ချီတက်ပွဲ မိန့်ခွန်း ကောက်နုတ်ချက်ဖြင့် ကျောင်းသားတို့ကို အလေးပြုလိုက်တယ်)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅

ဒီနေ့ မြန်မာနိုင်ငံမှာ တရားမျှတမှုမရှိတဲ့ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြိ့ ၊ ထားဝယ်မြို့  နဲ့ ပုသိမ်မြို့ တို့ကနေ ရန်ကုန်မြို့ ကို ဦးတည်ပြီး ရက်ရှည်ခရီး ချီတက်လာနေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသား ရဲဇာနည်တွေလို ကမ္ဘာ့သမိုင်းမှာလည်း မတရားတဲ့ အမိန့်အာဏာတွေကို တော်လှန်ပုန်ကန်ခဲ့တဲ့ အကြမ်းမဖက် ခရီးရှည်ချီတက် သပိတ်မှောက်ဆန္ဒပြပွဲကြီးတွေကို စာဖတ်သူတွေ (ဖတ်) မှတ်သိကြမယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ အဲဒီ ထင်ရှားတဲ့ လူထုလှုပ်ရှားမှု၊ တော်လှန်ပုန်ကန်မှုတွေထဲက အများသိကြတဲ့ သပိတ်တိုက်ပွဲတွေက (၁၉၃၀) ခုနှစ်မှာ နေမဝင် အင်္ဂလိပ်အင်ပါယာကြီးကို သိမ့်သိမ့်တုန်စေခဲ့တဲ့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ ဂန္ဒီ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဆားအခွန်တော် အက်ဥပဒေ ဆန့်ကျင်ရေး ရက်ရှည်ခရီး လူထုချီတက်ပွဲကြီး။

အဲဒီအချိန်မှာ အသက် (၆၁) နှစ်အရွယ် ဂန္ဓီကြီး က လူပေါင်းသိန်းချီကျော်ကို ဦးဆောင်ပြီး မိုင်ပေါင်း (၂၄၀) ခရီးကို ရက်ပေါင်း (၂၄) ရက်ကြာ ချီတက်ခဲ့တယ်။ စိတ်ဝင်စားစရာတချက်က ဂန္ဓီကြီးက ဘုရင်ခံ လော့ဒ် အိုင်ဝင် (Lord Irwin) ကို စာရေးပြီး တောင်းဆိုချက် (၁၁) ချက်ကို လိုက်လျောရင် ချီတက်ပွဲကို ရပ်နားရုတ်သိမ်းမည်ဟု တောင်းဆိုခဲ့တယ်။ ယခုလက်ရှိ မြန်မာကျောင်းသားတွေကလည်း တောင်းဆိုချက် (၁၁) ချက် တောင်းဆိုထားတာကို တွေ့ရတယ်။ ကိုလိုနီအင်္ဂလိပ်နဲ့ လက်ရှိ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက တောင်းဆိုချက်တွေကို တလေးတစား တုံ့ပြန်ဖြေရှင်းခြင်း မရှိတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု ချီတက်ပွဲတွေနဲ့ ရက်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တယ်။ နောက်ဆုံး အင်္ဂလိပ်အစိုးရက အကြမ်းဖက်ဖြိုခွင်ပြီး မဟတ္တမ ဂန္ဓီ အပါအဝင် ဆန္ဒပြသူ (၆) သောင်းကျော်ကို ရိုက်နှက်ဖမ်းဆီး အကျဉ်းချခဲ့တယ်
(မိုးမခမှာ ကိုသန်းလွင် ရေးထားတဲ့ အလွန်ဖတ်ကောင်းတဲ့ မဟတ္တမဂန္ဓီ အကြောင်း http://gita.cc/archives/42141 ကို ဖတ်ကြည့်ပါ)။ မြန်မာနိုင်ငံမှာတော့ အာဏာပိုင်အစိုးရအနေနဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ မကျူးလွန်ဖို့၊ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ အရေးကြီးတယ်။

မြန်မာလူမျိုးတိုင်း သိတဲ့ မြန်မာလွတ်လပ်ရေး ခေတ်ပြောင်းတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးတခုဖြစ်တဲ့ ၁၉၃၉ ခုနှစ် ချောက်မြို့ ကနေ ရန်ကုန်မြို့ ကို မိုင်ပေါင်း (၄၀၀) ကျော် ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြတဲ့ သမိုင်းဝင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အကြောင်းကိုတော့ ထူးထူးထွေထွေ မပြောတော့ပါ။

ဒါပေမဲ့ မြန်မာနိုင်ငံသားတွေ အလေးမပြု၊ သိပ်မသိကြတဲ့ ထင်ရှားတဲ့ သမိုင်းမှတ်ကျောက်တင် ခရီးရှည်ချီတက် လူထုလှုပ်ရှားမှု သပိတ်တိုက်ပွဲကြီးကတော့  ၁၉၆၅ ခုနှစ်၊ မတ်လ (၇) ရက်နေ့ကနေ (၂၅) ရက်နေ့အတွင်း အမေရိကန်တောင်ပိုင်း အယ်လာဘားမား (Alabama) ပြည်နယ်၊ ဆဲလ်မား (Selma) မြို့ ကနေ မောင့်ဂိုမာရီမြို့  (Montgomery) ကို ချီတက်ဆန္ဒပြခဲ့တဲ့ လူဖြူ-လူမည်းများ တန်တူညီတူ လွတ်လပ်စွာ မဲပေးပိုင်ခွင့် နဲ့ အထူးသဖြင့် လူသားတန်းဖိုး ဂုဏ်သိက္ခာကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး တော်လှန်ပုန်ကန်မှုကြီး ဖြစ်တယ်။

ဒီရက်ရှည်ခရီး လူထုလှုပ်ရှားမှု သပိတ်တိုက်ပွဲကြီးက အမေရိကန်တို့ရဲ့  ရှက်စရာအတိတ်သမိုင်း၊ အလွန်စက်ဆုပ် ရွံမုန်းဖွယ်ရာကောင်းတဲ့ လူလူချင်း နိုင်လိုမင်းထက်ပြု၊ လူမျိုးဘာသာ အသားအရောင် ခွဲခြားဆက်ဆံရေး စနစ်ဆိုးကြီးကို ဂန္ဓီလမ်းစဉ် “အကြမ်းမဖက် အနုနည်း” နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့  ခေတ်ပြောင်းတော်လှန်ရေး လူထုလှုပ်ရှားမှုကြီး ဖြစ်တယ်။ ဒီ တန်းတူညီမျှမှု အခွင့်အရေးတိုက်ပွဲ၊ အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးအကြောင်းကို ၂၀၁၄ နှစ်ကုန်မှာတော့ သမိုင်းမှတ်တမ်းတင် ဆဲလ်မာ (Selma) အမည်နဲ့ ရုပ်ရှင်ရိုက်ကူးတင်ဆက် ပြသခဲ့တယ်။ အတော်လေး ကြည့်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး၊ ဒီနှစ် အကောင်းဆုံးရုပ်ရှင်ဇာတ်ကား အော်စကာဆု ချီးမြှင့်ဖို့ စကာတင် ရွေးချယ်ခံထားရတယ်။ ဒီရုပ်ရှင်ကားကြီးကို အမေရိကန်နိုင်ငံ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြသနေချိန်မှာ (မြန်မာနိုင်ငံမှာ ရုံတင်ပြသမှုရှိမရှိ မသိရ) နှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ အာဏာရှင် ခေတ်အဆက်ဆက်လက်အောက်မှာ တရားမဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို လူးလိမ့်ခါးစည်းခံနေရတဲ့ မြန်မာပြည်သူလူထုဘဝ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်မြောက်ရေးအတွက် ရာဇဝင်သမိုင်းတလျှောက် ရှေ့ တန်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားဒေါင်းဇာနီတွေက သမိုင်းပေး တာဝန်ကျေပွန်စွာနဲ့ ဒီနေ့အထိ မပြောင်းလဲသေးတဲ့ စစ်ဝါဒီ စနစ်ဆိုးနဲ့ ချယ်လှယ်အုပ်ချုပ်နေတဲ့ အာဏာရှင် လက်သစ်လက်ဟောင်းများကို ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်တိုက်ပွဲဝင်နေတာကို တကမ္ဘာလုံးက ထောက်ခံအားပေး စောင့်ကြည့်နေကြတယ်။

နေစဉ်ရက်ဆက် ခရီးကြမ်းရှည်ကြီးကို နယ်မြေအသီးသီးမှ ချီတက်လာနေကြတဲ့ မြန်မာကျောင်းသားထု နဲ့ ထောက်ခံအားပေးနေကြတဲ့ ပြည်သူလူထုရဲ့  စိတ်ဓာတ်ခွန်အား၊ သတ္တိခွန်အားတွေ၊ စွန့်လွှတ်စွန့်စား အနစ်နာခံ လှုပ်ရှားမှုတွေ၊ ရင်ဆိုင်မှုတွေကို ကြည့်ပြီး တချိန်က ဆဲလ်မာ-မောင့်ဂိုမာရီ အကြမ်းမဖက် လူထုချီတက်ဆန္ဒပြပွဲကြီးကို ဦးဆောင်ခဲ့တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာမာတင်လူသားကင်း ဟောပြောခဲ့တဲ့ ရဲရဲတောက်မိန့်ခွန်းက လက်ရှိ မြန်မာနိုင်ငံ ကျောင်းသားထုလှုပ်ရှားမှုရဲ့  ပုံရိပ်ကို များစွာထင်ဟပ်မှုရှိတာကြောင့် ဒေါက်တာကင်းရဲ့  ဟောပြောချက်တချို့ ကို မှတ်သားလေ့လာနိုင်ဖို့ ကောက်နုတ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ မိန့်ခွန်းထဲမှာပါတဲ့ တချို့ သော သမ္မာကျမ်းစာ ကောက်နုတ်ချက်များ၊ အဆိုအမိန့် စာပိုဒ်များကို ချန်လှပ်ထားခဲ့ပါတယ်။

မူရင်းမိန့်ခွန်းအပြည့်အစုံကို Google မှာ “How long, not long (သို့) Our God is marching on” ရိုက်ပြီး ရှာဖွေဖတ်ရှုနိုင်ပါတယ်။

ဒီမိန့်ခွန်းကောက်နုတ်တင်ပြချက်နဲ့အတူ မြန်မာနိုင်ငံမှာ ဇွဲသတ္တိအပြည့်နဲ့ ပျံသန်းတိုက်ပွဲဝင်နေကြ ညီငယ်ညီမငယ် ခွပ်ဒေါင်းမျိုးဆက်များကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ ရဲဇာနည် ခွပ်ဒေါင်းအပေါင်း ဘေးအန္တရာယ်ရန်စွယ်၊ အခက်အခဲ အတားအဆီးများကို ကျော်လွှာပြီး အောင်ပွဲပန်းတိုင်သို့ အရောက်မြန်နိုင်ကြပါစေ။

“How Long, Not Long” is the popular name given to the public speech delivered by Dr. Martin Luther King, Jr., on the steps of the State Capitol in Montgomery, Alabama, after the successful completion of the Selma to Montgomery March on March 25, 1965. The speech is also sometimes referred to as “Our God Is Marching On!”

တိုက်ရိုက်ဘာသာပြန်ရရင်တော့ “ဘယ်လောက် ကြာရှည်အုံးမလဲ။ မကြာတော့ပါဘူး” လို့ လူသိများတဲ့ ဒီမိန့်ခွန်းကို ဒေါက်တာမာတင်လူသားကင်း က အယ်လာဘားမားပြည်နယ်၊ မောင့်ဂိုမာရီမြို့  မြို့ တော်ခန်းမရှေ့  လှေကားအဆင့်တွေပေါ်မှာ ၁၉၆၅ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ ဆဲလ်မာ ခရီးရှည် လူထုသပိတ်တိုက်ပွဲ အောင်မြင်မှု အထိမ်းအမှတ်အနေနဲ့ ဟောပြောခဲ့တယ်။ ဒီ မိန့်ခွန်းကို “တို့ ဘုရားသခင် ရှေ့ သို့ဆက်ချီနေတယ် (Our God is marching on)” လို့လည်း ခေါ်ဆိုကြတယ်။ [အကြောင်းက ခရစ်ယာန် တရားဟောဆရာ တပိုင်းဖြစ်တဲ့ ဒေါက်တာကင်း က သူ့ပြောဆိုဟောပြောချက်တွေမှာ သမ္မာကျမ်းစာထဲက ကောက်နုတ်ချက်တွေကို ကိုးကားပြီး ဟောပြောတတ်တယ်။ ဒီမိန့်ခွန်းမှာလည်း “Our God is marching on” ဆိုပြီး မိန့်ခွန်းအဆုံးမှာ အကြိမ်များစွာ ကောက်နုတ်ပြောဆိုခဲ့တာကြောင့် တချို့ က “တို့ဘုရားသခင် ရှေ့ သို့ဆက်ချီနေတယ်” ဆိုပြီး ဒီမိန့်ခွန်းကို သိကြတယ်။]

—– —– —– —– —– —– —– —–

ချစ်ခင်လေးစားရသော သွေးသောက် ရဲဘော်ရဲဘက်များ ၊ သိက္ခာတော်ရဆရာ ရက်ဖ် အေဘာနသီ (Ralph Abernathy) နဲ့ ဒီစင်မြင့်အထက်မှာ နေရာယူထားကြတဲ့ အားလုံးသော ဂုဏ်သရေရှိ အမေရိကန်လူမျိုးများ၊ အယ်လာဘားမားပြည်နယ်က  မိတ်ဆွေရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဒီနေ့နေ့လယ် ဒီအခမ်းအနားကို စုရုံးရောက်ရှိလာကြတဲ့ တနိုင်ငံလုံး နဲ့ ကမ္ဘာတဝှမ်းမှ လွတ်လပ်မှုကို ချစ်မြတ်နိုးကြသော ပြည်သူပြည်သားများခင်များ … …

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ရှစ်ထောင်ကျော် အင်အားရှိတဲ့ ဧရာမလူထု ဆန္ဒထုတ်ဖော် ချီတက်ပွဲကြီးကို အယ်လာဘားမား (Alabama) ပြည်နယ် ဆဲလ်မာ (Selma) မြို့ ကနေ ကျနော်တို့ စတင်ခဲ့တယ်။ ကျနော်တို့ လူသူကင်းမဲ့ ခြောက်သွေ့တဲ့ တောင်ကြားချိုင့်ဝှမ်းတွေကို ဖြတ်လျှောက်ခဲ့ပြီး၊ ခက်ခဲကြမ်းတမ်းလှတဲ့ တောင်ကုန်းတွေကို ကျော်ဖြတ်ခဲ့တယ်။ ကျနော်တို့ မဖြောင့်ဖြူး အကောက်အကွေ့များတဲ့ အဝေးပြေးလမ်းမကြီးတွေပေါ် လျှောက်လှမ်းခဲ့ကြပြီး၊ ကားလမ်းဘေး ကျောက်တုံးကျောက်ခဲတွေပေါ်မှာ နားစက်ခဲ့ကြတယ်။ အလွန်ပူပြင်းလှတဲ့ နေဒဏ်ကြောင့် မျက်နှာတွေ လောင်ကျွမ်းကုန်ပြီး၊ တချို့ တွေဆိုရင် ရွှံဗွက်မြေပေါ် အိပ်ခဲ့ရတယ်။ မိုးဒဏ်ကြောင့် တကိုယ်လုံး ရွှဲရွဲစိုနေခဲ့တယ်။ တကိုယ်လုံး ရိုက်နှက်ထားသလို မောပန်းနုံးချည့်ပြီး၊ ခြေထောက်တွေလည်း တော်တော်လေး နာကျင်ကိုက်ခဲကြတယ်။

ဒါပေမဲ့ ဒီနေ့ ကျနော် လူကြီးမင်းတို့ရှေ့ မှောက် ရောက်ရှိလာပြီး ကြီးကျယ်ခမ်းနားတဲ့ အဲဒီ ချီတက်ပွဲကြီးကို ပြန်သတိရကြည့်မိတယ်။ အဲဒီမှာ ဘတ်စ်ကား မစီးရေး သပိတ်တိုက်ပွဲကာလအတွင်း ဒီမြို့ မှာနေတဲ့ အသက် (၇၀) အရွယ် နီဂရိုး (Negro) အမျိုးသမီးကြီး အမတော် ပိုလ်လတ်ဒ် (Pollard) ပြောတာကို ပြောပြချင်တယ်။ တနေ့ သူ လမ်းလျှောက်သွားနေတုန်း ဘတ်စ်ကား မစီးချင်ဘူးလားလို့ မေးကြည့်တော့။ “မစီးချင်ဘူး” လို့ ပြောတယ်။ အဲဒါနဲ့ မေးသူက “အမကြီး … မမောဘူးလား” လို့ မေးတော့ သူက လေးနက်တည်ငြိမ်စွာနဲ့ “ခြေထောက်တော့ ညောင်းတာပေါ့။ ဒါပေမဲ့ ငါ့လိပ်ပြာသန့်တယ်” လို့ ပြောတယ်။ သဘောကတော့ ဒီနေ့လယ်မှာ ကျနော်တို့ ပြောနိုင်တာက ကျနော်တို့ ခြေထောက်တွေ ညောင်းချိ့ ကိုက်ခဲကြနေပေမယ့် ကျနော်တို့ လိပ်ပြာသန့်တယ် (မမောမပန်း၊ အားမာန်အပြည့်နဲ့) ရှိနေပါတယ်။

ကျနော်တို့တတွေ ဒီနေရာကို ရောက်လာခဲ့မှာ မဟုတ်ဘူးလို့ မလိုလားသူတွေက ပြောဆိုခဲ့တယ်။ တချို့ တွေက ပြောကြသေးတယ် ကျနော်တို့ရဲ့  သက်မဲ့ခန္ဓာကိုယ်တွေပဲ ဒီနေရာကို ရောက်ရှိလာလိမ့်မယ်တဲ့။ ကဲ အခုတော့ တကမ္ဘာလုံး တွေ့မြင်ကြပါပြီ ကျနော်တို့တွေ ဒီနေရာကို ရောက်လာခဲ့ပြီ။ နောက် အင်အားကြီးမားလှတဲ့ အယ်လာဘားမားပြည်နယ် ကြီးမားတဲ့ ပြည်သူ့အင်အားရှေ့  ကျနော်တို့တတွေ ရောက်ခဲ့ပါပြီ။ ဒီတော့ ကျနော်တို့တွေကို ဘယ်သူကမှ ဖိအားပေးပြီး ဒီအခြေအနေကနေ လှည့်ပြန်ဆုတ်ခွါသွားဖို့ လုပ်လို့မရဘူး။

အခုအဖြစ်က မတော်တဆ ဖြစ်ပေါ်လာမှု မဟုတ်ဘူး။ အမေရိကန်နိုင်ငံ သမိုင်းတလျှောက်ဖြစ်ခဲ့တဲ့ အကြီးမားဆုံးသော လူထုချီတက်ပွဲကြီးတွေထဲက ဒီသပိတ်လှုပ်ရှားမှုကို အယ်လာဘားမားပြည်နယ်၊ မောင့်ဂိုမာရီမြို့ မှာ အဆုံးသတ်လိုက်တာ။ ဟိုလွန်ခဲ့တဲ့ (၁၀) နှစ်လောက်က နီဂရိုး (*ဒီနေ့ အမေရိကန်နိုင်ငံမှာ လူမည်းများကို ချိုးနှိမ်ခေါ်ဆိုတဲ့ ဒီအသုံးအနှုန်းကို တရားဥပဒေအရ ခေါ်ဆိုခြင်း ခွင့်မပြု) လူမျိုးများ လွတ်မြောက်ရေးလှုပ်ရှားမှုအတွက် တခေတ်ဆန်းသစ်မည့် အတွေးအခေါ်ကို ဒီမြို့ မှာ မျိုးစေ့ချခဲ့တယ်။ မောင့်ဂိုမာရီမြို့ က နီဂရိုးတွေ တစုတစည်း ညီညီညွတ်ညွတ်နဲ့ နှစ်ပေါင်းများစွာ တရားမဲ့ ဖိနှိပ်ချုပ်ချယ်ခဲ့သူတွေကို ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်ခဲ့တဲ့ အမေရိကန်တောင်ပိုင်းရဲ့  ဗွေဆော်ဦးမြို့ ဖြစ်ခဲ့တယ်။ ဒီလှုပ်ရှားမှုတွေထဲက အောင်မြင်ခဲ့တဲ့ ဘတ်စ်ကား မစီးရေး သပိတ်တိုက်ပွဲအပြင် ဒီ အတွေးအခေါ် နည်းဗျူဟာသစ်က သေနတ်တွေ၊ တုတ်တွေထက် အစွမ်းထက်ခဲ့တယ်။ နီဂရိုးတွေက အဲဒီ အကြမ်းမဖက် အာဏာဖီဆန်ရေး လမ်းစဉ်ကို တောင်ပိုင်းဒေသတကြော သယ်ဆောင်ပြီး ရာဇဝင်မော်ကွန်း တင်လောက်တဲ့ တိုက်ပွဲပေါင်းများစွာကို ဆက်တိုက်ဆင်နွှဲခဲ့ကြတယ်။  အဲဒီ တိုက်ပွဲတွေက တနိုင်ငံလုံး နဲ့ ကမ္ဘာကြီးကို တုန်ဟည်းလှုပ်ခါ နိုးဆွပေးခဲ့တယ်။

အံ့သြဖို့ကောင်းပါတယ်။ တချိန်လုံး အယ်လာဘားမားမြေမှာ ပြင်းထန်တဲ့ ဝိရောဓိတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အောင်မြင်မှုတွေ ရှိခဲ့တယ်။ မောင့်ဂိုမာရီမှာ (Montgomery) ဖြစ်ခဲ့ပြီးတဲ့နောက်၊ ရဲရင့်ပြောင်မြောက်တဲ့ လူထုတိုက်ပွဲ ထိပ်တိုက်ရင်ဆိုင်မှုတွေ မစ္စစ်စီပီ (Mississippi) အာကန်ဆက်စ် (Arkansas)၊ ဂျော်ဂျီရား (Georgia) နဲ့ အခြားနေရာဒေသတွေမှာ ဆက်တိုက်ဖြစ်ခဲ့တယ်။ အလွန်ဆိုးဝါးလှတဲ့ ခွဲခြားဆက်ဆံရေး စနစ်ဆိုးကြီးကို ဘာမင်ဟန်မြို့  (Birmingham) မှာ ထိပ်တိုက်ရင်ဆိုင် အကဲစမ်း စိန်မခေါ်ခင်အထိ အမေရိကန်နိုင်ငံရဲ့  ဆင်ခြင်တုံအသိတရားက ငုပ်လျှိုးပိတ်ဖုံးနေခဲ့တယ်။ ဘာမင်းဟန်ရဲ့  ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူးလိမ့်ခါးစီးခံနေရတဲ့ နီဂရိုးလူ့အဖွဲ့အစည်း နဲ့ သူတို့တွေရဲ့  ထကြွပုန်ကန် အန်တုတွန်းလှန်တဲ့ ရဲစွမ်းသတ္တိ စွမ်းပကားကို မြင်တွေ့လိုက်တော့မှ လူဖြူအမေရိက သက်ဝင်လှုပ်ရှား နိုးထလာခဲ့တယ်။ ဒီတော့မှ လူဂုဏ်သိက္ခာ အသိစိတ် ဝင်လာတဲ့ အမေရိကန်လူထုက ဒီမိုကရေစီ ဗြဟ္မစိုရ်တရားနဲ့ ဘာမင်ဟန်မှာ စွန်းထင်နေတဲ့ အရိပ်မည်းကြီးကို ဖျောက်ဖျက်နိုင်မယ့် အခြေခံလူ့အခွင့်အရေး တရားဥပဒေ ပြင်ဆင်ပြဌာန်း ရေးဆွဲဖို့ လွှတ်တော်ကို ဖိအားပေးကြတယ်။

၁၉၆၄ ပြည်သူ့အခွင့်အရေး တည်ဆဲဥပဒေ က နီဂရိုးတွေကို ရသင့်ရထိုက်တဲ့ လူဂုဏ်သိက္ခာတချို့  ပေးခဲ့ပေမယ့် ဆန္ဒမဲ ပေးပိုင်ခွင့် မရတော့ ချွေးသိပ်ထားတဲ့ နားလှည့်ပါးရိုက် ရပိုင်ခွင့်မျိုး ဖြစ်ခဲ့တယ်။

တကယ်တော့ အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားမှုဆိုတာ ဓါးအိမ်တွင်းမှ ဓါးကိုဆွဲထုတ် တပ်လှန့်လိုက်သလို လူ့အဖွဲ့အစည်းတခုလုံးကို ရန်သူကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆော်သြလိုက်ခြင်းဖြစ်တယ်။ မကြာခင် ပျောက်ကွယ်ချုပ်ငြိမ်းတော့မယ့် ကြောက်စရာကောင်းတဲ့ လူမဆန်လုပ်ရပ် အမိန့်၊ ညည်းတွားဟစ်အော်သံ တခါထွက်ပေါ်လာတယ်။ ဒါပေမဲ့ ဆဲလ်မာ၊ အယ်လာဘားမားတို့က လူသားကျင့်ဝတ် ဂုဏ်သိက္ခာ ကိုယ်စားပြု၊ ထွန်းလင်းတောက်ပသော မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာခဲ့တယ်။ အမေရိကန်ရဲ့  ဆိုးဝါးလှတဲ့ပုံရိပ် အမှောင်လမ်းမထဲ ပုန်းလျှိုးကွယ်လျှိုး ချောင်းခိုနေချိန်မှာ၊  အမေရိကန်တွေရဲ့  ကောင်းတဲ့ ပင်ကိုအသိစိတ်ဓါတ် နိုင်ငံတဝှမ်း သက်ဝင်လှုပ်ရှား ပြန့်နှံလွှမ်းခြုံလာခဲ့တယ်။ အမေရိကန်သမိုင်းမှာ တကြိမ်တခါမှ မရှိခဲ့တဲ့ လူမျိုး၊ ဘာသာပေါင်းစုံက ဘုန်းတော်ကြီးတွေ၊ နိုင်ငံတနံတလျားက လူထုလူတန်းစားအလွှာပေါင်းစုံ တစုတဝေး ဆဲလ်မာမြို့ ကို ရောက်ရှိလာကြပြီး လာမယ့်ဘေးပြေးတွေ့ တော်လှန်တိုက်ပွဲဝင်နေတဲ့ နီဂရိုးတွေနဲ့ လက်တွဲပူးပေါင်းလာတာ ဂုဏ်ယူလေးစားဖို့ကောင်း၊ အလွန်တရာ ကျနော်တို့ စိတ်ဓါတ်ခွန်အားကို ဖြည့်ဆည်းမြှင့်တက်ပေးခဲ့တယ်။

အလွန်သေးငယ်လှတဲ့ ဆဲလ်မားမြို့  လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဓမ္မ နဲ့ အဓမ္မ အားပြိုင်မှုကနေ အဟုန်ကြီးမားတဲ့ လှုပ်ရှားမှုကြီးအသွင် နိုင်ငံတဝှမ်း ကူးဆက်ခဲ့တယ်။ တောင်ပိုင်းအရပ်ဒေသမှာ မွေးဖွားခဲ့တဲ့ သမ္မတကြီးက နိုင်ငံသားတွေရဲ့  လိုအင်ဆန္ဒကို သိမြင်ခံစားနားလည်ပြီး နိုင်ငံတော်သမ္မတယောက်အနေနဲ့ ပြောဆိုခဲ့တဲ့ သမိုင်းတင်ကျန်ရစ်ခဲ့မယ့် မိန့်ခွန်းထဲမှာ လူ့အခွင့်အရေးအတွက် အလေးအနက်ထား မေတ္တာရပ်ခံပြီး၊ သူ့အနေနဲ့ နှစ်ပေါင်းများစွာ ရှင်သန်နေတဲ့ စက်ဆုပ်ရွံမုန်းဖွယ်ကောင်းတဲ့ စနစ်ဆိုးကို ဖယ်ဒရယ်အစိုးရရဲ့  အာဏာလုပ်ပိုင်ခွင့်နဲ့ ဖယ်ရှားစွန့်ပစ်ဖို့ ကတိကဝတ်ပြု ပြောဆိုခဲ့တယ်။ ပြီးတော့ နိုင်ငံရဲ့  အသိဝိညာဉ်ကို လှုပ်နှိုးလိုက်တဲ့ နီဂရိုးတွေရဲ့  ရဲစွမ်းသတ္တိကို တလေးတစား ချီးကျူးထောပနာပြုခဲ့တယ်။

ကျနော်တို့ဖက်ကလဲ အယူမှားအတွေးမှား၊ မျိုးရိုးအခွင့်ထူးခံ ရပိုင်ခွင့်တွေကို စွန့်လွှတ်ပြီး ဒီမိုကရေစီ တန်းဖိုးတွေကို ရင်ဝယ်ပိုက်ကာ မကြောက်မရွံ ကျနော်တို့တွေနဲ့ လာရောက်ပူးပေါင်းလက်တွဲကြတဲ့ လူဖြူအမေရိကန်တွေကို တလေးတစား လက်ကမ်းကြိုဆိုရမယ်။ မောင့်ဂိုမာရီ မှ ဘာမင်ဟန်၊ ဘာမင်ဟန် မှ ဆဲလ်မား၊ ဆဲလ်မား မှ မောင့်ဂိုမာရီ ခေါက်တုံခေါက်ပြန် ချီတက်ခဲ့ရတဲ့ ကန္တာရ ခရီးကြမ်းကြီးကို ကျနော်တို့ ဖြတ်ကျော်ပြီး ပိတ်ဖုံးနေခဲ့တဲ့ အမှောင်ထုအောက်မှ ရုန်းထွက်ခဲ့ကြတယ်။ အယ်လာဘားမားမှာ အဲဒီ မကောင်းဆိုးဝါးမိစ္စာကို အသက်ပြန်သွင်း၊ ခုခံကာကွယ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အယ်လားဘားမားပြည်နယ်ရဲ့  ဖုန်တထောင်ထောင်ထနေတဲ့ လမ်းတွေပေါ်မှာ (မိစ္စာစနစ်ဆိုး) အသက်ရှုမွန်းကြပ် ဇီဝိန်ချုပ်ငြိမ်းခဲ့တယ်။ ဒီနေ့လယ် လူကြီးမင်းတို့ကို ကျနော် ခိုင်ခိုင်မာမာ ပြောနိုင်တာက အယ်လာဘားမားပြည်နယ်ရဲ့  အသားအရောင် ခွဲခြားမှု စနစ်ဆိုးကြီး အခုတော့ ဖုတ်လှိုက်ဖုတ်လှိုက် အသက်ငင်နေပါပြီး၊ မသေချာတဲ့တချက်ကတော့ ခွဲခြားဆက်ဆံရေးဝါဒီတွေ (ပုပ်သိုးဆွေးမြေ့နေတဲ့ အတိတ်ဟောင်းကို ပြန်လှည့်ချင်သူတွေ) နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှုး ဝဲလ်လေ့စ် (Wallace) တို့ရဲ့  နောက်ဆုံး ဈာပနာအတွက် ဘယ်လောက် အကုန်အကျခံ လုပ်ကြမလဲဆိုတာပါ။

ပြန်လည်တည်ဆောက်ရေးကာလ ကုန်ဆုံးခါနီးမှာ အလွန်ထူးခြားတဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့တယ်။ အဲဒီဖြစ်ရပ်ကို သာမန်လူထု လူတန်းစားများအကျိုး ရှေ့ ရှုတဲ့ လူထုလှုပ်ရှားမှုကြီးလို့ အများကသိကြတယ်။ အဲဒီလှုပ်ရှားမှုကြီးရဲ့  ဦးဆောင်သူတွေက ဆင်းရဲသား လူဖြူလူထုကြီး နဲ့ ကျေးကျွန်ဟောင်းတွေကို ကိုယ်ကျိုးကြည့် ရှေးရိုးစွဲဓနရှင်တွေရဲ့  လှည့်ဖြားလွှမ်းမိုးမှု၊ အကွပ်အညှပ်အောက်က ရုန်းထွက်နိုးထဖို့ လှုံဆော်စည်းရုံးခဲ့တယ်။ ဒါ့အပြင် နီဂရိုး နဲ့ လူဖြူလူထုကြီးကို မဲပေးနိုင်တဲ့ အကျိုးတူအုပ်စုအဖြစ် ဆွဲဆောင်စုစည်းပြီး သာမန်လူတန်းစား၊ ဆင်းရဲသားများအကျိုး၊ ရပိုင်ခွင့်များကို မကြည့်တဲ့ ရှေးရိုးစွဲအုပ်စုကို တောင်ပိုင်း နိုင်ငံရေးအာဏာမှ ဖယ်ရှားပြစ်ဖို့ ခြိမ်းခြောက်လုပ်ဆောင်ခဲ့တယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ တောင်ပိုင်းအထက်တန်းလွှာ ရှေးရိုးစွဲဓနရှင်တွေက လူ့အဖွဲ့အစည်းကို ကန့်သတ်ခွဲခြားဖို့ကို ချက်ချင်း စတင်လုပ်ဆောင်ခဲ့တယ်။ အခု ကျနော်ပြောမှာကို အလေးအနက်ထား လိုက်နာစေချင်တယ်။ လူမျိုးရေး၊ အသားအရောင် ခွဲခြားဆက်ဆံရေး နဲ့ မဲပေးခွင့် ပိတ်ပင်ခံထားရတဲ့ မူလဇစ်မြစ်ကို သိမြင်ဖို့ အလွန်အရေးကြီးတယ်။ သူတို့ ထိန်းချုပ်ထားတဲ့ မီဒီယာနဲ့ လူဖြူကြီးစိုးရေးဝါဒကို အသက်ဆက်ခဲ့တယ်။ သွေးခွဲမှိုင်းတိုက်ခံ ဆင်ရဲသားလူဖြူတွေရဲ့  အတွင်းစိတ်သဏ္ဍာန်မှာ လူဖြူက တခြား အသားအရောင်ကွဲ လူမျိုးတွေထက် မြင့်မြတ်တယ်ဆိုတဲ့ အတွေးမှားနဲ့ လူထုလှုပ်ရှားမှုကြီးထဲ မပါဝင်အောင် ဟန့်တားပိတ်ပင်ခဲ့တယ်။ ပြီးတော့ သူတို့ကြိုးကိုင်ထားတဲ့ တောင်ပိုင်းဥပဒေတွေ ပြင်ဆင်ပြီး နီဂရိုးလူမည်းတွေနဲ့ လူဖြူတွေ တန်းတူဆက်ဆံ ရောနှောသွားလာ နေထိုင်မှုကို ရာဇဝတ်မှုအဖြစ် ပြဌာန်းခဲ့တယ်။ ဒီလို တရားမဲ့နည်းလမ်းနဲ့ (၁၉) ရာစု အစောပိုင်းကာလ လူထုလှုပ်ရှားမှုကြီးကို ဖြိုခွဲဖျက်ဆီး ချေမှုန်းခဲ့တယ်။

ကျေးကျွန်ခေတ်တုန်းက ပြောဆိုခဲ့တာရှိတယ် … လူဖြူက ကမ္ဘာကြီးကို သိမ်းယူသွားပြီး၊ နီဂရိုးကို တမန်တော်ယေရှု ပေးတယ်။ ပြန်လည်တည်ဆောက်ရေးကာလမှာ တောင်ပိုင်း အထက်တန်းလွှာ ဓနရှင်တွေက ကမ္ဘာကြီးကို ယူပြီး၊ အောက်ခြေ ဆင်းရဲသား လူဖြူကို ဂျင်မ်ခရို (Jim Crow*) ပေးလိုက်တယ်။ ဗိုက်ဟောင်းလောင်းနဲ့ ဆာလောင်မွတ်သိပ် ငိုကြွေးနေတဲ့ ဒီ ငမွဲလူဖြူ စားစရာမရှိတော့ ဂျင်မ် ခရို ကို စားပြစ်လိုက်တယ်။ အဲဒီနောက် လူဖြူရဲ့  အတွင်းစိတ်သဏ္ဍာန်မှာ သူ့ဘဝအခြေအနေ ဘယ်လောက်ဆိုးဝါး စုတ်ချာနေအုံး (ဇော်ဂျီဖိုဝင်သား စားထားရသလိုပေါ့) သူက လူဖြူတစ်ယောက်ဖြစ်တယ်၊ လူမည်း (တခြားအသားအရောင်တွေ) ထက် သာတယ်၊ မြတ်တယ်လို့ စွဲမှတ်ခဲ့တယ်။ သူ့ဝင်ငွေ တပဲခြောက်ပြားနဲ့ မကျွေးမွေးနိုင်လို့ အာဟာရချို့ တဲ့ တဂျီဂျီငိုကြွေးနေတဲ့ သူ့ကလေးတွေကို ဂျင်မ်ခရို ဆိုင်ဘုတ်တွေ ချိတ်ထားတဲ့ ဈေးဆိုင်တွေ၊ ဘတ်စ်ကားတွေ၊ လမ်းတွေ၊ အဆောက်အဦးတွေကိုပြပြီး ချော့မော့လှည့်စားခဲ့တယ်။ ဒီလိုနဲ့ သူ့ကလေးတွေကိုလည်း ဂျင်မ် ခရို ကျွေးပြီး သူတို့ရဲ့  နုနယ်လှတဲ့ စိတ်အမြင်အတွေးကို ဖြားယောင်းဖျက်ဆီးခဲ့တယ်။

* ဂျင်မ်ခရို ဆိုတာ လူမည်းနီဂရိုတွေကို နှိမ်ချ ခွဲခြားဆက်ဆံဖို့ လူဖြူတွေ ဖန်တီးခဲ့တဲ့ ဥပဒေ။ ဒီ ဂျင်မ်ခရို ဥပဒေနဲ့ လူဖြူ-လူမည်း တန်းတူညီတူ အခွင့်အရေးတွေကို နှစ်ပေါင်းရာကျော် ပယ်ဖျက်တားမြစ်ခဲ့ပြီး လူဖြူတွေက လူမည်း၊ တခြားလူမျိုး အသားအရောင်တွေထက် မြင့်မြတ်ပြီး အထက်တန်းလွှာအုပ်စု။ လူမြင်ကွင်းမှာ၊ စားသောက်ဆိုင်တွေမှာ လူဖြူ နဲ့ လူမည်း အတူတူ စားသောက်သွားလာခြင်း၊ ရုပ်ရှင်ရုံကပွဲရုံထဲမှာ အတူတွဲထိုင်ခြင်း၊ မီးရထား၊ ကား၊ ဘတ်စ်ကားတွေပေါ်မှာ အတူထိုင်စီးခြင်း – လူဖြူက ရှေ့ မှာထိုင်ပြီး လူမည်းတွေက နောက်ဘက်က ဝင်တက်ထိုင်ရပြီး၊ လူဖြူကို ထိုင်ခုံဦးစားပေးရ၊ မဝင်ရ၊ မလုပ်ရတဲ့ တားမြစ်ချက်များစွာနဲ့ ခွဲခြားဆက်ဆံတဲ့ စက်ဆုပ်ရွံမုန်းစရာ လူဖြူဝါဒ ကြီးစိုးရေး၊ လူမည်းတွေကို လူရာမသွင်းတဲ့ တရားမဲ့ ဥပဒေ။

ဒီလိုနဲ့ နီဂရိုး နဲ့ လူဖြူ လူထုကြီး တန်းတူညီတူ လွတ်လပ်စွာ မဲပေးပိုင်ခွင့် လှုပ်ရှားလှုံဆော်မှုကြီးက သူတို့အာဏာပိုင်စိုးမှုကို ခြိမ်းခြောက်သလို ဖြစ်လာတာကြောင့် လူတန်းစား ခွဲခြားရေးစနစ်ကို ဆက်လက်ကိုင်စွဲခဲ့တယ်။ ငွေကြေးချမ်းသာတဲ့ ရှေးရိုးစွဲ တောင်ပိုင်းဓနရှင်တွေ နဲ့ ဆင်းရဲသားလူဖြူတွေကြား ခွဲခြားဆက်ဆံခဲ့တယ်။ တောင်ပိုင်းနှစ်ခြင်းဘုရားကျောင်းတွေကို ခရစ်ယာန်ဘာသာမှ ခွဲထုတ်ခဲ့တယ်။ နီဂရိုးကို အားလုံးနဲ့ ခွဲခြားခဲ့တယ်။ ဒီလိုလုပ်ရတာက နီဂရိုး နဲ့ လူဖြူ လူထုကြီးတွေ တစထက်တစ စုစည်းညီညွှတ်လာပြီး ကျယ်ပြန့်သော လူ့အဖွဲ့အစည်း၊ ကြီးနိုင်ငယ်ညှဉ်း မရှိတဲ့ တရားမျှတသော လူ့အဖွဲ့အစည်း၊ လောဘတရား နဲ့ ဆင်းရဲနွမ်းပါးမှု ပျောက်ကွယ်ပြီး လုံလောက်ပြည့်စုံသော လူ့အဖွဲ့အစည်း၊ လူတဦးအပေါ်တဦး လူ့ဂုဏ်သိက္ခာကို လေးစားတန်းဖိုးထားတဲ့ ညီအကိုမောင်နှမ စိတ်ဓါတ်ရှိတဲ့ လူ့အဖွဲ့အစည်း ရှိလာဖို့စတဲ့ ထွက်ရပ်လမ်းတွေကြောင့် ဖြစ်တယ်။

ဒီနေ့ ဆဲလ်မားမြို့ ကို ပြောချင်တာက၊ ဒီနေ့ အယ်လာဘားမားပြည်နယ်ကို ပြောချင်တာက။ ဒီနေ့ အမေရိကန် ပြည်သူလူထုနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြောချင်တာက ကျနော်တို့ ကျောခိုင်းလှည့်ပြန်မှာ မဟုတ်ဘူး။ ကျနော်တို့ ဆက်လက်ချီတက်မြဲ ချီတက်နေမယ်။

ကျနော်တို့ ဆက်လက်ချီတက်နေပြီး၊ လူမျိုးရေးခွဲခြားမှု လှိုင်းတံပိုးက ကျနော်တို့ကို မရပ်တန့်နိုင်ဘူး။ ကျနော်တို့ ဆက်လက်ချီတက်နေတယ် … ကျနော်တို့ရဲ့  ဘုရားကျောင်းတွေကို မီးရှို့ ဖျက်ဆီးပြီး မဟန့်တားနိုင်ပါဘူး။ ကျနော်တို့ အိမ်တွေကို ဗုံခွဲတိုက်ခိုက်ပြီး မတားဆီးနိုင်ဘူး … ကျနော်တို့ ဆက်လက်ချီတက်နေတယ်။ ကျနော်တို့ ဘုန်းတော်ကြီးတွေ၊ လူငယ်တွေကို ရိုက်နှက်သတ်ဖြတ်လို့လည်း ကျနော်တို့ လမ်းလွှဲမသွားဘူး။ လက်ကိုင်တုတ် ရာဇဝတ်အကျဉ်းသား လူသတ်သမားတွေလွှတ်ပြီး ခြိမ်းခြောက်လို့လဲ ကျနော်တို့ မဖြုံပါဘူး … ကျနော်တို့ ဆက်လက် ချီတက်မြဲ ချီတက်နေမယ်။ ဧရာမစစ်တပ်တွေနဲ့ တားမြစ်လို့လဲ ကျနော်တို့ကို မရပ်တန့်ဘူး။ ကျနော်တို့ လွတ်မြောက်နယ်မြေသို့ ဆက်လက်ချီတက်မယ်။

အမေရိကန်အိပ်မက် “လူသားအားလုံးကို (ဘုရားရှင်က) တူညီစွာ ဖန်ဆင်းခဲ့တယ် (All men are created equal)”  ရှင်သန်လာဖို့ အောင်ပွဲရတဲ့အထိ ကျနော်တို့ ဆက်လက်ချီတက်ကြမယ်။ စုတ်စုတ်ပြတ်ပြတ် လူနေမှုအဆင့်အတန်း (ဝါ) ချွတ်ခြံကျနေတဲ့ လူ့အဖွဲ့အစည်း နဲ့ စီးပွားရေး အခြေအနေတွေ ကြက်ပျောက်ငှက်ပျောက် ကွယ်ပျောက်ပြီး၊ နီဂရိုးတွေ နဲ့ လူဖြူတွေ ကောင်းကောင်းမွန်မွန်၊ လုံခြုံသန့်ရှင်းစွာနဲ့ အတူယဉ်တွဲ အဆင့်အတန်း မခွဲခြား နေထိုင်နိုင်တဲ့အထိ ကျနော်တို့ ချီတက်ကြစို့။

လူလူချင်း ခွဲခြားနှိမ့်ချထားတဲ့ ပညာရေးစနစ် (ရှေးရိုးစွဲ အတွေးအခေါ် အယူမှားတွေ) ကို အတိတ်မှာ ချန်ထားခဲ့ပြီး လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုမယ့် ပညာရေးစနစ်ကို ကျောင်းခန်းတွေထဲမှာ နီဂရိုးတွေ နဲ့ လူဖြူတွေ အတူယှဉ်တွဲ သင်ကြားနိုင်တဲ့အထိ ကျနော်တို့ ချီတက်ကြစို့။

ဘယ်မိဘမှ ကိုယ့်သားသမီးတွေ ဝမ်းစာအတွက် ထမင်းတနုပ် လျှော့စားပြီးနေရတဲ့ ဒုက္ခဆင်းရဲတွင်းမှ ရုန်းထွက်နိုင်တဲ့အထိ ကျနော်တို့ ဆက်လက် ချီတက်ကြစို့။

မြို့ ရွာတွေမှာ တလမ်းဝင် တလမ်းထွက် မရှိတဲ့အလုပ်ကို လိုက်လံရှာဖွေကာ ဆာလောင် မွတ်သိပ်နေတဲ့ ဆင်းရဲသားတွေ မှေးမှိန်ပျောက်ကွယ်တဲ့အထိ ကျနော်တို့ ဆက်လက် ချီတက်ကြစို့။

မစ္စစ်စီပီတဝိုက်မှာ ပိန်ကပ်တွန့်ရှုံ့ နေတဲ့ ဝမ်ဗိုက်တွေကို ဖြည့်ဆည်းဖို့ နဲ့ အပါလာချီ (Appalachia – တောင်ဘက်ကနေ အရှေ့ ဘက်အခြမ်းတကြော) ဒေသမှာ စွန့်ပစ်ထားတဲ့ စက်ရုံအလုပ်ရုံတွေကို ပြန်လည်အသက်သွင်း လည်ပတ်စေပြီး၊ ရေမရှိမီးမရှိ ပူလောင်အိုက်စပ် ပြိုကျပျက်စီးနေတဲ့ ဆင်းရဲသားရပ်ကွက်တွေရဲ့  လူနေမှုဘဝအခြေအနေကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်တဲ့အထိ ကျနော်တို့ ဆက်လက် ချီတက်ကြစို့။

လူမျိုးရေးခွဲခြား မုန်းတီးဖိနှိပ်မှုအပေါ် အမြတ်ထုတ်နေသူတွေ နိုင်ငံရေးဇာတ်ခုံပေါ်က ကွယ်ပျောက်သွားတဲ့အထိ ကျနော်တို့တတွေ မဲပေးခွင့် ရရှိရေးအတွက် ဆက်လက်ချီတက်ကြစို့။

အစွန်းရောက် အယူမှား၊ အတွေးမှားကို စွဲကိုင်ကျူးလွန်နေကြတဲ့ သွေးဆာလောင်နေတဲ့ လူရမ်းကားတွေကို ကောင်းသောအကျင့်၊ စည်းကမ်းသေဝပ်တဲ့ (တရားဥပဒေ လေးစားလိုက်နာတဲ့) နိုင်ငံသူနိုင်ငံသားတွေအဖြစ် အသွင်ပြောင်းလဲနိုင်တဲ့အထိ ကျနော်တို့ မဲပေးခွင့် ရရှိရေးအတွက် ဆက်လက်ချီတက်ကြစို့။

ဝေါ်လေစ် (Wallaces – လူမျိုးခွဲခြားရေးဥပဒေကို ခြယ်လှယ်ကြိုးကိုင် အုပ်ချုပ်ခဲ့တဲ့ ဂျော်ဂျီရားပြည်နယ် အုပ်ချုပ်ရေးမှုး ဂျော့ခ်ျ ဝေါ်လေ့စ် (George Wallace) ကို ရည်ရွယ်ခြင်း) လို လူစားမျိုးတွေ ဆိတ်သုဉ်းကွယ်ပျောက်သွားချိန်အထိ ကျနော်တို့ မဲပေးခွင့် ရရှိရေးအတွက် ဆက်လက်ချီတက်ကြစို့။

အမှန်တရားအတွက် အကြောက်တရားကင်းမဲ့သူ၊ သနားကြင်နာမှုကို ချစ်မြတ်နိုးပြီး၊ မိမိကိုယ်ကိုယ် မာန်စွယ်ချိုနှိမ့်ကာ ဘုရားသခင်ရဲ့  အလိုတော်အတိုင်း လိုက်နာလျှောက်လှမ်းရဲတဲ့ ပုဂ္ဂိုလ်မျိုးတွေကို မြို့ နယ်ကောင်စီတွေ၊ ပြည်နယ်ဥပဒေပြုအဖွဲ့တွေ၊ အမေရိကန်ကွန်ဂရက်တို့ကို စေလွှတ်နိုင်တဲ့အထိ ကျနော်တို့ မဲပေးခွင့် ရရှိရေးအတွက် ဆက်လက်ချီတက်ကြစို့။

အယ်လာဘားမား တမြို့ လုံးမှာရှိတဲ့ ဘုရားသခင်ရဲ့  ကလေးတွေအားလုံး ဒီမြေပေါ်မှာ လူ့ဂုဏ်သိက္ခာအပြည့်နဲ့ လျှောက်လှမ်းနိုင်တဲ့အထိ ကျနော်တို့ မဲပေးခွင့် ရရှိရေးဖို့ ဆက်လက်ချီတက်ကြစို့။

တိုက်ပွဲက ကျနော်တို့ လက်ထဲမှာပါ။ ကျနော်တို့အနေနဲ့ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးလမ်းစဉ်ကို အခိုင်အမာစွဲကိုင်ပြီး အမြင့်မားဆုံး လူထုလှုပ်ရှားမှုကြီးနဲ့ ဆက်လက် တိုက်ပွဲဝင်သွားကြမယ်။ ရှေ့ မှာ ကြုံတွေ့ရမယ် ခရီးလမ်းက မဖြောင့်ဖြူးဘူး။ ကြုံတွေ့ရင်ဆိုင်နေတဲ့ ပြဿနာဒုက္ခတွေကို အမြန်ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေ မရှိသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဆက်လက် ချီတက်ကြမယ်။

တိုင်းသူပြည်သား၊ နိုင်ငံသူနိုင်ငံသားတွေ အထူးသတိပြုပါ။ တိုက်ပွဲက ကျနော်တို့ လက်ဝယ်မှာ ရှိနေပါတယ်။ မစ္စစ်စီပီ၊ အယ်လာဘားမား နဲ့ အမေရိကန်နိုင်ငံ တဝှမ်းလုံးက တိုက်ပွဲတွေ ကျနော်တို့ လက်ထဲမှာပါ။

ဒီနေ့ အယ်လာဘားမား သတင်းစာခေါင်းကြီးတွေမှာ “မာတင်လူသားကင်း၊ SCLC (Southern Christian Leadership Conference – တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်များအဖွဲ့), SNCC (Student Nonviolent Coordinating Committee – ကျောင်းသား အကြမ်းမဖက် လှုပ်ရှားရေး ကော်မတီ)၊  နိုင်ငံသားအခွင့်အရေး သွေးထိုးလှုံ့ ဆော်သူတွေ၊ ဆူပူလှုံ့ဆော်သူတွေ၊ လူဖြူ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ အလုပ်သမားခေါင်းဆောင်တွေ၊ ကျောင်းသားတွေ ဘယ်အချိန်ဘယ်အခါမှ ကျုပ်တို့ ကွန်မြူနီတီ (လူ့အဖွဲ့အစည်း) က ထွက်ခွါပြီး၊ အယ်လာဘားမားမြို့ ကို မူလ ပုံမှန်ပကတိ အခြေအနေ (ဘိုနေမြဲ ကျားနေမြဲ) ပြန်ရောက်စေမလဲ” လို့ ညည်းတွားပြောဆိုသံကို ကြားသိပါတယ်။

အယ်လာဘားမားမြို့ ကနေ ဒီနေ့ညနေမှာပဲ ကျနော် ထွက်ခွါသွားချင်ပါတယ်လို့ သတင်းစကားပါးလိုပါတယ်။ အဲဒီလိုတော့ ကျနော်တို့ မလုပ်ချင်ပါ။ ဒီလိုမျိုး မူလ ပုံမှန်ပကတိ အခြေအနေ ပြန်ရောက်အောင် ကျနော်တို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ကျနော်တို့ သိပါတယ် … မရီအွန် (Marion) မြို့ ရဲ့  အရင်မူလ ပုံမှန်ပကတိ အခြေအနေဆိုတာ ဂျင်မီ လီ ဂျက်ဆင် (Jimmy Lee Jackson) ကို ရက်ရက်စက်စက် တရားမဲ့ သတ်ပြစ်လိုက်တာမျိုး။ ဘာမင်ဟန်မြို့ ရဲ့  အရင်မူလ ပုံမှန်ပကတိ အခြေအနေဆိုတာ တနင်္ဂနွေနေ့ နံနက်ခင်းမှာ ဘုရားကျောင်းကို ရောက်လာခဲ့ကြတဲ့ အလွန်ချစ်စရာကောင်းတဲ့ အပြစ်မဲ့ မိန်းကလေး (၄) ယောက်ကို သတ်ဖြတ်တာမျိုး။ အဝေးပြေးလမ်းမကြီး (၈၀) ပေါ်က ပုံမှန်အခြေအနေဆိုတာ တရားမျှတမှုအတွက် လက်နက်မဲ့ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြနေသူတွေကို ပြည်နယ်စောင့်တပ်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်၊ မြင်းတွေနဲ့တိုက်၊ တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွဲတာမျိုး။ အယ်လာဘားမားပြည်နယ် ဆဲလ်မာမြို့  ကော်ဖီဆိုင်တဆိုင်မှာ ဘုန်းတော်ကြီး ဂျိမ်းစ် ရီဖ် (Rev. James Reeb) ကို လူမဆန်စွာ သတ်ဖြတ်တိုက်ခိုက်ခဲ့တာမျိုးလား။

(သူတို့ပြောတဲ့) ပိုနေမြဲ ကျားနေမြဲဆိုတာ မဟာသမုဒ္ဒရာကြီးအမျှ ပေါများလှတဲ့ ရုပ်ဝထ္ထုတွေကြား ဘာမှစားစရာမရှိတဲ့ အထီးကျန် ကျွန်းကလေးပေါ်မှာ ငတ်ပြတ်နေတဲ့ နီဂရိုးတွေရဲ့  ဘဝမျိုးလား။ အယ်လာဘားမားပြည်နယ်တကြောမှာ နီဂရိုတွေကို တန်တူ မဲပေးခွင့်မရအောင် တားမြစ်ထားတာမျိုးလား။ ကျနော်တို့အနေနဲ့ အယ်လာဘားမားကို အရင်မူလ ပုံမှန်ပကတိ အခြေအနေမျိုး ပြန်ရောက်အောင် လုပ်ခွင့်ပြုမှာ မဟုတ်ဘူး။

ကျနော်တို့ လက်ခံနိုင်တဲ့ တခုတည်းသော ပုံမှန်အခြေအနေဆိုတာ ဘုရားသခင်ရဲ့  စောင့်ရှောက်သော ကလေးတွေရဲ့  လူ့ဂုဏ်သိက္ခာ တန်းဖိုးကို အသိအမှတ်ပြုတဲ့အခါ။ ကျနော်တို့ လက်ခံနိုင်တဲ့ တခုတည်းသော ပုံမှန်အခြေအနေဆိုတာ တရားမျှတမှု ရေစီးကြောင်းဟာ သမာဓိဆိုတဲ့ ချောင်းမကြီးထဲကို အရှိန်အဟုန်နဲ့ စီးဝင်နိုင်တဲ့အခါ။ ကျနော်တို့ လက်ခံနိုင်တဲ့ တခုတည်းသော ပုံမှန်အခြေအနေဆိုတာ ညီအရင်းအကို စိတ်ဓါတ်ခွန်အား၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ တရားမျှတမှုတွေ ရှိလာတဲ့အခါ။

ဒီနေ့နေ့လယ်ကနေ ရှေ့ ဆက်ပြီး ကျနော်တို့တွေ ရှေ့ ကထက်ပိုပြီး ဒီလူထုလှုပ်ရှားမှုကြီးကို အကြမ်းမဖက်နည်းနဲ့ ဆက်လက်ဆင်နွှဲ တိုက်ပွဲဝင်ဖို့ အခိုင်အမာ သံဓိဌာန်ချရမယ်။ ကျနော် ပြောနိုင်ပါတယ် … ရှေ့ မှာ ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေ ရှိနေသေးတယ်။ အယ်လာဘားမား၊ မစ္စစ်စီပီ၊ လူဝီဇိုနာ (Louisiana) နယ်မြေတွေက အဖိနှိပ်ခံ ဒုက္ခဆင်းရဲအပေါင်း ခါးစည်းခံနေရတဲ့ လူမည်းတွေအတွက် ဆက်လက်တိုက်ပွဲဝင်ရမယ်။
ကျနော် ပြောနိုင်ပါတယ် ကျနော်တို့ကို အချုပ်အကျဉ်းထောင်တွေက စောင့်ကြိုနေတယ်။ မှောင်မိုက်ကြမ်းတမ်း အန္တရာယ်တွေနဲ့ ကြုံတွေ့ရင်ဆိုင်ရအုံးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ယုံကြည်ချက်အတိုင်း အကြမ်းမဖက် အနုနည်းလမ်းစဉ်နဲ့ ဆက်လက်တိုက်ပွဲဝင်ပြီး အဲဒီ စွမ်းအားနဲ့ မှောင်မိုက်နေတဲ့ အတိတ်ရက်တွေကို ထွန်းလင်းတောက်ပတဲ့ နေ့သစ်များအဖြစ် ပြောင်းလဲလုပ်ဆောင်ရမယ် (အမှန်တရား အလင်းရောင်တန်းခိုးနဲ့ အမျိုးဂုဏ် တက်စေမည် ဆိုတဲ့သဘော)။

ဒီနေ့နေ့လယ် လူကြီးမင်းတို့ကို ကျနော်အနေနဲ့ မေတ္တာရပ်ခံလိုတာက ကျနော်တို့ ရှေ့ ဆက်တဲ့အခါ အကြမ်းမဖက် လှုပ်ရှားမှုနဲ့ ခရီးဆက်ကြမယ်။ ကျနော်တို့ ခံယူချက်က ဘယ်သောအခါမှ လူဖြူတွေကို အနိုင်ယူ သိက္ခာချအရှက်ခွဲဖို့ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ သူတို့ရဲ့  ခင်မင်ရင်းနှီးမှု နဲ့ နားလည်မှုကို ရရှိဖို့ဖြစ်တယ်။ ကျနော်တို့ တွေးမြင်ကြည့်ရမှာက ငြိမ်းချမ်းသာယာလှပတဲ့ လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ဖို့နဲ့ အဲဒီမှာ အသိတရား နားလည်မှုတွေနဲ့ ရှင်သန်ပွင့်လန်းဖို့ ဖြစ်တယ်။ တနေ့တချိန်ကြရင် လူဖြူ၊ လူမည်း ဆိုတဲ့ ကွဲပြားမှု၊ ခွဲခြားမှုတွေ မရှိတော့ဘဲ၊ လူသားတွေဆိုတဲ့ အသိစိတ် ရှိလာဖို့ဖြစ်တယ်။

ဒီနေ့ လူကြီးမင်းတို့က “ဘယ်လောက် ကြာရှည်အုံးမလဲ” လို့ မေးကြတယ်။

တချို့ က “ဆဲလ်မာ၊ ဘာမင်ဟန် နဲ့ တောင်ပိုင်းမြို့ ရွာတကြော လမ်းတွေပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဗုန်းဗုန်းလဲနေတဲ့ တရားဥပဒေ (စနစ်) အနာဂတ်မျိုးဆက်တွေအတွက် ဘယ်တော့မှ ဒီရှက်ဖွယ်လွှမ်းခြုံမှုအောက်မှ ရုန်းထပြန်ထူလာမလဲ” လို့ မေးကြတယ်။

တချို့ က “အထီးကျန်ခြောက်ခြားစရာကောင်းတဲ့ အမှောင်ညကမ္ဘာထဲကို ဘယ်အချိန်ဘယ်အခါမှ ထွန်းလင်းတောက်ပ လင့်လက်တဲ့ မျော်လင့်ချက်ရောင်ခြည် ထိုးဖောက်ဝင်ရောက်လာမလဲ။ လက်ဝါးကပ်တိုင် ကားစင်တင် အပြစ်ခံနေရတဲ့ မျှတမှုဆိုတဲ့ တရားကို ဘယ်လောက်ကြာတဲ့အထိ အမှန်တရားက ထိုင်ကြည့်နေမလဲ” လို့ မေးကြတယ်။

ကျနော် ဒီနေ့နေ့လယ် ဒီကိုလာရောက်ပြီး ဟောပြောရတဲ့ ပဓာန ရည်ရွယ်ချက်ကတော့ ဘယ်လောက် ခက်ခဲကြမ်းတမ်း၊ စိတ်ပျက်စရာကောင်းလှတဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ရှိပါစေ။ မကြာတော့ပါဘူး “ချေဖျက်ဖိနှိပ်ခံထားရတဲ့ အမှန်တရားတော် ဤကမ္ဘာမြေပေါ်မှာ တဖန်ပြန်လည် ရှင်သန်မွေးဖွား လာပါတော့မယ်”။

ဘယ်လောက် ကြာရှည်အုံးမလဲဆိုရင် မကြာတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “လိမ်ညာလှည့်ဖြားမှုတွေက အမြဲရှင်သန် မနေလို့ပါ”။

ဘယ်လောက် ကြာရှည်အုံးမလဲဆိုရင် မကြာတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ကိုယ်စိုက်ပျိုးခဲ့တာကို ကိုယ်ကိုယ်တိုင် ရိုတ်သိမ်းနိုင်လိုပါ”။
ဘယ်လောက်ကြာရှည်မလဲဆိုရင် မကြာတော့ပါဘူး “ဘုရားသခင်ရဲ့  ချီကျူးထောပနာ ကောင်းချီးကို တွေ့မြင်နေရပါပြီ”။

ကျနုပ်တို့ ဘုရားသခင် မရပ်မနား (ကျနော်တို့နဲ့အတူ) ရှေ့ သို့ချီတက်နေတယ်။ အမှန်တရားက (ကျနော်တို့နဲ့အတူ) မရပ်မနား ရှေ့ သို့ချီတက်နေတယ်။

—— အထက်မှာပြောခဲ့သလို တချို့ စာပိုဒ်များကို ချန်လှပ်ထားခဲ့ပြီး ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ —-


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

One Response to ဇာဝါရီ – ဆယ်မာမှသည် ရန်ကုန်ဆီ၊ အောင်ပွဲ ပန်းတိုင်သို့ ချီကြပြီ

  1. Fedanddem Zomi on February 13, 2015 at 4:28 am

    This article is inspiring and encouraging.

    All-Burma Federation of Student Unions, unite!

    Don’t lose heart! Don’t be afraid!

    Take courage!

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်