ထူးထူး(တောင်ငူ) – ပစိဖိတ်သမုဒ္ဒရာကိုကျော်လွှားပျံသန်းလာတဲ့ ခွပ်ဒေါင်းအားမာန်

February 11, 2015

ထူးထူး(တောင်ငူ) – ပစိဖိတ်သမုဒ္ဒရာကိုကျော်လွှားပျံသန်းလာတဲ့ ခွပ်ဒေါင်းအားမာန်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅

မဟုတ်မတရား မမျှတဘူးဆိုရင် ဘယ်သောအခါမှ ခေါင်းငုံ့ခံလေ့မရှိတဲ့ မြန်မာ့ခွပ်ဒေါင်းစိတ်ဓာတ်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးတနိုင်ငံဆီထိတိုင် မျိုးဆက်လက်ဆင့်ကမ်း ဆောင်ကြဉ်းလာခဲ့ ရာက မသန်ပေမယ့် စွမ်းလေတဲ့ မြန်မာခွပ်ဒေါင်းမလေးတယောက်ရဲ့တိုက်ပွဲဝင် စွမ်းဆောင်မှုနဲ့ ကြက် သွေးရောင်လမ်းလေးတွေအစီအရီ သက်ဝင်ပေါ်ပေါက်လာခဲ့တဲ့အကြောင်းကို ပြောပြရမယ်ဆိုရင် …..

အခန်း (၁)

ခေတ်အဆက်ဆက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့နှလုံးသားထဲမှာ “ဒေါင်း” တွေနဲ့ပတ်သက် ပြီး ကိန်းအောင်းနေတဲ့ တူညီသောတန်ဖိုးထားမှုတရပ်ကတော့- “ဒေါင်း” ကိုမြင်တာနဲ့ မတရားဖိနှိပ်မှု တွေကို မကြောက်မရွံ့တွန်းလှန်ပုန်ကန်ခဲ့ကြတဲ့ ကျောင်းသားတွေကိုပြေးမြင်မိကြသလို၊ “ဒေါင်း ” ဟာ တော်လှန်ရေးရဲ့ပြယုဂ်၊ အမှန်တရားဘက်က ရပ်တည်တဲ့သင်္ကေတတခုအဖြစ် တန်ဖိုး ထားမြတ်နိုးကြ တဲ့အချက်ပါ။

ဘယ်ခေတ်ကိုပဲကြည့်ကြည့်- ကျောင်းသားတွေဟာအမှန်တရားကိုတန်ဖိုးထားမြတ်နိုးသလို၊ မတရားမှု တွေကိုရွံမုန်းတယ်၊ အမြဲတမ်း အမှန်တရား ဘက်က ရပ်တည်တယ်။ ဘယ်တော့မှ- ကိုယ့်တဘို့တည်း မကြည့်ဘူး။ အရေးကြုံရင် အမှန်တရားအတွက်ကိုယ့်အသက်တောင်ပေးဖို့လည်း ၀န်မလေးဘူး။ အဲ့ဒါ ကျောင်းသားစိတ်ဓာတ် (သို့) ခွပ်ဒေါင်းစိတ်ဓာတ်ပါ။

နယ်ချဲ့ အစိုးရအပါအ၀င်၊ စစ်အာဏာရှင်အဆက်ဆက် ကြောက်ဒူးတုန်ခဲ့ရတာလည်း အဲ့ဒီ့ ခွပ်ဒေါင်း စိတ်ဓာတ်နဲ့ ခွပ်ဒေါင်းမာန်ကိုပါပဲ။

ဒီကနေ့ (၂၀၁၅) ခုနှစ်- ဒီမိုကရေစီကိုဖော်ဆောင်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ၊ မွေးဖွားလာတဲ့ စတုတ္ထကျောင်းသားသပိတ်ဟာလည်း၊ အရိုးရှင်းဆုံးပြောရရင် ပညာရေးဥပဒေ ရေးဆွဲ ရာမှာ အစိုးရက ကျောင်းသားတွေရဲ့ဆန္ဒ၊ ဆရာတွေရဲ့သဘောထား၊ NNER (ခေါ်) မြန်မာနိုင်ငံ ပညာ ရေးစနစ်ပြုပြင်ပြောင်းလည်းရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်က ပညာရှင်တွေရဲ့အကြံပြုချက်တွေကို လေးစားမှုမရှိဘဲ၊ ဥပက္ခောပြုကာ သူတို့အုပ်ချုပ်သူလူတစုအကြိုက် ပညာရေးဥပဒေကို တဘက်သတ် ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခဲ့လို့ ဖြစ်ရတာပါ။
+++++

အခန်း (၂)

ဒေါင်းဆိုတဲ့အမျိုးဟာ ခွပ်ပြီဟေ့ဆိုရင်ဘယ်တော့မှ နောက်မဆုတ်ဘူး၊ အသက်သာအသေခံသွားမယ် ကြောက်လို့ အရှုံးပေးတယ်ဆိုတာ ဒေါင်းတွေရဲ့ရာဇ၀င်မှာမရှိဘူး။ အမှန်တရားအတွက် ဒေါင်းတွေ ခွပ်ပြီးဆိုရင်လည်း နေရာမရွေး၊ ဒေသမရွေးပါပဲ။

ဒီနေရာမှာ ဇာတိမြေနဲ့မိုင်ပေါင်းများစွာဝေးကွာတဲ့ နယူးဇီလန်လိုနေရာမျိုးမှာ အများအကျိုးအတွက် ကိုယ့်အသက်ကို မမှုဘဲ၊ တိုက်ပွဲဝင်ခဲ့တဲ့ ခွပ်ဒေါင်းမျိုးဆက် ရဲမာန်ဝင့်တဲ့ ဒေါင်းမလေး တယောက်အကြောင်း- စာရှုသူများကို သိစေချင်တဲ့စေတနာ၊ စေတသိက်တွေကို အရင်းခံပြီး  ကာယကံရှင်ရဲ့ခွင့်ပြုချက်နဲ့ ကမ်းဆင့်ဝေမျှလိုက်ပါတယ်။
…..

သူ့အကြောင်းကိုပြောရမယ်ဆိုရင်၊ နောက်ခံဘ၀ပန်းချီကားချပ်ကိုလည်း မေ့ထားလို့မရပါဘူး။
“မဝေမွန်သန့်စင်” ဟာမွေးကတည်းကကျန်းမာရေး အားနည်းချူချာလွန်း ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မကြာခဏဖျားတတ်တဲ့ “မဝေမွန်” ဟာ လမ်းလျှောက်ရမယ့်အချိန်မှာလည်း လမ်းမလျှောက်နိုင်ပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမှုမရှိလို့ ဆရာဝန်ကြီးတွေနဲ့ပြတော့ ပိုလီယို ရောဂါလို့ ပြောခဲ့ပါတယ်။

အချိန်တန်လို့ ကျောင်းစတတ်တဲ့အချိန်မှာ လမ်းမလျှောက်နိုင်တဲ့သမီးကိုအမေကချီပြီး ကျောင်းပို့၊ ကျောင်းကြိုလုပ်ပေးခဲ့ပါတယ်။

နေ့စဉ် စာရေးခုံကိုမမီမကမ်းနဲ့ အားစိုက်ကာကုန်းပြီးရေးရတဲ့အတွက် ကျောရိုးမကြီးကလည်း ဘယ် ဘက်ကိုကွေးပြီး၊ ငိုက်စောင်းခဲ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကြွက်သားတွေအားနည်း လာ နေတဲ့ “မဝေမွန်”ကို စာရေးတာနှေးတယ်ဆိုပြီး၊ ကျောင်းကဆရာ၊ ဆရာမတွေက စိတ်မရှည်ကြတော့ ပါဘူး။ တချို့ဆရာမတွေဆို ရိုက်တောင် ရိုက်ပါတယ်။ ဒါပေမယ့် သူ ဇွဲလုံးဝမလျှော့ခဲ့ပါဘူး။

“မဝေမွန်” ရဲ့မိဘနှစ်ပါးက စိတ်ဓာတ်ခိုင်မာသူတွေပီပီ၊ သူတို့သမီးလေးကိုနိုင်ငံခြားမှာဆေးကုသမှု ခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အတွက် အဖေဖြစ်သူက အရင်ဦးဆုံး ပစိဖိတ်သမုဒ္ဒရာ ကျွန်းငယ်လေးထဲ က နယူးဇီလန်ဆိုတဲ့နိုင်ငံလေးဆီကိုထွက်ပြီး အလုပ်ရှာပါတယ်။  နောက်အဆင်ပြေတော့ အမေဖြစ်သူ ကိုလှမ်းခေါ်ခဲ့ပါတယ်။

အမေဖြစ်သူဒေါ်သိင်္ဂီကလည်း ဦးသန့်အရေးအခင်းကာလမှာ ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့တဲ့ စီးပွား ရေးတက္ကသိုလ်က ကျောင်းသားခေါင်းဆောင် ခွပ်ဒေါင်းပီပီ၊ ဆုံးဖြတ်ချက်ကိုရဲရဲချကာ သမီးလေးကို ဆေးကုဖို့ငွေရှာရမယ်ဆိုတဲ့စိတ်နဲ့ အမျိုးသားရှိရာနယူးဇီလန်နိုင်ငံကိုထွက်ခဲ့သလို၊ သူသိပ်ချစ်တဲ့ သမီး လေးကို အဘိုးအဘွားတွေနဲ့ ထားခဲ့ရပါတယ်။ အဲ့တုန်းက“မဝေမွန်” တို့မိသားစုတွေအကြား အလွမ်း တွေအပြည့်နဲ့ပေါ့။

မိဘနှစ်ပါး နယူးဇီလန်မှာအမြဲတမ်းနေထိုင်ခွင့်ရပြီး မိသားစုကိုပြန်ခေါ်တော့ “မဝေမွန်” တယောက် အတိုင်းမသိ ၀မ်းသာခဲ့ပါတယ်။ ခွဲနေရတာကြာပြီဖြစ်တဲ့မိဘနှစ်ပါးနဲ့အတူ ပြန်နေရတော့မှာ ဖြစ်သလို၊ သူ့ရောဂါကို နိုင်ငံခြားမှာသွားရောက်ကုသရင် ပျောက်ကင်းနိုင်မယ်လို့မျှော်လင့်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် နယူးဇီလန်ရောက်လို့ ဆရာဝန်ကြီးတွေ စစ်ဆေးစမ်းသပ်လိုက်တဲ့အခါမှာတော့၊ ဒီရောဂါ ဟာ ကုသဖို့မဖြစ်နိုင်တဲ့၊ မွေးရာပါ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ရောဂါဆိုတာ သိလိုက်ရပါတော့တယ်။

ဒီလိုသိလိုက်ရတဲ့ “မဝေမွန်” တယောက် ဒေါင်းမျိုးရိုးပီပီ လောကဓံကိုအံကြိတ်ရင်း Auckland star- ship hospital ပေါ်မှာ၊ (၉) နာရီခွဲကျော်ကြာအောင် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ကျောကုန်းမှာ စတီးချောင်း (၂) ချောင်းထည့်ပြီးတဲ့အခါမှာတော့ အရင်ကလို ခါးကြီးကွေးညွတ်ပြီး စောင်းမနေတော့ပါ ဘူး။ ဒါပေမယ့် နှစ်ရှည်လများ ကျောရိုးကြီးက ကွေးညွတ်ပြီးပိနေတဲ့အတွက်၊ ဘယ်ဘက်အဆုတ်က ပုံမှန်အလုပ် မလုပ်တော့ပါဘူးတဲ့။ အကျိုးဆက်အနေနဲ့ကတော့- “မဝေမွန်” ရဲ့အဆုတ်ဟာ သာမန် လူတယောက် အဆုတ်ရဲ့ (၂၁) ရာခိုင်နှုန်းပဲ အလုပ် လုပ်နိုင်ပါတော့တယ်။ အဆိုးထဲက အကောင်း ဆိုသလိုပါပဲ- “မဝေမွန်” အတွက် ခွဲစိပ်ကုသစရိတ်၊ ဆေးဖိုးတပြားမှ မကုန်တဲ့အပြင်၊ သူမအတွက် လိုအပ်တဲ့ အသုံးအဆောင်မှန်သမျှကို နယူးဇီလန်အစိုးရက ပံ့ပိုးကူညီ စောင့်ရှောက်ခဲ့ပါတယ်။

+++++

အခန်း (၃)

စိတ်ဓာတ်မာကျောတဲ့ “မဝေမွန်” တယောက်၊ မသန်ပေမယ့် စွမ်းပါတယ်ဆိုတဲ့စကားအတိုင်း၊ စာမေးပွဲ တိုင်းမှာ ထိပ်ဆုံးအဆင့်တွေနဲ့ အောင်မြင်ခဲ့သလို၊ တက္ကသိုလ်ဝင်တန်းကို နေမကောင်းတဲ့ ကြားကဖြေ တော့လည်း ဂုဏ်ထူးတွေဝေေ၀ဆာဆာ ထွက်ခဲ့ပါသေးတယ်။

သိပ္ပံပညာရှင်ကြီးတယောက်ဖြစ်ချင်ခဲ့တဲ့ သူမဟာ၊ အမှတ်တွေမီပါလျက်နဲ့ ဖြစ်ချင်တာထက် ဖြစ်သင့် တာကိုဦးစားပေးရမယ့်ဘ၀မို့- Auckland University of Technology (AUT) မှာ Bachelor of Business and Information Technology ကို IT နဲ့ E- Business နှစ်ဘာသာပူးတွဲအဓိကဖြင့် သင် ယူ ကြိုးစားခဲ့ပါတယ်။

AUT တက္ကသိုလ်ပရ၀ုဏ်အတွင်း မသန်စွမ်းကျောင်းသားတွေအတွက် သီးသန့် ကိုယ်လက်သန့်စင် ခန်းရှိပေမယ့်၊ တကယ်တမ်းအသုံးပြုကြည့်တဲ့အခါမှာတော့ ဘယ်လိုမှ အဆင်မပြေဖြစ်ခဲ့ပြန်ပါတယ်။ ဓာတ်လှေကားအပေါက်ဝမှာ မသန်စွမ်းကျောင်းသားတွေ အသုံးပြုလို့ရတဲ့ ပုံလေးကပ်ထားပေမယ်၊့ အထဲရောက်တော့မှ ဓာတ်လှေကားခလုတ်တွေကမြင့်လွန်းနေတာ သိလိုက်ရတော့ ဘယ်လိုမှမမီဘဲ ပိတ်မိနေပြီး၊ ဒုက္ခအတော်ရောက်ခဲ့ရပါတယ်။ ကျောင်းတွင်းစင်္ကြန်လျှောက်တဲ့ လမ်းလေးတွေပေါ် Wheelchair နဲ့တတ်ရဆင်းရတာမလွယ်ကူတာတွေလည်းတွေ့ကြုံခဲ့ရတယ်။

ဒီအခက်အခဲတွေကို AUT တက္ကသိုလ်၊ မသန်းစွမ်းပညာရေးဌာနကဆရာမကြီးကိုတင်ပြတော့ အဆင် မပြေခဲ့ပါဘူး။ အဲ့ဒါနဲ့ “မဝေမွန်” က Auckland Student Council နဲ့ချိတ်ဆက်ပြီး၊ AuSM လို့ခေါ်တဲ့ Auckland Student Movement အဖွဲ့ထဲကိုဝင်ခဲ့ပါတယ်။ တဖက်ကလည်းကျောင်းတတ်နေသလို၊ တဖက်မှာလည်း AuSM အဖွဲ့ထဲမှာစိတ်ရောလူပါ အားတတ်သရောပါဝင်လှုပ်ရှားခဲ့ရင်း၊ အဲ့ဒီ့ဌာနမှာ အရာရှိ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီ့အဖွဲ့ကနေတဆင့်၊ “မဝေမွန်” ကဦးဆောင်ပြီး သူတို့တက္ကသိုလ်မှ မသန်စွမ်းကျောင်းသားများ လှုပ် ရှားမှုရက်သတ္တပတ်အစီအစဉ်အနေနဲ့၊ တက္ကသိုလ်က အမြင့်ဆုံးနဲ့ တာဝန်အရှိဆုံးသူဖြစ်တဲ့ (Vice- Chancellor) ကို ကျောင်းမှာဖြစ်နေတဲ့အဖြစ်တွေကိုသိစေနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒါကတော့  သူနဲ့အတူ Wheelchair နဲ့ (၃) ရက်တိတိ ကျောင်းပရ၀ုဏ်အတွင်း သွားလာဖို့၊ သန့်စင်ခန်းဝင်တာက အစ မသန်စွမ်းကျောင်းသားတွေ အသုံးပြုတဲ့အခန်းတွေမှာပဲအသုံးပြုဖို့ ကျောင်းသားထုရှေ့မှာ (Vice- Chancellor) ကို စိန်ခေါ်လိုက်တော့တာပါပဲ။

ဒီစိန်ခေါ်မှုကို (Vice Chancellor) က လက်ခံခဲ့သလို၊ သူနဲ့အတူ ဘာသာရပ်အသီးသီးက အတန်း ခေါင်းဆောင်တွေကိုယ်တိုင် (၃) ရက်တိတိ တက္ကသိုလ်ပရ၀ုဏ်အတွင်းမှာ မသန်စွမ်း ကျောင်းသား တွေနည်းတူ လှုပ်ရှားသွားလာနေထိုင်ခဲ့ကြပါတယ်။ (၃) ရက်ပြည့်ပြီးတဲ့နောက်မှာတော့- တက္ကသိုလ် ပရ၀ုဏ်အတွင်း “မဝေမွန်” တင်ပြတောင်းဆိုထားတဲ့အချက်တွေကို တခုမကျန်အားလုံး အမြန်ဆုံး ပြောင်းလဲဖြည့်ဆည်းပေးခဲ့ပါတယ်။

ဒီလိုနဲ့ “ဝေမွန်သန့်စင်” ဆိုတာ AUT က ဆရာတွေကြားမှာ၊ ကျောင်းသားထုအကြားမှာ လေးစား အားကျ အတုယူဖွယ်ကောင်းတဲ့ ပန်းလေးတပွင့်အဖြစ်သာမက သူ့ရဲ့ခေါင်းဆောင်းမှုအရည်အချင်း ဟာလည်း လူသိထင်ရှားသွားခဲ့တာပေါ့။
+++++

အခန်း (၄)

AUT မှာ ဘ၀တူမသန်စွမ်းကျောင်းသားတွေအတွက်တိုက်ပွဲဝင်ပေးခဲ့တဲ့ “မဝေမွန်” ဟာ၊ Auckland မြို့လည်ခေါင်မှာရှိတဲ့ AUT တက္ကသိုလ်ကိုရောက်ခါနီး၊ တက်ရတဲ့ရွှေရင်စို့ ကုန်းကမူလမ်းနဲ့အတူ၊ ဟို ဘက်ဒီဘက် လမ်းဖြတ်ကူးရာ အလယ်ကောင်ပလက်ဖောင်း (ကျွန်းတုံး) ဟာ Wheelchair သမားတွေ တက်ဖို့ ဆင်ခြေလျှောမရှိတဲ့အတွက်၊ မသန်စွမ်းကျောင်းသားတွေအတွက် အတော်ဒုက္ခရောက် ကြရပါ တယ်။ လမ်းလယ်ကောင်ပလက်ဖောင်းကို ကျော်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်တော့၊ တချို့ဆို လက်တွေ ပွန်းပဲ့၊ သွေးတွေစို့ပေါ့။ နောက်ဆုံး မသန်စွမ်းကျောင်းသားတွေဟာ Wheelchair ကို ကားတွေ သွား နေတဲ့ယာဉ်ကြောပေါ်မှာပဲရပ်ပြီး ကားအသွားအလာရှင်းချိန်ကို စောင့်ရတော့တာပေါ့။

ဒါဟာ အလွန်အန္တာရယ်ရှိတယ်ဆိုတာ လူတိုင်းသိပေမယ့်၊ ဒါကို တစုံတရာဖြေရှင်းဖို့ ဘယ်သူမှ မလုပ် ခဲ့ကြပါဘူး။ ခွပ်ဒေါင်းသွေး ခွပ်ဒေါင်းမာန်အပြည့်ပါတဲ့ “မဝေမွန်” ကတော့ ဒါကို မြို့နယ်အစိုးရအဖွဲ့ (City Council) ဆီ အီးမေးလ်ပို့ပြီး အကြောင်းကြားပါတော့တယ်။ မြို့နယ်အစိုးရနဲ့ AUT တက္ကသိုလ် က ဒီကိစ္စအပေါ် သူ့တာဝန်၊ ငါ့တာဝန်နဲ့ ဘော်လီဘောပုတ်နေကြရင်း၊ နောက်ဆုံးမှာတော့ မြို့နယ် အစိုးရရဲ့တာဝန်ဆိုတာ ရှင်းရှင်းကြီး ပေါ်လာပါတော့တယ်။

မြို့နယ်အစိုးရအဖွဲ့က အင်ဂျင်နီယာချုပ်ကြီးက “ဝေမွန်သန့်စင်” ဆိုတာ ဘယ်သူလဲ၊ ဒီကိစ္စအရေးကြီး လို့လား? ဒီကိစ္စကိုမလုပ်ပေးဘူး၊ မဖြေရှင်းပေးဘူး။ မလိုအပ်ဘဲအကုန်အကျတွေများတယ်။ အဲ့ဒါ ပြင်ဆင်တာ ဈေးကြီးတယ်လို့ ပြောလာပါတယ်။

ဒါနဲ့ပဲ “မဝေမွန်” က အဲ့ဒီ့အင်ဂျင်နီယာချုပ်ဆိုတဲ့ ပုဂ္ဂိုလ်ကို သူနဲ့လာတွေ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဟို ပုဂ္ဂိုလ်ကလည်း ကောင်းပြီ၊ ဒါဆိုတွေ့မယ်ပေါ့၊ ဘယ်နေရာမှာတွေ့ကြမလဲလို့အကြောင်းပြန်လာတော့-

သူတို့အတွက် အန္တရာယ်စက်ကွင်းကြီးလိုဖြစ်နေတဲ့ မီးပွိုင့်ရှိရာမှာပဲ တွေ့မယ်၊ ပလက်ဖောင်းပေါ်မှာပဲ အစည်းအဝေးလုပ်မယ်။ ပြီးတော့ သူနဲ့အတူတူ သူလျှောက်သလို လျှောက်ပြီး အဲဒီ့နေရာမှာ လမ်းဖြတ် ကူးဖို့ “မဝေမွန်” က အကြောင်းပြန်ရင်း စိန်ခေါ်လိုက်ပါတယ်။

ဒီလိုနဲ့ အစည်းအဝေးနေ့။ အဲ့ဒီ့မီးပွိုင့်မှာ တာဝန်ရှိတဲ့လူကြီးတွေ၊ အစိုးရအရာရှိတွေ၊ ကျောင်းသားတွေ၊ AuSM ကလူတွေ၊ နောက် (New Zealand Crippled Children Society – Disability Action) နယူး ဇီလန်နိုင်ငံဆိုင်ရာ မသန်စွမ်းကလေးသူငယ်အဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များနဲ့ ကြက်ပျံမကျ စည်ကားသွားခဲ့ ပါတယ်။

သက်ဆိုင်ရာအစိုးရဌာနအသီးသီးကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအရှေ့မှာ “မဝေမွန်” တယောက် Wheel -chair နဲ့ လက်တွေ့လမ်းဖြတ်ကူး ပြပါတော့တယ်။ ကားတွေတ၀ီဝီသွားနေတဲ့လမ်းမပေါ်မှာ လမ်းလယ် ကောင်ကျွန်းကို Wheelchair နဲ့ဘယ်လိုမှကျော်လို့မရဖြစ်နေတာ၊ နောက်ကားတွေက ပွတ်ကာသီကာ ဖြတ်ကျော် မောင်းနှင်နေတာတွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အသည်း တယားယား နဲ့မြင်သွားပြီးတဲ့ အခါမှာတော့၊ အားလုံးရဲ့မျက်လုံးတွေဟာ မြို့နယ်အစိုးရအဖွဲ့ရဲ့ အင်ဂျင်နီယာချုပ်ကြီး ဆီကို စုပြုံ ရောက်ရှိလို့နေပါပြီ။

အဲ့အခါမှာတော့ အင်ဂျင်နီယာချုပ်ကြီးက “ကောင်းပါပြီ၊ ငါတို့ပြင်ပေးပါ့မယ်။ ဒါပေမယ့် ဒီနှစ်အတွက် ရထားတဲ့ဘတ်ဂျက်မှာ ဒါကို ပြင်ဆင်ဖို့မပါတဲ့အတွက်၊ နောက်နှစ်ကျမှ ပြင်ပေးပါ့မယ်” လို့ ပြောလာ ပြန်ပါတယ်။

ဒေါင်းတွေခွပ်ရင်၊ ဘယ်တော့မှနောက်မဆုတ်တမ်းခွပ်တယ်ဆိုတဲ့အတိုင်းပဲ- “ငါတို့ မသန်စွမ်း ကျောင်း သားထဲက တယောက်ယောက်ကားတိုက်မိပြီး အသက်ပေးလိုက်တော့မှ နင်တို့ဘတ်ဂျက်က ကျလာ မှာလား” လို့ မဝေမွန်က တည်ငြိမ်ရဲဝံ့စွာ မျက်လုံးချင်းစိုက်ကြည့်ပြီး မေးချလိုက်ပါတော့တယ်။

လည်မျိုကိုဖြတ်ရိုက်ခံလိုက်ရသလို၊ တချက်ငိုင်စင်းသွားပြီး တွေခနဲခဏဖြစ်သွားတဲ့ အနှီပုဂ္ဂိုလ်ကြီးဟာ  “မဝေမွန်” ရဲ့မျက်ဝန်းအစုံကိုစိုက်ကြည့်ရင်း၊ မျက်ဝန်းအိမ်ထဲမှာလည်း အရည်တွေလည်နေရင်းက ရင် ခေါင်းသံကြီးနဲ့ “Done” လို့ အဖြေပေးလိုက်ပါတော့တယ်။ ဘေးကရပ်ပြီးနားစွင့်နေကြတဲ့ လူအုပ်ကြီး ကလည်း ၀မ်းသာလွန်းလို့ ဟေးခနဲ အားရပါးရ၀ိုင်းအော်လိုက်ကြပါတော့တယ်။

နောက်တနေ့နံနက်မှာတော့ အဲ့ဒီ့အင်ဂျင်နီယာချုပ်ကြီးက “ဝေမွန်၊ အဲ့ဒီ့နေရာမှာ ဆေးကိုဘာအရောင် လေး သုတ်ချင်လဲ” လို့ ဖုန်းဆက်ပြီး ဂရုတစိုက်မေးလာပါသေးတယ်။

မဝေမွန်က “AuSM အရောင်(ကြက်သွေးရောင်လေး) သုတ်ချင်တယ်” လို့ အဖြေ ပြန်ပေးခဲ့ပါတယ်။ တပတ်အတွင်းမှာလည်း အဲ့ဒီ့မီပွိုင့်နဲ့ လမ်းလယ်ကောင်ကျွန်းကို အပြီးပြင်ဆင်ပေးခဲ့သလို၊ ကြက်သွေး ရောင်လွှမ်းနေတဲ့လမ်းလေးဟာလည်း တမူထူးခြားသစ်လွင်လို့ပေါ့။

အခုအခါ နယူးဇီလန်နိုင်ငံမှာ မသန်စွမ်းသူတွေအတွက် Wheelchair သွားဖို့လုပ်ပေးထားတဲ့ ကြက် သွေးရောင် (သို့) နီညိုရောင်လမ်းကလေးတွေကို နယူးဇီလန်ရဲ့နေရာအနှံ့အပြားမှာ မြင်တွေ့နေကြ ရပြီဖြစ်သလို၊ Waikato Hospital က Project Manager “မဝေမွန်သန့်စင်” တယောက်လည်း Wheelchair ပေါ်မှာထိုင်ရင်း အလုပ်တွေမအားလပ်တဲ့ကြားထဲက၊ မြန်မာပြည်လမ်းမတွေပေါ်က ကျောင်း သားသပိတ်ကို စိတ်ဝင်တစား စောင့်ကြည့်အားပေးလျက်ပေါ့။

ထူးထူး (တောင်ငူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

One Response to ထူးထူး(တောင်ငူ) – ပစိဖိတ်သမုဒ္ဒရာကိုကျော်လွှားပျံသန်းလာတဲ့ ခွပ်ဒေါင်းအားမာန်

  1. Maung Luu Nge on February 11, 2015 at 11:35 am

    ကြိုက်တယ်ကွာ။ လေးစားတယ်။ ကျနော်က မသန်စွမ်းတယောက်ဆိုတော့ အားကျတယ်။ ဖြစ်နိုင်ရင်တောင် သူနဲ့ ဆက်သွယ် စကားတောင် ပြောချင်တယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်