ခင်လွန်း – “ ပြည်ထောင်စု တိုင်းရင်းသား ဒုက္ခသည်များ မီးပုံပွဲနေ့”

February 12, 2015

ခင်လွန်း – “ ပြည်ထောင်စု တိုင်းရင်းသား ဒုက္ခသည်များ မီးပုံပွဲနေ့”
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅

ဒီနေ့ဟာ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါးက ရှမ်းပြည်နယ် ပင်လုံမြို့မှာ မြန်မာ့ လွတ် လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားညီအကိုတွေ စုပေါင်းညီညာခဲ့ကြတဲ့ ပြည်ထောင်စုနေ့ပါတကားလို့ သတိရမိတော့  မနှိုင်းကောင်းမဆိုရာ ကျနော်လည်း တိုင်းရင်းသား ညီအကိုတွေနဲ့ ဘ၀တူ ခံစားချက်တူ ရင်ခုန်သံတူနေခဲ့ဖူးတဲ့ ရက်တွေကို သတိရလာတာနဲ့ ရေးခဲ့ဖူးတဲ့ ကဗျာလေးတပုဒ်ကို ပြန်တင်ချင်လာမိပါတယ်။ အဲဒီ့ကဗျာလေးကို ခုနေ ပြန်ပြင်ဆင်လို့ရမယ်ဆိုရင် လည်း ခေါင်းစဉ်နေရာမှာ ‘ပြည်ထောင်စု ဒုက္ခသည်များ’ ဆိုတဲ့ ၀ိသေသလေးတခု တနေရာရာမှာ ထည့်မိလေမလားပေါ့။ ဒါပေမယ့် ခုလို မြန်မာပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့ အရေးတကြီး ပြောနေဆိုနေချိန်မျိုးမှာ ဒီလိုဝိသေသပြုမှုက လက်ဆများ များသွားလေမလားလို့လည်း တွေးရပြန် တာပေါ့။ တဖက်ကပြန်တွေးတော့လည်း မြန်မာပြည်မြောက်ဖျားဘက်ကျကျနေရာတွေမှာ စစ်ပွဲတွေ တခြိမ်းခြိမ်း သွေးထွက်သံယိုမှုတွေအလိမ်းလိမ်းနဲ့ဆိုတော့ မှန်ကူကွက်ထိုးပြတာမျိုးအဖြစ်လည်း ယူသော် မရနိုင်ဘူးလားပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် တလောလေးရက်များက ထိုင်းနိုင်ငံရဲ့တချို့နေရာတွေမှာ ရာသီဥတုနဲ့ဖောက်ပြန် မယ် လူတွေ အန္တရာယ်ကျရောက်နိုင်တယ်။ ကြိုတင်ပြင်ဆင်ထားကြဖို့လိုတယ်လို့ ဆိုခဲ့တဲ့ သတင်းကို ဖတ်ရကတည်းက လိပ်ပြာနိုးပြီး ရေးချင်နေခဲ့တာကို ချရေးဖြစ်လိုက်တော့တာပါပဲ။
အဲ့ဒီရာသီဥတုသတင်းလေးဖတ်ရတုန်းကဆိုရင် သြော်..ငါသာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်း ထဲမှာ အခုထိရှိနေသေးရင်ဆိုတဲ့ စိတ်နဲ့ ရင်ထဲ လှုပ်လှုပ်ရှားရှားလေး ဖြစ်သွားခဲ့တာပါ။ တပြိုင်ထဲမှာပဲ ကိုယ်က ဒုက္ခ သည်စခန်းကနေ ကျွတ်လွတ်သွားခဲ့ပေမယ့်လည်း ကိုယ့်လို အဲဒီ့ဘ၀ကနေယခုတိုင် အကြောင်းအမျိုးမျိုးကြောင့် မလွတ်မြောက်နိုင်သေးဘဲ ကျန်နေရစ်ခဲ့တဲ့ (အခုဆို ၁၀ စုတစုစာ လောက်နီးခဲ့ပြီ) ဘ၀တူ ဒုက္ခသည်ဖြစ်ဖော်ဖြစ်ဖက်တွေအတွက်လည်း စိတ်စက်မကောင်းဖြစ်မိပါ တယ်။ ဒုက္ခသည်စခန်းဆိုတာ နံမယ်နဲ့လိုက်ဖက်အောင် လျှိုကြီးမြိုင်ကြီးထဲ တောကြမ်းမြေကြမ်း လေကြမ်းကြမ်းကြား နေကြရတဲ့အခြေအနေမျိုးမဟုတ်လား။ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက် ကြီးရွယ်အိုတွေ မမာမကျန်းဖြစ်နေကြတဲ့ လူတွေအတွက် ရာသီဥတုဖောက်ပြန်ပြီဆိုရင် အင်မတန်မှ ပူပင်စိုးရိမ်ရတာပါ။

မှတ်မှတ်ရရ ကျနော်တို့တွေ အဲဒီ့ဒုက္ခသည်စခန်းကိုရောက်ကြရတာက မိုးတွင်းကြီး။ ရွံ့တွေဗွက်တွေ နွံ့တွေထဲ ရောက်ရောက်ချင်းရုန်းရင်းသွားရင်း လူတွေ အလဲလဲအပြိုပြို အပေပေအလူးလူးဖြစ်ကြ။ နေဖို့ရတဲ့ အိမ်(တဲ)ကလေးတွေကလည်း မလုံတလုံ၊ ခေါင်တွေယို၊ တိုင်တွေကြမ်းခင်းတွေက ဆွေး။ ဒါပေမယ့်လည်း ဒုက္ခဆိုတာ ထူးပြီးမဆန်းတော့အရာလိုဖြစ်နေပြီမို့ ဒီလိုပဲနေကြရတာပါပဲ။ ဒါပဲ ရွေး ချယ်လာခဲ့ကြတာမဟုတ်လား။

ဒီလိုနဲ့ဟေမန္တခေါ်တဲ့ ဆောင်းရက်တွေရောက်လာပြန်တော့လည်း တမင် ရက်ရက်စက်စက် အကြမ်း ဖက်နေသလားထင်ရအောင် ဆောင်းဟာ အစွမ်းပြမောက်မာခဲ့ပြန်ပါတယ်။ အဲဒီ့နံနက်ခင်းတွေမှာ စခန်းကပေးတဲ့ ဘေထုပ်ထည်တွေကိုယ်စီနဲ့ မနက်အရုဏ်မကျင်းခင် ထင်းမီးဖိုလေးတွေဖိုရင်း ဟိုနား စုစု ဒီနားစုစု အနွေးဓာတ်လှုံကြတာကိုလည်း ပြန်မြင်ယောင်သတိရမိပါတယ်။

အဲဒီ့လိုအတူမီးလှုံကြသူတွေကို ပြန်သတိထားမိတော့ ချင်းလည်း ပါရဲ့၊ ရခိုင်လည်း ပါရဲ့၊ ကရင်တို့ ကချင်တို့လည်း ပါရဲ့၊ မွန်လည်း ပါရဲ့၊ မြန်မာလည်း ပါရဲ့၊ ရှမ်းလည်း ပါရဲ့၊ မြန်မာပြည်မှာ ကယားလို့ ခေါ်စမှတ်ပြုကြတဲ့ ကရင်နီလည်း ပါပါရဲ့။ သြော်.. ဒုက္ခသည်တွေ ဒုက္ခသည်တွေ အာဏာရမ္မက် ခေတ်ကွင်းဆက်တွေကြောင့် တိုင်းပျောက်ပြည်ပျောက် နိုင်ငံပျောက်နေကြရတဲ့ ဘ၀တူ ပြည်ထောင်စု ဒုက္ခသည်တွေလေ။ တပြည်ထောင်ဖွား တိုင်းရင်သား ဒုက္ခသည်ညီအကိုများပါပေတကားပေါ့။

ဒီလိုပြည်ထောင်စုဖွား ဒုက္ခသည်ညီအကိုတွေဟာ နှင်းမှုန်ထူထူထဲထဲမှာ ထင်းမီးဖိုအတူလှုံရင်း ဆောင်းကို အန်တုခဲ့ကြရင်း တောကြောင်း တောင်ကြောင်း၊ မင်းကြောင်းစိုးကြောင်းတွေလည်း ပြော ဖြစ်ခဲ့ကြတာပေါ့။ စိတ်ဝင်စားစရာ ကိုယ်တွေ့ဇာတ်လမ်းတွေလည်း အထွေထွေအပြားပြားပေါ့။  ဒါပေ မယ့် ဘယ်လိုပင်များမြောင်လှသော်လည်း အဓိကတူနေတာတခုကတော့ သူတို့ဟာ အာဏာရှင် လက်အောက်ကလွတ်မြောက်ဖို့ ကိုယ်ကျရာနေရာကနေ ဘယ်လိုဆန့်ကျင်ခဲ့ကြ တော်လှန်ခဲ့ကြတယ် ဆိုတဲ့  အားမာန်တက်ကြွဖွယ် ဇာတ်ဝင်ခန်းတွေချည်းပါပဲ။  အလျှံတညီးညီး ထင်းမီးပုံကြီးကြားမှာ မေးရိုးကြီးတွေ ထောင်းထောင်းထအောင် လက်ခမောင်းတသသပြန်ဖြစ်ကြတဲ့ ဆောင်းမနက်ခင်း များပေပဲပေါ့။
ဒီလိုနဲ့တခါသားမှာတော့ အမှတ်မထင်မြင်ကွင်းလေးတခုက ကဗျာလေးတပုဒ်ရေးဖြစ်လာအောင် ကျနော်အာရုံကို လှုပ်ခတ်နိုးဆွသလို ဖြစ် သွားခဲ့ပါတယ်။ အဲဒါက ကျနော်နဲ့ဘေးချင်းယှဉ်ထိုင်နေတဲ့ ကျောင်းသားရဲဘော်ဟောင်းတယောက်က သူသောက်နေတဲ့ လက်ထဲကဆေးပေါ့လိပ်ကို ကျနော့် မျက်စေ့ရှေ့ထိုးပြရင်း အစီခံနေရာက ထိုင်းစာနဲ့ရေးထားတဲ့ ရွှေရောင်တံဆိပ်ပတ်လေးတခုကို ဆတ် ခနဲခွာပစ်လိုက်ပါတယ်။
အဲဒီမှာ အောက်က နောက်ထပ်အစီခံအပတ်လေးတခု ပေါ်လာတာကို တွေ့ရပါတယ်။ ကျနော့်ကို ဖတ်ကြည့်စမ်းပါဗျာလို့ ပေးလာလို့ဖတ်မိတော့ မြန်မာစာနဲ့ သုခိတာတဲ့။ ဒါ မြန်မာပြည်ဆေးလိပ်ပေါ့လို့ ကျနော်ကမေးတော့ သူက ခေါင်းလေးညိတ်ပြ။

သြော် … ဘယ်များမှားနေခဲ့ပါသလဲ။ ရွှေပတ်တံဆိပ်အောက်က သုခိတာ။
ဒါနဲ့ပဲ ကျနော့်ရင်မှာ အမည်ဖော်ပြလို့မရတဲ့ဝေဒနာနဲ့ ဒီကဗျာကိုရေးခဲ့ပါတယ်။ ရေးဖြစ်တဲ့နေ့စွဲကို ပြန်ကြည့်တော့ ၂၀၀၇ ဖေဖော်ဝါရီ ၆ ရက်ဆိုတော့ ဆယ်နှစ်နီးပါးရှိခဲ့ပြီပဲ။ ကျနော်တို့တိုင်းရင်းသား ညီအကိုမောင်နှမတွေ ဘ၀တူ ကံကြမ္မာတူ ရင်ခုန်သံတူ နေခဲ့ရတဲ့ “ ပြည်ထောင်စု တိုင်းရင်းသား ဒုက္ခသည်များ မီးပုံပွဲနေ့” လေးကို ကျနော် ခုတိုင် ပြန်လွမ်းတနေမိရင်း အဲဒီ့ကဗျာလေးကိုလည်း ပြန် တင်ပြလိုက်ပါတယ်။

တကယ်ပဲ တိုင်းရင်သားအားလုံးပါဝင်ပြီး စိတ်တူကိုယ်မျှ ကြည်ဖြူကြတဲ့ ဒုတိယပင်လုံစာချုပ်တခု ပေါ်လာပါစေသားလို့ မျှော်လင်းရင်းနဲ့ပေါ့။

“ယာယီနှင်းများ “

နှင်းတွေ။

လာရာကိုကျောခိုင်းလို့
တံတိုင်းခြားခံလိုက်ရတဲ့ တောင်တန်းတွေအောက်
ညှို့ကွင်းမိသားကောင်တွေ
ထောင်ချောက်မိနေတာ မဟုတ်ဘူး

ဒါ …
စစ်ပန်းသွားတဲ့ အခေါဘဏီတပ်ကြီး
နားနေတာလည်း မဟုတ်ဘူး

အိပ်မက်ကိုယ်စီပျိုးလို့
အရိုးကိုဆံထိုးလုပ်လိုသူတွေနဲ့
ကမ်းလွန်ရွှေမုဆိုးတို့ရဲ့
စခန်းထောက်ရာလို့ဆိုဆို
ကိုလံဘတ်အလိုအရပြောရရင်
သူတို့အာငွေ့နဲ့ ရွက်လွှင့်ထွက်ခွာရာဆိပ်ကမ်း။

သေချာတာက
အမေတခြား သားတခြား
အိပ်ရာတခြား အိမ်တခြား
ချစ်သူတခြား ပါးတခြား
အဓိပ္ပာယ်ထွေထွေပြားပြားမှာ
နတ်နေကိုင်းသားတွေအများသားရှိရာကလာတဲ့
တတိယကမ္ဘာသားတွေပါ။

ဒီလိုဆောင်းဆိုရင်
ဒုက္ခကိုရှေ့တင်ကစားကြရတဲ့ပွဲမှာ
အသားငတ်တာကလွဲလို့
စကားငတ်တာကလွဲလို့
အသားပတ်တဲ့ဆောင်းဟာ
ချောင်းတဟွတ်ဟွတ်ဆိုးပြီဆိုရင်
ထုံးဓာတ်များတဲ့ရေကို
ထင်းမီးဖိုနဲ့ နာနာကြိုပြီ။

ဒီလိုဆောင်းဆိုရင်
နှင်းဝေေ၀ကြား
အပေါစားဗီဒီယိုကားရဲ့
ဖြစ်ကတတ်ဆန်းဆက်တင်ထဲကလို
ပုဆိုးခြုံဆေးလိပ်တဖွားဖွားနဲ့
ထင်းကောက်သူကောက်
ဘေထုပ်ထည်တဖားဖားနဲ့
လမ်းလျှောက်သူတွေက လျှောက်
တချို့တောပန်းလေးတွေကောက်လို့
တချို့ကျ ထင်းမီးပုံတဖွားဖွားဘေး
သိုက်စာဖတ်ရာ နားထောင်ငေးလို့။

သည်လိုတောခန်းတောင်ခန်း
တထောက်စခန်းပဲဆိုဆို
စင်တင်ကဇာတ်ထဲက ပြဇာတ်မင်းသားဆန်နေသူတွေဟာ
အချီအချ ဒိုင်ယာလော့ခန်းဆိုရင်
ကိုယ့်လူများက ခေ,သူတွေမဟုတ်
တချို့ မြန်မာပြည်အရေး
သူတို့သွေးနဲ့ရေးခဲ့တဲ့ အကြောင်း
တချို့ သူတို့အသက်
တိုင်းပြည်အတွက် စွန့်လွှတ်ထားခဲ့ပုံအကြောင်း
တချို့ မိပစ်ဘပစ် ချစ်သူပစ်ပြီး
နိုင်ငံကိုချစ်စိတ်နဲ့ အတိတ်ကို ဖြတ်သန်းလာခဲ့ကြောင်း
……….
……….
……….
အကြောင်းကြောင်းတွေ ဟောင်းနွမ်းကြွေလဲ
သွေးထဲသားထဲ နှုတ်ဖျားစွဲကာ သေရာပါလေ။

အင်း ….
သူ့အကြောင်းပြောရင်
ကိုယ့်အကြောင်းလဲ ပြောပြန်ကြလိမ့်မယ်

ထားတော့။

တငွေ့ငွေ့လောင်သွားတဲ့ရက်တွေလို
နောက်ဆုံးအံသွားနဲ့ခဲထားတဲ့ပေါ့လိပ်တိုကို
စက္ကူပတ်ခွာလိုက်ချိန်
“သုခိတာ” တဲ့
(ဒုတိယဘာသာစကားအောက် ဒို့တွေ ခိုလှုံနေရပုံများ)
သုခိတာ ဟောန္တု ဒုက္ခာ မု စ္ဆ န္တု
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြစေသတည်း ။ ။

ခင်လွန်း
၆.၂.၂၀၀၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခင်လွန်း, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်