ကိုသန်းလွင် – လျှပ်တစ်ပြက် အိန္ဒိယ

February 17, 2015

ကိုသန်းလွင် – လျှပ်တစ်ပြက် အိန္ဒိယ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅

(၁)

စိန့်သြဂတ်စတင်းက ကမ္ဘာကြီးသည်စာမျက်နှာများစွာပါသောစာအုပ်ကြီးနှင့်တူသည်။ တနိုင်ငံထဲမှာနေပြီး ဘယ်မှ မရောက်ပါက စာအုပ်တွင် စာတမျက်နှာထဲသာဖတ်ရသူနှင့် တူသည်ဟုရေးခဲ့လေသည်၊ ကျွန်တော်သည် ကမ္ဘာ့ စာအုပ်ကြီးမှ စာလေးငါး မျက်နှာတော့ဖတ်ဖူးပါပြီ၊ ယိုးဒယား၊ မလေးရှား၊အင်ဒိုနီးရှားသည်ဖြင့် နိုင်ငံအနည်းငယ် ရောက်ဖူးခဲ့ပါပြီ။  အခု နောက်ထပ်တစ်မျက်နှာကိုဖတ်ရှုနိုင်ရန် အိန္ဒိယနိုင်ငံသို့ ကျွန်တော်ရောက်ရှိသွားပါသည်။

(၂)

အိန္ဒိယ နှင့် တရုတ်ပြည်တို့သို့ ကျွန်တော်ငယ်စဉ်ကတည်းကရောက်ဖူးချင်နေခဲ့ပါသည်။ အိန္ဒိယသို့သွားရန် စင်္ကာပူ သံရုံး၌ ကျွန်တော်ဗီဇာသွားလျှောက်ဖူးသည်။ ထိုစဉ်က ဗီဇာရဘို့မလွယ်ပါ။ သံရုံးက အိန္ဒိယ နယူးဒေလီ ဌာနချုပ် သို့လျှောက် လွှာပို့ပေးရမည်။ ခွင့်ပြုချက်ရပါမှသံရုံးက ဗီဇာထုတ်ပေးမည်။ ကျွန်တော့် ရည်ရွယ်ချက်မှာ စင်္ကာပူသံရုံး မှာပင် အဆုံးသတ် သွားခဲ့ပါသည်။ အခုတော့ အိန္ဒိယဗီဇာက မခက်ခဲတော့ပါ။ ဗီဇာကြေးပေးဆောင် သည်နှင့် လွယ်လွယ် ကူကူ ရနိုင်ပါသည်။ ကျွန်တော်သည်ရန်ကုန်မှထွက်သော ဘုရားဖူး အဖွဲ့နှင့် အတူလိုက်ခဲ့ရခြင်း ဖြစ်ပါ သည်။

အိန္ဒိယနိုင်ငံတွင် သစ်ပင်မခုတ်ရဟု ဥပဒေပြဌာန်းထားပါသည်၊ သတ္တ၀ါတွေ၏ အသက်ကိုလည်းဘေးမဲ့ ပေးထား သည်၊ မျောက်တွေ၊ နွားတွေ၊ ကျွဲတွေမှာနေရာတကာတွေ့နေရသော ဘေးမဲ့ပေးရသည့် သတ္တ၀ါ တွေဖြစ်ပါသည်။ ကျွန်တော်ရောက်သော နေရာတိုင်းမှာ အိုမင်းလှပြီဖြစ်သော သစ်ပင်ကြီးတွေ ကိုတွေ့ရသည်။ ဒေလီလို မြို့တော်ကြီး မှာ သစ်ပင်တွေ ပေါက်နေသည်မှာစိမ်းစိုနေသည်၊ ရုတ်တရက်ကြည့်သော် သစ်ပင်တွေထူထပ်စွာ ပေါက်နေသော တောအုပ်ကြီး လိုမြင်ရသည်။ ဓါတ်မီးတိုင်တွေ အပေါ်မှာတိုးတက်နေတာကို မမြင်ရလျင် မြို့ဟုပင် မသိသာပေ။

ကျွန်တော်တို့ လေယာဉ်ဆိုက်ရာ ဂါယာမြို့ မှာ  ဘီဟာနယ်တွင် ရှိပေရာ ဘီဟာနယ်သည် အိန္ဒိယတွင် အဆင်းရဲဆုံး ပြည်နယ် များတွင်ပါသည်။

ကားလမ်းမတလျောက်မြင်ရသော အိမ်တွေမှာ ဘာမှ အဆောင်အယောင်တွေမပါ။ နံရံများ သည် အုတ်တွေစီထားပြီး အချောမကိုင်ထားသောအုတ်ထရံတွေသာဖြစ်သည်။ အမိုးမှာ သွပ်ပြားကိုမသုံး အုတ် ကိုသာ သုံးကြဟန်တူသည်။ လမ်း မှ ပေ၅၀ / ၆၀ ခန့်အကွာတွင်ဆောက်ထားကြပြီး အိမ်ရှေ့ကွက်လပ်တွေ မှာ နွားတွေ ကျွဲတွေမွေးသည်။ နွားစာခွက်များ ကောက်ရိုးများ ရွှံ့တွေ၊ ရေတွေ နှင့်အိမ်ရှေ့တွေမှာ ခြေချစရာနေရာပင် ကောင်းကောင်းမတွေ့ရ၊ ကျေးရွာတွေမှာ အိမ်သာလည်း မရှိဘူးဆိုသည်၊ ဘယ်မှာ သန့်ရှင်းနိုင်ပါမည်နည်း။

ကျွန်တော်တို့ တည်းခိုရသည့် ဟော်တယ်ရှေ့ ညောင်ပင်ကြီးအောက်တွင် အမေ နှင့် သားသမီးတစုတို့ မီးလှုံ နေကြ တာကိုမြင်ရသည်။ သူတို့သည် ကိုယ်ပိုင်အိမ်ရှိပုံမရ၊ ထိုညောင်ပင်ကြီးအောက်မှာပင်နေပုံရသည်။

ဤခရီးကို မစတင်မှီ ဘုရားဖူး အဖွဲ့ကို ရန်ကုန်မှာ  အမှာစကားပြောရာတွင် “ ဒီခရီးဟာ စိတ်ရှည်ရှည်ထားရမဲ့ ခရီးဖြစ် ပါတယ်။ မိမိရဲ့ သည်းခံနိုင်စွမ်းအားကို စမ်းသပ်တဲ့ခရီးလဲဖြစ်ပါတယ်။ စိတ်ရှည်ကြပါ”ဟုဆိုသည်၊ စင်္ကာပူ  တက္ကသိုလ် ကျောင်းသား  ကျွန်တော်သားဖြစ်သူက နားမလည်ပါ၊ ဤခရီးထွက်ရခြင်းမှာ ဒေသန္တရ ဗဟုသုတအတွက်ဖြစ်သည်။ အဘယ့်ကြောင့်  သည်းခံစိတ်ကိုမွေးရန်လိုရသလဲမေးသည်။

အိန္ဒိယတွင် ဟိုက်ဝေးလမ်းမကြီးတွေမှာ ၀ဲ နှင့် ယာ နှစ်လမ်းသွား တွေဖြစ်ပြီး အချို့နေရာများ မှာ အလွန်ကောင်းပါ    သည်။ သို့ပါသော်လည်း ကားတန်းအရှည်ကြီးတွေ နှင့် တခါတရံ အကြောင်း တစုံတရာ မသိရဘဲ ကားကမောင်းမရ၊ ရှေ့မှာ   ဘာဖြစ်မှန်း မသိဘဲ စောင့်နေရသည် မှာ နှစ်ကြိမ်၊ သုံးကြိမ်…

နယူးဒေလီတွင် ကားလမ်းမပေါ် မှာ နွားလှည်းမောင်းနေတာကို ကျွန်တော်တို့မြင်ကြရသည်။ ဆိုက်ကားတွေ၊ ဆိုင်ကယ်တေ၊ွ သုံးဘီးတွေ၊ ထရပ်ကားကြီးတွေ၊ လမ်းအသုံးပြုသူတွေ မှာထူထပ်များပြားလှပါသည်။ သို့ပါသော် လည်းဟွန်းတီးသံ၊ ခိုက်ရံဒေါသ ဖြစ်သံ၊ ရန်ဖြစ်သံကို မကြားရချေ။ လူတွေကြည့်ရသည် မှာ ကားလမ်းရှုပ် သော ကြောင့် စိတ်တွင်ဘာမှ အနှောက် အယှက်ဖြစ်ပုံ မပေါ် စောင့်ရမှာကိုလည်း ၀န်လေးကြပုံမပေါ်…

ဒေလီမြို့ထဲ မှာပင် မိမိကိုယ်ပိုင် အိမ်နေရာမရှိသူ သန်းချီ၍ ရှိသည်ဟုဆိုသည်။ သူတို့သည် လမ်းဘေးပလက်ဖောင်း  ပေါ်၊ ပိတ်သွားသည့်ဈေးဆိုင်ရှေ့၊ ဘူတာရုံ၊ကားလမ်းဘေး စသည်ဖြင့် ကြုံရာဖြစ်သလို အိပ်ကြရသည်။ မနက်လင်းသော် သူတို့သည် မိမိအိပ်ယာကို လိပ်ခါ သယ်ပြီးတနေရာသို့ပြောင်းကြသည်၊ ထိုလူတွေသည် မည်သို့ အညစ်အကြေးစွန့်ကြသနည်း၊ လမ်းဘေးမှာသာဖြစ်သလို ကိစ္စပြီးကြရဟန်တူသည်၊

ကျွန်တော် အံ့အားအသင့်ရဆုံး အချက်မှာ လမ်းဘေးမှ အမှိုက်သရိုက်တွေကို မသိမ်းဘဲ ပြစ်ထားကြခြင်းပင်။ အထပ် ၃၀၊ ၄၀ မြင့်သော   တိုက်ကြီးတွေ ဘေးမှာလည်း အမှိုက်တွေပုံနေသည်။ ပလပ်စတစ်ဗူးခွံတွေ စားသောက်ထားသည့် တခါသုံးခွက်တွေ ပြန့်ကျဲနေသည်၊ မြို့တော် ဂုဏ်အင်္ဂါနှင့်ညီစေရန် စည်ပင်သာယာလို ဌာနတခုကို ဖွဲ့စည်း တာဝန် ပေးလျင် ဖြစ်နိုင်ပါလျက်  အမှိုက်တွေ ပြန့်ကျဲနေခြင်းကို ကျွန်တော် မဝေဖန်တတ်တော့ပါ။

အိန္ဒိယနိုင်ငံ၏စီးပွားရေးမှာ တဟုန်တိုး တိုးးတက် နေလေပြီ။  BRIC  ခေါ် ဘရာဇီး၊ ရုရှား၊ ကနေဒါ အိန္ဒိယတို့မှာ တိုးတက်လာမည့် စီးပွားရေးကျားကြီးများဖြစ်သည်၊ ထိုအချိန်မှာ မြို့တော်ကြီး မှ အမှိုက် တွေ မသိမ်းနိုင်ခြင်းမှာ ဆက်စပ်၍မရနိုင်၊ အာကာသ သို့ ဒုံးပျံတွေလွှတ်နေပြီ။  အနုမြူဗုံးပိုင်ဆိုင်ပြီး ကမ္ဘာ့အဆင့် မှီ ကုန်ထုတ်လုပ်ရာ ကုမ္ပဏီကြီးတွေ ရှိနေပြီ။ ကွန်ပျူတာ ဆော့(ဖ)၀ဲလ်များ  မှာ ရှေ့တန်းနိုင်ငံတွေ ထက်နောက်   မကျပါ။ အမေရိကား လို အင်္ဂလန်လို အနောက်နိုင်ငံတွေမှာ အိတ်(စ)ရေး  ရိုက်လိုက်သာ ဓါတ်ပုံသည် အိန္ဒိယ သို့ ပို့ရသည်။     အိန္ဒိယ မှ ဆရာဝန် တွေက လူနာ၏ အခြေအနေကို ထိုဓါတ်ပုံကြည့်ပြီး ဆုံးဖြတ်ကြသည်၊ အိန္ဒိယ ဆရာဝန်တွေက ဆုံးဖြတ်အကြံပေးသည့်အတိုင်း လူနာကိုကုသကြရသည်၊ လူနာကိုအိန္ဒိယမှ ဆရာဝန်တွေ အကြံပေးသလို ဆေးပေး ကြရသည်၊

နိုင်ငံပေါင်းစုံနှင့်ကုန်သွယ်ရောင်းဝယ်နေကြသော ကုမ္ပဏီကြီးများသည် မိမိတို့ Call Center  များကို အိန္ဒိယတွင် ဖွင့်လှစ်ကြ သည်၊ အဆိုပါ Call Center များသည် ကုမ္ပဏီက ရောင်းချလိုက်သော ပစ္စည်း တွေ အတွက် အထွေထွေ ပြဿနာ၊ စားသုံးသူတွေ လိုအပ်ချက် ပေါင်းစုံ နှင့် မေးလာသမျှ မေးခွန်းတွေကိုသူတို့က ဒိုင်ခံဖြေရှင်းနေကြသည်။

ထိုလုပ်ငန်းတွေကို အလွန်မြန်သော အင်တာနက်၊ ဖုံးလိုင်းတွေမရှိဘဲ မလုပ်နိုင်ပါ၊ အင်္ဂလိပ်စာတတ်ဖို့ကလည်း လိုသေးသည်၊ ကျွန်တော်ရောက်လေရာတွင် သူတို့သည် အင်္ဂလိပ်စာကို အချင်းချင်းဆက်သွယ်နိုင်ရန် ကောင်း ကောင်း တတ်ကြသည်၊ တချို့ကမူ မြန်မာစကားကိုပင်ပြောလိုက်ကြသေးသည်၊

သို့ပါသော်လည်း ဘီဟာနယ် ထဲ မှာမြင်ခဲ့ရသော  လမ်းဘေးမှ တိုက်ငယ်ကလေးများတွင် ထိုခေတ်မှီ တိုးတက်မှု ဆိုတာကို ကျွန်တော် မမြင်ခဲ့ရပါ။ လျှပ်စစ်မီးကတော့ အိမ်တိုင်းရှိသည်။ ရေကလည်း လက်လှုတ်ဘုံဘိုင် တွေမှာနေရာ အနှံ့ရှိသည်။ ထိုသို့ တွင်းတွေကတော့ နေရာတိုင်း ဘယ်နေရာ မှာတူးတူး ရေထွက်သည်ဟု ဆိုသည်။ လူသူ အဘယ်မျှ အရောက်အပေါက်နဲစေ  လက်လှုတ်ဘုံဘိုင်တွေရှိပြီး ရေအလိုရှိသူတိုင်းက ဘုံဘိုင်ကိုဆွဲ ပြီးသုံးရုံသာ၊ ရေက ငံသော အရသာရှိသည်။ သောက်သုံးရန် သင့်မသင့် ကျွန်တော်မသိသော်လည်း စိုက်ပျိုးရေး သန့်ရှင်းရေး  အတွက် အဆင်သင့် သုံးနိုင်ပါလိမ့်မည်။

မကြာသေးမီရက်များ အတွင်းက ဆေးကျောင်းသူ တဦး သူ့ရည်းစားနှင့် ရုပ်ရှင်ကြည့်အပြန် ဘတ်(စ်)ကားပေါ်တွင်  လူတစုက မတရားပြု့ကျင့်ပြီး အသတ်ခံကြရသောအမှုတခုဖြစ်ပွားခဲ့သည်။ တတိုင်းပြည်လုံး အုတ်အော်သောင်းနင်း ဖြစ်ကြရသည်၊ တရားဥပဒေအရ ဖြစ်ရေးဆန္ဒုပြ ကြလေသည်။ တရားခံများကို လျင်မြန်စွာစစ်ဆေး အပစ်ပေးနိုင်ခဲ့ သော်လည်း တိုင်းပြည်တပြည်လုံး စိတ်ဆိုးဒေါသ ထွက်ကြရသည်၊

စင်္ကာပူ သမ္မတဟောင်းဖြစ်သည့် မစ္စတာနာသန် မှာ အိန္ဒိယ သွေးပါသည်၊ သူက စင်္ကာပူ တက္ကသိုလ် မှ  တာဝန်ရှိသူ များအား အိန္ဒိယ အမျိုးသမီးများ မလုံခြုံဖြစ်ရခြင်းကိစ္စ၊ အကြောင်းရင်းဘယ်သို့ ရှိမည် ဘယ်လိုဘယ်ပုံ ကာကွယ်ကြရ   မည် ဆိုသောအကြောင်းအရာကို စာအုပ်တအုပ်အဖြစ်ပြုစုရန် ပရောဂျက်တခုဖန်တီးပြီး စတိုင်ပင်ပေးမည့် အစီအစဉ် ကို ကြားလိုက်ရပါသည်။

သူတို့သည် ဆင်းရဲသော်လည်း အလွန်သည်းသည်းခံ နိုင်သောလူတွေဖြစ်ပါသည်။ စင်္ကာပူမှာ အိန္ဒိယ လူမျိုးပိုင် မွတ်စတားဖါးဆိုင် ရှေ့ တွင် အိန္ဒိယအလုပ်သမားတွေ ကျိတ်ကျိတ် တိုးနေတာကို ကျွန်တော်မြင်ဘူးသည်။ မိန်းကလေးတွေ သူတို့ကြားမှဖြတ် လျှောက်လျင် ပြောင်သံ လှောင်သံ မကြားရ၊ မော့ကြည့်မည့်သူမရှိ၊ အန္တရာယ်လုံးဝ မရှိဟု ဆိုသော်ရပါသည်၊

အိန္ဒိယ ကျွန်တော် ရောက်လေရာတွင် လမ်းဘေးတွင် အညစ်အကြေး စွန့်နေကြသည်မှာ ပေါ်ပေါ်ထင်ထင်ပင်၊ စင်္ကာပူမှာလူမြင်ကွင်းတွင်သည်လိုလုပ်မိလျင် ဒုက္ခကောင်းကောင်းရောက်သွားနိုင်သည်။ လမ်းပေါ်တွင် လူတွေ၊ ကားတွေ တိမ်းကြရှောင်ကြသည်မှာ ဘာစည်းကမ်းကိုမှ လိုက်နာကြပုံမပေါ်ပါ၊ ထိုမြင်ကွင်းများကို မြင်ဖန်များ သောအခါ သူတို့သည် စည်းကမ်းနှင့် တရားဥပဒေကို အရေးကြီးသည် ဟုမထင်ကြဟုသာ ကောက်ချက်ချ လိုက်မိ သည်၊ ဥပဒေ ချိုးဖောက်နေသူကို မြင်လျင် သူတို့သည် ဖာသိဖာသာ သာနေတတ်ကြသည်၊ ရဲ  မတွေ့လျင်ပြီးရော၊ စောဒက မတက်လျင်ပြီးရော၊ ပြီးလျင်ပြီးရော လုပ်တတ်ကြ လေသည်။ ထို့ကြောင့် ဧရာမ မဒိန်းမှုကို ပင်လျင် ရဲသာမတွေ့ နဲ့ မတွေ့လျင် လွတ်မှာဘဲဟု လူမိုက်တွေက ယူဆကြဟန်တူသည်၊

ဘတ်(စ်)ကားစီး ခရီးသည် တဦးကို လူအုပ်စုက ၀ိုင်းပြီး မတရားကျင့်ကြခြင်း မှာ တရားရုံးက စီရင်ချက်ချသလို သေဒဏ် ထိုက်သော ပြစ်မှုဖြစ်ပါသည်။ သို့ပါသော်လည်းသူတို့သည်ဘေးလူတွေကမနှေင့်ယှက်လျင် ပြီးရော၊ ငါတို့လုပ်ခွင့်ရှိသည်ဟုများ တွေးတော သလားမပြောတတ်ပါ။ နောင်ဤကိစ္စမျိုး မဖြစ်စေရန် မှာ တရားဥပဒေ လိုက်နာဘို့ အကြောင်း ပညာပေးဘို့အများကြီးလိုပါသည်။ လူဦးရေက  မတန်တဆ များပြားလှပေရာ ပညာပေး ဘို့ကိစ္စကို အစိုးရလည်း  အကွက်ချ စဉ်းစားနိုင်ပုံမပေါ်။

ကျွန်တော်တို့ စီးခဲ့သော ဘတ်(စ်)ကား ဒေလီမြို့ကိုဝင်တော့ စပါယ်ယာလုပ်သူက လိုက်ကာတွေလိုက်ဖြုတ်နေတာ တွေ့ရသည်။ မုဒိန်းမှု့ကျူးလွန်စဉ်က လိုက်ကာတွေချထားသဖြင့် ကားအတွင်းကို အပြင်က မမြင်ကြရဟုဆိုသည်။ ထို့ကြောင့် ဒေလီမြို့ ကလမ်းတွေပေါ်ရှိ ကားတွေ မှာ လိုက်ကာ မတပ်ရဟု အမိန့်ထုတ်လိုက်လေသည်။ ထို့ကြောင့် ဒေလီမြို့ကပြန်ထွက်မှ လိုက်ကာတွေပြန်တပ်ရသည်၊

၂၀၁၄ မေလ ရွေးကောက်ပွဲတွင် BJP  (Bharatiya Janata Party )ပါတီမှ နီရန်းဒရာ မိုဒီ (Narendra  Modi)  က မဲအပြတ်အသတ်  ဖြင့်နိုင်ပြီး အိန္ဒိယ ၀န်ကြီးချုပ် ဖြစ်လာသည်၊ သူရွေးကော်ခံရခြင်းမှာ  ကွန်ဂရက်ပါတီ အုပ်ချုပ်မှုဖြင့် စီးပွားရေးတွင် ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသော အိန္ဒိယ ပြည်ကြီးကို လှုပ်နှိုးလိုက်သလို ဖြစ်သည်။ ကြိုးနီစနစ်  နေရာတိုင်းခြစားနေသော အဖြစ်တွေကြား ကွန်ဂရက်ပါတီ အစိုးရကို  စိတ်ပျက်လက်ပျက် ဖြစ်နေကြသော အိန္ဒိယ ပြည်သူများ က သူ့ကို တခဲနက် မဲပေးခဲ့ကြလေ သည်။

သူသည် မြန်မာနိုင်ငံတွင်ကျင်းပသော  ASEAN  အစည်းအဝေး သို့ တက်ခါ  Look East  ပေါ်လစီ မှ Act East  ပေါ်လစီသို့ ပြောင်းပါမည်။ အာရှနိုင်ငံများ နှင့် ဆက်သွယ်ရေးကို ဆထက်တပိုး တိုး၍  ဆောင်ရွက်ပါမည်ဟု ကတိပြု ခဲ့သည်။ ၂၀၀၂ ခုနှစ်က ဖြစ်ခဲ့သော သူ Chief Minister  အဖြစ် တာဝန်ယူခဲ့သော ဂူဂျရတ်ပြည်နယ် မွတ်စလင်  ဟိန္ဒူ  အရေး အခင်းကိစ္စ တွင် သူတာဝန် မကင်းဘူးဟု ဆိုကာ အမေရိကန်အစိုးရက သူ့ကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ထား ခဲ့သည်။ သူခေါင်းဆောင်ဖြစ်လာသည်နှင့် တရုတ်ခေါင်းဆောင်၊ အမေရိကန်သမ္မတ၊ သြစတြေးလျ ၊ ဂျပန်စသည်ဖြင့်  ခေါင်းဆောင်ပေါင်းစုံ နှင့်တွေ့ပြီးပြီ။ သူ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်စဉ်က သူ့ပြည်နယ်၏ စီးပွားရေး ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း တိုးတက်ရေး လုပ်ငန်းတွေကို ကမ္ဘာက ဂရုစိုက်မိအောင် လုပ်ပြခဲ့ပြီး ဖြစ်ပါသည်။

ထို ဂူဂျရတ်တွင်အောင်မြင်ခဲ့သည့် နည်းအတိုင်းဖြစ်အောင်လုပ်ရမည်ဟု သံဓိဌာန်ချထားသော  ၀န်ကြီးချုပ်သစ် မိုဒီ ကို စင်္ကာပူ စထရိတ် တိုင်း သတင်းစာက  အာရှ၏ ၂၀၁၄ ခုနှစ်အတွက် စံပြ ပုဂ္ဂိုလ် အဖြစ် ရွေးချယ်ခဲ့လေသည်။  အိန္ဒိယသည် အများက ကြိုတင်နမိတ်ဖတ်ကြသည့်အတိုင်း ကမ္ဘာ့ စီးပွားရေးစနစ်ထဲသို့ ထင်သာ မြင်သာ တိုးဝင် လာနေပေပြီ၊

အနည်းဆုံး ဘာသာကြီး (၄)ခုသည် အိန္ဒိနိုင်ငံ၌ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိမ်း နှင့် ဆစ်(ခ) ဘာသာတို့မှာ အိန္ဒိယတိုက်ငယ်တွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်၊ ဟိန္ဒူ တို့က ၈၀ % ရှိသည်။ မွတ်စလင် ဘာသာဦးရေ မှာလည်း ၁၃% ရှိ သည်။  ခရစ်ယာန် ၂.၃%  ရှိသည်။ ဗုဒ္ဓဘာသာဝင် မှာ ၀.ဂ %  ခန့်ရှိသည်။ ဟိန္ဒူကြီးစိုးမှု ၀ါဒက ယနေ့အထိ ခေါင်း ဆောင်ကြီ်းများခေါင်းခဲနေရသော ပြဿနာဖြစ်သည်။ ဘာသာပြောင်းခြင်း၊ ပြန်ပြီး ဟိန္ဒူဘာသာ အဖြစ်ခံယူခြင်း စ သော လုပ်ငန်းတွေ မှာ ဟိန္ဒူဘက် က အသာရအောင် ဥပဒေကို ဆွဲချင်ကြသည်။  ၀န်ကြီးချုပ်သစ် မိုဒီသည် ထိုဘာသာရေး ပဋိပက္ခ များကို သဘောထား ကြီးကြီး  ရှုမြင်ပြီး သန်း ၁.၂ ထောင်မျှ ရှိသော လူဦးရေမှ ကုန်ထုတ်လုပ်မှု အကောင်းဆုံးဖြစ်ထွန်းစေရန် ကြိုးစားရမည်ဖြစ်၏။

IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့  မှ ခန့်မှန်းချက်အရ အိန္ဒိယ နိုင်ငံ၏ ဂျီဒီပီ  မှာ ၂.၀၄၇ ထရီလီယံဟု ခန့် မှန်းသည်။ Market  Exchange  Rate  အရကြည့်လျင် အိန္ဒိယနိုင်ငံ စီးပွားရေးမှာ ကမ္ဘာပေါ်၌ အဆင့်  ၁၁  လိုက်သည်။  ဂျီဒီပီ  အတိုးနှုန်း ရာနှုန်းဖြင့် ကြည့်သော် ကမ္ဘာပေါ်တွင် တိုးတက်မှု အမြန်ဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ယခင်က ဆို၇ှယ်လစ်သဘော တရားအရ (Protectionist ) ကာကွယ်မှုတွေ များသော စီးပွားရေးစံနစ်ဖြစ်သည်၊  စည်းကမ်း နည်းလမ်းတွေများပြီး အစိုးရက ပါဝင်ပတ်သက်မှု များသောကြောင့် လူအများ ညည်းညူနေကြသည်။    ၁၉၉၁ ခုနှစ်တွင် စီးပွားရေး အကြပ်အတည်းကြုံရမှုကြောင့် စီးပွားရေးကို ထိမ်းချုပ်မှု နည်းအောင် ( Liberalize) ထိမ်းချုပ်မှု များကိုလွှတ်ပေး   ရမည်ဟု သဘောပေါက်ခဲ့ကြသည်။

အိန္ဒိယ နိုင်ငံတွင် လုပ်သားပေါင်းသန်း ၄၀၀ မျှ ရှိရာ ကမ္ဘာတွင် ဒုတိယ အများဆုံးဖြစ်သည်၊ IT ပညာရှင်များ မှာ ၂.၈ သန်းခန့်ရှိပြီး  USD ၁၀၀  ဘီလီယံခန့်  ၀င်ငွေကို ဖန်တီးနိုင်သည်။ ဒုတိယ အကြီးဆုံးလုပ်ငန်းမှာ ဆေးဝါး ထုတ်လုပ် ခြင်းဖြစ်ပြီး  မကြာမီ  ဘီလီယံ ၅၀ ထိ ထုတ်လုပ်မည်ဟု ခန့် မှန်းကြသည်။  R &  D  ခေါ် သုသေသန လုပ်ငန်းများ ၌ ၆၀ % မြုတ် နှံကြသည်ဟု ခန့်မှန်းကြသည်။

ကျွန်တော်သည် ရက်သတ္တ ၂ ပတ် အတွင်း ဘီဟာနယ်တခုလုံးနှင့် ဒေလီမြို့၏ တပိုင်း တစကို မြင်ရသောကြောင့် အိန္ဒိယကို ပုံဖော်ရခြင်းသည် ပုဏ္ဏား တွေ ဆင်စမ်း သလို ဖြစ်ကောင်းးဖြစ်နေပါလိမ့်မည်။ စက်မှု တိုးတက်သော သိပံ္ပ ပညာတွင် ကမ္ဘာနှင့် ရင်ဘောင်တန်းနေသော အိန္ဒိယကိုမူ  တွေးဆ၍သာ ကြည့်နိုင်သည်။ ကျွန်တော်ကိုယ်တိုင် မတွေ့ မမြင်ခဲ့ရပါ။ နှစ်အနည်းငယ်အတွင်း အိန္ဒိယ တိုက်ငယ်တခုလုံး ချမ်းသာမှုတပြေးညီ ဖြစ်စေရန်မူ မစ္စတာမိုဒီက ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ရပါသည်၊

(၃)

အိန္ဒိယမှ ကျွန်တော်တို့ပြန်ရသောအခါ ကျွန်တော့်တွင် တွေးစရာလေးတွေ ပါလာလေသည်၊ ဘာသာအယူဝါဒ များစွာ စတင် ပေါ်ပေါက်ခဲ့သည်နိုင်ငံတွင် အဘယ့်ကြောင့် လူနေမှုအဆင့်အတန်းမှာ နိမ့်ကျ ချို့ငဲ့နေရပါသနည်းဟု ကျွန်တော် စဉ်းစားကြည့်မိသည်၊ လူဦးရေ မတန်တဆ များပြားခြင်း ဒီမိုကရေစီရေးရာကိစ္စများကြောင့် လူထုတရပ်လုံး ကောင်းစားရန် စီမံကိန်းများချမှတ်ရန်ခက်ခဲခြင်း၊ ခေါင်းဆောင်ကြီးများမှာ စီမံကိန်းများကို စိတ်တိုင်းကျ အကောင် အထည်မဖေါ်နိုင်ခြင်း ဘာသာရေးအယူဝါဒ ရှေ့တန်းတင်မှုများကြောင့် ညီညွတ်ရေးရရန် ခက်ခဲခြင်းများ အကြောင်း ကျွန်တော်တွေမိပါသည်၊

စင်္ကာပူက အပြန် ရန်ကုန်ရောက်တိုင်း  ကျွန်တော်သည် ရန်ကင်းမှ တောင်ဥက္ကလာ သို့သွားသောလမ်း ကိုသွား ရပါသည်၊  ထိုလမ်းမှာ ယဉ်တွေ၊ ကားတွေ၊ စက်ဘီးတွေ လမ်းသွားသူတွေနှင့် အလွန် ရှုပ်ထွေးသည်ဟု မှတ်မိနေခဲ့ ပါသည်၊ သည်တခေါက် အိန္ဒိယမှအပြန် ထိုနေရာများသို့ရောက်သော် ကျွန်တော့် စိတ်ထဲမှာ မြန်မာပြည်ကလမ်းတွေ အလွန်သန့်ရှင်းနေသည်၊ အမှိုက်သရိုက်တွေမရှိဘူးဟု သတိထားလိုက်မိပါသည်၊

Photo Credit – http://www.gocedric.com/images/newdehli_street.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်