ကျော်မောင် (တိုင်းတာရေး) – အတော်တုံးတဲ့ ငတုံးလေလား

February 21, 2015

Faces Of Spirals – Mary Lou
 
ကျော်မောင် (တိုင်းတာရေး) – အတော်တုံးတဲ့ ငတုံးလေလား
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅

ငယ်စဉ်က သချာင်္တွက်နေစဉ် လွယ်သောပုစ္ဆာကိုတောင် စဉ်းစားတာကြာနေပါက အပြောခံရသည်။ အဖေက ခေါင်းကို လက်သီးဆုပ်ဖြင့် ထိုးပြီး ပြောခြင်းဖြစ်သည်။ ငတုံးလေး ဒါလေးတောင် မတွက်တတ်ဘူး၊ တော်တော်တုံးတဲ့ကောင်။ အမေက အဖေ့ကို ပြောသည်။ ကလေးတွေကို ငတုံးဟု ခဏခဏပြောလျှင် တကယ် ငတုံးဖြစ်သွားမည်တဲ့။ ငတုံးဆိုတာ အဖြစ်မခံနိုင်သောကြောင့် သချာင်္ကို ဖိတွက်သည်။ အလီတွေ အခေါက်ခေါက်ဆိုသည်။ စာရွက်ကြမ်းတွေ၊ လျှောက်လွှာစာ ရွက်တဖက်လွတ်တွေမှာ ပုစ္ဆာတွေ တွက်ထားတာ ပြည့်သွားသည်အထိ။

စတုတ္ထတန်း လပတ်စာမေးပွဲတွင် သချာင်္မေးခွန်းဖြေအပြီး အိမ်တွင် အဖြေပြန်တိုက်သည်။ တပုဒ်မှာ အဖြေမှန်က (၄၅) ရရမည်။ သို့သော် (၄၄.၅) ရနေသည်။ စာသင်ခန်းထဲရှိ ကျောင်းသူကျောင်းသားများကို ခဲတံဝေရမည့် ပုစ္ဆာဖြစ်သည်။ အလီခေါ်မှားပြီး (၄၄.၅) ရတာ ဖြစ်သည်။ ခဲတံချိုးပြီး ဝေလိုက်တာများလားဟု အိမ်သားများမှ ထောပနာပြုခြင်း ခံရသည်။ အဖေကတော့ သူပြောနေကြအတိုင်း ပြုံးပြုံးလေး ပြောသည်။ ငတုံးလေးတဲ့။

ပဉ္စမတန်းကတည်းက မြန်မာနိုင်ငံမြေပုံတွေ တောက်လျှောက်ဆွဲလာခဲ့ရသည်။ မြန်မာ့မြေပေါ်တွင် သယံဇာတတွေက ပေါမှပေါ။ မြစ်ချောင်းအင်းအိုင်တွေကလည်း များမှများ။ သို့သော် မြစ်တွေ ကောကုန်တော့မည်၊ တောင်တွေ တုံးကုန်တော့ မည်၊ တောတွေ ပြုန်းကုန်တော့မည်၊ ဒါတွေ မသိ။ သင်ရိုးထဲမှာ မြစ်တွေ ချောင်းတွေ တောတွေ တောင်တွေ အင်းတွေ အိုင်တွေက ရှိနေဆဲ။ တုံးကုန်တာကို မသိသော ငတုံးလေး ဖြစ်ခဲ့သည်။ တုံးကုန်တော့မည်၊ ဒါတွေကို ဘယ်လို ကာကွယ်ကြ မည်ဆိုတာမျိုးတွေ မသင်ခဲ့ရ မလေ့လာခဲ့ရ မသိခဲ့ရတာလည်း တကြောင်းဖြစ်ပေမည်။

သတ္တမတန်းမှာ အတန်းပိုင်ဆရာမက ပထ၀ီဝင်သင်သော ဆရာမဖြစ်သည်။ သူက စာမသင်ခင် စာမေးလေ့ရှိသည်။ သင်ခဲ့သောစာကို ပြန်စစ်တာဖြစ်သည်။ စစ်ပုံမှာ တယောက်ချင်းစီ ဆိုခိုင်းခြင်းဖြစ်သည်။ မရလျှင် ကျောပြင်ကို ဗြောတင်သော ဆရာမဖြစ်သည်။ သူငယ်ချင်း သုံးယောက်က ရှေ့ဆုံးမှရေသော် လေးတန်းမြောက် အတန်းတွင် ထိုင်ကြသည်။ ပထမဆုံး အတန်းမှ စတင်စစ်လာသည်။ တရက်ပြီးသွားသည်။ နှစ်တန်းကျန်သည်။ လူနှင့်ပြောပါက ခြောက်ယောက်ကျန် သည်။ တွက်လိုက်သည်။ ဆရာမက တနေ့တွင် တတန်းပဲ စစ်နိုင်သည်။ အခုက အလှည့်ရောက်ဖို့ နှစ်တန်းတောင် ကျန်သေးသည်။ စာမကျက်သွားဘဲ ကျောင်းသို့သွားသည်။ ထိုနေ့မှာမှ ပထ၀ီဝင်က ဦးဆုံးအချိန်ဖြစ်သည်။ ရှေ့နှစ်တန်းက အတန်းဖော် သူငယ်ချင်းများက ကျောင်းတက်နောက်ကျလေ့ရှိသည်။ ထို့ကြောင့် အေးအေးလူလူ ရှိသည်။

ကျောင်းတက်ခေါင်းလောင်းတီးသံကြား၊ ဘုရားရှိခိုးအပြီးတွင် အတန်းထဲသို့ ဆရာမ ၀င်လာပြီး စာစစ်ပါတော့သည်။ ဒီတော့မှသိသည်။ ရှေ့နှစ်တန်းမှ ပုဂ္ဂိုလ်များ ကျောင်းပြေးကြသည်ကိုး။ ဆရာမက “ကဲ စာဆို” ဆိုတော့ ခေါင်းခါပြလိုက်သည်။ လက်ကလေးလည်း ပိုက်လို့ဖြစ်သည်။ နောက်တယောက်လည်း မရ။ သုံးယောက်မြောက် သူငယ်ချင်းကလည်း မရ။ အကုန်လုံး ဗြောတင်ခံလိုက်ရသည်။ နာလည်းနာသည်။ စာမရလို့ အရိုက်ခံရတာ တခါမှ မကြုံဖူးဘူးကိုး။ တွက်ကိန်းလွဲလို့ ကိုယ့်ကိုယ်ကို ငတုံးပဲဟု သတ်မှတ်ဖြစ်လိုက်ပြန်တာက ပိုနာသည်။ ဟိုနှစ်ယောက်ကို မေးကြည့်တော့ သူတို့လည်း ကိုယ့်လိုပင် တွက်ကိန်းမှားသွားသည်ဟု မချိတင်ကဲပြောသည်။ ဒီလိုဆိုတော့ ငတုံးချင်း အဖော်ရသွားသည်။ ငတုံးသုံး ကောင်။ နောက်ပိုင်းတွင် ကျက်ရ ဖတ်ရ မှတ်ရမည်ဆိုလျှင် အကြွေးမထားတတ်တော့ပေ။ ပထ၀ီဝင်ပြ ဆရာမကို ကျေးဇူး တင်မိသည်။

အဌမတန်းတွင် အထွေထွေသိပ္ပံသင်ရသည်။ သိပ္ပံဆရာမ စာစစ်ပုံမှာ သူ့ဆီတွင် စာရသူက သွားဆို။ ဦးစွာ ဆိုနိုင်သူ ငါးယောက်က ကျန်အတန်းဖော်များကို စာမေးခွင့်ရသည်။ စာကျက်သူဖြစ်တော့ ဆရာမက ကဲ လာဆိုကြဆိုတာနဲ့ အရင်ဆိုခဲ့သူဖြစ်သည်။ တနေ့တွင် စာက မရ။ ဆရာမကခေါ်ပြီ “လာဆိုကြ၊ စာရတဲ့သူ လာဆိုကြ” ။ ပြောတာကလည်း ဒီကောင့်မျက်နှာကြည့်ပြီးပြောသည်။ ဒီမှာက စာမရသေး။ ကဲ ဘာပဲဖြစ်ဖြစ် ဆိုမည် ဆိုပြီး ထကာ စာသွားဆိုသည်။ စာမရတော့ အမြန်ဆိုသည်။ ၀ါးချသည်။ ဆရာမ အရိပ်အချည် ကြည့်သော် ဘာမှမပြော။ ပိုင်ပါ့။ (ဆရာမနှင့် ပြန်ဆုံလျှင် ဒီအဖြစ် အပျက်လေးပြောပြီး တောင်းပန်စကားဆိုရပေဦးမည်) “ကဲ တခြားသူတွေကို သွားစစ်တော့။ ရော့ ကိုယ့်စာအုပ် ကိုယ်ပြန်ယူ သွား၊ စာအုပ်ကြည့်စစ်၊ သေသေချာချာစစ်နော်” ဟု မှာသည်။ ပျော်သွားသည်။ အတော်တော်တဲ့ငါပါ လား။ နောက်ပိုင်းလည်း စာမကျက်ခဲ့သော နေ့တွင် စာအမြန်ဆိုသည်။ ပြီးတော့ မှတ်စုစာအုပ်လေးကိုင်ကာ တခြားသူများကို အားပါးတရ စစ်တော့သည်။

တလောကမှ တွေးမိသည်။ ကိုယ့်ကိုယ်ကို လည်လှပြီ အောက်မေ့ခဲ့သည်။ တကယ်တော့ ငတုံးဖြစ်ခဲ့ပါကလား။ ဆရာမက မသိမဟုတ်၊ သိကို သိနိုင်သည်။ ထို့ကြောင့် စာစစ်လျှင် စာအုပ်ကြည့်စစ်ဖို့ မှာတာဖြစ်သည်။ သူများကို စာစစ်ရင်း မရသေးတာတွေ ထိုအခါမှ ရသွားသည်။ အတန်းသား အကုန်ဆိုပြီးချိန် သို့မဟုတ် စာသင်ချိန် ကုန်ဆုံးချိန်မှ စာစစ်ရတာ ပြီးသည်။ ဆယ်ယောက်လာဆိုလျှင် စာကို ဆယ်ခေါက်ပြန်ကျက်ရသလို ဖြစ်သွားသည်။ မတ်တပ်ရပ်ပြီး အညောင်းခံထိကာ စာစစ်နေချိန်တွင် အတန်းဖော်သူငယ်ချင်းများက စာသင်ခုံတွေမှာ ထိုင်လျှက် တိုးတိုးတိတ်တိတ် ကစားသူ ကစား၊ အိမ်စာလုပ်သူလုပ်ဖြင့်။ ငတုံး ငတုံးဟု ကိုယ့်ဘာသာကိုယ် အားပါးတရခေါ်လိုက်ပါတော့သည်။

“ကန့်လန့်ကာ” ကို “ကလဂါ” ဟု အသံထွက်မှန်း မသိ။ စာလုံးပေါင်းအတိုင်းသာ အသံထွက်သည်။ ကန့်လန့်ကြီး ကာထားတော့ ကန့်လန့်ကာ ဟုမှတ်ခဲ့သည်။ မှတ်သားထားသည်က မှန်သည်။ အသံထွက်က တလွဲ။ တခေါက်တွင် အသံထွက် ဖတ်ရာမှ “ ငတုံးလေး အဲဒါ ကလဂါ လို့ အသံထွက်သကွ” ဟု ပြောကာပြင်ပေးကြသည်။ “ထန်းလျက်”လည်း ထိုနည်းတူပင်။ “ထညက်” မှန်း မသိ။ “ထန်းလျက်” ဟုသာ ရေးထားသည့်အတိုင်း ဖတ်သည်။ အတော်တုံးသကိုး။ ဒါကြောင့်ပင် လူကြီးသူမတွေက စာဖတ်လျှင် အသံထွက်ဖတ်လို့ ပြောတာဖြစ်မည်။

ကိုလိုနီခေတ်တုန်းက နယ်ပိုင် ၀န်ထောက်မင်းတယောက် ပုသိမ်ဖက်သို့ မော်တော်ဖြင့်အသွား မြစ်ပြင်ကျယ် မြစ်ဆုံတနေရာတွင် မော်တော်မှ ပန်ကာ ရေအောက်သို့ ပြုတ်ကျသွားခဲ့သည်။ ရေငုပ်ရှာနိုင်သူကို စုံစမ်းရာမှ လူတယောက်ရသည်။ သူငုပ်ရှာရာ ပြန်တွေ့သည်။ ပန်ကာတန်ဖိုးအလွန်ကြီးသောကြောင့် အလိုရှိရာ ပြောပါ မေးသည်တွင် တောသူတောင်သား ရိုးသားသောကြောင့် ဘာမှမတောင်းဆို။ ၀န်ထောက်မင်းက အ၀တ်အစားများ ထုပ်ထားသော အ၀တ်ထုပ်ကြီးတထုပ် ဆုချလိုက်လေသည်။ ရွာသို့ အ၀တ်ထုပ်ထမ်းပြီး ပျော်ပျော်ကြီး ပြန်သွားသည်။ အတော်တုံးတာပဲဟု ရွာက လူများမပြောရဲကြ။ မပြောရက်ကြတာလည်း ဖြစ်ပေမည်။ ထိုသူမှာ ဆွေမျိုးနီးစပ်တော်သူဟု လူကြီးမိဘတွေ ပြောဖူးသည်။ ဒါကြောင့်ပင် ဒီကောင်လည်း ငယ်ငယ်ကတည်းက အခုအထိ တုံးနေဆဲဟု မဆီမဆိုင်တွေးကြည့်သည်။

ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့ဟု ဆိုသည်။ မှန်သော သမိုင်းကို သိဖို့လိုပြန်သည်။ ဖျောက်ထားသော သမိုင်းတွေကို ပြန်ဖော်ဖို့လိုသည်။

ရွဲကုန်သည်ဇာတ်ထဲမှ မိုက်သော ရွဲကုန်သည် သည် စိတ်ထားမကောင်းသော်လည်း ရွှေခွက်ကို ရွှေခွက်မှန်းသိသည်။ မြေးအဘွားနှစ်ယောက်မှာကား ရွှေခွက်မှန်းပင် မသိအောင် တုံးခဲ့ကြသည်ဟု စာရေးဆရာတစ်ဦးမှ ဝေဖန်ခဲ့ဖူးသည်။ “မသိသူကျော်သွား သိသူဖော်စား” ဆိုသည်တွင် မသိသူကား ငတုံးပင်။

“ဥာဏ်ဆိုတာ သုံးပေးနေရတယ်၊ မသုံးရင် တုံးသွားတတ်တယ်” လို့ ပြောစမှတ်ရှိသည်။ ဘယ်လိုသုံးရမည် မသိတာကိုလည်း တုံးသောစာရင်းတွင် ထည့်သင့်ပေသည်။

လေ့ကျင့်ခန်းစာအုပ်တွင် ဘေးမျဉ်းသားရန်နှင့် ပုံများဆွဲရန် ခဲတံဆောင်လေ့ရှိသည်။ ခဲတံကို အမြဲ ချွန်ထားသည်။ အတုံးမခံ။ တယောက်ယောက်က “ ဟေ့ မင်းခဲတံ တုံးနေတယ်” ဟု ပြောသည်ရှိသော် အမြန်ချွန်လေသည်။ တုံးမှာကို အဖြစ်မခံ။

မွေးရပ်မြေကို နွေကျောင်းပိတ်ရက်တိုင်း ဦးလေးတယောက်ယောက်က လိုက်ပို့သည်။ မွေးရပ်မြေမှ ကစားဖော်များက ဒီကောင့်ကို ရန်ကုန်မှလာသောကြောင့် ရန်ကုန်သားဟု ခေါ်သည်။ ရန်ကုန်သားနှင့် ဂျင်ပေါက်ကစားကြသည့်အခါ ရန်ကုန် သားကိုင်သည့် ဂျင်ကို တအံ့တသြကိုင်ကြည့်ကြသည်။ ဂျင်လုံးက သူ့တို့ဂျင်လိုပင် သစ်သားလုံးဖြစ်သည်။ သို့သော် ဂျင်တွင်ပါသော သံက အချွန်ဖြစ်သည်။ မူရင်းချွန်သည်ကို ပိုချွန်အောင် ကျောက်ပြားနှင့်တိုက်ကာ ထပ်သွေးထားသည်။ သူ့တို့ဂျင်တွေအားလုံးလိုလို ဂျင်တွင်တပ်ထားသောသံက မချွန်၊ တူဖြင့်ထုကာ တမင်ပြားထားကြသည်။ သူတို့ကလည်း ထိုအပြားကို ချွန်ထက်နေအောင် သွေးထားကြသည်။

“မင်းရဲ့ဂျင်က သံကို ဘာကြောင့်ချွန်ထားတာလည်’’ ဟု မေးကြသော် “ချွန်တော့ မတုံးဘူးပေါ့ကွ ၊ ပြီးတော့ ၀ိုင်းထဲက အပေါက်ခံရတဲ့ဂျင်ကို ထိအောင်ပေါက်တဲ့အခါ အဲဒီဂျင်ရဲ့ သစ်သားမှာ အပေါက်ရာတွေထင်သွားတာပေါ့’’ ဟု ရန်ကုန်လေသံဖြင့် ဖြေသည်။ သူငယ်ချင်းများက ဘာမှမပြော၊ ကဲ ဂျင်ပေါက်တမ်း ကစားမယ်ဟေ့ဆိုကာ ကစားကြသည်။ စည်းဝိုင်းထဲ ခံရသောအလှည့်တွင် နယ်ခံဂျင်သမားများ၏ ဂျင်သံပြားပြားများ အစွမ်းကြောင့် ရန်ကုန်သားဂျင် ဟက်တက် ကွဲသည်။ ဂျင်ကွဲကို ကောက်ပြီး အဘအား ပြသည်။ အဘဆိုတာ အမေရဲ့အဖေ။ အဘက “ချွန်တိုင်းလည်း ကောင်းတာ မဟုတ်ဘူးကွ၊ မင်းရဲ့ဂျင်မှာ သံခGျန်တာက ဟိုကောင်တွေဂျင် အပေါက်ဖြစ်ရုံလောက်ပဲ။ မင်းရဲ့ဂျင်သာ ကွဲတာ။ မင်းက ငတုံးပဲ” လို့ မှတ်ချက်ပေးသည်။ ဂျင်လုံးတွေ အပေါက်ပေါက်အောင်သာ ပေါက်နိုင်သော ရန်ကုန်စတိုင်ကို ဂျင်သား ကွဲအောင် ခွဲနိုင်သော နယ်စတိုင်က အနိုင်ယူသွားသည်။ မတုံးချင်သော ငတုံး သင်ခန်းစာရလိုက်သည်။

စစ်တုရင် ကစားစဉ်က နာမည်ရသည်။ အိမ်နား ရပ်ကွက်နားတ၀ိုက် လှည့်ပတ်ကစားသည်။ သင်ပေးသောဆရာတွေက အဖေနှင့် ဦးလေးတွေ ဖြစ်သည်။ စစ်တုရင်စာအုပ်တွေဖတ်သည်။ ဟိုလူ ဒီလူနှင့် ကစားသည်။ ကစားတိုင်းနိုင်သည်။ ထိုတွင် မာန်က တက်တော့သည်။

တနေ့ အိမ်နီးနားချင်း ကားပွဲစားကြီးတယောက်နှင့် ကစားဖြစ်သည်။ သူက အရပ်ထဲသို့ ပြောင်းလာတာ မကြာသေး။ နှစ်ပွဲကစား နှစ်ပွဲရှုံးသည်။ တပွဲလောက် ထပ်ကစားဦးမယ် ပြောကာ ကစားသည်။ မနိုင်၊ ရှုံးပြန်သည်။ မကျေမနပ်ဖြစ်ပြီး နောက်ဆုံးတပွဲဟု ဆိုကာ ထပ်ကစားသည်။ အကြီးအကျယ် ရှုံးပြန်သည်။ မေးသည်။

“ဦးလေး စာအုပ်ဖတ်လား” “ဘာစာအုပ်လည်း” ဟု ပြန်မေးသည်။ “စစ်တုရင် စာအုပ်တွေဗျ” “ဖတ်ပါဘူးကွာ ဒီလိုပဲ ထိုးနေတာ” ။ တနေ့လုံး အဖြေစဉ်းစားမရ။ စာအုပ်မဖတ်ဘဲနှင့် သူဘယ်လိုကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သနည်း။ လူကြီးတွေပဲ မေးရသည်။ “ စစ်တုရင် စာအုပ်မဖတ်ပေမယ့် သူက အတွေ့အကြုံရှိတယ်ကွ။ ပွဲစားတန်းမှာ ထိုးနေတာဖြစ်မယ်။ မင်းက အတွေ့အကြုံလိုတယ်။ များများထိုး”။ ငတုံးလေး တယောက် ထိုအခါမှ နားလည်သွားသည်။

လူတို့တွင် တုံးခြင်း၏ ဆန့်ကျင်ဘက်မှာ လည်ခြင်းဟု ဆိုသော် သင့်မည် ထင်ပါသည်။ လူရည်ချွန်ထက် လူရည်လည်ဖို့လို သည်။ ငတုံးမဖြစ်ဘဲ ငလည်တွေဖြစ်ဖို့လိုသည်။ အရာရာကို လူတိုင်းမသိနိုင်။ သို့သော် သိထားသင့်သည်များကို သိသင့်ပေသည်။ လူ့လောကတွင် နေထိုင်ရန် လည်လည်ဝယ်ဝယ်ရှိရပေမည်။ ယခင်က တုံးလျှင်တုံးခဲ့ပါ၊ အခု မတုံးတော့ဖို့လိုသည်။ မတုံးအောင် စာအမြဲတမ်း ဖတ်ကြဖို့လိုသည်။ အင်တာနက်ခေတ်တွင် အတွေးအခေါ်တွေ နောက်မကျ ဖို့လိုသည်။ တတ်သိနားလည်သူများနှင့် မေးမြန်းဆွေးနွေးနေဖို့လိုသည်။ ကိုယ်တိုင် လေ့လာလေ့ကျင့် နေဖို့လိုသည်။ မသိသေးသည်ကို မရှက်မကြောက်မေးတတ်ဖို့လိုသည်။ သိပြီးသားတွေကို ပြန်လည်ဆန်းစစ်ဖို့လိုသည်။ သို့မှသာ လူရည်လည်များ ဖြစ်လာပေမည်။

ငတုံးငအ ဖြစ်ခြင်းသည် မည်သည့်အခါမှ မကောင်း။ ငတုံးဟု အပြောခံရလျှင် သိစရာ တတ်စရာတွေ ကျန်နေသေးကြောင်း နားလည်ရပေမည်။

နိုင်ငံတနိုင်ငံတွင် လူလည်များ ပေါများလာပါမှ ထိုနိုင်ငံတိုးတက်မည် ဖြစ်ပါကြောင်း ။   ။

ကျော်မောင် (တိုင်းတာရေး)
၂၁ ဖေဖေါ်ဝါရီ၊ ၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်