အိမ့်ခိုင်ဦး – ကျည်ဆန်ကြားက သတင်းသမား

February 22, 2015

 

အိမ့်ခိုင်ဦး – ကျည်ဆန်ကြားက သတင်းသမား

( မိုးမခမဂ္ဂဇင်း ဖေဖော်ဝါရီထုတ်) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅

(သတင်းသမားတွေအတွက် လုံခြုံရေး သတိပေးခေါင်းလောင်းသံ )

[ဤဆောင်းပါးကို ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှ စာနယ်ဇင်းမဟာမိတ်အဖွဲ့ (SEAPA Fellowship Preogram 2014 ) အတွက် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ကာ ရေးသားထားခြင်း ဖြစ်သည်။ ဆောင်းပါးရှင် မအိမ့်ခိုင်ဦးသည် မြန်မာသတင်းထောက်တစ်ဦး ဖြစ်ပြီး ဗွီအိုအေ သတင်းဌာန (မြန်မာပိုင်း) အတွက် မြန်မာ့မီဒီယာသုံးသပ်ချက် အစီအစဉ် တင်ဆက်နေသူလည်း ဖြစ်သည်။ ယခုနှစ်အတွက် အဓိကအကြောင်းအရာအဖြစ် ဖိလစ်ပိုင်နိုင်ငံမှ စာနယ်ဇင်းသမားများ သတ်ဖြတ်ခံရမှုအပေါ် အပြစ်ပေးအရေးယူနိုင်ခြင်း မရှိသည်ကို ဒေသတစ်ဝန်း နားလည်မှုမြှင့်တင်ရေး ဖြစ်သည်။ မြန်မာဘာသာသို့ ကိုအေးခိုင်မှ ပြန်ဆိုပေးခဲ့ပါသည်။]

ကီဒါပါဝမ် ၊ဖိလစ်ပိုင်နိုင်ငံ (KIDAPAWAN, Philippines)   ၂၀၀၄ ခုနှစ်တုန်းက အသံလွှင့်ဌာန သတင်းထောက်တစ်ယောက်ဖြစ်သည့် မာလူမာနာက ခေါင်းပေါ်မှာ ပုဝါတစ်ထည်ကို စည်းနှောင်လိုက်ပြီး ကိုတာဘာတိုမြို့နှံ့အောင် သူမနောက်က တကောက်ကောက်လိုက်နေသည့် သေနတ်သမားတွေကို လမ်းစဖျောက်ဖို့ ရုပ်ဖျက်ခဲ့ရသည်။ 

ထိုနှစ်က ရွေးကောက်ပွဲကျင်းပသည့် နှစ်တစ်ခုဖြစ်ခဲ့သည့်အပြင် သူမ၏ သတင်းပေးပို့ချက်များကြောင့် နိုင်ငံရေးသမားများမှာ စိတ်ငြိုငြင်သည့်အပြင် ဒေါသပါ ထွက်ကုန်ကြသည်။ ပထမတော့ သူမ၏ ဖုန်းသို့ သတ်မည်ဖြတ်မည်ဟူသော ခြိမ်းခြောက်စာတွေ ပို့သည်။ သည့်နောက်မှာတော့ အဖြူရောင်ဗင်ကားလေးဖြင့် လက်နက်ကိုင် လူတစ်စုက သူမနောက်က တကောက်ကောက် လိုက်လေတော့သည်။ 

“ကျမ ဘယ်သွားသွား သူတို့ကို တွေ့နေရတော့ သူတို့ ကျမနောက်က လိုက်နေကြပြီဆိုတာ ကျမသိလိုက်တယ်။ ကျမ ဘုရားကျောင်းကန်သွားရင်လည်း သူတို့ကို တွေ့တာပဲ။ ရုံးမှာလည်း တွေ့ပြန်တာပဲ” ဟု လက်ရှိမှာ  DXND-NDBC  ရေဒီယို၏ သတင်းနှင့် မျက်မှောက်ရေးရာဌာန အကြီးအကဲအဖြစ် ဆောင်ရွက်နေသော မာနာက ပြန်လည်ဖွင့်ဟသည်။ 

အကယ်၍ သူမကို မသတ်လျှင်သော်မှ အနှောက်ယှက်ဖြစ်စေသည့် လူများကို ရှောင်ရှားလွန်မြောက်နိုင်ဖို့ သူမကြိုးစားခဲ့သည်။ 

“ကျမ မျက်မှန်ကလွဲလို့ ၀တ်ပုံစားပုံကို ပြင်တယ်။ မျက်မှန်မပါရင်လည်း မြင်မှ မမြင်ရဘဲ။ ပြီးတော့ ခေါင်းမြီးခြုံတယ်။ အင်္ကျီ အရှည်တွေ ၀တ်တယ်။ ကျမကလေး နှစ်ယောက်ကိုပါ သူတို့ရဲ့ ၀တ်ပုံစားပုံတွေ ပြောင်းပေးလိုက်ရတယ်” ဟု သူမက ဆက်ပြောသည်။ 

သူမအသက်အန္တရာယ်ရှိနေပြီ ဆိုသည်ကို သိပြီးနောက် မာနာ၏ ရုံးက သူမကို ကီတာဘာတိုမြို့မှ ၁၂၀ ကီလိုမီတာခန့် ဝေးသည့် ကီဒါပါဝန်မြို့ရှိ သတင်းဌာနသို့ ဘေးဆီးရန်ကာ ပြောင်းရွှေ့စေခဲ့သည်။ 

ထိုအချိန်မှစ၍ ယခုထိ ဆယ်နှစ်ကျော် ကြာခဲ့သည့်တိုင် အလားတူ ခြိမ်းခြောက်အကြမ်းဖက်မှုတွေက ဆက်ရှိနေဆဲ ဖြစ်သည်။ 

မာနာတို့ မိသားစုကို ၂၀၀၄ ခုနှစ်တွင် ပြောင်းရွှေ့စေခဲ့သလိုပင် အထူးသဖြင့် ပြည်နယ်များမှာ လှုပ်ရှားဆောင်ရွက်နေကြသည့် စာနယ်ဇင်းသမားများသည် အလားတူခြိမ်းခြောက်မှုများကို ကြုံတွေ့ကြရလျက်ရှိသည်။ စာနယ်ဇင်းသမားများအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုများသည် ရပ်တန့်သွားသည်ဟု မရှိ၊ အနှောင့်အယှက်ပေး ဒုက္ခပေးသူများကလည်း အပြစ်ပေး ဒဏ်တပ်မခံရဘဲ လူအများအပေါ် လွှမ်းမိုးနိုင်သူများ၊ ဓနအင်အားကြီးမားသူများက ဥပဒေပြင်ပမှနည်းများဖြင့် ထင်ရာစိုင်းနေခြင်းကို အားပေးအားမြှောက်ပြုရာကျကာ ဝေဖန်မှုသံများကို တိတ်စေသည့်ပြင် စာနယ်ဇင်းသမားများကို ထိုးစစ်ဆင်လာတော့သည်။ 

တစ်ချိန်တည်းတွင် သူတို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုများက ပိုမိုရဲတင်းလာပြီး ခြိမ်းခြောက်မှုများ၊ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများထိ ဦးတည်လာသည်။ အထူးသဖြင့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် မာဂွင်ဒါနို၌ ဖြစ်ပွားခဲ့သည့် ရက်စက်စွာ သတ်ဖြတ်မှုကြောင့် စာနယ်ဇင်းသမား ၃၂ ဦးအပါအ၀င် လူ ၅၈ ဦး သေဆုံးခဲ့ရသည်။

ယခင်ကတော့ စာနယ်ဇင်းသမားများအတွက် အခြေအနေတွေ အေးဆေးငြိမ်သက်သွားသည့်ထိ တစ်နေရာမှာ ပုန်းအောင်းနေ၊ သို့တည်းမဟုတ် မာနာလိုပဲ သေနတ်သမားတွေ မမှတ်မိတော့အောင် ရုပ်ဖျက်နေလိုက်လျင် ရသည်။ သည်နေ့ခေတ်မှာတော့ လုံခြုံဖို့အတွက် ကိုယ်တိုင်လည်း သေနတ်ဆောင်ဖို့ လိုလာသည်။ 

၂၀၀၉ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများစွာ သတ်ဖြတ်ခံခဲ့ရသည့် ကြောက်စရာ ရက်စက်မှုကြီးမတိုင်မီကပင် သေနတ်လိုင်စင် ကိုင်ဆောင်ထားခဲ့သည့် ဖိလစ်ပိုင်ဒေးလီး အင်ကွိုင်ရာ သတင်းစာမှ  ၀ါရင့်သတင်းထောက်တစ်ဦးဖြစ်သူ အာခိလိဇိုနီရိုကတော့ “ဒီနိုင်ငံမှာ အသက်အန္တရာယ်ကို တစ်ခါလောက် ခြိမ်းခြောက်ခံရဖူးတာနဲ့ ကိုယ့်တစ်ဘ၀လုံးစာ အဲဒီခြောက်လှန့်မှုကြီး အောက်မှာ နေရမယ်လို့သာ တွေးထားပေတော့” ဟု ဆိုသည်။

“ကိုယ့်အကာအကွယ်ကို ဘယ်တော့မှ မလျှော့မိစေနဲ့။ ဒါကြောင့်မို့ ကျွန်တော်က လှည့်ကြည့်လှည့်ကြည့်နဲ့ သွားနေရတာပဲ” ဟု တောင်ပိုင်းပြည်နယ်များတွင် တရားမ၀င် သတ္တုတူးဖော်ခြင်း၊ သစ်ခိုးခုတ်ခြင်းများအား ဖော်ထုတ်ခဲ့သည့် အဆိုပါ ၀ါရင့် သတင်းထောက်က ဆိုသည်။ 

“လုံခြုံတယ်ဆိုတဲ့ စိတ်ခံစားချက်က စိတ်ချလက်ချနေပေတော့ ဆိုတာမျိုး မဟုတ်ဘူး။ အမြဲတမ်း လုံခြုံရေးအတွက် သတိရှိနေရတယ်။ လုံခြုံမှုအတိုင်းအတာနဲ့ ပတ်သက်လို့ စိတ်ထဲမှာ အမြဲထားရတယ်” ဟု မင်ဒါနာအို စာစောင်မှ သတင်းထောက်တဦး ဂျိုးဆက်ဂျူဘီလက်ကလည်း သူ့အတွေ့အကြုံအရ ရင်ဖွင့်ခဲ့သည်။  

အာခိလိ နှင့် ဂျူဘီလက်တို့ နှစ်ဦးလုံး လွန်ခဲ့သည့် ငါးနှစ်က ရက်စက်သည့် သတ်ဖြတ်ပွဲမှ လွတ်မြောက်ခဲ့ကြသူများ ဖြစ်သည်။ မူလကတော့ သူတို့သည် ထိုစဉ်က ဘူလူယန် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှ လက်ထောက် အုပ်ချုပ်ရေးမှူးလောင်း အက်စ်မေးလ်မန်ဂူဒါဒါတူနှင့် ပတ်သက်သည့် သတင်းရယူရန် လိုက်သွားခဲ့ကြသည့် အုပ်စုထဲတွင် ပါဝင်ခဲ့သည်။ လူအုပ်စုထဲမှ သူတို့ပြတ်ကျန်ခဲ့ပြီးနောက် လိုက်မသွားတာကမှ ကောင်းလိမ့်မည်ဟု စိတ်ထဲတွင် ဖြစ်လာခဲ့သည်။ ထိုစိတ်ကူးပြောင်းသွားသည်ကပင် သူတို့အသက်ချမ်းသာခွင့် ရခဲ့သည်။ 

လုံခြုံရေးအသိ သတိပေးခေါင်းလောင်းသံ 

နိုင်ငံတကာ သတင်းအေဂျင်စီများနှင့် ကွန်ရက်များအတွက် အီရတ် သို့မဟုတ် ဆီးရီးယားကဲ့သို့ စစ်ကြောင့် ဖရိုဖရဲ ဖြစ်လျက်ရှိသည့် နိုင်ငံများတွင် သတင်းလိုက်ရန် လုံခြုံရေးသင်တန်းများကို သတင်းထောက်များက တက်ရောက်ကြရမည်ဟု စံသတ်မှတ်ချက် တစ်ခုအဖြစ် သတ်မှတ်ထားသည်။ 

သို့တိုင် နိုင်ငံတစ်ဝန်း ကွန်မြူနစ်တို့၏ ထကြွသောင်းကျန်းမှုများနှင့် မွတ်ဆလင်တို့၏ ပုန်ကန်မှုများကြောင့် မီဒီယာသမားများ၏ လုံခြုံရေး ခြိမ်းခြောက်ခံနေရသော ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများတွင်မူ ထိုသို့သတ်မှတ်ချက်မျိုး ရှိဖို့ ခဲယဉ်းသည်။

မာဂွင်ဒါနို လူသတ်ပွဲကတော့ ကွင်းဆင်းနေရသော မီဒီယာသမားများကိုသာမက အလုပ်စားပွဲနှင့် ခွဲစရာမလိုသည့် အယ်ဒီတာများ၊  ထုတ်ဝေသူများ၏ မျက်လုံးအစုံတို့ကိုပါ ပွင့်စေခဲ့လေသည်။ ရံဖန်ရံခါသာ ရရှိသည့် အခွင့်အရေးတစ်ခု အဖြစ်သာ ရှုမြင်ထားကြသည့်တိုင် စာနယ်ဇင်းသမားများ၏ လုံခြုံရေးသည် အရေးထားစိုးရိမ်စရာ ဦးစားပေးစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ဖိလစ်ပိုင်တွင် စာနယ်ဇင်းသမားများအတွက် ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေသည်ကြောင့်ပင် အချို့သော မီဒီယာ ကုမ္ပဏီများသည် သူတို့၏ နယ်သတင်းထောက်များ၊ သို့တည်းမဟုတ် ပဋိပက္ခဖြစ်ပွားသည့် နယ်မြေဒေသများတွင် သတင်းလိုက်ရန် တာဝန်ကျသည့် သတင်းထောက်များအတွက် လုံခြုံရေးမိတ်ဆက်သင်တန်းများ၊ လေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သတိထားမိလာကြသည်။ 

မနီလာစာစဉ်အတွက် ရေးသားလျက်ရှိသော ဂျူဘီလက်က ပဋိပက္ခဖြစ်ပွားရာ ဒေသတစ်ခုသို့ သွားရောက်ရန်အတွက် မသွားမီထဲကပင် ဒေသအခြေအနေကို စေ့ငုပြီးမှ ရှေ့ဆက်ဘာလုပ်ရမည်ကို ဆုံးဖြတ်ကြောင်း ပြောသည်။ သူက ဒေသအခြေအနေကို ဒေသခံနှင့် စစ်ဘက် အာဏာပိုင်များထံမှ မေးမြန်းလေ့ရှိသည်။ 

“ကိုယ့်တစ်ကိုယ်ရည်လုံခြုံမှုအတွက် အထူးအလေးထားရတာကတော့ သေချာသလားမမေးနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေလို သတင်းထောက်တွေအနေနဲ့ လုံခြုံရေးဆိုတာ ကိုယ်တိုင်အလေးထားရမယ့် ကိစ္စတစ်ခု ဖြစ်နေတာပဲလေ။ ကိုယ့်လုံခြုံရေးအတွက် တခြားသူတွေမှာ တာဝန်ရှိပါတယ်လို့ ပြောလို့မရဘူး။ ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်ကပဲ ဂရုစိုက်ရမှာ” ဟု လုံခြုံရေးသင်တန်းများ တက်ရောက်ခဲ့သည့် သူက ဆိုသည်။

ဖိလစ်ပိုင်စတား သတင်းစာတွင် ရေးသားလျက်ရှိသော ဂျွန်အန်ဆင်ကလည်း အလားတူ သင်တန်းမျိုး တက်ရောက်ဖူးသည်။ မငြိမ်မသက်ဖြစ်လျက်ရှိသည့် နေရာများတွင် အသက်အန္တရာယ် ကျရောက်ခြင်းမရှိအောင် ထိန်းသိမ်းသည့် နည်းလမ်းများကို ရဲဘက်နှင့် စစ်ဘက်က ပုံမှန်သင်တန်းများ ပေးလျက်ရှိသည်။ မိမိ၏ လုပ်ဖော်ကိုင်ဖက် ထိခိုက်ဒဏ်ရာရလျင် မည်သို့မည်ပုံ ဂရုစိုက်ရမည်၊ သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဆေးရုံကို မည်သည့်နည်းဖြင့် အမြန်ဆုံးပို့ဆောင်ရမည် စသည်တို့ကိုပါ သူတို့ကို သင်ကြားပေးထားသည်။ 

“ကျွန်တော်တို့အများစုမှာ ကာကွယ်ရေးဝတ်စုံတွေ ရှိတယ်။ ကာဗလာ ၀တ်စုံတွေနဲ့ သံခမောက်ဦးထုပ်တွေပေါ့။ ပြီးတော့ စစ်ဘက်ကလည်း ခွင့်ပြုချက် ယူရတယ်။ စစ်ဘက်က သူတို့အရင်သွားပါ့မယ်၊ မြေမြှုပ်မိုင်းတွေ ရှင်းပါ့မယ်။ သူပုန်တွေ မရှိတာ သေချာအောင် လုပ်ပါဦးမယ်၊ အဲဒီအချိန်ထိ စောင့်ပါဦးလို့ ပြောရင် ကျွန်တော်တို့ဘက်က စောင့်နေရတယ်။ ဖြစ်လာနိုင်ခြေရှိသမျှ ခြိမ်းခြောက်မှုတွေကို ရှင်းထားပြီးပြီဆိုတာ သေချာတဲ့အထိ လုပ်ပြီးမှ စာနယ်ဇင်းသမားတွေကို သွားခွင့်ပြုတဲ့ လုပ်ထုံးလုပ်နည်း စစ်ဘက်မှာ ရှိတယ်။ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်ဆိုရင် ခင်ဗျားကို သူတို့က ပေးသွားမှာ မဟုတ်ဘူး”ဟု သူကဆိုသည်။

လုံခြုံရေးအခြေအနေတွေကို ထောက်လှမ်းသုံးသပ်ခြင်းသည်လည်း အရေးကြီးကြောင်း အွန်ဆင်က ထောက်ပြသည်။ 

“မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေတွေထဲ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်လာကြတဲ့အခါ ဘယ်အချိန်ကျရင်တော့ ခံချလို့ရတယ်။ ဘယ်အချိန်ဆိုရင်တော့ ပြေးနိုင်မှလွတ်မယ်ဆိုတာကအစ ကျွန်တော်တို့ သိကို သိထားရမှာ” ဟု ဆိုသည်။ သူတို့၏ စာတည်း(အယ်ဒီတာ)များထံမှ ရရှိသည့် ညွှန်ကြားမှုနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ မငြိမ်မသက် ဖြစ်ပွားလျက်ရှိသည့် နေရာများသို့ သွားရောက်ရမည့် ၀န်ထမ်းများအား သတိပေးမှုများ ပြုလုပ်သည်ဟု သိရသည်။

 “တစ်ခါတစ်လေဆိုရင် မသွားချင်လောက်အောင် ပြောတာမျိုး၊ ဖုန်းနဲ့ပဲ သတင်းလှမ်းယူပါလားလို့ တိုက်တွန်းတာမျိုး ရှိပါတယ်။ ဒါပေမယ့် ကိုယ်တွေကလည်း အဲလိုပြောတော့မှ စိတ်ထဲ ခေါင်းထဲ တရွရွဖြစ်လာပြီး သွားလိုက်ဦးမယ်ကွ ဆိုတာမျိုး ဖြစ်တတ်တယ်” ဟု ပြောသည်။  

“အရေးကြီးတာက အရှည်မြင်နိုင်ဖို့ပဲ။ မငြိမ်မသက်ဖြစ်နေတဲ့နေရာကို သွားရမလား၊ မသွားရဘူးလားဆိုတာ ဆုံးဖြတ်ရမယ်။ ဘယ်အချိန်မှာ ဆက်ပြီးသတင်းယူနိုင်တယ်။ ဘယ်အချိန်ကျရင်တော့ သတင်းယူတာရပ်ပြီး ပြန်ဆုတ်ရမယ် ဆိုတာ ဆုံးဖြတ်ရမှာပဲ။ ဒါက အရှည်သဖြင့် တွေးနိုင်မြင်နိုင်မှ။ ဥာဏ်ရှိပါမှ။ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ ဥာဏ်ကတော့ အမြဲတမ်း ရှိနေရမယ်” ဟု သူက သတိပေးသည်။

လန်ဒန်အခြေစိုက် သတင်းရယူခြင်း လုံခြုံမှုအင်စတီကျူ့မှ အရှေ့တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးမှူး ဗစ်တာ ရက်ဒ်မွန်ဘာတာရီယိုက သူတို့ရဲ့ သင်တန်းအစီအစဉ်တွေထဲမှာ စာနယ်ဇင်းသမားတွေကို တကယ့် ပဋိပက္ခဖြစ်ပွားနေတဲ့ အခြေအနေလို အခင်းအကျင်းတစ်ခု၊ ဒေါသထွက်နေတဲ့လူအုပ်ကြီးနဲ့ ရင်ဆိုင်ရချိန်၊ ဒေါသထွက်စရာ အကြောင်းအရာ ပေါ်ပေါက် လာနိုင်ချိန်မျိုး အသွင်ဖန်တီးပေးပြီး၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေသည့်ကြားမှာ လက်တွေ့ မည်သို့ လုပ်ကိုင်ကြရမည် ဆိုသည်ကို လေ့ကျင့်သင်တန်းပေးသလို မည်သို့အချက်အလက် စုဆောင်းရမည်၊ ထောက်လှမ်းမှုတွေကို မည်သို့ရှောင်ရှားရမည်၊ စစ်ဆေးရေးနှင့်တွေ့သည့်အခါ မည်သို့ပြုမူဟန်ဆောင်ရမည်တို့အပြင် အထွေထွေ ဘေးအန္တရာယ်များကို မည်သို့ရင်ဆိုင်ရမည် စသည်တို့ကိုပါ သင်ကြားပေးသည်။

သို့သော် ပဋိပက္ခဖြစ်ပွားနေသည့် မည်သည့်နေရာကိုမဆို သွားရောက်တော့မည်ဆိုပါက စာနယ်ဇင်းသမားများ၊ မီဒီယာဝန်ထမ်းများက ထိုနေရာနှင့် ပတ်သက်ပြီး တတ်နိုင်သမျှ အချက်အလက်များ၊ မည်သို့သော လူများနှင့် တွေ့ဆုံမေးမြန်း ဟူသည်များကို ပြင်ဆင်စုဆောင်းရန် သူက တိုက်တွန်းသည်။

“အခြေအနေက ဘယ်လိုဖြစ်နေတယ်ဆိုတာ ရှာကြည့်။ အဲဒီနေရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ဖူးတဲ့ သမိုင်းကြောင်း ရှိဖူးလား၊ နိုင်ငံရေးနဲ့ လူမှုရေး အခြေအနေတွေက ဘယ်လိုရှိလဲ”ဟု လူ့သိုက်မြုံ သတင်းပညာနှင့် ဖွံ့ဖြိုးရေးစင်တာက ခေါင်းဆောင် တစ်ဦးဖြစ်သည့် သတင်းထောက်ဟောင်း ဘာတာရီယိုက ဆိုပါသည်။

နေရာဒေသနှင့် ပတ်သက်၍ လက်တွေ့ကျသည့် အချက်အလက်များကို ရယူရာတွင် မိုးလေ၀သအခြေအနေ၊ သတင်းထောက် သွားရောက်ဖို့လိုအပ်သည့် အချိန်ကာလ အတိုင်းအတာတို့လည်း ပါဝင်ကြောင်း သူက ဆိုသည်။ ထိုအချက်အလက်များပေါ် အခြေခံကာ ခရီးသွားရာတွင် ဆောင်ယူသွားရမည့် အစားအစာ၊ ရေ၊ ဆက်သွယ်ရေး ကိရိယာနှင့် ရှေးဦးသူနာပြုစုမှု ပစ္စည်းများကို သိရှိသတ်မှတ်နိုင်ပေမည်။ 

စာနယ်ဇင်းသမားလား၊ ကောင်းဘွိုင်တွေလား 

မီဒီယာသမားများကို သတ်ဖြတ်ခြင်းအား ရဲတင်းစွာ ပြုမူလာကြခြင်းကြောင့် စာနယ်ဇင်းသမားများသည် လုံခြုံရေးနှင့် ပတ်သက်၍ ပိုမို အာရုံစိုက်လာကြသည်။ သို့သော် တစ်ချိန်တည်းတွင် ဥပဒေစိုးမိုးမှု အားနည်းပြီး စစ်ဘုရင်များနှင့် စစ်သွေးကြွများ မင်းမူလျက်ရှိသော ဝေးလံသည့် နေရာများသို့ သွားရာတွင် သေနတ်တစ်လက် ဆောင်သွားဖို့က ပို၍ ဆွဲဆောင်မှုရှိသည်ဟူသော စိတ်ကူးစိတ်သန်းမျိုးကိုလည်း ဖြစ်ပေါ်စေသည်။ 

လွန်ခဲ့သည့် နှစ်အတော်ကြာခန့်ကမူ စာနယ်ဇင်းသမားက သေနတ်ဆောင်သည်ဟူ၍ ကြားလို့မျှမတော်သည့် ကိစ္စတစ်ခု ဖြစ်သည်။ သို့သော် ယနေ့ခေတ်မှာတော့ မီဒီယာသမားများကြားမှာ မထူးဆန်းသည့် ကိစ္စတစ်ခု ဖြစ်လာသလို မီဒီယာ အသိုင်းအ၀ိုင်းထဲတွင်လည်း မေးခွန်းများ ထွက်ပေါ်လာဆဲဖြစ်သည်။ 

သေမင်းနှင့် တေ့လွဲလေး လွဲခဲ့ရသူများနှင့် သေနတ်ကသာ သူတို့အတွက် လုံခြုံမှုပေးစွမ်းနိုင်သည်ဟု ခံစားထင်မြင်သူများကို သေနတ်ကိုင်သင့်မကိုင်သင့် ငြင်းခုန်ရန် ခက်ခဲပါလိမ့်မည်။ သို့သော် ဤသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု အားလုံးက ယုံကြည်နေကြသည် မဟုတ်ပါ။

ဒါဗာယိုမြို့အခြေစိုက် မင်ဒါသတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ဖရွိုင်လင်ဂယ်လာဒိုကမူ စာနယ်ဇင်းသမားများ သေနတ်ဆောင်သည့်ကိစ္စကို ဆန့်ကျင်သည်။

 “ကျွန်တော်လည်း သေနတ်မဆောင်ဘူး။ ရှိလည်းမရှိပေါင်။ သေနတ်ကိုင်ချင်တဲ့ သတင်းသမားတွေက သူတို့ငယ်ငယ်တုန်းက စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပါတဲ့ ကောင်းဘွိုင်(နွားကျောင်းသား) တွေလို လုပ်ချင်တဲ့ သူရဲဘောကြောင်တဲ့သူတွေ လို့ပဲထင်တယ်”ဟု သူ့အမြင်ကို ဆိုသည်။

“လူတစ်ယောက်က သူ့ခါးတိုအင်္ကျီထဲမှာ သေနတ်ထည့်ပြီး၊ အိတ်ထဲမှာ သေနတ်ဝှက်ပြီး ဘယ်လိုအလုပ်လုပ်လို့ ရမယ်ဆိုတာ ကျွန်တော်ဖြင့် မစဉ်းစားတတ်အောင်ပဲ” ဟု ဆိုသည်။

 “ခင်ဗျားမှာ သေနတ်ဆောင်လာတာ မြင်သွားရင် လူတွေက ခင်ဗျားကို ယုံယုံကြည်ကြည် အင်တာဗျူးဖြေလိမ့်ပါ့မလားဆိုတာ ကျွန်တော်သံသယဖြစ်တယ်။ ပြီးတော့ သေနတ်ဆောင်တဲ့ စာနယ်ဇင်းသမားတွေ အများအပြားပဲ သူတို့သေဘေး သူတို့မကာကွယ်နိုင်တာ ရှိနေတာပဲ။ သူတို့မှာ သေနတ်ပါတာကြောင့် တခြားသေနတ်သမားတွေက သူတို့ကို မသတ်ပါဘူးလို့ ဘယ်ပြောလို့ရမလဲ” ဟု သူကငြင်းချက်ထုတ်သည်။

သေနတ်ဆောင်တိုင်း စိတ်ချရသည်မဟုတ်ကြောင်းကို ဘာတာရီယိုကလည်း သဘောတူပါသည်။ “အဲဒီဟာ(သေနတ်)နဲ့ လုံးဝလုံခြုံသွားပြီးလို့တော့ ကျွန်တော်ဖြင့် မယုံဘူး။ အရှင်းဆုံးပြောရရင် ဒါက အတုအယောင်လုံခြုံမှုကို ပေးတာပဲ။ လက်နက်ကိုင်သွားရဲ့သားနဲ့၊ ဒါမှမဟုတ် လက်နက်ကိုင် ကိုယ်ရံတော် ခေါ်သွားရဲ့သားနဲ့ အသတ်ခံရတဲ့ စာနယ်ဇင်းသမားတွေ ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ဆိုသည်။

ဖိလစ်ပိုင်စာနယ်ဇင်းသမားများ အမျိုးသားသမဂ္ဂမှ ဥက္ကဋ္ဌ ရိုဝီနာပါရန်က စာနယ်ဇင်းသမားများ သေနတ်ဆောင်ခြင်းအားဖြင့် အကာအကွယ်ရသည်ထက် ထိခိုက်အန္တရာယ်ဖြစ်နိုင်ဖို့က ပိုများကြောင်း သဘောတူသည်။ “(သေနတ်ကိုင်) ကျွမ်းတာမှ မဟုတ်ဘဲ။ ပစ်ဖို့ခတ်ဖို့လည်း သင်ထား၊ လေ့ကျင်ထားတာ မရှိပါဘူး” ဟု ပြောသည်။

“စာနယ်ဇင်းသမားက သေနတ်ကိုင်တယ် ဆိုတာကတော့ ကျွန်တော်က အားမပေးဘူး။ ဒါပေမယ့် အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံရတဲ့သူတွေမှာ သူတို့လုံခြုံဖို့ သေနတ်တစ်လက် ဆောင်ထားရင် သေမယ့်ဘေးကို နည်းနည်းတော့ ဟန့်ထားလို့ရတယ်လို့ ခံစားနေရတဲ့သူတွေမှာတော့ သုံးမယ်ဆိုရင် ကျွန်တော်က မတားတော့ဘူး”ဟု ရှင်းပြသည်။

သေနတ်ဆောင်ခြင်းသည် ကျင့်ဝတ်ဆိုင်ရာ ကိစ္စတစ်ရပ် မဟုတ်ဟု အသံလွှင့်သတင်းသမားတစ်ဦးဖြစ်သည့် ချီနိုဂက်စ်တန်က မနီလာ၌ တွေ့ဆုံမေးမြန်းရာမှာ ဖြေကြားခဲ့သည်။ “ဒါကတော့ တစ်ကိုယ်ရည်တစ်ကာယ ရွေးချယ်မှုပဲဗျ။ မက်ထရို မနီလာမှာ သေနတ်ဆောင်ချင်တယ်ဆိုရင် ဆောင်နိုင်သည်။ နယ်ဘက် သွားကြရင်လည်း ခြိမ်းခြောက် ခံထားရတယ်ဆိုရင် စာနယ်ဇင်းသမား တွေလိုပဲ သေနတ်ဆောင်သွားနိုင်တာပါပဲ။ တချို့ သတင်းထောက်တွေအတွက်တော့ အကောင်းဆုံး လုပ်ဖို့ကျန်တာဆိုလို့ ဒါပဲရှိတယ်။ (သေနတ်ဆောင်တာ) ကျင့်ဝတ်နဲ့ ညီလား မညီလားဆိုတာ စစ်ဆေးတာ မေးမြန်းတာ လုပ်ပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေမှ မရှိဘဲဗျာ” ဟု သူကဆိုသည်။

၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဥပဒေသစ်တစ်ခုအရ စာနယ်ဇင်းသမားများကို နေအိမ်ပြင်ပတွင် သေနတ်ကိုင်ခွင့်ပြုခဲ့သည်။ 

သမ္မတနိုင်ငံအက်ဥပဒေအမှတ် ၁၀၅၉၁ တွင် တရားဟောဆရာ၊ ရှေ့နေ၊ သူနာပြု၊ ဆရာဝန်၊ စာရင်းစစ်နှင့် အင်ဂျင်နီယာများကဲ့သို့ပင် စာနယ်ဇင်းသမားများကိုလည်း “ယင်းတို့၏ အသက်မွေးမှု သဘာဝကြောင့် ကြီးမားသော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်သောကြောင့်” လိုင်စင်ဖြင့် သေနတ်ဆောင်ခွင့်ပြုကြောင်း ဖော်ပြထားခဲ့သည်။

ယခင်ဥပဒေအရမူ ထိုလုပ်ငန်းကဏ္ဍမှ လူများသည် ကျန်နိုင်ငံသားများကဲ့သို့ပင် “အမှန်တကယ် ခြိမ်းခြောက်ခံရသည့် အခြေအနေသို့ ကျရောက်”ကြောင်း သက်သေပြသနိုင်ပါက သေနတ်ကိုင်ခွင့်ထုတ်ပေးထားခဲ့ခြင်း ဖြစ်သည်။

ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်ကြောင့် သေနတ်များ အလွယ်တကူ ရရှိနိုင်ကြပြီး အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဝေဖန်ကြသူများ ရှိသည်သာ။ သို့သော် ဥပဒေသစ်ကို ထောက်ခံအားပေးသူများကတော့ အရပ်သားများသည်လည်း ခြိမ်းခြောက်မှုများကို ကိုယ်တိုင်ကာကွယ်ပိုင်ခွင့် ပြုသင့်ကြောင်း အဆိုပြုကြသည်။

မနီလာအခြေစိုက် ဂျီအမ်အေကွန်ရက်မှ ပြည်နယ်ဒေသများသို့ ပုံမှန် သွားရောက် သတင်းလိုက်ရသည့် ဂက်စ်တန်၏ ပြောကြားချက်အရ သေနတ်ကို ကာကွယ်မှုအဖြစ် အသုံးပြုခြင်းကိစ္စသည် မြို့တော်နှင့် နယ်ဒေသများတွင် ကွာခြားမှု ရှိကြောင်း သိရသည်။

မနီလာမြို့တော်ကြီးတွင်တော့ သေနတ်ကိုင်သည့် စာနယ်ဇင်းသမား အနည်းငယ်မျှသာရှိပြီး နယ်ဒေသတွင် ပို၍ များပြားသည်။ အကြောင်းမှာ မြို့တွင်နေရသူများက နယ်ဒေသများမှာလောက် ခြိမ်းခြောက်မှု ခံရနိုင်ခြေ မများသောကြောင့် ဖြစ်သည်။ မြို့နေ စာနယ်ဇင်းသမားများအနေဖြင့် ခြိမ်းခြောက်ရေးသားထားသည့် ဖုန်းစာတိုများသာ ပေးပို့ခံရတတ်ပြီး အသက်ကိုပါ ခြိမ်းခြောက်မှု ရှားပါးသည်ဟု ဆိုသည်။ “(ကြေးစားငှားထားတဲ့လူတွေက) ခင်ဗျားအိမ်ထဲဝင်မွှေသွားပြီး ခြောက်ရုံလောက် ခြောက်တာ။ နယ်မှာလို အသက်ကို အန္တရာယ်ပြုတာလောက်ထိ မများဘူး” ဟု မနီလာမြို့တော်တွင် ဥပဒေစိုးမိုးမှု ပိုကောင်းသည့်အတွက် စာနယ်ဇင်းသမားများ ပိုမိုလုံခြုံကြကြောင်း ရှင်းပြသည်။ 

သတင်းထောက်တစ်ဦးဖြစ်သည့် ပါရန်ကတော့ နယ်ဒေသများတွင် သေနတ်ကိုင်သည့် ယဉ်ကျေးမှုမှာ အသားကျနေပြီး သေနတ်ကိုင်လူများကို မြင်နေကျဖြစ်သည့်အတွက် စာနယ်ဇင်းသမားများအနေဖြင့် သူတို့ကိုယ်တိုင်လည်း လက်နက်ကိုင်ရန် ပို၍လွယ်ကူသွားကြောင်း ရှင်းပြသည်။ “မင်ဒါနာအိုလို နေရာမျိုးကို ခင်ဗျားသွားရင် ခြိမ်းခြောက်ခံရမှုတွေကို ရင်ဆိုင်နိုင်ရသလို နယ်သတင်းထောက်တွေအတွက် သေနတ်ကိုင်တာ အများသူငါလိုပဲ ဖြစ်တယ်လို့ ခံစားရမှာပဲ” ဟု ဆိုသည်။

သေနတ် ကိုင်သည်ဖြစ်စေ မကိုင်သည်ဖြစ်စေ စာနယ်ဇင်းသမား၏ အကောင်းဆုံး ကာကွယ်ရေးမှာ တာဝန်ယူမှုရှိသော သတင်းပေးပို့မှုဖြစ်ကြောင်း ဘာတာရီယိုက ယုံကြည်သည်။ 

“ဒီနေရာမှာ ကျွန်တော်အလေးပေးပြီး တောက်လျှောက်ပြောနေတာက ဘယ်သတင်းထောက်အတွက်မဆို မိမိကိုယ်ကိုယ် အကောင်းဆုံးကာကွယ်နည်းကတော့ တာဝန်ယူမှုရှိတဲ့ သတင်းပေးပို့မှုတွေ လုပ်တာပါပဲ။ ကိုယ်လုပ်ဖို့ရာ တာဝန်ရှိသမျှ အပြည့်ဝဆုံး လုပ်ကိုင်တာပါပဲ။ သေနတ်ကိုင်လို့ ရာနှုန်းပြည့် လုံခြုံသွားလိမ့်မယ်လို့တော့ အာမမခံဘူး။ ဒါပေမယ့် စာနယ်ဇင်းသမားတွေကို အကြမ်းဖက်တာတွေ ဖြစ်ဖို့အလားအလာကိုတော့ လျှော့ချပေးနိုင်လိမ့်မယ်” ဟု သူကဖြည့်စွက်ရှင်းလင်းသည်။

အရေးယူခံရခြင်းမရှိသည့် သံသရာစက်ဝန်း

မာဂွင်ဒါနိုတွင် အပြစ်မဲ့ စာနယ်ဇင်းသမားများကို သွေးအေးစွာ သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံသည် စာနယ်ဇင်းသမားများအတွက် လုံခြုံမှုမရှိသည့် နိုင်ငံတစ်ခုအဖြစ် ပို၍ နာမည်ကြီးသွားခဲ့သည်။

 စာနယ်ဇင်းသမားများအား ကာကွယ်မှုကော်မတီ (စီပီဂျေ) ၏ ၂၀၁၄ ခုနှစ်အတွက် ညွှန်းကိန်းထုတ်ပြန်မှုအရ ဖိလစ်ပိုင်သည် အီရတ်နှင့် ဆိုမာလီတို့နောက်မှ အကြမ်းဖက်သတ်ဖြတ်မှုများအတွက် အပြစ်ပေးအရေးယူခံရခြင်းမရှိခြင်းတွင် တတိယနေရာရသော နိုင်ငံတစ်ခု ဖြစ်လျက်ရှိသည်။

 ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင် စာနယ်ဇင်းသမား ၅၀ ကျော် သတ်ဖြတ်ခြင်းခံခဲ့ရသည့်တိုင် ဖြေရှင်းခြင်းမခံခဲ့ရဟု နယူးယောက်အခြေစိုက် မီဒီယာစောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် စီပီဂျေက ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးနိုင်ခဲ့သည့် ၁၉၈၆ ခုနှစ်မှစ၍ ယနေ့ထက်တိုင် စာနယ်ဇင်းသမားများ သတ်ဖြတ်ခံရမှု ၂၀၀ ကျော်ရှိခဲ့ရာမှ ၁၄ မှုကိုသာ တရားခံရှာတွေ့ခဲ့ကြောင်း ဖိလစ်ပိုင် မီဒီယာလွတ်လပ်မှုနှင့် တာဝန်ယူမှုစင်တာက ထုတ်ပြန်ခဲ့သည်။ 

ထိုသို့ တရားခံအဖြစ် အပြစ်ပေးရာတွင်လည်း သေနတ်သမားများကသာ တရားဥပဒေ၏ အစီအရင်ကို ခံကြရပြီး နောက်ကွယ်မှ ကြိုးကိုင်နေကြသူများကတော့ အပြစ်ပေးခံရခြင်းမရှိဟု ယင်းတို့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထိုသို့ တရားစီရင် အပြစ်ပေးခံရခြင်းမရှိလေ စာနယ်ဇင်းသမားများအတွက် ကျောချမ်းစရာဖြစ်စေကမူ ရှင်းလှပါသည်။

ကျူးလွန်သူများသည် အပြစ်ပေးခံရခြင်း မရှိဘဲ လွတ်မည်ဟူသည်ကို သိနေသည့်အတွက် အကြောက်အလန့် မရှိတော့ကြောင်း အာခိလိ က ဆိုသည်။ 

တစ်ဖက်တွင်မူ မာဂွင်ဒါနိုသတ်ဖြတ်မှုနောက်ပိုင်း အချို့သော သတင်းထောက်များသည် အငြင်းပွားဖွယ်ဖြစ်သော အချို့ပြဿနာများကို သတင်းမလိုက်ဝံ့တော့ဘဲ ဝေ့လည်ကြောင်ပတ်သာ ရေးနိုင်ကြတော့ကြောင်း သူက ပြန်ပြောင်းပြောပြသည်။

“အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ ဖော်ထုတ်ပြီးရေးတဲ့ သတင်းထောက်တစ်ယောက်ယောက် အသတ်ခံရတယ်ဆိုရင် တခြားသတင်းထောက်တွေကလည်း အဲဒီအကြောင်းတွေ ရေးဖို့ နှစ်ခါလောက်တော့ ပြန်စဉ်းစားကြရတော့တာပဲ” ဟု ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ စာနယ်ဇင်းကွန်ရက်မှ ချာလီဆာဆီဒါက ရှင်းပြသည်။

ကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ခြင်းမရှိသည့်အတွက် စာနယ်ဇင်းသမားတို့၏ အမှတ်သည်းခြေတွင် အကြောက်တရားတို့ တွယ်ငြိလာသည်နှင့်အမျှ ကျူးလွန်သူများဘက်က ပို၍ ရဲတင်းလာကြသည်။

“မဟုတ်တာလုပ်ပြီး အပြစ်ပေးမခံရဘဲ ရှိနေတယ်ဆိုတာက အဲသလိုထပ်ခါထပ်ခါလုပ်ဖို့ နောင်တမရအောင် လုပ်လိုက်တာနဲ့ တူတူပဲလေ” ဟုဘာတာရီယိုက ထောက်ပြသည်။

သမ္မတ ဘီနစ်ဂ်နိုအာကွီနိုက စာနယ်ဇင်းသမားများကို သတ်ဖြတ်သူများအား တရားစီရင်၍ ထောင်ထဲပို့မည်ဟု ကတိပေးခဲ့ဖူးသော်လည်း ယခုနှစ်အစောပိုင်းက သတင်းထောက်တစ်ဦး၏ အမေးကို ဖြေကြားရာတွင်မူ “လက်ရှိ တရားစီရင်ရေးစနစ်က မြန်မြန်သွက်သွက် လုပ်နိုင်မှုကို မှတ်ကျောက်အဖြစ် ထားတာမျိုး မဟုတ်ဘူး” ဟု ပြန်ဖြေခဲ့သည်။

ဖိလစ်ပိုင်စာနယ်ဇင်းသမားများ အမျိုးသားသမဂ္ဂမှ ဥက္ကဋ္ဌ ရိုဝီနာပါရန်ကအပြစ်ပေးအရေးယူမှု မပြုခြင်း၏ အကြောင်းရင်းခံများ ရှိနေခြင်းမှာ ရှုပ်ထွေးကြောင်း ဆိုသည်။ “အာဏာပဲလေ။ အာဏာနဲ့ ချိတ်ဆက်နေတယ်ဆိုတာ သေချာပေါက်ပဲပေါ့။ အင်စတီကျူးရှင်းတွေသာ အလုပ်ဖြစ်ရင် အပြစ်ပေးမခံရဘဲ ရှိနေမှာမဟုတ်ဘူး။ အပြစ်ကျူးလွန်ခဲ့တဲ့သူတွေကို အာဏာရနေတဲ့သူတွေက သည်းညည်းခံနိုင်လို့သာပေါ့”ဟု သူမ၏အမြင်ကို ထုတ်ဖော်သည်။

“နိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်တဲ့ အစိုးရတစ်ခုသာ ရှိမယ်ဆိုရင် ရဲဆီသွားပြီး ခြိမ်းခြောက်မှုတွေကို တိုင်ချက်ဖွင့်လိုက်ရုံပဲ။ အကာအကွယ်ပေးဖို့ဆိုတာ အစိုးရတစ်ရပ်က နိုင်ငံသားတွေအပေါ် ရှိနေတဲ့ အခြေခံအကျဆုံး ၀တ္တရားတစ်ခုပဲလေ။ ဒါပေမယ့် အဲသလို အလုပ်မလုပ်ကြတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရရော။ ကိုယ့်ကို အကာအကွယ်ပေးဖို့ လုပ်ဖော်ကိုင်ဖက်တွေပေါ် အားကိုးရရော” ဟု ထောက်ပြသည်။

နယ်ဒေသများသည် မြို့တော်မနီလာလောက် ဥပဒေစိုးမိုးမှုမရှိသည့်အတွက် နယ်သတင်းထောက်များသည် တိုက်ခိုက်ခံရနိုင်ခြေ ပိုများကြောင်း ပါရန်က ဆိုသည်။ “အာဏာရနေတဲ့လူတွေကတော့ ဘယ်သူဖြစ်ဖြစ် ဘုရင်ကြီးလိုပါပဲ” ဟု သူက၏ အမြင်ကို ပြောသည်။

တိုက်ခိုက်မှုများကို ခံနေရသည်မှာ မီဒီယာသာမကဘဲ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့်တို့အတွက် လှုပ်ရှားဆောင်ရွက်နေကြသော တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများကဲ့သို့  လူ့အဖွဲ့အစည်းအရေး ဆောင်ရွက်ကြသူများ၊ ရံဖန်ရံခါတွင် ခရစ်ယာန်တရားဟောဆရာများပင် ပါဝင်ကြောင်း ပါရန်က ရှင်းပြသည်။ “စာနယ်ဇင်းသမားတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တရားဥပဒေအတိုင်း ဖြစ်ဖို့ လှုံ့ဆော်ဆောင်ရွက်တဲ့အခါ ကောင်းကွက်တစ်ခုရှိတာက တခြားကဏ္ဍတွေမှာ အသတ်ခံရသူတွေနဲ့ ပတ်သက်ပြီးတော့ပါ နှိုင်းယှဉ်ဖော်ပြနိုင်တာပါပဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံအတွက် ယူရမည့် သင်ခန်းစာ

မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားများသည်လည်း ဖိလစ်ပိုင်နိုင်ငံမှ ဘ၀တူ စာနယ်ဇင်းသမားတွေနှင့် မတူသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကြရပါသည်။ နိုင်ငံတော် သို့မဟုတ် တပ်မတော်ကို ဝေဖန်ရာရောက်သည်ဟု ယူဆရသော အဖြစ်အပျက်များကို ရေးသားဖော်ပြလျှင် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်သည်။ 

အောက်တိုဘာလအတွင်းကပင် ရန်ကုန်ရှိ တရားရုံးတစ်ခုက Bi မွန်းတည့်နေဂျာနယ်မှ စာနယ်ဇင်းသမား ၃ ဦးနှင့် ထုတ်ဝေသူနှစ်ဦးတို့ကို အစိုးရအား အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် လအတွင်းမှာလည်း မြန်မာသံတော်ဆင့်ဂျာနယ်မှ ၀န်ထမ်း ၁၁ ဦးကို ပြီးခဲ့သည့် ဧပြီလအတွင်းကမှ အတည်ပြုခဲ့သည့် မီဒီယာဥပဒေအား ချိုးဖောက်မှုဖြင့် သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲကာ ဒဏ်ငွေများ ပေးဆောင်စေခဲ့သည်။

ထိုအချိန်တွင် ယူနတီဂျာနယ်မှ စာနယ်ဇင်းသမား လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ကို လျှို့ဝှက်အက်ဥပဒေအား ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ပြန်လည်လျှော့ပေါ့သက်သာစေခဲ့ရာ ၇ နှစ်ထိ ထောင်ကျခဲ့ကြရသည်။ 

အောက်တိုဘာလအတွင်းမှာပင် စစ်တပ်က အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်အား သတ်ဖြတ်ခဲ့ပြီး စစ်တပ်က ဖမ်းဆီးထားရာမှ ထွက်ပြေးရန်ကြိုးစားစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများကမူ စစ်တပ်အနေဖြင့် များစွာပြောင်းလဲမှု မရှိသေးကြောင်း ပြောဆိုခဲ့ကြသည်။ ထို့ပြင် ကိုအောင်ကျော်နိုင်သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ 

စစ်တပ်က မြန်မာနိုင်ငံကို သံမဏိလက်သီးဖြင့် ဆယ်စုနှစ် ငါးခုကျော်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ရောက်မှသာ အရပ်သားအတိုင်းအတာတစ်ခုထိ ပါဝင်လာသော အစိုးရကို အစားထိုးဖွဲ့စညှ်းနိုင်ခဲ့သည်။ သို့သော် မီဒီယာများအပေါ် တင်းကြပ်ပိတ်ပင်မှုများအပါအ၀င် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှာ နှေးကွေးလေးလံဆဲဖြစ်သည်။ 

အလွတ်သတင်းထောက်တစ်ဦးအား သတ်ဖြတ်ခြင်းသည် “ထိုသို့ကိစ္စရပ်များနှင့် ပတ်သက်၍ စစ်တပ်၏ တာဝန်ခံမှု ကိုလည်းကောင်း၊ အစိုးရက စာနယ်ဇင်းသမားများကို အကာအကွယ်ပေးမှုကို ဖြေရှင်းခြင်းနှင့် ပတ်သက်၍လည်းကောင်း အကဲစမ်းလိုက်ခြင်း” ဖြစ်ကြောင်း အရှေ့တောင်အာရှ စာနယ်ဇင်း မဟာမိတ်များ အဖွဲ့က သုံးသပ်သည်။

“ဒီနှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေက ဒီနိုင်ငံမှာ မီဒီယာလွတ်လပ်မှု သက်ဆိုးမရှည်ဘူးဆိုတာကို ပြနေတာပါ။ တချို့တင်းကြပ်မှုတွေကို အစိုးရက ဖြေလျှော့ပေးလိုက်တာ တစ်ခုနဲ့တင် ချီးမွမ်းခန်းဖွင့်နေကြတာဟာ အချိန်မတန်သေးဘူး” ဟု ဘန်ကောက်အခြေစိုက် မီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် အရှေ့တောင်အာရှ စာနယ်ဇင်း မဟာမိတ်များ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတစ်ခုတို့ကြား ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော နေရာဒေသတွင် သတင်းယူလျက်ရှိသည့် အလွတ်သတင်းထောက်တစ်ဦးဖြစ်သူ ကိုအောင်ကျော်နိုင်အား ဖမ်းဆီးသတ်ဖြတ်မှုသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ လုပ်ကိုင်နေကြရသော အခြားစာနယ်ဇင်းသမားများအတွက်ပါ စိုးရိမ်ပူပန်စရာ ဖြစ်စေခဲ့သည်။ 

“ပဋိပက္ခဖြစ်ပွားနေတဲ့ေ နရာတွေမှာ သတင်းလိုက်နေကြရတဲ့ မြန်မာသတင်းထောက်တွေရဲ့ လုံခြုံရေးကိုလည်း စိတ်ပူရပါတယ်” ဟု မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ ကိုဥာဏ်လင်းက ဆိုသည်။ “ဖိလစ်ပိုင်မှာလောက်တော့ ခြိမ်းခြောက်မှုတွေ မခံရသေးဘူးပေါ့လေ။ ဒါပေမယ့် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေကိုတော့ တက်ဖို့လိုလာပြီ” ဟု သူကဆိုသည်။

မော်ဒန်အပတ်စဉ်ထုတ် ဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သည့် ကိုစန်းယုကျော်က “ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမယ်ဆိုတာ မသိပါဘူးဗျာ။ နေ့စဉ်ဘ၀ သတင်းလိုက်တဲ့အခါမှာ လုံခြုံရေးနဲ့ ပတ်သက်လို့ သတိထားရမယ့်ဟာလေးတွေ သင်ယူလေ့ကျင့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ခုပြောပြောနေကြတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပိုင်းမှာ သတင်းလိုက်စရာ အကြောင်းအရာတွေ ပိုများလာသလို ရင်ဆိုင်စရာ စိန်ခေါ်မှုတွေက ပိုများလာတော့ ကျွန်တော်တို့မှာ မလုံခြုံမှုတောင် ပိုဖြစ်လာတယ်” ဟု ဆိုသည်။

မြစ်မခသတင်းအေဂျင်စီမှ စီအီးအို ဒေါ်မေသင်္ကြန်ဟိန်က သတင်းပညာနှင့်အညီ သတင်းပေးပို့မှုနှင့်ပတ်သက်သည့် အရည်အသွေးပိုင်းနှင့် ပတ်သက်၍ သူမ၏ စိုးရိမ်မှုကို ပြောပြသည်။ “တကယ့် ကျင့်ဝတ်နဲ့ညီအောင် သတင်းရေးနိုင်တယ်ဆိုရင် လုံခြုံမှာပဲလို့ တွေးပေမယ့် တကယ့်လက်တွေ့ကျ အဲဒီအတိုင်း မဟုတ်ဘူး” ဟု ဆိုသည်။

 “အစိုးရဘက်က သတင်းရဖို့ကြိုးစားရတဲ့အခါမှာ ချက်တယ်။ ဒါကြောင့်မို့ သတင်းကို တခြားနေရာတွေက ရသမျှ လိုက်ရတော့တာပဲ။ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေလို တချို့ဥပဒေတွေက ကျွန်မတို့အတွက် အခက်အခဲဖြစ်စေတယ်။ လျှို့ဝှက်အက်ဥပဒေ ဆိုရင်လည်း မြန်မာနိုင်ငံက သတင်းထောက်တွေအတွက် ခြိမ်းခြောက်မှု တစ်ခုလို ဖြစ်နေပါတယ်” လို့သူမက စိုးရိမ်မှုနဲ့ ပြောပြနေခဲ့ပါတော့တယ်။ 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အိမ့်ခိုင်ဦး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments