ထင်အောင် – ကျွန်တော်နွှဲခဲ့တဲ့ ငယ်ငယ်တုံးကသင်္ကြန်ပွဲ

February 26, 2015

– ကျွန်တော်နွှဲခဲ့တဲ့ ငယ်ငယ်တုံးကသင်္ကြန်ပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅

ဆယ့်နှစ်လဟုသတ်မှတ်ထားသော တနှစ်တာကာလအတွင်း ပွဲတော်ဆယ်နှစ်မျိုးမကရှိနေသည်မှာ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတွင်သာဖြစ်မည်ဟုထင်မိပါတယ်။ တနိုင်ငံလုံးက တချိန်တည်း တပြိုင်တည်းကျင်းပကြသောပွဲတော်များရှိသလို နေရာဒေသအလိုက် ပြုလုပ်ပွဲတော်များလည်း ရှိကြပါသေးတယ်။ ရပ်ကွက်အလိုက် မြို့နယ်အလိုက်ကျင်းပတဲ့ နှစ်ကျိပ်ရှစ် ဆူပွဲ စတာမျိုးတွေပါ။ ပွဲတော်အများစုကဘာသာရေးဆိုင်ရာပွဲတွေပါ။ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေဖြင ညောင်ရေသွန်းလောင်းကြတယ်။ လပြည့်နေ့တိုင်းမှာ သတ်မှတ်ထားတဲ့ ပွဲတော်တွေရှိပါတယ်။ ကဆုန်လပြည့်နေ့ – ဝါဆို လပြည့်နေ့- သီတင်းကျွတ်လပြည့်နေ့- တန်ဆောင်းမုန်းလပြည့်နေ့နဲ့ တပေါင်းလပြည့်နေ့တွေကို အခါကြီး နေ့ကြီး ရက်ကြီး များအဖြစ် တတိုင်းပြည်လုံးမှာ ကျင်းပကြပါတယ်။ အင်္ဂလိပ်အစိုးရသခင်ကြီးများကတောင် ဂဇက်တက်ရုံးပိတ်ရက်သတ်မှတ် ပေးရတဲ့နေ့များဖြစ်ပါတယ်။

နတ်တော်လပြည့်ကျော်တရက်နေ့ကိုတော့ စာဆိုတော်နေ့လို့ သတ်မှတ်ပေးထားပါတယ်။ လအလိုက်ပွဲတော်တွေကို ကျင်း ပနေတော့ ကလေးတွေကအစ တော်သလင်းဆိုရင် လှေသဘင်ပွဲ၊ တပို့တွဲလဆိုရင် ထမနဲပွဲဆိုတာ တွေကိုသိနေကြ ပါတယ်။ တချို့သောပွဲတော်တွေမှာ လူကြီးတွေက ဥပုဒ်စောင့်၊ တရားနာ၊ ဘာသာရေးသက်သက်သာလုပ်နေပေမဲ့ လူငယ်လူရွယ်ကလေးသူငယ်တွေအတွက်ကတော့ ပျော်ရွှင်ဘွယ်ရာပွဲတော်ဖြစ်နေကြပြန်ပါတော့တယ်။

တန်ခူးလမှာကျင်းပတဲ့ အတာသင်္ကြန်ပွဲကတော့ အသိသာဆုံးပွဲတပွဲဖြစ်ပါတယ်။ အသက်အတော်အတန်ရလာသူတွေ က ဘုရားသွားရိပ်သာသွား သီလယူဥပုသ်တည် စောင့်နေချိန်မှာ ကလေးသူငယ် လူငယ် လူလတ်အပါအဝင် အသက်မကြီး သေးဘူးလို့ထင်နေသေးသူများပါ ရေကစားရင်းပျော်ရွင်နေကြတဲ့အချိန်ကာလဖြစ်ပါတယ်။ ကျွန်တော်အတွက်တော့ သ င်္ကြန်ဆိုတဲ့စကားသံကို စကြားဘူးတာ အဖွားဆီကပါ။ အဖွားက တပေါင်းလလောက်ကထဲက သင်္ကြန်စာထွက်ပြီလားလို့ အ ပြင်ကပြန်လာတဲ့သူတိုင်းကို မေးနေပါတော့တယ်။ သင်္ကြန်ရဲ့ထူးခြားမှုက မြန်မာ့ပွဲတော်ကို အင်္ဂလိပ်ရက်နဲ့သတ်မှတ်ထားတာဖြစ်ပါတယ်။ တန်ခူးလ တာသင်္ကြန်ရေသဘင်ပွဲဆိုပေမဲ့ ရက်အတိအကျသတ်မှတ်ထားတာက ဧပြီလမှာပါ။ အဖွားက မတ်လလောက်ဆိုရင် မျှော်နေတဲ့သင်္ကြန်စာကို မန္တလေးက ဗေဒင်ပညာရှင်တွေက ရေးသားပြုစုကြတာပါ။ စာစောင်က အဲဒီခေတ်က အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေနေတဲ့ နေရှင်းသတင်းစာအရွယ်လောက်ရှိပါတယ်။ တရွက်ထဲမှာ စာမျက်နှာအပြည့် ရေးသားရိုက်နှိပ်ထားတာပါ။ အခုထိလည်း သင်္ကြန်နားနီးရင် ထွက်နေတုံးပါ။ စာရွက်အရွယ်ကတော့ မူလအရွယ်ထက် တဝက်လောက်ပဲရှိပါတော့တယ်။ ပုံစံနဲ့ အရေးအသားအနှစ်သာရကတော့ မပြောင်းလဲသွားပါဘူး။

သင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်နေ့ကို သင်္ကြန်အကြိုနေ့လို့ သတ်မှတ်ထားပါတယ်။ ဒီနေ့မှာ ရေမကစားရသေးပါဘူး။ အစိုးရရုံးက ဝန်ထမ်းတွေအတွက် ရုံးတက်ရတဲ့နေ့ဖြစ်ပါတယ်။ ကလေးတွေကတော့ ရေပက်ကစားနေကြပါပြီ။ ၁၄ ရက် နေ့ကို အကျနေ့၊ ၁၅ ရက်နေ့ကို အကြတ်နေ့လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ အချို့နှစ်တွေမှာ အကြတ်နေ့က နှစ်ရက်ဖြစ် တတ်ပါတယ်။ ရေကို တရက်ပိုကစားရလို့ ကလေးတွေပျော်ကြတဲ့ အချိန်ကာလဖြစ်ပါတယ်။ ၁၆ ရက်နေ့ ဒါမှမဟုတ် ၁၇ ရက်နေ့ကို သင်္ကြန်အတက်နေ့ဆိုပြီး ရက်တွေကို ဆက်တိုက်သတ်မှတ်ထားပါတယ်။ သင်္ကြန်ကာလပြီးဆုံးပြီးနောက်တနေ့ကိုတော့ မြန်မာနှစ်ဆန်းတရက်နေ့ဖြစ်ပါတယ်။ ကလေးတွေကအစ ပြက္ခဒိန်ကိုကြည့်လိုက်ရင် အကြို၊ အကျ၊ အကြတ် အတက်နဲ့ နှစ်ဆန်းတရက်နေ့တွေကို သိနေတာပါ။ သင်္ကြန်စာကပြက္ခဒိန်နဲ့ မတူပါဘူး။ ဗေဒပညာရှင်တွေက ပြုစုရေး သားထားတာဆိုတော့ အပေါ်ဆုံးမှာ ဇာတာခွင်ပါပါတယ်။ အကျနေ့အတွက်ဇာတာနဲ့ အတက်နေ့အတွက် ဇာတာတွေကိုဖွဲ့ ထားတာဖြစ်ပါတယ်။

ငယ်ငယ်တုံးကတော့ ဘာသိမှာပါလဲ။ စက်ဝိုင်းထဲမှာ ဂဏန်းတွေရေးထားတာလို့သိထားတာပါ။ ပြီးမှ သင်္ကြန်ကျချိန် သင်္ကြန် အကြတ်ကာလနဲ့ မဟာသင်္ကြန်တက်မဲ့အချိန်တွေကို အချိန်နာရီတွေနဲ့ အတိအကျဖော်ပြထားပါတယ်။ ဒါတွေက သင်္ကြန်နားနီးရင်ထုတ်ဝေနေတဲ့သတင်းသာတွေထဲမှာလဲအမြဲပါနေတော့မထူးဆန်းသလိုဖြစ်နေပါတယ်။ ဇယတု.. အစချီတဲ့ စာ သားတွေကိုဖတ်ကြည့်လိုက်တော့မှ ခေါင်းကိုချာချာလည်သွားပါတော့တယ်။ ဒေဝပုတ္တတို့ သူရိယတို့ဆိုတာတွေကို နားမ လည်သေးဘူးလေ။ အဘွားသိပ်ဝင်စားတာက စာစောင်ရဲ့ ညာဘက်ထောင့်မှာပါတဲ့ နတ်သားပုံကိုပါ။ တနင်္ဂနွေဂြိုလ်မင်းက ဘယ်လိုဝတ်ဆင်ထားပြီး ဘယ်လက်က ဘယ်ပစ္စည်းကိုကိုင်ထားသလို ညာလက်က ဘာလုပ်နေသလဲဆိုတာကို သေသေ ချာချာ လေ့လာပါတယ်။

ဒီပုံအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်က စာစောင်ထဲမှာ ပါပြီးသားဖြစ်ပါတယ်။ ပြည်ရွာဝပြောသာယာအံ့။ မီုးဦးကောင်းအံ့။ ရ ဟန်းသာမဏေပညာတတ် ပေါများအံ့ စသဖြင့်ပေါ့ဗျာ။ ဗြဟ္မာမင်း၏ဦးခေါင်းကို ရဿကာဒေဝီနတ်သမီးလေး အလှည့်စေ့၍ နန္ဒာဒေဝီနတ်သမီးလေးထံသို့ လှမ်းပေးလိုက်သည်။ ဒါကြောင့် ရာဟုသားသမီးများ အကျနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်မှာ  မြောက်အရပ်ဘက်ကိုမျက်နှာမူ၍ ခေါင်းဆေးရမည်။ ပြီးလျှင် သပြေပန်းကိုပန်ရမည်။ အဘွားလိုချင်တဲ့အချက်က ဒီအချက် ပါ။ အကျနေ့မှာ သင်္ကြန်စာထဲမှာပါတဲ့အတိုင်း အချိန်အတိအကျ ရေချိုးခေါင်းလျှော်ပြီး သပြေပန်းကို မပျက်မကွက် ပန်ပါ တော့တယ်။ တနှစ်စာလုံး ကောင်းအောင်ပြင်ဆင်တဲ့သဘောပါ။ သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့မှာတော့ အဘွားက ပိုက် ဆံကို လုံးဝထုတ်မသုံးပါ။ တနှစ်လုံး အိတ်ထဲကပိုက်ဆံထုတ်မသုံးရစေမဲ့သဘောပါ။ အဘိုးကတော့ မုန့်ဝယ်ကျွေးပါတယ်။အဘိုးဝယ်ကျွေးတာကိုတော့ အဘွားက အားရ ပါးရစားပါတယ်။ သူအိတ်ကသာ မထုတ်ချင်တာပါ။ အဘွားရဲ့ သင်္ကြန်ကာလ အတွင်း ပုံမှန်လုပ်နေကျအလုပ်ကတော့ မုန့်တွေကိုလုပ်ပြီး အရပ်ထဲကို ဝေပေးတာပါ။ အကြိုနေ့ကစပြီး အတက်နေ့အထိ နေ့တိုင်း မုန့်တမျိုးမျိုးလုပ်ဖို့ စီစဉ်ထားပါတယ်။ လုပ်ပြီးသမျှမုန့်တွေကို မြေးတွေက အိမ်တွေကို လိုက်ဝေရပါတယ်။ တချို့ အိမ်တွေက သူတို့အိမ်မှာလုပ်စားတဲ့မုန့်ကို ပြန်ထည့်ပေးပါတယ်။ တချို့အိမ်တွေကတော့ နောက်မှလာပို့ပေးကြပါတယ်။   မုန့်လဲစားကြသလိုဖြစ်နေပါတယ်။ တအိမ်နဲ့ တအိမ် လုပ်စားတဲ့မုန့်ခြင်းတူနေရင်တောင် အရသာက ကွာခြားနေတတ်ပါ တယ်။ အဘွားရဲ့ဆန္ဒအားလုံးကို ကျွန်တော်ရဲ့အဒေါ် အပျိုကြီးက ဒိုင်ခံလုပ်ပေးပါတယ်။

သင်္ကြန်မတိုင်ခင်ကတည်းက လိုအပ်တဲ့ပစ္စည်းတွေကိုေ​ဈးတွေမှာလိုက်ဝယ်ပြီး သိမ်းထားရပါတယ်။ မုန့်လုပ်ရာမှာ မပါမဖြစ် တဲ့ အုန်းနို့ရအောင်တော့ အုန်းသီးခြစ်တာညှစ်တာတွေကိုတော့ အိမ်နားကေ​ဈးက အုန်းသီးခြစ်သည် ညှစ်သည်ဆို တဲ့ဆိုင် မှာ သွားလုပ်ရပါတယ်။ အလှူလုပ်တဲ့သူတွေကများတော့ ဆိုင်ရှင်က ပြုံးရွှင်နေပါတယ်။ အကြိုနေ့မှာ ကျောက်ကျော၊ အကျ နေ့မှာ ရွှေရင်အေး၊ အကြတ်နေ့မှာ မုန့်လုံးရေပေါ်နဲ့ အတက်နေ့မှာတော့ အားလုံးအကြိုက် သင်္ကြန်ထမင်းလုပ်လေ့ရှိပါ တယ်။ သင်္ကြန်ထမင်းဆိုတာက မော်လမြိုင်သား အဘိုးရဲ့အကြိုက် အစားအစာပါ။ အဘိုးကြိုက်တာကို လိုက်စားကြရာက နေ တမျိုးလုံးကြိုက်သွားကြပါတော့တယ်။ ဖယောင်းသင်းထားတဲ့ရေကို ထမင်းမှာရွှဲနေအောင်လောင်းထည့်ထားပြီး သရက် သီးထောင်းကျော်၊ ငရုတ်သီးအတောင့်လိုက်ကျော်တွေနဲ့ တွဲဘက်စားရတာပါ။ တချို့က ဖယောင်းနံ့သင်းနေတာကို မကြိုက် လို့ တချို့ကတော့ ထမင်းကိုရေဆမ်းထားတာကိုမကြိုက်တော့ မစားကြပါဘူး။ ကျွန်တော်တို့ကလေးတွေကတော့ ရေပက် ကစားဘို့ကိုပဲတွေးနေကြပါတယ်။ ဧပြီလဆန်းတာနဲ့ ဘီဒိုထဲမှာသိမ်းထားတဲ့ ကြေးရေပြွတ်တွေကို အဘွားကထုတ်ပေးပါ တော့တယ်။ ပထမဆုံးရေပြွတ်ကို သန့်ရှင်းအောင် ရေဆေးရပါတယ်။ ပြီးမှ ဝါရှာသွားလဲရပါတယ်။ စောစောလဲထားမှေ​ဈးသက်သာပါတယ်။ ဝါရှာလဲလိုက်တော့မှ ရေလုံသွားတဲ့ကြေးပြွတ်ကြီးကို ပြောင်လက်သွားအောင် ကြေးပွတ်ဆေး ဘရာ ဆိုနဲ့ တိုက်ရပါတယ်။ ဒါမှလည်း ကြေးပြွတ်နဲ့ပက်သူ အချင်းချင်းတွေ့တဲ့အခါမှာ ကိုယ်ပြွတ်က ပြောင်လက်နေမှာဖြစ်ပါတယ်။

အကြိုနေ့မနက်ပိုင်းမှာ မုန့်တွေကိုလိုက်ပို့ပြီးတာနဲ့ ကြေးပြွတ်ကြီးကိုကိုင်ပြီး ရေပကဘို့ ပြင်နေပါတော့တယ်။ ဒါပေမဲ့ သိပ်ပက်ခွင့်မရပါဘူး။ေ​ဈးသွားတဲ့သူတွေက အပြန်မှပက်ဆိုတာကြောင့် ပက်မလို့ရွယ်ထားတဲ့လက်ကို ပြန်ရုတ်လိုက်ရ ပါတယ်။ မပက်နဲ့လို့သာ ပြောသွားတယ်။ သူ့ကျောပြင်က ရေစိုနေပါပြီ။ လာပြန်ပါပြီ နောက်တဖွဲ့။ ဘုန်းကြီးကျောင်းကို သွားသီလယူမလို့တဲ့ ငရဲကြီးမယ်မပက်ရဘူး။ သွားပြန်ရောတဖွဲ့။ ဥပုသ်သည်ဆိုသူတွေက မျက်နှာခြင်းဆိုင်ကလာတဲ့ အကိုကြီးတွေပက်သွားတော့ ငြင်းသံမကြားမိလိုက်ပါဘူး။ တကယ့်ဥပုသ်သည်တွေက ယောဂီဝတ်စုံဝတ်သွားမှာကို မသိ သေးဘူးလေ။ ဒီတခါလာနေတာတော့ လေးယောက်တောင်။ အားရပါးရ ပက်လိုက်မယ်ပေါ့။ ဘုန်းကြီးကျောင်းသွားတာ မဟုတ်ပါစေနဲ့။ေ​ဈးသွားမလို့ပြောရင်လဲ ပက်ပစ်လိုက်မယ်။ အနားလဲရောက်လာရော အိမ်ပေါ်ကနေကြည့်နေတဲ့အဘိုးက ရုံးသွားတဲ့သူတွေကို မပက်ရဘူးလို့ အော်ပြောလိုက်ပါတယ်။ သွားပြန်ပေါ့ နောက်တဖွဲ့။

နောက်တခါတော့ ဘာပဲပြောပြော ဘယ်သူပဲလာလာ ပက်လိုက်မယ်လို့ ကြံနေတုန်း ခွေးတကောင်ဖြတ်ပြေးသွားတာနဲ့ ခွေး ကိုပဲ ရေပြွတ်နဲ့ပက်လိုက်ပါတော့တယ်။ သူမလဲ လမ်းတလျှောက်လုံး ကိုယ်အရင်ပက်ထားတဲ့ကလေးတွေက များလွန်း တော့ ရွဲရွဲကိုစိုနေပါတော့တယ်။ သူက လှမ်းခါလိုက်တော့ သူဆီကရေတွေက ကျွန်တော့်ကို လာစိုပါတော့တယ်။ ရေပုံးထဲက ရေတွေကိုခပ်ခပ်ပြီး ကိုယ်ကိုကိုယ်ပြန်လောင်းလိုက်ပါတယ်။ လမ်းပေါ်မှာ ရေဆင်းချိုးနေသလိုဖြစ်နေပါတယ်။ ရေစို သွားတာနဲ့ အပျော်ဓာတ်ကလေးဝင်လာပါတော့တယ်။ ဘုရားသွားမယ်ပြောပြော၊ ကျောင်းသွားမယ်ပြောပြော၊ ပက်တော့ တာပါပဲ။ေ​ဈးအပြန်တွေကလဲ ပြုံးပြုံးလေးနဲ့ အပက်ခံနေပါတယ်။ ကားတစီး လမ်းထဲကိုကွေ့ ဝင်လာပါတယ်။ ကားရဲ့လေး ဘက်လေးတန်ကို အလှဆင်ထားတဲ့ အဝတ်ပိတ်စတွေနဲ့ ကာရံထားပါတယ်။ သင်္ကြန်ရေပက်ခံ အလှပြကားဖြစ်နေပါတယ်။ကာထားတဲ့ပိတ်စပေါ်မှာ ရေပက်ခံအဖွဲ့အမည်တွေကို ပန်းချီစာလုံးတွေနဲ့ရေးထားပါတယ်။ တောသားကြီး၊ လယ်ယာမောင်၊ ပျို့တို့ချစ်တဲ့မောင်လူချော စသဖြင့် ပေးထားကြပါတယ်။ ကားပေါ်မှာအင်္ကျီဆင်တူဝတ်ထားတဲ့သင်္ကြန်အဖွဲ့သားတွေက ဟန်ရေးပြ ထိုင်လိုက်လာကြပါတယ်။ တောသားကြီးကားပေါ်ကလူတွေက တောသားပုံစံ လုံချည်တိုတို ကတုံးဆံတောက်နဲ့ လိုက်လာကြသလို လယ်ယာမောင်ကားပေါ်မှာတော့ နွားရုပ်ကြီးတွေ လှည်းနဲ့တဲအိမ်လေးပါ တင်ထားပါတယ်။ လည်းစည်း ပုဝါလေးတွေကို လည်ပင်းပါပတ်ထားကြသလို အချို့အဖွဲ့တွေက ခေါင်းမှာပတ်ထားကြပါတယ်။ အဲဒီစတိုင်ကို ကျွန်တော်တို့ ကလေးတွေ အင်မတန်သဘောကျတာပေါ့။

ရေပက်ခံမဲ့ဂျစ်ကားတွေလဲ လမ်းထဲကိုဝင်လာကြပါပြီ။ ဒီကားတွေရဲ့ အရှေ့နဲ့အနောက်မှာ အဖွဲ့အမည်ကို စကောတွေကို ရောင်စုံချယ်ကာ ရေးထားကြပါတယ်။ ကောလိပ်ဂျင်၊ ချစ်စရာအညာသား စသဖြင့် ယဉ်ယဉ်ကျေးကျေးအမည်တွေပေးထားကြပါတယ်။ ကားတစီးနဲ့ တစီး ဆုံကြတဲ့အခါ အော်ဟစ်နောက်ပြောင်တာကိုက ဘေးကလူတွေကိုပါ အပျော်ဓာတ်တွေစီး ဆင်းလာပါတယ်။ ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ပါ။ ညဘက်ကြရင်တော့ ဆုပေးမဏ္ဍပ်တွေမှာ သင်္ကြန်အလှပြကား တွေက သံချပ်လာပြီးယှဉ်ပြိုင်ကြတာကို လာကြည့်ကြတဲ့ပရိတ်သတ်တွေနဲ့ စည်ကားနေပါတယ်။ အလှအကတွေနဲ့ ပြိုင် သက်သက်သာ ပြိုင်တဲ့ကားတွေလဲရှိပါတယ်။ စွယ်စုံဆိုတာကတော့ သံချပ်အပြင် အကအလှတွေ ပါဝင်ပြိုင်တဲ့ကားတွေကို ခေါ်ပါတယ်။ လူသားတွေ နေ့စဉ် နေ့တိုင်း တွေ့ကြုံနေရတဲ့အဖြစ်အပျက်လေးတွေကို သံချပ်စပ်ဆိုထားတော့ လာကြည့်တဲ့ လူတွေက သဘောကျကြပါတယ်။ အရေးအဖွဲ့ကောင်းတဲ့သံချပ်စာသားတွေကို တင်ပြပုံကောင်းကောင်းနဲ့ ပြိုင်ပွဲဝင် ကား တွေဆို လမ်းမပေါ်မှာ လူတွေနဲ့ပိတ်နေပါပြီ။ သမဝါယမနဲ့ ဘတ်စ်စကားကတော့ နှစ်တိုင်းပါနေကျ စာသားတွေဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်ပုံပြောင်းလဲလာပုံတွေကလဲ သံချပ်သမားတွေအတွက် ကုန်ကြမ်းတွေဖြစ်နေပါတယ်။ ဆုပေးမဏ္ဍပ်နားကိုရောက်လာတဲ့ကားက မဏ္ဍပ်မှာ အရင်ရောက်နေတဲ့ကားပြိုင်ပွဲဝင်နေတာကို စောင့်နေရင်း ပရိတ်သတ် ကို သူတို့အဖွဲ့ရဲ့သံချပ်စာသားပါဝင်တဲ့ သံချပ်စာသားပါ စာအုပ်လေးတွေကို ဝေပေးတတ်ပါတယ်။ လူတိုင်းတော့ မရပါဘူး။ အပျိုချောချောလေးတွေ အနားကလူတွေကိုသာ ကမ်းပေးတာပါ။ အဲဒီကမ်းပေးတဲ့အချိန်မှာ ဝင်လုရပါတယ်။ စာအုပ်ကိုလု လို့ရသွားသူတွေကတော့ ပြိုင်ပွဲဝင်နေချိန်မှာ သံချပ်စာသားတွေ သီချင်းစာသားတွေကို သိနေရပါတယ်။

သံချပ်အတိုင်သမားကအလယ်မှာရပ်နေပြီး အဖောက်လိုက်ဆိုမဲ့သူတွေကဝိုင်းရံကာ ပစောက်ပုံ ဝိုက်ဝိုက်ကလေး နေရာ ယူထားကြပါတယ်။ တိုင်တဲ့သူက တိုင်လိုက်တဲ့စာသားတွေကို ဖောက်တဲ့သူတွေက လိုက်ဖောက်နဲ့ အတိုင်အဖောက်ညီနေရင် နားထောင်လို့ အင်မတန်ကောင်းပါတယ်။ ကြားထဲမှာသံချပ်နဲ့ ဆက်စပ်နေတဲ့သရုပ်ပြကွက်လေးတွေကို တင်ဆက်ပြသပါ သေးတယ်။ ဘတ်စ်ကားနဲ့ပတ်သက်တဲ့သံချပ်ကိုမတိုင်မီ ခရီးသည်နဲ့စပယ်ယာတို့သဘာဝမှာ ဖြစ်တတ်ပုံလေးတွေကို ပြ ဇာတ်ဆံဆံတင်ပြသွားနေရင်း အတိုင်သမားက ဘတ်စ်ကားဘတ်စ်ကားလို့ ထအော်လိုက်တဲ့အခါမှာ အဖောက်သမားတွေက အကြွေပြန်မအမ်းတဲ့ ဘတ်စ်ကားလို့ လိုက်လာပါတော့တယ်။ ဒီအချိန်မှာ ပရိတ်သတ်တွေဆီက ဝါးကနဲသဘောကျသံတွေလက်ခုတ်တီးအားပေးသံတွေ ထွက်ပေါ်လာပါတယ်။ စာအုပ်ရလိုပ်တဲ့ကျွန်တော်လည်း အိမ်ပြန်ရောက်တာနဲ့ လက်ကိုင် ပုဝါကို ခေါင်းစည်းပြီး ဘတ်စ်ကား ဘတ်စ်ကားလို့ အတိုင်ကိုအော်လိုက် ကိုယ်ဖာသာ အဖောက်ကိုအော်လိုက်နဲ့ တယောက် ထဲပျော်နေမိပါတယ်။ သင်္ကြန်ပြီးသွားတာတောင် ဒီရောဂါက တလလောက်ရလိုက်ပါသေးတယ်။

အတာကာလ ပြီးဆုံးပြီး နှစ်ဆန်းတရက်နေ့မှာ ကောင်းမှုကုသိုလ်ပြုလုပ်ကျတဲ့ပွဲတွေနဲ့စည်ကားနေပါတယ်။ လွန်ခဲ့တဲ့လေး ငါးရက်က အော်ဟစ်ပျော်ပါးနေကျတာ ဟုတ်ကဲ့လားလို့တောင် ထင်နေရပါတယ်။ ရပ်ကွက်တိုင်းမှာ သံဃာတော်တွေကို ပင့်ဖိတ်ကြားကာ အန္တရာယ်ကင်းအောင် ပရိတ်တရားတော်များနာကြားကြသလို သတ္တဝါများကိုလဲ ဘေးမဲ့လွှတ်ပွဲများပြု  လုပ်ကြပါတယ်။ ကျွန်တော်အတွက်ကတော့ အတက်နေ့ ညနေစောင်းတာနဲ့ ကြေးပြွတ်ကြီးကို အဖွားဆီကို ပြန်အပ်လိုက်ရပါ တယ်။ အဖွားက အကြိုမတိုင်ခင်ကထဲကပေးထားတဲ့ပစ္စည်းကို တနှစ်တာအတွက် သိမ်းထားရန်လုပ်နေပါတော့တယ်။  သင်္ကြန်စာကိုတော့ ဘုရားစင်ပေါ်မှာ အမှတ်ရရသိမ်းထားပါတယ်။ တနှစ်စာ ဟောစာတမ်းပါတာကြောင့်ပါ။

သင်္ကြန်စာမှာ ကဆုန်လတွင် သရက်သီးစိုက်ပျိုးသူများ အကျိုးအမြတ်ခံစားရအံ့ဟုပါလာရင် ဒီနှစ်သရက်သီးအထွက်ကောင်း မယ်၊ သရက်သီးကုလားတယ်လုပ်ရမယ်။ ဒီနှစ် သင်္ကြန်မိုးကမရွာပဲ နောက်ကျနေပါတယ်။ မိုးမရွာတော့ ပိတောက်ပင်က အပွင့်တွေ မပွင့်ကြပါဘူး။ ဒါပေမဲ့ ပိတောက်ပန်းတွေကို ဝေနေအောင် ပန်လာတဲ့သူတွေကို ရေပက်ခံကားတွေအပေါ်မှာတွေ့လိုက်မိပါတယ်။ အပင်ကိုရေဖြန်းပြီး အပွင့်ပွင့်အောင်လုပ်လိုက်တာလို့ သိလိုက် ရပါတယ်။ အချို့ အဝါရောင်ပန်းတွေက ငုပန်းတွေလို့ သိရပြန်ပါတယ်။ တချို့အပင်တွေက မိုးရွာမှပွင့်တာကြောင့် ဒီတလလုံး အမျိုးသမီးတွေရဲ့ခေါင်းပေါ်မှာ ပိတောက် ပန်းတွေနဲ့ ဝေနေပါတော့တယ်။

ဒီလိုနဲ့ ကံ့ကော်ပန်းတွေပျောက်၊ ပိတောက်ပန်းတွေရောက်၊ တခါ ပိတောက်တွေပျောက်တော့ စိန်ပန်းတွေရောက်လာပြန် ပါတယ်။ ရာသီပန်းတွေ ပေါ်လိုက် ပျောက်လိုက်နဲ့ ရာသီတပတ်လည်ပြီး ပိတောက်ပွင့်တဲ့သင်္ကြန်ကာလကိုရောက်လာပြန် ပါတယ်။ မောင်တို့ ချယ်ရီမြေရုပ်ရှင်ကလည်း ပြပြီးကာစဆိုတော့ မန္တလေးသင်္ကြန်ပွဲကို သွားချင်နေပါတယ်။ ဒါပေမဲ့တကယ် ရောက်သွားတာက မော်လမြိုင်သင်္ကြန်ဖြစ်နေပါတယ်။ ဘီလူးကျွန်းသားအဘိုးက သွားချင်တာလား ရွှေကျင်သူအဘွားက သွားချင်တယ်လို့ ပူစာလို့လား ဘာကြောင့်မှန်းမသိရပေမဲ့ ရွှေမြိုင်သင်္ကြန်ကို ကြုံဘူးသွားပါတော့တယ်။ ထားဝယ်စုရပ်မှာ အဘိုးငယ်ငယ်ကနေခဲ့တဲ့အိမ် ရှိပါတယ်။ အဘိုးရဲ့ညီမ အပျိုကြီးနှစ်ယောက် နေနေပါတယ်။ အစည်ဆုံးဖြစ်တဲ့ အောက်လမ်းမကြီးပေါ်မှာရှိနေတာကြောင့် အိမ်ကနေပဲ ရေသဘင်ပွဲကို ဆင်နွှဲရပါတော့တယ်။ ဘုံပြတ်ခေါ် မြင်းလှည်းလေးနဲ့ ရေပက်ခံ ထွက်သူတွေ၊ သင်္ဘောသီးထက်ခြမ်းခွဲထားတဲ့ပုံစံ ဘော်ဒီတင်ထားတဲ့လိုင်းကားတွေစီးကာ ရေပက်ခံထွက်သူတွေကို ရေ ခွက်နဲ့ ပက်ရပါတယ်။ ကြေးပြွတ်ကြီးတွေက မယူလာရဘူးလေ။ ဒါကြောင့် အဘွားအပျိုကြီးနှစ်ယောက် ရေချိုးတဲ့ ကြေး ဖလားကြီးနဲ့ ပက်ရပါတယ်။

ရန်ကုန်က အမျိုးတွေလာလည်တယ်ဆိုတဲ့သတင်း ပြန့်သွားတာကြောင့် လာပို့ကြတဲ့ ကျောက်ကျော၊ သင်္ကြန်ထမင်းစတာ တွေက ပေါမှ ပေါပေါ့ဗျာ။ ကျွန်တော်တို့မလာလဲ သူတို့အရပ်ထုံးစံက တအိမ်ကလုပ်တာကို တရပ်ကွက်လုံး လိုက်ဝေလေ့ ရှိပါတယ်။ အဘွားက ဒါကြောင့်သင်္ကြန်ဆို မုန့်လုပ် အရပ်ဝေလုပ်တာပါလားဆိုတာကို သိလာရပါတယ်။ အိမ်ထဲဝင် မုန့်စားလိုက် အိမ်ရှေ့ကိုထွက် ရေပက်လိုက်နဲ့ မအားရပါဘူး။ ဒါပေမဲ့ သံချပ်တိုင်တာတွေကိုမကြားရတော့ တခုခုလိုသလိုဖြစ် နေပါတယ်။ မြင်းလှည်းပေါ်က ကာလသားတွေအော်သွားတဲ့ ဟိုအဒေါ်ကြီးဆောင့်ဆောင့်ထိုင် မော်လမြိုင်က ကျောက်ပွင့် လက်သုပ်ဆိုတာကို အော်အော်ဆိုနေလို့ အဆူခံရပါသေးတယ်။

အဖေက နောက်နှစ်သင်္ကြကျရင် မန္တလေးသွားမယ်ဆိုလို့ ကြိုပျော်နေရပါတယ်။ သူများတွေက မန္တလေးသင်္ကြန်က အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ အလွန်စည်ကားတယ်ပြောကြတာကြောင့် သွားချင်နေတာပါ။ ဝင်းဦးနဲ့ မန်းသင်္ကြန်ရေပန်းစားနေတဲ့အချိန်လေးပေါ့။ ဟိုရှေးတုံးကတော့ ရေပက်ခံတဲ့ကားတွေကို မဏ္ဍပ်က လှပျိုဖြူတွေက ပြန်ပြီးက ပြဖြေဖျော်တဲ့အစဉ်အလာရှိခဲ့ပါတယ်။ မဏ္ဍပ်အလိုက် ကိုယ်ပိုင်သီချင်းတွေနဲ့ ဆိုကြ ကကြသလို မြို့မအဖွဲ့ရဲ့တေးသံလေး တွေနဲ့ ဆိုကြ ကကြတာလဲ ရှိပါတယ်။

ကျွန်တော်ရောက်တဲ့အချိန်ကာလမှာတော့ ကားကိုပတ်ပြီး ကတာမရှိတော့ပါဘူး။ စင်ပေါ်ကပဲ အဆိုအကတွေနဲ့ ပြန်ဖြေဖျော် ပါတော့တယ်။ နာမည်ကြီးမဏ္ဍပ်က နဂါးမယ်မဏ္ဍပ်ပါ။ ၈၄ လမ်းမကြီးပေါ်မှာရှိပါတယ်။ လူထုစာပေတိုက်ကြီးရဲ့အနောက်ဘက်မှာ ဆောက်ထားတာပါ။ နဂါးဆေးပေါ့လိပ်ပိုင်ရှင် ဒေါ်ဦးက ဦးစီးတဲ့မဏ္ဍပ်ပါ။ ကပြ ဆိုပြတဲ့သူတွေက ဆေးလိပ်သမ တွေလို့ ပြောသံကြားဘူးပါတယ်။ အရပ်ထဲက ပျိုဖြူတွေလဲ ပါနိုင်တာပေါ့ဗျာ။ ဆင်တူဝတ်စုံဝတ်ထားပြီး ထိုင်နေတာ လူတရာ မကဘူးလို့ ထင်ရပါတယ်။ ဘယ်လောက်ကြီးတဲ့စင်ကြီးလဲဆိုတာကို တွေးကြည့်ပါတော့။ သီချင်းတွေကလဲ တနှစ်တမျိုး မရိုးရအောင် စပ်ဆိုသီဖွဲ့ထားတယ်လို့ ပြောကြပါတယ်။ ကျွန်တော်ရောက်တဲ့နှစ်ကသီချင်းကတော့ နဂါးမယ်ရဲ့ ဗြော သင်္ကြန် ကျတဲ့ဗြောဆိုတာပါ။ ဝင်းဦးပါလာတဲ့ မြို့မရေသဘင်အဖွဲ့ရဲ့ ငွေငန်းဖြူကားကြီး နဂါးမယ်မဏ္ဍပ်အရှေ့ကိုရောက်လာရင် မေး မနေနဲ့ ၈၄ လမ်းမကြီးပေါ်မှာ လူတွေပြည့်နေမှာ သေချာနေပါတယ်။ မြို့မကဆိုရင် နဂါးမယ်လေးတွေက ထကလိုက်-နဂါးမယ်လေးတွေကဆိုရင် မြို့မက တီးပေးလိုက်နဲ့ ပရိတ်သတ်ကို မငြီးငွေ့စေရအောင် ဖြေဖျော်ပေးနေပါတော့တယ်။ သူ ဒေသ သူ့စရိုက်နဲ့ ပျော်နေကျပါတယ်။ မော်လမြိုင်က ဟိုအဒေါ်ကြီးစောင့်စောင့်ထိုင်လို့များအော်လိုက်ရင် မန္တလေးသားတွေ က ဆက်ပြီးမအော်တတ်တော့မှာ သေချာပါတယ်။ မြို့မကားကြီးသွားရာကို တောက်လျှောက်လိုက်သွားတဲ့သူတွေက လိုက်၊ နဂါးမယ်ရှေ့ကနေ လာသမျှကားတွေကို စောင့်ကြည့်နေသူတွေကစောင့်ကြည့်နဲ့ တညလုံး မမောနိုင် မပန်းနိုင် ပျော် နေကြပါတယ်။ မနက်ကို အိမ်ပြန်ရောက်တော့မှ ညောင်းညာပြီး မောရမှန်းသိတော့တယ်။ အိမ်ရောက်တာနဲ့ အိပ်ယာထဲတန်း ဝင်ပြီး ခဏလေးပဲအိပ်စက်ကျဟန်တူပါတယ်။ ရေကစားချိန်မှာ မြနန္ဒာတို့ ဖြူဖြူ ပြာပြာ နီနီ ဝါဝါ စတဲ့သီချင်းတွေကို မနား တမ်း အော်ဟစ်သီဆိုရင်း ရေကစားထွက်ကြပြန်ပါတော့တယ်။ နေ့လည်ဘက် နေပူရှိန်ပြင်းထန်ချိန်မှာတော့ အရိပ်အာဝါသ ကောင်းကောင်းရှိတဲ့ အောင်ပင်လယ်ကန်ဘောင်ဘက်၊ မတ္တရာဘက်၊ တောင်သမန်အင်းရေစပ်နား၊ ကျောက်စည်ဘက်နဲ့ စစ်ကိုင်းတောင်ခြေတွေမှာ အနားသွားယူကြပါတယ်။ အိမ်မှာပြန်နားရင် ပြန်မထွက်ရတော့မှာ စိုးလို့ထင်ပါတယ်။ ဒီရက်တွေ မှာ လူကြီးတွေက မဆူပါဘူး။ ဘာလုပ်လုပ် ခွင့်လွှတ်ထားကြပါတယ်။ သူတို့ငယ်ငယ်တုံးကလဲ အိမ်မပြန်ပဲ နန်းရှေ့က ရန် ကင်းတောင်ခြေမှာ သွားနေကြတာကို သတိရနေမှာပါ။ ဓားတန်းက မီးတထိန်ထိန်လင်းနေတဲ့ မဏ္ဍပ်တွေ၊ ဆိုင်းတန်းက ပျိုဖြူချောတွေရဲ့ ရွှေခြေခြင်းကြီးနဲ့ကပြတာတွေ၊ နန်းရှေ့သူလေးတွေက ငွေဖလားကြီးနဲ့ ရေလောင်းကစားကြတာတွေကို ပြန်တွေးနေမိမှာပါ။

အခုတော့ နန်းရှေ့သူတွေလဲ ငွေဖလားအစား ပလပ်စတစ်ပိုက်ပျော့တွေကိုကိုယ်စီကိုင်ကာ ကားပေါ်က ခေါင်းဆေးဆိုးထား တဲ့ကောင်လေးကို ရေအားပြင်းပြင်းနဲ့ ထိုးပက်နေပါပြီ။ ငွေငန်းမောင်တွေကတော့ အစဉ်အလာမပျက် ထွက်နေစဲပါ။ ပြန်ပါအုံးမယ်ပြန်အုံးမယ်လို့ ကားပေါ်ကဆိုလိုက်ရင် နှုတ်ဆက်အကလေးနဲ့ ကားကိုပတ်ကရင်း နှုတ်ဆက်နေတဲ့အစဉ်အလာ လေးများရှိသေးရဲ့လား မသိတော့ပါ။ ကြာလှပြီလေ။ ကျွန်တော် ပိတောက်ရွှေဝါတို့၊ သက်ထားရွှေစင် အစရှိတဲ့နေရာတွေကို စက်ဘီးလေးနဲ့ လျှောက်လည်ငေးမောနေစဉ်တုံးက သိန်ပန်းဘုန်းတော်ကြီးကျောင်းနံဘေးက မန်ကျဉ်းပင်အောက်ကနေ ရေပက်ခံကားတွေကို ငေးကြည့်နေတဲ့ကိုရင်ပေါက်စလေးတွေတောင်၊ စာတတ် ပေတတ်ကျောင်းထိုင်ကိုယ်တော်ကြီးတွေ ဖြစ်နေလောက်ပါပြီ။

အဘွားမရှိတော့ပေမဲ့ အဘွားအားပေးနေကျ သင်္ကြန်စာကတော့ ထွက်နေဆဲပါ။ ဒီနှစ်မှာလဲ တနင်္ဂနွေဂြိုလ်မင်းက ဘယ်လို ဝတ်ဆင်ထားပြီး ဘယ်လက်က ဘာကိုကိုင်ထားမယ်ဆိုတဲ့စာ ထွက်လာနေပါပြီ။ ဗြဟ္မာမင်း၏ဦးခေါင်းကို ရဿကာဒေဝီနတ် မင်းသမီးလေး အလှည့်စေ့၍ နန္ဒာဒေဝီနတ်သမီးလေးထံသို့လှမ်းပေးလိုက်သည်။ သင်္ကြန်ကျပြီး၂၄ မိနစ်အချိန်မှာ ခေါင်း ဆေးမင်္ဂလာပြုရမည်။ ဒီအထိက ဟုတ်နေသေးတယ်။ ခေါင်းဆေးပြီးပါက စနေသား ကံ့ကော်ပန်း ပန်ပါတဲ့။ ခက်ချေပေါ့။ ပန်းပန်ရတော့မဲ့ကိန်းဆိုက်နေပါပြီ။ သမီးက သမီးပန်လိုက်မယ်အဖေရယ်ဆိုလို့ သက်သာသွားပါတယ်။ သမီးအမေက တော့ သင်္ကြန်ကာလမှာ မုန့်လုပ်ဝေရန် စာရင်းလုပ်နေပါတယ်။ သားကြီးက ရန်ကင်းဘက်က အမျိုးတွေကို သူသွားပို့ ပေးမယ်တဲ့။ သွားပို့ရမဲ့ဘွားလေးအိမ်ကမုန့် စားရမှာသေချာနေတာကိုး။ သားငယ်ကတော့ မြောက်ဥက္ကလာဘက်က မိတ် ဆွေအမျိုးတွေကို တာဝန်ယူထားတယ်။ သားချောလေးက အရပ်ထဲကိုလိုက်ပို့ပေးပါမယ်။ ရွှေကျင်သူ အဘွားကြိုက်တဲ့ သ င်္ကြန်ထမင်းကိုလဲ မမေ့ရအောင် စာရင်းထဲမှာထဲ့ထားရပါသေးတယ်။ ဗြဟ္မာကြီးဦးခေါင်းကိုင်တဲ့ နတ်သမီးလေးတွေ ပြောင်း သွားသလို ကျွန်တော်တို့ရဲ့အသက်တွေကလည်း ပြောင်းလဲတိုးတက်လာပါတယ်။ လူက အိုတယ် နာတယ်ဆိုကာ ဇရာ ဘက်ကို ပြောင်းလာကြပါတယ်။ သင်္ကြန်ကတော့ အချိန်မှန်ကျနေဆဲပါ။ မပြောင်းလဲသွားပါဘူး။ ကျွန်တော်လဲ နှစ်တိုင်း ဧပြီလ ၁၃ ရက်နေ့ရောက်ပြီဆိုရင် ကြေးပြွတ်ကြီးတွေ၊ ပိတောက်ပန်းတွေ၊ ငုဝါပန်းတွေ၊ သံချပ်သံတွေကို သတိရနေတုံးပါ။ ကလေးတွေရဲ့အမေက သီလယူဥပုသ်ဆောင့်ထားခိုင်းလို့ စိတ်ကိုကြေးပြွတ်ကြီးဆီမရောက်အောင် ထိန်းနေရပေမဲ့ မြန်မာရုပ်မြင်သံကြားကလွှင့်ပေးနေတဲ့ အိမ်မက်စေတမန်ကိုတော့ ခိုးကြည့်ရင်း လိုက်ဆိုမိလိုက်ပါသေးတယ်။

အသုံးပြုထားသည့် သရုပ်ဖော်ပုံအား ဒီနေရာမှ  ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်