မောင်မောင်စိုး – ကိုးကန့်ပြဿနာ – အပိုင်း (၁)

March 1, 2015

– ကိုးကန့်ပြဿနာ – အပိုင်း (၁)
(မိုးမခ) မတ်လ ၁၊ ၂၀၁၅

• ကိုးကန့်ဒေသ
တကယ်တော့ ကိုးကန့်ဒေသဟာ မြန်မာပြည်နယ်နိမိတ်ထဲကို ထိုစဉ် မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ အင်္ဂလိပ်အစိုးရနဲ့ တရုတ်  အစိုးရတို့ရဲ့ သဘောတူညီချက်ကအစပြုပါတယ်။ နောက်ပိုင်း တရုတ် မြန်မာနယ်နမိတ် တိုင်းထွာသဘောတူညီချက်တွေ အရလဲ မြန်မာပိုင်အဖြစ် အသိမှတ်ပြုထားခဲ့တာပါ။ ဒါပေမဲ့ ကိုးကန့်ဒေသမှာ အများစုနေထိုင်တဲ့လူမျိုးဟာ ကိုးကန့်တရုတ် တွေဖြစ်ပြီး ဒုတိယ ပလောင်လူမျိုးများနေထိုင်ကြတာပါ။

ကိုးကန့်တရုတ်ဆိုတာ တရုတ်နွယ်ဖွားဖြစ်ပေမဲ့ မြန်မာနိုင်ငံသားပါ။ တချို့ပြောကြသလို ယူနန်တရုတ်နဲ့ မတူညီပါ။ ကိုးကန့် တွေမှာ အခြားတရုတ်တွေနဲ့ ကွဲပြားတဲ့စကား လေယူလေသိမ်း ဒေသန္တိယစကားရှိပါတယ်။ အခြား ပြည်မတရုတ်များနဲ့ ကွာ ခြားပါတယ်။

အခြားတရုတ်များနဲ့ဆက်ဆံရာမှာတော့ ဖူထုံးဟွာလို့ခေါ်တဲ့ အများသုံးတရုတ်စကားကို သုံးပါတယ်။ ဒါတောင် ကိုးကန့် လေ ပါပါတယ်။ ပလောင်ရွာတွေဟာလဲ ကိုးကန့်ရွာတွေနဲ့ တွဲပြီးရှိကြပါတယ်။ ဥပမာ- ခုတိုက်ပွဲတွေဖြစ်နေတဲ့ ကုန်းကြမ်း ဟာ ကိုးကန့်ရွာကြီးဖြစ်သလို ပလောင်ရွာလဲ တွဲရက်တည်ရှိပါတယ်။

ကိုးကန့်ဒေသကို ယခင်အစဉ်အဆက် ကိုးကန့်စော်ဘွားက အုပ်ချုပ်ပါတယ်။ သိန္နီစော်ဘွားလက်အောက်ခံပါ။ လွတ် လပ် ရေးရခါစ ကိုးကန့်စော်ဘွားက ယန်မိသားစုပါ အက်ဒွပ်ယန်ပါ။ ဂျင်မီယန်နဲ့ အော်လစ်ယန်က သူ့ညီနဲ့ ညီမပါ။ ၁၉၆၀ နောက် ပိုင်း ရှမ်းပြည်စော်ဘွားတွေ အာဏာစွန့်ရပါတယ်။ ဒါကိုမကျေနပ်တဲ့ ဂျင်မီယန်က ကာကွယ်ရေးတပ်နဲ့ ပြန်တိုက်ပါတယ်။ ၁၉၆၇ မှာ ဂျင်မီယန်အလင်းဝင်ပါတယ်။ ဖုန်ကြားစင်းခေါင်းဆောင်တဲ့ ကာကွယ်ရေးတပ်က အလင်းမဝင်ဘဲ ဆက်တိုက်ပါ တယ်။ ဂျင်မီယန်ကတော့ ၁၉၇၀ မှာ ဦးနုတို့ ပဒပမှာပြန်ပါပြီး ထိုင်းဘက်ကို နောက်တခါ တောပြန်ခိုသွားပါတယ်။

• ကိုးကန့်နဲ့ ဖုန်ကြားစင်း
ဖုန်ကြားစင်းမိသားစုဟာ ကိုးကန့်ဒေသ ဟုန်စစ်ထိုးဟော်ရွာဇာတိပါ။ မြန်မာလို ကျောက်တုံးနီရွာလို့ အဓိပ္ပါယ်ရပါတယ်။ ဖုန်မိသားစုဝင်တွေဟာ ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေပါ။ စော်ဘွားတွေ အာဏာစွန့်ရပြီးနောက် ဂျင်မီယန်နဲ့ အတူ အစိုးရကိုပြန်တိုက်ပါတယ်။ ဂျင်မီယန်အလင်းဝင်ပြီးပေမဲ့ ကျန်နေခဲ့ပြီး ဗကပနဲ့ပူးပေါင်းကာ ၄၀၄ စစ်ဒေသအဖြစ် ကိုးကန့်နယ်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကိုးကန်သာမက ဗကပတပ်မှူးအနေနဲ့ ဝဒေသ မိုင်းလားဒေသ အထိ လှုပ်ရှားခဲ့ပါတယ်။ ဖုန်ကြားစင်း ဖုန်ကြားဖူး ညီအကိုများဟာ ဗကပနဲ့ပေါင်းခဲ့ပေမဲ့ ကွန်မြူနစ်ပါတီမဝင်ခဲ့ဘဲ ဒေသခေါင်း ဆောင် တပ်မှူးတွေအဖြစ်နဲ့ဘဲ နေခဲ့ပါတယ်။

ဒါကြောင့်လဲ ကိုးကန့်စော်ဘွားအုပ်ချုပ်ခဲ့တဲ့ ကိုးကန့်ဒေသဟာ ၁၉၆၉ ကနေ ၁၉၈၉ အထိ ဗကပလက်အောက်ခံ ကိုးကန့် ခရိုင်ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ မှာ ဖုန်ကြားစင်းတို့ဟာ ဗကပ မှခွဲထွက်ပြီး နဝတနဲ့ ငြိမ်းချမ်းရေးယူပါတယ်။ MNDAA မြန်မာပြည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ဆိုပြီး ပြောင်းဖွဲ့ပါတယ်။ ဗကပကိုဖြိုခွဲဖို့ အောလစ်ယန်၊ လော်စစ်ဟန်တို့ အ ဆက်အသွယ်နဲ့ ဖုန်ကြားစင်းတို့ စည်းရုံးဆက်သွယ်ခဲ့တဲ့ နဝတစစ်ခေါင်းဆောင်များကလဲ ဖုန်ကြားစင်းနဲ့ ကိုးကန့်ခေါင်း ဆောင်များကို အံ့မခန်းချီးကြူးကြပြီး အထူးအခွင့်အရေးများပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၈၉ မှ ပြဿနာဖြစ်တဲ့ ၂၀၀၉ အထိ ဖုန်ကြားစင်းတို့ ကိုးကန့်အဖွဲ့ကအုပ်ချုပ်ခဲ့ပါတယ်။ ကိုးကန့်အဖွဲ့ထဲက ယန်မူလျံ၊ ယန်ပုန်အန်းတို့ ညီအကိုတွေက ဖုန်ကြားတို့ လက်ထဲက အာဏာလုခဲ့ကြသေးပေမဲ့ ဖုန်ကြားစင်းတို့ဘဲ အသာစီးပြန်ရခဲ့ပါတယ်။

ပြောရရင် ကိုးကန့်စော်ဘွားတွေနောက်ပိုင်း ကိုးကန့်ဒေသကို ၁၉၆၉ ကနေ ၂၀၀၉ အထိ အနှစ်လေးဆယ် ဖုန်ကြားစင်းတို့ ကချုပ်ကိုင်ခဲ့ပြီး အစိုးရက ပြန်ချုပ်ကိုင်တာ ၅ နှစ်ဘဲ ရှိပါသေးတယ်။

• နယ်စပ်ဒေသနဲ့ တိုင်းရင်းသားများ
တရုတ် -မြန်မာနယ်စပ်တလျှောက် တိုင်းရင်းသားတွေအများအပြားအခြေချနေထိုင်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေလဲ ရှိကြပါတယ်။ နယ်စပ်တလျှောက် မြန်မာပြည်ထဲမှာ ဝ၊ အခါ၊ ရှမ်း၊ ကိုးကန့်၊ ၊ ပလောင် တိုင်းရင်းသား တွေရှိ သလို တရုတ်ပြည်ထဲမှာလဲ အလားတူတိုင်းရင်းသားတွေ များစွာရှိပါတယ်။ ဥပမာ- မူဆယ်အနီး နယ်စပ် ကျောက်တိုင်အရ မြန်မာပြည်နဲ့တရုတ် ပြည် ခွဲခြားလိုက်ပေမဲ့ ဟိုဘက်ရော ဒီဘက်ပါ မောရှမ်းရွာတွေပါ။ တိုင်းပြည် မတူတော့ပေမဲ့ မောရှမ်း များအတွက်တော့ ယဉ်ကျေးမှုတူ ဓလေ့ထုံးတမ်းတူ ဘာသာစကားတူလူမျိုးတွေပါ။ ဆွေမျိုးသားချင်းတွေပါ။ ကူးလူးဆက်ဆံ မှုတွေ အိမ်ထောင်ပြုမှုတွေ တားမရပါ။ နိုင်ငံသားဖြစ်မှုနဲ့ မှတ်ပုံတင်ကိစ္စ အလွန်တင်းကြပ်တဲ့ တရုတ်ပြည်တောင် တိုင်းရင်း သားအချင်းချင်း၊ ရှမ်းအချင်းချင်း၊ ကချင်အချင်းချင်း၊ ဝအချင်းချင်း၊ အခါအချင်းချင်း တိုင်းပြည်ကျော်လက်ထပ်တာကို အသိ အမှတ်ပြုပေးနေရတာပါ။ နယ်နမိတ်ကျောက်တိုင်နဲ့ တိုင်းရင်းသားတွေကို ခွဲခြားပစ်လို့ မရပါ။ ဒါ့ပြင် တိုင်းရင်းသားအချင်းချင်း တိုင်းပြည်မတူလဲ ကူညီကြပါတယ်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ် တရုတ်ပြည်တွင်းထွက်ပြေးရတော့ တရုတ်ပြည်က မန်စီခေါ် မုန်းခွမ်စော်ဘွားက ကူညီပါတယ်။ သံလွင်မြစ်အနား ရှမ်းရွာ သုံး-လေးရွာလောက် အပိုင်စားပေးပြီး ကူညီစောင့် ရှောက်ခဲ့ပါတယ်။

ဒီလိုဘဲ တရုတ်ပြည်မှာ မော်စီတုန်းအာဏာရပြီး ၁၉၅၈ မှာ လယ်တွေသိမ်း၊ ဘုံအဖွဲ့တွေဖွဲ့တော့ တရုတ်ပြည် မန်စီစော်ဘွား မြန်မာပြည်ထဲထွက်ပြေးရတော့ သိန္နီစော်ဘွားကကူညီစောင့်ရှောက်ပြီး ကျောက်မဲမှာထားပေးပါတယ်။ မန်စီစော်ဘွားသား ဟာ ကျောက်မဲမှာ ဆယ်တန်းအထိတောင် ကျောင်းတက်သွားတာပါ။ ၁၉၈၀ လောက် တရုတ်ပြည်က ပေါ်လစီပြောင်းပြီး သိမ်းထားတဲ့ စောဘွားအိမ်နဲ့ လယ်တချို့ပြန်ပေး၊ ထောက်ပံ့ကြေးတွေပေးပြီးပြန်ခေါ်မှ တရုတ်ပြည် မန်စီခေါ် မုန်းခွမ်ကို ပြန်သွားကြတာပါ။

ဒါကြောင့် နယ်စပ်ပြဿနာမှာ နှစ်ဘက်စလုံးမှာရှိနေတဲ့ ရှမ်း၊ ကချင်၊ ကိုးကန့်၊ ပလောင်၊ ဝ၊ အခါ စတဲ့ တိုင်းရင်းသားအ ချင်းချင်းဆက်ဆံရေးကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

•  တရုတ်ပေါ်လစီ်
၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးမှအစပြုသည့် နိုင်ငံတကာတော်လှန်ရေးများကို ကူညီသည့်ပေါ်လစီဟာ တိန့်ရှောက်ဖင် တက်လာပြီး ၁၉၈၀ မှ စတင်ပြောင်းလဲကာ ၁၉၉၀ နောက်ပိုင်းတွင် သိသိသာသာပြောင်းလဲခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် မြန်မာ ပြည်မှာ အပြောင်းအလဲ ၂ ခုဖြစ်ပါတယ်။ တခုက တရုတ်နယ်စပ်တလျှောက် ဗကပပြိုကွဲပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်လာပါတယ်။ နောက်တခုကတော့ မဆလအစိုးရပြုတ်သွားပြီး နောက်တက်တဲ့ နဝတစစ်အစိုးရကလဲ အရပ် သားအစိုးရလက်ထဲ အာဏာလွှဲပြောင်းမယ့်ပုံမရှိဘဲ ဆက်လက်အုပ်ချုပ်မယ့် အခြေအနေဖြစ်နေပါတယ်။

တရုတ် ဗဟိုစစ်ကော်မရှင်ရဲ့တာဝန်ပေးချက်အရ မြန်မာနယ်စပ် မိုင်ထောင်ကျော်နဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ချင်တူးစစ်ဒေ သက တာဝန်ရှိသူများဟာ မြန်မာမြောက်ဖျားကနေ ရွှေတြိဂံထိ လှည့်လည်ကြည့်ရှုပြီး ပေါ်လစီတခု ရေးဆွဲခဲ့ပါတယ်။ အဲဒီ ပေါ်လစီအရ မြန်မာစစ်အစိုးရဟာ ဆိုးသွမ်းတာမှန်ပေမဲ့ တရုတ် နယ်စပ်တည်ငြိမ်ရေးနဲ့ ကုန်သွယ်ရေး အတွက် စစ်အစိုးရကို ထောက်ခံဖို့ဆုံးဖြတ်ခဲ့ပြီး အဲဒီအတိုင်းလဲကျင့်သုံးခဲ့ပါတယ်။ ဒါပြင် နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာဗဟိုအစိုးရထိန်းချုပ်မှုအောက်မှာ ရှိနေတာမဟုတ်တဲ့အတွက် အဲဒီအဖွဲ့တွေနဲ့ ပြေလည်တဲ့ဆက် ဆံရေး ထူထောင်တဲ့အပြင် သြဇာငြောင်းအောင်လဲကြိုးစားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးတူတိုင်း ရင်းသား တွေ တရုတ်ပြည်ထဲမှာရှိနေတဲ့အတွက် ဂယက်မရိုက်အောင် သတိထားကိုင်တွယ်ခဲ့ပါတယ်။

လက်ရှိ တရုတ် ပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေဟာ မြန်မာပြည်ထဲကတိုင်းရင်းသားတွေထက် အခွင့်အရေး ပိုရတဲ့ အပြင် စီးပွားရေးလဲမြင့် အခြေခံအဆောက်အအုံလဲမြင့်ကြပါတယ်။ နယ်စပ်တလျှောက် တရုတ်ပြည်တွင်းမှာ တိုင်းရင်းသားကိုယ်ပိုင် အုပ်ချုပ်ရေးဒေသတွေသာဖြစ်ပြီး အုပ်ချုပ်ရေးအရာရှိတွေဟာလဲ တိုင်းရင်းသားတွေသာဖြစ်လို့ မြန်မာပြည်ထဲက သူတို့နဲ့ မျိုးတူ တိုင်းရင်းသားတွေကို စာနာမှုရှိကြပါတယ်။ ဒါဟာ အရင်တုန်းက မြန်မာပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေကို တရုတ်အစိုးရက အကူအညီပေးတာနဲ့ကွာခြားပါတယ်။ ဒီနေရာမှာ တရုတ်က ဗကပကိုကူညီခဲ့ပုံ ပြောပြချင်ပါတယ်။ လက် နက်ခဲယမ်း စစ်ဝတ်စုံ ဆေးဝါးရိက္ခာ အပြည့်အစုံကူခဲ့ပါတယ်။ ဒါ့ပြင် ၁၉၆၈ မှ ၁၉၈၀ လောက်ထိ တရုတ်လွတ်မြောက် ရေး တပ်မတော်က ကုတင် ၁၀၀ ဆေးရုံတွေဖွင့်ပြီး ဗကပလူနာတွေကို ကုပေးပါတယ်။ ဒါ့ပြင် ၁၉၆၈ မှ ၁၉၇၈ လောက်အထိ ဗကပ ဗဟိုရုံး၊ အသံလွှင့်ရုံ၊ ရဲဘော်ဟောင်းများရဲ့သားသမီးများအတွက် စာသင်ကျောင်းပါ တရုတ်နယ်မြေထဲမှာ ထားခွင့် ပေးထားခဲ့ပါတယ်။ စစ်ဖက်အရာရှိသင်တန်းတွေလဲ တရုတ်ပြည်ထဲမှာဖွင့်ပေးခဲ့သလို ဆရာဝန်သင်တန်းတွေလဲ တရုတ် ပြည်တွင်းမှာ တက်ခွင့်ပေးခဲ့တာပါ။

တရုတ် ပြည်ဘက်ကလူများ ပါဝင်တိုက်ခိုက်မှုကတော့ ပုံစံ ၃ မျိုးရှိပါတယ်။ ပထမတမျိုးကတော့ နယ်စပ်မှာရှိတဲ့ တိုင်းရင်း သားတွေကို မြန်မာပြည်တော်လှန်ရေးကူညီဖို့ လှုံ့ဆော်စေလွှတ်တာပါ။ သာမန်အရပ်သား တိုင်းရင်းသား အများစုပါ။ ဒုတိယကတော့ ရုတ်ချည်းကြီးထွားလာတဲ့ ဗကပတပ်မှာ အငယ်တန်းကေဒါမရှိ၊ ဗကပနဲ့ ဗိုလ်နော်ဆိုင်းတပ်ကသူတွေကလဲ အားလုံး အသက် ၄၀ ကျော်ဖြစ်နေပါပြီ။ တပ်စုတပ်ခွဲအဆင့်အရာရှိတွေ လိုနေတာပါ။ ဒီအတွက် တရုတ်လွတ်မြောက်ရေး တပ်မတော်ထဲ လေ့ကျင့်ထားတဲ့ တပ်သား စိတ်မှူး စုမှူးတွေကို လက်ဝဲကူညီရေးနံမည်နဲ့ စေလွှတ်ပေးပါတယ်။ ဒါပေမဲ့ တရုတ် မပါပါ။ တိုင်းရင်းသားတွေထဲကဘဲ ရွေးလွှတ်တာပါ။ လူဦးရေရာဂဏန်းလောက် ရှိပြီး ၁၉၇၅ နဲ့ ၁၉၈၀ ကြားမှာ အားလုံးလိုလို တရုတ်ပြည်ပြန်သွားကြပါတယ်။ တတိယတမျိုးကတော့ တရုတ်တပ်က ဒုတပ်မတော်မှူးတဦး ဦးစီးတဲ့ စစ် အကြံပေးအဖွဲ့ဖြစ်ပါတယ်။ အင်အားဆယ်ဂဏန်းမျှရှိပြီး ၁၉၇၂ မတိုင်မီ တရုတ်ပြည် ပြန်ဝင်သွားပါတယ်။ သခင် ဗသိန်း တင်ခေါင်းဆောင်တဲ့ ဗကပနဲ့ ဗိုလ်နော်ဆိုင်းတပ်တွေက အဓိကအခြေခံပေါ့။

တရုတ် စစ်တပ်တတပ်လုံး ဗကပယူနီဖေါင်းလဲပြီး ဝင်တိုက်မယ့်အခြေအနေမျိုးတော့ ၁၉၇၀ လောက်မှာ ပေါ်ဖူးပါတယ်။ တရုတ်  မာရှယ်လင်ပြောင်အစီအစဉ်နဲ့ အမှတ် ၅၄ တပ်မတော်က ဗကပ ယူနီဖေါင်းဝတ်ပြီးဝင်တိုက်ဖို့ပါ။ ဒါပေမဲ့ ထိုစဉ်က ပဲခူးရိုးမ ဗကပဥက္ကဌ သခင်ဇင်တို့က ပြင်ပြင်းထန်ထန်ကန့်ကွက်ခဲ့သလို တရုတ်ခေါင်းဆောင် လင်ပြောင်လဲ ပြုတ်သွားလို့ အစီအစဉ်ပျက်သွားတယ်လို့ဆိုပါတယ်။

အခုအခြေအနေကတော့ အရင်နဲ့လုံးဝကွာခြားပါတယ်။ တရုတ်အနေနဲ့ နိုင်ငံတကာတော်လှန်ရေးအကူအညီဆိုတာ လုံးဝ မရှိတော့ပါ။ ဒါပေမဲ့ …

၁။ တရုတ်အနေနဲ့ သူ့နယ်စပ်မှာရှိတဲ့ မြန်မာအစိုးရအမိန့်မနာခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကောင်းမွန်တဲ့ ဆက် ဆံရေးတရပ် ထူထောင်ထားပြီး သြဇာထူထောင်နိုင်ဖို့ကြိုးစားမှာတော့ အမှန်ပါ။

၂။ မြန်မာ-တရုတ် နယ်စပ်တလျောက်မှာရှိတဲ့ တရုတ်ပြည်တွင်းက တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ် ရေးအာဏာပိုင်တွေရဲ့ စာနာထောက်ခံမှုကိုတော့ မြန်မာပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေရမှာ အမှန်ပါဘဲ။

• ရှမ်းပြည်နယ် မူးယစ်ဆေးဝါးပြဿနာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
ရှမ်းပြည် ဝဒေသ၊ ကိုးကန့်ဒေသ၊ သံလွင်အနောက်ခြမ်း သိန္နီ-ကွတ်ခိုင်ကားလမ်းမြောက်ခြမ်း၊ တောင်ခြမ်း၊ တန့်ယန်း၊ မိုင်း ရှူးဒေသ၊ တောင်ကြီး ဟိုပုန်းအနီး မဲနယ်တောင်ကြောတို့ဟာ မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး နာမည်ကြီးဒေသ တွေပါ။ ဒီဒေသခံတွေဟာ မိမိစားဝတ်နေရေးအတွက် ဘိန်းစိုက်ကြပါတယ်။ တခြားသီးနှံတွေထက် ပိုဖြစ်ထွန်းပြီး ပိုပိုက်ဆံ ရတဲ့ သီးနှံစိုက်ကြတာပါ။ သူတို့မိရိုးဖလာအသက်မွေးဝမ်းကြောင်း ဖြစ်ပါတယ်။ ဘိန်းထွက်လာရင်ရောင်းပြီး ဆန်၊ ဆီ အဝတ်အစား စသဖြင့် ဝယ်ယူဖြည့်တင်းပါတယ်။ ဒါတောင် ကိုးကန့်ဒေသတောင်သူတွေဟာ တနှစ်မှာ ၇ လလောက်ဘဲ ထမင်းဖြူစားရပြီး ကျန်တာကတော့ ပြောင်ဖူးဆံကြိတ်စားရတဲ့ဘဝပါ။ သူတို့အဖို့ ဘိန်းစိုက်တာ တရားမဝင်တာ ရာဇဝတ်မှု သင့်တာ ဥပဒေနဲ့ငြိတာ သူတို့မသိပါ။ သူတို့အဖို့ကတော့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်တာတခုပါ။ မြတ်တဲ့သူရှိပါ တယ်။ ဝေးလံတဲ့ဒေသတွေကိုပို့နိုင်သူ မြတ်ပါတယ်။ တဆက်ထဲ ဒီဒေသတွေမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများလဲ မကင်းတော့ပါ။ ဒါပေမဲ့ ဒီဒေသပြည်သူတွေကို ဘိန်းစိုက်ပျိုးမှုကင်းအောင် မလုပ်နဲ့ပြောရုံနဲ့ မရနိုင်ပါ။ တိုင်းရင်းသား တောင်သူတွေရဲ့ ဘိန်းစိုက်ပျိုးမှုကို စီမံကိန်းချ ငွေကုန်ကြေးကျခံပြီးမှသာ သူတို့ရဲ့နေထိုင်မှုဘဝပုံစံကို ပြောင်းနိုင်မှာပါ။ နောက်ပိုင်းမှာ ယာမ ခေါ် စိတ်ကြွဆေးထုတ်လုပ်မှုတွေ ရှိလာပါတယ်။ ဒါကတော့ ဒေသခံပြည်သူများနဲ့မဆိုင်တော့ပါ။ အာဏာပိုင်များနဲ့သာ ဆိုင်ပါတော့တယ်။ ယာမမူးယစ်ဆေးချက်လုပ်သူများဟာ အစိုးရရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရောက အာဏာပိုင်များနဲ့ ပေါင်းကြပါတယ်။

အစိုးရပိုင်းကတော့ထားတော့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကလက်ခံလုပ်ဆောင်တာ ၂ ပိုင်းရှိပါတယ်။ တပိုင်းက သူတို့အကျိုးစီးပွားအတွက်ဖြစ်သလို တပိုင်းက သူတို့ရဲ့တပ်ဖွဲ့အတွက်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖျင်းစစ်အသုံး စားရိတ်ကို အခုလွှတ်တော်တင်တဲ့ ဘတ်ဂျက်က အကြမ်းဖျင်းသိနိုင်ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်စားရိတ်တွေရော ဘယ်လောက်ရှိပြီး ဘယ်လိုရှာကြမယ်ထင်ပါသလဲ။ လက်နက်ကိုင် တထောင် တသောင်းရဲ့ စားစရိတ် ဝတ်စားရိတ် ကျန်းမာရေးစားရိတ် လက်နက်ခဲယမ်းမီးကျောက်စားရိတ် ဘယ်လောက်ကုန်ပြီး ဘယ်လိုရှာကြတယ်ထင်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှန်အမှားပြောရတာ လွယ်မယ်ထင်ပါသလား။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပတ်သက်နေတဲ့ ပြဿနာပါ။ လက်ငင်းကျတာတခုပြောပါမယ်။ ဖုန်ကြားစင်းတို့အဖွဲ့ မူးယစ်ဆေးဝါးနဲ့ မကင်းလို့ပြောရင် ကျနော် လုံးဝမငြင်းပါ။ ဒါပေမဲ့ အစိုးရနဲ့ပူးပေါင်းသော ကိုးကန့်သား ကြံ့ဖွံ့လွှတ်တော်အမတ်များဖြစ်ကြတဲ့ ပယ်ဆော်ချိန်၊ လျူကော်ရှီး၊ ဝေရှောက် ရင်တို့ မူးယစ်နဲ့ကင်းစင်ပါရဲ့လား။ ကာချုပ်မင်းအောင်လှိုင်ကိုယ်တိုင် ပုခုံး ပေါ် အပွင့်တင်ပေးခဲ့တဲ့ ကိုးကန့်နယ်ခြားစောင့်တပ်မှူး အမတ်မင်း ဝေရှောက်ရင်ရဲ့ညီ ဗိုလ်မှူးကြီးဝေစန်းဆိုသူရော မူးယစ်ဆေးဝါးမှုနဲ့ ကင်းစင်ပါရဲ့လား။

မန္တလေးမြို့အဝင် ၇၈ လမ်းပေါ်မှာ ၂၀၀၀ ပတ်ဝန်းကျင်က အထပ်မြင့်ဟိုတယ်တခု ဆောက်ပါတယ်။ အကြမ်းထည်ပြီးသွား တဲ့အချိန် ပြဿနာတခုဖြစ်ပါတယ်။ အဲဒီအဆောက်ဦးအတွင်း မူးယစ်ဆေးဝင်ဖမ်းရာက ပစ်ကြ ခတ်ကြ ဖြစ်ပါတယ်။ ဟို တယ်ပိုင်ရှင်တွေက ကိုးကန့်အဖွဲ့က ဝေရှောက်ရင် ဝေစမ်းတို့ညီအကိုတွေပါ။ အဲဒီဟိုတယ် ဆယ်နှစ်ကျော် ဒီအတိုင်းထားပါ တယ်။ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်ကစပြင်ပြီး ခု Wilson ဟိုတယ်ဆိုတာ ဖွင့်ထားပါပြီ။ ၂၀၀၉ နောက်ပိုင်း စစ်တပ်နဲ့ပြန်ပေါင်းတဲ့ ဝေညီအကိုကို ပြန်ပေးလိုက်တာလား။ ဒါမှမဟုတ် တခြားသူကို ရောင်းစားလိုက်တာလား။ ရောင်းစားရင်လဲ ဘယ်သူက ရောင်းစားလိုက်တာလဲ။ ရှင်းရှင်းလင်းမရှိတဲ့ ဟိုတယ်ပေါ့။

ပြောချင်တာကတော့ မူးယစ်ဆေးဝါးနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ရင် ညီမျှတဲ့သဘောထားလိုပါတယ်။ ဥပဒေ အောက်မှာ အားလုံးအညီအမျှလို့ ဆိုပေသကိုး။

• (မှတ်ချက်၊ ကိုးကန့်မပါ) လော အားလုံးလော
(က) ကိုးကန့်တရုတ်သည် တိုင်းရင်းသားဖြစ်သလို ဖုန်ကြားစင်းတို့အဖွဲ့သည်လဲ ကိုးကန့်ဒေသတွင် နှစ်ပေါင်း ၅၀ ကျော် အခြေတည်လာတာကို ရှင်းလင်းစွာတွေ့ပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆွေးနွေးမှာလား၊ မဆွေးနွေးဘဲ တိုက်မှာလား ဆိုတာ အရေးကြီးအဖြေရှာရမယ့်ကိစ္စတခုပါ။ KIA တို့၊ ပလောင်တို့နဲ့ဖြစ်တာက တရွာထဲသားချင်း မသင့်မြတ်တာ ဖြေရှင်း လို့ရတယ်။ ဖုန်ကြားစင်းဆိုတာ ရွာထဲဒါးပြတိုက်လို့ ရွာပြင်ထုတ်ထားတာ ပြန်လက်မခံနိုင်ဘူးဆိုတဲ့ သဘောထားလဲကြား ရပါတယ်။

မူးယစ်ပြဿနာဟာ တိုင်းရင်းသားဒေသ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ အစိုးရပသစအဖွဲ့အားလုံး ပတ်သက်နေတဲ့ပြ ဿနာပါ။ တဖွဲ့ချင်းပြဿနာမဟုတ်ပါ။ လက်နက်စက်ရုံကိစ္စမှာလဲ ဝအဖွဲ့မှာလဲရှိတယ်ဆိုတာ ခု စစ်ဖက်ခေါင်း ဆောင်များက ထုတ်ဖေါ်ပြောလိုက်ပါပြီ။ ဘယ်လိုဖြေရှင်းမှာပါလဲ။ ဒါပြင် ကိုးကန့်အဖွဲ့ကိုကူကြတဲ့ အဖွဲ့တွေစာရင်းကို စစ်ဖက်ခေါင်းဆောင် များ တရားဝင်ပြောကြားချက်အရ မုန်းလား UWSA KIA SSA TNLA အားလုံးပါပါတယ်။ ပြောရရင် တရုတ် နယ်စပ် တလျှောက်က လက်နက်ကိုင်အဖွဲ့အားလုံးပါပါတယ်။ ကာချုပ်မင်းအောင်လှိုင်အဆိုအရ ကိုးကန့်အဖွဲ့ကိုကူညီသူတွေ တာ ဝန်ယူရမယ်ဆိုပါတယ်။ ဘယ်လိုယူရမှာပါလဲ။ အားလုံးကိုတိုက်မှာပါလား၊ ဒါမှမဟုတ် တဖွဲ့ချင်းခွဲတိုက်မှာပါလား၊ ကိုးကန့်မှ အပ ငြိမ်းချမ်းရေးလား၊ ပြဿနာအားလုံးရဲ့ဇစ်မြစ်က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံတာက စပါတယ်။ ဒါ နိုင်ငံ ရေးပြဿနာ မဟုတ်ပေဘူးလား၊ စားပွဲဝိုင်းမှာ ဖြေရှင်းသင့်တဲ့ပြဿနာ မဟုတ်ပေဘူးလား။

(ခ) ဖုန်ကြားစင်းဟာ ခေသူတော့မဟုတ်ပါ။ ကိုးကန့်ဒေသတွင်းသြဇာရှိသလို ဝအဖွဲ့ မိုင်းလားအဖွဲ့တွေအပေါ် သြဇာ ရှိပါ တယ်။ ဒါ့ပြင် KIA SSA TNLA တို့နဲ့ မဟာမိတ်ဖွဲ့ထားနိုင်ခဲ့ပါတယ်။ ပလောင်တပ်ပါသွားတာဟာ ကိုးကန့်ဒေသတွင်း ဒုတိယ အများဆုံးဖြစ်တဲ့ ပလောင်ရွာတွေကို စည်းရုံးနိုင်ဖို့ အားတအားပါ။ ဖုန်ကြားစင်းရဲ့ပါးနပ်မှုလို့ဆိုရပါမယ်။ ဒီတော့ ဖုန်ကြားစင်း အဖွဲ့မပါတဲ့ တပြည်လုံးအပစ်ရပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား စဉ်းစားစရာပါ။

(ဂ) တချို့ကလဲ မိမိဘက်ကရဲဘော်တွေ ဒီလောက်ကျထားတာ ငြိမ်းချမ်းရေးမဆွေးနွေးနိုင်ဘူး၊ အပြုတ်တိုက်ရေးဘဲ လို့ဆို ပါတယ်။ an eye for an eye; a tooth for a tooth ဆိုတဲ့သဘောထားနဲ့ ရှေ့ဆက်ကြလို့ ပြဿနာ ပြေလည်ပါ့မလား။ တကယ်တော့ ငြိမ်းချမ်းရေး အပစ်ရပ်ရေး ဆွေးနွေးကြတယ်ဆိုတာ နှစ်ဖက်ကျဆုံးသွားကြတဲ့ ရဲဘော်တွေရဲ့ သွေးတွေ အသက်တွေကို မျက်ကွယ်ပြုတာမဟုတ်ဘဲ နောက်ထပ်အသက်တွေ မဆုံးရှုံးအောင် ဆောင်ရွက်တာပါ။ တကယ်တော့ ၁၉၈၉ က ကိုးကန့်အဖွဲ့ နဝတနဲ့ ငြိမ်းချမ်းရေးယူတဲ့ကာလမတိုင်မှီ လပိုင်းအလို ပြင်းထန်တဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲ ဖြစ်ပွါးတဲ့နေရာက တာမိုးညဲနယ်ထဲမှာဖြစ်ပြီး တဖက်က ဗကပမြောက်ပိုင်း ဗြူရိုတပ်တွေနဲ့ ဖုန်ကြားဖူးခေါင်းဆောင်တဲ့ကိုးကန့်တပ်တွေ ပါပါတယ်။ အတိုက်ခံရတဲ့တပ်က တပ်မ ၉၉ လက်အောက်ခံ ဗိုလ်မှူးလှမြင့်ဦးစီး ခလရ ၃ စက ၂ နဲ့ခွဲ ၂ ခွဲပါ။ ၁၀၀ ကျော်ကျပါတယ်။ မှူးလှမြင့် အပါ ၁၅ ယောက် ဒဏ်ရာနဲ့အဖမ်းခံရပါတယ်။ ၂၀ ကျော် တယောက်တကွဲစီ ထွက်ပြေး လွတ်မြောက်ပါတယ်။ ဒီတိုက်ပွဲရလဒ်ကြောင့် တပ်မမှူး ဗိုလ်မှူးကြီးဝင်းဇော်ညွန့် ကြွေထည်မြေထည်ကို ဦးဆောင်ညွှန်မှူးနဲ့ ပြောင်းရွှေ့ခံရပါတယ်။ စစ်ကူပေးဖို့ပျက်ကွက်တဲ့ ခမရ ၁၀၉ ရင်းမှူး စစ်ခုံရုံးအတင်ခံရပြီး ပြုတ်ပါတယ်။ သုံ့ပန်းက ပြန်လွတ်လာတဲ့ မှူးလှမြင့် ရဲတပ်ဖွဲ့ကို ပြောင်းလိုက်ရပါတယ်။ လပိုင်းအတွင်းမှာ ကိုးကန့်နဲ့ နဝတ ငြိမ်းချမ်းရေးယူပါတယ်။ ဗကပ ဖြိုခွဲဖို့ရည်ရွယ်ချက်နဲ့လို့ ပြောရင်ရပါတယ်။ ဘယ်လိုရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ ငြိမ်းချမ်းရေးဆိုတာ နှစ်ဖက်ရဲဘော် တွေရဲ့ အသက်တွေ သွေးတွေပေါ် တည်ဆောက်ထားတာပါ။

(ဃ) တခုတော့အံ့သြမိပါတယ်။ ဖုန်ကြားစင်းရဲ့ ဘတ်ဂျက်အင်အား ပိုင်ဆိုင်မှု ဖန်တီးနိုင်မှုပါ။ ဒီနေ့ သူပုန်ထတယ်ဆိုတာ ဆရာစံခေတ်ကလို ပုဆိုးခါးတောင်းကျိုက်၊ အိမ်ရှိတဲ့ ဒါး လှံ ကိုင်ပြီး ထလို့ရတဲ့ခေတ် မဟုတ်ပါ။ လူအင်အား ထောင်ဂဏန်း ရှိတဲ့ တပ်ဖွဲ့တခုဖွဲ့စည်းဖို့ လိုအပ်တဲ့ငွေကြေးဟာ မနဲလှပါ။ တယောက်ကို တနှစ်မှာ ယူနီဖေါင်း ၃ စုံ လောက်လိုပါတယ်။ တရက်စားစရိတ် ၂၀၀၀ တော့အနဲဆုံးလိုပါတယ်။ တဦးချင်း လခအသေးသုံးစားရိတ်လဲ လိုပါတယ်။ ဆေးဝါးကျန်းမာရေး စားရိတ်လိုပါတယ်။ လက်နက်ခဲယမ်းမီးကျောက် ဆက်သွယ်စက်တွေရဲ့ တန်ဖိုးလဲ မနဲလှပါ။ ဒါပြင် စစ်ဆင်ရေးစားရိတ် များစွာကျန်ပါသေးတယ်။ သူတို့ကိုယ်ပိုင်ရှာဖွေနိုင်တဲ့ငွေကြေးလား၊ တခြားကရအောင် ဖန်တီးထားတဲ့ငွေကြေးလားတော့မသိပါ။ ဖန်တီးနိုင်စွမ်းကတော့ မသေးလှပါ။ လွန်ခဲ့သော အနှစ်လေးဆယ်လောက်ကထွက်တဲ့ ဦးသိန်းဖေမြင့်ရဲ့ အရှေ့ မြောက်တိုင်းတခွင် စာအုပ်ထဲက သက်ရှိဇတ်ကောင်နှစ်ယောက်ကို ကျနော် ယနေ့ထက်တိုင် မှတ်မိသေးသည်။ တယောက် က သိန္နီရေပူစမ်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ချောမောလှပသော ရှမ်းမလေး အဲနွေး။ နောက်တဦးကတော့ လော်စစ် ဟန်။ လော်စစ်ဟန်ဟာ ထိုစဉ် ၁၉၇၀ လောက်က အစိုးရရဲ့ကာကွယ်ရေးခေါင်းဆောင် ကိုးကန့်နယ်သားတဦး၊ ခွန်ဆာတောင် လော်စစ်ဟန်တပည့်ဘဲ ရှိပါသေးတယ်။

လော်စစ်ဟန်နဲ့ပတ်သက်ပြီး နိုင်ငံရေးသမား စာရေးဆရာသိန်းဖေမြင့်က လော်စစ်ဟန်ဆိုတာ စီးရင် ရဲရဲစီးရမယ့် မြင်း တ ကောင်လို့ သုံးသပ်သွားခဲ့ပါတယ်။ ထိုချိန်က ဗကပတပ်မှူးဖြစ်နေသော ဖုန်ကြားစင်းကိုတော့ ဦးသိန်းဖေမြင့် တွေ့မသွားပါ ဘူး။ တွေ့များတွေ့ခဲ့ရင် ဘယ်လိုသုံးသပ်ပြောလိမ့်မလဲလို့ စဉ်းစားကြည့်မိပါတယ်။

(င) တခုတော့ရှိပါတယ်။ ဘိန်းဒါးပြခွန်ဆာလဲ နောက်ဆုံးတော့ ဦးခွန်ဆာဆိုပြီး ရန်ကုန်မှာအေးအေးချမ်းချမ်း နေသွားဖူးပါ တယ်။

ကရင်သောင်းကျန်းသူ လူသတ်မုဒိန်းကောင် ငမြလဲ နောက်ဆုံး ဗိုလ်ချုပ်ကြီးမြဆိုပြီး အလေးပြုခံရဖူးပါတယ်။ ၃၆၀ ဒီဂရီ အထိ အလှည့်အပြောင်းမြန်သော မြန်မာပြည်လို့ဆိုရပါမယ်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်