မောင်မောင်စိုး – ကိုးကန့်ပြဿနာ – အပိုင်း (၂)

March 4, 2015

 

 မောင်မောင်စိုး – ကိုးကန့်ပြဿနာ – အပိုင်း (၂)

(မိုးမခ) မတ်လ ၇၊ ၂၀၁၅

● တပ်မတော်ရဲ့ online ပေါ်ကအောင်ပွဲ
လောက်ကိုင်ဒေသတိုက်ပွဲစပြီးနောက် သမတရော ကာချုပ်ပါ အချုပ်အခြာအာဏာကာကွယ်ဖို့၊ အမိမြေ တလက်မမှ အဆုံး မခံဖို့ ပြောဆိုလိုက်ပါတယ်။ ဒီဝေါဟာရဟာ ပြည်ပကကျူးကျော်လာချိန်မှာ သုံးတဲ့စကားမှန်း အားလုံးသိပါတယ်။ ဒါပေမဲ့ ပြည်ပကကျူးကျော်တယ်ဆိုပြီး သမတရော ကာချုပ်ပါ တခွန်းမှမပြောပါ။ ဒါပေမဲ့ လူမှုကွန်ယက်ကနေပြီး တရုတ်တွေရဲ့ ကျူးကျော်မှုလို့ ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်နေကြောင်း ပုံဖေါ်ပါတယ်။ တရုတ်ဆန့်ကျင်ရေးဓါတ်ခံရှိတဲ့ eleven က ငွေကြေးလှူဒါန်း ပါတယ်။ တခြားသူများလဲ ပါလာပါတယ်။ မင်းသားမင်းသမီးတချို့လဲ ပါလာပါတယ်။ ကိုကျော်သူလဲ ပါလာပါတယ်။ တကယ် တမ်း ပြည်တွင်းစစ်သာဆိုရင် ဒီမိုကရက်တွေအနေနဲ့ စစ်ပွဲရပ်ဖို့တောင်းဆိုမှာဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့သာ အကြောင်းရှိမှာဖြစ်ပါတယ်။ ပြည်ပကျူးကျော်စစ်အဖြစ် ပုံဖေါ်လိုက်နိုင်တော့ စစ်သားတွေကို ကူညီထောက်ပံ့မှု ရယူနိုင်သွား ပါ တယ်။ အရှိန်လေးရလာတော့ ဆယ်ရက်လောက်အကြာမှာ တရုတ်ပါဝင်မှုမရှိလို့ကြေညာပြီး တရုတ်ကြေးစားစစ်သားတချို့ ပါတယ်လို့ ဆိုလိုက်ပါတယ်။ ဘာဘဲဖြစ်ဖြစ် အမျိုးသားရေးအလံလေးနဲ့ online ကလှုပ်ရှားလိုက်တာ စစ်တပ်အနေနဲ့ အောင်မြင်မှုရတယ်ဆိုရပါမယ်။ ပြန်ဝန် ဦးရဲထွဋ်ကတော့ ၁၉၇၀ တုန်းကလို စစ်တပ်အနေနဲ့ လူထုထောက်ခံမှုပြန်ရတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာဂရုပြုမိတာ နှစ်ချက်ရှိပါတယ်။ ပထမအချက်- online ပေါ်က စစ်တပ်ထောက်ခံသူတွေက အမှားတွေ တလွဲ တွေ လုပ်ဇတ်တွေနဲ့ ဝါဒဖြန့်နေတာပါဘဲ။ ဗီယက်နမ်ကရဲမေလဲ လောက်ကိုင်က တပ်ရင်းမှူးမိန်းမ ဖြစ်ရရှာပါတယ်။ ရေနစ်သေတဲ့ မိန်းကလေးလဲ လောက်ကိုင်က ကျဆုံးရဲမေ ဖြစ်ရရှာပါတယ်။ နိုင်ငံခြားက ဒုံးကျည်တင်ကားလဲ ထော်လာဂျီနံပတ်နဲ့ မြန်မာ တပ်မတော်ကို ရောက်ပါတယ်။ DKBA စောချစ်သူနဲ့ အင်အား ၁၅၀၀ လဲ လောက်ကိုင်ရောက်လာပြီး တိုက်ပွဲဝင်ပါတယ်။ ကျနော်သိသလောက် လိမ်ညာပြောဆိုမှုများဟာ ရေရှည်မခံပါဘူး။ ဒုတိယအချက် တရုတ်ပြည်က လူမှုကွန်ယက်ပေါ်မှာ ကိုးကန့်အရေးနဲ့ပတ်သက်ပြီး တရုတ်မျိုးချစ်များလဲ သွေးကြွနေတာ ဂရုပြုဖို့လိုပါတယ်။ အလွန်အကျွံ status တွေကို တရုတ် အစိုးရတာဝန်ရှိသူများက ဖြုတ်ချနေရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ထဲ ခိုလှုံနေတဲ့ ကိုးကန့်ဒုက္ခသည်တွေကို ကူညီမှုကတော့ မြင့်တက်နေပါတယ်။ ရိက္ခာပစ္စည်းတွေ ပိုလျှံပြီး ထားစရာမရှိလို့ လောလောဆယ် ထပ်မပို့ဖို့ အတွင်းပိုင်း ပြည်နယ်ကလူတွေကို အကြောင်းကြားနေတာတွေ့ရပါတယ်။ တရုတ်ပြည်အနေနဲ့ လူဦးရေလဲများ စီးပွါးရေးလဲပိုမြင့်တော့ သိပ်တော့မဆန်းပါဘူး။ ဒါပေမဲ့ သတိကြီးကြီးထားဖို့တော့ လိုပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် စစ်တပ်ရဲ့ online စဆရ အောင်မြင် တာတော့ အသိမှတ်ပြုပါတယ်။ အောင်မြင်မှုကို ရေရှည်ထိမ်းနိုင်မလားဆိုတာတော့ စောင့်ကြည့်ရပါအုံးမယ်။


ဖုန်ကြားစင်း

● ကိုးကန့်ဒေသစစ်ဟာ ပြည်တွင်းစစ်လား ပြည်ပကျူးကျော်စစ်လား
တရုတ်လို ထုန်မုန်ကျွင်းလို့ခေါ်တဲ့ ကိုးကန့်အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ စစ်တပ်ရဲ့ပြင်းထန်တဲ့ စစ်ဆင်အရေးယူမှုကြောင့် ကိုး ကန့်က လက်လွတ်ထွက်ပြေးခဲ့ရပါတယ်။ အဲဒီတုန်းက ဖုန်ကြားစင်းတို့အနေနဲ့ မျှော်လင့်မထားတဲ့ အခြေအနေနဲ့ ကြုံလိုက် ရလို့လား၊ ပြင်ဆင်မှုမရှိလို့လားတော့မသိ၊ အထိနာခဲ့ပါတယ်။ ထိုစဉ်က ဖုန်ကြားစင်းနဲ့အတူ ကိုးကန့် အိမ်ထောင်စု ထောင်နဲ့ ချီပြီး ကိုးကန့်ကထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ခွာခဲ့တဲ့ အိမ်ထောင်စုများဟာ အများစုက မိုင်းလားဒေသမှာ ပြောင်း ရွှေ့နေထိုင်ကြပြီး တချို့က ဝဒေသမှာ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ထွက်ခွာခဲ့ရတဲ့ ဖုန်ကြားစင်းအဖွဲ့ဟာ သူတို့ လက်လွှတ်ခဲ့ရတဲ့ ကိုးကန့်ဒေသကို ပြန်လည်ဝင်ရောက်ဖို့ အစဉ်တစိုက်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ကုန်ခါနီးမှ အစပြုပြီး တရုတ်ဘာသာနဲ့တင်တဲ့ အင်တာနက်သတင်းများမှာ ဖုန်ကြားစင်းတပ်ဖွဲ့ ပြန်လည်လှုပ်ရှားတဲ့သတင်းတွေကို ဖေါ်ပြလာပါတယ်။ ကိုးကန့်အနောက်ဖက် သံလွင်မြစ်ရဲ့အနောက်ခြမ်း မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းယားမုန်းဟောင်ဒေသ နမ့်ကျွမ်း မုန်းပေါ်လေးဒေသတွေမှာ KIA TNLA တို့နဲ့တွဲပြီး ပြန်လည် စတင်လှုပ်ရှားလာပါတယ်။ အစိုးရသတင်းများကတော့ မဖေါ်ပြပါ။ ၂၀၁၄ ဒီဇင်ဘာ ၁၁ ရက်နေ့ နမ့်ကျွမ်း မုန်းပေါ်လေးဒေသမှာ တပ်မ ၁၁ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်က သေဆုံး ဒဏ်ရာ ၂၀ ခန့်ရှိတဲ့ တိုက်ပွဲဖြစ် တော့မှ အစိုးရက ကိုးကန့်တပ်နဲ့ဖြစ်တာဆိုပြီး စတင်သတင်းဖေါ်ပြပါတယ်။ အဲဒီတုန်းက အစိုးရက တရားဝင်သတင်း မထုတ်ပြန်မှီ စစ်တပ်လော်ဘီများက KIA လို့ စွပ်စွဲပြစ်တင်နေလို့ ကိုးကန့်အဖွဲ့ အကြောင်းကို ဖုံးကွယ်ထားရင် ပြဿနာမဖြေရှင်းနိုင်ဘူးလို့ ကျနော်ထောက်ပြခဲ့ဖူးပါတယ်။ ဒီနောက်မှာတော့ တရုတ် သတင်းဌာနကတဆင့် ဖုန်ကြားစင်း ပြန်လာမယ်ဆိုတဲ့အကြောင်း တရားဝင်ကြေညာတာ တွေ့ရပါတယ်။ တရုတ် သတင်း ဌာနတခုက ကြေညာတာဆိုတော့ အားလုံးလဲ စီကနဲဖြစ်သွားပါတယ်။ ဖေဖော်ဝါရီလထဲမှာ ကိုးကန့်ဒေသထဲ စတင်တိုက်ပွဲ ဖြစ် ပွါးပါတယ်။ အရပ်ဝတ်တွေနဲ့ဝင်နေတာ ကြာပြီလို့ဆိုပါတယ်။ ဖုန်ကြားစင်းရဲ့စကားကြောင့် အစိုးရစစ်တပ်က တပ်အသင့်ပြင်ထားတယ် ဆိုပေမဲ့ တကယ်ဖြစ်လာမယ့်နေ့မှာတော့ သတင်းအတိအကျ ရပုံမရပါ။ ကိုးကန့်ဒေသခံပြည်သူများ သာမက ကိုးကန့် နယ်ခြားစောင့်တပ် ၁၀၀၆ ပင်လျင် အစိုးရတပ်ကို သတင်းပေးပုံမရပါ။ ပြောရလျှင် ဖုန်ကြားစင်းတပ်ဖွဲ့သည် ကိုးကန့်ဒေသခံပြည်သူများရဲ့စိတ်ကို ရသွားပုံပေါ်ပါတယ်။ ဖုန်ကြားစင်းအနေနဲ့ အသက်ရွယ်ကြီးမြင့်နေလို့ စစ်မြေပြင်မှာ ကိုယ်တိုင်မပါနိုင်တော့ပေမဲ့ သူသား ဖုန်တာရွှင် ကွပ်ကဲနေတယ်လို့ဆိုပါတယ်။ ဖုန်ကြားစင်းကတော့ တရုတ်ပြည် ဟိုတယ် တခုမှနေပြီး ကွပ်ကဲနေတယ်လို့ အစိုးရသတင်းများအရသိရပါတယ်။ 

အစိုးရသတင်းများအရ ကိုးကန့်တပ်ဖွဲ့ဟာ သူတပ် ဖွဲ့တွေကို ဝဒေသနဲ့မိုင်းလားဒေသတွေမှာ စုဖွဲ့လေ့ကျင့်ခဲ့တယ်ဆိုပါတယ်။ ပြန်လည်ဝင်ရောက်လာတဲ့ ကိုးကန့်အဖွဲ့မှာ UWSA၊ မိုင်းလား၊ KIA၊ TNLA၊ AA ခေါ် ရခိုင်တပ်မတော် SSA မြောက်ပိုင်းတို့ အင်အားများ ပူးပေါင်းပါဝင်တယ်လို့ဆိုပါတယ်။ အချို့သတင်းများအရ UWSA က တပ်ရင်း ၄ ရင်းပါ တပ်မဟာတခု ပါဝင်တယ်လို့ ဆိုပါတယ်။ ၂၃ ရက်နေ့ အစိုးရ MRTV သတင်းအရ တရုတ်အစိုးရဟာ မူဝါဒပိုင်းအရ ပါဝင်ပတ်သက်မှုမရှိဘူး။ တရုတ်ကြေးစားစစ်သားအချို့တော့ ပါဝင်နိုင်ဖွယ်ရာ ရှိတယ်လို့ဆိုပါတယ်။ ဤသို့သောအခြေအနေအောက်မှာ လက်ရှိကိုးကန့်ဒေသစစ်ပွဲများဟာ အဓိကကိုးကန့်အဖွဲ့နဲ့ သူရဲ့ မဟာမိတ်တိုင်းရင်းသားတွေနဲ့ ပူးပေါင်းတိုက်တဲ့ စစ်ပွဲတခုသာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကစစ်တပ်တတပ် ကျူးကျော်ဝင်ရောက်လာတာမဟုတ်ပါဘူး။ ၂၀၀၉ တုန်းက ကိုးကန့်ဒေသ က မောင်းထုတ်ခံရတဲ့ ဖုန်ကြားစင်းအဖွဲ့ဟာ သူ့မဟာမိတ်တွေ အင်အားနဲ့ အချိန်ယူပြင်ဆင်ပြီး ကိုးကန့်ဒေသကို ပြန်လည်ဝင်ရောက် တိုက်ခိုက်တာသာဖြစ်ပါတယ်။ ပြည်တွင်းစစ်သာဖြစ်ပါ တယ်။ ဖုန်ကြားစင်းတို့ကိုးကန့်အဖွဲ့ဟာ အားနည်းချက်ချို့ယွင်းချက်တွေရှိနိုင်ပါတယ်၊ အမှားတွေလဲရှိနိုင်ပါတယ်၊ မူးယစ် ဆေးဝါးနဲ့လဲ ပတ်သက်နိုင်ပါတယ်။ ကိုးကန့်ပြည်သူအများစုကို ကိုယ်စားမပြုဘူးလို့လဲ စွပ်စွဲနိုင်ပါတယ်။ ကိုးကန့်တိမ်းရှောင် အဖွဲ့၊ ကိုးကန့်သောင်းကျန်းသူ စသဖြင့်လဲ ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ နိုင်ငံခြားကကျူးကျော်လာသူတွေမဟုတ်ပါ ဘူး။ ဒေသခံတိုင်းရင်း သားလက်နက်ကိုင်တဖွဲ့သာဖြစ်ပါတယ်။ ဒါကြောင့် ဒီစစ်ဟာ ပြည်တွင်းစစ်သာဖြစ်ပါတယ်။ အချုပ် အခြာအာဏာနဲ့ လွတ်လပ်ရေးကိုကာကွယ်တဲ့၊ ပြည်ပကျူးကျော်မှုကိုကာကွယ်တဲ့စစ် မဟုတ်ပါဘူး။ ပြည်ထောင်စုတိုင်း ရင်းသားချင်း ဖြစ်ပွါးတဲ့စစ်ပွဲသာဖြစ်ပါတယ်။

● ကိုးကန့်ဒေသခံများအကြောင်း တစေ့တစောင်းနှင့် ကိုးကန့်စစ်ဘေးဒုက္ခသည်များ
တကယ်တော့ ကိုးကန့်တရုတ်ဆိုလျင် ပါဂျဲရိုးစီး သိန်းထောင်ချီတန်တဲ့မြေကွက်ဝယ်နိုင်သော၊ မူးယစ်ဆေးဝါးနဲ့ ငွေပေါ သူဟု ထင်နေကြပါတယ်။ တချို့တလေတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုးကန့်တရုတ် တိုင်းရင်းသားဒေသခံများ ကတော့ ဤသို့မဟုတ်ပါ။ ဆင်းရဲမွဲတေမှုနဲ့ လုံးပမ်းနေရပါတယ်။ ကိုးကန့်ဒေသဟာ ကြမ်းတမ်းခက်ခဲပါတယ်။ မြင့်မား မတ်စောက်တဲ့ တောင်တန်းတွေပေါ်မှာ စိုက်ပျိုးရေးဟာလဲ ခက်ခဲပါတယ်။ နွေဆိုလဲ တောင်တန်းတွေပေါ်မှာ ရေအလွန်ရှားပါတယ်။ ဘိန်းစိုက်စဉ်ကာလကလဲ ဘိန်းစိုက်ကိုးကန့်တောင်သူတွေ ဝလင်ခဲ့တာမဟုတ်ပါဘူး။ မိုးတွင်းမှာ ပြောင်းစိုက်ပါတယ်။ ပြီးရင် ပြောင်ဖူးတွေကို အဖူးလိုက်အခြောက်ခံထားရပါတယ်။ ဆောင်းတွင်းမှာ ဘိန်းစိုက်ပါတယ်။ ဘိန်းပေါ်ချိန် မတ်-ဧပြီလတွေမှာ ဘိန်းရောင်းပြီး လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဆေး အဝတ်အထည် ဝယ်ရပါတယ်။ ဘိန်းဆိုတာ စိုက်တဲ့ဒေသမှာ သင့်တင့်ဈေး သာရတာပါ။ ခရီးဝေးကိုသယ်ပို့ရောင်းချနိုင်တဲ့ ဘိန်းကုန်သည်တွေသာ အမြတ်အစွန်းကြီးတာပါ။ ဘိန်းစိုက်တောင်သူ တွေအဖို့ သူတို့အသက်မွေးဝမ်းကြောင်းအတွက် သူတို့ဒေသ ရာသီဥတုနဲ့ကိုက် ညီတဲ့ အကျိုးဖြစ်ထွန်းမှုပိုများတဲ့ သီးနှံတမျိုး စိုက်ပျိုးရုံသာဖြစ်ပါတယ်။ ဒီလိုဘိန်းစိုက်တာတောင် သူဌေးဖြစ်ဖို့ မဆိုထားနဲ့၊ တနှစ်ပတ်လုံး ထမင်းဖြူမစားရတဲ့ ကိုးကန့် ဒေသခံတွေ အများအပြားပါ၊ ဘိန်းတရာသီစိုက်ရတဲ့ပိုက်ဆံဟာ မိသားစုစားဖို့ဆန် ၇ လစာလောက်ဘဲရတဲ့ ကိုးကန့်သား တွေမနဲပါ။ ကျန်တဲ့လတွေမှာ အခြောက်ခံထားတဲ့ ပြောင်းဖူးကို အစေ့ချွေ ကျောက်ဆုံနဲ့ကြိတ်ပြီး ကြမ်းတမ်းတဲ့ပြောင်း ဆံစားရပါတယ်။ ကြမ်တမ်းခက်ခဲပင်ပမ်းစွာ အသက်ရှင်ကြရပါတယ်။ အခုလဲဘဲ စစ်ဘေးရှောင်လာတဲ့ဆရာမလေးတွေ ပြောကြားချက်အရ ကလေးကျောင်းထားဖို့ စားဖို့ ဝတ်ဖို့ ခက်ခဲသူ တွေရှိနေဆဲပါ။


ကိုးကန့် စစ်ရှောင်ဒုက္ခသည်များ (photo – www.manager.co.th)

 လက်ရှိစစ်ပွဲဖြစ်တော့ စစ်ပွဲမှလွတ်ရာကိုပြေးကြတဲ့ စစ်ဘေးဒုက္ခသည်တွေများစွာပေါ်လာပါတယ်။ လားရှိုးက အရပ် ဘက် လူမှုအဖွဲ့အစည်းတွေ အစိုးရအာဏာပိုင်တွေနဲ့ပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေတာတွေ့ရပါတယ်။ လားရှိုးကို ရှောင်ပြေးလာ သူတွေ အများစုကတော့ အစိုးရဝန်ထမ်းတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါ။ အစိုးရဝန်ထမ်း တွေကိုတော့ လားရှိုးမှာ ခေတ္တနေရာချထားပေးပြီး ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ မန္တလေးကတဆင့် အိမ်ပြန်ပို့ နေတာတွေ့ရပါ တယ်။ ကိုးကန့်ဒေသခံအများစုကတော့ တရုတ်ပြည်ကကယ်ဆယ်ရေးစခန်းကို ရောက်သွားပုံပါဘဲ။ ဒုက္ခသည် သုံးသောင်းမှ ငါးသောင်းလောက် တရုတ်ပြည်ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေပြီး စားစရာ နေစရာ ကူးစက်ရောဂါတို့နဲ့ပတ်သက်ပြီး တရုတ်ကတာဝန်ယူထားတယ်လို့ဆိုပါတယ်။ မြန်မာအရပ်ဘက်လူ့အဖွဲ့စည်းတွေရဲ့ ကူညီမှုလက်လှမ်းမမှီခဲ့ပါ။ ဒီလိုနဲ့ ကိုးကန့်ဒေသ ခံတွေရဲ့စိတ်တွေ မြန်မာပြည်သူတွေနဲ့ ပိုဝေးသွားမှာ စိုးရိမ်မိပါတယ်။

● ကိုးကန့်စစ်ပွဲနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
(က) ကိုးကန့် ဝ နှင့် မိုင်းလားအဖွဲ့
ယင်းအဖွဲ့ ၃ ဖွဲ့သည် မြန်မာပြည် အရှေ့မြောက် တရုတ်နယ်စပ်တလျှောက်တွင်ရှိပါတယ်။ ဝနဲ့ မိုင်းလားအဖွဲ့တို့အနေနဲ့ နယ်မြေဆက်စပ်မှုသိသာပေမဲ့ ကိုးကန့်နဲ့ ဝအဖွဲ့နယ်မြေဆက်စပ်မှုကတော့ ကျဉ်းမြောင်းပြီး စစ်တပ်မှ အလွယ်တကူ ပိတ်ဆို့ထားနိုင်ပါတယ်။ ဒီ ၃ ဖွဲ့ဟာ အရင်ဗကပ လက်အောက်အတူတိုက်ပွဲဝင်ဖူးပြီး တယောက်နဲ့တယောက် နီးစပ်မှု ရှိသလို နားလည်မှုလည်းရှိပါတယ်။ ကိုးကန့်ဒေသမှာ အရင်ဆုံး ဗကပ ၄၀၄ စစ်ဒေသဆိုပြီး စတင်ခဲ့တာဖြစ်ပြီး ၁၉၇၀ နောက်ပိုင်းကျမှ ဝ ဒေသ မိုင်းလားဒေသတွေကို တိုးချဲ့ခဲ့တာဖြစ်ပါတယ်။ ဒီလို ဝဒေသ မိုင်းလားဒေသတွေကို တိုးချဲ့ ရာမှာ ဖုန်ကြားစင်း ဖုန်ကြားဖူးတို့တတွေက တပ်မှူးကြီးတွေ ဖြစ်နေပြီဆိုတော့ သူတို့အနေနဲ့ ဝ၊ မိုင်းလားအဖွဲ့တွေကို တစုံတရာ သြဇာငြောင်းတာ အမှန်ပါဘဲ။ ဒါပြင် ဒီ ၃ ဖွဲ့ဟာ ၁၉၈၉ မှာ ဗကပ လက်အောက်ကနေ ရှေ့ဆင့်နောက်ဆင့် ခွဲထွက်လာကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ အစိုးရနဲ့လဲအပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူထားပေမဲ့ မကြာခဏ အငြင်းပွားဖွယ်ရာကိစ္စများ ကြုံတွေ့ရပြီး စစ်ရေးတင်းမာမှုတွေ ကြုံကြရပါတယ်။ သူတို့အဖွဲ့တွေရဲ့ကံကြမ္မာဟာ ဆက်စပ်နေကြောင်း သူတို့ကောင်းကောင်းသိပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားပေမဲ့ စစ်ခေါင်းဆောင်တွေကို ယုံကြည်မှုပျက်ပြားစေတဲ့ကိစ္စတခု ၂၀၀၀ ခုနှစ်က ပေါ် ပေါက် ခဲ့ပါတယ်။ ဒါကတော့ မုန်းကိုးဒေသမှာ ဖြစ်ပွါးခဲ့တဲ့ မုန်လုံအရေးအခင်းခေါ် မုန်လုံလူသတ်ပွဲပါ။ ၁၉၈၉ ဗကပ က နေပြီး ကိုးကန့်အဖွဲ့ခွဲထွက်တော့ သံလွင်မြစ်အနောက်ဘက်ခြမ်းကတပ်တွေကိုပါ စည်းရုံးပုန်ကန်တာဖြစ်တဲ့အတွက် မုန်းကိုး-ဖေါင်းဆိုင်ဒေသ မုန်းယား-မုန်းဟောင်ဒေသတွေ ကိုးကန့်လက်အောက် ရောက်သွားပါတယ်။ တကယ်တော့ ဒီဒေသတွေဟာ ကိုးကန့်ရွာတွေရှိတဲ့ ကိုးကန့်ဒေသမဟုတ်ပါ။ ကချင်၊ ရှမ်း၊ တိုင်းရင်းသားတွေ ဒေသပါ။ ၁၉၉၀ နောက်ပိုင်း ဖုန်ကြားစင်းနဲ့ ယန်မုံလျံတို့ညီအကို အပြန်အလှန်အားပြိုင်မှုတွေ အပြန်အလှန်အာဏာ သိမ်းမှုတွေ ဖြစ်လာတဲ့အခါမှာ မုန်ဆာလခေါင်း ဆောင်တဲ့ ဒေသခံတွေဟာ မုန်ကိုးကာကွယ်ရေးတပ်မတော် MDA ဆိုတာဖွဲ့ပြီး ၁၉၉၆ မှာ ကိုးကန့်ကနေ ခွဲထွက်ကြပါတယ်။ သီးခြားအဖွဲ့အနေနဲ့ အစိုးရက အသိမှတ်ပြု ဆက်ဆံခဲ့ပါ တယ်။ ဒီလိုနဲ့ သံလွင်အနောက်ခြမ်းဟာ ကိုးကန့်အုပ်ချုပ်မှုအောက်မှ လွတ်ခဲ့ပါတယ်။ ဒီမုန်ကိုးကာကွယ်ရေး တပ်မတော်ဟာလဲ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလောက်မှာ ပြဿနာတခု ဖြစ်ပါတယ်။ လင်နမင် ခေါင်းဆောင်တဲ့ တပ်ဖွဲ့က မုန်ဆာလတို့ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးပြီး ပုန်ကန်လိုက်တာပါဘဲ။ ဒါပေမဲ့ မုန်ဆာလတို့ဟာ ထွက်ပြေး လွတ်မြောက်ပြီး အစိုးရဆီရောက်သွားပါတယ်။ ဒါပေမဲ့ သူလက်အောက်ကတပ်က သူတို့ကို ပုန်ကန်နေပြီဖြစ်လို့ တပ်မရှိတော့တဲ့သူတွေ ဖြစ်နေပါပြီ။ ဒီအခါမှာတော့ တပ်မရှိတော့တဲ့ မုန်ဆာလ ဇော်လ မရန်ကမ် ခေါင်းဆောင် ၃ ယောက်ကို မူးယစ်ဆေးဝါးမှုအပါ အမှုပေါင်းစုံဖွင့်ပြီး ထောင်ဒဏ်နှစ်ရာနဲ့ချီ ချခဲ့ပါတယ်။ မုန်ဆာ လကို မောင်းတော ထောင်၊ ဇော်လကို ခန္တီးထောင်၊ မရန်ကမ်ကို မော်လမြိုင်ထောင် စသဖြင့် အသီးသီးခွဲပို့ခဲ့ပါတယ်။ မုန်ဆာ လဟာ မောင်းတောထောင်တွင်းမှာဘဲ ၂၀၀၆ သြဂုတ်လမှာ ကွယ်လွန်ခဲ့ပါတယ်။ ခင်ပွန်းအလောင်းကို သဂြိုလ်ဖို့ လိုက်သွား တဲ့ ဇနီးသည်ဟာ သေသွားပြီးဖြစ်တဲ့ သူ့ယောက်ျားအလောင်းကခြေထောက်မှာ သံခြေကျင်းတန်းလန်းနဲ့တွေ့ရလို့ မချိတင် ကဲဖြစ်ရတယ်လို့ဆိုပါတယ်။ ကျန်နှစ်ဦးကလဲ ခုထိမလွတ်သေးပါဘူး။ သမတရဲ့ အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာ ခွင့်တွေမှာလဲ ပါမလာပါဘူး။ ဒါကြောင့် ၂၀၁၂ မှာ ဇော်လမိခင်ကြီးက သူသားအတွက် သမတဆီ အသားနာခံစာ တင်ဖို့လုပ်ခဲ့ကြောင်း သိရပါတယ်။ တိုင်းရင်းသားတွေခေါင်းဆောင်အဖြစ်နဲ့ အစိုးရရဲ့အသိမှတ်ပြု ဆယ်နှစ်ကျော်ခံခဲ့ရတဲ့ မုန်ဆာလတို့ရဲ့ အဆုံး သတ်ပါ။ နယ်စပ်ဒေသတိုင်းရင်းသားအဖွဲ့တွေ အားလုံးသတိပြုမိသွားပါတယ်။


ဒါပေမဲ့ ပိုဆိုးသွားတာက မုန်ဆာလတို့ကိုပုန်ကန်ဖြုတ်ချခဲ့တဲ့ လီနမင်တို့အဖွဲ့ပါ။ လင်နမင် ခေါ် လင်ညီမိန်းဟာ ဝ လူမျိုး တဦးဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်း သံလွင်အနောက်ခြမ်း မုန်းကိုးဒေသကို ဗကပတပ်မ ၄၈ မှ တပ်ရင်း ၃ ရင်းပြောင်းရွှေ့လာရာမှာ ရင်း ၄၀၄၈ တပ်ရင်းမှူးအနေနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ကိုးကန့်ခွဲထွက်မှုနောက်ပိုင်း မှာလဲ ဝ နယ်ကိုမပြန်တော့ဘဲ မုန်းကိုးဒေသမှာ ဆက်လက်တာဝန်ယူခဲ့ပါတယ်။ မုန်ဆာလကိုဖြုတ်ချခဲ့တဲ့ လီနမင်နဲ့ အင်အား ၁၀၀ ကျော်ခန့်ဟာ အစိုးရစစ်တပ်နဲ့ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့နေရာကတော့ မုန်ကိုးနဲ့ ကြူကုတ် ပန်ဆိုင်းကြားက မုန်လုံဆိုတဲ့ တောင်ပေါ်ရွာကလေးဖြစ်ပါတယ်။ လီနမင်တို့က ယခင်အတိုင်း မုန်ကိုး-ဖေါင်းဆိုင်ဒေသ၊ မုန်းယား-မုန်းဟောင်ဒေသကို ဆက်လက်အုပ်ချုပ်ခွင့်တောင်းပေမဲ့ စစ်တပ်ကလက်မခံတော့ပါ။ မုန်လုံ ပန်ဆိုင်းကြား မင်တန် ၁၁ ရွာရဲ့ ပြည်သူ့စစ်အဖြစ်ဘဲ လက်ခံမယ်လို့ အကြောင်းပြန်ပါတယ်။ ဒီလိုလိပ်ခဲတင်းတင်းဖြစ်နေချိန်မှာ ဆွေးနွေးပွဲခဏနားပါတယ်။ ဆွေးနွေးပွဲခဏနားလို့ ယုံယုံကြည်ကြည်နဲ့ထိုင်နေတဲ့ လီနမင်အဖွဲ့ကို စစ်တပ်က မပြောမဆို ဝင်ရောက်ပစ်ခတ် ရှင်းလင်းတယ်လို့ဆိုပါတယ်။ လီန မင် အပါ ၁၀၀ ကျော်သေဆုံးပြီး လွတ်လာသူ တဦးစ နှစ်ဦးစဘဲ ရှိတယ်လို့ဆိုပါတယ်။ ဒီမုန်လုံအရေးအခင်း ခေါ် မုန်လုံ လူသတ်ပွဲ ဖြစ်ပွားရာနေရာဟာ လက်ရှိခေတ်စားနေတဲ့ နေတံဆိပ်ကိုယ်စားပြု ရမခတိုင်းထဲမှာဖြစ်ပြီး ထိုစဉ်တိုင်းမှူး ကတော့ ရှစ်လုံးလို့လူသိများတဲ့ သီဟသူရ တင်အောင် မြင့်ဦးပါ။ ဒီ မုန်လုံအရေးအခင်းနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကလဲ ပြောစရာတစုံတရာရှိနိုင်ပါတယ်။ ဒါပေမဲ့ လီနမင်တို့အဖွဲ့ ဆွေးနွေးပွဲခေါ်ပြီး ပစ်သတ်ခံလိုက်ရပြီဆိုတဲ့သတင်းကတော့ နယ်စပ်တလျှောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ အထူးသဖြင့် လီနမင်ဟာ ဝါရင့် ဝတပ်ရင်းမှူးတဦးဖြစ်ပြီး လက်ရှိ ဝအဖွဲ့ခေါင်းဆောင်တွေနဲ့ ခေတ်ပြိုင်ဖြစ်တာကြောင့်၊ နယ်စပ်ဒေသ တိုင်းရင်းသား အဖွဲ့တွေထဲမှာ လူသိများသူဖြစ်တာကြောင့် ဒီသတင်းကို အလျင်အမြန် သတိပြုမိသွားကြပါတယ်။ အကျိုးဆက်ကတော့ ဗကပ ခွဲထွက်တဖွဲ့မှာဖြစ်တယ်ဆိုတော့ ကျန် ဗကပခွဲထွက်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်၊ ဝ၊ မိုင်းလားအဖွဲ့တွေမှာ ပြင်းပြင်း ထန်ထန်သက်ရောက်ပါတယ်။ အစိုးရနဲ့ဆက်ဆံတာ သတိကြီးစွာထားကုန်ကြပါတယ်။ ဒီအဖွဲ့တွေရဲ့ ထိပ်တန်းခေါင်းဆောင် တွေဟာ အစိုးရနယ်မြေမှာလာပြီး ဆွေးနွေးတွေ့ဆုံတာ မလုပ်ကြတော့ပါဘူး။ ၂၀၀၉ ခုနှစ် ဝ နဲ့အခြေအနေတင်းမာနေချိန်မှာ တရုတ်သံတမန်တွေပါမှ သာ ဝ ခေါင်းဆောင်တွေ ဆွေးနွေးပွဲတက်တာတွေ့ရပါတယ်။ ခုနောက်ပိုင်းမှာလဲ ဝ မိုင်းလားဒေသ ထိပ်တန်းခေါင်းဆောင်တွေ အစိုးရနဲ့လာရောက်တွေ့ဆုံတာ မတွေ့ရဘဲ ဒုတိယတန်းခေါင်းဆောင်တွေသာ လာတွေ့တာ တွေ့ရပါတယ်။ မုန်လုံအရေးကစလို့ ယုံကြည်မှုပျက်ပြားသွားတယ်လို့ ဆိုရပါမယ်။

အစိုးရနဲ့ ဒီအဖွဲ့တွေကြား တင်းမာမှုစတင်တာကတော့ ၂၀၀၉ မှာ ပြန်လည်စတင်ပါတယ်။ ယခင်ငြိမ်းချမ်းရေးစယူစဉ် ဗိုလ်ခင်ညွန့်က နိုင်ငံရေးကိစ္စတွေ အရပ်သားအစိုးရလက်ထက်မှ ဆွေးနွေးမယ် ဆိုထားသော်ငြားလဲ ဗိုလ်ခင်ညွန့် ပြုတ်ပြီး ဗိုလ်ရဲမြင့် တာဝန်ယူချိန်၊ အထူးသဖြင့် ၂၀၀၈ ခြေဥအတည်ပြုပြီးချိန်မှာ ပြောင်းခဲ့ပါပြီ။ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ နယ်ခြားစောင့်တပ် BGF အဖြစ်ပြောင်းဖို့ အကြောင်းကြားလာပြီး ရာဇသံတွေ ပေးလာခဲ့ပါတယ်။ နအဖရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တခြမ်း၊ ကလလတ၊ NDAK တို့က လက်ခံခဲ့ပေမဲ့ ကျန်အဖွဲ့အများစု လက်မခံခဲ့ကြပါ။ ကိုးကန့်၊ ဝ၊ မိုင်းလားအဖွဲ့များလဲ လက်မခံခဲ့ကြပါ။ ဒါပေမဲ့ နယ်ခြားစောင့်တပ်တွေထဲက အင်အားအနဲဆုံးဖြစ်တဲ့ ကိုးကန့်အဖွဲ့ ကို စစ်အင်အားသုံးတိုက်ခိုက်ခဲ့ပါတယ်။ အမှုပေါင်းစုံ ပုဒ်မပေါင်းစုံ တပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် တိုင်းရင်း သားခေါင်းဆောင်အဖြစ်မှ ထောင်ဒဏ်နှစ်ရာနဲ့ချီကျနိုင်တဲ့ မုန်ဆာလလို ကံကြမ္မာမျိုး ဖုန်ကြားစင်းဆီရောက်လာပါတယ်။ ဒါကို ဝ နဲ့ မိုင်းလားအဖွဲ့က ကောင်းကောင်းသဘောပေါက်ကြပါတယ်။ ဒါကြောင့် ပိုပြီးကျောချင်းကပ်သွားသလို ပိုလို့ စစ်ပြင်လာကြပါတယ်။

ဒါကြောင့် လက်ရှိအစိုးရနဲ့ ကိုးကန့်၊ ဝ၊ မိုင်းလားအဖွဲ့တွေကြားကပြဿနာဟာ တဖက်နဲ့တဖက် မုန်လုံအရေးမှစတင်ပြီး ယုံကြည်မှုပျက်ပြားရာကနေပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စမှာ အထွဋ်အထိပ်ရောက်လာတယ်လို့ ဆိုရပါမယ်။


တအာင်းတပ်မတော်မှ တပ်သားတချို့ (ဓာတ်ပုံ – ဧရာဝတီ)

(ခ) KIA TNLA AA SSA-မြောက်ပိုင်း
KIA ဟာ ဒီလေးဖွဲ့ထဲမှာ အင်အားအကောင်းဆုံးနဲ့ နယ်မြေအကျယ်ဆုံးစိုးမိုးထားနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားပါတယ်။ TNLA ခေါ် ပလောင်တပ်ဖွဲ့ဟာ KIA ရဲ့ ကျောထောက်နောက်ခံနဲ့ပံ့ပိုးမှုရှိတဲ့အဖွဲ့ လို့ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားပါတယ်။ AA ခေါ် ရခိုင် တပ်မတော်ဟာ KIA ရဲ့ကျောထောက်နောက်ခံနဲ့ဖွဲ့စည်းထားပြီး KIA နယ်မြေထဲမှာဘဲ ရပ်တည်လှုပ်ရှားပါတယ်။ SSA မြောက်ပိုင်းကတော့ မိုင်းရယ် မိုင်းနောင် မိုင်းရှူး အလယ်မှာရှိတဲ့ ဝမ်ဟိုင်းကို အခြေပြုပြီး ရှမ်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားတဲ့ရှမ်းတပ်ဖြစ်ပါတယ်။ KIA နဲ့ SSA-မြောက်ပိုင်းဟာ ဗကပရှိစဉ်က ဗကပ မဟာမိတ်များဖြစ်ပြီး လက်တွဲခဲ့ကြသူများဖြစ်ပါတယ်။ ယခု ဗကပ က ခွဲထွက်သွားတဲ့ ကိုးကန့်၊ ဝ၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များနဲ့ ယခင်ကထဲက ရင်းနှီးတဲ့ဆက်ဆံရေး ရှိကြပါတယ်။ ယခုလဲ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းတယ်ဆိုတဲ့စိတ်နဲ့ ပိုမိုရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ထားနိုင်ကြပါတယ်။

ဒီလေးဖွဲ့စလုံးလဲ အစိုးရရဲ့နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံကြပါ။ ၂၀၀၉ ကစပြီး KIA ကို အစိုးရက နယ်ခြား စောင့်တပ်ဖွဲ့ရေး ဖိအားပေးပါတယ်။ ဘယ်နေ့နောက်ဆုံး ဆိုတဲ့ ရာဇသံပေးတာလဲ အကြိမ်ကြိမ်ပါ။ ဒါပေမဲ့ တိုက်ပွဲကတော့ ၂၀၁၁ မှစဖြစ်ပါတယ်။ KIA နဲ့ဖြစ်ပြီဆိုတော့ TNLA AA တို့လဲ တနွယ်ငင်တစင်ပါ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ တော့ ဆွေး နွေးလိုက် တိုက်လိုက်ပါဘဲ။ SSA မြောက်ပိုင်းနဲ့တော့ တိုက်ပွဲကြီးကြီးမားမားမဖြစ်ပေမဲ့ မပြေလည်ပါဘူး။ ချုပ်လိုက်ရင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံတဲ့အပေါ်မှာ ထိပ်တိုက်ရင်ဆိုင်နေကြတာဘဲဖြစ်ပါတယ်။

(ဂ) ဆွေးနွေးပွဲစားပွဲဝိုင်းက မထွက်သေးတဲ့အဖြေ
အစိုးရဘက်ကပြောတာက ပြည်ထောင်စု၊ တိုင်းရင်းသားတွေပြောတာက ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်ထောင်စုကို မြင်ပုံ နားလည်ပုံချင်းမတူကြ။

အစိုးရဘက်ကပြောတာက ပြည်တွင်းရှိလက်နက်ကိုင်တပ်များ တစုတစည်းထဲရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ် များ အားလုံးစိစစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရမယ်၊ တိုင်းရင်းသားအဖွဲ့တွေပြောတာက ပြည်တွင်းရှိ လက်နက်ကိုင် တပ်တွေ တစုတစည်းထဲရှိဖို့ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရမယ်၊ ကွဲလွဲနေကြပါတယ်။ ညှိနှိုင်းမရကြသေးပါ။ အမြင် အမျိုးမျိုးရှိနိုင်ပါ တယ်။ ဒီပြဿနာဟာ ရေရှည်ငြိမ်းချမ်းရေးတည်တန့်ဖို့၊ နှစ်ခြောက်ဆယ်ကျော်ကြာမြင့်ပြီဖြစ်တဲ့ ပြည် တွင်းစစ်ရပ်စဲနိုင်ဖို့ အဖြေဖြစ်နိုင်ပါတယ်။

ပြည်တွင်းစစ်နဲ့ စစ်ဘေးစစ်ဒဏ်ကို ကျနော်တို့ဗမာလူမျိုးတွေ လေးနက်ကြဖို့လိုပါတယ်။ ပြည်တွင်းစစ် နှစ် ၆၀ ကျော်မှာ ၁၉၇၅ ထိ ၂၇ နှစ်သာ ပြည်မမှာစစ်ဒဏ်ခံရပေမဲ့ တိုင်းရင်းသားဒေသတွေမှာတော့ ယနေ့တိုင် ခံစားနေရဆဲ ဖြစ်ပါတယ်။ ဆရာစိုင်းခမ်းလိတ်သီချင်းစာသားလို တောင်ပေါ်မြေတွေရဲ့ တခြားတဖက်မျက်နှာမှာ ချယ်ရီတွေလဲ ယမ်းနံ့စွဲနေ ဆဲဖြစ်ပါ တယ်။ ရွာတွေမီးလောင်ပါတယ်၊ ရွာတွေပျက်ပါတယ်၊ အိုးအိမ်တွေဆုံးရှုံးပါတယ်။ အသက်တွေဆုံးရှုံးပါတယ်၊ ဒုက္ခိတ တွေဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေရောက်ပါတယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခွင့်အရေးတွေ ဆုံးရှုံးပါတယ်၊ ပေါ်တာအဆွဲခံမှု မုဒိန်းမှု စတဲ့ဆိုးကျိုးတွေလဲခံရပါတယ်။ ဒါ့ပြင် ဒီဒုက္ခသုက္ခတွေ ရေရှည်ခံစားရတဲ့ အကျိုးဆက်အနေနဲ့ ဒေါသ နာကျည်းမှု အမုန်းနဲ့အတူ တိုင်းရင်းသားချင်းယုံကြည်မှု ပျက်ပြားစေပါတယ်။

ဒါကို ပြည်မက ကျနော်တို့ဗမာများ သတိပြုဖို့လိုပါတယ်။ ဒါ့ပြင် တိုင်းပြည်ဘတ်ဂျက်ကို တိုက်ရိုက်ထိခိုက်စေတဲ့ စစ်စားရိတ် တွေရဲ့ဒဏ်ကို တတိုင်းပြည်လုံးခံစားရတာကို သတိပြုဖို့လိုပါတယ်။ ကြည့်ပါ၊ ဘတ်ဂျက်နှစ်မကုန်မှီ ကိုးကန့် စစ်ပွဲဖြစ်တာ ဆိုတော့ ဘတ်ဂျက်လိုငွေ ကာကွယ်ရေးက လွှတ်တော်ကိုတောင်းပါလိမ့်မယ်။ လေကြောင်းတိုက်လေ ယာဉ် ရဟတ် ယာဉ်တွေရဲ့အသုံးစားရိတ်၊ ဒုံးကျည်တွေ ဗုံးတွေရဲ့ကုန်ကျစားရိတ်၊ ၁၀၅ မမ လက်နက်ကြီးတွေရဲ့ ကုန်ကျ စားရိတ်၊ ခြေလျင် တပ်မ တပ်ရင်းတွေရဲ့ စစ်သုံးစားရိတ် နဲနဲနောနောနောမဟုတ်ပါဘူး။ ပြည်တွင်းစစ်ရှည်ကြာနေသမျှ ကာကွယ်ရေး အသုံးစားရိတ် မြင့်တက်နေမှာဖြစ်ပြီး၊ ကျန်းမာရေး ပညာရေးနဲ့ အခြားအသုံးစားရိတ်များ နဲမြဲနဲနေမှာ ဖြစ်ပြီး တိုင်းပြည်န လံထူဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဝေးမြဲဝေးနေမှာဖြစ်ပါတယ်။

အရေးကြီးတဲ့ကွဲလွဲမှုနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံစရာများပါလိမ့်မယ်၊ ကွဲလွဲမှုတွေများပါလိမ့်မယ်၊ ညှိနှိုင်းယူရမှာတွေလဲ များပါလိမ့်မယ်။ ဒီလိုသဘောတူညီချက်တွေ ရရှိနိုင်ဖို့ တဖက်နဲ့တဖက်သံသယများပျောက်ပြီး ယုံကြည်မှုတည် ဆောက်နိုင် ဖို့လိုပါလိမ့်မယ်။ ဒီအတွက် ဆတ်ဆတ်ထိမခံတဲ့ သဘောထားများ ဖယ်ရှားပစ်ဖို့လိုပါလိမ့်မယ်။ စိတ်ရှည် သည်းခံပြီး သ ဘောထားကြီးမှုကို အင်အားကြီးသူများကသာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

မှတ်ချက်။ အထက်မှာဖေါ်ပြခဲ့တဲ့ မုန်းကိုး-ဖေါင်းဆိုင်ဒေသ၊ မုန်းယား-မုန်းဟောင်ဒေသဆိုတာ ကွတ်ခိုင်-မူဆယ်ကားလမ်းရဲ့ မြောက်နှင့် အရှေ့မြောက်ဘက်၊ သံလွင်မြစ်ရဲ့အနောက်ဘက်၊ တရုတ်မြန်မာနယ်စပ်ရဲ့တောင်ဘက်ကြားဒေသဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ဝေဖန်ရေးရာ

One Response to မောင်မောင်စိုး – ကိုးကန့်ပြဿနာ – အပိုင်း (၂)

  1. ko zaw on March 5, 2015 at 6:30 am

    Yes. It is civil war, ~40,000 myanmar ethnic minority run away as refugee, like Kachin refugees.
    Leaders problem

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်