လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း

March 5, 2015

လှကျော်ဇော – ဦးလေးလှနှင့် ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း
(မိုးမခ) မတ် ၅၊ ၂၀၁၅

၂၀၁၅ ခုနှစ်မှာ အမေအသက်(၁၀၀)ပြည့်သလို အဖေလည်း အသက်(၁၀၅)နှစ် ပြည့်တယ်လို့ ကိုဖိုးသံက ပြောပါတယ်။ ဒီတော့ ကျွန်မက ဦးလေးတို့ဒေါ်ဒေါ်တို့  နှစ်ယောက်စလုံးကို ဂါရ၀ပြုချင်လာပါတယ်။ ဒေါ်ဒေါ်အပေါ် ဖေဖေတင်ထားတဲ့ အကြွေးလည်းရှိပါတယ်။ ဒီအကြွေးကိုလည်း ကျွန်မက ဆပ်ချင်နေပါတယ်။ ဒါကြောင့်ပဲ ဂါရ၀ပြု ကန်တော့ပန်း စာလေးတစောင်ရေး လိုက်ပါတယ်။

ဖေဖေ့အကြွေးက ဒီလိုပါ။ ….ဖေဖေ့ကို ကိုယ်ရေးအတ္ထုပွတ္တိရေးဖို့ လူအတော်များများက တိုက်တွန်းဖူးပါတယ်။ ဒါပေမဲ့ ဖေဖေက (သူ့စကားအရ)- အတ္ထုပွတ္တိဆိုတာ ကိုယ်သေမှတခြားလူတွေ ရေးကြလိမ့်မယ်ဟု သဘောထားကာ ရေးဖို့ စိတ်မကူးခဲ့ပါဘူး–တဲ့။  အဲသလို ဖေဖေက သဘောထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဖေဖေရေးဖြစ်သွားပါတယ်။ ရေးဖြစ် သွားရတဲ့ အကြောင်းတွေ ရှိပါတယ်။ တကြောင်းကတော့ ဒေါ်ဒေါ်ကြောင့်ပါ။

ဒေါ်ဒေါ်က ဖေဖေကို လူကြုံကတဆင့်မှာလိုက်တဲ့ စကားရှိပါတယ်။ ကိုကျော်(ကျော်ဇောဦး)ရဲ့သား သူရိန်ကျော်ဇောက သူ ဗမာပြည် ခွင့်နဲ့ပြန်ချိန်မှာ ဒေါ်ဒေါ်ကို ၀င်ကန်တော့ပါတယ်။ ပြီးတော့… “သူအပြန်မှာ အဘိုးကိုလည်း ၀င်ကန်တော့ ဦးမယ်”လို့ ပြောတော့ ဒေါ်ဒေါ်က “မင်းအဘိုးကိုပြောလိုက်။ ကိုယ်ရေးအတ္ထုပွတ္တိကို တာဝန်တရပ်အနေနဲ့ ရေးဖြစ်အောင် ကို ရေးသွားစမ်းပါ” လို့ မှာလိုက်ပြီး “အဲဒီစကားအတိုင်း အတိအကျပြောနော်”လို့လည်း ထပ်ဆင့်မှာလိုက်ပါတယ်။

ဒါကြောင့်ပဲ ဖေဖေက သူ့စာအုပ်အဖွင့်မှာ …. “မသေခင် တာဝန်တရပ်အနေနဲ့ ရေးသားရန်ဆုံးဖြတ်ပြီး ရေးသားရ ပါတော့သည်” လို့ ရေးထားပါတယ်။ ဒေါ်ဒေါ်ပေးလိုက်တဲ့ တာဝန်ကို ဖေဖေက လက်ခံပြီး ထမ်းဆောင်လိုက်တာပါ။

ဒါပေမဲ့ ဖေဖေသူ့စာအုပ်စရေးတဲ့ ၂၀၀၃ ခုနှစ်ကနေ စာအုပ်ထုတ်လိုက်တဲ့ ၂၀၀၇ ခုနှစ်အတွင်းမှာ ဗမာပြည်မှာ အလွန် တင်းကျပ်ရက်စက်လှတဲ့ နအဖစစ်အစိုးရခေတ်ပါ။ သမိုင်းကို ပုံအမျိုးမျိုးဖျက်ရာမှာ ဖေဖေမပြောနဲ့ ဆရာကြီးမှိုင်းလို ပုဂွိုလ်ကြီးမျိုးကိုတောင် အလွန်အာဃာတကြီးနေချိန်ပါ။ နံမည်တွေတောင်မကြားနိုင်ပါဘူး။ ဒါ့ကြောင့် ဖေဖေက အလွန် သတိထားပြီး ရေးပါတယ်။ စစ်အစိုးရအောက်မှာနေရပြီး လူထုဘက်ကရပ်တည်သူများဟာ ဘယ်လောက် အနေအထိုင် ကျဉ်းကျပ်တယ် ဆိုတာ ဖေဖေကစာနာနိုင်ပြီးသား။ ဒါကြောင့် ဖေဖေက ဒေါ်ဒေါ်ကိုကျေးဇူးစကား မဆိုနိုင်ခဲ့ပါဘူး။ ဒီအကြွေးကို ကျွန်မကဆပ်ရတာပါ။

ဒေါ်ဒေါ်ရေ။ ဖေဖေရဲ့ အဲဒီကိုယ်ရေးအတ္ထုပွတ္တိကို အရင်ကပြည်ပမှာပဲ ထုတ်ခဲ့ရပေမယ့် အခုတော့ ပြည်တွင်းမှာလည်း ထုတ်ဝေခွင့်ရလိုက်ပါပြီ။ အဲဒီစာအုပ်ကအစရပြီး ကျန်ဖေဖေစာအုပ်များ (အရင်ပြည်တွင်းမှာ ရေးခဲ့တဲ့ စာများရော၊ ပြည်ပ ရောက်မှ ရေးထားတဲ့ စာများရော) အဆက်မပြတ် ထုတ်ဝေနိုင်လိုက်ပါပြီ။ ဒေါ်ဒေါ်-ကျေနပ်ဝမ်းမြောက်ပါတော့။

တကယ်တော့ ကျွန်မတို့မိသားစုနဲ့ ဦးလေး-ဒေါ်ဒေါ်တို့ မိသားစုနဲ့က အလွန်ရင်းချာပါတယ်။ ဒေါ်ဒေါ်စကားနဲ့ပြောရရင် “နိုင်ငံရေးဆွေမျိုးတွေပေါ့”… လို့ ပြောရမှာပါ။  ဖေဖေတပ်က ထွက်ရပြီး- ဆရာကြီးမှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ပါဝင်ပြီး အနယ်နယ်အရပ်ရပ်သွား …. ငြိမ်းချမ်းရေးတရားတွေဟော-ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေ လုပ်တဲ့အခါ မန္တလေး အပါအ၀င် အထက်ဗမာပြည်က ဖိတ်ကြားတဲ့ဒေသများကိုလည်း သွားရပါတယ်။ ဒီတော့ လူထုသတင်းစာတိုက်ကြီးက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ အထက်ဗမာပြည်က အခြေခံခံတပ်ကြီးပေါ့။ ဖေဖေတို့က အထက်ဗမာပြည်တ၀ိုက် ဘယ်မြို့ကဖိတ်ဖိတ် မန္တလေးမှာစတည်းချပြီးမှ တဆင့်သွားတာပါ။ ဦးလေးနဲ့ဒေါ်ဒေါ်တို့ ဇနီးမောင်နှံကိုယ်တိုင်ကလည်း ဆရာကြီးမှိုင်းရဲ့ တပည့်ရင်းများလည်းဖြစ် -ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများမှာလည်း ပါဝင်ပတ်သက်နေတော့ ဖေဖေတို့ က တံခါးမရှိဓားမရှိ အားမနာတမ်း ၀င်ထွက်နေပါတယ်။ ဖေဖေက အဲဒီခရီးတွေကပြန်လာတိုင်း ဦးလှတို့ဒေါ်အမာတို့ကို သိပ်အားနာဖို့ ကောင်းတယ်ကွာ။ သူတို့ခမျာလည်း အလုပ်ကသိပ်များတဲ့ကြားက ကိုယ်တို့ကခဏခဏ ဒုက္ခ၀င်ဝင်ပေးနေ ရတယ်။ သူတို့ကလည်း အင်မတန်ဧည့်ဝတ်ကျေတာ၊ ကိုယ်တို့မှာလည်း လုံခြုံရေးအရ သူတို့ဆီမှာပဲ စိတ်ချရတာ လေ…လို့ မေမေကို ပြောပြောနေတာကြားဖူးပါတယ်။

ဖေဖေနဲ့ ဦးလေးတို့ဇနီးမောင်နှံ ပိုမိုရင်းနှီးသွားရတာကတော့ ၁၉၆၄ ဖူလိုင်လ(၂၃)ရက်နေ့-ဆရာကြီးမှိုင်းကွယ်လွန်ပြီး နောက် ဈာပနအထိမ်းအမှတ်ကာလများမှာ ဖြစ်ပါတယ်။ ဦးလေးကဆရာကြီးဆုံးတဲ့နေ့ချင်း ရန်ကုန်ရောက်လာတာပါ။ ဆရာကြီးဦးယော(စာရေးဆရာကြီးဇေယျ-ဆရာကြီးမှိုင်းရဲ့သားမက်)ကို အမှူးထားပြီး ဈာပနကော်မတီဖွဲ့ရာမှာ ဦးလေး ရော ဖေဖေရောပါဝင်ပြီး ဈာပနအခမ်းအနား အစီအစဉ်များအတွက်ရော ဆရာကြီးအမှတ်တရ ဂူဗိမာန်တည်ဆောက်ရေး လုပ်ငန်းများအတွက်ပါ ဦးလေးက တတပ်တအား လာအားဖြည့်ပါတယ်။

အဲဒီကာလ အဖြစ်အပျက်များကိုတော့ ဖေဖေက သူ့စာအုပ်မှာ တော်တော်ပြည့်ပြည်စုံစုံ ရေးထားပြီးပါပြီ။ ဦးလေးနဲ့ပတ် သက်ပြီး ဖေဖေ အထူးကျေးဇူးတင်ပုံရတာကတော့ စာပေနယ်ပယ်ကလူများနဲ့ ဖေဖေတို့အကြား ပေါင်းကူးလုပ်ပေးခဲ့မှု ပါပဲ။

ဖေဖေကဒီလိုရေးထားပါတယ် ….

“လူထုဦးလှမှာ အလွန်ဆက်ဆံရေး ညက်ညောပျော့ပျောင်းသူ ဖြစ်သည်။ သူ၏ကြိုးပမ်းမှုကြောင့်ပင် ကျန်စာပေနယ်မှ အကျော်အမော်ကြီးများအားလုံး ၀ိုင်းရံလာကြပါသည်။ တချို့လူကြီးများသည် ဆရာကြီးအား စာပေဖခင်ကြီးအဖြစ် လေးစားကြည်ညိုသော်လည်း နိုင်ငံရေးအရ အစိုးရငြိုငြင်သည့်အလုပ်ကို လုပ်နေသဖြင့် (အထူးသဖြင့် ကျွန်တော်တို့လို လူမျိုးများ လက်ဝဲသမားများနှင့် တွဲလွန်းသဖြင့်) ဆရာကြီးကိစ္စတွင် အတော်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြပါသည်။ ထိုသူများအားလုံးက ဤဆရာကြီးဈာပနကိစ္စတွေ ၀န်းရံပါဝင်လာအောင် လူထုဦးလှက စည်းရုံးလုပ်ဆောင်နိုင်ခဲ့ပေ သည်။ ကျွန်တော်တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်သွားပြီး တဦးအပေါ်တဦးနားလည်သွားအောင် သူပင်လုပ်ဆောင်သွားခဲ့ ပါသည်”–တဲ့။

ဦးလေးက တပတ်လောက်နေပြီး ပြန်သွားတဲ့ အခါ ဒေါ်ဒေါ်က ကိုဖိုးသံနဲ့အတူ ရောက်လာပါတယ်။အဲဒီကာလက “လူထု” သတင်းစာ ဆက်လက်ထုတ်ဝေနေတဲ့ကာလဖြစ်လို့ ဦးလေးနဲ့ဒေါ်ဒေါ် တယောက်တလှည့်ပဲ လာနိုင်တာပါ။ ဖေဖေက တော့ အဲဒီကာလကဒေါ်ဒေါ့်ကို-“ဒေါ်အမာကတော့လေ-ဒေါ်မြသီ(ဆရာကြီးသမီးအငယ်)အတိုင်းဘဲ။ ဆရာကြီးနဲ့ပတ် သက်လာယင် မျက်ရည်လေးတစမ်းစမ်းနဲ့”လို့ပြောဖူးပါတယ်။

၁၉၆၇ ခုနှစ်လူထုသတင်းစာ ပိတ်လိုက်ရပြီးတဲ့နောက်မှာတော့-ဦးလေးတို့နှစ်ယောက် စာအုပ်တွေဆက်တိုက်ရေးသား ထုတ်ဝေပါတော့တယ်။ အဲဒီစာအုပ်တွေအတွက် အချက်အလက်တွေစုဆောင်းဖို့ ရန်ကုန်ကိုလည်း မကြာခဏလာကြရပြီး လာတိုင်းလည်း ကျွန်မတို့အိမ်ဝင်လာပါတယ်။ စာအုပ်တွေထွက်တိုင်းလည်း ကိုယ်တိုင်လက်မှတ်တွေရေးထိုးပြီး ရန်ကုန် မှာရှိတဲ့ ဦးတင်မောင်(လူထု)ကတဆင့် ပို့တတ်ပါတယ်။

ဖေဖေကလည်းပို့သမျှစာအုပ်တိုင်းကိုဖတ်ပြီး ဖတ်ပြီးတာနဲ့ စာရေးပြီး သူ့ထင်မြင်ချက်တွေကို ပို့ပေးတတ်ပါတယ်။ ဖေဖေ က ဒီလိုလည်း ပြောပါသေးတယ်။ “ဦးလှတို့-ဒေါ်အမာတို့ကတော့ စက်နဲ့လှိမ့်ထုတ်သလို စာအုပ်တွေရေးထုတ်နေတာ။ ဖတ်တဲ့လူကတောင်လိုက်မမီဘူး”တဲ့။ ပြီးတော့ပြောသေးတယ် “သူတို့စာအုပ်တွေက သုတေသနစာတမ်းတွေဘဲ။ တိုးတက်တဲ့နိုင်ငံတွေမှာဆိုယင် ဒေါက်တာဘွဲ့တောင် ရလောက်တယ်”တဲ့။

အထူးသဖြင့်-ဦးလေးရဲ့“သတင်းစာများက ပြောပြတဲ့ စစ်အတွင်းဗမာပြည်”စာအုပ်တွဲများ ထွက်လာတဲ့အခါမှာတော့ ဖေဖေနဲ့ ဦးလေးနဲ့က အပြန်အလှန်ဆက်သွယ်ဖလှယ်မှုတွေ ရှိလာပါတယ်။ ဦးလေးရဲ့စာအုပ်“အမှာစာ” တစောင်မှာ တောင် “ကျွန်တော့်စာအုပ်ကိုဖတ်ပြီး မိတ်ဆွေတယောက်က စာရေးလာပါတယ်။ –ဦးလှရေ။ သားသမီးတွေက ဦးလှ စာအုပ်ဖတ်ပြီး ဟိုဟာမေးဒီဟာမေးနဲ့ ရှေးဖြစ်ဟောင်းတွေ ပြန်ပြောနေရတယ်ဗျာ-လို့စာရေးလာပါတယ်” လို့ဖေဖေ့စာကို ညွန်းပြီး ရေးထားတာတွေ့ရပါတယ်။ ဦးလေးကသူ့စာအုပ်တွေထဲမှာ ဖေဖေတို့ ဂျပန်ခေတ်ကထုတ်ဝေခဲ့တဲ့ တိုင်း(၄) သတင်းစာတွေကို ရတတ်သလောက် ပြန်လည်စုဆောင်း ထည့်သွင်းပေးမှုကိုလည်း ဖေဖေကသိပ်ကျေးဇူးတင်ခဲ့တာပါ။

“စစ်အတွင်းဗမာပြည်” အတွဲတတွဲမှာ ဖေဖေဓာတ်ပုံတွေရော၊ ဖေဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာအတော်များများရော ပါလာပါတယ်။ ဖေဖေက ”ဦးးလှကကိုယ့်အကြောင်းတွေ ဒီလောက်ထည့်ထားရင်တော့ သူ့စာအုပ်တွေနောက်ထပ် ထုတ်ခွင့်မရ ဖြစ်ဦးတော့မှာဘဲ” လို့မေမေကို ပြောနေတာကြားဖူးပါတယ်။ အဲဒီထဲကရှားပါးပုံတွေဖြစ်တဲ့-

၁။ ၁၉၄၅ ခုနှစ်-ဇန်န၀ါရီလ ရန်ကုန်မြို့ဖက်ဆစ်တော်လှန်ရေးကို အထက်ဗမာပြည်ကစတင်ရန် ဆုံးဖြတ်သည့် ဆွေးနွေး ပွဲအပြီး တွေ့ရသည့်တပ်မှူးများပုံ။

၂။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးစတင်ပြီးနောက် ဗိုလ်ကျော်ဇောအား ဂျပန်စစ်တပ်မှထုတ်သည့်ဝရမ်းစာ။

၃။ ၁၉၄၅ ခုနှစ် သြဂုတ်လ နေသူရိန်အစည်းအဝေးကြီးမှာ တွေ့ရသည့်တပ်မှူးများပုံ။–

ပုံ(၃)ပုံကို ဖေဖေက သူ့ကိုယ်ရေးအတ္ထုပွတ္တိစာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါ်ဒေါ်ရဲ့ “ပြည်သူချစ်သောအနုပညာသည်များ”စာအုပ်ကတော့ ကျွန်မတို့တအိမ်လုံး ၀ိုင်းကြိုက်ခဲ့ရတဲ့စာအုပ်ပါ။ ဖေဖေ က လက်ဖျားတခါခါနဲ့ ဒေါ်ဒေါ်ရဲ့စုဆောင်းနိုင်မှု အရည်အချင်းနဲ့ ဇွဲလုံ့လကို ချီးကျူးတတ်ပြီး မေမေက သူငယ်ငယ်က အကုန်လုံးနီးပါးလောက်ရခဲ့တဲ့ လေဘာတီမမြရင်ရဲ့ သီချင်းတွေပြန်ရလိုက်လို့ ငယ်မူတွေပြန်ပြီး သီချင်းလေး တအေးအေး ပြန်ဖြစ်နေခဲ့ဖူးပါတယ်။ ကျွန်မတို့မောင်နှမတတွေကလည်း “မြို့မငြိမ်း” သီချင်းတွေ ကြိုက်ကြတော့ အဲဒီစာအုပ်ကို အတော်အလုအယက် ဖြစ်လိုက်ပါသေးတယ်။

အဲဒီစာအုပ် အမျိုးသားစာပေဆုရတော့ ဖေဖေကကြားကြားချင်း ဒေါ်ဒေါ်ကိုဖုန်းနဲ့လှမ်းပြီး ၀မ်းသာချီးကျူးစကားဆိုခဲ့ပါ တယ်။ ကျွန်မတို့ကိုတော့ “ဒေါ်အမာ့စာအုပ်ကျော်ပြီး ဘယ်စာအုပ်မှပေးစရာမရှိဘူး။ ဒီစာအုပ်မှမပေးရင်လည်း သူတို့ဆုက ဘာတန်ဖိုးမှရှိမှာမဟုတ်လို့ မလွှဲမရှောင်သာလို့ပေးရတာ” လို့ သူ့အမြင်ကိုပြောပြခဲ့ပါတယ်။

ဖေဖေက ဦးလေးတို့ဇနီးမောင်နှံ အကြောင်းမကြာခန ပြောဖြစ်တဲ့ကာလတွေကတော့ ကျွန်မတို့မိသားစု တဘက်နိုင်ငံထဲ ရောက်လာချိန်မှာပါ။ ဒီကာလမှာမှ တရုတ်ပြည်ရဲ့နိုင်ငံရေးစနစ်တွေကို ကောင်းကောင်းအေးအေးဆေးဆေး လေ့လာ နိုင်ခဲ့တာပါ။ တရုတ်ပြည်ရဲ့တော်လှန်ရေးနဲ့ပတ်သက်လို့ တစုံတရာလေ့လာခဲ့သိရှိခဲ့မှုတွေရှိပေမဲ့ တရုတ်ပြည်လွတ် မြောက်ပြီးနောက် တည်ဆောက်မှုအမျိုးမျိုးအကြောင်း သိပ်မသိခဲ့ကြရပါဘူး။ ဖေဖေက ဒါတွေကို စိတ်ဝင်တစား လေ့လာ ပါတယ်။ အထူးသဖြင့်- တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်(Chinese People’s Political Consultative Conference. CPPCC) ဆိုတာကိုပါ။

အဲဒီအဖွဲ့အစည်းရဲ့ သမိုင်းကြောင်းကိုလေ့လာတဲ့အခါ အလွန်စိတ်ဝင်စားစရာကောင်းတာ တွေတွေ့ရပါတယ်။ ပထမဆုံး အကြိမ်ကွန်ဖရင့်ကို တရုတ်ပြည် မလွတ်မြောက်မီ(တရုတ်ကွန်မြူနစ်ပါတီတပြည်လုံးအောင်ပွဲမရခင်)ကတဲ ကစတင်ကျင်း ပခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုရုံးစိုက်ရာ လွတ်မြောက်ဒေသမှာ တပြည်လုံးရှိ အကျာ်အမော် မျိုးချစ်ပြည်ချစ် ပုဂွိုလ်ကြီးများကို စုစည်းပြီး တရုတ်တပြည်လုံး လွတ်မြောက်ပြီးရင် ဘယ်ပုံစံနဲ့ တရုတ်ပြည်ကြီးကို တည်ထောင်အုပ်ချုပ် ကြမလဲ ဆိုတာကို ၀ိုင်းဝန်းဆွေးနွေးအကြုံပြုစေတဲ့ အစည်းအဝေးကြီးပါ။ အဲဒီကာလက ကူမင်တန်တပ်များ စစ်ရှုံးလုနီး ဖြစ်နေပြီး-ချန်ကေရှိတ်က အစွမ်းကုန်ရမ်းကားနေတဲ့အချိန်ပါ။ ကွန်မြူနစ်တွေမဟုတ်ပေမဲ့ သူ့မထောက်ခံတဲ့လူဟူသမျှ (အထူးသဖြင့် ပြည်သူလူထုအကြား သြဇာရှိသူများ)ကို နည်းမျိုးစုံသုံးပြီး လိုက်လံသတ်ဖြတ် လုပ်ကြံနေတဲ့ကာလပါ။ အတတ်ပညာရှင်အများအပြားလည်း ပါပါတယ်။ ချန်ကေရှိတ်က သက်မဲ့ပစ္စည်းများ (စက်ရုံများ တံတားများ)သာမက သက်ရှိပစ္စည်းများကိုပါ မြေလှန်စနစ် ကျင့်သုံးတာပါ။ “မော်စီတုံးအတွက် တရုတ်ပြည်ကို အခွံပဲချန်ပေးခဲ့မယ်” လို့ ကြိမ်းဝါးထားတာပါ။

အဲသလိုမျိုး ပုဂွိုလ်တွေအားလုံးနီးပါး(ကူမင်တန်ထဲကမျိုးချစ်ဗိုလ်ချုပ်အချို့ပါ) တရုတ်ကွန်မြူနစ်မြေအောက်အဖွဲ့ဝင်တွေ က ကယ်ထုတ်ပြီး (တချို့ရဲဘော်တွေ အသက်တွေနဲ့ရင်းရပါတယ်။) လမ်းအသွယ်သွယ်ကနေ လွတ်မြောက်ဒေသကိုပို့ပေး ပြီး အဲဒီအစည်းအဝေးကြီးကိုကျင်းပတာပါ။
ဒီလိုမျိုး အဖွဲ့အစည်းဖွဲ့တဲ့ စီမံကိန်းဟာ ဥက္ကဋ္ဌမော်ရဲ့ (brainchild) တီထွင်ဖန်တီးမှုပါ။ (အနောက်တိုင်းနိုင်ငံများက အထက် လွှတ်တော် (Senate) နဲ့ နည်းနည်း သဏ္ဌာန်တူပါတယ်။) တပြည်လုံးလက္ခဏာဆောင်တဲ့ တပ်ပေါင်းစုအဖွဲ့အစည်း ကြီးတရပ်ကို လက်ဦးမှုရှိရှိ ဖွဲ့စည်းလိုက်တာပါ။ တပြည်လုံးက နယ်ပယ်အသီးသီးက အထင်ကရပုဂွိုလ်များကိုလည်း ကွန်မြူနစ်ပါတီက တလေးတစား မဟာမိတ်ပြုလိုက်တာဖြစ်ပြီး တိုင်းပြည်ရဲ့အရေးကိစ္စများးမှာလည်း ပြောရေးဆိုခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ အခုထိလည်း နှစ်စဉ်ပြည်သူ့လွှတ်တော်နဲ့တပြိုင်တည်း အစည်းအဝေးများ ကျင်းပပြီး အစိုးရ ကိုအကြံပြုချက်များ ဝေဖန်ချက်များ တင်ပြနေတာတွေ့ရပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ ဥက္ကဋ္ဌမော်ရဲ့ အလွန်ပြည့်ဝတဲ့(အလွန်လည်း လေ့လာစရာကောင်းတဲ့) တပ်ပေါင်းစုစိတ်ဓာတ်အကြောင်းနဲ့ သူ့ရဲဘော်တွေကိုပညာပေးတဲ့ ပြောဆိုချက်အချို့ကိုပြောပြလိုပါတယ်။

ဂျပန်ခုခံရေးစစ်ပွဲ အောင်မြင်ပြီးနောက်(၁၉၄၅-သြဂုတ်လ-၁၅-ရက်)တရုတ်ပြည်မှာ ပြည်တွင်းစစ်ထပ်ဖြစ်လာပါတယ်။ ကွန်မြူနစ်ကတဘက် ကူမင်တန်ကတဘက်ပေါ့။ ကွန်မြူနစ်တွေဟာ ဂျပန်အပေါ်အောင်ပွဲခံခဲ့တဲ့အရှိန်နဲ့ တပြည်လုံး လွတ်မြောက်ရေးဆိုတဲ့ ကြွေးကြော်သံအောက်မှာ ထိုးစစ်တွေဆင်ပြီး သူတို့ရဲ့အခြေခံဒေသတွေကို (သူတို့ကိုယ်တိုင် မယုံ ကြည်နိုင်လောက်အောင်) လျှင်လျှင်မြန်မြန်ကြီးတိုးချဲ့နိုင်ခဲ့ပါတယ်။  ဒီမှာတင် အခြေခံဒေသတွေမှာ သီချင်းတပုဒ် ရေပန်းစားလာပါတယ်။ “တရုတ်ကွန်မြူနစ်ပါတီမရှိရင် – တရုတ်ပြည်မရှိဘူး”….ဆိုတဲ့ သီချင်းပါ။

ဒီသီချင်း ဥက္ကဋ္ဌမော်ကြား တော့…“မဟုတ်တာချည်း။ တို့ကွန်မြူနစ်ပါတီပေါ်တာ အနှစ်(၃၀) လောက်ပဲ ရှိသေးတာ တရုတ်လူမိျုးရဲ့သမိုင်းက အနှစ်ငါးထောင်ရှိပြီပဲ” လို့ဆိုပါတယ်။ ဒါပေမဲ့ လူထုကြားထဲမှာ ဒီသီချင်းက ကျနေပြီဖြစ်လို့ … တရုတ်ပြည် ရဲ့နောက်မှာ “သစ်” ဆိုတဲ့ စကားလုံတလုံးထပ်တိုးပြီး….“တရုတ်ကွန်မြူနစ်ပါတီမရှိရင် – တရုတ်ပြည်သစ် မရှိဘူး”… လို့ပြောင်းဆို ခိုင်းခဲ့ပါတယ်။

ဒါ့အပြင် သူ့ပါတီကပါတီဝင်တွေကို တခြားပါတီ တခြားအဖွဲ့အစည်းကလူတွေကို မလေးမစားလုပ်မှာစိုးလို့ မကြာခဏ သတိပေးတာ ပညာပေးတာတွေလုပ်ပါတယ်။ သူကဒီလိုပြောပါတယ်။

“တို့ကွန်မြူနစ်ပါတီက တပြည်လုံးလွတ်မြောက်အောင် လုပ်နိုင်တောင် တို့ကွန်မြူနစ်တွေဟာ လူနည်းစုသာဖြစ်တယ်။ ဒါကိုကြပ်ကြပ်မှတ်ကြပါ။ တို့တတွေ တပြည်လုံးမှာ အောင်ပွဲခံပြီးရင် တို့ကွန်မြူနစ်တွေချည်းသက်သက် တိုင်းပြည် တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ အနည်းဆုံး တိုင်းကျော်ပြည်ကျော်ပုဂွိုလ်(၁၀၀)လောက် စည်းရုံးနိုင်မှ တိုင်းပြည် တည်ဆောက်ရေးအောင်မြင်နိုင်မှာဖြစ်ပြီး တိုင်းပြည်ကိုလည်း တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှာဖြစ်တယ်”….တဲ့။

ဒါတွေဟာ မော်ရဲ့အတွေးအခေါ်တွေပါ။ ဒီအခြေခံပေါ်မှာ “နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်” ဆိုတာ ပေါ်လာတာပါ။

ဒါကြောင့် ဖေဖေက ဒီကွန်ဖရင့်နဲ့ပတ်သက်တဲ့ သတင်းတွေကြားရတိုင်း ဦီးလေးနဲ့ဒေါ်ဒေါ်ကို အမြဲအမှတ်ရတတ်ပြီး “တို့တိုင်းပြည်မှာဆိုယင်-ဒီနေရာတွေမှာ ဦးလှတို့ ဒေါ်အမာတို့သာ တာဝန်ယူကြရရင် သိပ်အောင်မြင်မှာ-ဦးလှကသိပ် တပ်ပေါင်းစုလက္ခဏာဆောင်တာ”လို့ ပြောတတ်ပါတယ်။

ဖေဖေရော ဦးလေးတို့ဒေါ်ဒေါ်တို့ရော ဗမာပြည်အပေါ်မက်ခဲ့တဲ့ “အိပ်မက်”တွေ အခုအထိ အကောင်အထည်မပေါ်သေး ပါဘူး။ ဒါပေမဲ့ စိတ်ချကြပါ။ နောက်မျိုးဆက်အဆက်ဆက်က….တိုက်ပွဲအဆက်ဆက်ဖော်ဆောင်နေမှာပါ။ တိုက်ပွဲ အဆက်ဆက်ဝင်နေမှာပါ။

ဦးလေးတို့ ဒေါ်ဒေါ်တို့ တာဝန်တွေကျေခဲ့ပြီပဲ။ ငြိမ်းချမ်းစွာအနားယူပါတော့။

(လူထုဦးလှ-အသက်(၁၀၅)နှစ်ပြည့်-လူထုဒေါ်အမာ-အသက်(၁၀၀)ပြည့် အထိမ်းအမှတ်အတွက်ဂုဏ်ပြုရေးဖွဲ့ပါတယ်။ )

၂၀၁၅-၂-၂၀ ရက်နေ့

(ဓာတ်ပုံ – ဘိုဘိုလန်းစင်၊ အသက် ၁၀၀ ပြည့်နဲ့ ရာပြည့်ကျော်၊ စာပေမောင်နှံ ၂ စုံ၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments