မောင်မောင်စိုး – ကိုးကန့်ပြဿနာ – အပိုင်း (၃)

March 6, 2015

  – ကိုးကန့်ပြဿနာ – အပိုင်း (၃)
(မိုးမခ) မတ်လ ၆၊ ၂၀၁၅
 

● ကိုးကန့်ဒေသတိုက်ပွဲအခြေအနေ သုံးသပ်ချက်

● ကိုးကန့်တပ်ဖွဲ့ဖက်အခြေအနေ
ကိုးကန့်ဒေသဟာ မြန်မာပြည်အရှေ့မြောက်ပိုင်းမှာရှိပြီး အရှေ့အနောက်ကျဉ်းပြီး မြောက်မှတောင်သို့ ရှည်လျားတဲ့ ဒေသ တခု ဖြစ်ပါတယ်။ ကိုးကန့်ဒေသရဲ့ မြောက်ဖက်နဲ့အရှေ့ဖက်ဟာ တရုတ်နိုင်ငံဖြစ်ပြီး အနောက်ဖက်မှာ သံလွင်မြစ်၊ တောင် ဖက်မှာ ကွန်းလုံ ဟိုပန် ပန်လုံဒေသရှိပါတယ်။ နယ်မြေအနေနဲ့ အကျယ်ကြီးမဟုတ်ပေမဲ့ တောတောင်ထူထပ် မတ်စောက်ပြီး လျိုမြောင်များရှိလို့ လှုပ်ရှားစစ်ကစားလို့ရတဲ့ အနေအထားရှိပါတယ်။ လောက်ကိုင် ရန်လုံကျိုက် တကြော တရုတ်နယ်စပ် တလျှောက်မှာဘဲ မြေပြန့်ရှိတယ် ဆိုရပါမယ်။ကိုးကန့်ဒေသရဲ့အနောက်ဖက် သံလွင်မြစ်အနောက်ဖက်တကြောမှာရှိတဲ့ မုန်းကိုး-ဖေါင်းဆိုင်ဒေသ၊ မုန်းယား-မုန်း ဟောင် ဒေသ၊ မုနီး-နားလယ်ဒေသ၊ နမ့်ကျွမ်း-မုန်းပေါ်လေးဒေသတို့ဟာလဲ တောတောင်ထူထပ်ပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲ တဲ့ဒေသများဖြစ်သလို KIA TNLA အဖွဲ့များ လှုပ်ရှားစိုးမိုးရာနေရာဖြစ်ပါတယ်။ ယင်းဒေသများဟာ ကိုးကန့်ဒေသနဲ့ ဆက် စပ်ပြီး စစ်ရေးလှုပ်ရှား စစ်ကစားနိုင်ပါတယ်။

● ပထမအချက်
သံလွင်မြစ်အနောက်ခြမ်းမှာ တနှစ်ကျော်လှုပ်ရှား ပြင်ဆင်ခဲ့တဲ့ ကိုးကန့်အဖွဲ့ဟာ ၂၀၁၅ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကိုးကန့်ဒေ သမှာ ဘွားကနဲပေါ်လာပါတယ်။ လူအင်အားထောင်ချီပြီး ဘယ်လိုဝင်လာသလဲဆိုတာနဲ့ပတ်သက်ပြီး သုံးသပ်ခန့်မှန်းချက် တွေကတော့ မိုင်းလားနဲ့ ဝဒေသမှာ တပ်တွေ စုဖွဲ့လေ့ကျင့်ပြီး ဝနယ်အတိုင်း တရုတ်နယ်စပ်ကို ဖြတ်ပြီး ဝင်လာတာဖြစ်နိုင် တယ်၊ သို့မဟုတ် သံလွင်အနောက်ခြမ်းမှတဆင့် အရှေ့ဖက် ကိုးကန့်ကို ကူးဝင်လာတာ ဖြစ်တယ်၊ ဒါမှမဟုတ် အရပ်ဝတ်နဲ့ လူများစိမ့်ဝင်၊ လက်နက်များခိုးသွင်းလာပြီး တိုက်ခိုက်တာဖြစ်တယ် စသဖြင့် မျိုးစုံသုံးသပ်ပြောဆိုနေကြပါတယ်။

ဖေ ၂၃ ရက် MRTV သတင်းများအရ ကိုးကန့်ဒေသတွင်း ဝင်ရောက်လာတဲ့ MNDAAတပ်ဖွဲ့မှာ တပ်ရင်း ၈ ရင်းပါတယ် လို့ဆိုပါတယ်။ တပ်ခွဲ ၃ ခွဲနဲ့ လက်နက်ကြီးတစု ပေါင်းစုပြီး တပ်ရင်းတရင်း ဖွဲ့စည်းတတ်ပေရာ တရင်းလျှင် အင်အား ၁၅၀ မှ ၂၀၀ ထိ အများဆုံးရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒါကြောင့် ရင်း ၈ ရင်းလျှင် အင်အား ၁၂၀၀ မှ ၁၆၀၀ ထိ ရှိနိုင်ပါတယ်။ အုပ်ချုပ်မှု ဆေး ထောက်ပို့ ဆက်သွယ်ရေးစတဲ့ စစ်လက်ရုံးတပ်ဖွဲ့များလဲ ပါရှိနိုင်သေးရာ အင်အား ၁၀၀၀ ကျော်ဟု ခန့်မှန်း တွက်ဆမှုများသည် မှန်နိုင်တယ်လို့ သုံးသပ်ရပေတယ်။

မိမိနဲ့တိုက်ခိုက်တဲ့ရန်သူကို သောင်းကျန်းသူဟု၎င်း၊ ဘိန်းဒါးပြအဖွဲ့များဟု၎င်း ရှုံ့ချပြောဆိုပြီး ဝါဒဖြန့်တိုက်ခိုက်တာ ပြဿနာ မရှိ လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း တကယ်စစ်တိုက်နေရသူများအဖို့ မိမိနဲ့ရင်ဆိုင်ရတဲ့ တဖက်ရန်သူအခြေ အနေကို အမှန်အတိုင်းထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ မသိနားမလည်သူများကတော့ လူ ၅၀ လူ ၁၀၀ လောက်နဲ့ ဘိန်းကုန်ကူး စီးပွါးရှာဖူးသူတွေလောက် ထင်မြင်ကြပြီး ဒီဘိန်းကုန်သည်အဖွဲ့လေးလောက်တောင် ခဏလေးနဲ့ အပြတ် မရှင်းရကောင်းလား ဖြစ်ကုန်ပါတယ်။ ၁၀၅ မမ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် မြေပြင်အင်အား များစွာသုံးပြီး တိုက်ခိုက်နေရ သူများဟာ သာမာန်ညောင်ညသူများတော့ မဟုတ်လောက်သည်ကို ရိပ်စားမိသင့်ပါတယ်။

တကယ်တော့ ဖုန်ကြားစင်း ဖုန်ကြားဖူးတို့ဟာ ၁၉၆၈ မှာ ဗကပနဲ့ ၄၀၄ စစ်ဒေသ အဖြစ်ပူးပေါင်းပြီးနောက်ပိုင်း ဗကပ အရှေ့မြောက်ပိုင်း တပ်မှူးကြီးများအဖြစ် ဗကပတပ်မဟာများ တပ်ရင်းများ အင်အားထောင်ချီ၍ဦးစီးပြီး စစ်ဆင်ရေး ကြီးများ ဆင်နွှဲခဲ့ဖူးသော စစ်ရေးအတွေ့အကြုံရှိသူများဖြစ်သည်ဆိုတာ မမေ့သင့်ပေ။ ဥပမာ- စစ်ဆင်ရေးတခုအကြောင်း ပြောပြပါ မယ်။

၁၉၇၈ အတွင်း ဖုန်ကြားဖူးဟာ ဗကပ ဝ တပ်မဟာ ၈ နဲ့ တပ်မဟာ ၁၂ အင်အား ၃၀၀၀ ကျော်ကိုဦးစီးပြီး လွယ်မော် စစ်ဆင်ရေးကိုပြုလုပ်ခဲ့ပါတယ်။ သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့တပ်တွေကို သံလွင်အနောက်ခြမ်း တန့်ယန်းအနီး လွယ် မော်ဒေသ ပါဖန်နောင်လျံတောင်ကြောမှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။ ၁၉၇၈ ဖေ ၅ ရက် သံလွင်အနောက် ခြမ်းကိုကူးစစ်ဆင်ခဲ့ပြီး ဖေ ၁၈ ရက်မှာ သံလွင်အရှေ့ခြမ်းပြန်ကူး စဆရ ပြီးဆုံးပါတယ်။ ဒီစဆရအတွင်း တပ်မ ၇၇ လက် အောက်ခံ ခလရ ၂ မှ ခွဲမှူးသိန်းထွန်းတင် စခန်းထိုင်ထားတဲ့ ပွိုင့် ၆၀၄၁ ကို ဖေ ၈ ရက်မှစတင်ပြီး ဗကပ တမဟ ၈ မှ ရင်းတရင်းနဲ့ဝိုင်းထားပြီး စစ်ဆင်ရေးစခဲ့ပါတယ်။ ပြန်လည်လှုပ်ရှားစစ်ဆင်လာတဲ့ ရမခ နဲ့ တပ်မ ၇၇ တပ်များနဲ့ တိုက်ပွဲများစွာဖြစ်ခဲ့ပါတယ်။ စစ်ကူရောက်မလာနိုင်တဲ့ ပွိုင့် ၆၀၄၁ ကိုတော့ ဖေ ၁၂ ရက်မှာ ဝိုင်းထားတဲ့တပ်ရင်းက ထိုးစစ်ဆင်ပါတယ်။ တနေ့ထဲ ၃ ကြိမ်တက်ထိုးပါတယ်။ စခန်းမကျပါ။ ဗကပ ၁၆ ယောက်ကျ၊ ၂၁ ယောက်ဒဏ်ရာရ၊ သေနတ် ၈ လက် စခန်းတွင်းမှာ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ ဝိုင်းထားတာကြာမြင့်ပြီး သောက်သုံးရေပါ လေကြောင်းက ချပေး နေရတဲ့အပြင် စစ်ကူလဲရောက်မလာနိုင်တဲ့အတွက် ဖေ ၁၃ ရက်ညမှာ ခွဲမှူး သိန်းထွန်းတင်နဲ့အဖွဲ့ဟာ သိမ်းဆည်းရတဲ့ ဗကပ လက်နက်တချို့ယူပြီး စခန်းကိုစွန့်ပြီး ဆုတ်ခွါသွားခဲ့ပါတယ်။ စစ်သည်အင်အား ၄၀ ခန့် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းဖြတ်တိုက်ပွဲများစွာဖြစ်ခဲ့ပြီး စဆရတခုလုံးမှာ အစိုးရစစ်တပ်ဖက်က ၂၃၄ ယောက်ကျ၊ ၂၂၁ ယောက်ဒဏ်ရာရ၊ ၅၆ ယောက်သုံ့ပမ်းဖြစ်ခဲ့ကာ ဗကပ ဖက်က ၅၉ ယောက်ကျ၊ ၁၅၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ဒီ စဆရ အပြီးမှာ မှူးသိန်းထွန်းတင် သီဟသူရဘွဲ့ ရပါတယ်။ သိန်းထွန်းတင်ကို လားရှိုးစစ်ဆေးရုံမှာ ဗိုလ်နေဝင်း ကိုယ်တိုင်လာကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က စဆရ commander ရမခတိုင်းမှူး ဗိုလ်မှူးကြီးမင်းနောင် ကတော့ action အယူခံရပြီး မီးသတ်ကို DG နဲ့ ပြောင်းရွှေ့ခံလိုက်ရပါတယ်။

ဒါကိုဖေါ်ပြတဲ့ရည်ရွယ်ချက်တော့ ဖုန်ကြားစင်း ဖုန်ကြားဖူးတို့ဟာ ဗကပ အရှေ့မြောက်စစ်ဒေသ တပ်မှူးကြီးများအနေ နဲ့ တပ်ရင်းတပ်မဟာများဦးစီးပြီး စစ်အင်အားထောင်ချီဦးစီးပြီး စစ်ဆင်ကွပ်ကဲခဲ့တဲ့ အတွေ့အကြုံရှိသူတွေဖြစ်တယ်ဆို တာကို မမေ့လျော့ဖို့ လိုပါတယ်။ မိမိနဲ့ရင်ဆိုင်ရတဲ့ တဖက်ရန်သူကို အထင်ကြီးဖို့မလိုပေမဲ့ အထင်သေး လျော့တွက် တာလဲမလုပ်သင့်ပါ။ လက်ရှိအစိုးရ MRTV သတင်းအရ ကိုးကန့် MNDAAအောက်မှာ ရင်း ၈ ရင်းရှိတယ်ဆိုရင် ဖုန်ကြားစင်းတို့ အနေနဲ့ သူတို့ရဲ့အတွေ့အကြုံအရ လှုပ်ရှားစစ်ကစားနိုင်တဲ့အင်အားကို စုဖွဲ့တည်ဆောက်ပြီးမှ ကိုးကန့် ဒေသထဲကိုဝင်လာ တာဖြစ်ပါတယ်။

ဒါ့ပြင် ဖုန်ကြားစင်းအဖွဲ့သတင်းနဲ့ပတ်သက်ပြီး စစ်တပ်သာမ ပယ်စောက်ချိန်တို့ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့် နယ်ခြားစောင့်တပ်ကပါ မရတာတွေ့ရတဲ့အတွက် ဒေသခံပြည်သူတွေရဲ့စိတ်ကို ဖုန်ကြားစင်းတို့က အတော်အသင့်ရယူ ထားနိုင်တယ်လို့ တွက်ဆရမှာဖြစ်ပါတယ်။

● ဒုတိယအချက်
ဖေ ၉ ကစတဲ့ ပထမတပတ်မှာတော့ ကိုးကန့်ဒေသတွင်း စခန်းတချို့ကိုစတိုက်ပြီး စစ်မြှူပါတယ်။ အင်အားနဲတဲ့ မော်ထိုက်လိုစခန်းငယ်များကိုသိမ်းပြီး အင်အားကောင်းတဲ့ ကုန်ကြမ်းလိုစခန်းမျိုးကို ဝိုင်းထားပြီး စစ်ကူလာတဲ့တပ်တွေ ကိုတိုက်ပါ တယ်။ စစ်ကူလိုက်တဲ့ ခမရ ၅၂၂ တို့၊ ခလရ ၁၂၅ တို့အထိနာပါတယ်။ ပင်မ ခန်းတွင်းအထိခိုက်နဲပြီး စစ်ကူ အဖွဲ့တွေက တော့ အထိအခိုက်များပါတယ်။ online က ဆရာများကလဲ စစ်ကူအမြန်ပို့လို့ အော်ကြဟစ်ကြ၊ လက်တွေ့မှာလဲ စစ်ကူတွေ အမြန်ပို့တော့ ထိခိုက်ဆုံရှုံးမှုနဲ့ကြုံရပါတယ်။ တကယ်တော့ စခန်းကိုဝိုင်းပြီး စစ်ကူတိုက်တာ ဖုန်ကြားစင်းတို့ ဗကပ တပ်မှူးအနေနဲ့ မြောက်များစွာစီစဉ်ခဲ့တဲ့ စဆရတွေပါ။ ကတုတ်ကျင်းအခိုင်အမာတူးပြီးနေတဲ့ စခန်းကစစ်တပ်နဲ့ လမ်း ကြောင်းပေါ်မှာ လှုပ်ရှားပြီး အကာကွယ်မဲ့နေတဲ့စစ်တပ် ဘယ်တပ် ပိုတိုက်ရလွယ်တယ်ဆိုတာ စစ်တိုက်ဖူးသူများသိကြပါ တယ်။ ဒီလိုမျိုးအခါမှာ ဗကပ နဲ့တိုက်ခိုက်စဉ် အတွေ့အကြုံရှိတဲ့ မြန်မာစစ်ဖက်တပ်မှူးတွေ ကတော့ အထူးသတိထားပါတယ်။ စခန်းတခုအတိုက်ခံရလို့ စစ်ကူပို့ရင် ပို့လိုက်တဲ့စစ်ကူ အချေမှုန်းမခံရဖို့ အထူးသတိ ထားကြပါတယ်။ ဥပမာတခု ပြချင်ပါ တယ်။

၁၉၈၄ နှစ်ဆန်းလောက်က (ရက်စွဲမတိကျတာ ခွင့်လွှတ်ပါ) ဗကပ မြောက်ပိုင်းဗျူရိုလက်အောက်ခံတပ်တွေ တပ်မ ၉၉ လက်အောက်ခံ ဒုဗိုလ်မှူးကြီးသန်းအောင်ဦးစီး ခလရ ၁၀ စခန်းထိုင်နေတဲ့စခန်းများကို ဝင်တိုက်ပါတယ်။ အတိုက်ခံရ တာတွေကတော့ ခလရ ၁၀ ရင်းမှူးဦးစီးတဲ့ နားလယ်စခန်း၊ ခွဲမှူးတယောက်ဦးစီးတဲ့ ဂျုံးဂျုံးဂျက်စခန်းတို့ဖြစ်ပါတယ်။ ဒါ့ပြင် ဂျုံးဂျုံးဂျက်နဲ့ တာမိုးညဲကြား နားဝီးတောင်ကြောမှာလဲ စစ်ကူဖြတ်တောက်တဲ့ ဗကပ တပ်ရင်းတရင်း ချထားပါတယ်။ ဗကပ ထုံးစံအတိုင်း ဝေလီဝေလင်းမှာ လက်နက်ကြီးစပစ်ပြီး စခန်း ၂ ခုစလုံးကိုထိုးပါတယ်။ ဒါ့ပြင် တိုက်ပွဲဖြစ်မှန်းမသိဘဲ တာမိုးညဲကတက်လာတဲ့ ခလရ ၁၀ နောက်တန်းမှ အင်အားဖြည့်အဖွဲ့ဟာလဲ နားဝီး တောင်ကြောမှာတိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ပြီးမကြာခင် တပ်မက သိပါတယ်။ တပ်မ ၉၉ တပ်မမှူးက ဗိုလ်မှူးကြီးဉာဏ်လင်းပါ။ နောင် ရတခ တိုင်းမှူးဖြစ်ပြီး ကကကြည်းကိုပြောင်းလာပြီးနောက် နားသွားပါတယ်။ တပ်မက တပ်မအရန်စစ်ကြောင်းဖြစ်တဲ့ သနက ၄ စစ်ကြောင်း ၂ ကို နန့်ဖတ်ကာကနေ ပြန်ခေါ်ပြီး စစ်ကူပို့ဖို့စီစဉ်ပါတယ်။ ၄ စက ၂ မှူးက မှူးအောင်သိန်းဖြစ်ပြီး နောင် ဗိုလ်ခင်ညွန့်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်လာသူပါ။ ၄ စက ၂ က တပ်ခွဲမှူးတဦးကတော့ ဗိုလ်ကြီးအေးမြင့်ပါ။ ဒီတိုက်ပွဲပြီးနောက်ဆက်တွဲစဆရမှာ သူရဘွဲ့ရသွားပါတယ်။ ခုတော့ ကြံ့ဖွံ့ ထိပ်တန်းခေါင်းဆောင်တဦးပါ။
ဒါပေမဲ့ တပ်မ အနေနဲ့ စစ်ကူကို အလောတကြီးမပို့ပါ။

ထိုစဉ်က ဗကပ တပ်တွေ လမ်းဖြတ်တိုက်တာ ခဏခဏခံရတဲ့အတွက် ကွတ်ခိုင်အခြေစိုက် တပ်မ ၉၉ ဧရိယာထဲမှာ လမ်းလျှောက်ဧရိယာတွေ သတ်မှတ်ထားပါတယ်။ သိန္နီ-ကွန်းလုံကြား၊ ကွတ်ခိုင်-တာမိုးညဲကြား၊ ကွတ်ခိုင်-မူဆယ် ကြားမှာ ခြုံခိုစောင့်ဆိုင်း တိုက်ခိုက်နိုင်တဲ့နေရာတိုင်း ကားပေါ်ကဆင်း လမ်းလျှောက်ရပါတယ်။ လမ်းကြောင်း တလျှောက် တဖက်ရန်သူစောင့်ဆိုင်း နေရာယူနိုင်တဲ့တောင်ကုန်းတိုင်း ရှင်းလင်းချီတက်ရပါတယ်။ ပင်ပမ်းပြီး အချိန်ကြာပါတယ်။ ဒါပေ မဲ့ အချိန်ကြာချင်ကြာ ဒီလိုဘဲလုပ်ကြပါတယ်။ တကယ်လဲ ကချင် ၄ စစ်ကူစစ်ကြောင်းဟာ နောက်နေ့မှဘဲ နားလယ်စခန်း ကိုရောက်ပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့နေ့မှာ ဂျုံးဂျုံးဂျက်စခန်းကျပါတယ်။ နားလယ်စခန်း တဝက်ကျပါတယ်။ ကျန်တဲ့တခြမ်းက ခလရ ၁၀ ရင်းမှူးနဲ့အဖွဲ့ ခံထားပါတယ်။ စစ်တပ်ဖက်က လေကြောင်းပစ်ကူပေးပါတယ်။ မီးလောင်ဗုံးနဲ့ကြဲပါတယ်။ ဗကပ အချို့ မီးလောင်သေဆုံးပါတယ်။ ဗကပတပ်များကြားလဲ ဆက်သွယ်ရေးပြတ်တောက်ပြီး စခန်းသိမ်းထိုးစစ်များ ရပ်သွားခဲ့ ပါတယ်။ ညနေပိုင်းမှာ ဆုတ်ခွာပါတယ်။ စခန်းကျသည်ဖြစ်စေ မကျသည်ဖြစ်စေ စစ်ကူကိုတော့ အလျင်စလို အလောသုံးဆယ် မလွှတ်ခဲ့ပါ။ ဒီနေရာမှာ အလျင်းသင့်လို့ တပ်မမှူးဗိုလ်ဥာဏ်လင်းရဲ့ စေ့စပ်သေချာမှုတခုကိုပြောလိုပါတယ်။ နောက်တနေ့ မနက် ဗကပတွေဆုတ်ပြီးနောက် စခန်းကိုရှင်းကြပြီး မိမိ-ရန်သူ အကျအဆုံးစာရင်းများတင်ကြရာ ခလရ ၁၀ က စခန်းတပ်စည်းရိုးအတွင်း ဗကပ အလောင်း တရာကျော်တွေ့ကြောင်းတင်ပြလိုက်ရာ တပ်မမှူးကချက်ချင်းပင် ဒါဆို အလောင်းကလက်မတွေဖြတ်ပြီး တပ်မပို့လိုက်ဟု ညွှန်ကြားလိုက်ရာ ခလရ ၁၀ အသံတိတ်သွား၏။ တကယ် တော့ ဗကပများက စခန်းတဝက်သိမ်းပြီး ညနေမှ အေးဆေးစွာဆုတ်သွားတာဖြစ်လို့ အကျအဆုံးရှိသော်လဲ အလောင်းများ သယ်သွားနိုင်ခဲ့ပါတယ်။ ဒီအခြေအနေကို တပ်မမှူးဗိုလ်ဥာဏ်လင်းက ကောင်းစွာသုံးသပ်နိုင်ခဲ့ပါတယ်။

ပြောရလျင် စခန်းကိုယောင်ပြဖြစ်စေ၊ တကယ်ဖြစ်စေ၊ တိုက်ခိုက်ပြီး စစ်ကူကိုတိုက်ခိုက်တဲ့နည်းဗျူဟာ အခုထိအလုပ် ဖြစ်နေဆဲဖြစ်ပါတယ်။ အလောသုံးဆယ် စစ်ကူပို့ခြင်း၊ စနစ်တကျ စစ်မြေပြင် ရှင်းလင်းချီတက် အပင်ပမ်းခံခြင်း မပြုပါက သွေးထွက်များပေလိမ့်မည်။ ဤသို့စစ်ဆင်နိုင်ရန်အတွက် တည်ငြိမ်မှုရှိရန် လိုအပ်ပါတယ်။

● တတိယအချက်
ကိုးကန့်တပ်ဖွဲဟာ ဒုတိယသီတင်းပတ်မှာတော့ တိုက်ပွဲပုံစံတမျိုးပြောင်းပါတယ်။ ကုန်းကြမ်း တာရွှေထန်အနီးရှိ ၁၈ မိုင်ပတ်လည်အနီး တောင်ကုန်းများကိုအခြေပြုပြီး အစိုးရစစ်တပ်စခန်းများကို ခြိမ်းခြောက်ပါတယ်။ နောက် လောက် ကိုင်းမြို့ထဲဆင်းပြီး ပျောက်ကျားပစ်ခတ်ပါတယ်။ ဒီအခါမှာတော့ အစိုးရတပ်မှာ မလွဲမရှောင်သာအင်အားစုပြီး ပြန်လည် ထိုးစစ်ဆင်ရပါတယ်။ ၁၀၅ မမ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများနှင့် ဖေ ၂၀-၂၁-၂၂ ရက်များတိုက်ပွဲ ဖြစ်ပွားပါ တယ်။ အကျအဆုံးစာရင်းကြေညာတာတော့ နှစ်ဖက်မတူပါ။ အစိုးကကြေညာရာမှာ မိမိစစ်သည် ၅ ဦးကျဆုံး ပြီး ကိုးကန့်သူပုန် ၃ ဦးသေတယ်လို့ဆိုပါတယ်။ ကိုးကန့်အဖွဲ့ကကြေညာတာကတော့ အစိုးရစစ်သည် ၁၃၀ ကျော် ကျဆုံးဒဏ်ရာရပြီး ကိုးကန့်က ၃ ယောက်ကျတယ်လို့ဆိုပါတယ်။ သတင်းများအရ ဖေ ၂၂ ရက်နေ့က သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ ၂ ခါပြန်ပြီး လူနာသယ်တယ်လို့ဆိုပါတယ်။ ၂ ရက် ၃ ရက်ခန့်တိုက်ပြီး ကိုးကန့် တပ်များ ဆုတ်ခွါသွားပါတယ်။

တကယ်တော့ စခန်းထိုင်နေရာယူထားတဲ့တပ်တခုကို တက်ထိုးရင် ထိုးတဲ့တပ် အထိခိုက်အကျဆုံးများတာအမှန်ပါ။ ဒါကြောင့် ဒီလိုအခြေအနေမျိုးဖြစ်အောင်ဖန်တီးပြီး တိုက်ပွဲတွေတိုက်တာ ဗကပ ကာလက တွေ့ဖူးပါတယ်။ ဥပမာ တိုက်ပွဲတခု ပြောပြချင်ပါတယ်။ ၁၉၇၇ အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၃ ရက်ထိ တလကြာတိုက်ခဲ့တဲ့ တိုက်ပွဲပါ။ ကွန်လုံ-ဟိုပန်-ပန်လုံကြားမှာရှိတဲ့ ပန်ကော်-ချို့စွေ ခေါ် ပန်ကော်ခြူးရွှေတိုက်ပွဲဖြစ်ပါတယ်။ ဗကပ တပ်မဟာ ၈/ ၁၁/ ၁၂/ ၆၈၅ တို့တပ်ရင်းများ ထုတ်နှုတ်တိုက်ခိုက်တဲ့တိုက်ပွဲ ဖြစ်ပါတယ်။ ဗကပ ဘက်က ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ အရှေ့မြောက်စစ်ဒေသတပ်မှူး ဗိုလ်ရဲဒင်တို့ဦးစီးပါတယ်။

ပန်ကော်-ခြူးရွှေဆိုတာ ကွန်လုံမြို့ရဲ့အရှေ့ဘက်မှာရှိပြီး ဟိုပန် ပန်လုံမြို့များကို ထောက်ကူပြုထားတဲ့အစိုးရ စစ်တပ်စခန်း တခုဖြစ်ပါတယ်။ လက်ရှိ ကိုးကန့်ဒေသရဲ့အောက်ဖက်မှာရှိပါတယ်။ ဒီစခန်းကို ဗကပတပ်များက ဝ မြောက် ခွင်းမားဒေသက ထွက်လာပြီး သိမ်းပိုက်လိုက်ပါတယ်။ ပန်လုံ ဟိုပန်မှာရှိတဲ့ တပ်မ ၉၉ ကတပ်ရင်း ၂ ရင်း ပိတ်မိသွားပါတယ်။ ဒီအတွက် အစိုးရတပ်ဖွဲ့များအနေနဲ့ ဒီစခန်းကို မဖြစ်မနေပြန်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ရပါတော့ တယ်။ မြန်မာစစ်တပ်က စစ်ပွဲကို ဦးစီးသူများကတော့ ရမခတိုင်းမှူး ဗိုလ်မှူးချုပ်လှဦးနဲ့ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးကြီး မင်းနောင်တို့ဖြစ်ပါတယ်။ အစိုးရတပ်ဖွဲ့များ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ကြပြီး တလခန့်ကြာမြင့်ခဲ့ပါတယ်။ စခန်းမှာရော စခန်းပတ်လည်မှာရော တိုက်ပွဲကြီးငယ်များ ဖြစ်ပွားခဲ့ပါတယ်။ ဗကပတွေ စခန်းကိုစွန့်ခွာသွားမှဘဲ ပွဲပြီးသွားပါတယ်။ ဒီတိုက်ပွဲမှာ ဗကပဘက်က ၅၀ ခန့်ကျဆုံးပြီး ၂၈၀ ခန့် ဒဏ်ရာရတယ်လို့ဆိုပါတယ်။ အစိုးရစစ်တပ်ဘက်က ၂၀၀ ကျော်ကျဆုံးတယ်လို့ ဆိုပါတယ်။ အချို့ကလဲ ၃၀၀ ကျော်ကျဆုံးတယ်လို့ဆိုပါတယ်။ ဒဏ်ရာရသူ ၇၀၀ ကျော်ရှိပြီး သုံ့ပမ်း ၂၇ ယောက် အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ခမရ ၁၀၉ မှ တပ်ခွဲမှူး ဗိုလ်ကြီးစစ်မောင် သီဟသူရဘွဲ့ရပါတယ်။ နောင်ကမ်းရိုးတန်းတိုင်းမှူးဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ပါတယ်။

ဒီတိုက်ပွဲရဲ့ဗျူဟာကို ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက ခံစစ်နဲ့သတ်တယ်လို့ဆိုပါတယ်။ တဖက်ရန်သူရဲ့ အရေးပါတဲ့ စခန်းတခု ဒါမှမဟုတ် တဖက်ရန်သူကိုခြိမ်းခြောက်နိုင်တဲ့ နေရာတခုကိုဆုပ်ကိုင်ပြီး သူတို့ထိုးစစ်ဆင်ခိုင်းပြီး အခိုင်အမာက တုတ်ထဲက နေရာယူတိုက်ခြင်း၊ လမ်းကြောင်းများကဖြတ်တောက်တိုက်ခိုက်ခြင်းတို့ပြုလုပ်ပြီး တဖက်ရဲ့ စစ်အင်အားကို ချေမှုန်းပစ်တာလို့ဆိုပါတယ်။ ဒီလိုစစ်ဆင်နိုင်ဖို့ တပ်ဖွဲ့မှာခဲယမ်းမီးကျောက်ပြည့်စုံရမယ်၊ ရိက္ခာ လုံလောက်ရမယ်လို့ဆိုပါ တယ်။ ထောက်ပံ့ရေးလမ်းကြောင်းကောင်းရပါမယ်၊ စစ်ဆိုတာမတိုက်ရင်အကောင်းဆုံးပါ။ ဒါပေမဲ့ မလွဲမရှောင်သာတိုက်ရပြီဆိုရင်တော့ မိမိအကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်းသိဖို့လိုပါ တယ်။

● စတုတ္ထအချက်
တတိယသီတင်းပတ်မှာတော့ ကိုးကန့်တပ်ဖွဲ့ဟာ အဖွဲ့ငယ်များခွဲ ပျောက်ကျားလှုပ်ရှားပစ်ခတ်တာ တွေ့ရပါတယ်။ ဒါပေမဲ့ လျော့မတွက်ဖို့ကတော့ သူတို့အနေနဲ့ အခြေအနေအချိန်ခါကိုကြည့်ပြီး တပ်အင်အား ပြန်လည်စုစည်းမယ် ထင်ပါတယ်။

ဖုန်ကြားစင်းတို့အနေနဲ့ ကိုးကန့်ဒေသခံတွေ ဘယ်လောက်စည်းရုံးထားနိုင်သလဲတော့မသိပါ။ သူတို့တပ်ဖွဲ့ရဲ့ သတင်း လုံခြုံမှုကိုတော့ ထိန်းထားနိုင်ပုံရပါတယ်။ ဒါ့ပြင် ဖေ ၂၃ ရက် MRTV သတင်းအရ ကိုးကန့်အဖွဲ့ဟာ ကိုးကန့်ရွာ ၇၀ မှ တရွာ လျှင် လူသစ် ၇ ဦးစုဆောင်းနေပြီး ၁၄၀ ကျော်ရရှိသွားပြီ ဆိုပါတယ်။ လက်ရှိကိုးကန့်အဖွဲ့ရဲ့ စစ်ဆင်မှုပုံစံဟာ ဗကပအတိုင်း မော်စီတုန်းတရုတ်ရဲ့စစ်ရေးလမ်းစဉ်အတိုင်းဖြစ်ပါတယ်။ ဒီစစ်ရေးလမ်းစဉ်အရ နေရာတခုကိုသိမ်းပိုက်ရေးဟာ အဓိကမကျ ဘဲ တဖက်ရန်သူရဲ့ သက်ရှိအင်အားကို ချေမှုန်းဖို့ကို အဓိကထားပါတယ်။ ခု online မှာ စစ်မှုထမ်းဟောင်းများကို ပြန်လည် ဆင့်ခေါ်တဲ့ဥပဒေအရ ပြန်လည်ဆင့်ခေါ်ဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်။ တကယ်တမ်း အဲဒီဥပဒေကျင့် သုံးဖို့ထက် အရေးကြီးတာက ဗကပနဲ့ တိုက်ပွဲကြီး ငယ်တိုက်ဖူးတဲ့ စစ်ဖက်အရာရှိဟောင်းများရဲ့ အတွေ့အကြုံနဲ့အကြံဥာဏ် ပိုလိုအပ်ပေ လိမ့်မယ်။

● ကိုးကန့်တိုက်ပွဲအခြေအနေသုံးသပ်ချက်
မြန်မာ့တပ်မတော်ဖက်အခြေအနေ
လောက်ကိုင်ဒေသတွင် မူရင်း ဒကစ(လောက်ကိုင်) အခြေပြုပြီး နယ်ခြားစောင့်တရင်းနှင့်တွဲလျက် ဒေသလုံခြုံရေး တာဝန်များ ယူပြီးဖြစ်ပါတယ်။ တိုက်ပွဲများဖြစ်ပွားလာချိန်မှာ စကခ ၁၆ တပ်မ ၃၃ တပ်မ ၁၁ တို့ဖြည့်တင်းပြီး စစ်ဆင်ရေး လုပ်တာ တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ် အချို့တပ်ရင်းများဟာ စောစီးစွာကပင် နမ့်ကျွမ်း-မုန်းပေါ် လေးဒေသမှာ စဆရတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

● ပထမအချက်
မြန်မာစစ်တပ်အနေနဲ့ တပ်မ ၃ ခုအင်အားဖြည့်တင်းခဲ့ပြီး လှုပ်ရှားစစ်ဆင်ရတဲ့နေရာ ကျယ်ပြန့်လာတာတွေ့ရပါတယ်။ ကုန်းကြမ်း တာရွှေထန်ဒေသ တိုက်ပွဲများတွင် အားဖြည့်တိုက်ခိုက်ရခြင်း၊ လောက်ကိုင်တဝိုက်တွင် ရှင်းလင်းရန် အားဖြည့်တိုက်ခိုက်ရခြင်းများအပြင် သန္နီ-ကွန်လုံ-လောက်ကိုင်ကားလမ်း လုံခြုံရေးဆောင်ရွက်ရခြင်း၊ ကွတ်ခိုင်-မုန်းစီး -ကုန်းကြမ်း လမ်း လခရ ဆောင်ရွက်ရခြင်းအပြင် မုန်းစီးနားလယ်ဒေသ နမ့်ကျွမ်း မုန်းပေါ်လေးဒေသများတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရခြင်း၊ မော်ထိုက်အနောက်ဖက် သံလွင်မြစ်အနောက်ခြမ်း ဖေါင်းဆိုင် ဝှေထိုစမ်းဒေသ၊ မုန်းယား-မုန်းဟောင် ဒေသ များလဲ နယ်မြေရှင်းလင်းပိတ်ဆို့မှုများ ဆောင်ရွက်လာရပါတယ်။

မုန်းယား-မုန်းဟောင်ဒေသ တိုက်ပွဲသတင်းတွေမကြားရပေမဲ့ ဖေါင်းဆိုင်ဒေသမှာ မြန်မာတပ်မတော်နဲ့ တပ်ပေါင်းစုတပ် တွေ တိုက်ပွဲဖြစ်ပွားရာမှ စစ်ဘေးဒုက္ခသည် ၇၀၀ လောက် တရုတ်နယ်စပ်တလျှောက်မှာ တိမ်းရှောင်နေရကြောင်း သတင်းများ ကြားသိရပါတယ်။ နှစ်ဖက်ထိခိုက်မှုအခြေအနေတော့ မသိရပါ။ မုန်းစီး-မုန်းပေါ်လေး နမ့်ကျွမ်းတဝိုက် မှာတော့ TNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲငယ်တွေဖြစ်ပွားနေတာ ကြားသိရပါတယ်။

စောစောပိုင်းက ကိုးကန့်အဖွဲ့ သိမ်းယူတယ်လို့ သတင်းပေါ်ထွက်ခဲ့တဲ့ မော်ထိုက်ကို မြန်မာတပ်မတော်က ပြန်လည် သိမ်းယူတယ်ဆိုတဲ့သတင်း တရားဝင်တက်မလားသေးတဲ့အတွက် ကိုးကန့်အဖွဲ့ကဘဲ ဆက်သိမ်းထားသလား မသိရ သေးပါ။ လောလောဆယ်မှာတော့ ကိုးကန့်မြောက်ပိုင်း တရုတ်နယ်စပ် မော်ထိုက်ဘက်ခြမ်းမှာ တိုက်ပွဲသတင်းတက် လာတာ မတွေ့ရဘဲ မြန်မာစစ်တပ်စစ်ကြောင်းများဟာ ကိုးကန့်တောင်ပိုင်း ကုန်းကြမ်း တရွှေထန် လောက်ကိုင် ချင်းရွှေဟော်တဝိုက်ကို အဓိကထား ထိန်းချုပ်နိုင်ဖို့ လုံးပမ်းနေတာ တွေ့ရပါတယ်။

● ဒုတိယအချက်
ကိုးကန့်တိုက်ပွဲအပါ ခုနောက်ပိုင်းတိုက်ပွဲတွေမှာ မြန်မာစစ်တပ်အနေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များ တွဲဖက်စစ်ဆင် ခြင်း၊ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များဖြင့် ၁၀၅မမ တောင်ပေါ်ပစ်အမြောက်များ သယ်ဆောင်ခြင်း၊ ၁၀၅မမ အမြောက်များဖြင့် တွင်တွင်ကျယ်ကျယ်ပစ်ခတ်စစ်ကူပေးခြင်းတို့ကို စဆရများမှာ အောင်အောင်မြင်မြင်အသုံးပြုလာပြီး မြန်မာစစ်တပ်ရဲ့ စဆရများမှာ အားသာချက်တရပ်အဖြစ် အသုံးပြုလာနိုင်ပါတယ်။

လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူဟာ ပစ်မှတ်သေတွေဖြစ်တဲ့စခန်းတွေ၊ ရန်သူနေရာယူထားတဲ့တောင်ကုန်း တွေကို ပစ်ခတ်တဲ့နေရာမှာ အတော်ထိရောက်သလို မြေပြင်မှ မိမိရဲ့ခြေလျင်စစ်သည်တွေကို စိတ်ဓါတ်ခွန်အားပေး နိုင်ပါတယ်။ တဖက်ရန်သူရဲ့ပစ်အားကို ဦးနှိမ်ထားနိုင်ပါတယ်။ တခါ လှုပ်ရှားနေတဲ့ရန်သူကို ပစ်ကူပေးရာမှာ လေယာဉ် နဲ့ လက်နက်ကြီးတွေက ထိရောက်မှုနဲပေမဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ကတော့ အတော်လေးခြိမ်းခြောက်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နယ်စပ်နဲ့ကပ်နေတဲ့ပစ်မှတ်တွေ ပစ်ခတ်ဖို့မှာတော အထူးသတိထားရမှာပါ။ အတိမ်းအစောင်းမခံပါ။ မိုးရာသီ ရာသီဥတုဆိုးဝါးချိန်မှာတော့ လေကြောင်းပစ်ကူနဲ့ လနကပစ်ကူတို့ မြင်ကွင်းမရှင်းလို့ အသုံးပြုနိုင်မှု လျော့ကျ ပါတယ်။
ဘယ်လိုဘဲဖြစ်စေ၊ လေကြောင်းနဲ့ လနကပစ်ကူတို့ဟာ မြန်မာ့တပ်မတော် စဆရ မှာ အားသာချက်တရပ်အဖြစ် ရှိနေပါတယ်။

● တတိယအချက်
မြန်မာစစ်တပ်ရဲ့ အဓိကအားနဲချက်ကတော့ တပ်ရင်းတပ်ဖွဲ့များ စစ်သည်အင်အား ဖွဲ့စည်းပုံမပြည့်ခြင်းဖြစ်ပါတယ်။ တကယ်တော့ ၁၉၈၈ မတိုင်မှီ မြန်မာစစ်တပ် တပ်ရင်းတရင်းရဲ့ စစ်ထွက်အင်အားဟာ အနဲဆုံး ၄၅၀ ကျော်ပါတယ်။ စစ်ထွက်တပ်ရင်းတရင်းအတွက် ထောက်ပို့က စစ်ကားကြီး ၂၂ စီး စီစဉ်ပေးရတာပါ။

အခုတော့ တပ်ရင်းတိုင်းလိုလို စစ်ထွက်အင်အား ၁၅၀ မကျော်တော့ပါ။ ဒါ့ပြင် သင်တန်းတက် ဆေးရုံတက် နောက် တန်းပြန်တွေ တဖြည်းဖြည်းလျော့ပြီး စစ်ထွက်အင်အားဟာ စဆရ ထွက်ပြီးမကြာခင်မှာ ၁၀၀ ကျော်လောက်ဘဲကျန်ပါ တော့တယ်။ တပ်တွေမှာ ဖွဲ့စည်းပုံအရ အရာရှိအရေအတွက်ဘဲပြည့်ပြီး တပ်သားမရှိဘူးဖြစ်နေပါတယ်။ ခုကိုးကန့် တိုက်ပွဲမှာ ခမရ ၅၂၂ ကကျဆုံးစာရင်း လူ ၂၀ မှာ တပ်သား ၂-၃ ယောက်ပါပြီး ကျန်တာ အရာရှိတဦး၊ ခွဲတကက တကက တက ဒုတက တွေချည်းပါဘဲ။

၁၉၈၈ နောက်ပိုင်း တိုးချဲ့လာတဲ့ စကခများ စစ်တိုင်းများ ဒကစများ အမြောက်တပ်များ စစ်လက်ရုံးတပ်များစွာဖွဲ့စည်းခဲ့ ရာမှာ အရာရှိဦးရေ လုံလောက်စွာမွေးထုတ်နိုင်ပေမဲ့ တပ်သားဦးရေ လုံလောက်စွာဖြည့်တင်းနိုင်ခြင်း မရှိပါ။

တကယ်တော့ ၁၉၈၈ မတိုင်မှီ မြန်မာပြည်မှာလဲ စီပွားရေးမဖွင့်သေး၊ နိုင်ငံခြားတိုင်းပြည်များနဲ့လဲ စီးပွားရေး ဒီလောက် မတိုးတက်ကြသေးပါဘူး။ ဒီတော့ ကျေးလက်နေ လယ်သမားမိသားစုများရဲ့ အလုပ်အကိုင်ထွက်ပေါက်ဟာ စစ်တပ်ထဲဝင် တာပါ။ ထိုစဉ်က တပ်တွင်းရိက္ခာ စစ်ဝတ်စုံ ဆေးဝါးကုသမှုစတဲ့ တပ်တွင်းနေထိုင်မှုဘဝဟာ အတော် အသင့်ကောင်းပြီး နေပျော်တယ်လို့ဆိုရပါမယ်။ ဒါ့ပြင် လယ်သမားမိသားစုကလာတဲ့ စစ်သည်တွေဟာ ဘဝအရ အကြမ်းပတမ်းခံတဲ့အတွက် သဘာဝကပေးတဲ့စစ်သားကောင်းတွေဖြစ်လာပါတယ်။

ခုခေတ်ကတော့ မြန်မာပြည်မြို့ပြများမှာ အလုပ်အကိုင်အခွင့်အလမ်း များစွာပွင့်နေသလို နိုင်ငံခြားတိုင်းပြည်စီးပွားရေး တိုးတက်မှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာပေါ်နေပါတယ်။ ကျေးလက်နေလယ်သမားမိသားစုက လူဦးရေသန်းနဲ့ချီပြီး ထိုင်း မလေးရှားတို့မှာ အလုပ်ကြမ်းသွားရောက် လုပ်ကိုင်ကြလို့ စစ်သားရေသောက်မြစ် ရှားပါး သွားပါ တယ်။

ဒါကြောင့် တပ်ရင်းတရင်းရဲ့စွမ်းဆောင်နိုင်မှု၊ တပ်မတခုရဲ့စွမ်းဆောင်နိုင်မှုဟာ များစွာကျလာပါတယ်။ ဒီပြဿနာကို အဖြေရှာဖို့လိုပါတယ်။ အချို့ကတော့ စစ်မှုထမ်းဥပဒေကိုအသက်သွင်းဖို့ အဆိုပြုကြပါတယ်။ ဒီလိုစွမ်းဆောင်ရည် ကျဆင်းမှုဟာ အောင်မြင်မှုကို ထိုက်သင့်သလောက် ဆောင်ကျဉ်းပေးနိုင်မည်မဟုတ်ပါ။

● ကိုးကန့်စစ်ပွဲ အလားအလာ
● ပထမအချက်
မြန်မာတပ်မတော်ကတော့ ခုချိန်ထိ ကိုးကန့်အဖွဲ့ကို အပြတ်ချေမှုန်းသွားမယ်လို့ဆိုပါတယ်။ ကိုးကန့်အဖွဲ့ဘက်ကလဲ ခြေကုပ်ရအောင်ကြိုးစားနေတာ တွေ့ရပါတယ်။ ရာသီဥတုအရ တောင်ပေါ်ဒေသတွေမှာ မေလလယ်လောက်ဆို မိုးကျပါပြီ။ မိုးကျရင်တော့ ခြေလျင်တပ်များ လှုပ်ရှားရာ ခက်ခဲသွားသလို ရာသီဥတုဆိုးဝါးပါက လေကြာင်းနဲ့ လနက ပစ်ခတ်မှုတွေအတွက် အဆင်မပြေပါဘူး။ လက်ရှိ ကောင်းစွာစစ်ကစားနိုင်တဲ့ ပွင့်လင်းရာသီကတော့ နှစ်လခွဲလောက် ဘဲ ကျန်တော့တာမို့ ဒီကာလအတွင်း တစုံတရာအဖြေထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အချိန်တိုအတွင်း အဖြေပေါ်နိုင်တဲ့ အနေအထားရှိပုံမရပါ။

● ဒုတိယအချက်
တချိန်ထဲမှာ မြန်မာစစ်ဖက်ခေါင်းဆောင်များ ပြောဆိုထားတဲ့ ကိုးကန့်အရေးမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းများ ထဲမှ TNLA နဲ့ AA ကတော့ သူတို့ပါဝင်ကြောင်း ကြေညာပြီး UWSA မိုင်လား KIA SSA မြောက်ပိုင်းတို့ကတော့ သူတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုပါတယ်။ ဖက်အားလုံးမှာတော့ သူ့အကြောင်းပြချက်နဲ့သူ ရှိပေလိမ့်မယ်။

● တတိယအချက်
တိုက်ပွဲတွေဖြစ်နေလို့ တိုက်ပွဲအကြောင်းသုံးသပ်နေရတာဖြစ်ပေမဲ့ ကျနော်တဦးအမြင်အရတော့ စစ်ပွဲနဲ့ပြဿနာ မဖြေ ရှင်းစေလိုပါ။ ဒီမီးကို ဆက်မကြီးစေလိုပါ။

ကိုးကန့်ပြဿနာဟာ မီးပွားလေးတခုဖြစ်ပါတယ်။ ရှုတ်ထွေးပွေလီတဲ့ပြဿနာကြီး အစလေးတခုလဲဖြစ်ပါတယ်။ ဒီမီး ပွားလေးဟာ မလိုလားအပ်တဲ့မီးတောက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီအစဟာ ဆွဲထုတ်လေရှုပ်လေ ဖြစ်နိုင်ပါတယ်။

ပြဿနာဖြေရှင်းပုံ ချဉ်းကပ်ပုံ လွဲချော်ပါက ထောင်ချီတဲ့လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်ရာက သောင်းအချို့ရှိတဲ့ အင်အားတွေနဲ့ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ သာမန်သမရိုးကျလက်နက်တွေသုံးရာက သူထက်ငါအနိုင်ပြိုင်ရင်း ခေတ်မှီ လက်နက်ဆန်းတွေ သုံးစွဲလာနိုင်ပါတယ်။ နှစ်ဖက်စစ်သည် ကျဆုံးဒဏ်ရာရ ရာဂဏန်းကနေ ထောင်ဂဏန်း သောင်းဂဏန်း ဖြစ်သွားနိုင်ပါတယ်။ ဒုက္ခသည် သိန်းဂဏန်းနဲ့ အာရှမှာ ဒုတိယလိုက်နေရာက ဒုက္ခသည် သိန်းပေါင်း များစွာနဲ့ အာရှမှာ ပထမရသွားနိုင်ပါတယ်။ တိုင်းပြည်ဘတ်ဂျက်လဲ စစ်စားရိတ်နဲ့ ပြောင်တလင်းခါသွားနိုင်ပါတယ်။ ဒါ့ပြင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလဲ လုံးပါး ပါးသွားနိုင်ပါတယ်။

နှစ် ၆၀ ကျော်အတွင်း စစ်အစိုးရအပြုတ်တိုက်ရေးရော၊ သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေးရော အလုပ်မဖြစ်ခဲ့သည်ကို ကောင်းစွာနှလုံးသွင်းဖို့ လိုအပ်ပါတယ်။

စစ်ပွဲများမှ အသက်ဆုံးရမှု အိုးအိမ်ဆုံးရမှုတို့အပြင် ဝမ်းနည်းမှု ဒေါသ နာကျည်းမှု အညှိုးအတေး သံသယ ယုံကြည်မှု ပျက်ပြားခြင်းတို့ကို မွေးဖွားပေးပါလိမ့်မယ်။

ဆက်လက်ဖော်ပြပါမည်။

ကိုးကန့်ပြဿနာ  – အပိုင်း (၁)

ကိုးကန့်ပြဿနာ  – အပိုင်း (၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)