ဖိုးထက် – ယှဉ်မတွေးချင်တဲ့ စိတ်အဆိုးတွေ

March 9, 2015

 

ဖိုးထက် –  ယှဉ်မတွေးချင်တဲ့ စိတ်အဆိုးတွေ

(မိုးမခ) မတ် ၉ ၊ ၂၀၁၅

 

ဘူတာရုံမှ အိမ်သို့ ပြန်တိုင်း မီးရထားကြီးတွေ ဖြတ်သန်းသွားလာသည့် မီးရထား လမ်းမကြီးကို ထမ်းပိုးထားသည့် လူသုံးယောက် ဖက်စာခန့် ကြီးမားသော ကွန်ကရစ် တိုင်ကြီးတွေအောက်မှ ကျွန်တော် ဖြတ်ရသည်။ မြက်ခင်း စိမ်းစိမ်းတွေကြားက ကွန်ကရစ်အစိုင်အခဲကြီးတွေ။ ပြီးတော့ ထိုကွန်ကရစ်တိုင်ကြီးတွေ၏ အောက်ခံ မြေသားကို မိုးရေတိုက်စားခြင်းမှ ကာကွယ်ဖို့ အင်္ဂလိပ်အက္ခရာ ဗွီ ပုံစံရှိ ပေတစ်ရာခန့် အရှည်ရှိသော ရေနှုတ်မြောင်းလေးနှင့် ဘေးခြင်းယှဉ်ပြီး လမ်းလျှောက်ရသည်။ ထိုရေမြောင်းလေးက ရေခပ်စပ်စပ် အမြဲရှိသော ရေနှုတ်မြောင်းမကြီးဆီမှာ အဆုံးသတ်သည်။

 

ရေနှုတ်မြောင်းလေး အကြောင်းပြီးတော့ ဒီက ငှက်တွေ အကြောင်း ပြောရအုံးမည်။ အညာက ဥသြငှက် အော်မြည်သံသည် လေးလေးတွဲ့တွဲ့နှင့် နွေရာသီ နေ့ခင်း နေ့လည်တွေမှာ အသံနားထောင်ရုံမျှဖြင့် အလိုလို အိပ်ချင်စိတ်တိုးလာအောင် အသံလေးတွေက ဖြေးဖြေးတွဲ့တွဲ့ လေးလေးမှန်မှန်။ ဒီမှာကတော့ အဘယ်သို့သော ဥသြငှက်တွေမသိတတ်။ စားမြန်မြန်၊ သွားမြန်မြန်၊ လာမြန်မြန် အရာရာကို အချိန်နဲ့ သွားလာနေရသော လူတွေ၏ အမူအကျင့်တွေက သူတို့ဆီသို့ ကူးစက်ပြန့်ပွားသွား ဟန်တူသည်။ ဥသြ ဥသြ ဆိုသည့် အသံက အမောဆိုက်ပြီး ဟပ်ထိုး လဲကျခါနီး လူတစ်ယောက် ကယောင် ကတမ်း အော်သလို ရှေ့က အသံ ဥသြမှ မဆုံးသေးချင် နောက်က ဥသြ အသံက ထွက်လာသည်။ တကယ့် အမောဖောက်ပြီး အပင်ပေါ်ကနေ ဟပ်ထိုး ပြုတ်ကျလာတော့မတတ် ဥသြငှက် အသံက သုတိသာယာသံ ဖြစ်မနေတတ်။ လွမ်းစရာလဲ မကောင်း။ သူ့အသံနားထောင်ရတာ စိတ်မောလာတာဘဲ အဖတ်တင် ကျန်ခဲ့တာ များသည်။

 

နောက်ထပ် ပြောစရာ ငှက်တစ်မျိုးက ကျွန်တော်တို့ မြန်မာအခေါ် ဆက်ရက် (ဇရက်) ဆိုသည့် ငှက်။ လက်ပံပင် ဇရက်ကျသလို ဆိုသည့် မြန်မာစကားပုံသည် အကောင်းဘက်ကို မဆောင်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ ဇရက်သည် သတိထားရသည့် ငှက်မျိုးမဟုတ်။ ကျီးကန်းတွေလို မဟုတ်။ ကျီးတွေအာလျှင် အိမ်ကို အလည်လာကြမည့် လူများ ရှိနိုင်သည်ဟု သူ့အသံကို သတိထားပြီး အတိတ် နိမိတ် ကောက်ကြသည်။ ပြီးတော့ ကျီးတွေက လက်ရဲ ဇက်ရဲ။ အဖွဲ့နဲ့ အာသည်။ ခိုးသည်။ အလစ်သုတ်သည်။ ဇရက်ကျတော့ ပါးနပ် လိမ္မာသည်။ လူအနားကပ်မခံ။ နောက်ပြီးတော့ ဂျိုးငှက်နှင့် ဇရက် ငှက်သားသည် စားလို့ ကောင်းသည့် အသား။ ချိုသည်။ နုသည်။ ဒီမှာတော့ ကျီးယောင်ဆောင်သော ဇရက်တွေများလားဟု တစ်ခါတစ်ရံတွေးမိသည်။ လူမကြောက်။ မခန့်လေးစား။ မထီ တထီ။ 

လူတစ်ယောက် သူ့ဘေးက နီးနီးလေး ဖြတ်သွားလျှင်တောင်မှ ထပြီး မပျံ။ သူ့အတောင်ပံကို သူမေ့နေသည့် ငှက်တွေ ဖြစ်နေတတ်သည်။ ဒီငှက် ပျံမှ ပျံတတ်သေးလားလို့ သံသယ၀င်ပြီး ထခြောက်ယူရ လောက်အောင် မခန့်လေးစားနိုင်လွန်းသည်။ ဒီမှာက သူတို့ကို ဘယ်သူမှ ရန်ပြုတာ မဟုတ်။ ဘယ်သူကမှ သူတို့ရဲ့ အသွေးအသားကို တပ်မက်စိတ် ဖြစ်ကြတာ မဟုတ်။ သူတို့ အသက်ကို ရန်မရှာမှန်းသိလေ သူတို့က ကျီးယောင်ဆောင်ကြလေ။ အစားအသောက်ကို လူလစ်လျှင် ၀င်ဆွဲသည်။ ထမောင်းပြန်တော့ ပျံထွက်မသွားဘဲ ခြေတစ်လှမ်းခြင်း လမ်းလျှောက်ထွက်သွားသည်။ ပြီးတော့ လူလစ်လျှင် စိမ်ပြေနပြေ လာနှိုက်စားပြန်သည်။ ငယ်ငယ်က ခေါင်းနဲ့ ရင်အုံ နှစ်ခုထဲက တစ်ခု ရွေးချယ်၊ တိတိကျကျ မှန်ပြီး အပင်အောက်ကို ဖုတ်ခနဲ့ ပြုတ်ကျလာအောင် လောက်လေးခွ ပြစ်ကျင့်ရှိသည့် ကျွန်တော့်အတွက် အသည်းတွေ အူတွေ ယားလာသည်အထိ တစ်ခါတစ်ရံ အကုသိုလ်များရသည်။ သို့သော် သူတပါး အသက်သက်ခြင်းဆိုသည့် သီလလေးတော့ စောင့်အုံးမှဟု တွေးရသည်။ ပြီးတော့ ရောမကို ရောက်ရင် ရောမလို ကျင့်မှ။ သူများနိုင်ငံက ငှက်သည် ကိုယ့်နိုင်ငံက ငှက်မဟုတ်။ ကိုယ်ပိုင်သော ငှက်မဟုတ်လို့ တွေးလိုက်တော့ အမြင်ကတ်ပေမယ့် မသိကျိုးကျွံ ပြုနေရသည်။

 

တစ်ရက်မှာတော့….

 

ဘူတာရုံလေးမှ အိမ်သို့ အပြန်လမ်း ရေနှုတ်မြောင်းလေးဘေးမှ အေးအေးလူလူ ဖြတ်ပြန်လာသာ ကျွန်တော့်မြင်ကွင်းသို့ သတ္တ၀ါ နှစ်ကောင် ရောက်လာသည်။ ဖားတစ်ကောင်နဲ့ ငှက်တစ်ကောင်။ မြန်မာတွေ အခေါ် ဖားပြုတ်ခပ်လတ်လတ် တစ်ကောင်နှင့် ဇရက်တစ်ကောင်။ ဖားက ကွန်ကရစ် ရေနှုတ်မြောင်းလေးထဲမှာ အလျားလိုက် ထွက်ပြေးနေသည်။ ဇရက်က ထိုဖားကို ဖားသားများ စားလို့ သိပ်ကောင်းတယ်ဆိုသည့် အချိုးမျိုးဖြင့် ဖားတစ်ခါခုန်လိုက်၊ သူက တောင်ပံလေး နှစ်ချက်၊ သုံးချက်လောက် ခတ်ပြီး လိုက်ပြီး နှုတ်သီးဖြင့် လိုက်ဆိတ်လိုက်။ ရေနှုတ်မြောင်းလေးက ဇောက်ခပ်နက်နက်။ အမောင်ဖား အဘယ်သို့မှ မြောင်းနှုတ်ခမ်းကို ကျော်အောင် ခုန်ပြီး မြက်ခင်းထဲသို့ ရောက်အောင် မခုန်နိုင်တော့။ အနှီဇရက်ကလဲ သိဟန်တူ၏။ အေးအေးလူလူ ခြံထဲက ဖား ဘယ်အချိန် ရိုက်သတ်စားစား ရတယ်ဆိုသည့် အချိုး။ 

 

ကျွန်တော် မနေသာတော့။ ဟေး…ရှူး ဟု လှမ်းခြောက်လိုက်သည်။ ထီမထင်။ ရှိတယ်လို့မှ မထင်။ ကျွန်တော့်ဘက်ကို ခေါင်းတစ်ချက်လှည့်ကြည့်ပြီး သူ့အလုပ် သူဆက်လုပ်သည်။ ထပ်ပြီး အော်ဟစ် ခြောက်လှန့်ကြည့်သည်။ မရ။ မနေသာတော့ဘဲ ဒီနှစ်ကောင်ရှိရာသို့ ပြေးသွားလိုက်မှ ဇရက်က လေးငါး ခြောက်ပေခန့် ထပျံသည်။ ပြီးတော့ မလှမ်းမကမ်း မြေကြီးပေါ်သို့ ပြန်နားပြီး အခြေအနေ စောင့်ကြည့်နေသည်။ ခင်ဗျားကြီး သူ့ကို အကြာကြီး စောင့်ကြည့်မနေနိုင်ပါဘူးလို့ တွေးဟန်တူသည်။ ဖားကို ကျွန်တော်ကြည့်တော့ မောပြီး နောက်ထပ် တစ်လက်မတောင်မှ ထပ်ပြီး ခုန်နိုင်ဟန်မတူတော့။ ကျွန်တော် ထားခဲ့ရင် ဒီအကောင် ဟိုအကောင်ရဲ့ အစာဖြစ်တော့မည်။ ဒီလောက် အစားအသောက်ပေါသော၊ အေးအေးလူလူ နေခွင့်ရသော နိုင်ငံမှာ သူတစ်ပါး အသက်ကို စားချင်သော ဇရက်ကို ကျွန်တော် ချဉ်သွားသည်။ သူ့ဘက်ကို လှည့်ပြီး တွေ့ကရာ ခဲလုံးလေးနှင့် လှမ်းထုတော့ ထပျံသွားပြန်သည်။ ကျွန်တော်နှင့် ဖားအထက်က ကွန်ကရစ် ယက်မတန်းကြီးပေါ်သို့ ထပျံသွားသည်။ 

 

ခင်ဗျား ထပ်ပြီး ခဲနဲ့ ထုချင် ထုလေလို့ ပြောချင်ဟန်တူသည်။ ဟုတ်သည်။ ကျွန်တော်ထပ်ပြီး ခဲနဲ့ လှမ်းပြစ်ရင် ရထားကို ခဲနဲ့ ပေါက်မှုဖြင့် ဒုက္ခကြီးစွာ ရောက်တော့မည်။ 

 

ဖားကို ဒီအတိုင်းထားခဲ့ပြန်လျှင်ရင်လဲ သူ့စက်ကွင်းက ဘယ်လိုမှ လွတ်စရာ လမ်းမမြင်။ သူ့ခမျာ လူတစ်ယောက် သူ့အနားထိ ကပ်လာတာကို သိတာတောင်မှ နည်းနည်းမှ မလှုပ်နိုင်တော့။ ဖုတ်လိုက် ဖုတ်လိုက်ဖြင့် အမောကြီး မောနေသည်။ ဖားပြုတ်ကျင်ငယ်ရေက လူ့မျက်စိကန်းတယ်ဆိုသည့် ငယ်ငယ်က အစွဲကြောင့် သူ့ခေါင်းဘက်ကနေ သွားပြီး သူ့ကို ဖမ်းလိုက်သည်။ တစ်ချက်လေးမှ မရုန်း။ ပျော့ပျော့စိစိ သူ့ကို လက်က ကိုင်လာပြီး ရေခပ်စပ်စပ်ရှိသည့် ရေမြောင်းမကြီးနှုတ်ခမ်းသို့ သွားချပေးလိုက်သည်။ 

 

ဇရက်က ကျွန်တော်တို့ နှစ်ယောက် နဲ့ မလှမ်းမကမ်းမှ ပျံဝဲ လိုက်လာသည်။ အတောင်ပံရှိလို့ ငှက်ပါးဝသော ငှက်။ နည်းနည်းမှ မသဒ္ဒါနိုင်တော့။ ဖားလေး အမောပြေသည်အထိ စောင့်မယ်လို့ တွေးပြီး သူနဲ့ ဖားကြားမှာ ကျွန်တော် မားမားကြီး ရပ်နေလိုက်သည်။ သကောင့်သား ငှက်ကလဲ ဘယ်မှ မပျံ။ ခင်ဗျား အကြာကြီး စောင့်မပေးနိုင်ပါဘူးလို့ ထင်ဟန်ရှိသည်။ နောက်ထပ် ဆယ့်ငါးမိနစ်ခန့်နေတော့ ဖားလေးအမောပြေ သွားဟန်တူသည်။ တစ်ချက် ထခုန်သည်။ ရေစပ်စပ်ထဲသို့ ဇွပ်ခနဲ့ ကျသည်။ နောက်ထပ် တစ်ခုန်။ နောက်တစ်ခုန်။ တံတားလေး တစ်ခု အောက်မှ ကွန်ကရစ် ရေပိုက်ထဲသို့ ရောက်သွားသည်။ စိတ်ချရပြီ ထင်သည်။ 

 

ဇရက်ကို လှမ်းကြည့်တော့ သူလဲ စိတ်ပျက်သွားဟန်တူသည်။ ကျွန်တော့်ကို အတော်ရှုပ်တဲ့ လူ၊ သူ့ ဗေဒစနစ်နဲ့ သူ သတ္တ၀ါတွေက နေကြတာဗျ။ ခင်ဗျား အလုပ်မဟုတ်ဘူးလို့ ရန်ထောင်ချင်နေသလား မသိတတ်။ အပင်ပေါ်က ဆတ်ခနဲ့ ခုန်ချပြီး အတောင်ပံခတ်ကာ ပျံသွားတော့သည်။ ငှက်အခွင့်အရေး ချိုးဖောက်တယ်လို့ သွားပြု တိုင်နေရင်လဲ နောက်မှ ကျွန်တော် ရှင်းတော့မယ်လို့ တွေ့ပြီး အိမ်သို့ ပြန်လာခဲ့လိုက်သည်။ စိတ်ထဲမှာတော့ စိတ်လက် မကြည်မသာ ဖြစ်နေတာတွေ သိသိသာသာကြီး လျှော့သွားသည်။ ကုသိုလ်တစ်ခု နေ့စဉ်ပြုလို့ ဆရာတော်ကြီးများက ဆိုတယ်မို့လား။ သူတစ်ပါး အစားအသောက် လက်လွတ်အောင် ပြုလိုက်တဲ့ အကုသိုလ်နဲ့ သူတစ်ပါး အသက်တစ်ချောင်း ကယ်တဲ့ ကုသိုလ် ဘယ်ဘာသာရေး ချိန်ခွင်နဲ့ ချိန်ချိန် ငါ လုပ်တာ မှန်တယ်လို့ ရဲရဲကြီး တွေးမိသော ကုသိုလ်စိတ်ကြောင့် စိတ်လက်ပေါ့ပါး ကြည်လင်သွားသည်။

 

အိမ်ရောက်တော့ လက်ကို ဆပ်ပြာဖြင့် သေချာ ပွတ်တိုင်ဆေးသည်။ သကောင့်သားဖား ပျော့စိစိနဲ့ ရွံ့စရာ။ ပြီးတော့ အ၀တ်အစား မလဲသေးဘဲ အိပ်ရာပေါ်သို့ ကျောလှဲချမည် ပြုပြီးမှ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်း မလဲတာ ကြာနေပြီဆိုတာ သတိထားမိလိုက်သည်။ ခေါင်းအုံးစွပ်ကို လဲဖို့ ချွတ်လိုက်တော့ ကြမ်းပိုးတစ်ကောင်။ အရင်က ဒီအိမ်မှာ ကြမ်းပိုးမရှိ။ ခုနောက်ပိုင်း အခန်းဖော်တွေ ပြောနေသံတော့ ကြားနေရသည်။ “ကြမ်းပိုးများ ရှိသလား မသိဘူး။ အိပ်ရတာ ယား ယားနေတယ်ဗျာ” ဆိုသည့် သူတို့ စကားကို အရေးရာလုပ်ပြီး ကျွန်တော် နားမထောင်ခဲ့တာ အခုတော့ ကြမ်းပိုးနဲ့ ကျွန်တော် ထိပ်တိုက်တွေ့ကြပြီ။ ပြေးရန် ခြေလှမ်းပြင်သည့် ကြမ်းပိုးကို လက်မဖြင့် ဇိခနဲ့ နေအောင် ဖိသတ် ကြိတ်ခြေလိုက်သည်။ စိတ်ထဲမှာ သေစမ်း၊ သေစမ်း။ မင်းလို ကြမ်းပိုးတွေ များများ သေသင့်တယ်။ လူ့သွေးကို စုပ်ရုံတင်မကဘူး နားချိန်၊ အိပ်ချိန်လေးမှာ အခွင့်အရေး ယူပြီး သွေးစုပ်တဲ့ အကောင်တွေ။ သေ။ သေ လို့ အကုသိုလ်ကြီးစွာသော စိတ်ဖြင့် စိစိညက်ညက် ကြေသည်အထိ သတ်သည်။ 

 

ဟုတ်သည်။ ခြင်လို သွေးစုပ်သော အကောင်ကို ကျွန်တော်သိပ်ပြီး မမုန်း။ သူ့ကို ကာကွယ်ဖို့ ရှင်းရှင်းလင်းလင်းရှိသည်။ ခြင်ထောင်နဲ့ အိပ်မလား။ ခြင်များသော နေရာမှာ မနေဘဲ နေမလား။ ခြင်ဆေး ဖြန်းမလား။ တစ်ခါတစ်ရံ ငါတို့ ခြင်တွေ ရှိတယ်နော်ဆိုသည့် တ၀ီ ၀ီ ( မျိုးစောင့် ရှေ့ဆောင် ဆရာတော့်ကို ပြောခြင်းမဟုတ်) အသံပြုတတ်သေးသည်။  ကြမ်းပိုးက ဒီလိုမဟုတ်။ အကြိုအကြား လူနဲ့ အနီးဆုံးမှာ နေသည်။ ပြီးတော့ လူအိပ်ချိန်ဆိုလျှင် တိတ်တိတ်လေး ထွက်လာပြီး သွေးစုပ်သည်။ အားရအောင် ဗိုက်ကြီးတွေ ဖောင်းကားလာအောင် စုပ်သည်။ ပြီးတော့ မျိုးပွားနှုန်းကလဲ ကြောက်ခမန်းလိလိ။ ကြမ်းပိုး ကျပြီဆိုလျှင် အမြစ်ဖြုတ်ဖို့ တစ်အိမ်သားလုံး စုပေါင်းညီညာ ရှိရသည်။ ဒါတောင်မှ သိပ်သေချာတာ မဟုတ်သေး။ အသက်ကလဲ ပြင်းသလား မမေးနှင့်။ 

 

နောက်ထပ် ကြမ်းပိုးတွေများ ငါ့အိပ်ရာမှာ ရှိနေသေးလား မသိဘူးဆိုသည့် စိတ်ဖြင့် အကုန် လှန်လှောရှာတော့ နောက်ထပ် တစ်ကောင်တွေ့သည်။ ကျွန်တော် ဖျားသွားသည်။ အိမ်သားတွေ အကုန်လုံးကို တပ်လှန့်အုံးမှလို့ ကျွန်တော်တွေးပြီး လက်ကို ဆပ်ပြာဖြင့် ထဆေးရပြန်သည်။ ကျွန်တော့် လက်မထိပ်မှာ နီနီရဲရဲ သွေးတွေ။ကျွန်တော့် သွေး။ ငါ့ကုပ်သားက သွေးတွေနေမှာလို့ တွေးမိပြီး စိတ်က ဘ၀တစ်ပါး ကူးပြောင်းသွားသော ကြမ်းပိုးကို ကျိန်ဆဲမိပြန်သည်။ ကြီးသော အကုသိုလ် ဖြစ်ရပြန်လေပြီ။ 

 

ဖားတစ်ကောင်၏ အသက်ကို ကယ်ခဲ့သော စိတ်ကောင်း စိတ်မြတ်များက ဘယ်ချောင် ရောက်သွားသည် မသိ။ ဒေါသစိတ်၊ မကျေနပ်စိတ်၊ ကြမ်းပိုးဝါး ၀ခံလိုက်ရတယ် ဆိုသည့် မကျေနပ်စိတ်များဖြင့် ၀မ်းက ဟာသလိုလို ရှိလာသည်။ မီးဖိုချောင်မှာ စားစရာ တစ်ခုခုသွားရှာအုံးမှလို့ တွေးပြီး မီးဖိုးဘက်ကို ထွက်လာတော့ ပိုးဟပ်တစ်ကောင် ကြမ်းပြင်မှာ ဖြတ်ပြေးသည်။ ၀ုန်းခနဲ့ ပြေးသွားပြီး ဖိနပ်ဖြင့် ဖိနင်းချေလိုက်သည်။ ဖောက်ခနဲ့ သတ္တ၀ါတစ်ကောင် အသက်ပျောက်သွားပြန်သည်။ ဒါတောင်မှ အကြောမသေး။ နှုတ်ခမ်းမွှေးက ငါမသေဘူး ရေကူးတတ်တယ်ဆိုသည့် အပေါက်ဖြင့် လှုပ်လီ လှုတ်လဲ့ လှုပ်ပြနေပြန်သည်။ ဒေါသစိတ် ငယ်ထိပ်တက်လာပြီး ဖိနပ်ဦးဖြင့် ကန်ထုတ်ပြစ်လိုက်သည်။ ပြီးမှ ဟင်း…ငါ့မှာလဲ အကုသိုလ်တယ်ကြီးပါလားလို့ တွေးမိလိုက်ပြန်သည်။

 

စားစရာက ဘာမှ မရှိ။ နေတော့။ ညနေစာနဲ့ ပေါင်းစားမယ်။ အခုတော့ သတင်းတွေ ဖတ်အုံးမှလို့ တွေးလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လာပြီး အင်တာနက်သုံးတော့ လက်ပတ်အနီများက ကျောင်းသားများကို ခွေးဆွဲသလို ၀ိုင်းဆွဲနေသည့် ဓာတ်ပုံတွေ၊ သတင်းတွေ တွေ့ရ၊ မြင်ရ၊ ဖတ်ရပြန်သည်။ ဇိခနဲ့ ကြေသွားသော ကြမ်းပိုးတစ်ကောင်၊ ဖောက်ခနဲ့ မြည်သွားသော ပိုးဟပ်တစ်ကောင် ကို သတ်သလို သူတစ်ပါး အသက်သတ်ချင်စိတ်တွေ ကြီးစွာဖြစ်ပြန်၏။ ကွန်ပြူတာကို ပြန်ပိတ်ပြီး တစ်နေ့တာ ကြုံရ ဆုံရသမျှ၏ ကုသိုလ် (ကောင်းသောစိတ်) နှင့် အကုသိုလ် (မကောင်းသောစိတ်) ကို ပြန်ပြီး ချိန်ဆကြည့်မိသည်။

 

လူဖြစ်ရသော ဒုက္ခကြီးလှပါလားလို့ ကျွန်တော် တွေးမိလိုက်သည်။ ကုသိုလ်တစ်ပဲ ငရဲ ဆယ်ပိဿာခန့် ကျွန်တော် ကြုံခဲ့ရသည်ဘဲ။ အကုသိုလ်များကြောင့် ကျွန်တော့် နောက်ဘ၀ လူပြန်မဖြစ်ရင်တောင် ကြမ်းပိုးမဖြစ်လို။ ပိုးဟပ်မဖြစ်လို။ မျက်စိလယ်လမ်းမှားပြီး လူပြန်ဖြစ်လျှင်တောင်မှ အဆိုးအကောင်း၊ အကျိုးအပြစ်ကို မသိနားမလည်သော လူ့ ကြမ်းပိုးတစ်ယောက် မဖြစ်ချင်ဘူးလို့ ကျွန်တော် တွေးမိရင်း အိပ်ပျော်သလိုလို ဖြစ်သွားသည်။ သို့သော် ကျောက ယားသလိုလို။ ကုပ်က ယားသလိုလို။ တယ်…ဒီကြမ်းပိုးတွေ သယ်…ဆိုသည့် ဒေါသစိတ်ကြောင့် အိပ်မရတော့ဘဲ အခန်းပြင်သို့ ထွက်လာခဲ့မိတော့သည်။

 

ဖိုးထက်

(Illustration – Aung Htet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်