fbpx

ရှင်ဒေ၀ီ – လက်ပံတန်းမှသည် … … …

March 12, 2015

Photo by Shin Daewe



ရှင်ဒေ၀ီ – လက်ပံတန်းမှသည် … … …

(ရှင်ဒေ၀ီဖေ့စ်ဘွတ်) (မိုးမခ) မတ် ၁၂၊ ၂၀၁၅

ကျမ ရှင်ဒေ၀ီ ပါ။ အသက်မွေးဝမ်းကြောင်းက documentary filmmaker (မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ) ဖြစ်ပါတယ်။ ၁၀ ရက်နေ့လက်ပတန်းအကြမ်းဖက်မှုအတွက် မျက်မြင်သက်သေ တစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ တိတိကျကျပြောရရင် လက်ပံတန်း မှာ ကင်မရာနဲ့ ရောက်ရှိနေခဲ့ တာဟာ သတင်းဌာန တစ်ခုခုအတွက် အလုပ်လုပ်တဲ့ media သမားအဖြစ်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကိုမှတ်တမ်းတင် စုဆောင်း နေတဲ့ image collector အဖြစ် ရောက်ခဲ့တာပါ။ ဒါကြောင့်မို့ ကျမဟာတခြားသော media သမားတွေလို ကျင့်ဝတ် စောင့်ထိမ်း စရာမလိုဘဲ ကျောင်းသားကျောင်းသူတွေ ကိုဝန်းရံနိုင်သူ အဖြစ် ကျမကိုကျမ ခံယူ ပါတယ်။

အစကပြောရမယ်ဆိုရင် ပညာရေးပြောင်းလဲဖို့အမှန်တကယ်လိုအပ်လို့ ကျောင်းသားစစ်ကြောင်းကို ထောက်ခံပါတယ်။ သူတို့စထွက်လာကထဲ က လုံးဝသဘောတူထောက်ခံပါတယ်။ အခုမှမစရင် ကျမတို့ဘယ်လောက်ထပ်စောင့်ရဦးမတုံး။ တဘ၀လုံးစောင့်ခဲ့ရတာ။

ကျနော်သမီးစာကျက်နေတယ်လို့။အေးချမ်းစွာပညာသင်ကြားရေးကိုထိခိုက်စေသော ဆူပူမှု ဆိုတဲ့ ခံယူချက်တွေ ကိုကြားသိရတဲ့အခါ ကျမငယ်စဉ်က တစိတ်တပိုင်းကိုဘဲ မျှဝေချင်ပါတယ်။ ကျမ ရဲ့ အုပ်ထိန်းသူက ပြည်သူပိုင်မသိမ်းခင် နန်ယန်ကျောင်း( အခု ထ ၂ဗဟန်း မှာ ၁၀ တန်းထိသာ ပညာသင်ကြားခဲ့သူပါ။ ဘွဲ့မရပါဘူး။ ဒါပေမယ့် ကျမကို မူလတန်းကနေ အလည်တန်းအထိ အိမ်မှာ စာပြပေးနိုင်ပါတယ်။ ကျမတို့ခေတ်ကာလ ကလဲ ကျူရှင်တွေဒီလောက် ခေတ်မစား သေးပါဘူး။ အဓိကပြောချင်တာက ကျမ အုပ်ထိမ်း သူ ကျမ အမေ ရဲ့ စာသင်ကြား ဟန်ပါ။ သမိုင်း၊ မြန်မာစာ စတာတွေ ကို ပုံပြော သလိုပြောပြပါတယ်။ စာကို ၀ါကျအလိုက် မကျက်ခိုင်းဘူး။ နားလည်ပြီဆိုရင် ကိုယ့်ဘာသာ ပြန်ရေးခိုင်းပါတယ်။ ဆရာမပေးတဲ့မှတ်စုနဲ့နဲကွာဟပေမယ့် အချက်အလက် က တော့အတူတူပါဘဲ။ အိမ်က သင်ကြားပေးတဲ့မူဟန်နဲ့ဘဲ မူလတန်းကနေ အလယ်တန်း (သူငယ်တန်းကနေ ၈ တန်းအထိ) ကျမနှစ်ဉ် ထူးချွန်ကျောင်းသူဖြစ်ခွင့်ရခဲ့ပါတယ်။ နောက် ၉ တန်းရောက်တဲ့အခါ ကျမ တို့ သားအမိ အခက် တွေ့ရပါတော့တယ်။ ကျမအမေက ဇီဝဗေဒ၊ ဓါတုဗေဒ၊ စတဲ့သင်ခန်းစာတွေနဲ့မရင်းနှီးပါဘူး။ ဗြုန်းကနဲ ပြောင်းသွားတဲ့ အင်္ဂလိပ်လိုသင်ရိုးတွေ ကို အမေက မသင်ပြနိုင်တော့ပါဘူး။ အဲဒီမှာ ကျမလဲ အလွတ် ကျက် ရတဲ့အဖြစ်ရောက်ခဲ့ ရပါတော့တယ်။ ဒီအခါကစပြီး ကျမရဲ့ပညာရေး ရွှေရောင် နေ့ရက် တွေပြီးဆုံးခဲ့ရပါတယ်။ ပညာရေးရွှေရောင်တွေ အညိုရောင် ပြောင်းလာ သလို မြန်မာ နိုင်ငံရဲ့အမှောင်ထုကြီးထဲ စုန်းစုန်းမြုပ်တဲ့၁၉ ၈၈ ကိုလဲ ကျမ န၀မတန်း ကျောင်းသူ ဘ၀မှာကြုံခဲ့ရတော့တာပါပဲ။

ဒီလိုနဲ့ အမှောင်ခေတ်ထဲက အလင်းရောင်တွေရလာနိုးတိုက်ပွဲဝင်ရင်း ၁၀တန်းစာမေးပွဲဖြေရမယ့် အချိန်မှာ ထောင်ထဲရောက်နေတာမျိုး၊ နောက်နှစ်စာမေးပွဲ မဖြေခင် လပေါင်းများစွာဖမ်းထားခဲ့ပြီး စာမေးပွဲနီးမှ ကပ်ပြီးလွတ်တာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ၁၀တန်းမအောင်ရင် တက္ကသိုလ်ဆိုတာ မရောက်ရမှာမို့ အလွတ်ကျက်တန်ကျက်၊ကူးချတန်ကူးချနဲ့ ဒီလိုနဲ့ ၁၀တန်း ကို ၁၉ ၉ ၃ မှာအောင်ခဲ့ပါတယ်။

ဆယ်တန်းအောင်ပြီးတဲ့အခါ ကျမအမှတ်နဲ့ရွေးစရာက က ရူပဗေဒ၊ သင်္ချာ၊ သတ္တ ဗေဒ၊ ရုက္ခဗေဒ ဆိုတာတွေရွေးနိုင်ပါသတဲ့။ ကျမ ဖြစ်ချင်ခဲ့တာရှေ့နေ။ ကျမ ဥပဒေကို တက်ခွင့်မရပါဘူး။ အဲဒီတော့ ကျမ က မြန်မာစာကိုတက်ချင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကျမက သိပ္ဗံတွဲနဲ့ ၁၀တန်းအောင်တာမို့ ၀ိဇ္ဇာတွဲ ပြောင်းဖို့ခက်ပြန်ပါသတဲ့။ ဒီလိုနဲ့ ကျမနဲ့ ဘယ်လိုမှ စိတ်မ၀င်စားတဲ့သတ္တဗေဒ ဘာသာကိုဘဲ ဘွဲ့တခုရနိုင်ဖို့ သင်ကြားခဲ့ရတယ်ပေါ့။ ပညာရေး အတွက် ကျမတို့ အချိန်တွေပေးခဲ့ရတယ်။ ငွေတွေပေးခဲ့ရတယ် ကျမတို့ဘွဲ့လက်မှတ်က လွဲရင်ဘာတွေ ရခဲ့ သလဲ။ ဘာမှမရတာတော့မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနယ်ပယ်တစ်ခုတော့ စာသင်ကြား ရင်းရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေနဲ့တော့ လုံလောက်ကျေနပ်နေဖိုပမဖြစ်နိုင်ပါဘူး။ မတတ်သာ လို့ခေါင်းငုံ့ အံကြိတ်နေခဲ့ရပြီး အခုတော့ ခေတ်ကျောင်းသားတွေ တစခန်းထဦးဆောင်လို့ ပညာရေး စနစ်ပြောင်း တောင်းဆို ဆန္ဒပြနေတာကို တွေ့မြင်ရတဲ့အခါ ကျမနေနဲ့ ထောက်ခံ ၀န်းရံ မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနေရာမှာပြောစရာ ရှိလာပြန်ပါတယ်။ ကျောင်းသားတွေကြားထဲ အသက်အရွယ်ကြီးတဲ့ သူတွေ ၀န်းရံပေးနေတာ မြင်ရတဲ့အခါ ဒါလားကျောင်းသားလားလို့ ပြစ်တင်သံ၊ ပျက်ရယ်ပြုသံ တွေကြား နေရပါတယ်။ ဒီလို အသံကို သာမန် ဝေဖန်သူတွေဆီကသာမက ပြန်/ကြား ၀န် ဆီကပါ ကြားရတော့ ပြောပြရဖို့ဖြစ်လာရပါတယ်။ တခြားလိုက်ပါတဲ့ သက်ကြီးပိုင်းတွေ မှာ သူတို့ ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ အကြောင်းပြချက်ကိုယ်စီရှိနိုင်ပါတယ်။ ဘာကြောင့် ကျောင်းသား သပိတ်စစ်ကြောင်းမှာ ပါနေရသလဲဆိုတဲ့မေးခွန်းအတွက်ပါ။

ကျမ အသက် ၄၀ ပါ။ သက်ကြီးပိုင်း လို့ဆိုပါစို့။ ဘာကြောင့် ပညာရေးပြောင်းလဲတာဟာ ကျမ အတွက် အရေးကြီးနေရသေးတာပါလဲ။ မျိုးဆက်သစ်အတွက် အနာဂတ် နိုင်ငံတော်အတွက် ဒီလိုစကားလုံးအကြီးကြီးတွေ ကိုအမြင်ကတ် နေသူတွေအတွက် ရိုးရိုးလေးပြောချင် ပါတယ်။ အသက်အရွယ်မရွေး ပညာသင်ကြားနိုင်ခွင့်ရှိ နိုင်တဲ့ အခွင့်အရေး က ကျမအတွက် တော်တော် အရေးပါပါတယ်။ တချိန်ချိန်မှာ ဥပဒေပညာ သင်ခွင့် ရပြီး ရှေ့နေ တစ်ယောက် ဖြစ်ချင်ပါသေးတယ်။ နောက် နှစ်နဲနဲ ကြာဦးမယ်ဆိုရင်လဲ ကျမ ကျောင်းသား တစ်ယောက် ပြန်ဖြစ်နိုင်ပါသေးတယ်။ ကျောင်းသားဆိုတာ ဘယ်အရွယ် သာဖြစ်သင့်တ ယ် ဆိုတဲ့ အတွေး မျိုး တွေဟာ ကျမတို့ အနာဂတ် ကို ပိုပြီးမှောင်ပိန်း နေစေဦး တော့မှာပါပဲ။ ဒါကြောင့် ဒီအရွယ်ကြီး ကျောင်းသားလား လို့ဆိုနေသူ တွေ ကို ပညာလို အိုသည်မရှိ လို့ ဘဲ တသီး ပုဂ္ဂလ အမြင်နဲ့ ရိုးရိုးလေး ဆိုချင်ပါတယ်။ ဥာဏ်ပညာနဲ့ ချစ်ချင်းတရားကသာတိုင်းပြည်ကို ဦးဆောင်နိုင်ပါလိမ့်မယ်။

နောက်တချက်ကတော့ ကျောင်းသားဆိုတာ ပြည်သူတွေ ရဲ့ သားသမီးပါ။ ဒီတော့ သပိတ် စစ်ကြောင်း မှာ ၀န်းရံသူပြည်သူတွေပါဝင်နေတာက ဝေဖန်ပြစ်တင်နေရမယ့်ကိစ္စဆိုး မဟုတ်ဘူး လို့မြင်ပါတယ်။အထက်ကအကြောင်းအရာတွေ ဟာ ကျမ ဘာကြောင့် ကျောင်းသားသပိတ် ကို အကဲဆတ်နေရသလဲဆိုတဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

အခုဆက်ပြီး လက်ပံတန်းအကြမ်းဖက်မှု ဆီကိုသွားပါမယ်။

၁၀ ရက် ၁၀ နာရီ စိန်ခေါ်မှု အတွက် ၉ ရက်နေ့ ည မှာ လက်ပံတန်းသပိတ်စခန်းမှာသွား အိပ်ခဲ့ပါတယ်။ အဲဒီည မှာဖြိုးဖြိုးအောင် ကိုတွေ့ရတာ ကျန်းမာရေးအားနည်းနေတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ကြီးမားတဲ့ ရင်ဆိုင်မှုတွေ ကိုကြုံရမယ်ဆိုတာ စိတ်ပိုင်းဖြတ်ထားပြီးသားဆိုတာ သိသာတယ်။ အတားအဆီးတွေ ကို အကြမ်းမဖက် တိုးဝင်ဖောက်ထွက်မယ်။ ဒါဟာ ဖမ်းဆီးခံရနိုင်တယ်ဆိုတာ လဲ သူကသိနေတယ်။ အားလုံးဆုံးဖြတ်ချက်အတိုင်းရဲရင့်ကြဖို့ အသင့်အနေအထားနဲ့ တည်ငြိမ် နေတယ်။

အဲဒီမှာ ဖြိုးဖြိုးပြောတဲ့ စကားတခွန်းကိုကျမ မှတ်မိနေတယ်။

“အတားအဆီးတွေ ကိုကျော်ဖြတ်တဲ့ အခါ သံဆူးကြိုးတပ်ထားတဲ့ဂိတ်တွေ ကို ရင်ဆိုင်တိုးတဲ့ အခါ ကျောင်းသား ရဲဘော်တွေ ထိခိုက် ဒဏ်ရာရမှာ ကို ဘဲ …” တဲ့။

ကျမ တို့အားလုံး ၁၀ ရက် ၁၀ နာရီ မတိုင်ခင် အစိုးရ ဘက် က အလျော့ပေးဖို့ မျှော်လင့် မိခဲ့ကြ ပါတယ်။ ကျောင်းသား တွေ ဟာ ရန်ကုန်မှာ သပိတ်ကို ဆက်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ရန်ကုန် မှာပျော်ရွှင်စွာ လူထုနဲ့တွေ့ဆုံ ရန်ကုန် တက္ကသိုလ် ဒါမှမဟုတ် ရွှေတိဂုံ စနေထောင့်မှာ လူစုခွဲ ပေးဖို့ပါ။ ဒါပြီးရင်လွတ်တော်က ဆွေးနွေးမှု ကို စောင့်ကြည့် ပါဝင်ဆွေးနွေးကြဖို့ပါ။ ကျမတို့ မရဲတရဲ နဲ့မျှော်လင့်ခဲ့ပါတယ်။ စာနာ မှုလေး နဲနဲ ကိုပါ။ အဲဒီည မှာကျောင်းသားတွေသီချင်းဆိုကြတယ်။ ၀ိုင်းဝိုင်းရဲ့ နဲ့ ထူးအိမ်သင် ရဲ့ အမေ့အိမ် သီ ချင်း လေးတွေ ပါတယ်။ ကြည့်ရတာ သူတို့ ပျော်နေကြပုံဘဲ။

ဒါပေမယ့် သူတို့ အနားသွားရင် ကြားရတဲ့ စကားလေးတွေ ရှိပါတယ်။

“မနက်ဖြန် ၇န်ကုန်ရောက် မလား၊ထောင် ကိုရောက်မလား မသိဘူးတဲ့။ ဒီနေ့ပျော်ထားကြတဲ့။”

တယောက် က ပြောတယ် ။ ရဲတွေဝင်ဖမ်းရင် ခေါင်းကို အရိုက်မခံရအောင် သတိထားဖို့ ။အချင်းချင်း အကြံပေး နေကြပါသေး တယ်။ အပေါ်ရံမြင်ရရင် တော့ပျော် နေကြတယ်ပေါ့။ စဉ်းစားကြည့်စမ်းပါ။ ကျမတို့ လူမျိုး အယူသည်းပုံက အိပ်မက်မ ကောင်းရင် မျက်ခုံးလှုပ်ရင်တောင် ပူပန်တတ် တာမျိုးလေ။ အခုဟာ ကမနက်ဖြန် ဘာဖြစ်နိုင်လဲဆိုတာ သေသေချာချာ သိနိုင်နေနိုင်တဲ့ ညမျိုးမှာ သူတို့ ရဲရင့်ခဲ့ကြတယ်။ လရောင် သိပ်မဖြာတဲ့ည မှာ သူတို့ တွေ ဟာကြယ်ပွင့်တွေနဲ့အပြိုင် ကျမ ရင်ထဲတောက်ပနေခဲ့ တယ်။

နောက်တနေ့မိုးလင်းတော့ သပိတ်စခန်းဟာ ပုံမှန်လေးပါဘဲ။ မီဒီယာသမားတွေ တဖွဲဖွဲဝင်လာ တယ်။ မီဒီယာသမားတချို့ က ရဲမှူးတစ်ဦး က တခုခုဆိုကြည့်ရှောင်ပေါ့လို့ အကြံပေး လိုက်တာ လဲ ကြားတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကတော့ ပုံမှန်ပါဘဲ။ ဒါပေမယ့် အချင်းချင်း နောက်ပြောင် သံကြားရတယ်။ ဘောင်းဘီဝတ်တဲ့သူတွေက ပြေးမယ့်သူတွေလားဟေ့၊ တက်လမ်း ရှာရမယ်။ သံဆူးတပ်အကာအရံတွေ ကိုတက်ရမှာ လေ။ အဲဒီလိုပြောင်နေကြတယ်။ ရယ် နေကြတယ်။ ကျမ က ကျောင်းသူတချို့ကို ကိုတိုးတိုးမေးတယ်။ အခြေအနေတခုမှာ သမီး တို့ထမီကျွတ်နိုင်တယ်။ သူတို့ပြုံးပြီးပြော တယ်။ အောက်မှာ ဘောင်းဘီရှည်ပါတယ်တဲ့။ ဒီလိုပါဘဲ။ ဘာမှ မရှုပ်ထွေးသေးတဲ့မနက်ခင်း ( ၉ )နာရီလောက် မှာ စစ်ကြောင်းပုံစံ ၄ ယောက်တွဲထိုင် လိုက်ကြ တယ်။ သီချင်းဆို ကြွေးကျော်သံတိုင်နဲ့ သပိတ်စစ်ကြောင်းရဲ့ ပုံမှန်အတိုင်းပါဘဲ။ ဒါပေမယ့် အားလုံးက ၁၀ နာရီ ၁၀ မိနစ်အတွက် စိတ်တွေ ကိုရွက်လွှင့်လိုက်ကြပြီ။

၁၀ နာရီမထိုးခင် ညိနှိုင်းဖို့ သတင်းစကားဝင်လာတယ်။ အဲဒီအချိန်မှာ NNER က ဦးသိန်းလွင်နဲ့ ဒေါ်ညိုညိုသင်းပါရှိနေတယ်။ သူတို့နဲ့အတူကျောင်းသား ခေါင်းဆောင် တွေညှိကြတယ်။ မကြာခင်သတင်းစကားရောက်လာတယ် လက်ပံတန်း တာဆုံ ကိုလမ်း လျှောက် ထွက်ခွင့်ပြုမယ်။ ရန်ကုန်ကို ကားနဲ့သွားခွင့်ပြုမယ်။ ဒါပေမယ့် စစ်ကြောင်းတကြောင်းလုံး အစုလိုက်အပြုံလိုက် မသွားရဘူးတဲ့။ ဘယ်လိုဖြစ်ဖြစ်သတင်းကတော့ အားတက်စရာလေ။ ဖွင့်ပေးမယ်ဆိုတော့ အားလုံးပျော်လိုက်ကြတာ။ သီချင်းတွေ ဆိုလိုက်ကြတာ။ အားလုံးလဲခုန်ပေါက်လို့။ ကျမ အဲဒီအချိန်မှာတွေးလိုက်တာက သြော် အစိုးရက ငါတို့ကို နဲနဲညစ်ပြီးမှ ပေးတာပေါ့လေ။ ရန်ကုန် စွမ်းအားရှင် လက်ပတ်နီကိစ္စမှာ အတော်အရုပ်ဆိုးထားတော့ ဒီနေ့တော့ခြေလွန်လက်လွန် မလုပ် လောက်ဘူးလို့ပေါ့။ ကျမ အစိုးရ ရဲ့ယုတ်မာမှု ကိုလျော့တွက်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ဘဘ ဦးဝင်တင်ရဲ့ သဘောထား သတိပေးစကားကို ခဏမေ့သွားပါတယ်။

အဲဒီအချိန်မှာ ပတ်ထားတဲ့သံဆူးကြိုးဘောင်တွေကို ဖယ်ပေးလိုက်ပါတယ်။ ဒီအထိတော့ ရင်ခုန်စရာကောင်းနေတုန်းပါဘဲ။ ရန်ကုန်သွားခွင့်ရတော့မယ်ပေါ့။ စစ်ကြောင်းကသူတွေ ပျော်လိုက်ကြတာ။ ကျမလဲပျော်ပြီးခုန်လို့ ရိုက်တဲ့အရုပ်တွေတောင် ခုန်ကုန်တယ်လေ။ ဒါပေမယ့် အဲဒီအချိန်မှာ လက်ပံတန်း ရပ်မိရပ်ဖတွေရဲ့ သဘောထားဆိုတာကို လော်စပီကာနဲ့ လာဖွင့်တယ်။ သပိတ်စစ်ကြောင်းကို မြို့ခံတွေကမလိုလားလို့ အမြန်ဆုံးထွက်သွားဖို့။ အဲဒါက ပျော်နေတဲ့ စစ်ကြောင်း ကို တွေဝေသွားစေတဲ့ အပြင်ဒေါသ ဆွပေးလိုက်သလိုပါဘဲ။ ဒါလက်ပံတန်းပြည်သူ အစစ်တွမဟုတ်မှန်းသိနေကြသားဘဲ။လှည့်ကွက်တွေလာနေပြီ။ သွားခွင့်ပေးမယ်ဆိုတာ တခုခု မှားနေလိုခံစား လာရတယ်။ ကျောင်းသားအများစုတွေ ကမူလအစီအစဉ်အတိုင်း တိုးချင်နေကြပြီ။ ညှိုနှိုင်းမှု က အကြိမ်ကြိမ် အမျိုးမျိုးပြောင်း။ ရဲတွေဘက်က လူစုခွဲဖို့ လူစုမခွဲရင် အရေးယူမယ်ဆိုတာ ထပ်တလဲလဲ ဖွင့်နေတဲ့အသံက ကျယ်သထက်ကျယ်လာပြီ။ အဲဒီအချိန်မှာ ကျောင်းသားတွေဘက် က ကျေငြာတယ်။

“ကျနော်တို့ တိုးဝင်မယ်။ ဖမ်းမယ်ဆိုရင် ဖမ်းပါ။ ဒါပေမယ့် ပြည်သူတွေကိုမဖမ်းပါနဲ့။ ကျနော်တို့ရဲ့ ကျောင်းသားသူတွေ ကိုနာကျင်အောင်မလုပ်ပါနဲ့။ တကယ်လို့ဖမ်းဆီးမှုတွေဖြစ်လာရင် ကျနော်တို့ရဲ့ အလံတော် ကိုမလေးမစား မလုပ်ပါနဲ့ ”

လို့ တောက်လျှောက်ကြေငြာနေတယ်။ မင်းသွေးသစ်ဖြစ်မယ် လို့ထင်ပါ တယ်။

နောက်တော့ခေါင်းဆောင်တယောက်ကကြေငြာပါတယ်။ နောက်ဆုံးညှိနှိုင်းမှု က လမ်းလျှောက် မထွက်တော့ဘူး။ သပိတ်စခန်းမှာ ကားလာခေါ်မယ်။ အဲဒီကပဲ ကားပေါ်တန်း တက်ပြီး ရန်ကုန် သွားမယ်။ ရဲကားတွေ နောက်က လိုက်လို့ရတယ်။ ဒါ ကျောင်းသား ဘက်က တောင်း ဆို တာ။

နယ်လုံဝန်ကြီးကလမ်းတလျှောက် အလံ မထောင် ခွတ်ဒေါင်း ခေါင်းစည်း မစည်းရ ဖို့ တောင်းဆို တယ်။ နောက်ဆုံးမှာ စစ်ကြောင်းပါ ကျောင်းသား ထုရဲ့ သဘောထား ကိုတောင်းခံ တယ်။ ကျောင်းသားထု ကဆုံးဖြတ်တယ် သပိတ် စစ်ကြောင်းရဲ့ ပုံရိပ် အလံတော် ကို မထား ခဲ့နိုင် ကြောင်း။ အဲဒီမှာ နယ်လုံဝန်ကြီးက သူတို့သဘောထားနဲ့ မပြီးလို့ တင်ပြဦးမယ် လို့ဆိုခဲ့ပါတယ်။ ကျောင်းသား တွေဘက် က ၁၀ နာရီ ၁၀ မိနစ် ကို အချိန်ကြာမြင့်စွာ စောင့်စားနေရ တာကြောင့် ၁၁နာရီ ၄၅ မိနစ် မှအကြောင်းမပြန်ရင်မူလ အစီအစဉ်အတိုင်းဘဲ တိုးဝင် တော့မယ်လို့ အကြောင်း ပြန်ပါတယ်။

အဲဒီလိုပြောလိုက်ချိန်က ၁၁နာရီ ၁၅ မိနစ်ပါ။

ဘာဖြစ်တော့မယ်ဆိုတာ ကျမခန့်မှန်းမိပါပြီ။ ကျမတယောက်ထဲ ကျိတ်ပြီးဆဲဆိုနေမိပါပြီ။ ယုံမိတဲ့ကိုယ့်ကိုယ်ကိုယ် အရင်ဆဲပါတယ်။ နောက် မရိုးနို်င်အောင်ပက်စက်လွန်းတဲ့ အစိုးရကို ဆဲပါတယ်။ ဒါပေမယ့် စစ်ကြောင်းကိုစိတ်အနှောက်မယှက်ဖြစ်မှာစိုး လို့အသံတိတ်ဘဲဆဲ ခဲ့၇တာပါ။ နယ်လုံဘက်ကအကြောင်းမပြန်တော့ပါဘူး။

၁၁ နာရီ ၄၅ မှာ စတိုးပါတယ်။ ရုန်းရင်းဆန်ခတ်လုံးဝမဖြစ်သေးပါဘူး။ စနစ်တကျတိုးဝင် ဖို့ကြိုးစား တယ်ဆို ပိုပြီးမှန်ပါလိမ့်မယ်။ အလံကိုင်တဲ့သူတွေ ကနေရာကမရွေ့ပါဘူး။ ကျောင်းသား တွေက လူ ၃တန်းရပ်နေတဲ့ ရဲတွေ ကို လူအားနဲ့တွန်းကြတာပါ။ တဘက်တဘက် တောင့်ခံရကြရ တာပေါ့။ ဒါပေမယ့် ရဲတွေရဲ့လူတံတိုင်းက ၃ ထပ်ပါ။ ဒီတော့ ဘယ်လိုမှ မဖောက်နိုင်ကြပါဘူး။ တနာရီနီးပါး တွန်းကြထိုးကြ အော်ကြနဲ့။ အားကုန်လို့မူးလဲ သူတွေကိုဆွဲထုတ်ကြနဲ့။ ကျောင်းသား စစ်ကြောင်း ဘက်က စနစ်ကျဖို့အပြင်းအထန်ကြိုးစား ခဲ့ကြပါတယ်။ ဆဲဆိုသူ၊ သွေးဆူသူတွေလဲရှိပါတယ်။ ဒါပေမယ့်ရဲတွေ ကို မဆဲဖို့ နစ်နစ်နာနာ မပြောဖို့ အချင်းချင်း ဖြောင့်ဖြနေကြပါတယ်။

 တိုးပြီး ၄၅ မိနစ် လောက်မှာတော့ ရဲတံတိုင်းကို မကျော်နိုင်တာ သေချာသလောက်ရှိနေရပါပြီ။ မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းသူတချို့ ငိုတာ မူးလဲတာတွေ ဖြစ်ကုန်ပါတယ်။ ကျမ မြင်တွေ့ ရတာ ကတော့ ကျောင်းသူတွေ ငိုကြတယ်။ အဲဒါကြောက်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ တောင်းဆိုချက်ဟာ နိုင်ငံဖျက်မယ့် တောင်းဆိုချက်မဟုတ်ပါဘူး။ မိုင် ၅၀၀ ကျော် လမ်းလျှောက်လာခဲ့ရတဲ့ သူတို့ ရဲ့ဆုလဘ်အဖြစ် ပြည်သူတွေ နဲ့တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံ ပထမကျောင်းသား သပိတ်ကျောက်တိုင်အောက် မှာ ကျောင်းသားသွေးတွေရဲ့ ဘိုးဘေး တွေကို တိုင်တည်ချင်တာပါ။ သူတို့စုံစုံညီညီနဲ့ ပြည်တော်ဝင်ချင်တာပါ။

သူတို့မချိတင်ကဲဖြ စ်ထိုက် ပါတယ်။ ရင်ကွဲထိုက်ပါတယ်။ ရက်စက်လိုက်တဲ့ တုန့်ပြန်မိန့် ကို ပြည်သူကို ကူညီပရစေ ဆိုတဲ့ပြည်သူ့ရဲတွေက ထပ်တူကျကျ ဆောင်ရွက် နေလိုက်ရပုံက ရင်ကျိုးထိုက်ပါတယ်။ ကျမ ကင်မရာ record ကိုနှိပ်ရင်းတိုးထား မောင်တို့မယ်တို့။ တောင့်ထားကြ။ ခွတ်ဒေါင်း သွေးကိုပြကြနဲ့ ရင်ထဲက ထွက်ခွာခွင့်မရတဲ့ စကားလုံးတွေ။ ခွတ်ဒေါင်း အို က ခွတ်ဒေါင်းပျိုတွေ ကို အသံတိတ်ဘဲ အားပေးနေရတော့တယ်။

ကြားကြရတယ်။ ပိတ်ထားတာနဲ့မနီးမဝေးမှာ လူထုရောက်နေပြီတဲ့။ သူတို့လဲ အပိတ်ခံထား ရတယ် တဲ့။ စစ်ကြောင်းက နှစ်ခု ဆုံဖို့ ကြိုးစားတယ်။ ဒါပေမယ့်အားချင်းမမျှ။ မနက်စာ ထမင်း မစား ရသေး ။ ရဲတံတိုင်းကိုတွန်းနေဆဲ။ ကျမတစ်ခုသတိထားမိတယ်။ လူချင်းတိုးတိုက် နေစဉ်မှာ ပေါက်ကွဲမှုတွေကမပြင်းထန်သေးပါဘူး။ တချို့ရဲတွေဆို အပျော်လို တောင်ပြုံးနေသေးတယ်။ သိပ်ရန်လိုပုံမရဘူး။ ကျမဆိုရင် သူတို့ တားထားတဲ့ အကာအရံပေါ် တက်ရိုက်တာ။ အမပြုတ်ကျရင်ရှမယ်လို့သတိပေးသေးတယ်။ ဒါတောင် ကျမကသတင်းထောက် မဟုတ်ဘဲ ကျောင်းသားတွေဘက်တဖက်သတ်ပါနေမှန်းသူတို့သိတယ်။ ဒါပေမယ့် ကျမတို့ရိပ်မိနေပြီ။ တခုခု ဖြစ်ခါနီးပြီ။

စစ်ကြောင်း နောက်ပေါက်ကို အပြင်လူတွေ ရောက်ရောက်လာတာကိုစိစစ်နေရတယ်။ အပြင်လူတွေထည့် ရှုပ်ထွေး အောင်ဖန်တီး ပြီးရင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်မယ်ဆိုတာ သိနေပြီးသား။ ဒါမျိုးတွေ ဖြစ်ခဲ့တာပဲ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ရော။ ၁ နာရီကျော်လာတော့ ခွန်အားတွေ ကုန်လာသလို ထမ်းထုတ်ရသူတွေပို များလာတယ်။ နောက်တန်းလုံခြုံရေး စိုးရိမ်နေရပြီ။ မူးလဲသူကိုတင်သွားတဲ့ လူနာတင်ကား ထွက်ဖို့ဖွင့်ပေးဖို့ အချိန်အတော်ကြာတယ်။

ဒီလိုနဲ့ ၁ နာရီခွဲ ခါနှီးထိ နှစ်ဘက်ထမင်းမစားရသေးဘူး။ ကျောင်းသားတွေအတွက်ထမင်း၊ဟင်း တွေတော့ရောက်လာပြီ။ဘယ်သူမှမစားရသေးဘူး။ မနက်ထဲကထွက်ခွင့်ပေးမယ် လို့ကြားပြီး အပျော်လွန်စိတ်စောပြီးမနက်စာလဲဘာမှမစားဖြစ်ခဲကြဘူး။ အခုတော့ မူးလဲသူတွေ၊ တောက်ခေါက်သူတွေ၊ မချိတင်ကဲငိုယိုသူတွေ၊ ပေါက်ကွဲလုနီးနီး ဗုံးတလုံးလို။

၁ နာရီခွဲ ရေသန့်ဗူးတစ်လုံးပျံဝဲသွားတယ်။ တလုံးထဲနော်။ ကျောင်းသားအုပ်စုထဲကပေါက်ကွဲ လိုက်တာလို့ယူဆရပါတယ်။ တချိန်ထဲ ကျောင်းသားဘက်ကိုနံပတ်တုတ် တစ်ခုပျံဝဲလာ။ ကျောင်းသားက မှတ်တမ်းတင်ဖို့ကောက်ယူပြေး။ ရဲကပြန်လု၊ ရုန်ရင်းဆန်ခတ် အဲဒီအချိန်မှာ အချင်း ၄လက်မ လောက်ရှိတဲ့ ခဲတွေ ရဲတွေဘက်ကနေ သပိတ်အုပ်စုဘက်ရောက်လာ။ အရမ်းမြန်တယ်။ စပြီ။ ဒီမှာ ကမ္ဘာပျက်ပြီ။ အရိုက်အဖွဲ့ပြေးဝင်ရိုက်ပြီ။ သူတို့က တွန်းနေတဲ့ရဲတံတိုင်းမဟုတ်တော့ဘူး ။ လည်ပတ်နီတွေ နဲ့ ။ တပ်မ ၁၁ တဲ့။ စစ်ဦးဘီလူး။

ကျမ မှတ်တမ်းတင်ဖို့ ကြိုးစားဖို့ မီဒီယာ ကော်နာ ကိုကြည့်လိုက်တော့ အားလုံးပြေးကြပြီ။ ခဲတွေ က အဆက်မပြတ်။ နောက်က လည်စီးနီ နဲ့ဒုတ်တွေနဲ့ဝင်လာပြီးတလကြမ်းရိုက်တော့တာပါဘဲ။ ကျမတို့ နီးရာအိမ်ထဲဝင်ပြေး။တံခါးတွေ ဂျက်ထိုးပြီး အိမ်ထဲကနေချောင်းကြည့်ရုံ သာတတ် နိုင်ပါတယ်။ ကင်မရာ Lens ဆန့်တဲ့အပေါက်မရှိ။ အိမ်ထဲမှာ ကိုယ်နဲ့အတူရောက်နေသူတွေ က ၂၀ နီးပါး။ ကိုယ့်ကင်မရာကြောင့် အိမ်အဖွင့်ခံရရင် လူ ၂၀ ကျော်။ ကျောင်းသားသူတွေ လဲပါတယ်။ ရဲရဲတောက် တွေပါ။

“သူတို့ရဲဘော်တွေအရိုက်ခံနေရလို့သွားပရစေ …”တဲ့။

ရဲရင့်လိုက်တဲ့ ကလေး တွေ။

တိုက်ပွဲဆိုတာတကြိမ်ထဲမဟုတ်ကြောင်းချော့မော့ရင်း အိမ်ထဲကနေ ရင်ဖိ၊ ကြေကွဲ၊နာကျည်း၊ အပြင်က ၅ ပေအကွာမှာကမ္ဘာပျက်နေ။ ကျမ ဘာမှမကူညီနိုင်ခဲ့ဘူး။ ဘာမှမကူညီနိုင်ဘူး။ ဒါပေမယ့် အမှန်တရားတွေကိုမြင်ခဲ့တယ်။ အမှန်ကိုပြောမယ်။ ကျောင်းသားတွေ ကိုကာကွယ် ပေးချင်တဲ့ရဲတွေအမှန်ရှိခဲ့တယ်။ ရဲအချင်းချင်း ပြသနာတကယ်တတ်ခဲ့တယ်။ လူနာတင်ကား ကိုရိုက်တဲ့ကိစ္စမှာ ရဲမှူးတားပေးခဲ့တယ်။ ကဗျာဆရာသော်ဇင်အုန်းတို့ကိုလဲ လူစိတ်ရှိတဲ့ နယ်မြေခံရဲ ကကူညီခဲ့တယ်လို့ကြားခဲ့ရတယ်။

ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိခဲ့တယ်။ ရိုက်တယ်။ ရိုက်တယ်။ ဒေါသတကြီး၊ အငြိုးတကြီး၊ မရပ်မနား၊ မြင်မြင်ရာ အဲဒီလို ရိုက်ခဲ့တယ်။ ကျောင်းသားတွေ ၀င်နေတဲ့အိမ်တွေကိုဖွင့်ခိုင်းပြီး အားလုံးကိုရိုက်တယ်။ ဖျက်ဆီးတယ်။ အသေးစိတ်ကတော့ ရဲရင့်တဲ့ သတင်းသမားတွေ အသက်နဲ့ရင်းပြီးရိုက်ခဲ့တဲ့ မှတ်တမ်းတွေမှာမြင်နိုင်ပါတယ်။ ကျမ ရသလောက်အိမ်ထဲကနေရိုက်တယ်။ တချိန်ထဲ အိမ်ပွင့် သွားပြီးအဖမ်းခံရရင် ဘယ်လိုရင်ဆိုင်ရမလ လို့ တွေးထား တယ်။ ကျမနဲ့အတူ မိတ်ဆွေ မသိန္ဒီဦး ပါရှိနေတယ်။ ပြန်လွတ်နိုင်ပေမယ့်အခုချိန် ဖမ်းခဲ့ရရင် အရိုက်ခံရနိုင်တယ်လို့ တွေးထားကြတယ်။ နောက်ဖေးပေါက်ဖွင့်ပြီးပြေးဖို့မစဉ်းစားနိုင်ကြသေး။ အဲဒီလိုထွက်တဲ့အချိန် ရိုက်တဲ့သူတွေနဲ့တွေ့ရင် အသေအကျေဖြစ်မှာ။ ကျမ ရဲ့စိတ်ပူမှု ကရီစရာပါ။ ရိုက်ခံရင် ကျမ ခေါင်းမထိ ရင်ပြီးရောလို့ တွေးထားနိုင်ပေမယ့် ကျမချွေးနဲစာနဲ့ဝယ်ထားရတဲ့ကင်မရာ ဖျက်ဆီးခံရမှာ သေမလောက် စိုးရိမ်နေမိတယ်။ ကျမအရိုက်ခံရလို့လဲသွားရင် ကင်မရာတွေကိုကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။

မကြာခဏအိမ်ကိုဖွင့်ပေးဖို့လာကန်ကျောက်ကြတယ်။ ဒီလိုနဲ့တော့မဖြစ်တော့ဘူးဆိုပြီးအိမ် နောက် ကထွက် ပြောင်းခင်းတွေ ကိုဖြတ် ကျွန်ကလေးချောင်းကိုဖြတ်ကျော်ပြီး ပြည်လမ်းမ ပေါ်ကို ကျမတို့ရောက်ရှိလွတ်မြောက်ခဲ့ရပါတယ်။

ဒါပေမယ့် လက်ပံတန်းထဲမှာ ကမ္ဘာပျက်နေတဲ့နေရာတစ်ခု ကို ကျမတို့ စွန့်ခွာခဲ့ရတယ်။ တကယ်တော့ ကျမတို့ချိန်ထားခဲ့ရတာ ကျမတို့ရဲ့အနာဂတ် ကျမတို့ရဲ့နိုင်ငံတော် အားလုံး ကို စွန့်ခဲ့ရတာ။

 ကျောင်းသားရဲဘော် ရဲမေတို့ ၀န်းရံသူပြည်သူတို့ မင်းတို့ကိုချန်ထားခဲ့ရတဲ့အတွက် ခွင့်လွတ်ပါ။

ဒီအကြမ်းဘက်မှုပုံရိပ်တွေ ကိုတော့ အားလုံးမြင်တွေ့ခွင့်ရှိခဲ့ပြီးပါပြီ။ ရင်ကွဲနာကျခဲ့ရပြီးပါပြီ။

မတူညီသောအမြင်မျိုးစုံလဲရှိခဲ့ပါတယ်။ ကျမ နောက်ဆုံးပြောလိုတာက ကျောင်းသားတွေ ရန်ကုန် လာချင်တာ မှားတယ်။ မလာစေချင်တဲ့အစိုးရ မှားတယ်ဆိုတာထက် အစိုးရ ဟာ ညာခဲ့ တယ်၊ ကောက်ကျစ်ခဲ့တယ်၊ သူတို့နဲ့ ရင်ဆိုင်ခဲ့ကြသူတိုင်းရဲ့ ပုံရိပ်တွေ ကိုအမြဲတမ်း ညစ်နွမ်း စေချင်တယ်။

အဲဒီဖြစ်ရပ်တွေကြောင့် ကျမတို့ပြည်သူတွေဘဲနာကျင်ခဲ့ရတယ်။ ကျောင်းသား၊ ပြည်သူ၊ နောက် ပြည်သူထဲကအပါအ၀င်ဖြစ်တဲ့ပြည်သူ့ရဲ (အကြမ်းဘက် လူ့တိရစ္ဆာန် တွေ ကို ပြည်သူ့ရဲ လို့မ သတ်မှတ်ပါ။ အားလုံးနာကျင်ခံစားခဲ့ကြရတာဘဲ။

အဓိကကတော့ တိုင်းပြည် ကောင်းအောင် လုပ်ချင်တဲ့ နေရာမှာစေတနာထားတတ်တဲ့ သူတွေ ကျမတို့တိုင်းပြည်မှာ များလာ စေချင်တာပါ။ နောက်စေတနာ အမြင်ထားတတ်သူတွေ လူသားဆန်သူတွေ များလာစေချင်တာပါ။

အချုပ်ဆိုရရင်တော့ ဒီနိုင်ငံမှာသပိတ်မှောက်ရင် အစိုးရသဘာထားကိုဆန့်ကျင်ရင် အဖမ်းခံရနိုင်တာ သိပြီးသားပါ။ ဖမ်းရင် အရိုက်ခံရမယ်ဆိုတာလဲ သိပြီးသားပါ။ ဒါပေမယ့် မနေ့ ကမှတ်တမ်းတွေ အရ နဲနဲလေးများလွန်သွားပါတယ်လို့ ပြုရက်သူလူကြီးမင်းများက မတွေးမိကြဘူးလားဟင်။

အာဏာပြန်သိမ်းမယ် နဲ့လာမခြောက်နဲ့၊ အာဏာပြန်သိမ်းခံရရင်ဘယ်လိုလုပ်မလဲ မလန့်ကြနဲ့။

အခု အာဏာကိုဘယ်သူပိုင်နေတာလဲ။ တွေးကြည့်။

ရှင်တို့ ကျမတို့ အားလုံး ယုံကြည်သင့်တဲ့အရာတစ်ခုရှိတယ်။ ကျမတို့ အနာဂတ်အတွက် အများကြီးမလိုဘူး။

ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားနဲ့ လူသားဆန်မှု။ ဒါဘဲလိုတယ်။

ရှင်ဒေ၀ီ

(မိုးမခက ဆရာမရှင်ဒေ၀ီဆီက ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)

အရေးတော်ပုံ လှုပ်ရှားမှုမှတ်တမ်းများကို 8888Linker တွင် စုထားသည်ကို တွေ့ရ၏

https://www.youtube.com/user/8888linker/featured

ဆရာမ၏ ရုပ်သံမှတ်တမ်းကိုလည်း ထိုနေရာတွင် ရှုစားနိုင်သည်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

One Response to ရှင်ဒေ၀ီ – လက်ပံတန်းမှသည် … … …

  1. Htwe on March 13, 2015 at 5:12 am

    Thank you so much for the article Shin Dae Wee! We are with our students.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)