တူမောင်ညို – ဦးဝင်းတင်လမ်းလော – ဦးအောင်ရွှေလမ်းလော

March 13, 2015

Police officers charge a student protester during a crackdown in Letpadan, 140
kilometers north of Myanmar’s main city of Yangon, on March 10, 2015.
Photo: Associated Press

တူမောင်ညို – ဦးဝင်းတင်လမ်းလော – ဦးအောင်ရွှေလမ်းလော
(ဦးဝင်းတင်မွေးနေ့အား အထိမ်းအမှတ်ပြုခြင်း)
(မိုးမခ) မတ်လ ၁၃၊ ၂၀၁၅

ယခုနှစ်ဆန်းစမှာ သမ္မတ (ဗိုလ်) ဦးသိန်းစိန်က “၂၀၁၅ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းဝင်မယ့်နှစ် သာမက၊ သမိုင်းတွင်မယ့် နှစ်တနှစ်ဖြစ်ကြောင်း” ပြောဆိုခဲ့ပါသည်။ ထိုပြောဆိုချက်ကို “ မတ်လ ၅ ရက်၊ ၁၀ ရက် အကြမ်းဖက်မှုများ” ဖြင့် သမိုင်းဝင်စေခဲ့ပြီ၊ သမိုင်းတွင်စေခဲ့ပါပြီ။
ထိုအကြမ်းဖက်မှုများကို တိုင်းလုံ/နယ်လုံဝန်ကြီး၊  တိုင်းရဲမှူး၊ ပြည်နယ်ရဲမှူး အစရှိသော အောက်ခြေအဆင့် ဝန်ထမ်းများက သူတို့သဘောနှင့် သူတို့ကျူးလွန်ကြခြင်းမဟုတ်၊ အစိုးရ၊ လွှတ်တော်၊ စစ်တပ်ထိပ်သီးများဖြင့်ဖွဲ့ထားသည့်(ကာလုံ)က တိုက်ရိုက်ကွပ်ကဲ အမိန့် ပေးခြင်းဖြစ်ပါသည်။

(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည်  ဗိုလ်နေဝင်း-ဗိုလ်သန်းရွှေတို့၏ ဆိုး- ယုတ် – မိုက်မွေခံ တပည့်သားမြေးပီသပါပေသည်။

(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ လုပ်ရပ်များသည် ကြမ်း၏၊ ရမ်း၏၊ ရိုင်း၏၊ ညစ်၏။ ထိုသို့သော အကြမ်းဖက်မှု၊ ရမ်းကားမှု၊ ရိုင်းစိုင်းမှု၊ညစ်ပတ်မှုများကို လိမ်ညာမှု/ကောက်ကျစ်ယုတ်မာမှု နှစ်ပင်လိမ်ကြိုးဖြင့် တွဲသီထားပါသည်။ သို့ဖြင့် အကြမ်းဖက်မှုနှင့်လိမ်ညာ လှည့်ဖြားမှုသံလမ်းပေါ်၌ “၂၀၀၈ အခြေခံဥပဒေ”ဆေးရောင်ခြယ်ထားသော စစ်အာဏာရှင်စနစ်စစ်ရထားသည် အပြန်အလှန်သွားလာ ခုတ်မောင်းနေခြင်းဖြစ်ပါသည်။

သို့ဖြင့် ပြည်တွင်းပြည်ပ ပုံနှိပ်သတင်းစာများ၊ အသံလွှင့်မီဒီယာများ၊ ရုပ်သံလိုင်းများ၊ ဆိုရှယ်မီယာများ ( အစိုးရပိုင်သတင်းစာ၊ ရုပ်/သံ မီဒီယာ၊ဆိုရှယ်မီဒီယာများမှ အပ) သည်  (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ မီးကုန်ယမ်းကုန်အကြမ်းဖက်မှုကို ဖော်ပြနေကြသည်။ ထုတ်လွှင့်ပြသနေကြသည်။ မီဒီယာပေါင်းစုံသည် “အကြမ်းဖက်မှု”ကို ပြောနေကြလေပြီ။

ကမ္ဘာမကြေဘူး …

လူမျိုးစုံပြည်သူများအတွက် ကမ္ဘာမကြေစရာတွေက ခါကာဘိုရာဇီတောင်ထွတ် ထက်မြင့်မောက်ထူထပ်များပြားလှသည်။ လူမျိုးစုံပြည်သူများ၏ သွေး၊ချွေး၊ မျက်ရည်များသည် ဧရာဝတီမြစ်ရေ၏ အရှိန်အဟုန်ထက်မက စီးဆင်းနေခဲ့ကြရပြီ။

သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုသည့်စကားနဲ့ ဘယ်လိုမှ မလုံလောက်၊ မပြည့်စုံတော့ပါ။ လူမျိုးစုံပြည်သူများ၏ ကျော၊ ရင်၊ ခေါင်း၊ လက်၊ ခြေဆုံးခေါင်းဆုံး သွေးအလိမ်းလိမ်း၊ ဒဏ်ရာဗရဗွနှင့်ဖြစ်ခဲ့ရပြီး၊ ကြံ့ဖွံ့အစိုးရအပေါ် အရိုးထိအောင် မုန်းတီး နာကျည်းခါးသီး နေကြလေပြီ။

နေနိုင်သူ၊ နေစိမ့်သူအချို့အတွက်မှာမူ  အတိတ်ဆိုသည်မှာ ရေခဲသေတ္တာထဲ၌ အစဉ်အေးခဲထားရမည့်အရာဟု တွေးခေါ်ယူ ဆနေပါလိမ့်မည်။ ထိုသို့ဆိုလျှင် အတိတ်ကို လက်ပံတောင်း – လက်ပံတန်းတို့၌ တားဆီးကာရံထားသော သံဆူးကြိုးများတွင် ချိတ်ဆွဲ ထားခဲ့ကြရမည့်သဘောပင်။ ထိုသံဆူးကြိုးများ၌ ပြည်သူများ၊ ကျောင်းသားလူငယ်များ၏ သွေးများစွန်ထင်းနေပါလိမ့်မည်။ ခါးသည်းဖွယ် အတိတ် မရှိသူများ၊ ဥပက္ခာတရားကို အစဉ်နှလုံးသွင်းထားနိုင်သူများအတွက်တော့ “သူတစ်စု” ကောင်းစားဖို့ အတွက် “သူအနန္တ” ပျက် စီးကြရသည်မှာ “ဓမ္မတာတည်း” ဟု ယူဆနေကြလေသလောမသိနိုင်ပါ။

အကြမ်းဖက်မှာကို သိလျက်နှင့်မိမိအရှိန်သြဇာကိုသုံး၍ တားမြစ်ရန် သင့်ပါလျက် မသုံးဘဲနေရက်ခဲ့ကြသည်။  ညစ်ပတ် ကောက်ကျစ်မှုကို အထင်သားအစင်းသားမြင်တွေ့နေကြပါလျက်နဲ့ ထိထိရောက်ရောက် ကြိုတင်တားဆီး၊ ကန့်ကွက်ပြော ဆိုခြင်းမပြုဘဲ ရေငုံနေရက် ခဲ့ကြသည်။ ပြုရန်/ပြောရန်ရှိသည်ကိုမပြုဘဲ/မပြောဘဲ နေခြင်းသည်ကျင့် ဝတ်(သို့မဟုတ်)ဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ် ပါသည်။ တာဝန် ပျက်ကွက်မှုဖြစ်ပါသည်။

အကြမ်းဖက်မှုဆန့်ကျင်ရေးတိုက်ဖျက်ရေးဆိုသည်မှာ တစ်ကိုယ်တော်လုပ်ရမည့် အလုပ်မျိုးမဟုတ်ပါ။ ငြိမ်းချမ်းရေး၊ တရားမျှ တရေးနှင့်ဒီမိုကရေစီလိုလားသူများအားလုံး စုစည်းလျက် ပြတ်ပြတ်သားသားဆန့်ကျင်၊ ကန့်ကွက်ကြရမည့်၊ တိုက်ဖျက်ကြရမည့်လုပ်ငန်း ဖြစ်ပါသည်။ ပွဲပြီးမီးသေအလုပ်မျိုး မဟုတ်ပါ။ နိုင်ငံတော်လိုင်စင်ဖြင့် ကျူးလွန်နေသော “အကြမ်းဖက်မှု” သည် မြန်မာ့နိုင်ငံရေးလောက တွင် အချိန်မရွေး၊ နေရာမရွေး၊ ပုံစံမျိုးစုံဖြင့်ပေါ်ပေါက် အန္တရာယ်ပြုလာနိုင်သည့်ကိစ္စဖြစ်နေပါပြီ။ ပြည်သူအားလုံး အစဉ်သဖြင့် နိုးနိုး ကြား ကြားရှိကြရမည့်ကိစ္စဖြစ်ပါသည်။

ပြဿနာတွေဖြစ်ပေါ်လာလျှင် “ပြည်သူမနာအောင်၊ တိုင်းပြည် မနစ်နာအောင် ဖြေရှင်းကြရမည်” ဆိုသည့်စကားမှာ နားဝင် အင်မတန်ချိုသောစကား၊ နှစ်လိုဖွယ်ရာကောင်းသောစကားဖြစ်ပါသည်။ ပြည့်ရွန်းလှပသောလဝန်းကို ပျားရည်စိမ်ထားသည့် စကားဖြစ်ပါ  သည်။ သို့သော်လည်း အခြားတစ်ဖက်မှနေ၍လည်း ပြည်သူနှင့်တိုင်းပြည် အနစ်နာကြီးနာခဲ့သည်မှာ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ရှည်ကြာခဲ့ပါပြီ။ ထိုသို့နစ်နာစေခဲ့မှု၏ အဓိကအကြောင်းရင်းဇစ်မြစ်မှာ “စစ်အာဏာရှင်စနစ်”ပင်ဖြစ်သည်။ စစ်အာဏာရှင်စနစ်သည် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် “တော်လှန်ရေးကောင်စီ”၊ (မဆလ)၊ (နဝတ-နအဖ)၊ ကြံ့ဖွံ့အစိုးရ စသဖြင့် မည်သည့်အသွင်သဏ္ဌာန် ကိုယူထားသည်ဖြစ်စေ၊အနှစ်သာရဖြစ်သော တိုင်းပြည်နှင့်ပြည်သူကို ထိခိုက်နစ်စေရာ၌မူ အတူတူနှင့်အနူနူသာဖြစ်သည်။

ထိုစစ်အာဏာရှင်စနစ် ပုံစံတမျိုးမျိုးဖြင့် သက်ဇိုးရှည်နေစေမည်၊ သက်ဇိုးရှည်နေစေရန် အချက်အလက် ဖန်တီးပေးထားမည် ၊ ခွင့်ပြုထားမည်ဆိုလျှင် ပြည်သူနှင့်တိုင်းပြည်၏ ထိခိုက်နစ်နာမှုသည် ပိုမိုကြီးမား၊ ကျယ်ပြန့်၊ နက်ရှိုင်းလာဖွယ်ရာ မှတပါး အခြားမရှိနိုင် ဟူသော ပကတိအမှန်တရားကိုဖြင့် စိမ်းကားရက်စက်သောဥပက္ခာမပြုသင့်ပါကြောင်း  သတိပေးစကားဆိုပါရစေ။

ထိုနာတာရှည်ရောဂါဆိုးကြီးကို မည်သည့်နည်းဖြင့် ကုစားပျောက်ကင်းစေနိုင်ပါမည်နည်း။ “သဟဇာတဖြစ်ရေး၊ တစ်ဖက်သတ် သင့်မြတ်ရေးဆေး” တစ်ခုတည်းသက်သက်နှင့် အလုပ်ဖြစ်နိုင်ပါ့မည်လော။ ထိုဆေးတော်ကြီးကို ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင် အသုံး ပြုလာခဲ့ကြသည်။ ယနေ့(၂၀၁၅ မတ်) အထိ သိသာထင်ရှားသောရလဒ် ထွက်ပေါ်လာခြင်းအလျဉ်းမရှိခဲ့သေးပါ။ တိုင်းပြည်နှင့်ပြည်သူ များဘဝ ကတော့ နစ်သထက် နစ်ပြီး၊ နာသထက်နာခဲ့ကြရသည်မှာ လက်တွေ့ မျက်တွေ့ပင် ဖြစ်ပါသည်။

သို့ပါ၍ ပြန်လည်သင့်မြတ်ရေးဆိုသည့် နတ်လမ်းကြီးပွင့်လန်းလာအောင် အခြားဘယ်လို နည်းလမ်းတွေနဲ့ဝန်းရံ၊ ထောက်ကူ ပေးဖို့လိုမလဲဆိုသည်ကို ထိုနည်းလမ်းကို စတင်မိတ်ဆက် စွဲကိုင်ထားသူများဘက်မှ လက်တွေ့ကျကျ သုံးသပ်ဆင်ခြင်ဖို့ လိုအပ်နေပါပြီ။ တကယ်တော့ သင့်မြတ်ရေးဆိုသည်မှာ မိမိဘက်မှ အစွမ်းကုန် သဘောထားဖော်ပြချက်မျှသာဖြစ်သည်။ နည်းလမ်းမဟုတ်ပါ။

အုပ်စိုးသူများ သဘောပေါက်လာဖို့ တရားပြနားချနေရုံသက်သက်မျှဖြင့် လုံလောက်လိမ့်မည်ဟု လုံးဝ မထင်ပါ။ လက်တွေ့ သင်ခန်းစာများကလည်း မလုံလောက်ကြောင်း၊ မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ်၊ အဖန်ဖန်သက်သေခံခဲ့ပါသည်၊ခံနေပါသည်။

“တစ်သက်မှာနှစ်ဘဝ” ဆိုသည့် ဒီချုပ်ပါတီ၏ ဖြတ်သန်းမှုထဲမှာပင် ထိုအချက်ကိုအထင်အရှားတွေ့မြင်နိုင်ပါသည်။

ကဗျာဆန်ဆန် “တစ်သက်မှာနှစ်ဘဝ”ပြောရရခြင်းမှာ တကယ်တော့ ဒီချုပ်ပါတီ ဖျက်သိမ်းခံရခြင်း၊ နောက်တစ်ကြိမ်ထပ်မံ၍ မှတ်ပုံတင်ရခြင်းသာဖြစ်ပါသည်။ ဤသည်မှာလည်း ဒီချုပ်ပါတီဥက္ကဋ္ဌသည် “ဖျက်လည်း – မပျက်”ဟု  သူတစ်ခါက ပြောခဲ့ဖူးသည့်  သူ့ စကားကို သူဘာသာပြန်လည် ဖျက်သိမ်းရခြင်းသာဖြစ်ပါသည်။ ယင်းစကားအတွက် ဆင်ခြေမှာ “အရှိကို အရှိတိုင်းမြင်တယ်” ဆိုသည့် စကားပင်ဖြစ်သည်။ ထိုစကားကို တံတားသဖွယ်ခင်း၍ (ရွှေဂုံတိုင်ကြေညာချက်ကို ပစ်ပယ်၍) လွှတ်တော်လှောင့်ချိုင့်ထဲ ဇွတ်တိုးဝင်သွား ခဲ့ခြင်းဖြစ်ပါသည်။ ( လွှတ်တော်အကျယ်ချုပ်ဘဝသည် နေအိမ်အကျယ်ချုပ် ဘဝထက် အဆများစွာတော့သာမည်ဟု ထင်ရပါသည်)

သို့ပါ၍ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ  ဒုတိယအကြိမ်ပြန်လည်မှတ်ပုံမတင်မီ (ဦးဝင်းတင်ပြန်မလွတ်မီ)ကာလအထိ ဒီချုပ်ပါတီ၏ အနေအထားကို စကားလုံးတစ်လုံးတည်းဖြင့် ပုံဖော်ပြပါဟုဆိုလျှင်  အတိုက်မရှိသည့် “အခံပါတီ” ဟု အားနာ ပါးနာပြောရပေလိမ့်မည်။

ဦးအောင်ရွှေ – ဦးကြည်မောင် – ဦးလွင်တို့ ဦးစီးသော ဒီချုပ် စီအီးစီသည် (နဝတ-နအဖ) စစ်အစိုးရ ဖိနှိပ်အနိုင်ကျင့်သမျှကို မရုန်းကန်ဘဲ ကုန်းခံခဲ့ကြသည်။ (၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင်ဖော်ပြခဲ့သည့်) လူထုဆန္ဒကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ ထန်းလျက် ခွေးလျက်နေသည်ကို ဒီတိုင်းထိုင်ကြည့် နေဘိသကဲ့သို့ ပြုမူနေထိုင်ခဲ့ကြသည်။ ဘယ်သူ ဘယ်ဝါကို ထုတ်ပြစ်ဟု (နဝတ-နအဖ) စစ်အစိုးရက အမိန့်ပေးလာလျှင် ထုတ်ပြစ်ခဲ့ကြရသည်။  ပါတီအထွေထွေအတွင်းရေးမှူးကိုပင် ထုတ်ပြစ်ခဲ့ကြသည် မဟုတ်ပါသလော။

ဤမျှ ပျော့ညံ့ခဲ့ပါသည်။ ဤသို့ကုန်းခံ၍ အကြိုက်လိုက်လျောခဲ့သော်လည်း သဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေးတို့ သည် အညွန့်အညှောက်ပင် မထွက်ခဲ့ပါ။ ၂၀၀၃ ဒီပဲယင်းအရေးအခင်း၌ အသက်အန္တရာယ်ကိုပင် အကြမ်းဖက်ရန်ပြုခဲ့သည် မဟုတ်ပါ လော။  အဆုံး၌ ဦးခေါင်းသာရှိပြီး ကိုယ်ခန္ဓာကင်းမဲ့ခဲ့သော ပါတီအဖြစ် ကျန်ရစ်ခဲ့သည့်ဘဝ၊ အသက်သာရှိပြီး မလှုပ်ရှားနိုင်သည့် ဘဝ။ ကြေညာချက်များ ထုတ်ပြန်ခြင်းဖြင့် အသက်ရှူနေသေးကြောင်း၊ အသက်ရှိနေသေးကြောင်းပြသခဲ့ရသည့်ဘဝသို့ ဆိုက်ရောက်ခဲ့ရပါ သည်။ ဤသို့ရေးသားနေသည်မှာ တမင်သက်သက်အပြစ်ဖို့နေခြင်းမဟုတ် တကယ့်အဖြစ်ကို ဖော်ပြလိုခြင်းနှင့် အတွေ့အကြုံထဲမှာ သင်ခန်းစာနှင့်နည်းလမ်းကို ရှာဖွေကြနိုင်ရေးအတွက်သာဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ကျော် အချိန်တွေကုန်ခဲ့ကြရသည်။ ပြည်သူ့ဆန္ဒ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ ထိုကာလအတွင်း ပြည်သူနှင့်တိုင်းပြည်၏ အတိုင်းမသိနာကျင်မှုကို ဘာနှင့်တိုင်းတာပြရမည်နည်း။

“ပြည်သူတွေမှာတာဝန်ရှိတယ်၊ ပြည်သူတွေ တာဝန်သိဖို့လိုတယ်။ ပြည်သူတွေအဆုံးအဖြတ်မမှားဖို့လိုတယ်”စသဖြင့် ပြောသံ ဆိုသံများကိုကြားရပြန်တော့ နာကျင်စွာခံစားရပြန်ပါသည်။ ပြည်သူများသည် နိုင်ငံရေးအချိုးအကွေ့တိုင်း၌ ကျရာတာဝန်ကျေပွန်ခဲ့ကြပါ သည်။ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” အတွက် လက်မှတ်ထိုးကြပါအုံးဟု ဆိုပြန်တော့လည်း ပြည်သူများက ( ၅သန်းနီးပါး) လက်မှတ်ထိုးခဲ့ ကြသည်။ အခုတော့ လွှတ်တော်ကို ဖိအားမပေးပါနဲ့ လို့ပြောနေပြန်ပြီ။

သို့ပါ၍  ပြည်သူ့ဆန္ဒ (၁၉၉၀ ရလဒ်)ကို (နဝတ-နအဖ) စစ်အစိုးရက နည်းလမ်းမျိုးစုံဖြင့်ဖျက်သိမ်းခဲ့သူ၊ အဓိကတရားခံဖြစ် သည်ဟုပြောမည်ဆိုလျှင် ထိုသို့ ဖျက်သိမ်းတာကို ကုန်းခံနေခဲ့ကြသော ဒီချုပ်ခေါင်းဆောင်စုတွင် ဒုတိယတာဝန်ရှိပါလိမ့်မည်။

ဒုတိယအကြိမ်မှတ်ပုံတင်ပြီး ဒီချုပ်ပါတီအနေအထားကလည်းမည်သို့ရှိပါသနည်း။ ပထမအကြိမ်မှတ်ပုံတင်ကာလနှင့် ဘာတွေ များ ခြားနားနေပါသနည်း။ အစဉ်အလာမပျက် “ ခံမြဲ/ခံဆဲ” ဟုပြောလျှင် ဒေါပွကြပေလိမ့်မည်။

ဒီချုပ်ပါတီထဲမှာ ကုန်းမခံသူဆို၍ “ဦးဝင်းတင်တစ်ဦးတည်းသာရှိမည်”ဟုယူဆပါသည်။ အခြားအမည်မဖော်လို သူတွေလည်း ရှိချင်ရှိပါလိမ့်ဦးမည်။ သေချာပြောနိုင်တာတော့ “ ကုန်းမခံဘဲ – ရုန်းကန်မည့်သူ” ကတော့ “ဦးဝင်းတင်”သာဖြစ်သည်။

ယခုအခါ ဦးဝင်းတင်သည် သက်ရှိထင်ရှား မရှိတော့ပြီဖြစ်သော်လည်း “ ဦးဝင်းတင်ရပ်တည်ချက်၊ ဦးဝင်းတင်သဘောထား၊  ဦးဝင်းတင်စိတ်ဓါတ်၊ ဦးဝင်းတင်လုပ်ဟန်၊ ဦးဝင်းတင်မာန်ဉာဏ်ဇွဲ”  တို့ အထင်အရှားတည်ရှိနေပါသည်။

ယနေ့ ဒုတိယအကြိမ်မှတ်ပုံတင် ဒီချုပ်ပါတီသည် “ ဦးဝင်းတင်ရပ်တည်ချက်၊ ဦးဝင်းတင် သဘောထား၊  ဦးဝင်းတင် စိတ်ဓါတ်၊ ဦးဝင်းတင်လုပ်ဟန်နဲ့ရုန်းကန်ရှေ့ခရီးဆက်မည်လော” (သို့တည်းမဟုတ်) “ ဦးအောင်ရွှေ – ဦးကြည်မောင် – ဦးလွင်တို့ ကဲ့သို့ ကုန်းခံကြ မည်လော”  ဆိုသည့် လမ်းကို ရွေးချယ်ကြရမည့် လမ်းဆုံလမ်းခွသို့ရောက်ရှိနေပါပြီ။

ယနေ့ကာလ၌ “ခံရဲတာ သတ္တိ” ဆိုတာ တစ်ခုထဲဖြင့်  မလုံလောက်တော့ပါ။ ခံမြဲတိုင်းခံနေလျှင် ခံသက်ရှည်ခြင်းသာ အဖတ် တင်ပါလိမ့်မည်။ အကျိုးရလဒ်ဖြစ် ထွန်းလိမ့်မည်မထင်ပါ။ ထို့အပြင် အချိန်းအချက်မရှိတတ်သော သဘာဝတရားကလည်း မည်သူကိုမျှ မျက်နှာသာပေး၊ အချိန်ပေးထားလိမ့်မည်မဟုတ်ပါ။ သံပူခိုက်မှာ အားစိုက်ထုနှက်ကြရပါလိမ့်မည်။

လူထုခေါင်းဆောင်ကို လူထုက လေးစားချစ်ခင်၊  အားကိုးယုံကြည်သလို လူထုခေါင်းဆောင်ကလည်း လူထုအင်အား လူထု စွမ်းအားကို ယုံကြည်အားထားဖို့လိုပါသည်။ လူထုအင်အားဖြင့် လူထုအောင်ပွဲရအောင် တိုက်ဖို့ လိုပါသည်။ မနာကျင်ရသောနိုင်ငံရေး၊  သွေးထွက်သံယိုမရှိသော နိုင်ငံရေးဟူ၍ ဤကပ်ကမ္ဘာ၌ ဘယ်တုန်းကမျှ မရှိခဲ့ပါ၊ ရှိလိမ့်မည်လည်းမဟုတ်ပါ။ ရှိအောင်လုပ်နိုင်လိမ့်မည် ဟု ထင်နေလျှင် ထိုသို့ထင်နေခြင်းမှာ ဆင်စွယ်မြနန်းပေါ်က စိတ်ကူးယဉ်မှုသာဖြစ်ပါလိမ့်မည်။

ဒီချုပ်ပါတီ၏ “သဟဇာတဖြစ်ရေး၊ပြန်လည်သင့်မြတ်ရေး” ဆိုသည်လည်းမှာ “ရွှေ” က “ကြေး” ကို ဇွတ်အတင်း တဖက်သတ် “ဂဟေဆက်” ချင်လွန်းနေသည့်သဘောနှင့်ဆင်တူနေပြီး၊ ကြေးနှင့်တူသောစစ်အုပ်စုကမူ ဒုတ္ထာကအဘခေါ်ရလောက်အောင် စိမ်းရောင် ပြုမြဲပြုနေသည်သာမက လူမျိုးစုံပြည်သူမျာအပေါ် ရက်စက်ပြီးရင်း ရက်စက်ကာ အကြမ်းဖက်ပြီးရင်း အကြမ်းဖက်ဖိနှိပ်နေပါတော့သည်။

ပြည်သူကို စည်းရုံး၊ ပြည်သူနဲ့အတူ ရုန်းကန်တိုက်ပွဲဆင်ခြင်းကသာလျှင် ပြည်သူနှင့်တိုင်းပြည်အတွက်  အနာအကျင်၊ အထိ အခိုက် အနည်းဆုံးဖြစ်မည့် နည်းမှန်၊ လမ်းမှန်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

2 Responses to တူမောင်ညို – ဦးဝင်းတင်လမ်းလော – ဦးအောင်ရွှေလမ်းလော

  1. Htwe on March 13, 2015 at 4:43 am

    Thank you so much for the true and very useful article. Should choose U Win Tin way who has brain and heart, knowledge.

  2. Tint Htun on March 13, 2015 at 5:34 am

    Anger is never an excuse to be cruel.
    [Tiffany Luisi]

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်