ဖိုးသံ (လူထု) – အဖေ့ရုပ်ရည်

March 16, 2015

လူထုဦးလှ (ဖွား ၁၉ ဇန်နဝါရီ၊ ၁၉၁၀ –  ဆုံး ၀၇ သြဂုတ်၊ ၁၉၈၂)
=======================
ဖိုးသံ (လူထု) – အဖေ့ရုပ်ရည်
(မိုးမခ) မတ်လ ၁၆၊ ၂၀၁၅

 

အိမ်နဲ့၊ ဇာတိမြေနဲ့ ခွဲခွာရတာကြာတော့ တခါတလေမှာ ကိုယ့်အိမ်သားတွေ၊ အပေါင်းအသင်း  မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင် ဖက်တွေ၊ ကျောင်းနေဖက်တွေ၊ ထောင်ကျဖက်တွေ၊ ကိုကိုးကျွန်းမှာအတူနေခဲ့တဲ့သူတွေ စသဖြင့် အမျိုးအစားခွဲပြီး တဦးချင်း ရဲ့ရုပ်ရည်တွေကိုပြန်တွေးတော စဉ်းစားမိပါတယ်။  မကြာခဏပါ။

အဲဒီလိုစဉ်းစားတယ်ဆိုရာမှာ အိမ်သားတွေဆိုပြီးစလိုက်ရင် အဖေက ထိပ်ဆုံးကပါပဲ။ အခုအခါမှာ အဖေ့ရုပ်ရည်ကို ပြန်စဉ်း စားလိုက်တော့ …. ။

ဖြတ်ပြောပါ့မယ်။  ကျွန်တော်ထောင်ကထွက်လာပြီးတော့ ကျွန်တော်ထိုင်နေကျ လက်ဘက်ရည်ဆိုင်ပိုင်ရှင်၊ အဖေနဲ့သက်တူ ရွယ်တူလောက် အမျိုးသမီးကြီးက ကျွန်တော့်ကို “မင်းအဖေ ကိုလှက တကယ်ချောတာ၊ ကြက်သွေးရောင်အင်္ကျီလေးဝတ် ထားရင် သူ့အသားဖြူဖြူနဲ့ သိပ်လိုက်တာပဲ” လို့ ပြောပါတယ်။  နဂိုအိမ်ချင်း ကပ်ရက်တွေက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် သုံးဆယ်ကအကြောင်းတွေ ပြန်ပြောနေတာပါ။

ကျွန်တော်ကတော့ ဘယ်တုန်းကမှ အဖေ့ကိုချောတယ်၊ လှတယ်ဆိုတာမျိုး မစဉ်းစားမိခဲပါဘူး။ ငယ်ကလေးကတည်းက အဖေ့ရုပ်ဟာ ကျွန်တော့်အဖို့ အားကိုးစရာ၊ အားကျစရာ လူတယောက်ရဲ့ရုပ်သဏ္ဌာန်မျိုး ဖြစ်ပါတယ်။  ကျွန်တော့်ရင်ထဲမှာ မှတ်မှတ်ရရဖြစ်နေတဲ့ အဖေ့ရဲ့ မျက်နှာအချို့ကို ရေးပြချင်ပါတယ်။

အဖေ မျက်နှာချိုတယ်ဆိုတာ အမှန်ပါပဲ။  အခုအခါမှာ အဖေ မန္တလေးထောင်ကထွက်လာတဲ့ ဓာတ်ပုံ၊ နိုင်ငံခြားက ပြန်လာ လို့ သူများတွေက ပန်းကုံးတွေနဲ့ ကြိုကြတဲ့ပုံ စတာတွေ ပြန်ကြည့်လိုက်ရင် အဖေ့ရဲ့ ကြည်လင်ရွှင်ပြတဲ့ပုံကို တွေ့ရမှာပါ။  ဒါ ပေမဲ့ ကျွန်တော်ပြောချင်တာက အဲဒီရုပ်သွင်မဟုတ်ပါဘူး။

(၁၉၆၅) ခုနှစ်လောက်ကပါ။  တနေ့မှာ ကျွန်တော် ပါဝင်ကစားနေတဲ့ မုန်တိုင်းဘော့လုံးအသင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့ နယ်က နဘက်ကြီးရွာဘုရားပွဲမှာ ဘော့လုံးသွားကစားကြပါတယ်။ ကုန်းတတန်၊ ရေတတန်သွားရတာပါ။  ပထမ မြောင် အထိ မိုင် (၆၀) လောက်ခရီး (အတိအကျမမှတ်မိပါ) ကို မော်တော်ကားနဲ့သွားရပါတယ်။  ပြီးမှ ဧရာဝတီမြစ်ကြောင်း အ တိုင်း တနာရီလောက် လှေစီးသွားရပါတယ်။ အစုန်ခရီးပါ။

လမ်းမှာအဲဒီလောက်ကြာမယ်လို့တွက်မထားမိလို့ ကျွန်တော်တို့တတွေမန္တလေးကထွက်တာ နောက်ကျပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့အသင်း ဟိုကိုရောက်သွားတော့ နောက်ကျနေတာနဲ့ ဘုရားလူကြီးတွေက ဘော့ကွင်းထဲမှာ သဲသဲလှုပ်နေတဲ့ ပရိသတ်ကြီး စိတ်မဆိုးအောင် အဆင်ပြေတဲ့ အသင်းနှစ်သင်းကို အရင်ကန်နှင့်စေပါတယ်။

ဒါကြောင့်ကျွန်တော်တို့ရောက်သွားတဲ့အခါမှာ ဘုရားလူကြီးတွေက ကျွန်တော်တို့အပေါ် နည်းနည်းမှ မကြည်ဘူးဖြစ်နေပါ တယ်။  ကျွန်တော်တို့ အသင်းရောက်သွားတယ်ဆိုတာနဲ့ “အင်း၊ ခင်ဗျားတို့လုပ်ပုံနဲ့တော့ ကျုပ်တို့က ဘုရားကရွှေတွေခွာပြီး လျော်ရလိမ့်မယ်” လို့ ဆီးပြောပါတယ်။  ကျွန်တော်တို့ မကစားရပါဘူး။  ဘယ်သူကမှ လမ်းစရိတ်မပေး၊ ထမင်းမကျွေးပါဘူး။  ကျွန်တော်တို့နဲ့ အတူအသက်နည်းနည်းကြီးတဲ့ ဘော့လုံးသမားတစ်ဦး၊ နှစ်ဦးနဲ့ ဇနီးနဲ့ကလေးတွေလည်း ဘုရားဖူးဆိုပြီး လိုက်လာခဲ့ပါတယ်။  ကျွန်တော်တို့လည်း အူကြောင်ကြောင်နဲ့ဘာဆက်လုပ်ရမှန်း မသိဘဲ၊ ရွာလယ်လမ်းဆုံမှာ (ပြေးပေါက် ရှိအောင်) စုပြီး ကြောက်ကြောက်လန့်လန့် ရပ်နေကြပါတယ်။  ဒီလိုနဲ့မိုး အတော်မှောင်မှ လှေငှားပြီး မြောင်ကိုပြန်လာကြပါ တယ်။ အပြန်ကျတော့ ခရီးကရေဆန်ပါ။  အလာတုန်းကထက် နှစ်ဆလောက်ကြာတယ်ထင်ပါတယ်။  တလမ်းလုံး ဘယ်သူ မှ စကားမပြောကြပါဘူး။  ခါတိုင်းလို သီချင်းဆိုကြဖို့ဆိုတာကတော့ ဝေလာဝေးပါ။

လမ်းမှာ ကြုံရာဝင် ထမင်းစားခဲ့ကြပါတယ်။  ကားကို သုတ်သုတ်မောင်းခဲ့ကြပေမဲ့ မန္တလေးကိုပြန်ရောက်တော့ အချိန်က (၁၂) နာရီတောင်ကျော်နေပါပြီ။  လူထုတိုက်ရှေ့ကို ကားရပ်မယ်လို့ ကားကိုလမ်း ဘေးဘက်ကပ်လိုက်တော့  ကားမီးရောင် အောက်၊ ပလက်ဖောင်းပေါ်မှာ ကျွန်တော့် အဖေနဲ့ အမေ ရပ်နေ ကြတာကိုလှမ်းမြင်ရပါတယ်။  နှစ်ယောက်စလုံးရဲ့လက်ထဲမှာ စိပ်ပုတီးကိုယ်စီနဲ့ပါ။

ကျွန်တော်ကားပေါ်က ဆင်းလာတော့ ကားပေါ်မှာတခြားလူတွေလည်းရှိနေလို့လားမသိဘူး၊ အဖေနဲ့အမေကဘာမှမပြောကြ ပါဘူး။  အမေ့မျက်နှာမှာ စိတ်ပူပင်မှုအပြည့်ဖုံးလွှမ်းနေပြီး အိမ်ထဲကိုလှည့်ဝင်ကြတော့ အမေက နောက်ကနေ“အမေတို့စိတ်ပူလိုက်ရတာကွာ” တဲ့။ တခွန်းပဲပြောပါတယ်။

ကျွန်တော်ရေးချင် တာက အဖေ့ရဲ့ သွင်ပြင်ပါ။  အင်မတန် အေးဆေးတည်ငြိမ်ပြီး စိတ်လှုပ်ရှားမှုကို လုံးဝမဖော်ပြတဲ့မျက်နှာပါ။  တကယ်က အဖေဟာ သားသမီးတွေကို ဘယ်လောက်သံယောဇဉ်ကြီးကြောင်း ကျွန်တော်တို့မိသားစုနဲ့ နီးစပ် သူတိုင်းသိကြ ပါတယ်။

နောက်တခါက (၁၉၆၆) ခုနှစ်၊ ကျွန်တော့်ကို ပထမတခါလာဖမ်းတုန်းကပါ။  ညဥ့်နက်သန်းခေါင် အိပ်နေတုန်းမှာ လာဖမ်း တာဆိုတော့ အမေက ကျွန်တော့် အခန်းတံခါးကိုခေါက်ပြီး ဖွင့်ခိုင်းပါတယ်။  ကျွန်တော်တံခါးဖွင့်လိုက်တော့ “မင်းကို လာ ခေါ်နေကြတယ်” လို့ပြောတဲ့ အမေ့ရဲ့မျက်နှာကို အရင်ဆုံးတွေ့ရပါတယ်။  ကျွန်တော့်အတွက် အိပ်ရာလိပ်နဲ့ အဝတ်အစား တွေ ပြင်ဆင်ထည့်ပိုးနေတုန်းမှာ လာဖမ်းတဲ့လူ (ကျွန်တော်တို့ချင်းဆိုရင်တော့ ကောင်တွေလို့ပြောပါတယ်) တွေက ကျွန် တော့်အခန်းကိုရှာကြပါတယ်။

ပြီးလို့ထွက်လာတော့မှာ အဖေ့ကိုလာဖမ်းတဲ့အဖွဲ့ရဲ့ အဓိကတာဝန်ရှိသူရဲ့ဘေးမှာရပ်နေတာ တွေ့ရပါတယ်။ တကယ့်ကို မတုန်မလှုပ် ကျောက်ရုပ်ပါ။  မသိတဲ့လူတွေအဖို့ဆိုရင် သူဟာ လာဖမ်းတဲ့လူတွေထဲက တဦးလာလို့တောင် ထင်စရာဖြစ်ပါ တယ်။  ဒါပေမဲ့ ကျွန်တော်ကတော့ အဖေ့အကြောင်းကိုနားလည်နေပါပြီ။

နောက်တခါကတော့ အဲဒီအဖမ်းခံရပြီးလို့ ထောင်ကအထွက်မှာဖြစ်ပါတယ်။  ကျွန်တော့်ကို ဗိုလ်နေဝင်းအမိန့်နဲ့ ထောက်လှမ်း ရေး ဗိုလ်တင်ဦးကလွှတ်ပေးတာဆိုတော့ အဖေအမေတို့ အင်းစိန်ထောင်ဗူးမှာ လာကြိုခွင့်ရပါတယ်။  ကြိုတာမှ ထောင်ဗူးဝ ထဲက ရုံးခန်းထဲမှာပါ။  ကျွန်တော်က ကိုယ့်အထုပ် ကိုယ်ထမ်းပြီး အခန်းထဲဝင်လာတော့ မတွေ့ရတာ ခြောက်နှစ်နီးပါးရှိပြီဖြစ်တဲ့ လာကြိုနေတဲ့လူတွေရဲ့မျက်နှာတွေကို တဦးချင်းလိုက်ကြည့်မိပါတယ်။  ပြုံးနေတဲ့ အဖေ၊ မျက်ရည်စမ်းစမ်းနဲ့အမေ၊ မျက်ရည် တွေဝဲနေတဲ့ ဦးလေး ဒေါက်တာခင်မောင်အေးနဲ့ အဖေနဲ့ညီအစ်ကိုလိုရင်းတဲ့ဦးအေးကြည်။  တခြားမျက်နှာတွေမှာ ဝမ်းနည်း ဝမ်းသာဆိုတဲ့ခံစားချက်ကို ရှင်းရှင်းလင်းလင်းတွေ့နေရပြီး အဖေ့ရဲ့ကြည်လင်တဲ့ အပြုံးမျက်နှာကတော့ ကျွန်တော့်ကို အဓိပ္ပာယ်တွေ ဖော်ခိုင်းနေသလိုပါပဲ။

နောက်ဆုံးရေးပြချင်တာကတော့ ကျွန်တော် အဖေ့ မျက်နှာကို နောက်ဆုံးမြင်ခဲ့ရတဲ့ အချိန်ပါပဲ။  (၁၉၇၆) ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ပါ။  ကျွန်တော်ထောင်က လွတ်လာတာ (၄) နှစ်ကျော်ပဲရှိပါသေးတယ်။  အဲဒီနေ့ညနေ (၃) နာရီလောက်မှာ ထောက်လှမ်းရေးနဲ့ အက်စ်ဘီတို့က ကျွန်တော့်ကိုလာဖမ်းကြပါတယ်။  ကျွန်တော့် မိဘများအရှိန်ကြောင့် လာဖမ်းသူတွေကို ခေါင်းဆောင်တာ ထောက်လှမ်းရေးက အဆင့်မြင့်တဲ့ အရာရှိဖြစ်ပါတယ်။  အားလုံး အရပ်ဝတ်တွေနဲ့ပါ။  ကျွန်တော့် အမေ၊ အမ၊ နှမ- အဲဒီတုန်းက ကျွန်တော့်ညီ အိမ်မှာမရှိပါ။  အားလုံးဟာ မျက်စိမျက်နှာလုံးဝမပျက်ဘဲ ကျွန်တော့်အတွက်ဝိုင်းဝန်းလုပ်ကိုင်ပေးနေကြ ပါတယ်။  ဒါပေမဲ့ မျက်နှာတော့မသာကြပါဘူး။

ဒီအချိန်မှာ အဖေဟာ ကျွန်တော်တို့အိမ်ဧည့်ခန်းထဲမှာ ထောက်လှမ်းရေးအရာရှိနဲ့ အတူထိုင်နေပါတယ်။  အဲဒီအခန်းထဲကို ကျွန်တော်ရောက်လာတော့ သူက ဘာမှမဖြစ်သလိုပဲ ကျွန်တော့်ကိုကြည့်နေပါတယ်။ တချိန်ထဲမှာ ဟိုစစ်ဗိုလ်နဲ့လည်း တ ချက် တချက် စကားပြောပါသေးတယ်။  အဲဒီအချိန်မှာသူက ထောင်လေးခါကျဖူးနေပြီကိုး။ နောက်မှ ကျွန်တော့်ကြောင့် တခါထပ်တိုးသွားပြန်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်ကနောက်ဆုံး လစ်တော့မယ်ဆိုတော့ အမေနဲ့အဖေ မျက်နှာကိုကြည့်လိုက်ပါတယ်။ အမေကတော့ နောက်ဖေးတံခါးကို သူကတံခါးကို သူကဖွင့်ပေးခဲ့တာမို့ ဘာမှမသိဟန်ဆောင်ဖို့လိုတာနဲ့ ကျွန်တော့်ကိုမကြည့်ပဲ မျက်နှာလွှဲ နေပါတယ်။ အင်မတန်အေးဆေးတည်ငြိမ်တဲ့ ဖခင်တဦးရဲ့မျက်နှာနဲ့ အဲဒီတုန်းကအဖေ့ရုပ်သွင်ဟာ ကျွန်တော့်ဘဝမှာ ကျွန် တော် နောက်ဆုံးတွေ့မြင်ခဲ့ရတဲ့ အဖေ့ရုပ်သွင်ပါပဲ။

ဖိုးသံ (လူထု) / ရဲဘော် ဖိုးသံချောင်း
(၂၀၁၅) ခုနှစ်၊ ဇန်နဝါရီ

Than Joung Po Facebook:
https://www.facebook.com/thanjoung.po

ခေါင်းစီးအတွက် ဆရာကြီး လူထုဦးလှ ပန်းချီပုံကို “Ludu လူထုကြီးပွားရေး” Facebook စာမျက်နှာကနေ ယူပါသည်။  ပန်း ချီဆရာ လက်မှတ် ဖတ်မရပါသဖြင့် အသိအမှတ်ပြု မဖော်ပြနိုင်ခြင်းအတွက် သက်ဆိုင်ရာပန်းချီဆရာနှင့် မိသားစုအား တောင်းပန်အပ်ပါသည်။

Ludu လူထုကြီးပွားရေး စာမျက်နှာကို ဒီနေရာကနေ သွားရောက်နိုင်ပါသည်။  @ https://www.facebook.com/pages/Ludu-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8/139936746064890

××××××××××××××××××××

မိုးမခတွင် ဖော်ပြခဲ့ဖူးသည့် ဆရာ ရဲဘော်ဖိုးသံချောင်း၏စာများ၊ ကဗျာများ —

ကျွန်တော့်ဖခင် လူထုဦးလှ
@ http://gita.cc/archives/41876
http://moemaka.blogspot.com/2015/01/blog-post_711.html

မုဒိတာပွားပါတယ် (၂၀၁၅ ဒီမိုကရေစီ ပညာ ကျောင်းသား ခရီးရှည် ချီတက်ပွဲ ဂုဏ်ပြု ကဗျာ)
http://gita.cc/archives/42126
http://moemaka.blogspot.com.au/2015/02/blog-post_6.html

သူများ လက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ (၂၀၁၄ နိုဝင်ဘာ ဒီမိုကရေစီ ပညာရေး ကျောင်းသား သပိတ် ဂုဏ်ပြု ကဗျာ)
http://moemaka.com/archives/40855
http://www.moemaka.blogspot.com.au/2014/11/blog-post_861.html

ကျွန်တော်နဲ့ စန္ဒကိန္နရီ
http://gita.cc/archives/42036
http://www.moemaka.blogspot.com.au/2015/01/blog-post_933.html

ဘိုလိုတော့ခ် ရောဂါ
http://moemaka.com/archives/41751
http://www.moemaka.blogspot.com.au/2015/01/blog-post_21.html

ရေးခဲ့ မိတဲ့ ကဗျာ – ဗိုလ်အောင်ကျော်နေ့ ဂုဏ်ပြု
http://moemaka.com/archives/41278
http://www.moemaka.blogspot.com.au/2014/12/blog-post_88.html

ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်
http://moemaka.com/archives/41016
http://moemaka.blogspot.com.au/2014/11/blog-post_541.html

၉၂ မိခင်သို့ (အမေ လူထု ဒေါ်အမာ မွေးနေ့ အမှတ်တရ) (၂၀၀၇)
http://gita.cc/archives/11681
http://moemaka.blogspot.com.au/2007/11/blog-post_8226.html

လာနေပြီ (ကဗျာ) (၂၀၀၈)
@ http://gita.cc/archives/11994
http://moemaka.blogspot.com.au/2008/02/blog-post_29.html

ကိုကြည်လင်နဲ့ကျနော် (ကဗျာဆရာ ကြည်အောင် အမှတ်တရ) (၂၀၀၈)
@ http://gita.cc/archives/11902
http://moemaka.blogspot.com.au/2008/02/blog-post_162.html

အတာလက်ဆောင် ရတုန်းက (၂၀၁၁)
@ http://gita.cc/archives/18191
http://moemaka.blogspot.com.au/2011/04/po-than-ludu-once-upon-thagyan.html

ကိုစိန်ဝင်းနဲ့ ကျနော် (လူထု စိန်ဝင်း အတွက် ကဗျာ) (၂၀၁၂)
@ http://gita.cc/archives/24573
http://moemaka.blogspot.com.au/2012/06/ludu-sein-win-by-phoe-than-ludu.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်