စံလှကြီး – ဥာဏ်ရှိယောကျာ်း မှားသောအခါ

March 17, 2015

– ဥာဏ်ရှိယောကျာ်း မှားသောအခါ
(မိုးမခ) မတ် ၁၇၊ ၂၀၁၅

“မောင်မင်း၏ မျက်စိ စောင်းယောင် ရှိပါတကား”

“မှန်လှပါ ဒီလို မျက်စိမျိုးမှ အမှုတော်ကို ပြေကုန်အောင် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်းပါ ဘုရား”

“ဘာကြောင့်တုန်း မောင်မင်း”

“ကျွန်တော်မျိုး မျက်စိမျိုးဟာ တစ်နေရာတည်းကိုသာမဟုတ် နှစ်နေရာကို တစ်ကြိမ်တည်း မြင်ရသဖြင့် မျက်စိတစ်ဖက်က အရှင်၏ ခြေတော်ရင်းက အမှုတော်ကို ကျေပွန်အောင် ထမ်းရွက်ရန် ကြည့်နိုင်ပါ၍ အခြား မျက်စိတစ်ဖက်က တိုင်းပြည်၏ အမှုကို ကျေပွန်အောင် ထမ်းရွက်ရန် ကြည့်နိုင်ကြောင်းပါ။ ထို့ကြောင့် တစ်ကြိမ် ကြည့်ရုံနှင့် အကျိုးနှစ်ရပ် ပြီးစီးနိုင်မည် ဖြစ်ပါသောကြောင့် ရိုးရိုး မျက်စိ ရှိသူတို့ထက် အကျိုးများမည့် မျက်စိ ဖြစ်ကြောင်းပါဘုရား”

“မောင်မင်း လျှောက်တင်ပုံက အမှုထမ်းများ၏  မျက်စိကောင်းများကိုပင် စောင်းရဦးတော့မည် ကဲ့သို့ ဖြစ်နေပေပြီ”

ဤစကားပြောခန်း ကလေးကို သမိုင်းလေ့လာဖူးသူများ မြင်ဖူး တွေ့ဖူးကြလိမ့်မည် ထင်ပါသည်။ မြန်မာ့သမိုင်းတွင် စစ်သူကြီး မဟာဗန္ဓုလအဖြစ် ထင်ရှားလာမည့် မောင်ရစ်နှင့် အိမ်ရှေ့မင်းသားတို့ အပြန်အလှန် ပြောကြသော စကားပြောခန်းလေး ဖြစ်ပါသည်။ ထိုအချိန်က မောင်ရစ်မှာ အိမ်ရှေ့မင်းသား၏ ကိုယ်ရံတော် တပ်သားလေးသာ ဖြစ်သည်။ မဟာဗန္ဓုလအဖြစ်သို့ မရောက်သေးသော စစ်သားလေး ဖြစ်သည်။ အိမ်ရှေ့မင်းသားက တနေ့ သတိထား ကြည့်မိရာ မောင်ရစ်၏ မျက်စိ တစ်ဖက်စောင်းနေသည်ကို တွေ့သဖြင့် ကျီစယ်လိုသော သဘောဖြင့် မျက်စိစောင်းနေပါလား မောင်မင်းဟု ပြောလိုက်သည်။ ဖြတ်ထိုးဥာဏ်နှင့် ဟာသဥာဏ် လျှင်မြန်ဟန်ရှိသော မောင်ရစ်ကလည်း ချက်ချင်းပင် သူ့လို မျက်စိမျိုးမှ အသုံးတည့်ပါသည်ဟု မဆိုင်းမတွ ပြန်ပြောသည်။ အိမ်ရှေ့မင်းသားက ဘာကြောင့်လည်းဟု မေးသည့်အခါ သူ့မျက်စိမှာ တစ်ကြိမ်တည်းနှင့် နေရာနှစ်နေရာကို ကြည့်နိုင်သဖြင့် အရှင်သခင် အတွက်နှင့် တိုင်းပြည်အတွက် ပြိုင်တူ ကြည့်နိုင်သဖြင့် အကျိုးရှိပါသည်ပေါ့။ ဒီတော့မှ အိမ်ရှေ့မင်းသားက ရယ်တော်မူပြီး မောင်မင်း ပြောသလိုသာဆို ကျန်တဲ့ မင်းမှုထမ်းတွေရဲ့ မျက်စိကောင်းတွေကိုတောင် လိုက်စောင်းပေးရမလို ဖြစ်နေပြီဟု ဆိုသည်တဲ့။

ဤစကားလေးမှာ စစ်သူကြီး မဟာဗန္ဓုလ၏ ဘဝသမိုင်းမှ အရေးမကြီးလှဟု ထင်ရသော အပိုင်းလေး ဖြစ်သည်။ သို့သော် မဟာဗန္ဓုလ ဖြစ်လာမည့် မောင်ရစ်၏ ဖြတ်ထိုးဥာဏ်ကိုတော့ မြင်လိုက်ရသည်။ စဉ်းစားကြည့်ပေါ့။ တကယ်တော့ လူများတွင် မျက်စိကောင်းသူနဲ့ စောင်းနေသူဆိုလျှင် မျက်စိကောင်းသူက အဆမတန်များသည်။ မျက်စိစောင်းနေသည့်လူမှာ ခပ်ရှားရှား။ ကောင်းသလားဆိုတော့ ကောင်းတော့ မကောင်း။ လူ၏ ရုပ်ရည်လှပမှုကို အနည်းနဲ့ အများ ထိခိုက်နိုင်သည်။ သို့သော် မောင်ရစ်က သူ့အားနည်းချက်ထဲမှပင် ကောင်းကွက်ကလေးကို ဟာသဥာဏ်နှောကာ မရအရ ရှာပြောတတ်သည် ဆိုသည်ကို တွေ့ရသည်။ အိမ်ရှေ့မင်းသားကလည်း သူ ဟာသနှောမှန်း သိသဖြင့် ရယ်ရယ်မောမောနှင့်ပင် ပြီးသွားသည်။ ဘာမှလည်း ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ပါ။

တကယ်လို့ အိမ်ရှေ့မင်းသားကသာ ခပ်တည်တည်နဲ့ မောင်မင်းပြောတာ မှန်တယ်။ ဒီတော့ ကျန် အမှုတော်ထမ်းများလည်း မျက်စိစောင်းမှ ဖြစ်မယ် ဆိုရင်တော့ ကျန်တဲ့လူများ အဖို့ သိပ်မလွယ်။ ပဒေသရာဇ်ခေတ်က ဘုရင်တို့ အိမ်ရှေ့မင်းသားတို့ ဆိုတာက အာဏာကြီးလှသည်။ မျက်စိစောင်းနေတဲ့လူတွေကို လိုက်ပြီး အားကျရမလို ဖြစ်နေသည်။ မျက်စိအကောင်းကြီးကို စောင်းအောင် လုပ်ဖို့ ဆိုတာလည်း ဘယ်လိုမှ ရမှာ မဟုတ်တော့ အလုပ်ထွက်ရမလိုတောင် ဖြစ်နေမည်ဟု ထင်ရသည်။

ဤနေရာမှာ သင်ခန်းစာ ရသည်က ဘယ်ကိစ္စမဆို ဥာဏ်ရှိသူက ကြံဖန်ပြောလျှင် ကောင်းကွက်တော့ ရနိုင်သည် ဆိုသော သဘောဖြစ်သည်။ ထိုသူ ပြောတိုင်း ဟုတ် မဟုတ် အားကျသင့် မသင့်ကိုတော့ ကိုယ်ပိုင်ဥာဏ်ဖြင့်သာ ဆုံးဖြတ်ရပေမည်။

မောင်ရစ်လို ပါးစပ်ဖြင့် ပြောတာ မဟုတ်ပဲ စာရေးဆရာ တယောက်က အားမကျသင့်သည်ကို အားကျအောင် ရေးသည် ဆိုရင် ဘာဖြစ်နိုင်ပါသနည်း။

မင်းတုန်းမင်းလက်ထက်တွင် မန္တလေး ရတနာပုံ နေပြည်တော် သတင်းစာကို စတင် ထုတ်ဝေခဲ့သည်။ သတင်းရေးသားရသူ တာဝန်ခံမှာ ဘိုးဝဇီရ ဖြစ်သည်။ မြန်မာလူမျိုးထဲမှ ပထမဆုံး အယ်ဒီတာဟုပင် သတ်မှတ်ရမည် ထင်ပါသည်။ သူတို့ခေတ်က အကြိုက်အတိုင်း သူက သတင်းစာကို ကာရန်တွေ နဘေတွေနဲ့ ရေးသောအခါ ဖတ်သောသူများ အထူး စိတ်ဝင်စားလာကြသည်။

တနေ့တွင် မယ်သင်ဆိုသော မိန်းကလေး တယောက်က အိမ်က မိဘ သဘောမတူတဲ့ ကောင်လေးကိစ္စနဲ့ စိန်စားပြီး သေတော့ ဘိုးဝဇီရက အဲဒီသတင်းကို အလွန်သနားစရာကောင်းအောင် ရေးလိုက်မိသည်ဟု ဆိုသည်။ သနားဖို့ကောင်းတာလည်း အမှန်ပဲကိုး။ အားကျစရာတော့ မကောင်းပေ။ သို့သော် သူရေးလိုက်မှ ဖတ်ရသော မိန်းကလေးတွေ သနားတာလွန်ပြီး အားကျကုန်ကြရာ ဆက်တိုက် စိန်စားပြီး သေကုန်ကြသဖြင့် ၅ ယောက်လောက် ဆက်တိုက် သေသောအခါ သတင်းစာကိုတောင် ရပ်ထားခဲ့ရသည်ဟု ဆိုသည်။

ဗြိတိသျှခေတ်တွင် သမီးရည်းစား နှစ်ယောက်သည် မိဘများ သဘောမတူသဖြင့် ကြည့်မြင်တိုင် ဗော့တံတားပေါ်မှ လက်ချင်း ကြိုးချည်၍ ရေထဲသို့ ခုန်ချသတ်သေကြရာ နှစ်ဦးလုံး ဆုံးပါးလေသည်။ သူတို့နာမည်က မောင်စည်သူနဲ့ မခင်ရီ။ ပေါင်းရဖို့ အကြောင်းမဆိုင် နှစ်လောင်းပြိုင် သေတာအေးရော ဆိုသည့် သဘော ဖြစ်ပါသည်။ သူတို့ အဖြစ်မှာ အလွန် စာနာသနားစရာ ကောင်းတာ အမှန်ပဲ ဖြစ်သည်။ သို့သော် အတုယူ အားကျစရာတော့ မကောင်း။ အတုယူ အားကျလျှင် ကိုယ်ပါ လိုက်သတ်သေရမလို ဖြစ်နေသည်။ အဲဒီလို သေလို့ တိုင်းပြည်ကြီး တိုးတက်သွား လူအများစု ချမ်းသာသွားသည် ဆိုလျှင်လည်း ထားတော့။ အကျိုးကျေးဇူးက နတ္ထိဖြစ်သည်။ လူဆိုတာက သေရမှာကို အကြောက်ဆုံး ဖြစ်သည်။ သို့သော် မကြာမီမှာပင် သူတို့ကို အားကျပြီး ထိုကဲ့သို့ တံတားပေါ်မှ ခုန်ချ သတ်သေကြသော ဆယ်ကျော်သက်တွေ အများကြီး ဖြစ်လာလေသည်။ အဓိက အကြောင်းမှာ ထိုခေတ်က သတင်းစာ ဂျာနယ်များကြောင့် ဖြစ်သည်။

သမီးရည်းစား နှစ်ယောက်အကြောင်းမှာ သနားစရာ ကောင်းလှသဖြင့် ထိုခေတ်က သတင်းစာဆရာများ စာရေးဆရာများက ထိုအကြောင်းကို လွမ်းစရာဖြစ်အောင် ကောင်းကွက်ကလေးတွေကို ရှာကြံပြီး ရေးကြသည်ဟု ဆိုသည်။ ဒီတော့ ဖတ်ရသည့် ဆယ်ကျော်သက် သမီးရည်းစား အတွဲလေးတွေက အားကျပြီး အတွဲလိုက် လက်ချင်း ကြိုးချည်ကာ တံတားပေါ်မှ ခုန်ချကြလေသည်။ တနိုင်ငံလုံးမှ လူငယ်စုံတွဲလေး အတော်များများ အသက်ဆုံးရှုံး ခဲ့ကြဖူးသည်။ စုံတွဲတစ်တွဲကျတော့ ခုန်ချကာနီးမှ ကောင်လေးက ကြောက်စိတ်ဝင်သွားပြီး ဆုတ်ကန်ကန်လိုက်သည့် အတွက် ပြုတ်ကျသွားသော်လည်း အသက်မသေပဲ ကောင်လေးက ခြေပွတ်တိုင် လည်သွားပြီး ကောင်မလေးက သွားတွေ ကျိုးသွားသည်ဟု ဆိုသည်။

အိမ်စောင့်အစိုးရ လက်ထက်တွင် ငမိုးရိပ် တံတားပေါ်မှ (၈) တန်းကျောင်းသူလေး တယောက် ရေထဲ ခုန်ချသေသည်။ အဲဒီနေ့က သတင်းရေးစရာ အထူးမရှိသဖြင့် အယ်ဒီတာကလည်း ထိုကောင်မလေး သတင်းကိုပင် သနားစရာ ဖြစ်အောင် ရေးလိုက်လေသည်။ သနားဖို့လည်းကောင်းတာပဲလေ။ နောက်တော့ သနားရာက အားကျသလို ဖြစ်သွားပြီး မိန်းကလေးတွေ ဆက်တိုက် ခုန်ချ သေကြရာ (၄) ယောက်လောက် သေကုန်တော့ ထိုတံတားကို ရဲအစောင့်ပင် ချထားခဲ့ရသည်။ (ရေးမိသည့် စာရေးဆရာကြီး ခမျာ နောက်ပိုင်းတွင် အလွန်စိတ်မကောင်း ဖြစ်ရှာသည်ဟု ဆိုသည်။ သူကပင် သူ့အမှား ဖြစ်သဖြင့် စာပေဟောပြောပွဲများတွင် အားမနာတမ်း ထည့်ပြောပေးပါရန် ဆရာဦးအောင်သင်းကို ပြောခဲ့သည်ဟု ဆိုသည်။)

အဲဒီတော့ ဒီကိစ္စမှာ သမီးရည်းစား အတွဲလေးတွေ သတ်သေကြတာ မိဘဆွေမျိုးတွေ အပူလုံး ကြွကုန်ကြတာ သတင်းစာဆရာတွေ စာရေးဆရာတွေကြောင့်ဟု ဆိုရမလို ဖြစ်နေသည်။ ရေးသူတွေ ကိုယ်တိုင်ကတော့ စုံတွဲလေးတွေ အတွဲလိုက် သတ်သေကြပါစေတော့ ဆိုသည့် ဆန္ဒတော့ ရှိမှာမဟုတ်တာ သေချာသည်။ ရေးသမျှကို ရသမြောက်အောင် ရေးချင်သည့် ပညာသည် စိတ်ဓာတ်ကြောင့် သနားစရာကောင်းအောင် ရေးရာမှ ရှေ့တန်းတင်သည့် အဖြစ်သို့ ရောက်သွားကာ အတုယူမှားကုန်ကြခြင်း ဖြစ်ပါသည်။ ဥာဏ်ရှိယောကျာ်း မှားသောအခါ ဆိုသကဲ့သို့ ဖြစ်သွားကြခြင်း ဖြစ်သည်။ ဥာဏ်ရှိယောကျာ်း မှားသောအခါ ဆေးလွန်နာကို သမားနောက်ဆက် အကုခက်သို့ ဖျက်၍အမြဲ ပြင်နိုင်ခဲ၏ ဆိုသလိုပါပဲ။ ပညာဥာဏ် ကြီးသူများ အမှား လုပ်မိသောအခါ အမှားသည်လည်း ကြီးကျယ်သွားလေတော့သည်။

မောင်စည်သူတို့ အတွဲလေးက သနားစရာ ကောင်းတာ အမှန်ဖြစ်သည်။ စာနာသနားနိုင်သည်။ သို့သော် သနားစရာကောင်းတာကို အလွန်အကျူး ဖွဲ့ဆိုရင်းက ရှေ့တန်းတင်သလို ဖြစ်သွားကာ လူငယ်များ အတုယူ မှားကုန်ခြင်း ဖြစ်သည်။

အချို့ကိစ္စတွေက စာနာသနားနိုင်သည်။ ဂရုဏာသက်နိုင်သည်။ သို့သော် အတုယူမှားအောင် ရှေ့တန်းတင်ပြီး ရေးလို့ မရပေ။ အထူးသဖြင့် သတ်သေခြင်းလို ပုံမှန် သဘာဝမကျသည့် ကိစ္စမျိုးတွေမှာ ဖြစ်သည်။ စာရေးသူများသည် သဘာဝ မဟုတ်သည့် ကိစ္စတွေကို ရေးတော့မည် ဆိုလျှင် ထိုစရိုက် ထိုအဖြစ်အပျက်သည် ပုံမှန် ဟုတ် မဟုတ် အားကျသင့် မသင့် စဉ်းစားကာ ရေးရပေလိမ့်မည်။

ဒီလို လူငယ်တွေ သတ်သေကြတာလောက်ကို မဆိုထားနှင့်။ စာရေးဆရာ အရေးမှားလို့ သူကိုယ်တိုင် အသက်ပါသွားသလို တိုင်းပြည်သမိုင်းပါ ပြောင်းသွားခဲ့ဖူးသည့် နိုင်ငံ ရှိပါသည်။ မဟုတ်နိုင်တာဟု တွေးမိလိမ့်မည် ထင်ပါသည်။ အမှန်တကယ်ပါပဲ။ အခြားနိုင်ငံ မဟုတ်ပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာ ဖြစ်ပါသည်။

ဖြစ်ခဲ့သူက နာမည်ကျော် စာရေးဆရာကြီး စလေဦးပုညဖြစ်သည်။ မြန်မာစာရေးဆရာ အားလုံးတို့၏ ဆရာဘိုးဘိုးဟုပင် ခေါ်လောက်သူ ဖြစ်သည်။ သူရေးခဲ့တာက ဝိဇယပြဇာတ် ဖြစ်သည်။ အမှန်က ထိုပြဇာတ်မှာ မင်းတုန်းမင်းတရားကြီး၏ သားတော်များ ဆိုးသွမ်းနေသည်ကို ဆုံးမနိုင်စေရန် အိမ်ရှေ့စံကနောင်မင်းသား၏ အမိန့်တော်ဖြင့် ရေးခဲ့သည် ပြဇာတ်ဖြစ်သည်။ ထိုပြဇာတ်သည် ဦးပုည၏ အကောင်းဆုံး လက်ရာဟု ဆိုသကဲ့သို့ သူအသက် ဆုံးရှုံးခဲ့ရသည့် အဓိက အကြောင်းဟု ဆိုသည်။

ဦးပုညက ဝိဇယမင်းသား၏ ဆိုးသွမ်းသောစရိုက်ကို ဖတ်သူ အားကျလောက်အောင် ရေးမိသည်ဟု ဆိုသည်။ ဇာတ်လမ်းမှာ သီဟပူရပြည်၌ သီဟဗာဟုမင်းကြီး နန်းစံစဉ် သားတော်ကြီး ဝိဇယမင်းသားက ကျွန်သင်းပင်း ခုနှစ်ရာနှင့်အတူ ပြည်သူပြည်သားများအပေါ် နိုင်ထက်ကလူ ရမ်းကားနေသောကြောင့် ပြည်သူပြည်သားတို့ မခံမရပ်နိုင်တော့ပဲ ရွှေနားတော်ကြား ဟစ်အော် သံတော်ဦး တင်ကြသည်။ မင်းကြီးလည်း သားတော်ကြီးကို ခေါ်၍ မေးသည်။ ဝိဇယ မင်းသားက ခမည်းတော်ကို

“… … … …  ပြည်မတိုင်းသား မူးမတ်များတို့ ကြားတိုင်းမြင်တိုင်း ဆိုးယုတ်တိုင်းကို ဟုတ်တိုင်းမတင် သားတော်သော့သွမ်း ဟော့ရမ်းသည့်အမှု တစ်ထောင်လောက် ပြုလို့မှ တစ်ခုသာ တင်ပါသည်။ ခုတင်သည့်လူ ပြည်သူပြည်သား မူးမတ်များတို့ တရားမမှန် စကားကို ချန်သောကြောင့် ရာဇဒဏ်ခတ်သင့်လှပါတော့သည် ဘုရား။”

ဝိဇယမင်းသားက သူဆိုးတာ ဒီမူးမတ်တွေ လျှောက်တင်တာထက် အများကြီး ပိုပါတယ်လို့ ခမည်းတော်ကို လျှောက်သည်။ အမှန်ပြောရဲတာအတွက် ချီးကျူးရမှာ ဖြစ်ပေမယ့် အားကျစရာမကောင်း။ ခမည်းတော်က ဒီအတိုင်း အမှန်ဆို သတ်စေဟု အမိန့်ချသည်။ မယ်တော် မိဖုရားကြီးက သားအတွက် ငိုသည်။ ဒီတော့ ဝိဇယမင်းသားက သူ့မယ်တော်ကို နှစ်သိမ့်တာက

“… … …  မယ့်မယ့်ကျက်သရေ သားဖုန်းဝေမှာ မသေမီက တိုင်းပြည်တရိုး သဝေထိုးအောင် အဆိုးကြီး ဆိုးလိုက်ရမှ လှလှကြီး သေဝံ့ပါတော့မယ်။ သတ္တဝါထုံးစံ တသန္တာန်တွင် နှစ်တန်သေမြဲ မဟုတ်ပါ……” ဟု ပြန်လျှောက်သည်တဲ့။

ဒီလို ထီမထင်အောင် မိုက်တာကို အားကျလောက်အောင် ရေးပြသောအခါ မင်းတုန်းမင်းကြီး၏ သားတော်များဖြစ်သော မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားတို့ ဖတ်မိရာ လူမိုက်များအား ရဲဆေးတင်ပေး သကဲ့သို့ ဖြစ်တော့သည်။ သူတို့ကိုယ်တိုင်ကလည်း အစကတည်းက ခပ်မိုက်မိုက်တွေ ဖြစ်သည်။ ဒီတော့ တိုင်းပြည်တရိုး သဝေထိုးအောင် အဆိုးကြီး ဆိုးလိုက်ရမှ ဆိုတာကို အားကျပြီး ခမည်းတော်နဲ့ ဘထွေးတော်ကို လုပ်ကြံရန် ကြံစည်ကြသည်။ စလေဦးပုညကိုပင် ဓားမိုးပြီး လုပ်ကြံရန် အခါတော်ပေးခိုင်းသည်။ ရေးမိသူ စာဆိုတော်ခမျာ သူရေးသည့် ပြဇာတ်က သူ့သေမင်း ဖြစ်လာတာကိုပင် အံ့သြနေလိမ့်မည် ထင်သည်။ လုပ်ကြံမှုတွင် မန္တလေးနေပြည်တော် မီးဟုန်းဟုန်း တောက်ခဲ့ပြီး အိမ်ရှေ့စံ ကနောင်မင်းသားကြီး ကျဆုံးခဲ့ရသည်။ ဒီတော့ မြန်မာများ ခေတ်မီရေး စက်မှုလုပ်ငန်းတွေ လက်နက်ထုတ်လုပ်တာတွေ အကုန်ရေစုန်မျောခဲ့ပြီး နောက်ပိုင်းတွင် တိုင်းပြည်ပါ ရေတိမ်နစ်ရတော့သည်။

ဦးပုညကိုယ်တိုင်လည်း လုပ်ကြံမှုတွင် အခါတော်ပေး ဖြစ်သည်ဟု စစ်မေးချက် ထွက်လာသောအခါ မြို့ဝန်ဦးသာအိုးထံ ချုပ်နှောင်ခံရသည်။ နောက်ဆုံးတွင် ရန်ငြိုးရှိသူ ဦးသာအိုးက ဦးပုညကို အဆုံးစီရင်လိုက်လေသည်။

ဦးပုညကိုယ်တိုင် သေခါနီးတွင် “….အကုသိုလ် ဃာတကတ်ရယ်က အခုလို လာလို့ဖြတ်တာကြောင့် ဇရပ်သို့ ပြေးရလေ ခွေးသေသို့ သေရငြား သိလျက်နှင့်ပင် ဝိပါက်တကယ်ထင်လို့ ရွှေဥာဏ်ရှင် မဝေခွဲနိုင်ဘု ပွဲတွေ့အမှား” ဆိုပြီး ရေးသွားခဲ့သည်ဟု ဆိုသည်။ ဥာဏ်ရှိယောကျာ်း တယောက်ရဲ့ အမှားပါပဲ။ (စကားချပ် ဦးသာအိုးက ဦးပုညကို ရေချပြီး သတ်သော်လည်း ကယ်ဆယ်သူများကြောင့် မသေပဲ မော်လမြိုင်ဘက်တွင် တိမ်းရှောင်နေပြီးမှ ကွယ်လွန်သည်ဟုလည်း အဆိုရှိသည်။ သို့သော် ရေချကွပ်မျက်ခြင်း ခံရသည် ဆိုသည့် အချိန်နောက်ပိုင်းတွင်မူ ဦးပုည၏ စာပေလက်ရာများ ပေါ်ထွက်လာခြင်း မရှိတော့ပေ။)

ဒီလိုဆိုတော့ ရေးရတဲ့ လူတွေအတွက်က တကယ့်ကို ဘေးကျပ် နံကျပ်ဖြစ်သည်။ ဘယ်ဟာကို ရှေ့တန်းတင်ပြီး ရေးမယ် ဘယ်ဟာကတော့ ဂရုဏာသက်စရာပေမယ့် ရှေ့တန်းမတင်ဘူးဟု ဆုံးဖြတ်ရတော့မည်။ သိပ်တော့ မခက်ပါ။ ကိုယ့်အနေနဲ့ ရေးလိုက်လို့ ဂုဏ်ယူရမယ့် ကိစ္စမျိုးဆိုလျှင် ရေးနိုင်ပါပြီ။ ဆိုပါစို့ ခြေလက်မစွမ်းမသန် ဖြစ်နေသော လူငယ်တယောက်က ပညာရေးတွင် ထူးချွန်ကာ အရမ်းကြိုးစားသဖြင့် နိုင်ငံခြား တက္ကသိုလ်ကြီးတွေက ဘွဲ့တွေရလာသည်။ ရှေ့တန်းတင်ပြီး ရေးသင့်သည်။ အားကျမိသော လူငယ်များ တိုးတတ်နိုင်သလို ကိုယ့်အနေနဲ့လည်း ဂုဏ်ယူနိုင်သည်။

ကိုယ့်ကိုကိုယ် သတ်သေသော ကောင်မလေးတယောက် အကြောင်းကို သနားအောင် ရေးမိသည်။ ကျန်လူများ အားကျကာ သတ်သေကြသည်။ ဂုဏ်ယူလို့ ရ မရ ကိုယ့်ဘာသာ စဉ်းစားရတော့မည်။ အခြားကိစ္စများလည်း အလားတူပါပဲ။

အမှန်တော့ စာရေးသည့် နေရာတွင် ကျနော့်အမြင်အရ မြင်သည် ကြားသည် ဆိုသည့်အတိုင်း ရေးမည် ဆိုလျှင်လည်း မဖြစ်သလို အားကျစရာ မကောင်းသည့်ဘဝကို အားကျစရာ ဖြစ်အောင် ရေးပြ၍လည်း မရပေ။ ဖတ်မိသူများ အတုယူမှားနိုင်သည်။ စာရေးသူများ အနေဖြင့် အကြောင်းအရာ တခုကို ရေးပြမည် ဆိုသည်နှင့် ဒီကိစ္စကြောင့် ကောင်းကျိုး ဖြစ်လာနိုင်သလား ဆိုးကျိုးတွေ ဖြစ်လာနိုင်သလား ဆိုတာကိုပါ စဉ်းစားရပေတော့မည်။ စာဖတ်သူများကလည်း ရေးသူ၏ စာကို ဘက်ပေါင်းစုံမှ စဉ်းစား ဆင်ခြင် ဝေဖန်ရန် လိုသည်။

ကျနော်တို့ နိုင်ငံတွင် စာပေလွတ်လပ်ခွင့် အတိုင်းအတာ တစ်ခုအထိ ရလာသည်မှာ မကြာသေးပေ။ အလုံးစုံလွတ်လပ်ခွင့် ရပြီဟုကား မဆိုလိုပါ။ သို့သော် ယခင် အခြေအနေထက် စာလျှင်တော့ ပိုပြီး လွတ်လွတ်လပ်လပ် ရေးခွင့် ရှိလာပြီ ဖြစ်သည်။

ဟိုတုန်းက ဆိုရင်တော့ “ဟာ အဲဒီသတင်း မရေးနဲ့ မီးလောင်တာကြီး မကောင်းဘူး”

“အဲဒီစာအုပ် မထုတ်နဲ့ ညစ်ညမ်းမှုတွေပါတယ်”

“အဲဒီစာအုပ်ကတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ထိခိုက်နိုင်တယ်”

“အဲဒီ စာတွေကတော့ တို့အစိုးရကို မကောင်းရေးထားတာ မထုတ်နဲ့”

စသည်ဖြင့် ပိတ်ပင်ခဲ့ဖူးသည်။ ပိတ်ပင်မှုများ၏ သဘောအတိုင်း ညစ်ညမ်းသည့် လေများ မဝင်ဖို့ ပိတ်လိုက်သည့်အခါ နေရောင်ခြည်နဲ့ လေကောင်းလေသန့် များလည်း ဝင်မလာတော့ပေ။ အခုတော့ အတိုင်းအတာ တခုအထိ ရေးခွင့် ပေးလာပြီ ဖြစ်သည်။ ဒီတော့ ထုံးစံအတိုင်း တံခါးဖွင့်လိုက်သည်နှင့် လေကောင်းလေသန့်နဲ့ နေရောင်ခြည် ဝင်လာမည် ဖြစ်သလို လေဆိုးလေပုပ်များလည်း ဝင်လာနိုင်သည်။ လေဆိုးလေပုပ်များ ဝင်မလာအောင်တော့ ဖတ်သူများရော ရေးသူများပါ တာဝန်ရှိစွာ ဂရုစိုက်ရလိမ့်မည်။

စာပေနတ်သမီးသည် လက်တဘက်က ညစ်ညမ်းမှု မကောင်းသည့် အပြုအမူ လူအချင်းချင်း မုန်းတီးစေမှု စသည့် ပစ္စည်းများကို ကိုင်ထားပြီး အခြား လက်တဘက်ကမူ အသိပညာ ဗဟုသုတနဲ့ စိတ်ဓာတ်ခွန်အား စသည်တို့ကို ကိုင်ထားလိမ့်မည်။ ထိုလက်နှစ်ဘက်စလုံးကို စာပေသမားများထံ ထိုးပေးလိမ့်မည်။ ဘယ်အရာကို ရွေးချယ်မည် ဆိုတာကတော့ ကျနော်တို့၏ ရွေးချယ်မှုပါပဲ။ ဆေးလိပ်နဲ့ ကျန်းမာရေး သင်ရွေးချင်ရာရွေး ဆိုသလိုပေါ့။

ကျနော်တို့ရော အခုအချိန်တွင် ဘာတွေစရေးနေကြပါသနည်း။

အနုပညာ အသေခံ ဗုံးခွဲတဲ့ လစ်ဘရယ်ဝါဒီ ဆိုပြီး အပြာစာအုပ်ကို တရားဝင် ထုတ်ဝေဖြန့်ဖြူးမှု ရှိလာခဲ့ပြီ။

အရင်က မလုပ်ရဲခဲ့သည့် ကိုယ်တုံးလုံးချွတ်ပုံများကို ပေါ်ပေါ်ထင်ထင် တင်ဝံ့သည့် စာမျက်နှာပေါ် ရေးရဲသည့် ကိစ္စမျိုးတွေ ရှိလာခဲ့ပြီ။

ချစ်သူများနေ့တွင် ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် လိင်ဆက်ဆံနိုင်သည် ဆိုပြီး လူငယ်များကို မြှောက်ပေးသည့် စာမျိုးလည်း ရေးခွင့်ရပြီး ရေးလာခဲ့ကြပြီ။

စာမျက်နှာပေါ်မှနေ၍ လူမျိုးတမျိုးနှင့် တမျိုး အမုန်းပွားစေမည့် အရေးအသားတွေ တရားဝင် ရေးခွင့်ရလာပြီ။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်စေမည့် ရေးသားမှုများ တို့မီး ရှို့မီး လုပ်မှုများ ရေးလာခဲ့ကြပြီ။

လူနည်းစုအတွက် ရေးပေးရမည် ဆိုပြီး ပြည့်တန်ဆာများဘဝ လိင်တူချစ်သူများဘဝများကို လွမ်းလောက်အောင် ရေးလာကြပြီ။ သနားစရာ စာနာစရာတော့ ကောင်းပါသည်။ ခဏ ခဏ ရှေ့တန်းတင်ပြီး ရေးပေးခြင်းကိုမူ ရှောင်သင့်သည်။ သနားစရာတော့ ကောင်းပါသည် သို့သော် အတုယူ အားကျဖွယ်ဘဝ မဟုတ်ဟုသာ ဆိုရလိမ့်မည်။ ရှေ့တန်းတင်လွန်းပါက အတုယူ အားကျသည့်ဘက်ကို ရောက်သွားနိုင်သည်။

ရေးကြသူများ အားလုံးကတော့ အကြောင်းပြချက်ကောင်းလေးတွေ သနားစရာ အချက်အလက်လေးတွေ ရှာလို့ရေးကြပါသည်။ သို့သော် ဖတ်မိသူ လူငယ်များ အတုယူ မှားကြမည်ကိုသာ စိုးရိမ်မိပါတော့သည်။

ကျနော်ကတော့ အဲဒီလို စာတွေကို ဖတ်မိလေတိုင်း အားကျမှုမှားကာ လူငယ်များ သတ်သေကြသော ကိစ္စတို့ ဦးပုည၏ ဖြစ်အင်တို့ကို စဉ်းစားမိကာ အိမ်ရှေ့မင်းသား ရေရွတ်သလို မောင်မင်းတို့ ပြောသလိုသာဆို ဒီပြင်လူတွေရဲ့ မျက်စိကောင်းတွေကို လိုက်စောင်းပေးရမလို ဖြစ်နေပြီဟုသာ ရေရွတ်မိပါတော့သည်။

မှီငြမ်း

စစ်သူကြီးမဟာဗန္ဓုလ(သတင်းစာဆရာ ဦးသိမ်းမောင်)

ယနေ့လူငယ်နှင့်ရသစာပေ(အောင်သင်း)

စဉ်းစားစရာလေးတွေ(အောင်သင်း)

မြန်မာ့စွယ်စုံကျမ်း

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)

Photo credit – https://dawnpages.wordpress.com/2010/08/21/pen-is-mightier-than-a-sword/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

4 Responses to စံလှကြီး – ဥာဏ်ရှိယောကျာ်း မှားသောအခါ

  1. Dr. Maung Maung Gyi on March 17, 2015 at 5:16 am

    ကောင်းတဲ့စာ၊ တန်ဖိုးရှိတဲ့ ပညာပေးဆောင်းပါးပါဘဲ။

  2. ko zaw on March 17, 2015 at 6:39 pm

    Yes, writer is to be careful

  3. San Hla Gyi on March 19, 2015 at 7:24 pm

    အန်ကယ် ဒေါက်တာ မောင်မောင်ကြီး ခင်ဗျာ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    Ko Zaw ရေ ကျနော်ကလည်း အဲဒီရည်ရွယ်ချက်နဲ့ ရေးတာပါ။ အမှန်မှာတော့ စာပေတခုတည်းကို ပြောပေမယ့် ရုပ်ရှင်တို့ ဂီတတို့လို အများကြားထဲကို ကျယ်ကျယ်ပြန့်ပြန့် ရောက်တဲ့ အနုပညာတွေ အားလုံး အကျုံးဝင်ပါတယ်။ ကျနော့် ဆရာတယောက် ပြောဖူးတယ်။ သူတို့ ကာလသားအရွယ်လောက်တုန်းက ရိုမီယိုနဲ့ ဂျူးလီးယက် ရုပ်ရှင် ရုံတင်ခဲ့ဖူးတယ်။ နောက်တော့ မပြပါနဲ့လို့တောင် လိုက်တားရတယ်တဲ့ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ရုပ်ရှင်ကို အားကျပြီး သမီးရည်းစားတွေ အဆိပ်သောက် သေကုန်ကြလို့တဲ့။ မြန်မာပြည်မှာတော့ ဝါခင်းတွေထဲ ဖျန်းတဲ့ ပိုးသတ်ဆေး သောက်ကြတာ များတယ်တဲ့။ အဲဒါ ကျနော်တောင် ဒီဆောင်းပါး မရေးခင် သူပြောတာလေး သတိရလို့ အဲဒီတုန်းက မှီလိုက်တဲ့ လူကြီးတွေကို မေးကြည့်တော့လည်း ဟုတ်တယ်လို့ ပြောတယ်ဗျ။
    ရသကနေ ဝေဒနာ ဖြစ်သွားတယ်လို့များ ပြောရမလား မသိဘူး။

  4. Ko Zaw on March 21, 2015 at 4:25 pm

    ဆရာ စံလှကြီး၊ ဟုတ်ပါတယ်။ …
    စာရေးသူတင်မက၊ အခုခေတ် တခန်းရပ် ဖေ့စ်ဘုတ်၊ ဗီဒီယိုကလစ်၊ ဓါတ်ပုံတစ်ပုံကအစ .. အခုခေတ် ကလစ်တချက်မှားသွားရင်၊ အရှက်ကွဲရုံပဲဖြစ်မယ်။ ဦးသိန်းစိန်နဲ့လူကြီးတွေ စကားတချက်မှားသွားရင် အားလုံး စိတ်ဓါတ်ပျက်သွားနိုင်ပါတယ်။ စာရေးဆရာ မကပါ၊ ဂီတ၊ရုပ်ရှင်၊ဘော်လုံးသမား၊ နာမည်ကျော်လေ ပိုအရေးကြီးပါတယ်လေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်