ရန်နောင်(ဗိုလ်တထောင်) – ဘုံဘဝ သခင်တင်မြနဲ့ သေသည်အထိ လက်တွဲခဲ့သူ ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်ကြီး ) ၏ ပြောကြားချက်များ

March 18, 2015

U Chit Hlaing (Ko Ko Maung Gyi) and Shwe Son Nyo (Photo – Yan Naung (Botahtaung)

ရန်နောင်(ဗိုလ်တထောင်) – ဘုံဘဝ သခင်တင်မြနဲ့ သေသည်အထိ လက်တွဲခဲ့သူ ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်ကြီး ) ၏ ပြောကြားချက်များ
(မိုးမခ) မတ် ၁၈၊ ၂၀၁၅

ညနေဘက် ဗိုလ်တထောင်ဘုရားသို့ ဘုရားဖူးသွားဖြစ်ခဲ့သည်။ ဘုရားတွင် စာရေးဆရာ ဆရာရွှေစွန်ညို နှင့် တွေ့သောအခါ  –

“ဟိုမှာ ဦးကိုကိုမောင်ကြီး ရောက်နေတယ်။ မင်း မေးချင်တာရှိရင် မေးပါလားကွာ ” ဟု ပြောပါသည်။ ကျနော် လည်း ဆာနေတုန်း စတုဒိသာနှင့် တိုးဆိုသလို “ ဟာ အဘ ဒါဆို ကျနော်မေးချင်တယ် ” ဆိုတော့ အဘ ရွှေစွန်ညိုက  စာရေးဆရာ ကိုကိုမောင်ကြီး နှင့် မိတ်ဆက်ပေးခဲ့သည်။

စာရေးဆရာ ကိုကိုမောင်ကြီးသည်     အသက် (၈၆) နှစ်ပြည့်ချိန် သူ့ အသံမှာ အားသန်သန်နှင့် ရှိနေတုန်းပင်ဖြစ်သည်။  စမိတ်ဆက်ပြီးပြီးချင်း“  ခင်ဗျားနာမည်ပြော၊ ကျုပ်က မြင်ရတာ မဟုတ်ဘူး၊ အသံပဲ နားထောင်ရတာ ” ဟု ပြောသောအခါ ကျနော် ဇရာသဘောကို ရင်နင့်စွာ တွေ့လိုက်ရသည်။“ ခင်ဗျား သိချင်တာ မေးပါ။ ကျနော် အကုန်ဖြေပေးပါ့မယ် ” ဟုလည်း ရိုးသား နှိမ့်ချစွာဖြင့် ကျနော့်လို မြေးအရွယ်၊ မြစ်အရွယ်ကို အလေးထား ပြန်လည် ဖြေကြားပေးသည်မှာလည်း  လေးစားဖွယ်ပင်ဖြစ်သည်။

စာရေးဆရာ ကိုကိုမောင်ကြီး  (ဦးချစ်လှိုင်) နှင့် ကျနော်တို့ စာရေးဆရာရွှေစွန်ညို( ဦးခင်ဆွေ) ၏ မိတ်ဆက်ပေးမှုဖြင့် တွေ့ရသည့်အချိန်အနည်းငယ်အတွင်း စာရေးဆရာ သခင်တင်မြ နှင့် ပတ်သက်၍ မေးမြန်းထားမှု အနည်းငယ်ကို စာဖတ်သူများအား တဆင့်ပြန်လည် ဖောက်သည်ချပြရမည်ဆိုသော်…..

“ သခင်တင်မြ  နဲ့ ကျနော်တို့က  ၁၉၄၄ ခု ဇန်နဝါရီလ၊ လောက်ထဲက သူသေတဲ့အချိန်အထိ တယောက်နဲ့ တယောက် တောက်လျှောက်ချည်း ခင်မင်လာခဲ့တဲ့သူ။ ခင်များတချက်နှစ်ချက်တော့ မေးလို့မရဘူး။ ၁၉၄၄ ခု ဇန်နဝါရီလက စ  – သူသေတဲ့အချိန်အထိ ကျနော်နဲ့သူ တခါမှ အဆက်အသွယ် မပြတ်ကြဘူး ။ ပြတ်တာက  သူတောခိုနေတဲ့ လေးနှစ်ပဲ အဆက်အသွယ်ပြတ်တယ် ။ သူတောခိုပြန်လာတဲ့အခါ ထောင်ကျနေတုန်းမှာ လမ်းစဉ်ပါတီမဖွဲ့ခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြေငြာတဲ့နောက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို သူက ထောက်ခံတယ်ဆိုလို့ ဦးနေဝင်းက ခိုင်းလို့ ဗိုလ်မှူးကြီးစောမြင့်ရယ်၊ ကျနော်ရယ်၊ နှုတ်ခမ်းမွှေး ဗိုလ်မှူးကြီးမောင်လွင်ရယ်၊ ဦးစောဦးရယ် သူ့ကို ထောင်ထဲက သွါးထုတ်ပြီးတော့ လမ်းစဉ်ပါတီနေရာပေးခဲ့တာ  ကျုပ်တို့ပေးခဲ့တာ ။သဘောပေါက်လား ။ …

သူနဲ့ ကျနော်က ဂျပန်ခေတ်မှာ သခင်စိုးဦးစီးတဲ့ ကွန်မြူနစ်ပါတီ ဗမာပြည်( ခေတ္တ အိန္ဒိယ) ဆိုတဲ့ပါတီမှာ ဒုတိယအသုတ်ခေါင်းဆောင်ထဲမှာပါခဲ့တယ်။ အဲဒါ ကိုတင်မြ နဲ့ ပတ်သက်လို့ ဖြစ်တာ။ အဲဒီက စခင်တာ ကွယ်လွန်တဲ့ အချိန်အထိပဲ။ သခင်တင်မြက ဂျပန်ခေတ်တုန်းက သခင်စိုးနဲ့ သခင်တင်မြက ကွန်မြူနစ်ပါတီကို ထောင်ခဲ့တာ ။ အဲဒီထဲမှာပါတဲ့ ကိုထိန်လင်းတို့၊ ကိုထွန်းစိန်တို့ ၊ကိုထွန်းရင်တို့၊ ကိုထွန်းသန်းတို့၊ ကိုကျော်ဝင်းတို့၊ကိုစံညွန့် တို့ဆိုတာ သခင်တင်မြ စည်းရုံးခဲ့တာ။ ဒုတိယ အသုတ်စည်းရုံးတဲ့ အထဲမှာ ကျနော်ပါတယ်။ သူက လက်မှုပညာလည်းတော်တယ်။ လက်မှုပညာက သူက မျက်မှန်လုပ်တတ်တယ်။ တခြားဟာတွေလည်းလုပ်တတ်တယ်။အဖက်ဖက်က တော်တယ် သူက။ ဒါပေမဲ့ သူက တကယ့်နိုင်ငံရေးသမားအစစ် ။ အစအဆုံး နိုင်ငံရေးလုပ်လာတာ ။အဲတော့ သူ့အကြောင်းက ဘာပြောရမလဲဆိုတော့ သူက ကျနော်သိသလောက်တော့ ကိုယ်ကျိုးမရှာဘူးဗျာ။သန့်သန့်ရှင်းရှင်းလုပ်တယ် သူယုံကြည်တာကို။

သူတောခိုတဲ့ အခါကျတော့ ကျနော်တို့ နဲ့ ကွဲသွားတယ်။ဘာကြောင့်ဆိုတော့ ကျနော်တို့က တောခိုတဲ့ ဝါဒကို မယုံဘူး ။ သူကယုံတယ်။ ယုံပေမဲ့လို့ကျုပ်တို့က ဝါဒချင်းမတူပြန်ပေမဲ့လို့ လူချင်းခင်တယ် ။ သူတိတ်တိတ်ပုန်း မြေအောက်လှုပ်ရှားမှု သွားလာနေပေမဲ့ ကျုပ်တို့ အစိုးရကို ချောက်မချခဲ့ဘူး ။ ကျနော်တင် ချောက်မချတာမဟုတ်ဘူး ။ ကျနော့်ယောက်ဖ သခင်သာခင်ဆိုတာ ပြည်ထဲရေးဝန်ကြီး၊ သူနဲ့က ခဏခဏ ဆုံတယ်။ ဒါပေမဲ့ သခင်သာခင် သူ့ကို မဖမ်းဘူး ။ဘာဖြစ်လို့ဆို ကိုတင်မြက သူယုံကြည်တာပဲ လုပ်တယ်။သူမယုံကြည်ပဲနဲ့ မလုပ်ဘူး ။

ပထမ သခင်စိုးနဲ့နေတယ်။နောက် သခင်စိုးကို မယုံကြည်တဲ့အခါမှာ သာယာဝတီထောင် ကို ဗိုလ်သက်ထွန်း လာဖောက်တဲ့အခါမှာ သူ ဗကပ ဘက်ကို ပါသွားရတယ်။ သူပြန်လို့မရဘူး ။တခါ  ဗကပ လုပ်ပုံတွေကို မကြိုက်တာနဲ့ သူဒီဘက်ကို ကူးလာဖို့ လုပ်တယ် ။ မကူးလာခင် မြေအောက်လောက လုပ်နေတုန်းမှာ သူရယ်၊ ကိုဘခက်ရယ် ၊ ကိုလှမြိုင် ရယ် မြေအောက်မှာ တူတူလုပ်ကြတုန်းမှာ ဖမ်းမိသွားတယ်။ ကိုလှမြိုင်တော့ မဖမ်းပါဘူး ။ ကိုလှမြိုင် က အစောကြီးရောက်တယ်။ ကိုတင်မြကို ဖမ်းလို့ ထောင်ထဲရောက်သွားတာ ။ အင်းစိန်ထောင်ကိုရောက်တာပေါ့ ။

လမ်းစဉ်ပါတီ ဖြစ်လာတဲ့အခါကျတော့ သူက ကျနော်တို့ လမ်းစဉ်ပါတီကို ထောက်ခံတယ်ဆိုလို့ ကျနော်နဲ့၊ ဗိုလ်မှူးကြီးစောမြင့် နဲ့ ဦစောဦး နဲ့ ဗိုလ်မှူးကြီးမောင်လွင် နဲ့ ထောင်ထဲကထုတ်လာပြီး လမ်းစဉ်ပါတီမှာ နေရာပေးခဲ့တာ။ အဲဒီကနေစပြီး ကျနော်တို့ လမ်းစဉ်ပါတီအလုပ်ကို တောက်လျှောက်လုပ်လာတာ သူက ဗဟိုကော်မတီတောင်ဖြစ်သေးတယ် ။
သူဗဟိုကော်မတီ ဖြစ်တော့ ပါတီထဲမှာ ကျနော် မရှိတော့ဘူး ။ သူ ဗဟိုကော်မတီရေးရာ အတွင်းရေးမှူးလုပ်ပြီးတော့ ပါတီကနေ ဘယ်အချိန်နားသွားလဲ ကျနော် မသိဘူး ။ သူနဲ့ မတွေ့တာ အဲ့နောက်ပိုင်း မတွေ့ဘူး ။

ဒီဘက်ခေတ် အရေးအခင်း ပြီးမှ ပြန်တွေ့တာ ။ အဲတော့ သိပ်အဆက်မပြတ်ပါဘူး။ သူ့မှာ ဘာမှ မရှိဘူးဆိုတာ တော့ မဟုတ်ဘူး ။ သူလိုအပ်တာတွေ  အစိုးရ ကထောက်ပံ့တယ်။ သူရောင်းခဲ့တဲ့ အိမ်ကြီးက ဟိုအရင် မဆလ လက်ထက်က သူ့ကိုပေးခဲ့တာ။ ဟို အရင် ရွှေတောင်ကြားမှာ နေခဲ့တဲ့ အိမ်ကြီးလည်း ရှိခဲ့သေးတယ်။ သူ့မိန်းမနဲ့သူ့သားသမီးတွေ မနေခင် ရွှေတောင်ကြားမှာ နေခဲ့သေးတယ်။  လုံးလုံးဘာမှ မရှိတာတော့မဟုတ်ဘူး ။ ရှိသင့်သလောက်တော့ ရှိခဲ့တယ် ။ ရှိပေမဲ့လို့ အလုပ်အကိုင်က နောက်ပိုင်းမှာ သိပ်တိတိကျကျ မဟုတ်တော့ နောက်ပိုင်းမှာ ကုန်တာပေါ့ဗျာ ။
အခု ကျနော်သိသလောက်တော့ ရန်ကုန်တိုင်း ဗိုလ်ချုပ်ကြီးမြင့်ဆွေ တို့၊ သမ္မတကြီး ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကျော်ဆန်း၊ နောက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တို့ရော သူမကျန်းမာတော့ တတ်နိုင်သမျှ အတော်ပေးကြပါတယ်။ ပေးပေမယ့်လို့ဗျာ ဒီခေတ် ပိုက်ဆံက ဘယ်လောက်ပေးပေး ဘယ်လောက်မလဲ ဟုတ်လား ။ နေမကောင်းတာကိုး ။ သေတာကတော့ နေမကောင်းရင်းက လေဖြတ်သလိုဖြစ်သွားပြီး သတိတွေ ဘာတွေ မေ့ကုန်တာပေါ့ဗျာ။ ခင်ဗျားပြောသလို သူဘာမှ မရှိဘူး၊ နှမြောတယ်ဆိုတာက သူက အစိုးရ အလုပ်လည်း သူလုပ်တာမှ မဟုတ်ပဲကိုး။ သူက နိုင်ငံတော်ကောင်စီ ဘက်မှာ မပါဘဲ လမ်းစဉ်ပါတီဘက်မှာ ပါတာလားမသိဘူး ။

သူ၊ ဦးရဲထွဋ် တို့ပထမတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူသေးတယ်။ နောက်တော့ သူတို့ကို ဖယ်ထုတ်လိုက်တယ်။ ကျနော်က အဲဒီတုန်းက ဒီမှာ မရှိတော့ သိပ်မသိဘူး ။ …”

ထိုစဉ်တွင် စာရေးဆရာ ကိုကိုမောင်ကြီး ၏ တူမဖြစ်သူမှ မွေးနေ့အဖြစ် ဘုရားကို လာခြင်းဖြစ်ကြောင်း၊ ညနေ ၆ နာရီမှ  ၇နာရီ အထိ ဗိုလ်တထောင် ဘိုးဘိုးကြီး  (ရောဟဏီဘိုးဘိုးကြီး) တွင် အဓိဋ္ဌာန်ပြုမည်ဖြစ်၍ အခုပင် ၇ နာရီ ထိုးတော့မည်မို့ ကျနော်လည်း သူတပါး၏ မွေးနေ့တွင် သေဆုံးသူ တစ်ယောက်အကြောင်း အင်တာဗျူးမိလျက်သား ဖြစ်နေခြင်းကိုသာ တအံ့တဩဖြစ်ခဲ့မိသည်။ ထိုမေးမြန်းမှု ဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့သော စာရေးဆရာရွှေစွန်ညို အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း လည်း မှတ်တမ်းတင်လိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Yan Naung (Bo Ta Htaung), အင်တာဗျူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments