အီကြာအော် – “ဖွတ်ကလေး၊ အီကြာအော်နှင့် အဖာတရာ ခက်သေးရွာ”

March 23, 2015

 

အီကြာအော် – “ဖွတ်ကလေး၊ အီကြာအော်နှင့် အဖာတရာ ခက်သေးရွာ”

(မိုးမခ) မတ် ၂၃၊ ၂၀၁၅

နွေရွာသီသို့ ရောက်ပြီ ဖြစ်သဖြင့် ခက်သေးရွာကြီးသည်လည်း ရာသီဥတုဒဏ်ကို အတော်ပင် ခံနေရသည်။ ခက်သေးရွာတဝိုက် ရှိရှိသမျှ အပင်သေး၊ အပင်လတ်၊ အပင်ကြီး ဘာမှမကျန်အောင်ပင် ခိုနီတို့က ရွာလူဂျီးများနှင့် ပေါင်းစား၍ ခုတ်ရောင်းလေသောကြောင့် ခက်သေးရွာနီးတဝိုက်ရှိ တောင်တို့ မှာ ကတုံးဖြစ်ရရှာသည်။  ခက်သေးရွာ၏ ထုံးစံအတိုင်း နွေရောက်လျှင် မီးမှန်မှန်မလာသဖြင့် အီကြာအော်တယောက်မှာ ယပ်တောင်တချောင်းဖြင့် တဖြတ်ဖြတ်ခတ်ရင်း ခေတ်ပျက်သူဌေး ခိုနီတို့ကို စိတ်ထဲမှ ကျိတ်ပြီး ဆဲဆိုနေလေတော့သည်။

“ခွေးမသား၊ အဲ….. ခိုမသား ခိုနီ၊ ဒီကောင်တွေကြောင့် ငါတို့ ခက်သေးရွာလည်း ကတုံးဖြစ်၊ ငါတို့လည်း လူမွှေးတောင်မပြောင်တော့ဘူး”

ထိုအချိန်တွင် ဖွတ်ကလေးတယောက် သူ့ဆရာအီကြာအော်နှင့် မတွေ့သည်မှာ ကြာပြီ ဖြစ်သဖြင့် ခက်သေးရွာလယ်ရှိ အီကြာအော်၏အိမ်သို့ ပေါက်ချလာတော့သည်။

“ဆရာအော် နေကောင်းရဲ့ လားဗျ”

“ဟေ့ကောင် ဖွတ်ကလေး၊ လူကနေကောင်းပေမဲ့ စိတ်က နေမကောင်းဘူးကွ”

“ဘာဖြစ်လို့လည်း ဆရာအော်ရဲ့”

“ဘာဖြစ်ရမှာလည်းကွ၊ တို့ရွာသား အများစုလိုပဲ စိတ်နှလုံး မချမ်းသာစရာတွေပဲ တွေ့နေရတယ်၊ ကြွက်နီတို့ ကလေးတွေ တောင်းတာ ရွာလူဂျီးတွေက ပေးလိုက်ရင် ပြီးရောကွာ”

အီကြာအော်က စိတ်မကောင်းဖြစ်နေသော လေသံဖြင့် ပြောလိုက်လေသည်။

တလောက ကြွက်နီတို့ ကလေးတသိုက် ခက်သေးရွာလယ်ကောင်တွင် ပုဆိုးစလွယ်သိုင်း၍ ဆန္ဒပြကြသည်။ ကလေးပီပီ ရိုးရိုးသားသား တောင်းစရာရှိသည်ကို တောင်းကြသည်။ ခက်သည်က ခက်သေးရွာသူဂျီး ဘပြောင်တို့တသိုက်ဖြစ်သည်။ တခုတခုတောင်းလျှင် ရွာ့ပစ္စည်းကို သူ့ပစ္စည်းလုပ်ကာ ကပ်စေးနည်းတော့သည်။

 “အခုတော့ ရွာသိက္ခာကျတယ်” အီကြာအော်က မကျေမချမ်းဖြင့် ပြောလိုက်သည်။

“ရွာမှာ သိက္ခာဆိုတာရှိသေးလား ဆရာအော်ရဲ့”

“မင်းကလည်း ဒုံးဝေးလိုက်တာကွာ၊ မရှိမဲ့ရှိမဲ့ သိက္ခာဆိုတာလေးတော့ ရှိရသေးတာပေါ့”

“ကြွက်နီတို့ ကလေးတွေတောင်းတာက ဘာမှမဟုတ်ပါဘူးကွာ၊ ကျောင်းမှန်မှန်တက်မယ်၊ စာကြိုးစားမယ်၊ ပညာကောင်းကောင်းသင်ချင်တယ် လူကြီးတွေကို ဘာမှ စော်ကားနေတာမဟုတ်ဘူး”

“အေးလေ……တို့ခက်သေးရွာက ရွာလူဂျီးးတွေလည်း လူကကြီးပြီး အချိန်မစီးတာ ကြာပြီလေကွာ”

“ရွာလူဂျီးတွေ ကြည့်ရတာတော့ စားရလွန်းလို့ ဗိုက်တရွှဲရွှဲနဲ့ အလေးစီးတာက ပေါက်ချိန်စက်တောင် ကျိုးမဲ့ပုံပဲ ဆရာအော်ရဲ့၊ အချိန်တော့ တော်တော်စီးမှာပါ”

 

ဖွတ်ကလေးက ဝရုံမက စားရလွန်းသဖြင့် ဖီးနေသော ခက်သေးရွာ လူဂျီးများကို စိတ်ထဲမှ မြင်ယောင်၍ ပြောလိုက်လေသည်။

“မင်းကလည်း တိမ်လိုက်တာကွာ၊ အချိန်မစီးဘူးဆိုတာ အသုံးမကျဘူး ပြောတာကွ”

အီကြာအော်က ထုံးစံအတိုင်း ခက်သေးရွာသားတချို့ ကဲ့သို့ ထုံလေရှာသော ဖွတ်ကလေးကို ဒေါပွစွာဖြင့် ပစ်ဟောက်လိုက်လေသည်။ ဖွတ်ကလေးနှင့် မိမိစကားပြောလျှင် ခရီးမပေါက်သည်မို့ အီကြာအော်တယောက် တင်းသွားတော့သည်။

“ဆရာအော် အခုတလော ဘာစာတွေ ရေးနေသလဲ”

 

သူ့ဆရာ အီကြာအော် တင်းသွားမှန်းသိသောကြောင့် ဖွတ်ကလေးက လေပြေ ထိုးတော့သည်။ အီကြာအော်က တခါတလေ စာလေး မတောက်တခေါက် ရေးတတ်သည်မို့ သူ့ဆရာ စိတ်ပြေရန် စကားလမ်းကြောင်းလွှဲလိုက်သည်။ စာရေးဆရာလုပ်ချင်သူ အီကြာအော်မှာ သရော်စာ နည်းနည်းပါးပါး ရေးသဖြင့် သူစာရေးသည့်အကြောင်း ပြောလျှင် စိတ်ပြေသွားတတ်သည်ကို ဖွတ်ကလေးက သိနေလေသည် မဟုတ်ပါလား။

“ဘာမှ မရေးပါဘူးကွာ၊ တို့ခက်သေးရွာက ရွာလူဂျီးတွေလုပ်ပုံနဲ့ လူရွှင်တော်တွေ၊ ငါတို့လို သရော်စာရေးတဲ့သူတွေ ထမင်းငတ်ကိန်းပဲကွ”

 

“သမ္မတလုကြမ်းအဖွဲ့ဆိုတာ မဟုတ်ဘူးကွ၊ သမ္မတ လူရွှင်တော်အဖွဲ့လို့ပဲ ခေါ်ရမယ်”

ခက်သေးရွာလူဂျီးများကား ပေါက်ကရ ပြောရာတွင် တခြားရွာမှလူဂျီးများ မမှီအောင် စကားပြောတတ်ကြသည်မို့ အီကြာအော်က ခနဲ့၍ ပြောလိုက်သည်။

ခက်သေးရွာသမတဂျီးက ဆင်းရဲ၍ထမင်းမစားနိုင်သဖြင့် ပိန်လှီနေသော  ကြွက်နီတို့လို ကလေးတွေကို အားရှိအောင်ဆိုကာ နွားနို့သောက်ခိုင်းသည်။

ရွာလူဂျီးတပါးက ဆင်းရဲလျှင် ထမင်း နှစ်နပ်စားမည့်အစား တနပ်စားပါက

ငွေကုန်သက်သာမည်ဟု ပြောပြီး ထမင်းလျှော့စားခိုင်းသည်။ မီးမလာလျှင် ဖယောင်းတိုင် ထွန်းပေါ့ဟုပြောသူ ရွာလူဂျီးကလည်း ရှိသေးသည်။

ခက်သေးရွာကား နာမည်နှင့်လိုက်အောင် နေရာတကာတွင် အမြဲပင် ခက်ပေတော့သည်။ လွယ်တာကိုပင် ကြိုးစားပြီး မခက် ခက်အောင် လုပ်ကြသည်မှာ ခက်သေးရွာလူဂျီးများသာ ဖြစ်ပေတော့သည်။ ရွာပေါင်းစုံအခက်ဆုံးဆု ယှဉ်ပြိုင်လျှင် ခက်သေးရွာတွင် လူလုပ်ရခြင်းမှာ အခက်ဆုံးချန်ပီယံ အထပ်ထပ်ကွမ်းလောက်ပေသည်။ ဥပမာ-ဆြာဝန်ကြီးများ ရာထူးတိုးလျှင် နေပူတော်ရပ်ကွက်ရှိ ရွာလူဂျီးများထံသို့ အချိန်ကုန်၊ ငွေကုန်ခံ၍ ကန်တော့ကြရသည်။ လူဂျီးများက ထုံးစံအတိုင်း အကန်တော့ခံကြသည်။ မကန်တော့သူကို ခက်သေးရွာလူဂျီးပြီပြီ စိတ်ကောက်တော့သည်။ ပါးစပ်က ဖွင့်မပြောသော်လည်း “သွားရော့ လဟယ်” ဟုဆိုကာ ခက်သေးရွာသား ရောင်ခြောက်ဆယ် အဲ ရွာသားသန်းခြောက်ဆယ် အနက် လဟယ်ရွာသားများမှအပ မည်သူမျှမရောက်ဘူးသော လဟယ်ရွာလိုနေရာသို့ ချောင်ထိုးခံရပေတော့မည်။ 

ကန်တော့ခံသည်မှာ ခက်သေးရွာ၏ ဓလေ့ထုံးစံသာ ဖြစ်လေတော့သည်။ ကန်တော့ယဉ်ကျေးမှုကိုသုံး၍ ဘုံးရခြင်းသည်ကား ကိုယ်ပိုင်အရည်အချင်းကောင်း မရှိရှာသော ခက်သေးရွာလူဂျီးများ ခေတ်အဆက်ဆက်တွင် သုံးခဲ့သည့် အောက်လမ်းနည်းပညာသာ ဖြစ်တော့သည်။ ပြောမဲ့သာပြောရသည်၊ အီကြာအော်ကိုယ်တိုင်တောင် ခက်သေးရွာသားပြီပြီ ကိုယ့်ကို လာကန်တော့မှကြိုက်သည်။ ကန်တော့ယဉ်ကျေးမှုက အရိုးအထိစွဲနေပြီကိုး။

ယခုအခါတွင်ကား ခေတ်နှင့်အညီ ခက်သေးရွာလူဂျီးများလည်း ခေတ်မီလာသည်။ ဖွဘုတ်ခေတ်တွင်ကား ကြွက်နီတို့လိုကလေးများသာမက ခက်သေးရွာ သမဒဂျီး၏ ပြောရေးဖွခွင့်ရှိသူ ဦးရဲပွတ်ကပါ ဖွဘုတ်ကိုသုံး၍ အသားကုန် ဖွလေတော့သည်။ ခက်သေးရွာလူဂျီးများ၏ လက်ပါးစေ ဖွအားရှင်တို့ကား တို့တာဝန်အရေးသုံးပါးကို ကြွေးကြော်၍ အားရပါးရ ဖွကြလေတော့သည်။ အတင်းအဖျင်းဆိုလျှင် သန်းရှာ၍ ရွာရိုးတလျှောက် မိမိ၏ စားရိတ်နှင့် တအိမ်ဆင်းတအိမ်တက် အတင်းတုပ်ဝါသနာအိုးတို့အတွက်ကား ဖွဘုတ်သည် ဘုရားသခင်က ချီးမြှင့်သော ဆုလာဘ်တခုသာလျှင် ဖြစ်ပေတော့သည်။ ဖွသူများလာသောကြောင့် အကျိုးအမြတ်ရသွားသူများမှာကား ဆင်းမ်ကဒ်ရောင်းသော အော်ရီဒူး၊ တက်လိမ်နော ကုမ္ဗဏီများသာ ဖြစ်တော့သည်။

ခက်သေးရွာ သမတဂျီး၏ ပြောရေးပွတ်ခွင့်၊ဖွခွင့်ရှိသူ ဦးရဲပွတ်တယောက် ခက်သေးရွာသမတဂျီးပြောသမျှကို ဖာပြီးပြောရလွန်းသောကြောင့် နာမည်ရင်းဦးရဲပွတ်ပျောက်ပြီး ဦးဖာဖြစ်ရရှာသည်။(စကားချပ်-သူကြီးအမေပု၏ အဖိုးဦးဖာနှင့် မလွဲစေလို)။ ဦးရဲပွတ်၏ဇနီးက ဘာမဆိုင်ညာမဆိုင် အမေပုကြောင်းကို ဖွဘုတ်တွင် သွားဖွမိသဖြင့် သူ့ခမျာသမတဂျီးကို ဖာရုံမက မိန်းမကိုပါ ဖာလိုက်ရသည်။

“တို့ခက်သေးရွာကြီးကတော့ ဗိုလ်ချုပ် ပြောခဲ့သလိုပဲ ဖာရွာကြီး ဖြစ်သွားပြီကွ ဖွတ်ကလေးရ”

“ဆရာပြောတာ ဟုတ်တယ်၊ လမ်းမှာလည်း ရွာလမ်းအပေါက်တွေကို ဖာနေတာ တွေ့ခဲ့သေးတယ်”

ဖွတ်ကလေးကလည်း သူလက်လမ်းမီသလောက် ဝင်၍ဆွေးနွေးလေသည်။ ခက်သေးရွာ လူဂျီးများမှာလည်း အပေါက်တွေ့လျှင် ဖာခရသည်ဖို့ ဝမ်းသာကြသည်။ ထိုသို့သော ဖာကြေးများမှာ လူဂျီးများအတွက် အပေါက်တွေ့တိုင်း စားပေါက်ဂွင် ဖြစ်နေပေသည်။

“မင်းဖာနဲ့ ငါ့ဖာက မတူဘူးကွ ဖွတ်ကလေးရ”

ထိုသို့ ဆရာတပည့်နှစ်ယောက် ဖာအမျိုးမျိုးအကြောင်း စကားကောင်းနေချိန်တွင် ဒေါ်အွန်မေးတယောက် မီးဖိုချောင်ထဲမှနေ၍ ပေါက်ချလာတော့သည်။

“ကိုအော်…..ကျုပ်အဝတ်လျှော်ဖို့၊ ထမင်းချက်ဖို့ ရေက မရှိတော့ဘူး၊ ရေစည်ပိုင်းက ပေါက်နေပြီ၊ ရှင်ခဏခဏ ဖာတာလည်း အဖာတရာလောက်တောင်ရှိနေပြီ၊မရတော့ဘူး ကျုပ်တို့ရွာသမတဂျီးလို ဖြစ်နေပြီ၊ ဘယ်လောက်ဖာဖာ ပြန်ုပြီး ရေယိုတာပဲ၊ ကိုခိုနီတို့ဆိုင်က စည်ပိုင်းအသစ်တလုံးပဲ အကြွေးနဲ့ သွားယူလိုက်ပါဦး”

“ဆရာအော်ရေ…… ဦးရဲပွတ်ကို ဆရာ့စည်ပိုင်း သွားဖာခိုင်းရင် ကောင်းလိမ့်မယ်၊ သူက အဖာတော်တယ်”

“ဟေ့ကောင် ဖွတ်ကလေး သူဖာလွန်းလို့ တို့ရွာသမတဂျီးတောင် အဖာတရာနဲု့ဖြစ်နေတာ၊ သူဖာလေ ဆိုးလေပဲ၊ သမတဂျီးလည်း ငါ့စည်ပိုင်းထက်တောင်မှ အခြေအနေဆိုးနေသေးတယ်။ စည်ပိုင်းအသစ်တလုံးပဲ သွားဝယ်လိုက်ပါတော့မယ်ကွာ”

ထိုသို့ဆိုရင်း အီကြာအော်တယောက် သူ၏အဖာတရာစည်ပိုင်းကို ဖာမှုလက်လျှော့၍ ဦးခိုနီဆိုင်မှ အဖာလွတ်စည်ပိုင်းတလုံးကိုဝယ်ရန် အဝယ်ထွက်သွားလေတော့သတည်း။ ။

သဗ္ဗေသတ္တာကမ္မသကာ

အီကြာအော်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်