ကိုသန်းလွင် – အိန္ဒိယသမိုင်းထဲက ဂန္ဓီ

March 25, 2015

ကိုသန်းလွင် – အိန္ဒိယသမိုင်းထဲက ဂန္ဓီ
(မိုးမခ) မတ် ၂၅၊ ၂၀၁၅

(၁)

ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ များစွာသော ခေါင်းဆောင်မှု အရည်အချင်းများတွင် ပြဿနာကိုမြင်အောင်   ကြည့်တတ်ခြင်း နှင့်ထိုပြဿနာကို  ဖြေရှင်းလိုသော စိတ်ဓါတ်ရှိခြင်း သည်တခုအပါအ၀င်ဖြစ်ပါသည်။

(၂)

ကျွန်တော်သည် ဤဆောင်းပါးပါ အချက်အလက်များကို ပရော်ဖက်ဆာ နီမာဘို့ (စ) (Nimal Kumar Bose) ၏ ဂန္ဓီနှင့်နေရသော နေ့များ ( My Days with Gandhi) စာအုပ်မှ အများဆုံးရယူပါသည်၊ အခြားသောစာအုပ်များ တွင် ဂန္ဓီ၏ အိန္ဒိယ ကျေးရွာများသို့  လှည့်လည်သွား လာနေထိုင်ခြင်းကို အကျယ်တ၀င့် ရေးသားထားသည်ကို မတွေ့ရပါ။

၁၉၆၄ ခုနှစ်မှာ အိန္ဒိယ နိုင်ငံသည် အင်္ဂလိပ်တို့ထံ မှ လွတ်လပ်ရေး ရခါနီးဆဲဆဲဖြစ်သည်၊ ထိုအချိန်မှာ မွတ်စလင် နှင့် ဟိန္ဒူ လူမျိုးရေး ဘာသာရေး အကွဲ အပြဲမှာ ထိပ်ဆုံးသို့ ရောက်လာခဲ့သည်၊ ကျယ်ပြန့်ပြီး လူဦးရေ များသောအိန္ဒိယ နိုင်ငံမှာ ကိုးကွယ်သည့် ဘာသာဝါဒ အကွဲပြားဆုံး ပြဿနာ အများဆုံး နိုင်ငံ များတွင်ပါဝင်သည်၊ ဟိန္ဒိုဘာသာ ကိုးကွယ်သူက အများစုဖြစ်သည်၊  မွတ်စလင်ကိုးကွယ်သူတွေ က လည်း နိုင်ငံ အနှံ့မှာရှိသည်၊   ပြဿနာဖြစ်ပြီဟု ဆိုလျင် တဦးကိုတဦး မညှာမတာ အသေရိုက်နှက်ကြသည်၊  အိမ်တွေကို မီးရှို့ကြ သည်၊ များသောအားဖြင့် ဖိနှိပ် အခံရဆုံး မှာ မွတ်စလင်လူနည်းစုဖြစ်သည်၊ ဒုက္ခအဖြစ်ဆုံး နယ်မှာ ယခု ဘင်္ဂလားဒေ့(ရှ်) နိုင်ငံဖြစ်နေသော ဘင်္ဂါလီနယ်ဖြစ်သည်၊  ကပ်လျက်သား နေရာ ဘီဟာပြည်နယ် မှာလည်း အဆင်းရဲဆုံးနယ် ဖြစ်ပြီး  ပြဿနာ အများဆုံးနယ်များတွင် ပါဝင်သည်။

အောက်တိုဘာ (၂၅) ရက်နေ့က Chapra  ရွာတွင် မွတ်စလင်အများအပြားနှင့် ဟိန္ဒိုလူမျိုးများ ပြဿနာဖြစ်ခါ အဓိကရုဏ်း    ဖြစ်ပွားခဲ့သည်၊ ကနဦးသေသူ အရေအတွက်ကို အငြင်းပွားကြရသော်လည်း အိန္ဒိယ တစ်နိုင်ငံ လုံး ဤပဋိပက္ခကြောင့် သေဆုံးရသူဦးရေမှာ နှစ်သိန်းခွဲ မှ တစ်သန်းအထိ ရှိမည်ဟုဆိုကြ သည်။

နေရူးအပါအ၀င် ကွန်ဂရက်ပါတီမှ ခေါင်းဆောင်များ အခင်းဖြစ်ပွားရာနေရာများသို့ အမြန်ရောက်သွားကြသည်၊ သို့သော် သူတို့ သည် ထိုအရပ်၌ တာရှည်မနေနိုင်ကြပေ လွတ်လပ်ရေးက ရခါနီးပြီ၊ သူတို့သည် မြို့တော် ဒေလီ၌ လုပ်စရာ အလုပ်တွေက အမြဲတမ်းရှိနေကြသည်၊
ဆီဒိုပါး (Sedopur) ရွာသို့ ဂန္ဓီကြီးသည် ၁၉၆၄ အောက်တိုဘာလ (၂၉) ရက်တွင်ရောက်လာသည်၊  သူ ကလကတ္တားမှာ ရှိစဉ်က အစည်း အဝေးတခု မှပြန်လာသော သူ့ကားကို သံကွင်းဖြင့် အပြစ်ခံရသည်၊ ကံအား လျော်စွာ လူကိုတော့ အထိအခိုက် မရှိ။ ဟိန္ဒို နှင့် မွတ်စလင်တို့အကြား ငြိမ်းချမ်းစွာ အတူနေထိုင်ရေး ဆော်သြနေသော ငြိမ်းချမ်းရေး တမာန်တော် ကြီး မှာအသက်ကို အမြဲရန်ရှာခံနေရသည်။

နိုဝင်ဘာလ (၆)ရက်နေ့တွင် နိုရာခါလီ ( Noakhali) သို့ မီးရထားဖြင့် သူသွားမည် ဖြစ်သည်၊ ဘီဟာ ပြည်နယ် အစိုးရက သူ့ရထားတွဲမှလူအုပ်ကို စကားပြောရန် လော်စပီကာ၊ အသံချဲ့စက်များ တပ်ဆင်ပေးထားသည်။

“ကျွန်တော်ခင်ဗျားတို့ဆီကို လာတာ တစ်ရက်နှစ်ရက်နေဘို့ မဟုတ်ဘူး တပါတ် နှစ်ပါတ်၊ တစ်လ နှစ်လ မဟုတ်ဖူး ဒီပြဿနာကြီး မပြီးမချင်းနေဘို့ ဖြစ်တယ်၊ ကျွန်တော်ရည်မှန်းချက်ကတော့ မွတ်စလင် တွေဟာ ကိုယ်အိမ်ကို သိက္ခာရှိရှိ ပြန်လာပြီး နေနိုင်စေရမယ်” ဟုလူအုပ်ကိုပြောခဲ့သည်။

ပြည်နယ်အစိုးရများက သူ့လုံခြုံရေး အတွက် လက်နက်ကိုင် အစောင့်အရှောက်ထည့်ရန် စီစဉ်သည်ကို ငြင်းပယ်ခဲ့သည်၊ သူကိုယ်တိုင် သံကွင်းပြစ်၍ အသက်သေအောင် ကြိုးပမ်းမူများကို သိသော်လည်း မိမိ အသက်ကို ပဓါန မထားသည့်သဘော ပင် ဖြစ်သည်။

သူ့ရည်ရွယ်ချက်မှာ ပြဿနာ တက်ခဲ့သော ရွာတိုင်းသို့သွားမည်၊ ထိုကျေးရွာများ၌ နေမည့်သူတိုင်း မိမိအိမ်မှာ လုံလုံခြုံခြုံ နေနိုင်ပါသည်ဟု ပြသလိုခြင်းပင်၊ သူကျန်းမာရေး ကောင်းနေသမျှ ဘယ်သူ့ကိုမှ ဒုက္ခ မပေး၊ ထို ကျေးရွာ တွေမှာ အဝေးကြီး မဟုတ်၊ တတ်နိုင်လျင် လမ်းလျှောက်၍သာ သွားသည်။

သူ့တွင် ကွန်ဂရက် ပါတီမှ လက်ထောက်တွေပါသည်၊ ထိုသူများသည် ရောက်ရာ ကျေးရွာမှ ဘာသာ စကားကို ပြောနိုင်ဆိုနိုင် ကျွမ်းကျင်သူများ ဖြစ်သည်၊ ထိုသူများကို တရွာတယောက် ချန်ထားခဲ့သည်၊ ထိုသူတို့သည် မိမိနေရာမှ ဖြစ်ပျက်သမျှ အကြောင်းခြင်းရာ တွေကို သူ့ထံ သတင်းပို့ရသည်။

သူသည် ပြည်နယ် အစိုးများနှင့်၎င်း ဒေလီမြို့တော်မှ လုပ်ဖေါ်ကိုင်ဖက်များနှင့်၎င်း အမြဲအဆက်အသွယ်ရှိ သည်၊ ပြည်နယ်အစိုးရများသို့ ကျေးရွာများ၌ လိုအပ်သော အကြောင်းအရာများကို ဖြည့်ဆည်းပေးရန် အကူ အညီ တောင်းတတ်သလို ဒေလီမှ မိတ်ဆွေများ ထံသို့လည်း အကြံဥာဏ်လို သမျှပေးရသည်၊  ဆက်သားများ တယ်လီဂရပ်များကို သုံးရသည်၊ သတင်းစာများကိုလည်း သူသွားလေရာ နေရာတိုင်းဖတ်နိုင်ရန် လက်ထောက် များက  စီစဉ်ပေးရသည်၊ သူသည်ခရီးသွားရင်း တဖက်ကလည်း တိုင်းပြည်၏ အရေးတကြီး ပြဿနာများကို တိုင်ပင်ညှိုနှိုင်း ဖြေရှင်းနေခြင်းပင် ဖြစ်သည်၊

အရေးကြီးသော နိုရာခါလီနယ်၏  အကြီးဆုံးရဲအရာရှိမှာ အဗ္ဗဒူလာဆာဟစ် (Abdullah Sahib)  ဆိုသူဖြစ် သည်၊ အဓိကရုဏ်းဖြစ်ရာ  တွင် ထိုမွတ်စလင် ရဲအရာရှိ သည်  မရိုးသားခဲ့ဟုဆိုသည်၊ တခါတရံ မသိဟန် ဆောင် နေတတ်သလို တခါတရံ အကြမ်းဖက်မှု အရေးအခင်း များကို အကူအညီပေးသည်ဟု လူပြောများ သည်၊

တနေ့တွင် ဂန္ဓီက မြို့နယ်တရားသူကြီးဖြစ်သူကို သွားရောက်တွေ့ဆုံသည်၊ အစည်းအဝေးခန်းမှ  ထွက်လာ သော ဂန္ဓီက ရဲ အရာရှိကြီးကို တွေ့သွားလေသည်၊  “ ဟာ အင်စပက်တာကြီး ပါလား လူတွေကတော့ ခင်ဗျား ဟာ အတော်ကောက်ကျစ်စဉ်းလဲ တဲ့လူ  လို့ပြောနေကြတယ်  အဲ့ဒါဟုတ်လား ဗျ ’’ ဟု ရယ်သွမ်းသွေး မေးခဲ့သည်ဟုဆိုသည်၊

နောင်သော် လူထုဆွေးနွေးပွဲများတွင် ပရိတ်သတ်က  ထိုရဲအရာရှိကို ရာထူးမှ ဖယ်ရှားပေးရန်တောင်းဆိုခဲ့ကြ သည်၊ “  သူဟာစာနာစိတ်မရှိဘူး ’’  ဟုပြောကြသည်၊  ဂန္ဓီကြီးက လက်မခံပေ၊ “  စာနာစိတ်ရှိတဲ့ ရဲအရာရှိ ဆိုတာ ကျုပ် မတွေ့ဘူးသေးဘူး ရဲဆိုတာ စာနာစိတ်ရှိစရာ မလိုဘူး’’  ဟု ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်

(၃)

ဂန္ဓီကြီးသည် အိန္ဒိယမှ မြောက်များစွာသောကျေးရွာနေ လူထု၏ ဘ၀ကို စာနာတတ်ခဲ့သူဖြစ်သည်၊ သူကနိုင်ငံ တော် ပြုပြင်ရေးလုပ်ငန်းများကို ကျေးရွာများတွင်စတင်ရမည်ဟုဆော်သြခဲ့သည်၊ ကျေးရွာများတွင် လူနေမှု အဆင့် အတန်း မြင့်လာမှ တစ်နိုင်ငံလုံးအရည်အသွေး တိုးတက်လာမည်ဟု ယုံကြည်ခဲ့သည်၊ လျပ်စစ်နှင့် သန့်ရှင်း သော ရေရရှိရေး  တစ်ကိုယ်ရေသန့်ရှင်းရေး စသည့်ကိစ္စများကို အကြိမ်ကြိမ်ဟောပြောပြီး သတင်းစာ များတွင် စာအစောင်စောင်ရေးခဲ့သည်၊ ပြည်နယ်အစိုးရ ဗဟိုအစိုးရ လူပုဂ္ဂိုလ် အမြောက်အများထံ ကျေးရွာများ တွင်လက်ရှိအခြေအနေကိုတင်ပြပြီး ပြုပြင်ရေးကိစ္စများကို ဆော်သြခဲ့သည်၊ စက်မှုလုပ်ငန်းတိုးတက်ရေးမှာ  ကျေးရွာတိုင်း စက်မှုထုတ်ကုန်လုပ်ငန်း အသေးစားများဖြင့် စတင်ရမည်ဟု ဆိုခဲ့သည်၊

သူသည် ဘယ်ရွာမှာ ဘယ်နှစ်ရက်နေမည်ဟု သတ်မှတ်၍မထား၊ အကူအညီပေးဘို့ဖိတ်ခေါ်လာသည့်ရွာမရှိ လျင်ဖြစ်စေ နေထိုင်မိရာရွာမှာ ပြဿနာတွေ မပြီးပြတ်သေးဟု ထင်လျင်ဖြစ်စေ ဆက်၍နေထိုင်တတ်သည်၊

ကျေးရွာများတွင် သူ့အတွက်နေစရာနေရာကို လက်ထောက်တွေက စီစဉ်ပေးရသည်၊ ကွန်ဂရက်ပါတီဝင် တို့၏ အိမ်တွေက သူကို အိမ်မှာလာနေပါဟုဖိတ်ခေါ်ကြသည်၊  ရွာတစ်ရွာတွင် အိမ်ဝင်းကျယ်တစ်ခု၌  အိမ်  လေး၊ ငါး၊ ခြောက်လုံးရှိသည်၊ မွတ်စလင် အများစုမှာ လက်လွတ် ထွက်ပြေးသွားကြခါ သူတို့ အိမ်တွေမှာ ဗလာကျင်း နေသည်၊ နေမည့်သူ မရှိကြပေ၊ ထိုအိမ်ဝင်းကျယ်တွင် ဂန္ဓီကြီး ကိုတည်းခိုဘို့ စီစဉ်ပေးကြပြီး သူကလည်း အိမ်ပိုင်ရှင် များကိုလုံခြုံရေးကို ကျွန်တော်တာဝန်ခံပါသည်၊ ပြန်လာကြပါဟုဖိတ်ခေါ်လေသည်၊ တချိန်ထဲမှာပင်  ဂန္ဓီက ဤ ပြဿနာတွေကို ဖြေရှင်း မပြီးမချင်း ထိုကျေးရွာ များ မှာပင်နေတော့မည်ဟု ကျေညာလေသည်၊

ဆင်းရဲချမ်းသာ၊ ဘာသာမရွေး ၊ လူမျိုးမရွေး ဂန္ဓီကြီးထံ လာရောက်တွေ့ဆုံကြပေသည်၊ အိမ်ရှင် ဟိန္ဒူ အမျိုး သမီး ကြီး မှာ သူ့ရောဂါဝေဒနာပျောက်ရန်ရေစည် တလုံးနှင့် လာပြီး  ဂန္ဓီ၏ လက်နှင့် ထိ၊ စပ်၊ သိဒ္ဓိ  တင်ပေး ပါဟုမေတ္တာရပ်ခံဘူးသည်၊  ဂန္ဓီကြီးက ရေကိုကျိုချက်သောက်ရန်လိုကြောင်းပြောသည်ကိုလက်မခံ အတင်း မေတ္တာရပ်သဖြင့် သူ့လက်ကို  ရေစင်စင်ဆေးပြီး သူ့ရေအိုးထဲမှရေကိုလက်နှင့်မွှေပေးလိုက်ရသည်။

ဧည့်သည်များကိုလက်ခံ ပြည်နယ်နှင့် ဗဟိုရ် အစိုးရတို့ကို အကြံဥာဏ်တွေပေးနေရသော သူ့ဘ၀မှာ ကျေးရွာတွေထိလိုက်ပြီး အလုပ်ဒဏ်ပိနေလေသည်၊ သူသည် နေ့စဉ်နံနက် (၄)နာရီ၌ အိပ်ရာမှထသည်၊ သူ၏ သွားတိုက်တန် မှာ သစ်ပင်မှ သစ်သားချောင်းကို အဖျား၌ ပိပြားအောင်ထုထားသော ဒုတ်ချောင်းတခုသာ ဖြစ်သည်၊ သွားတိုက်ဆေးမှာ တခါတရံ ဆား၊ တခါတရံ မီးသွေးဟုဆိုသည်၊ ဆိတ်နို့ နှင့် သံပုရာ လိမ္မော်၊ သစ်သီးရေ ကို နံနက်စာ အဖြစ်သတ်မှတ်သည်၊ တစ်ပတ်လျင် တနင်္လာနေ့တိုင်း ၀စီပိတ်ကျင့်သည်၊ စကား မပြောတော့ပေ၊ ထိုနေ့တွင်ပြောစရာရှိသည်တို့ကို စာနှင့် ရေးပြီးပြောရသည်၊

နံနက် (၇း၃၀)တွင် ၂နာရီခန့်ကြာလမ်းလျှောက်သည်၊ ဖိနပ်မှာ သားရေကိုဖြတ်ပြီး လုပ်သောလက်ဖြစ် ဖိနပ် ဖြစ် သည်၊ ၀ါးပင်မှ ခုတ်ဖြတ်ပြီးသား အရွယ်တော်ဒုတ်ချောင်း မှာ လက်ကိုင်တောင်ဝှေးဖြစ်သည်၊ ထိုခရီးစဉ်များ အတွင်း ကျောင်းတက်နေတာကိုတွေ့လျင် ကလေးတွေစာအန်သံကို နားထောင်နေတတ်သည်၊ ဖျားနာသည့် ကလေးတွေရှိရာအိမ်  ကို ရောက်အောင်သွားပြီး လူနာမေးတတ်သည်၊ ဆေးပေးတတ်သည်၊

တည်းခိုအိမ်သို့ ပြန်ရောက်သော် ရေမိုးချိုး အနှိပ်ခံ စာရေးစရာရှိလျင် သူက ရှေ့ကကြောင်းပေးသည်ကို လက်ရေးတိုသမားတွေက လိုက်ရေးပေးကြရသည်၊  သတင်းစာ များမှ ခေါင်းစဉ်တွေကို ဖတ်ပြရပြီးသူက သိလိုလျင်  သတင်းပါ အကြောင်းအရာတွေကို ဆက်ပြီး ဖတ်ပြရသည်၊  မနက်ခင်းနှင့် ညနေပိုင်း၊ ဘုရားဝတ်ပြု ချိန်များတွင် သူ့အဖွဲ့ ကို စုစည်းစေပြီး သူကပြောစရာ ဆွေးနွေးစရာများကို ဦးဆောင်ဆွေးနွေး လေ့ရှိသည်။
သူအိပ်သော မွှေ့ယာကို ခေါက်ပြီးသိမ်းသော် ထိုနေရာသည် သူ၏ အလုပ်လုပ်ရာနေရာဖြစ်သွားတော့သည်၊    ထိုကာလသည် သူ့အတွက် အလုပ်လုပ်နိုင်ဆုံးကာလတွေဖြစ်သည်ဟု အကဲဖြတ်၊ ဝေဖန်သူတွေက ဆိုကြ သည်၊ သူနှင့်  လာနေပါရစေဟု ခွင့်ပြုချက်တောင်းသော စာတွေအမြဲရနေသည်၊ ဂန္ဓီသည် ထိုတောင်းပန်လာ သူများ ကို အမြဲငြင်းပယ်ခဲ့သည်၊ သူကိုယ်တိုင် ဘာလုပ်ရမည်ကို သေချာမသိ ဖြစ်နေချိန်တွင် လူပိုတွေကို ခေါ်မထားလိုခြင်း ပင်ဖြစ်သည်၊

နိုရာခါလီ၊ ဆီဒိုပါး၊ ကုသိတာ၊ ချန်ဒီပါ၊ ဒတ်တာပါရာ၊ ကာဇာကီ၊ စရီရမ်ပါ စသောကျေးရွာတွေမှာ တရွာပြီးတရွာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး နောက်ဆုံး စရီရမ်ပါ (Srirampur) မှာ အကြာဆုံး ၄၁ ရက်နေထိုင်ခဲ့သည်၊

“ကျုပ်တော့ဒီရွာမှာ ဒီထက်ပိုပြီး အကြာကြီး နေရတော့မယ်နဲ့ တူတယ်၊ ကျုပ်ကတော့ မွတ်စလင်တွေ ၀ိုင်းပြီး သတ်ရင်လည်း သေဖို့ အဆင်သင့်ပဲဟု ငြီးငြူဘူးသည်၊

သူ၏ချည်ငင်ဘီးကိုလည်း သွားလေရာ ယူသွားပြီး တနေ့လျင် နှစ်နာရီ အချိန်ယူကာ ချည်ငင်နေတတ်သည်၊ သူ့အယူအဆမှာ ကျေးရွာတိုင်း မိမိလိုအပ်ချက်ကို မိမိ ဘာသာ ဖြည့်ဆည်းနိုင်ရမည်ဟု ပြောလိုချင်းပင် ဖြစ်သည်။ နိုင်ငံခြားဖြစ်ကို အားမကိုးဘဲ မိမိဖါသာနေ၍ ဖြစ်အောင်ပြည်တွင်းဖြစ်ကို အားပေးရမည်ဟု အမြဲ တိုက်တွန်းနေတတ်သည်၊

၁၉၄၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် (Inter Asian Relation Conference) ကို ဒေလီမြို့တော်တွင် ကျင်းပရန် ရှိသည်၊ ဂျပန်တွေ စစ်ရှုံးပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကြောင်း ဆွေးနွေးရန် အိန္ဒိယ နိုင်ငံမှ ကြီးမှူးပြီး အာရှနိုင်ငံ ပေါင်းစုံ တက်ရောက်သော ကွန်ဖရန့်ကို ကျင်းပရန်စီစဉ်ထားလေသည်၊ နေရှုးက ဂန္ဓီကြီးကို ဤကွန်ဖရန့်သို့ တက်စေလိုသည်၊ မဖြစ်မနေ ပြန်လာပါဟုခေါ်သည်၊ သူသည် ဘီဟာနယ်မှ မတ်လ ၃၀ ရက်နေ့တွင် မီးရထားဖြင့် ပြန်လာခဲ့ရလေသည်။

ဤသို့ဖြင့် ဂန္ဓီ၏ ကျေးရွာများတွင် လှည့်လည် နေထိုင်ရေး လုပ်ငန်းများ  အပြီးသတ်ခဲ့ရသည်။

(၄)

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသည်နှင့် ပါကစ္စတန်နှင့် နယ်တို့သည် အိန္ဒိယ နှင့်ခွဲထွက်ပြီး သီးခြား လွတ်လပ်သော နိုင်ငံဖြစ်လာသည်၊ ထိုအဖြစ်အပျက်များက ဂန္ဓီကြီး၏ စိတ်ကို မသက်မသာ ဖြစ်စေခဲ့လေသည်၊ လွတ်လပ်ရေးအခမ်းအနား များကို တနိုင်ငံလုံးချိမ့်ချိမ့်သဲ ကျင်းပနေချိန်မှာ သူသည် ကာလကတ္တား မြိုံသို့ ရောက် နေပြီး ကုတင်တလုံးပေါ်တွင်ထိုင်ခါ မှိုင်တွေချနေခဲ့သည်ဟု ဖတ်ရဘူးသည်၊ သူသည်ရာထူးယူရန် မကြိုးစား မိမိပိုင်ပစ္စည်းတိုးပွားရန်မလုပ် သူ့ဘ၀ တလျောက်လုံး ဖြေရှင်းရန်ခက်သော ပြဿနာတွေဖြင့်သာ လုံးခြာလိုက်နေခဲ့ပေသည်၊

ကျွန်တော်သည် ကျွန်တော်တို့ နိုင်ငံ၏ အရှုတ်အထွေးပြဿနာများကို ဖြေရှင်းရာတွင် ဂန္ဓီကြီးကဲ့သို့ ခေါင်းဆောင်ကြီးတွေ ရှိလျင်ကောင်းမှာဘဲဟု တွေးနေမိသည်၊ တောက်ပြောင်သော အ၀တ်အစားတွေကို ၀တ်ခါ လွှတ်တော်တက်ပြီး အချိန်ဖြုံးနေကြသော ကျွန်တော်တို့ နိုင်ငံမှခေါင်းဆောင်ကြီးတွေကို မြင်သော် အားတက်စိတ် ဖြစ် မလာမိပေ၊

ကျွန်တော်တို့ နိုင်ငံတွင် လက်ပန်းတောင်းတောင်မှာသော်၎င်း၊ လက်ပံတန်းမြို့ အရေးအခင်း မှာသော်၎င်း ပြဿနာဖြစ်ရာနေရာသို့ အရောက်လာပြီးပြဿနာကို နားလည်အောင်လုပ်သော ခေါင်းဆောင်တွေ ရှိဘို့ ကောင်းသည်၊  ပြဿနာမပြေလည်းမချင်း ထိုအရပ်မှ မပြန်ဘဲ ပြည်သူတို့အကြား ၀င်ရောက်နေထိုင် ဖြေရှင်းတတ်သော ခေါင်းဆောင် ကောင်းများကို မျှော်လင့်မိပါသည်၊

ကိုသန်းလွင်

Photo credit – http://superheroexperiments.com/wp-content/uploads/2013/03/gandhi.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

One Response to ကိုသန်းလွင် – အိန္ဒိယသမိုင်းထဲက ဂန္ဓီ

  1. Ba Ba Gyi on March 26, 2015 at 5:23 am

    ဂန္ဒီကြီးဟာအိန္ဒိယပြည်အတွက်ဘုရားတဆူဂူတလုံးလိုဖြစ်ပေမဲ့ မြန်မာတွေအပေါ်မှာတော့ဘယ်လိုသဘောထားခဲ့တယ်မသိဘူး။ ထောက်ပြရရင် (၁) ခွဲရေးနဲ့တွဲရေးကိစ္စမှာ မြန်မာပြည်ဆိုင်ရာဗြိတိသျှဘုရင်ခံက မြန်မာပြည်ကိုဗြိတိသျှအိန္ဒိယကခွဲထုတ်ပြီး သီးခြားကိုလိုနီလုပ်ရန် အကြံပေးခဲ့တာကို ဂန္ဒီကြီးခေါင်းဆောင်တဲ့ကွန်ဂရက်ပါတီကအပြင်းအထန်ရှုတ်ချခဲ့တယ်။ The All India Congress condemned the report of the British Governor of Burma and accused him of planning the forced separation of Burma from India. (Quoted in M Gwyer and A. Appadorai, Speeches and Documents on the Constitution, 1921-1947, vol I, London, p. 309). (၂) ၁၉၃၀ က ရန်ကုန်မှာ ကုလား – ဗမာ ရိုက်ပွဲတွေဖြစ်တော့မှ လေသံပြောင်းသွားတယ်။ The All India Congress noticed the real situation in Burma and made a new statement in March 1931: “The congress recognises the right of the people of Burma to claim separation from India and to establish an independent Burma State or to remain an autonomous partner in a free India with a right of separation at any time they may desire to exercise it” (Quoted in M Gwyer and A. Appadorai, Speeches and Documents on the Constitution, 1921-1947, vol I, London, p. 309). (၃) မြန်မာပြည်ဟာ သီးခြားကိုလိုနီဖြစ်လာပြီး ဗြိတိသျှအိန္ဒိယကလူတွေ တံခါးမရှိ ဓားမရှိဝင်မလာအောင်လုပ်ရတဲ့ ဦးစော-ရှန်ကာစာချုပ် (In July 1941 “The Indo-Burma Immigration Agreement” was signed by the then Prime Minister of Burma U Saw and Sir Girja Shankar Bajpai, the Agent of the Governor General of India.) ကိုလည်း ဂန္ဒီကြီးခေါင်းဆောင်တဲ့ကွန်ဂရက်ပါတီကအပြင်းအထန်ရှုတ်ချခဲ့တယ်။ “There was a storm of public criticism by Indians in Burma as well as in India. The agreement was condemned as being derogatory to national honour. The Governor-General’s Agent, Sir Girja Shankar Bajpai I.C.S, who was responsible for negotiating the agreement, was accused in the press and from the platform of having sold his countrymen. It was also declared that an irresponsible foreign government had no right to negotiate such an agreement binding India for all future generations.” Desai, India and Burma, Calcutta, 1954, p.68)

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်