သက်ခိုင် – အဝယ်တော်အောင်ဖေ၊ မောင် နဲ့ အဝိုင်းခံလို့သောက်ရတဲ့ လက်ဘက်ရည်

March 25, 2015

သက်ခိုင် – အဝယ်တော်အောင်ဖေ၊ မောင် နဲ့ အဝိုင်းခံလို့သောက်ရတဲ့ လက်ဘက်ရည်
အောင်ဖေ အခန်းဆက် အမှတ် (၂၁)
(မိုးမခ) မတ် ၂၅၊ ၂၀၁၅

(၁)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကတော့ အရင်တုန်းကလို မဟုတ်တော့၊ တော်လှန်ရေး နိုင်ငံရေး လှုပ်ရှားမှု ကာလတွေကလို ဟိုအဖွဲ့ ဒီအဖွဲ့ကလူများ ပျားပန်းခတ်သွားလာ လှုပ်ရှားမှုများ အခုအခါမှာတော့ နည်းပါးသွားပြီ ဖြစ်သည်။ အဖွဲ့အစည်း အတော်များများ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူ၍သော်လည်းကောင်း ကိုယ့်နည်း၊ ကိုယ့်ဟန်ဖြင့်လည်းကောင်း ပြည်တွင်းပြန်သွားကြသူများ များပြားသွားသောကြောင့် နိုင်ငံရေး ယုံကြည်ချက် ပြင်းထန်သူ တချို့နှင့် အကြောင်းကြောင်းကြောင့် မိဝေးဖဝေးဖြင့် တိုင်းခြားပြည်ခြား ဆက်လက်နေထိုင် ရုန်းကန်နေကြသူ တချို့နှင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများတို့ဖြင့်သာ လည်ပတ် နေပေတော့သည်။

မြန်မာထမင်းဆိုင်ဟု ခေါ်ဆိုလျှင်ရမည့် ရပ်ကွက်အတွင်းဖွင့်ထားသော ဗကသရဲဘော်ဟောင်း ကိုညီတို့ ထမင်းဆိုင်လေးမှာ ကိုအောင်ဖေနှင့် ကျနော်ထိုင်ကာ ဘီယာအနည်းငယ် မြည်းစမ်းရင်း သူ့ကိုစကား စလိုက်သည်။

“ဒါဆို ဟုတ်ပါပြီ ကိုအောင်ဖေရ၊ ခင်ဗျားကို ကိုမြင့်ဇော် စတဲ့ ထမိန်ခိုးမှု ဆိုတာက ထောက်လှမ်းရေးက ၄၅ရက် ဖမ်းထားတာကို ပြောတာဆိုတာ ကျနော် သဘောပေါက်ပြီ၊ ဒီတော့ ခင်ဗျားရဲ့ အထူးလုပ်ငန်းတာဝန် ထမ်းဆောင်ရတဲ့ အကြောင်းလေးတွေကို စပြောပါဦး” လို့ ကျနော်ပြောလိုက်တော့။

နွေနေ့လည်ရဲ့ အပုငွေ့ကို အံတုသည့်သဘော  LEO ဘီယာကို တကျိုက်ကျိုက်ကာ။

“အေးပေါ့ဗျာ ဒီလောက်ထိ ပြောခဲ့ပြီးမှတော့ ဆက်ပြောပြ ရတော့မှာပေါ့ ကိုသက်ခိုင်ရာ” ဟုဆိုပြီး သူ၏ မဟာခရီးရှည် ချီတက်ပွဲအပါအဝင် ကရင်၊ မွန်၊ ကယားပြည်နယ် နယ်မြေများအတွင်း သူဖြတ်သန်း ကျင်လည်ခဲ့ရသည့် ဘဝတစိတ်တပိုင်းကို ကျနော် သိခဲ့ရတော့သည်။

(၂)

အောင်ဖေတို့ စခန်းကနေ ခရီးစထွက်တော့ ဧပြီလအစောပိုင်းလောက် ဖြစ်နေပြီ၊ စခန်းကနေ စံခ ကိုတက်၊ အဲဒီကမှ ဟလော့ခနီ ဒုက္ခသည်စခန်းကို အရင်သွားရမှာ၊ စံခကနေ သွားတဲ့ကားက ကိုလွင်ဦး ခြေကျိုးတုန်းကတက်တဲ့ မစ်ရှင်ဆေးရုံအထိပဲရောက်တယ်၊ ဒါကြောင့် အောင်ဖေနဲ့ ကိုအောင်ကျော်စိုး ဆေးရုံနောက်ကျောက မြေနီလမ်းအတိုင်း ဟလော့ခနီအထိ နေပူကြီးထဲမှာ ကျောပိုးအိတ်တလုံးစီလွယ်ပြီး လမ်းလျှောက် သွားရတော့တာပေါ့။ လမ်းမှာတော့ ထိုင်းနယ်ခြားစောင့်တပ်ရှိတယ် ဘာမှတော့ မမေးဘူး၊ ဒီလိုပဲ ဟလော့ခနီအဝင်မှာလည်း နောက်ထပ်ထိုင်းစစ်တပ်ဂိတ်ရှိတယ်၊ သူတို့လည်း အေးဆေးပါပဲ မေးတာစမ်းတာ မရှိပါဘူး၊ ဒီလိုပဲ လူတွေ သွားလာနေကြကိုး။

မစ်ရှင်ဆေးရုံကနေ နေ့လည်၁၂နာရီလောက်ကတည်းက လမ်းလျှောက်လာတာ ဟလော့ခနီရောက်တော့ နေ့လည် ၃နာရီလောက်ရှိပြီ၊ ကိုအောင်ကျော်စိုးက သူနဲ့သိတဲ့ ဆေးမှူးတယောက်အိမ်မှာ တည်းမယ်ဆိုတာနဲ့ အဲဒီအိမ်မှာတည်းပြီး ညနေရေမိုးချိုးပြီးတော့ ကိုအောင်ကျော်စိုးက ရွာထဲသွားပြီး မွန်ပြည်သစ်က သထုံခရိုင်ကော်မတီ ဆရာနိုင်ယက္ခ (မွန်ငြိမ်းချမ်းရေး လက်မှတ်ထိုးအပြီး ၂၀၁၃မှာ စစ်အစိုးရ၏ သေဒဏ်မှ ပြန်လွတ်) သတင်းကို စုံစမ်းရတယ်၊ ဘာလို့ဆို အောင်ဖေတို့အဖွဲ့က သူနဲ့အတူ တောင်ပေါက်ဂွင်ကို လိုက်ဆင်းရမှာကိုး။

သူပြန်လာတော့ ပြောတယ် မနက်ဖြန်ကြရင် ငါတို့ ဗလယ်တွန်ဖိုက်မှာ သွားအိပ်ကြမယ်တဲ့ နီးနီးလေးပဲတဲ့၊ ဒါနဲ့ နောက်ရက်ကြတော့ နေ့လည်လောက် တည်းတဲ့အိမ်ကနေထွက်ကော၊ လမ်းမှာခရီးထွက်မယ့် မွန်အဖွဲ့နဲ့ ဆုံတော့ ကိုအောင်ကျော်စိုးက နိုင်ယက္ခနဲ့ မိတ်ဆက်ပေးတယ်။

“လာအောင်ဖေ၊ ကျနော်နဲ့အတူ သွားတာပေါ့” ဆိုပြီး သူနဲ့အတူ ရွာထဲကအိမ်တအိမ်မှာ ခဏနားကြတယ် ညနေစောင်းမှ တောင်ပေါ်တက်မှာကိုး၊ တည်းတဲ့အိမ်က မိသားစုက ကြီးကြီးတယောက်နဲ့ သူ့မိသားစု၊ အကိုအကြီးဆုံးကလည်း ဖော်ဖော်ရွေရွေပါပဲ၊ သူပြီးတော့ သူ့ညီမနှစ်ယောက်၊ အငယ်အမကတော့ အောင်ဖေ့ထက် ၃-၄နှစ်ပဲကြီးမယ်ထင်ပါရဲ့၊ သူတို့ပုံစံက နယ်စွန်နယ်ဖျားမှာသာ နေကြတာ၊ နေပုံထိုင်ပုံ သိမ်မွေ့တာက အစ မြို့သူရှုံးလောက်တယ်၊ အကိုကြီးကအစ ပြောဆိုတာ အတော်ယဉ်ကျေးတာကိုး။

ညနေစောင်းတော့ ခရီးစထွက်ဖို့ ပြင်ကြပါလေကော၊ မွန်ပညာရေးဌာနက ယူလာတဲ့ စာအုပ်စာတမ်းတွေနဲ့ အခြားပစ္စည်းတွေ ကူညီထမ်းပိုးဖို့ ဌားထားတဲ့ အထမ်းသမားတွေကော၊ လုံခြုံရေး တပ်စုတစုစာကောပါဆိုရင် လူပေါင်း၇၀-၈၀ လောက်ရှိမယ် စစ်ကြောင်းတကြောင်းပေါ့လေ၊ အောင်ဖေ့မှာတော့ ဘာလက်နက်မှ မရှိဘူး၊ ဒီအတိုင်းပဲ ကျောပိုးအိတ်လေးကို လွယ်လျှက်။

ဗလက်တွန်ဖိုက်ကနေ ခရီးနည်းနည်းဆက်သွားပြီးတာနဲ့ တောင်စတက်ရတော့တာပဲ သုံးဆူတောင်ခေါ်မလား မပြောတတ်တော့ဘူး မေ့နေပြီ၊ တောင်ထိပ်ရောက်တော့ ညမှောင်နေပြီ ဘုရားသုံးဆူမြို့က မီးရောင်အချို့တော့ မြင်ရပါရဲ့ မှိန်ပြပြပေါ့လေ။ တောင်အောက်ကို ညမှောင်မှောင်ထဲ ဆက်ဆင်းကြရတာပဲ၊ လူတွေက စစ်သားတွေ သွားနေကြ အထမ်းသမား ဝန်ထမ်းတွေဆိုတော့ အဆင်ပြေပါတယ် ခရီးကနှောင့်နှေးတယ်လို့တော့ မရှိဘူး၊ ည၈နာရီလောက်ကြတော့ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းကို ဖြတ်ရတော့မယ်၊ အားလုံး အဆင်သင့်ပြင်ထားပေါ့၊ ရှေ့ကင်းဘာညာထုတ်ပြီး စစ်ကြောင်းက ဖြတ်ကြတာပေါ့ အထမ်းသမားဝန်ထမ်းတွေ စိတ်ချရလောက်တဲ့ နေရာကို ရောက်မှ နောက်က ကင်းပိတ်က လိုက်လာ၊ ဒီလိုနဲ့ တောထဲမှာ ဆက်သွားရင်း ည ၉ နာရီ လောက်ကြတော့ စစ်ကြောင်း နားကြတော့မယ်၊ ကားလမ်းနဲ့ကလည်း အတော်ဝေးသွားပြီကိုး။

နားတာက စမ်းချောင်းလေးတခုဘေးမှာဆိုတော့ ရေချိုးသူကလည်းချိုးပေါ့၊ ဘာလို့ဆို ချွေးတရွှဲရွှဲ သံတရွှဲရွှဲဆိုတော့ ရေချိုးအိပ်မှ အဆင်ပြေမှာကိုး။ ထမင်းကတော့ ညနေတောင်ပေါ်မတက်ခင်ကတည်းက စားလာကြတာဆိုတော့ ထပ်စားစရာ အကြောင်းမရှိ။

ညအိပ်တော့ တာလပတ်စလေးခင်းပြီး ကိုယ့်ကျောပိုးအိတ်ကို်ယ်ခေါင်းခုပြီး အိပ်ပေတော့ပေါ့။ အဲဒီမှာမှ အောင်ဖေ စ ခံရတော့တာပဲ၊ အိပ်တာက တောထဲမှာ လျှိမြောင်တခုဘေး အမိုးအကာကမရှိ၊ ဒါ့အပြင် ညသန်းခေါင်လောက်ထဲက မိုးရွာသလိုကျလိုက်တဲ့ နှင်းစက်တွေက ည၂နာရီ ၃နာရီလောက်ကျတော့ အားပါး အပေါ့စားမိုး ရွာသလိုပဲ တဖျောက်ဖျောက်နဲ့ အေးတာကလည်းပြောမနေနဲ့ ဘယ်လိုမှ ဆက်အိပ်လို့မရဘူး၊ လှုပ်လည်း မလှုပ်ရဲဘူး၊ လှုပ်လိုက်ရင် စောင်ပါးလေးအောက်မှာ ရှိနေတဲ့ခန္ဒာကိုယ်က အပုငွေ့လေးတွေ ပျောက်သွားမှာ စိုးလို့၊ မနွေးတောင် အအေးထပ်မဝင်လာအောင် ထိန်းနေရတာ။

မနက်၅နာရီလောက်ကြတော့ အကုန်ထ ထမင်းချက်စား၊ ခရီးထွက်ကြပြန်ကောပေါ့။ တခုရှိတာက ဒီဘုရား သုံးဆူကနေ တောင်ပေါက်ဂွင်အထိက မိုးတွင်းဆို ရေလမ်းကနေ စက်လှေနဲ့ သွားလို့ရတယ်ဆိုပေမယ့်၊ နွေဆိုရင်တော့ ကုန်းကြောင်းပဲ သွားရတယ်၊ ကရင်တပ်တွေနဲ့ မွန်တပ်တွေက စက်အချင်းချင်း ချိတ်ဆက် သွားလာတာဆိုတော့ အန္တရာယ်ကတော့ သိပ်မရှိကြဘူး၊ ရန်သူစစ်ကြောင်းတွေကိုလည်း ကွေကွင်းသွားလာလို့ အဆင်ပြေတာပေါ့။

ဒါပေမယ့် ရန်သူစခန်းတွေနဲ့ နီးတဲ့ရွာတွေဆိုရင်တော့ အမြန်တက်သုတ်ရိုက်ရတယ်၊ ဘယ်လောက်အထိ သွားရသလဲဆို ည၁၂ကျော်အထိ နိုင်ယက္ခက ပေးကိုမနားဘူး၊ စိတ်ချရလောက်တဲ့အချိန်မှ စစ်ကြောင်း နားကြရတယ်။ ဒါကသူတို့နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေ အရကိုး။ ပြောရမယ် ဆိုရင်တော့ ဘယ်ရွာတွေ ဘယ်ကြောက ဘယ်လိုဖြတ်သွားနေတယ်ဆိုတာ မှတ်ကို မမှတ်မိဘူး အထူးသဖြင့်တော့ ရွာတွေကို ကွင်းသွားရတာလည်း ပါတာကိုး။

ဒီလိုနဲ့ နေ့နေ့ညည လာလိုက်ကြတာ တောင်ပေါက်ဂွင်ဘက်ကို ရောက်လာပြီ၊ ဒီကြားထဲ လမ်းမှားသွားပြီး အောင်ဖေက ပွိုင့်တပ်စိတ်တစိပ်နဲ့ အတူတူပါသွားပါလေကော၊ လူအယောက် ၇၀-၈၀ စစ်ကြောင်းဆိုတာက ၁၀ကိုက် ၁၅ကိုက်လောက်နဲ့ လျှောက်လို့ရတဲ့ အမျိုးမှမဟုတ်တာ၊ အရှည်ကြီးကို အစနဲ့အဆုံးက၊ မွန်စစ်သားလည်း ဒေသတိုင်းတော့ ဘယ်အကျွမ်းတဝင် ရှိပါ့မလဲ တောထဲသွားနေရင် လမ်းတွေက အတူတူဆိုတော့ မှားတော့တာပေါ့လေ၊ တပ်စိတ်မှုးလုပ်သူက စက်ကလေးနဲ့ ပြောလိုက်ဆိုလိုက် ပြီးရင် အောင်ဖေတို့ တပ်စိတ်တစိပ်လုံး သုတ်သုတ် သုတ်သုတ် သွားလိုက်ကြနဲ့ နာရီဝက်ကျော်ကျော်လောက်ကြမှ ဗဟိုစစ်ကြောင်းနဲ့ ပြန်ဆုံကြတော့တာပေါ့၊ သူတို့က တောင်ခြေက ရော်ဘာခြံထဲကနေ စောင့်နေကြတာ၊ ကြည့်ရတာကတော့ တောင်အရှေ့ဘက်ကနေ ပတ်သွားမလို လုပ်ပြီးမှ ဗြုန်းကနဲ တောင်ကြားက ဖြတ်ဖို့ စီစဉ်လိုက်တာ နေမယ်ထင်ပါရဲ့၊ ဒါကြောင့် လူကွဲသွားတာ။

အောင်ဖေတို့လည်း မောမောနဲ့ ထမင်းဘာညာစားပြီးတာနဲ့ တောင်ကြားကနေဖြတ်ပြီး ခရီးဆက်ရ ပြန်တော့တာပေါ့၊ ဗုဒ္ဒဘာသာနယ်မြေဆိုတော့ တောင်ကြားမှာ ဘုရားစေတီလေး တည်ထားတာလေးလည်း ရှိတယ်၊ အတော်တော့ အေးချမ်းပြီး နေချင်စရာလေး၊ ရွာသားတချို့ကတော့ ခရီးသွားရင်း သူတို့လှည်းက နွားတွေကိုဖြုတ်ပြီး ရေတိုက် အစာကျွေးတော့ လုပ်နေကြတယ်၊ အေင်ဖေကတော့ အဝေးကနေပဲ လက်အုပ်ချီဖူးလိုက်ပါရဲ့ ဟုတ်တယ်လေ၊ စစ်ကြောင်းချီလာတာ “ဘုရားဝင်ဖူးရအောင်ဟေ့ လုပ်လို့မှ မရတာ” ဒီလိုနဲ့ ဝင်းယော်ချောင်းထင်ပါရဲ့  ဒါကိုကျော်ပြီး ဆက်သွားလိုက်တာ ညနေစောင်း ၅နာရီလောက်ရောက်တော့ ပထမအဆင့် ခရီးဆုံးဖြစ်တဲ့၊ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ကော်မတီအခြေစိုက်တဲ့ မွန်အခေါ် ဝင်ကပေါ (မြန်မာလို ဝင်္ကဘာ ပေါ့လေ) ရွာကို ရောက်ပြီး နားကြလေတော့သတည်းပေါ့။

(၃)

ဝင်္ကဘာရွာက ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာ ရှိတယ်ခေါ်ရမယ်၊ သူ့တောင်ဘက်ကနေ အနောက်ဘက်အထိ ဝင်းယော်ချောင်းက ပတ်ထားတယ်၊ မြောက်ဘက်ကို ဆက်သွားရင် လက်ဝါးဆိပ်၊ လှိုင်ဂနီ စတဲ့ရွာတွေကိုရောက်တယ်၊ အရှေ့ဘက်မှာတော့ ဂန္တဝင် ကျောက်တောင် အကြီးကြီး၊ တောင်ပေါက် တောင်တဲ့။ လယ်ကွင်းပြင်ကြီးထဲမှာ ထီးထီးကြီး တည်ရှိနေတဲ့တောင်ကြောကြီး၊ ဒီတောင်ပေါ်မှာ တောင်ဆိတ်တို့ ဘာတို့တောင် ရှိတယ်လို့ သိရတယ်။ ဒီတောင်ကြီးကို ပတ်ပြီးရှိနေတဲ့ ရွာပေါင်း ၂၄ရွာကို တောင်ပေါက်ဂွင်လို့ သူပုန်တွေက ဆိုကြတယ်။

“စစ်တပ်က အနောက်ဘက်လာရင်၊ သူပုန်တွေက အရှေ့ဘက်ကို ဖြတ်တက်၊ သူတို့အရှေ့ရောက်လာရင် ကျနော်တို့က အနောက်ဘက်လာပေါ့၊ အဲဒီလိုမျိုး စိန်ပြေးတမ်းကစားသလို နေနေကြတာဗျ” လို့ နိုင်ယက္ခက ရယ်ရယ်မောမော ရှင်းပြခဲ့ဖူးတယ်။

အရင်ကတော့ ဒီဂွင်မှာ ဘာစစ်တပ်မှ မယ်မယ်ရရ လာလေ့လာထတော့ မရှိပါဘူး သူပုန်နယ်မြေလို ဖြစ်နေတာကိုး။ နောက်ပိုင်း ၁၉၉၄လောက်ရောက်မှ တောင်ပေါက်မှာ စစ်တပ်က တပ်တည်ပြီး အထိုင်စခန်းချလိုက်တော့ အောင်ဖေတို့ သူပုန်တွေ သွားရေးလာရေး ခက်သွားကြတာလို့ သိရတယ်။ အရင်က ဆင်းဖူးတဲ့ ကိုဇော်မိုးကျော်တို့၊ ကိုအောင်မိုးတို့၊ ကိုအောင်ကျော်စိုးတို့ဆို တောင်ပေါက်မှာ နေဖူးကြတယ် အတော်ကိုစည်တဲ့ ရွာကြီးလို့ သူတို့ပြောပြဖူးတယ်။

အောင်ဖေတို့ စစ်ကြောင်းရောက်ပြီး နောက်ရက်မနက်ကြတော့ နိုင်ယက္ခက “အောင်ဖေရေ ခင်ဗျားသူနဲ့ လိုက်သွား ဆိတ်တကောင် ဝယ်လာချေ၊ စစ်ကြောင်းတကြောင်းလုံး စားကြတာပေါ့ဗျာ” တဲ့ ပိုက်ဆံ ၇-၈ ထောင်ပေးလိုက်တာပေါ့၊ ဒါနဲ့အောင်ဖေလည်း ရွာသားတယောက်ခေါ်ရာနောက် လိုက်ခဲ့တာပေါ့ ပြီးတော့ ဝင်းယော်ချောင်းကိုဖြတ် တောစပ် ခင်တန်းလိုအပင်ရိုင်းကြားထဲကနေ ဆက်လမ်းလျှောက်ပြီး သွားလိုက်တာ၊ ရွာတရွာ ရောက်ပါလေကော၊ ဒီရွာက ကရင်ရွာ မွန်ရွာမဟုတ်ဘူး၊ အဲဒီလို ဒီဒေသမှာ ကရင်၊ မွန်၊ ဗမာ စတဲ့ရွာတွေက ရောနှော နေထိုင်ကြတာ အေးဆေးပဲ။

ဒါနဲ့ရွာထဲမှာ စစ်ကြောင်းအတွက် ဆိတ်ဝယ်ချင်လို့ပေါ့၊ ရွာကလူကြီးတယောက် ကိုယ်တိုင်လိုက်ပြီး ဆိတ်ရှိတဲ့အိမ်တွေ ပြတာပေါ့၊ ဒါနဲ့အောင်ဖေလည်း ဆိတ်ကောင်းကောင်းတကောင်ကို ၄ထောင်လား၊ ၅ထောင်လားမသိ ဈေးဆစ်ပြီး ဝယ်လာခဲ့ပါလေကော။ အပြန်ကြတော့ ဆိတ်ကဝင်းယော်ချောင်းဖြတ်မယ့် လှေပေါ်ကို မတက်ရဲလို့ အတော်ကြိုးစား ဖမ်းချုပ် တင်လိုက်ကြရသေးတယ်။

ရွာရောက်တော့ ဆိတ်ရပြီပေါ့ ဘာညာနဲ့ ပိုတဲ့ပိုက်ဆံ ပြန်ပေးပြီး ခဏနားပေါ့၊ ဆိတ်ဖျက်မယ့်သူတွေက လာယူသွား ချက်ကြ ပြုတ်ကြနဲ့ အဲဒီမနက် ထမင်းက ဆိတ်သားဟင်းနဲ့ လူတွေအတော်ကို ဝဝလင်လင် စားဖြစ်ကြတယ်၊ အတော်မြိန်ပေါ့လေ၊ အောင်ဖေရွေးယူလာတဲ့ ဆိတ်ကလည်း အတော်ကို အကောင် ကြီးတာကိုး။

ညနေဘက်ကြတော့ ဟိုဟိုဒီဒီလျှောက် စကားစမြည်ပြောကြပေါ့၊ လိုတာတွေကိုတော့ ကိုအောင်ကျော်စိုးက အသိပေးတယ် ဘယ်လိုဘာညာပေါ့။ ဒီနေရာမှာ တခုရှိတာက မွန်အမျိုးသားတွေက သူတို့လူကြီး (နိုင်ယက္ခ) ရောက်လာတယ်ဆိုတော့ လာရောက်ဂါရဝပြုကြ ကန်တော့ကြနဲ့ အောင်ဖေတို့တည်းတဲ့ ခရိုင်ပညာရေးဌာန အဆောက်အဦက လူပြတ်တယ် မရှိဘူးပေါ့၊ ရောက်လာတဲ့ ဧည့်သည်တွေကိုလည်း ဆရာနိုင်ယက္ခက မိတ်ဆက် ပေးလေ့ ရှိပါတယ်။

“အောင်ဖေရေ၊ ဒါကတော့ ဘယ်ရွာက ဥက္ကဌဗျ၊ သူ့မှတ်ထား အောင်ဖေလို့ခေါ်တယ်၊ လိုတာရှိကူညီပေးနော်” “အောင်ဖေ၊ သူက ဆရာမ ချမ်းနွန်လို့ခေါ်တယ်၊ အင်္ဂလိပ်စာ သင်တယ်ဗျ” ဘာညာ အဲဒီလို၊ ကိုအောင်ကျော်စိုးကိုက မိတ်ဆက်ပေးစရာကို မလိုတော့တာ၊ ဘာလို့ဆို သူက ၉၃ ဆင်းကတည်းက ဒေသအသီးသီးက ရပ်ရွာလူကြီး ဆရာ ဆရာမတွေနဲ့ သိနေပြီ၊ ပြီးတော့သူကလည်း မော်လမြိုင်ခရိုင် ပညာရေးဌာနမှာ အင်္ဂလိပ်စာ သင်ပေးနေတာလည်း ပါတာကိုး။

နောက်တရက်ကြတော့ မနက်၁၀နာရီလောက်ရှိမယ်၊ ကရင်အမျိုးသား တဦးနဲ့ ဆိတ်ရောင်းတဲ့အိမ်က အမျိုးသမီးနှစ်ဦး နိုင်ယက္ခနဲ့ စကားပြောနေတာ အောင်ဖေတွေ့ရကော၊ ဒါနဲ့အောင်ဖေလည်း သူတို့ကို ပြုံးပြ လိုက်တာပေါ့၊ ပြီးတော့ တခြားတနေရာကို ဘာကိစ္စရှိလို့လည်းမသိ ထွက်သွားပါလေကော။ နောက်နာရီဝက်လောက်ကြာမှ ပြန်လာတော့ နိုင်ယက္ခနဲ့ အတူတူထိုင်နေတဲ့ ကိုအောင်ကျော်စိုးက ပြုံးဖြီးဖြီးနဲ့ ပြောတော့တာပေါ့။

“အောင်ဖေတို့များ ဆိတ်တခါသွားဝယ်လိုက်တာ မှတ်တမ်းကို တင်သွားတော့တာပဲ” တဲ့၊ နိုင်ယက္ခတော့ ဘာမှမပြောပါဘူး ပြုံးပဲနေတယ်၊ ပြီးမှ ကိုအောင်ကျော်စိုးက ဆက်ပြောတယ်၊ “မင်းဝယ်လာတဲ့ဆိတ်က သူတို့က မရောင်းချင်ဘူး၊ မျိုးသဘောမျိုး ထားချင်နေတာ၊ အဲဒါကို မင်းက စစ်ကြောင်းအတွက် ချက်စားချင်လို့ပါ ဘာညာပြောပြီး ၄ထောင်ပဲပေးပြီး ဝယ်လာသလိုဖြစ်နေတော့ ရွာသားတွေကလည်း မင်းလည်း တခါမှလည်း မမြင်ဖူးဘူး၊ ဘယ်တပ်ကမှန်းလည်း မသိ၊ ပြန်လည်း မပြောရဲတာနဲ့ မင်းပြောတဲ့ ဈေးနဲ့ပဲ ဆိတ်ကို ပေးလိုက် ရတာတဲ့၊ အခုမှ ရန်သူ့တပ်က မဟုတ်မှန်းသိလို့ လာတိုင်ရင်း သူတို့တန်ရာ တန်ကြေး လာပြန်တောင်းတာကွ” တဲ့၊ မှတ်ကရော။

သိဘူးလေ အောင်ဖေလည်း ဟုတ်ပြီဟုတ်ရဲ့နဲ့ ရဲဘော်တွေ ဝဝလင်လင်စားရအောင် အကောင်ကြီးကြီးကို ရွေးပြီး၊ ဈေးဆစ်ပြီး ဝယ်လာခဲ့ဖြစ်တာ ဟုတ်လှပြီထင်နေတာ၊ အခုမှ သဘောတရားအစစ်ကို သိတော့တယ်ပေါ့လေ၊ တော်သေးရဲ့ ဘယ်ကကောင်မှန်းမသိဘူးဆိုပြီး ကြိုးတုပ်ဖမ်းထားလိုက်ရင် ခက်လှချေရဲ့ပေါ့လေ၊ အောင်ဖေလည်း “အဟဲ ကျနော်လည်း ဒီလိုရှိမှန်း သိမှမသိတာဗျ”  ပေါ့လေ။

(၄)

ဝင်္ကဘာမှာနားနေရင် ၃-၄ရက်လောက်ကြတော့ သင်္ကြန်ကျပါလေကော၊ အဲဒီမှာ ကိုအောင်ကျော်စိုးက ဗမာရွာဖြစ်တဲ့ လှိုင်ဂနီကို လိုက်ပို့တယ်၊ ဒါအောင်ဖေပေါ့ ကျနော်တို့ဆီကပဲ မှတ်ထားပါပေါ့လေ၊ ရွာသားတွေက လာလည်နော်နောက်ဆို အိမ်မှာပဲတည်း ထမင်းလည်း အိမ်မှာစား အဲဒီလို ဖော်ဖော်ရွေရွေပါပဲ၊ တောရွာသင်္ကြန်ကတော့ ထူးထူးခြားခြား သိပ်မရှိပါဘူး မနက်ပိုင်း ဘုန်းကြီးကျောင်းဆွမ်းပို့ ရွာလယ်ကောင်က ဇရပ်မှာ လူငယ်တွေကစုဝေး ရွာထဲက လာသမျှလူ ဖြတ်သွားဖြတ်လာတွေကို ရေလောင်း သနပ်ခါးနဲ့လူး အဲဒီလိုပေါ့။

အောင်ဖေတို့ နားနေတဲ့ကာလမှာ (အမှန်တော့ ခရီးစဉ်အတွက် သတင်းစွင့်နေတာလည်း ပါမယ်ထင်ပါရဲ့ ကိုယ်မှ မသိတာ) အဲဒီအချိန်က မော်လမြိုင်ခရိုင်က မြို့နယ် ကော်မတီတွေလည်း အတော်စုံစုံလင်လင် တွေ့ရတယ်၊ နိုင်ယက္ခက သထုံခရိုင် ကော်မတီ၊ မော်လမြိုင်ခရိုင် ဥက္ကဌက နိုင်အေးမွန်လားမသိ၊ မော်လမြိုင်ခရိုင်ထဲက မုဒုံမြို့နယ် ဥက္ကဌက ကိုတလညီ (ယခု ဗဟိုအလုပ်အမှုဆောင်)၊ ကြာအင်းဥက္ကဌ နိုင်ထွန်း (ဥက္ကဌ ထွန်း) အတွင်းရေးမှူး ကိုမွန်ချမ်း၊ သံဖြူဇရပ် အတွင်းရေးမှူး ကိုရဲထွဋ်လား ဘာလား လူအတော်စုံကြတယ်။ ညနေခင်းဆိုရင် ခြင်းခတ်ကြတာ ရှိတယ်၊ နိုင်ယက္ခက ခြင်းခတ်အတော်ကောင်းတာ ထောင်ပေးလိုက်လို့က နောက်ပြန်လေး ခတ်ပြီး ခြင်းကိုစားစားသွားတာ သူနဲ့ဥက္ကဌထွန်းက တဝိုင်းလုံး ထိန်းကြတာ၊ ဟိုစပ်စပ် ဒီစပ်စပ် အောင်ဖေလည်း ဒီအထဲပါသေးတယ်၊ အောင်ဖေကတော့ သိပ်ခတ်တတ်လှတယ်လို့ မဟုတ်ပါဘူး ခြေခွင်တော့ သေချာ ထိန်းတတ်တယ် ခြေခွင်လေးနဲ့ထိန်းပြီး “လာပြီနော် ဥက္ကဌထွန်းတို့၊ လာပြီဆရာရေ(နိုင်ယက္ခ)” တို့နဲ့ လူကြီးတွေကြား အလုပ်ဖြစ်နေကော။

တခါတလေတော့ အချိန်အားရှိရင် ဟောလီးဝုဒ် ဆွဲကြသေးတယ်၊ သူက တွက်တတ်ချက်တက်ရတယ်၊ အဖြတ်အတောက် လုပ်တတ်ရတယ်၊ ဒါမျိုးဆိုလည်း ဘာရမလည်း ဖဲလည်း ဟိုစပ်စပ် ဒီစပ်စပ် ရတဲ့အောင်ဖေက ဆရာကြီးတဆူလို ပါပြန်ပါကောပေါ့၊ ဘာလောင်းကြေးမှ လုပ်တာမဟုတ်ဘူး အပျော်ဆော့ကြတာ၊ သမရိုးကျ ကစားတတ်ရုံနဲ့လည်း လူကြီးတွေက သူတို့ဆော့တဲ့ဆီမှာ အပါမခံဘူး လက်ရည်တူတွေချင်း ဆော့ကြ ဆိုတဲ့သဘော။ ဒါကြောင့် တချို့မြို့နယ် ကော်မတီတွေ ဘာတွေဆို သီးခြားခြင်းဝိုင်း၊ ဟောလီးဝုဒ်ဝိုင်းတွေနဲ့ ကစားကြရတော့တာပေါ့။

ဒီလိုနဲ့ ဧပြီကုန်ခါနီးလောက် ရှိမယ်ထင်ပါရဲ့၊ အောင်ဖေတို့တတွေ ခရီးဆက်ထွက်ကြဖို့ ပြင်ရတော့တယ်၊ သထုံခရိုင်အထိထွက်မယ့် အထဲမှာ အောင်ဖေလည်းပါတယ်၊ ဆရာနိုင်ယက္ခရဲ့ ရုံးအဖွဲ့မှာ၊ အောင်ဖေ့တာဝန်က သီးခြားဆိုတော့ သူတို့သွားတဲ့အထိ ရောက်အောင်လိုက်သွား ပြီးတော့မှ လုပ်စရာရှိတာ ဆက်လုပ်ရမှာကိုး။

ထုံးစံအတိုင်း ဗဟိုကဆင်းလာတဲ့ စစ်ကြောင်းအတိုင်း လူသူ၊ လက်နက်၊ ရိက္ခာ၊ ပစ္စည်းတွေသယ်တဲ့ ဝန်ထမ်းတွေ အပါအဝင် ခရီးစကြတော့တာပေါ့ ဝင်္ကဘာကနေ လှိုင်ဂနီ၊ မွန်အခေါ် ဝဲဇလီ (မြန်မာလို ဝေသာလီ) ရွာ၊ အဲဒီကနေ တောင်ကြောပေါ်တက် ကရင်နယ်ထဲကနေ ကော့ဘိန်းကော့ဘောက်ဘက်အထိ ခရီးချီတက်ကြရမှာ၊ မနက်စောစောစထွက်တယ်၊ စစ်ကြောင်းနဲ့ပါလာတဲ့ ကိုအောင်ကျော်စိုးက လှိုင်ဂနီရောက်တော့ မှာစရာရှိတာ မှာခဲ့ပြီး ကျန်ခဲ့တော့တယ်၊ အောင်ဖေကတော့ ဆရာနိုင်ယက္ခရယ်၊ အတော်ကိုရင်းနှီးနေပြီဖြစ်တဲ့ နိုင်ယက္ခရဲ့ အတွင်းရေးမှူသဘော တာဝန်ယူနေတဲ့ လက်ထောက် နိုင်ဂေါင်ခမ်းရယ်၊ လုံခြုံရေး တပ်သားလေးနဲ့ သူ့အမျိုးသမီးရယ် ရုံးအဖွဲ့အနေနဲ့ပေါ့လေ။ ခရီးအသစ်တခုကို လျှောက်ရပြန်တော့တာပေါ့။

နေ့ခင်းလောက်က လှိုင်ဂနီကနေထွက်တယ်၊ ဝဲဇလီကို ညနေမစောင်းခင်ရောက်တယ်၊ အဲဒီမှာ အောင်ဖေ ပြဿနာ တက်တော့တာပဲ၊ ဘာလို့ဆို ဘာအစားမှားသွားလည်း မသိဘူး၊ ဗိုက်နာပြီး ဝမ်းတွေ သွားတော့တာပဲ၊ ခရီးစဉ်က ဘုရားသုံးဆူကနေ ဆင်းလာတဲ့ ချောင်းကိုဖြတ် တဘက်ကမ်းက ကြုံစိန်လား ဘာလားမသိ အဲဒီရွာသေးလေးမှာ ညအိပ် အဲဒီလို စဉ်းစားထားပုံရပါတယ်၊ ဘာလို့ဆို ရန်သူစခန်းတည်ထားတဲ့ တောင်ပေါက်နဲ့က သိပ်မဝေးဘူးကိုး၊ ပြီးတော့ ဝဲဇလီက စစ်ကြောင်းချီရာ လမ်းကြောင်းလည်းဖြစ်နေတော့ စိုးရိမ်ရတာ ပါမယ်ထင်တယ်၊ အောင်ဖေ ဗွေဖောက်တော့ စစ်ကြောင်းက နားရပါလေရော၊ တော်သေးတယ် ဆေးမှူး ကိုချမ်းမွန်က သေချာဆေးတိုက် ဘာတိုက်လုပ်တာနဲ့ မနက်ကြတော့ လျှောက်လို့ရတာနဲ့ ချက်ခြင်းပဲ တဘက်ကမ်းကူး၊ ကြုံစိန်မှာနား ခရီးစဉ်စနည်းနာရင်း အောင်ဖေလည်း အားဖြည့်ရင်းပေါ့။

ကြုံစိန်မှာ ၂ရက်လောက်နားပြီးတော့ အောင်ဖေလည်းသက်သာလာတာနဲ့ ခရီးဆက်ထွက်ဖို့ ပြင်ရပါလေကော၊ ခရီးစထွက်ပြီဆိုကတည်းက ကြုံစိန်ရွာနောက်ကျောကနေ တောင်ပေါ်ဘက်ကို တက်သွားလိုက်တာ အဲဒီကြတော့မှ ဒူးရင်းသီးပင်ဆိုတာကို အောင်ဖေမြင်ဖူးတော့တယ်၊ အပင်က အမြင့်ကြီးတွေကိုး၊ ဒီလိုဒူးရင်းခြံတွေ စားပင်သီးပင်တွေ ဆိုတာကလည်း အခုလိုတောင်ကျောဒေသတွေမှာ ပိုဖြစ်ထွန်းတာကိုး။ ကျွဲကောသီးတို့ ရှောက်သီးတို့တွေ စိုက်တာတွေလည်း ရှိရဲ့။

အောင်ဖေတို့ ခရီးစဉ်တလျှောက်က တောင်ကြောပေါ်ကနေ ရွေးသွားရတာ ဘာလို့ဆို ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ် ကြားကနေဖြတ် ဟိုဂျိုင်းမြစ်ဘေးမှာရှိတဲ့ ကော့ဘိန်း၊ ကော့ဘောက်ဘက်ကို ချီတက်ရတာကိုး၊ အဲဒီမှာ တခု သတိထားမိတာက မြို့နယ်တခုနဲ့တခု နယ်နမိတ်ပိုင်းထားရင် ရွာဆက်လည်း အတော် ပြတ်သွားတတ်တာပဲ။

အောင်ဖေလမ်းတလျှောက် သွားလာရင်းက တခုသတိထားမိတာက တချို့ရွာတွေဆိုတာလေ ရွာကို စဝင်လိုက်တာနဲ့ သစ်ပင်အကြီးကြီးတွေနဲ့ အတော့်ကို အေးချမ်းသွားတော့တာပဲ၊ ဝင်းက တို့ဘာတို့ဆိုတဲ့ ရွာကြီး မျိုးတွေပေါ့၊ အရင်က ကျောင်းသားတပ်တွေ စခန်းချဖူးတယ်တဲ့၊ ရွာသူရွာသားတွေ ဆိုတာလည်း မြို့နဲ့နီးလို့လားမသိ လှတပတနဲ့ အတော်ကို ခေတ်ဆန်တယ် ဆိုရမယ်။ အဲဒီလိုရွာမျိုးတွေကိုပဲ ဖြတ်နေရရင်တော့ မဆိုးဘူးလို့တောင် အောင်ဖေစိတ်ထဲက တွက်မိသေးတယ်၊ ဘာလို့ဆို အစားအသောက်က ပေါတယ်လေ။

ကျန်တဲ့ရွာသေးလေးတွေကတော့ ဘာမှသိပ်မယ်မယ်ရရ မရှိလှဘူးလေ၊ တခါတလေလည်း နေပူပူ ကွင်းပြောင်ကြီးထဲမှာ တောက်လျှောက် လျှောက်ရတာဆိုတော့ ဝတ်လာတဲ့ စစ်အကျီင်္ကလည်း ချွေးတွေထွက်ပြီး ဆားပွင့်တွေ ဝေလို့ စည်လို့။ လျှောက်ချင်ချင် မလျှောက်ချင်ချင် သတ်မှတ်ထားတဲ့ နေရာရောက်အောင်တော့ လျှောက်ကို လျှောက်ရတော့တာပဲ၊ တခါတလေတော့လည်း နွားလှည်းတွေ ဘာတွေစီးရတဲ့ အခြေအနေမျိုးရှိရဲ့ ၊ နွားလည်းတခါမှ မစီးဖူးတဲ့ အောင်ဖေ ပထမတော့ အတော်ပြဿနာတက်တယ်၊ ဘာလို့ဆို မြှီးညှောင့်ရိုး အတော်ကိုနာတာကိုး၊ ဆိုဖာမှ မဟုတ်တာ။ နောက်တော့လည်း ကောက်ရိုးများများ ခင်းပြီး ဂျိုင့်ထဲကျမယ် ထင်ရင် ဖင်အသာလေးကြွကြွ ကြွကြွနဲ့ သွားတတ်သွားတော့တာပဲ။

တရက်တော့ ကရင်ရွာထဲ စစ်ကြောင်းကဖြတ်လျှောက်တုန်း ကက်ဆက်သံ အကျယ်ကြီးကို ရုတ်တရက် ကြားလိုက်ရတယ်၊ အောင်ဖေဆက်လျှောက်လို့ မရတော့ဘူး ရပ်လိုက်ရတယ်၊ ဘာလို့ဆို ကက်ဆက်က လာနေတဲ့ သီချင်းက ဟေမာနေဝင်းလား မေဆွိလားမသိ ဆိုတဲ့ “မောင်” သီချင်း၊ ဘာတဲ့ “မောင်… အများပြောတဲ့ သွေးခွဲစကားတွေကို…… နောင်သံသရာအထိ ချစ်မယ်ဆို…… အတူတူနေကြရအောင်…. မောင်”  ဘာညာလည်း ကြားလိုက်ရကော၊ အောင်ဖေ့နှယ် ဝမ်းနည်းသွားရပါလေကော၊ ဟုတ်ပ တော်လှန်ရေး၊ ယုံကြည်ချက် ဘာညာနဲ့ အားကြိုးမာန်တက် ချီတက်နေခဲ့မိတာ၊ အခုမှ ညိမ့်ညိမ့်ညောင်းညောင်း သီချင်းကို ဗြုန်းကနဲ ကြားလိုက်ရတော့ ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ၊ ငယ်ရည်းစား လွမ်းရလောက်အောင်လည်း မယ်မယ်ရရ ဘာမှမရှိခဲ့ ကိုယ်ကသာ ချစ်လွန်းသူ ဖြစ်ခဲ့ရတာ၊ တချို့များ လင်ယူသွားတာတောင် ကိုယ်ကြိုက်ခဲ့မိမှန်း သိခဲ့ပုံတောင်မရဆိုတော့ မြို့ပြကိုတော့လွမ်းပြီး ဝမ်းနည်းသွားမိတာတော့ အမှန်ပဲ၊ အဲဒီအချိန်က အောင်ဖေ့ အသက်က ၂၄တောင် မပြည့်သေးဘူးကိုး။

တချိန်လုံး သားသမီးလို သတိထား ဂရုစိုက်လာတဲ့ ဘကြီးနိုင်ဂေါင်ခမ်းကတော့ မေးရှာပါတယ်။

“အောင်ဖေ ဘာဖြစ်လို့လဲ” တဲ့။

အဲဒီကြမှ အောင်ဖေ သတိဝင်လာပြီး “ကျနော်စဉ်စားနေတာ ဒီရွာတွေမှာ ဒီလိုစတီရီယို သီချင်းတွေလည်း ရောက်တာပဲနော်” လို့သူ့ကို ပြောမိတော့၊ “ဟ ရတာပေါ့ကွ မြို့နဲ့က နီးတာကိုး ပုံမှန် လမ်းလျှောက်သွားရင် တနာရီ သာသာနဲ့ မြို့ရောက်တာကိုး၊ ဒါကြောင့်ဘာမှ စဉ်းစားမနေနဲ့ မြန်မြန်သာလျှောက်” တဲ့၊ ဘုရား ဘုရား သူပြောမှ သိတော့တယ်၊ မြို့နဲ့ အတော်နီးတာကိုး သတင်းပေါက်ပြီး ဘသားချောတွေ လိုက်လာမှ ဟုတ်ပေ့ဖြစ်တော့မယ် ဆိုတာကို။

ဒီလိုနဲ့တရက် ကရင်ရွာတရွာကိုအဖြတ် အောင်ဖေတို့ရုံးအဖွဲ့က ရွာအဝင်ပဲရှိသေးတယ် စစ်ကြောင်းက ရပ်ရ ပါလေကော၊ ရွာသားတွေလည်း တယောက်မှ မမြင်၊ လယ်ထဲဆင်းနေကြတယ်လို့ပဲ အောင်ဖေထင်တာပေါ့၊ လမ်းဘေးမှာ ငုတ်တုတ်လေးတွေ ကိုယ်စီကိုယ်စီ ထိုင်နေကြတော့တယ်။ နာရီဝက်လောက် ရှိမယ်ထင်ပါရဲ့ နည်းနည်းကြာလာတော့ နိုင်ယက္ခကပြောတယ်၊ အောင်ဖေ သတိထား တခုခုတော့ ထူးနေလားမသိပေါ့လေ။

တနာရီနီးပါးကြာမှ စစ်ကြောင်းက ဆက်ထွက်ဖြစ်တယ်၊ သွားလို့မှ ကိုက်၁၀၀လောက်ပဲ ရှိသေးတယ်၊ အားပါး ကရင်တပ်ကရဲဘော်တွေလေ ဟိုကတယောက် ဒီကတယောက် ထွက်ထွက်လာကြတယ်၊ သူတို့ရှိနေမှန်းတောင် အောင်ဖေတို့ စစ်ကြောင်းက မသိ၊ ဒါကြောင့်ထူးတယ် ထင်နေတာ။

ရွာဥက္ကဌအိမ်ရှေ့ရောက်တော့ စားပွဲတွေ ကုလားထိုင်တွေနဲ့ ကရင်စစ်ကြောင်းမှူး နာမည်တော့ မမှတ်မိတော့ဘူး၊ သူကပြုံးပြီး ကြိုနေတယ်၊ လက်ဘက်ရည်သောက်ကြပါတဲ့။ အောင်ဖေလည်း အတော်ပျော်သွားတယ် လက်ဘက်ရည်ဆိုတာ ရှားရှားပါးပါးကိုး။ အဲဒီကြမှ နိုင်ယက္ခက မိတ်ဆက်ပေးတယ်။

“အောင်ဖေ သူက ခွဲမှူး စော…… သူပေါ့၊ သူ့ဆရာ မန်းအောင်တင်မြင့်နဲ့က ကျနော်နဲ့က သူငယ်ချင်းတွေလေ၊ သူက အောင်ဖေ လူ့ဘောင်သစ် ကျောင်းသားအဖွဲ့က” သူက အဲဒီလို မိတ်ဆက်ပေးတော့ ကရင်တပ်မှူးက တွေ့ရတာ ဝမ်းသာပါတယ်၊ လက်ဘက်ရည်သောက်ပါဦး နယ်မြေကတော့ အေးချမ်းပါတယ်၊ ဘာညာနဲ့ ပြောတော့တာပဲ။

အဲဒီမှာ နိုင်ယက္ခက ထပ်ပြောတယ်၊ “ကျနော်အောင်ဖေ့ကို ပြောတယ် မဟုတ်လား တခုခုတော့ ထူးနေပါတယ်ပေါ့ ၊ ဘယ်ဟုတ်မလဲ စစ်ကြောင်းမှာ ဗမာစစ်သားပါတယ်ဆိုပြီး သတင်းဖြစ်နေလို့ သူတို့က စိစစ်နေရလို့ ကြာနေတာလေ” တဲ့၊ သောက်ကျိုးနည်း သောက်နေတဲ့ လက်ဘက်ရည်တောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး၊ အခုမှသိတော့တယ်၊ ကရင်တပ်တွေက အောင်ဖေတို့ စစ်ကြောင်းကို ဝိုင်းထားတာကိုး၊ ဒါကြောင့် ကရင်ရဲဘော်တွေ နောက်မှ တယောက်တပေါက် ထွက်လာတာကို မြင်ခဲ့ကြရတာကိုး ဆိုတာ။

အောင်ဖေကလည်း လျှောက်ပြောတော့တာပေါ့ ကျနော်လည်း မာနယ်ပလောနေဖူးတယ် တပ်ခွဲမှူးရ ဘာညာနဲ့ ရင်းရှင်းနှီးနှီး စကားပြောပြီး လက်ဘက်ရည်သောက် ဘာညာနဲ့ ခရီးဆက်ထွက်ဖို့ ပြင်ကြရတော့တာပဲ။ ကြည့်ရတာ လမ်းတလျှောက်မှာ အောင်ဖေတကောင်တည်း ဗမာလိုစကားပြောတာကို ဖြတ်ခဲ့တဲ့ရွာတွေက ကင်းထောက်တွေက သတင်းပို့ထားပုံရပါတယ်၊ ဒါကြောင့် ဒီစစ်ကြောင်းမှူးက သံသယရှင်းအောင် စိစစ်ပြီး၊ ကျောင်းသားအဖွဲ့ကမှန်း သိသွားတော့ အားနာပြီး လက်ဘက်ရည်ဖျော်တိုက်တာကိုး။ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ မာနယ်ပလော ကျသွားပြီးကတည်းက ကျောင်းသားတပ်တွေ လှုပ်ရှားမှုကလည်း အကန့်အသတ်တွေ ရှိသွားခဲ့ရတာဆိုတော့။

ဒီလိုနဲ့ ကရင်နယ်မြေကကျော်ပြီး နောက်ချောင်းတခုကို ဖြတ်ပြီးတာနဲ့ မွန်နယ်မြေတခုထဲ ရောက်သွားပုံရပါတယ်၊ ဆရာနိုင်ယက္ခကတော့ ပြောတယ်၊ ဘာမှမပူနဲ့အောင်ဖေ ဒါက ကျနော်တို့ မွန်နယ်မြေထဲ ရောက်နေပြီတဲ့။ မွန်နယ်မြေ၊ ကရင်နယ်မြေသာ ပြောပါတယ်၊ မွန်တပ်ကော ကရင်တပ်တွေကော ဥဒဟို သွားလာနေကြတာ၊ နားလည်မှုကတော့ တပ်တွေအချင်းချင်း အပြည့်ပဲကိုး။

ဒီလိုနဲ့ ဆက်သွားရင်း ကွမ်လန်းတို့ ကျိုက်ကဘင်တို့ကို ကျော်ပြီးတော့ အောင်ဖေတို့စခန်းချတည်းမယ့် ကော့ဘိန်းနဲ့ မနီးမဝေး ကော့ခတော် ရွာကို ရောက်တော့မှ အောင်ဖေတို့ရဲ့ ခရီးရှည်ချီတက်ပွဲလည်း ပြီးသွားတော့တယ်၊ အချိန်ကတော့ ၁၉၉၅ခုနှစ် မေလလယ်လောက် ရောက်ပြီထင်ပါရဲ့။

သက်ခိုင်
(၁၃း၂၃)နာရီ
(၂၄.၂.၂၀၁၅)
Photo Credit – Irrawaddy Burmese News


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သက်ခိုင်, အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်