ငြိမ်းချမ်းအေး – တပ်မတော်နေ့ အမှန်ဖြစ်ရေး အရေးကြီးသည်

March 27, 2015

 ငြိမ်းချမ်းအေး – တပ်မတော်နေ့ အမှန်ဖြစ်ရေး အရေးကြီးသည်
(Friday Times / မိုးမခ) မတ်လ ၂၇၊ ၂၀၁၅

•  အာဏာရှင်မောင်ပိုင်စီးခြင်းခံရတဲ့ ပုံပျက်သမိုင်း
စစ်အာဏရှင်အစိုးရအဆက်ဆက် ‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’၊ ‘တပ်မတော်သာ အမိ၊ တပ်မတော် သာ အဖ’ စတဲ့ ‘စစ်တပ် ဂုဏော အနန္တော၊ စစ်တပ် သရဏံ ဂစ္ဆာမိ’ စဉ်းစားပုံလမ်းကြောင်းကို လူထုကြားကိန်းအောင်း ဦးနှောက်ဆေးချင်တော့ သမိုင်းအထင်ကရ အဖြစ်အပျက်တွေကို စစ်တပ်တခုတည်းက လက်ဝါးကြီးအုပ်သိမ်းပိုက်ရင်း သမိုင်းကို ပုံဖျက်ခဲ့ပါတယ်။  အမှန်တဝက်၊ အမှားတဝက်၊ မုသား အလိမ်အလည်တွေ ပါးပါးလေးထည့်တဲ့အခါ ထည့်၊ ဗြောင်တိုက်တဲ့အခါ တိုက်နဲ့ အမျိုးမျိုး မှိုင်းတိုက် ထိမ်ဝှက်၊ လိမ်လည် သမိုင်းကို ဖျက်ခဲ့ကြပါတယ်။  မဆီမဆိုင် သမိုင်းနေ့စွဲ တွေ ဖန်တီးခဲ့ကြတယ်။

ဥပမာ – နောင်မှာ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းကာ လယ်သမား၊ ယာသမား လူထုကို အင်္ဂလိပ်အရင်းရှင်အစိုးရခေတ်ထက်ပို မွဲပြာကျစေခဲ့သူ တရားခံ ‘စစ်တပ်’ က တရားဝင် အာဏာသိမ်းယူခဲ့တဲ့နေ့ မတ်လ (၂) ရက်နေ့ကို ‘တောင်သူ လယ်သမားနေ့’ လို့ ဇွတ်ကင်ပွန်းတပ်ခဲ့ကြသလိုမျိုးပေါ့။  မတ်လရဲ့ ပြောင်မြောက်လှတဲ့ တော်လှန်သမိုင်းကို နောင်ထပ် ရိုင်းစေတာကတော့ ‘ဖက်ဆစ်တော်လှန်ရေးနေ့’ မတ်လ (၂၇) ရက်ကို ‘တပ်မတော်နေ့’ လို့ သတ်မှတ်ခဲ့ခြင်းပါပဲ။

• လူမျိုးစုစုံရဲ့ လူထုတော်လှန်ရေး
‘(၁၉၄၅) မတ်လ (၂၇) ရက်နေ့မှာ တပ်မတော်ကဦးဆောင်ပြီး ဂျပန်ဖက်ဆစ်တော်လှန်ရေး စခဲ့သည်’ ဆိုပြီး စစ်အစိုးရ အဆက်ဆက် ပုံဖော်ခဲ့ကြတာမှာ အချက်ကြီး (၂) ချက် မှားနေပါတယ်။  ပထမအချက်ကတော့ အားလုံးလည်း သတိပြုမိတဲ့ ဖက်ဆစ်တော်လှန်ရေးဟာ လူထုကဦးဆောင်တဲ့ ‘ပြည်သူ့တော်လှန်ရေး’ သာ ဖြစ်တယ်ဆိုတာကို ထိမ်ချန်ထားခြင်းပါ။  ဒုတိယ အချက်ကတော့ စစ်တပ်အသားပေး သမိုင်းပုံဖော်မှုဖြစ်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲတွေဟာ (၁၉၄၅) မတ်လ (၂၇) ရက်နေ့မှာ စခဲ့တယ် ဆိုတာကလည်း မမှန်ပါဘူး။  တကယ်တော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဖက်ဆစ်တော်လှန်ရေးက အများကြီး စောခဲ့ပါတယ်။  ဂျပန်စစ်တပ် စဝင်လာကတည်းက အင်္ဂလိပ်အကူအညီနဲ့ ချင်း၊ နာဂ၊ ကရင်၊ အစရှိတဲ့ လူမျိုးစုစုံဟာ ပြောက်ကျားတော်လှန်ရေးအနေနဲ့ ဖက်ဆစ်ကျူးကျော်မှုကို အစဉ်မပြတ် ဆန့်ကျင်ခဲ့ကြတာပါ။ အခု လက် ရှိအစိုးရနဲ့စစ်တပ်က နိုင်ငံရေးအကျပ်အတည်းထွက်ပေါက်အနေနဲ့ အသုံးချချင်လို့ ဇွတ် ပြည်ပရန်ပုံဖော်နေတဲ့ ‘ကိုးကန့်’ တွေဆိုလည်း ဖက်ဆစ်တော်လှန်ရာမှာ ရှေးဦးပါခဲ့တဲ့သူတွေပါပဲ။

• လူမျိုး/ဘာသာစုံ တပ်မတော်
စစ်တပိုင်းအစိုးရခေတ်မှာ အရာကျခဲ့လို့ ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်းတဦးရဲ့ မေးမြန်းခန်း အဖြေတခုမှာ စစ်တပ် ရာထူးအဆင့်ဆင့် တက်လမ်းအတွက် အနှောင့်အယှက် မဖြစ်ရအောင် သူရဲ့ တိုင်းရင်းသားနာမည် ထိပ်စီးကို ဖျောက်ခဲ့ရပါ တယ်လို့ ဝန်ခံဖူးတာ သတိပြုမိခဲ့ကြမလား မသိပါ။  တကယ်တော့ ဒါမျိုး ဖြစ်စဉ်ဟာ လူအများစု ထောက်ခံမှုရလိုတာကြောင့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်လေဟန် ပုံဖော်၊ အမျိုးသားရေးကို တလွဲအသုံးချကာ တမျိုး တဘာသာ ဗဟိုပြု အသားပေးကျင့်သုံးလေ့ရှိတဲ့ ရာစုဝက်ကျော်ကြာ စစ်အာဏာရှင်စနစ်ဆိုးအောက် နေရာ ကဏ္ဍ ဌာနတိုင်းမှာ တွေ့ရလေ့ ရှိပါတယ်။  နိုင်ငံလက်ရွေးစင် ဘောလုံးသမား ခရစ်ယာန်နာမည် မခံရ၊ အခြားဘာသာရေး နာမည်မသုံးရ၊ လက်ဝါးကတ် တိုင်ပုံပြု ဂိုးသွင်းအောင်ပွဲမခံရတာမျိုးက အစ စစ်ဘက်၊ အရပ်ဘက် အစိုးရ ရာထူးကြီးကြီးနေရာအထိ လူမျိုး၊ ဘာသာ ခွဲခြားမှုတွေကို စနစ်တကျ စနစ်ထဲမှာ ထည့်သွင်းပုံဖော်ခဲ့ကြတယ်။  (၁၉၈၈) စက်တင်ဘာ (၁၈) စစ်တပ် ဒုကြိမ် အာဏာ သိမ်းရာမှာ ပါဝင်ခဲ့တဲ့ နဝတ အာဏာသိမ်း အစိုးရအဖွဲ့ဝင် ‘ဗိုလ်မှူးချုပ် ဒေးဗစ်အိုဝင်အေဘယ်လ်’ လို ကပြားပေမဲ့ ပညာ လည်းတတ်၊ နိုင်ငံတကာနဲ့ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောနိုင်ဆိုနိုင်သူမျိုးတွေဆို နေရာ အထိုက်အလျောက်ပေးခံရတာ ရှိခဲ့ပေမဲ့ သူ့ရဲ့ စစ်ရာထူးကတော့ ဗိုလ်မှူးချုပ်ပါပဲ၊ ဗိုလ်ချုပ်တောင် မဖြစ်ခဲ့ရှာပါ။

ဒီလို သဘော နောက်ပိုင်းမှာ ဖြစ်ခဲ့ရပေမယ့် ခေတ်သစ်ဗမာ့တပ်မတော်ဟာ သန္ဓေတည်ခဲ့ရာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ခေတ်ကတည်းက လူမျိုးစုစုံ၊ ဘာသာစုံ ပါဝင် ကျရာတာဝန်ထမ်းခဲ့ကြတဲ့ သမိုင်းနဲ့ လာခဲ့တာပါ။  ဒုတိယကမ္ဘာစစ်အပြီး ကန္ဒီစာချုပ် (၁၉၄၅-စက်တင်ဘာ-၇) အရ တပ်မတော် ပြန်လည်ဖွဲ့စည်းရာမှာလည်း အင်္ဂလိပ်သင်တန်းဆင်း ဗြိတိသျှ ဘားမားတပ်က လာသူတွေဘက်မှာကော၊ ဂျပန်သင်တန်းဆင်း မျိုးချစ်တပ်မတော်ဘက်က လာသူတွေမှာပါ လူမျိုး/ဘာသာစုံ ပါခဲ့တာပါပဲ။  ဗြိတိသျှဘားမားခေတ်ကတည်းက ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းမှုအလို့ငှာ ‘Professional Soldiers’ အဖြစ် ဆောင်ရွက်ခဲ့ကြသူတွေ အများစုကလည်း  လူနည်းစု လူမျိုး၊ ဘာသာ အုပ်စုဝင်တွေပါ။  ဒါကြောင့် ပြည်တွင်းစစ်မီးမလောင်ခင် ကနဦးခေတ်သစ်တပ်မတော် ခေါင်းဆောင်မှုနေရာတွေကို စစ်အတွေ့အကြုံ၊ စစ်ပညာ ပြည့် တိုင်းရင်းသား စစ်သားကြီးတွေ လွှမ်းမိုးခဲ့တာပါ။  အခုခေတ်လို တပ်မတော်က ‘ပြည်ထောင်စုတပ်မတော်ပါ’ ဆိုပြီး ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ ငါ့စကားနွားရ စကားနိုင်လု ကာကွယ်ပြောဆိုနေပြီး တပ်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသား လူနည်းစုတွေကို သူတို့နဲ့ ညီအစ်ကို လူမျိုးစုတော်လှန်ရေးတပ်တွေနဲ့ အိမ်ကြက်ချင်းအိုးမည်းသုတ် အသေခံတိုက်ခိုင်းရာမှာ အသုံးချ၊ ရာထူးကြီးကြီးကျ မပေးတဲ့ အာဏာရှင်အလိုကျ စစ်တပ်အနေအထားမျိုးနဲ့ စခဲ့တာမဟုတ်ပါ။

လွပ်လပ်ရေးခေတ်ဦး တပ်မတော်မှာ ဗိုလ်ချုပ် စမစ်ဒွန်း (အိန္ဒိယ ဒယ်ရဒွန်း စစ်တက္ကသိုလ် ပထမပတ် ကျောင်းဆင်း) က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff) စဖြစ်ခဲ့တယ်။  ဗိုလ်မှူးချုပ် စောကြာဒိုး (အင်္ဂလန် ဆင်းဟဒ်စ် စစ်တက္ကသိုလ်ဆင်း) က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (Chief of Army Staff) / စစ်ဆင်ရေးမှူး (Chief of Operations) ဖြစ်ခဲ့တယ်။  ဒုဗိုလ်မှူးကြီး စောရှိရှို က ကာကွယ်ရေးဦးစီးချုပ် (လေ) (Chief of Air Staff) ဖြစ်ခဲ့တယ်။  ဒုဗိုလ်မှူးကြီး စောဒိုနီက စစ်ထောက်ချုပ် (Quartermaster General) အဖြစ် တာဝန်ထမ်းခဲ့တယ်။  တပ်မတော်ဖွဲ့ စည်းပုံကလည်း တပ်ရင်းအနေနဲ့ မျိုးချစ်ဘက်ကလာသူ အများစု ပါတဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု (တခု က တိုင်းရင်းသား လူမျိုးစု စုံပါ)၊ ကရင် တပ် (၃) ခု၊ ချင်းတပ် (၃) ခု၊ ကချင်တပ် (၂) ခု၊ ဂေါရခါးတပ် (၁) ခု အစရှိသလို လူမျိုးစုစုံတပ်ဖြစ်ခဲ့ပါတယ်။  ဒီလို ကရင်၊ ကချင်၊ ချင်း၊ အင်္ဂလိပ်ကပြား အင်ဂလိုဘားမီးစ်၊ အင်ဂလိုအင်ဒီးယန်း၊ အိန္ဒိယ အနွယ်၊ ဂေါရခါး၊ တရုတ်အနွယ် အစရှိသဖြင့် အရောင်အသွေးစုံခဲ့တဲ့ တပ်မတော်အနေနဲ့ စတင်ခဲ့တာပါ။

• တပ်မတော်နေ့ နောက်ကြောင်း
တပ်မတော်နေ့အဖြစ် ဂျပန်ခေတ်နှောင်းပိုင်း (၁၉၄၅) ဇန်နဝါရီလ (၂) ရက်နေ့မှာ ပထမဆုံး ကျင်းပဖူးကြောင်း မှတ်တမ်း တချို့ရှိခဲ့ပါတယ်။  မတ်လ (၂၇) တော်လှန်ရေးနေ့ ကို တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်မှုကိုလည်း သမိုင်းမှာ အချက်အလက် အမျိုးမျိုးနဲ့ လက်ရှိတိုင် ပြောဆိုနေကြပါတယ်။  တကယ်တော့ ၁၉၅၄/၅၅/၅၆ ဝန်းကျင် ဖဆပလ ဦးနု ခေတ်ကတည်းက အာဏာရပါတီတွင်း စစ်တပ်လိုလားတဲ့ ဆိုရှယ်လစ်အုပ်စု စနက်နဲ့ ပြည်တွင်းစစ်အတွက် တပ်မတော်ကို မျက်နှာသာပေး ‘ဖား’ လိုမှုကြောင့် ‘တော်လှန်ရေးနေ့’ ကို ‘တပ်မတော်နေ့’ အဖြစ် ပုံဖော်လိုတဲ့ သဘောတွေ စခဲ့ပါတယ်။  နောက် စစ်တပ်က (၁၉၆၂) မှာ အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီခေတ်နဲ့ နောက်ပိုင်း မဆလ တပါတီ အာဏာရှင် အစိုးရ ဖွဲ့စည်းချိန် (၁၉၇၄) နောက်ပိုင်းတွေမှာတော့ မတ်လ (၂၇) ရက်နေ့ဟာ ‘လူထုရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့’ ဆိုတဲ့ သဘော လုံးလုံးပျောက်ခဲ့ရတယ်၊ ‘တပ်မတော်နေ့’ အဖြစ်သာ လုံးလုံး အထိမ်းအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။

• စစ်သြဇာ၊ အာဏာ၊ စီးပွား ကြီးလာခဲ့ခြင်းကလည်း တချက်
တိုင်းပြည်ဟာ လွတ်လပ်ရေး ရရချင်းမှာပဲ လူမျိုးရေး၊ နိုင်ငံရေး အယူဝါဒ အကွဲအပြဲ မျိုးစုံကြောင့် က ကပ်ပါလာခဲ့ပါတယ်။  တရုတ်ဖြူ စစ်ပွဲလည်း ဖြစ်ခဲ့တယ်။  ဒီမိုကရေစီစနစ်အရ အာဏာရနေတဲ့ ဖဆပလပါတီမှာလည်း တပ်မတော် ခေါင်းဆောင်းပိုင်းနဲ့ နီးစပ်တဲ့ ဆိုရှယ်လစ် နိုင်ငံရေး အုပ်စု ရှိခဲ့တယ်၊ စစ်တပ်ကလည်း အဆိုပါ နိုင်ငံရေး အုပ်စုကို ပြန်လည် ထောက်ခံမှုပေးခဲ့တယ်။  သန့်ရှင်း၊ တည်မြဲ အဖြစ် ဖဆပလ ကွဲချိန်မှာလည်း စစ်တပ်ခေါင်းဆောင်ပိုင်းဟာ ဆိုရှယ်လစ် အုပ်စု တည်မြဲဘက်ကို အလုံးစုံရပ်ခဲ့တယ်။  လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီ ခေတ်မှာကတည်းက ဒီလို စစ်တပ်ရဲ့ နိုင်ငံရေးမှာ စွက်ဖက်မှု၊ သြဇာကြီးမှုတွေ ဖြစ်ခဲ့တယ်။  ကြောင့် အစိုးရဟာ စစ်တပ်ကို အားကိုးခဲ့ရတယ်။

ပြည်တွင်းစစ်၊ တရုတ်ဖြူစစ် စတဲ့ တိုက်နေရတဲ့ စစ်ပွဲတွေအကြောင်းပြ၊ စစ်ရန်ပုံငွေ လိုတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်မတော်ဟာ စီးပွားရေး လုပ်ပိုင်ခွင့်တွေလည်း စရလာခဲ့ပါတယ်။  ဒီကနေ့ခေတ် ဦးပိုင်လို DSI, BEDC စတဲ့ စစ်တပ်ပိုင် စီးပွားလုပ်ငန်းစုကြီး တွေ အခြေတည်လာခဲ့တယ်။  ဥပမာ – BEDC ထုတ် နာမည်ကျော် အရက်ဖြူ “ဘီးအီး”။  ဒီလို စီးပွားအစုစုဟာ စစ်စရိတ် အတွက် ဖြစ်တာကြောင့် အခွန်လည်း ထမ်းစရာမလို စစ်တပ်အတွက် သပိတ်ဝင်၊ အိတ်ဝင် ဖြစ်ခဲ့တယ်။

ပြည်တွင်းစစ် နယ်မြေ မငြိမ်းချမ်းမှု ကြောင့် တပ်မတော်ဟာ အုပ်ချုပ်ရေး မှာလည်း ဝင်နေရာယူခဲ့နိုင်ပါတယ်။  ဥပမာ – ရှမ်းပြည် ဆိုရင် ဖဆပလ ဒီမိုကရေစီခေတ်ဆိုပေမဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အောက် နေရချိန်က အများစု ဖြစ်ခဲ့တယ်။  ဒီလိုနဲ့ နုနယ်တဲ့ လွတ်လပ်စ ဒီမိုကရေစီ နိုင်ငံမှာ တပ်မတော်နဲ့ သူ့ရဲ့ အကျိုးစီးပွား၊ အာဏာတွေဟာ ကျယ်ပြန့်လာခဲ့ပါတယ်။  ဒီအနေအထားတွေက နောက်ပိုင်းမှာ တိုင်းပြည် စစ်အာဏာရှင်စနစ်ဆိုး ချောက်ထဲကို ကျစေခဲ့သလို လူထုရဲ့ “မတ်လ (၂၇) ဖက်ဆစ်တော်လှန်ရေးနေ့” ဟာလည်း  ‘တပ်မတော်နေ့’ အဖြစ် ပုံဖျက်ခံရပါတော့တယ်။

• တပ်မတော်နေ့ အမှန် ဘာကြောင့် ဖြစ်သင့်ပါသလဲ
မတ်လ (၂၇) ‘တော်လှန်ရေးနေ့’ ကို အခုလို ‘တပ်မတော်နေ့’ လုပ်နေတော့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ စစ်တပ်ကိုသာ အဓိက ဦးစားပေးလိုက်ခြင်း ဖြစ်သလို၊ လွတ်လပ်ရေး လှုပ်ရှားမှု အဆင့်ဆင့်မှာ ပါဝင်ခဲ့တဲ့ ရဟန်း ရှင်လူ၊ ကျောင်းသား၊ လူထု လူတန်းစား အစုအဖွဲ့အသီးသီး၊ နိုင်ငံရေး အင်အားစု အသီးသီးရဲ့ အခန်းကဏ္ဍ ကိုလည်း တဖက်စောင်းနင်း၊ မှေးမှိန် လျှော့ချ ပစ်လိုက်ရာ ရောက်သွားခဲ့ပါတယ်။  လွတ်လပ်ရေးခရီးမှာ တစိတ်တဒေသ ကျရာဝန်ထမ်းခဲ့တဲ့ တပ်မတော်ရဲ့သမိုင်းနဲ့ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ အရေးပါတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့အတွက် တပ်မတော်ကို ဂုဏ်ပြု ‘တပ်မတော်နေ့’ တခု ရှိသင့်တာလည်း အမှန်ပါ။  ဒါပေမဲ့ သီးသန့် တပ်မတော်နဲ့ လုံးလုံး သက်ဆိုင်တဲ့ နေ့မျိုးသာ ဖြစ်သင့်ပါတယ်။ တခြား တိုင်းပြည်တွေမှာလည်း ဒီလို သဘောပဲ ရှိပါတယ်။  ဥပမာ – ထိုင်း တပ်မတော်နေ့ဟာ တောင်ငူမင်းဆက်ခေတ်မှာ မြန်မာဘုရင်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲ အောင်နိုင်မှုကို အထိမ်းအမှတ်ပြု သတ်မှတ်ထားခြင်းပါ။

အခုလို မတ်လ (၂၇) ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်ခဲ့ခြင်းဟာ တပ်မတော် သန္ဓေတည် စတင်ပေါက် ဖွားရာ ဗမာ့မျိုးချစ်လွတ်လပ်ရေးတပ်မတော် ရဲ့ အခန်းကဏ္ဍကိုလည်း ချိုးနှိမ် ပယ်ဖျက်ရာလည်း ရောက်နေပြန်ပါတယ်။  အထူးသဖြင့် (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက တည်ရှိလာခဲ့တဲ့ BIA ခေတ် ဗမာ့လွတ်လပ်ရေးတပ်မတော်ပါ မျိုးချစ်တပ်မတော်သားတွေရဲ့ ပေးဆပ်မှု အလုပ်တွေ၊ ကျဆုံးခဲ့သူ ရဲဘော်တွေရဲ့ အသက်တွေကို အသိအမှတ်မပြုရာလည်း ရောက်နေပါတယ်။  တပ်မတော်ဟာ (၁၉၄၅) ခုနှစ်၊ မတ်လ (၂၇) ကျမှာ စတင် တည်ထောင်ခဲ့တာလည်း မဟုတ်ပါဘူး။  (၁၉၄၁) ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့ကတည်းက ဂျပန်စစ်သင်တန်းဆင်း ရဲဘော်သုံးကျိပ်ဝင် ရဲဘော် တစု ဘန် ကောက်မှာ လက်မောင်းသွေးဖောက် သွေးသစ္စာ ပြုပြီး ခေတ်သစ် ဗမာ့တပ်မတော်ကို တည်ထောင်ခဲ့ပြီး ဖြစ်တယ်။  ဒီဇင်ဘာ (၂၈) မှာ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ထိုင်းနိုင်ငံရောက် ဗမာပြည်ကလူမျိုးစုစုံ မျိုးဆက် နောက်လိုက်များနဲ့အတူ (ဂျပန် အကြံပေး တွေ အပါအဝင်) အရေအတွက် (၃၀၀) နီးပါးရှိတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ထူ ထောင်ခဲ့ပါတယ်။

အခုလို သုံးလေးနှစ်ကြာ နောက်ကျနေတဲ့ ခုနှစ်ရက်စွဲ (၁၉၄၅) ခုနှစ်၊ မတ်လ (၂၇) ကို ဂုဏ်ပြု တပ်မတော်နေ့ လုပ်နေတော့ ကနဦး တပ်မတော်မှာ ပါခဲ့တဲ့ သူတွေ၊ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေ၊ ကျဆုံးခဲ့သူတွေ ရဲ့ သမိုင်းဟာ အဖျောက်ခံရ၊ အဖျက်ခံရသလိုလည်း ဖြစ်နေပါတယ်။  (၆) လက်မ ထက်ကျော်တဲ့ ဓားတို တလက် မကိုင်နိုင်တဲ့ သူ့ကျွန်ဘဝကနေ အင်အားကြီး ဗြိတိသျှတပ်ကို ကမ္ဘာကျော် ရွှေတောင်တိုက်ပွဲ (၁၉၄၂-မတ်) လို ဒုတိယကမ္ဘာစစ်ရဲ့ အရေးပါတဲ့ အထင်ကရ စစ်ပွဲကြီးမျိုး မှာ အနိုင်ရအောင် တိုက်နိုင်ခဲ့တဲ့ ရှေးဦးဗမာ့လွတ်လပ်ရေးတပ်မတော် စတင် တည်ထောင်ရာမှာ ပါဝင်ခဲ့သူတွေဟာ တပ်မတော် သမိုင်းအတွက်၊ လွတ်လပ်ရေး သမိုင်းအတွက် အင်မတန် အရေးပါ ပါတယ်။  ပါဝင်ခဲ့သူ၊ ကျဆုံးခဲ့သူ ရဲဘော်၊ စစ်သည်၊ အကြပ်တပ်သား အားလုံးဟာ လက်ရှိတပ်မတော် ရဲ့ မူလ ရေသောက်မြစ်လည်း ဖြစ်ပါတယ်။  သူတို့ကို ရည်စူး အသိအမှတ်ပြုပြီး သီးသန့် ‘တပ်မတော်နေ့’ အဖြစ် သမိုင်းမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသင့်ပါတယ်။

သမိုင်းလိမ်တွေ၊ သမိုင်းဆိုးတွေ ရပ်သင့်ပါပြီ
တပ်မတော်သမိုင်းဟာ နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ဆိုးနဲ့ အတူ ကျောင်းသား၊ ရဟန်း၊ ပြည်သူ အပေါ် သွေးစွန်းစေခဲ့တဲ့ နေရက်များကို ဖြတ်သန်း လူထုအကြား အမြင်မကြည်လင် အော့နှလုံး နာစရာတွေ သမိုင်းမလှ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ပါတယ်။  ဒါပေမဲ့ တပ်မတော်ရဲ့ ကောင်းခဲ့တဲ့ သမိုင်းကြောင်း စာမျက်နှာတချို့ကို အသိအမှတ်ပြုသလို အနာဂတ် တိုင်းပြည် ကာကွယ်ရေး အတွက် အရေးပါမှုကိုလည်း နားလည်တဲ့အတွက် တပ်မတော်နေ့ကို အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြည်သူမှာ ရှိနေပါတယ်။  ဒီနေရာမှာ ကြိုတင် လိုအပ်တဲ့ အချက်တွေတော့ ရှိပါတယ်။  ပထမ တချက်ကတော့ တကယ့် တပ်မတော်နေ့ စစ်စစ်ဖြစ်ဖို့လိုပါတယ်။  ဒုတိယ လက်ရှိ စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ မင်းမူ ဗိုလ်ကျ ကြီးစိုးနေတာကို လျှော့ချဖို့လိုပါတယ်။  ကောင်းတဲ့ သမိုင်းကို ထိုက်ထိုက်တန်တန်ပြုစေချင်ရင်၊ မူလတာဝန် တိုင်းပြည်ကာကွယ်ခြင်းကို အသိအမှတ်ပြုစေချင်ရင် မကောင်းတဲ့ သမိုင်းဆိုးတွေကို ဝန်ခံ၊ မူဆိုး၊ အလုပ်ဆိုးတွေ ချက်ချင်းရပ်၊ စစ်တန်းလျာကို လုံးလုံးလျားလျား သိက္ခာရှိရှိ ပြန်ပြဖို့ အရင်လိုပါတယ်။

• မပြောင်းလဲသေးတဲ့ မျက်မှောက် ပကတိအခြေအနေ

လက်ရှိတိုင်တော့ တပ်မတော်ခေါင်းဆောင်အဟာင်းအသစ်တွေဟာ သမိုင်းဆိုး၊ လုပ်ရပ်ဆိုးတွေကိုလည်း ဝန်မခံ၊ ဖုံးကွယ်၊ သမိုင်းကို ပုံဖျက်ချင်နေကြတုန်းပဲ ရှိသလို၊ သဘောထားစိတ်ရင်းတွေလည်း မပြောင်းလဲသေးပါ။  လက်ရှိ သမ္မတ စစ်ဗိုလ်ချုပ်ဟောင်းရဲ့ ဗြိတိသျှရုပ်သံ မေးမြန်းခန်း (မတ်-၂၀) ကိုပဲကြည့်ပါ။  အခြေခံဥပဒေပါ (၅၉-စ) ပုဒ်မ အတွက် သမိုင်းချီ ပြောင်ပြောင်တင်းတင်း လိမ်လည်မှု၊ ကျောင်းသားသပိတ် အကြမ်းဖက်မှုကို အရှက်မရှိ ဝန်မခံ၊ ကာကွယ်မှုတွေ အပြင် တပ်မတော်ရဲ့ အခြေခံ သဘော ‘Mindset’ ဖြစ်တဲ့ ‘အနာဂတ် နိုင်ငံရေးမှာ စစ်တပ်ဦးဆောင်လိုမှုဟာ နိုင်ငံ့အကျိုးပါ’ ဆိုတဲ့ မပြောင်းလဲခိုင်မာတဲ့ စစ်အာဏာရှင် ရပ်တည်ချက်ကိုလည်း ထင်ထင်ရှားရှား မျက်မြင် တွေ့ခဲ့ရပါတယ်။  ဒီလို သဘောတွေနဲ့ ဒီနှစ် မတ်လ (၂၇) ရက်၊ (၇၀) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းဟာလည်း ပုံဖျက်ခံမြဲ ခံနေရမှာ ဖြစ်သလို တပ်မတော်နေ့ အမှန်လည်း မပြုလုပ်နိုင်ဘဲ ရှိနေဦးမှာပါ။  တပါတည်း စစ်ဝါဒီများ ကြီးစိုးရာ ဖက်စစ်စနစ်ကို တော် လှန်ခဲ့ခြင်း အကျိုးကျေးဇူး၊ တော်လှန်ရေးနေ့သမိုင်း အခန်းကဏ္ဍ၊ စစ်ဝါဒ အမြစ်ပြတ်ရေး သဘောတွေလည်း တိုင်းပြည်မှာ မှေးမှိန်နေဦးမှာပါပဲ။ ဒီပုံနဲ့ စစ်ဝါဒသာ ဆက်လက်လွှမ်းမိုး ပြည်တွင်းစစ်မီးတွေရှည်၊ စစ်အသုံးစရိတ် တွေထောင်းရင်း တိုင်းပြည်လည်း နိုင်ငံတကာမှာ လူတမ်းမစေ့နိုင် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အရာရာ အောက်တန်း၊ နောက်တန်းကျ ‘ဓားမနောက်ပိတ်ခွေး’ ဖြစ်မြဲ ဖြစ်နေဦးမယ့် သဘောပါပဲ။

• အနှစ်ချုပ်
နိဂုံးချုပ်ရရင် သမိုင်းကို ပြင်ခြင်း၊ လိမ်ခြင်း၊ ဖုံးခြင်း၊ တလွဲပြုခြင်းဟာ မျိုးဆက်သစ်ကို သစ္စာ ဖောက်ရာ ရောက်ပါတယ်။  သမိုင်းဆိုး၊ လုပ်ရပ်ဆိုးတွေကို မမြင်နိုင်၊ ဝန်မခံနိုင်၊ မပြင်နိုင် ဆက်လက် ပုံဖော်လိုခြင်းကလည်း အနာဂတ်တိုင်းပြည်ကို ပိုလို့ နစ်နာစေပါတယ်။  လူမျိုးစုစုံပါဝင်ပြီး လူထုဦးဆောင်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီး သမိုင်းဖျောက်ခံနေရခြင်းကနေ စစ်ဝါဒကြီးစိုးမှုအထိ ဖြစ်တည်လာရင်း စစ်အာဏာရှင်စနစ် အသွင်အမျိုးမျိုးပြောင်း သက်ဆိုးရှည်ကာ တိုင်းရင်းသား ပြဿနာတွေလည်း မပြေလည်နိုင်၊ ပြည်တွင်းစစ်လည်း မရပ်နိုင်၊ နိုင်ငံဖွံ့ဖြိုးချမ်းသာမှုဆီလည်း မရှေးရှုနိုင် ဖြစ်နေရပါတယ်။  ဒါကြောင့် ‘တပ်မတော်နေ့ အမှန် ဖြစ်ရေး ဘယ်လောက်အရေးကြီးကြောင်း’ ကို အခြေခံကျကျ သိမြင် နားလည် ပြင်ဆင် တော်လှန် တောင်းဆိုနိုင်ဖို့ရာ သမိုင်းနောက်ခံပြု ဆွေးနွေးတင်ပြလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
မတ် ၂၄၊ ၂၀၁၄ (စာပြီး ရက်စွဲ)

(မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၇)၊ (၂၀၁၅) ခုနှစ် မတ်လ (၂၇) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Op-Ed, မှတ်စုမှတ်တမ်း, သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments