မင်းခိုင် – အဆင့်မြင့် အမျိုးသားရေးစိတ်ရောဂါ

April 3, 2015

မင်းခိုင် – အဆင့်မြင့် အမျိုးသားရေးစိတ်ရောဂါ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၅

မျိုးချစ်စိတ်ဟူသည် အတ္တစိတ်တစ်မျိုးသာဖြစ်သည်။

မျိုးချစ်ဝါဒဟူသည် အတ္တဝါဒတစ်မျိုးသာဖြစ်သည်။

ဘယ့်နှယ့်မိတ်ဆွေ .. ဒီလိုမျိုးများ ကြားလိုက်ရရင် နားထဲကန့်လန့်ကြီးမနေဘူးလားဗျာ။ ကန့်လန့်ချင် ကန့်လန့်သွားနိုင်ပေမယ့် တကယ်တော့ အဲဒီစကားတွေမှာ အမှန်တရားတစ်ဝက်မက ပါတယ်။ မျိုးချစ်စိတ်ဆိုတာကို (သူရဲကောင်း)တို့၊ (စွန့်လွှတ်ခြင်း)တို့နဲ့ပဲ တွဲမြင်တတ်ကြတဲ့သူတွေအတွက်တော့ သူတို့ အမွန်အမြတ်ထားတဲ့ (မျိုးချစ်စိတ်) ကို ကိုယ်ကျိုးရှာ (အတ္တစိတ်)နဲ့ တွဲသုံးတာကို ဘဝင်ကျမှာမဟုတ်ဘူး။ ကြိုက်မှာလည်း မဟုတ်ဘူး။ အဲလိုဖြစ်လို့လည်း အပြစ်ဆိုလို့မရပေဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်တွေက မျိုးချစ်စိတ်ဆိုတာကို နယ်ချဲ့တော်လှန်ရေးနဲ့ပဲ တွဲသိတာကိုး .. ။ တကယ့်တကယ်လည်း နေမဝင်အင်ပါယာဆိုတဲ့ ကျောက်တောင်ကို ခေါင်းနဲ့ပြေးတိုက်ဖို့ မျိုးချစ်စိတ်မပါဘဲ မဖြစ်နိုင်ဘူး။ ဒါကြောင့် နယ်ချဲ့ကို တော်လှန်ဖို့ မျိုးချစ်စိတ်ကို နှိုးခဲ့ရတယ်။ အဲလိုနဲ့ မျိုးချစ်စိတ်ကိုအခြေခံတဲ့ အမျိုးသားရေးဝါဒီတွေ ပေါ်လာခဲ့တယ်။ မျိုးချစ်စိတ်ကို ပါးရိုက်နှိုးပြီး အမျိုးသားရေးဝါဒကို နယ်ချဲ့တော်လှန်ရေးအတွက် အထိရောက်ဆုံး အသုံးပြုနိုင်သူကတော့ တို့ဗမာအစည်းအရုံးပဲ။  တို့ဗမာအစည်းအရုံးကနေ လျှမ်းလျှမ်းတောက် အမျိုးသားရေးဝါဒီသခင်တွေ ထွက်လာခဲ့ပြီး လွတ်လပ်ရေး အရယူပေးခဲ့တယ်။

ဒါကြောင့် ကိုယ်တွေအတွက်တော့ မျိုးချစ်စိတ်တို့၊ အမျိုးသားရေးတို့၊ အမျိုးသားရေးဝါဒီတို့ဟာ ကောင်းမြတ်တဲ့အဓိပ္ပာယ်ကိုပဲ ဆောင်တယ်။ ယေဘုယျအားဖြင့်လည်း ကိုယ့်အမျိုးအနွယ်ကို ချစ်တဲ့စိတ်၊ ကိုယ့်နိုင်ငံကို တိုးတက်ကြီးပွားစေလိုတဲ့စိတ်တွေဟာ ကောင်းတယ်လို့ပြောရမှာပဲ။ တကယ်လည်း ငါ့အမျိုးငါ့အနွယ် ငါ့နိုင်ငံ တိုးတက်အောင် လုပ်မယ်ဟဲ့ဆိုတဲ့စိတ်တွေဟာ နိုင်ငံကို တွန်းတင်ပေးနိုင်တဲ့အားတွေပဲ။ သမိုင်းအရလည်း ဒီမျိုးချစ်ဝါဒ၊ အမျိုးသားရေးဝါဒဟာ နိုင်ငံတွေ ဖွံ့ဖြိုးလာစေဖို့ တွန်းအားပေးခဲ့တယ်။ အလယ်ခေတ်အဆုံး ဖရိုဖရဲဖြစ်နေတဲ့ ဥရောပကို စုစည်းပေးခဲ့တာလည်း ဒီဝါဒပဲ။ ဥရောပကို အမျိုးသားနိုင်ငံတွေအဖြစ် ခိုင်မာတိုးတက်စေတာလည်း ဒီဝါဒပဲ။ ကိုလိုနီနိုင်ငံတွေကို နယ်ချဲ့လက်အောင်ကလွတ်ဖို့ တွန်အားပေးခဲ့တာလည်း ဒီဝါဒပဲ။ ခေတ်သစ်ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေကို ဖြစ်ဖို့လည်း ဒီဝါဒနဲ့ မောင်းခဲ့ရတယ်။

ဒါပေမဲ့ .. သမိုင်းကြောင်းတစ်ခုလုံးကို ခြုံကြည့်လိုက်ရင် … ။ (ဒီ – ဒါပေမဲ့က တော်တော်ကြီးတဲ့ ဒါပေမဲ့ပါ) အမျိုးသားရေးဝါဒဟာ ၁၈-ရာစု နှောင်းပိုင်း ပြင်သစ်တော်လှန်ရေးအပြီးမှာ ပိုအင်အားကောင်းလာခဲ့ပြီး ၂၀ ရာစု အစောပိုင်းကာလတွေမှာ အထွဋ်အထိပ်ကို ရောက်သွားတယ်။ စောစောက ပြောခဲ့သလိုပါပဲ .. ဥရောပရဲ့အမျိုးသားနိုင်ငံတွေ ခိုင်မာတိုးတက်လာတာ ဒီအမျိုးသားရေးဝါဒက တွန်းတင်ပေးလို့ပါ။ အဲ့ဒီ့ခေတ်က
ဥရောပနိုင်ငံတွေကို ကြီးပွားချမ်းသာစေတဲ့ မာကင်တိုင်ဝါဒ (ကုန်သွယ်ဝါဒ)ဆိုတာလည်း အမျိုးသားရေးဝါဒက တွန်းတင်ပေးလိုက်တဲ့ဝါဒ၊ အမျိုးသားနိုင်ငံတွေနဲ့အတူ ဖြစ်ထွန်းလာတဲ့ဝါဒပဲ။

ဒါပေမဲ့ အမျိုးသားရေးဝါဒရဲ့ လက္ခဏာတစ်ခုက သူ/ငါ စည်းပြတ်တယ်။ ရန်/ငါစည်းမဟုတ်တောင် သူသတ်သတ် ငါသတ်သတ်လို့ ခွဲခြားမြင်တဲ့အမြင်က ကြီးမားတယ်။ ဒါကြောင့် ငါသာဖို့ သူနာမှ၊ သူသာရင် ငါနာလို့ပဲလို့ မြင်တယ်။ ဥပမာ နှစ်နိုင်ငံကုန်သွယ်တဲ့အခါ ကိုယ့်ရဲ့အမြတ်က သူ့ရဲ့အရှုံးပဲ၊ ကိုယ့်ရဲ့အရှုံးဟာ သူ့ရဲ့အမြတ်ပဲလို့ မြင်ကြတယ်။ ကိုယ်မြတ်ဖို့ သူရှုံးရမယ်ဆိုပါတော့။ ဒါကြောင့် အမျိုးသားရေးဝါဒီ ဘောဂဗေဒပညာရှင်တွေက ကိုယ်အသာရဖို့  တိုက်တွန်းကြတယ်။ သွင်းကုန်လျော့ပြီး ပို့ကုန်တိုးပို့ဖို့ လမ်းညွှန်ကြတယ်။ အကျိုးဆက်အနေနဲ့ ဥရောပနိုင်ငံအချင်းချင်း ကုန်သွယ်ရေးအဆင်မပြေတော့ဘူး။ အဲဒီမှတင် ကုန်သွယ်ရေးစစ်ပွဲ စတော့တယ်။ အဲဒီ့ဝါဒဟာ အင်္ဂလိပ်အရှေ့ကုမ္ပဏီခေတ်မှာ အရက်စက်ဆုံးအပြင်းထန်ဆုံး ဖြစ်လာပြီး ကမ္ဘာ့မြေပုံ၊ ကမ္ဘာသမိုင်းကို ရက်ရက်စက်စက် ပြောင်းလဲပေးတဲ့ နယ်ချဲ့ဝါဒအဖြစ် အဆင့်တက်သွားတယ်။ အမျိုးသားရေးဝါဒဟာ အဲလောက်နဲ့တင် ရပ်မသွားဘူး။ ၂၀ ရာစုဦးပိုင်းမှာ ဂိတ်ဆုံးဖြစ်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ (ဖက်ဆစ်ဝါဒ)အထိ ရောက်သွားတယ်။ လက်သည်တရားခံက မူဆိုလီနီဖြစ်ပြီး ပက်ပက်စက်စက် အကောင်အထည်ဖော်နိုင်ခဲ့သူကတော့ အဒေါ့ဟစ်တလာပဲ။

အဲလိုပြောတော့ ကိုယ့်အမျိုးအနွယ်၊ ကိုယ့်နိုင်ငံကို စောင့်ရှောက်ချင်တာ၊ ချစ်တာ ဘာမှားလို့လဲလို့ မေးစရာပဲ။ မစောင့်ရှောက်ရတော့ဘူးလား၊ မချစ်ရတော့ဘူးလားလို့ ရွဲ့ချင်စရာပဲ။ အဓိကပြဿနာက အတ္တစိတ်ကို အခြေခံတဲ့အတွက်ကြောင့်ပဲ။ အမျိုးသားရေးဝါဒမှာ အတ္တဝါဒတွေ အနည်းနဲ့အများ ကပ်ပါနေလို့ပဲ။  သူ့ရဲ့သဘောကိုက အမျိုးအနွယ်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ကိုးကွယ်ယုံကြည်မှု၊ ပထဝီအနေအထား ဆက်စပ်တူညီမှုတို့ပေါ်မှာ အခြေစိုက်ထားတာဆိုတော့ အထက်မှာပြောခဲ့သလို သူ/ငါစည်းပြတ်တယ်။ (ချစ်တဲ့စောက်ရှောက်တဲ့အခါ ကိုယ့်ဖက်ကိုပဲ ဦးစားပေးစောင့်ရှောက်တယ်။ ဒီအထိက ပြဿနာမရှိသေးဘူး)

ဒီ့ထက်အဆင့်တက်သွားရင် ကိုယ်နဲ့မတူတဲ့သူတွေကို လက်မခံချင်ဘူး။ ကိုယ်နဲ့အမျိုးအနွယ်မတူရင်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ မတူရင်၊ ကိုးကွယ်မှုမတူရင်၊ ပထဝီအနေအထားမတူရင် လက်မခံတတ်ဘူး။ လက်မခံချင်ဘူး။ လက်မခံတာ အကြောင်းမဟုတ်ပေမဲ့ ဒီဂရီမြင့်သွားရင် ငါတို့ကလွဲလို့ ကျန်တာ ဖွဲနဲ့ဆန်ကွဲပဲလို့ တွေးကြတယ်။ ငါတို့ရဲ့ယဉ်ကျေးမှုကပဲ သာတယ်၊ ငါတို့လူမျိုးကပဲ သာတယ်၊ ငါတို့ရဲ့တိုင်းပြည်ကပဲ ပိုကောင်းတယ်၊ ငါတို့ရဲ့အတွေးအခေါ်တွေကပဲ အဆင့်မြင့်တယ်၊ ငါတို့ရဲ့ အသိအမြင်တွေကပဲ အမှန်တရားနဲ့ နီးတယ်၊ ငါတို့ရဲ့ အကျင့်အကြံတွေကပဲ တရားမျှတတယ်လို့ ထင်လာတယ်။ စိတ်ရောဂါအဆင့် ရောက်လာတယ်။

(ကိုယ့်အမျိုးအနွယ်တွေ၊ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအတွေးအခေါ်စရိုက်တွေ ပျံ့ပွားလာရင် ကြီးပွားလာရင် အရမ်းပျော်တယ်။ တစ်ဖက်က အဲလိုဖြစ်လာရင် စိတ်ဆင်းရဲတယ်။ ဦးစားပေးစောင့်ရှောက်တဲ့ အဆင့်ကနေ ကိုယ်တွေ သာဖို့၊ တစ်ဖက်ကို ဟန့်တားနစ်နာစေဖို့ နည်းလမ်းပေါင်းစုံကို တရားတယ်မတရားတယ် မတွေးနိုင်ဘဲ မသိမသာသုံးမိလာတယ်)

ဒီ့ထက်မြင့်သွားရင် မတူတဲ့သူတွေကို ဆန့်ကျင်လာတယ်။ တစ်ဖက်ကို အန္တရာယ်လို့ မြင်လာတယ်။

(လက်တုံ့ပြန်ဖို့၊ ကန့်သတ်ချုပ်ချယ်ဖို့ ဝန်မလေးတော့ဘူး)

သွက်သွက်ခါတဲ့အဆင့်ကို ရောက်သွားရင် မတူသူကို ရန်သူလို့မြင်ပြီး ချေမှုန်းကြတော့တာပဲ။

(ဒီလိုလုပ်တာကိုလည်း လုပ်သင့်လုပ်ထိုက်လို့ လုပ်တာဆိုပြီး ယုံကြည်တယ်။ ဒီအဆင့်မှာ တရားမျှတမှုဆိုတဲ့စကားလုံးက လုံးဝပျောက်သွားတယ်) သူငါလို့ ခွဲမြင်တဲ့အမြင်မှာ ငါတို့က သာတယ်ဆိုတယ့်အမြင် ထပ်ဆင့်လိုက်တော့ တရားမျှတမှုဆိုတဲ့ တန်ဖိုးတွေဟာ ပုံပျက်ပန်းပျက်ဖြစ်သွားတယ်။ အဆင့်မြင့်လာလေလေ ပုံပျက်ပန်းပျက်ဖြစ်လေလေပဲ။ ဘယ်လောက်တောင် ပုံပျက်သွားနိုင်သလဲဆို (အကုသိုလ်)လုပ်နေတာတောင် )ကုသိုလ်)လို့ မြင်တဲ့အထိပဲ။ (တစ်ချို့ပညာရှင်တွေကတော့ အမျိုးသားဝါဒကို စက်မက်ဖြစ်စေတဲ့ဝါဒလို့ ကောက်ချက်ချတယ်)

မိတ်ဆွေအနေနဲ့ (ခင်ဗျားပြောတာတွေက အစွန်းရောက်လှတယ်၊ ဒါမျိုးတွေက မဖြစ်နိုင်ပါဘူး)လို့ ငြင်းချင်မှာပဲ။ ခက်တာက ဒီလိုသဘောထားခံယူချက်တွေကို အဆင့်တိုင်းမှာ တွေ့နိုင်တယ်၊ အပျင်းအပျော့ပဲ ကွာတယ်။

နယ်ချဲ့ဝါဒ (အင်ပါယာဝါဒ)ရဲ့ တရားဝင်သတင်းစကားက (သူတို့ဒီလိုလုပ်ရတာဟာ) ယဉ်ကျေးမှုနိမ့်ကျလှတဲ့ အရိုင်းကမ္ဘာကို အယဉ်ကမ္ဘာဖြစ်စေဖို့တဲ့။ သိပံ္ပမဖွံ့ဖြိုးတဲ့၊ ယဉ်ကျေးမှုနိမ့်ကျလှတဲ့ တွေးခေါ်မြော်မြင်မှုနိမ့်ပါးလှတဲ့ အရိုင်းအစိုင်းတွေကို အနုအယဉ်ဖြစ်စေဖို့တဲ့။ အခုခေတ်မှာ အဲလိုသွားပြောရင် အရယ်ခံရဖို့ပဲရှိတယ်။ ဒါပေမဲ့ အဲဒီ့ခေတ်တုန်းကတော့ ပညာရှင်တွေကိုယ်တိုင်က အဲလို ယုံကြည်ကြတယ်။  ရိုးရိုးသာသားကို ယုံကြည်ကြတယ်။ သဘောမတူတဲ့ ပညာရှင်တွေအနည်းအကျဉ်းရှိပေမယ့် သူတို့ရဲ့အသံက တိုးတိတ်လှတယ်။

ဖက်ဆစ်ဝါဒရဲ့ တရားဝင်သတင်းစကားက ဒီကမ္ဘာကို မြင့်မြတ်တဲ့ ဂျာမန်လူမျိုးများတွေကပဲ အုပ်စိုးဖို့တဲ့။ ဒီစကားမျိုးကြားရရင် မိတ်ဆွေအနေနဲ့ (ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တောင်) အခုချိန်မှာတော့ ရူးလှချေလားလို့ပဲ တုန့်ပြန်မှာပါ။ ဒါပေမယ့် ၁၉၃၀-၄၀ နာဇီဂျာမန်တွေကတော့ ဒါကို .. ဘုရားသခင်ရဲ့ ဗျာဒိပ်တော်လို ယုံကြည်ကိုးစားခဲ့ပါတယ်။ ငါတို့ရဲ့ ဓလေ့ထုံးတမ်းကိုးကွယ်ယုံကြည်မှုကို ကာကွယ်ဖို့ ဘာမဆိုလုပ်နိုင်တယ်၊  တစ်ဖက်ကို ချေမှုန်းဖို့ဘာမဆိုလုပ်နိုင်တယ်လို့ ကြားရင် မိတ်ဆွေ သက်ပြင်းချမိမှာပဲ။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းက ဘာသာရေးအစွန်းရောက်တွေကတော့ ပြင်းပြင်းထန်ထန်လိုက်နာယုံကြည်တယ်။ (ကျွန်တော်ကတော့ ဘာသာရေးအစွန်းရောက်တွေကိုလည်း အမျိုးသားရေးဝါဒရဲ့ ပုံစံကွဲလို့ပဲ ယူဆပါတယ်။ သူက အမျိုးအနွယ်၊ နိုင်ငံထက် ကိုးကွယ်ယုံကြည်မှုပေါ် စောင်းပေးချွန်ထားတဲ့ ဝါဒပါ)

အမျိုးသားရေးစိတ်ရောဂါရဲ့ လက္ခဏာတစ်ခုက ကိုယ်မှကိုယ်ဆိုတဲ့ ထင်တလုံးပါ။ ငါတို့က နာဇီပဲ .. ဒီလိုပဲလုပ်ရမှာပေါ့။ ငါတို့က အင်္ဂလိပ်တွေပဲ ဒီလိုလုပ်တာ ခွင့်ပြုရမှာပေါ့၊ ငါတို့က ခရစ်ယန်တွေပဲ ဒီလိုပဲ တုံ့ပြန်ရမှာပေါ့။ ငါတို့က .. ။ သေချာစဉ်းစားကြည့်ပါ၊ အဲဒီစကားတွေမှာ တရားမျှတမှုတို့၊ ကိုယ်ချင်းစာတရားတို့၊ အမှန်တရားတို့ လုံးလုံးမပါဘူး။ နာမည်အမှတ်အသားတံဆိပ်တစ်ခုပဲ ပါတယ်။ ငါတို့ဖြစ်တဲ့အတွက်၊  ငါတို့ကလုပ်တာဖြစ်တဲ့အတွက် အလိုလိုမှန်ပြီးသား၊ တရားမျှတပြီးသားဆိုတဲ့ အဓိပ္ပာယ်ကိုပဲ ဆောင်တယ်။ ဥပမာ ကိုယ့်ဖက်ကတစ်ယောက်က တစ်ဖက်ကို မတရားမှုတစ်ခုခုလုပ်ခဲ့ရင်တောင် မတရားမှုလို့ မမြင်နိုင်ဘူး။  ဒါမှမဟုတ်လည်း လျှော့လျှော့ပေါ့ပေါ့မြင်တယ်။ ခွင့်လွှတ်ချင်တယ်။ ကိုယ့်ဖက်က လုပ်တာဖြစ်တဲ့အတွက် ဒီလောက်လေးလို့ပဲ မြင်တယ်။

မိတ်ဆွေမယုံရင် လူထုဒေါ်အမာဘာသာပြန်တဲ့ မောရစ်ကောလင်းရဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သောမှုခင်းများဆိုတဲ့ စာအုပ်ကိုသာ ဖတ်ကြည့်ပေတော့။ သူဘက်ကိုယ့်ဘက် မခွဲဘဲ တရားမျှတချင်တဲ့ အင်္ဂလိပ်တရားသူကြီးတစ်ယောက်က လူဖြူတရားခံကို ပြစ်ဒဏ်ပေးတဲ့အတွက်ကြောင့် အင်္ဂလိပ်အရာရှိ အသိုင်းအဝန်းက (သူ့ကို) ဘယ်လိုဆန့်ကျင်အပြစ်တင်ကြတယ်ဆိုတာ ရှင်းရှင်းကြီး တွေ့ရလိမ့်မယ်။

အမျိုးသားရေးစိတ်ရောဂါရဲ့ နောက်ထပ်လက္ခတွေကတော့ သမိုင်းမှာ မရင့်ကျက်တာနဲ့ တစ်ဖက်ကို မယုံနိုင်တာပဲ။ သူတို့တွေက သမိုင်းကနေ သင်ခန်းစာမယူဘဲ အမုန်းတွေကိုပဲ ယူလာတယ်။ အရင်တုန်းက ဒီကောင်တွေက ဘယ်လိုဆိုးသွမ်းရက်စက်ခဲ့တယ်ဆိုပြီး သမိုင်းချေးခြောက်ကို ရေနှုးပါလိမ့်မယ်။ ရေနှုးပြီးရင် ဒါကြောင့် ဒီကောင်တွေက အခုလည်းဒီလိုပဲလုပ်လိမ့်မယ်၊ ဒါမှမဟုတ် အတိတ်မှာအဲလုပ်ခဲ့လို့ အခုဒီကောင်တွေကို ပြန်လုပ်ရမယ်ဆိုတဲ့ ချေးခြောက်ရေကို တိုက်ပါလိမ့်မယ်။ (အနာဂတ်နဲ့ ပစ္စုပန်သမိုင်းမှာ ဒီလိုအတိတ်က သမိုင်းမျိုးတွေ ဆက်ဖြစ်မှာလား၊ မဖြစ်ဘူးလားဆိုတဲ့ ဝေဖန်မှုမျိုး၊ မဖြစ်အောင် အခုပစ္စုပန်မှာ ရင့်ကျက်တဲ့လူ့အသိုင်းအဝိုင်းတစ်ခု ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ အမြော်အမြင်မျိုးတော့ မရှိဘူး၊ အဲလိုအတွေးအခေါ်မျိုးကိုလည်း မပေးဘူး)

အခုချိန်မှာ တစ်ယောက်ယောက်က အင်္ဂလိပ်တွေက ငါတို့တိုင်းပြည်ကို ကျွန်ပြုဂုတ်သွေးစုပ်ခဲ့တာ၊ ငါတို့အမျိုးအနွယ်တွေကို သတ်ခဲ့တာ၊ ဒီကောင်တွေက နည်းနည်းမှကောင်းတဲ့ကောင်တွေ မဟုတ်ဘူး၊ အခုလည်း အဲလိုလာမှာပဲ .. ဒီကောင်တွေကို ပြန်ချရမယ်၊ အခွင့်အရေးနည်းနည်းမှမပေးနဲ့၊  အင်္ဂလိပ်ကုမ္ပဏီတွေကို မြန်မာပြည်မှာ လာမလုပ်စေနဲ့လို့များ ပြောရင် ခင်ဗျားဘယ်လိုထင်မလဲ။ .. ။

ဒီကောင်တွေက လွန်ခဲ့တဲ့ အနှစ် ၂၀ဝ၀ လောက်က ငါတို့ခရစ်ကို သတ်ခဲ့တာ .. ဒါကြောင့် ဒီကောင်တွေက နည်းနည်းမှကောင်းတဲ့ကောင်တွေမဟုတ်ဘူး၊ ယုံလည်းမယုံရဘူး။ ဒါကြောင့် ဒီကောင်တွေကို နှိပ်ကွပ်ရမယ်လို့ တစ်ယောက်ယောက်က ပြောရင် ခင်ဗျား .. ဘယ်လိုထင်မလဲ။ ခင်ဗျား .. ခေါင်းရမ်းမိမှာပဲ။

ဒါပေမဲ့ ဟစ်တလာကတော့ ဒီနည်းတွေနဲ့ ဂျူးတွေကို ဆော်ခဲ့တယ်။ (ဂျူးဘုန်းကြီးတွေက ရေရှုခရစ်ကို ကားစင်တင်ခဲ့တယ်။ ဟစ်တလာက အဲဒီ့အချက်ကိုကိုင်ပြီး ဒီဂျူးတွေကို မယုံရဘူး၊ တိုင်းပြည်ဖျက်မယ့်ကောင်တွေ၊ ငါတို့နိုင်ငံဆင်းရဲနေတာ ဒီဂျူးတွေကြောင့်၊ ဒါကြောင့် ဒီကောင်တွေကို ကောင်းကောင်းသမရမယ်လို့ မြှောက်တယ်။  ဥပဒေပေါင်းစုံနဲ့ နှိပ်ကွက်တာ အားမရလို့ အာဏာနဲ့ အနိုင်ကျင့်ပါတယ်။ ၁၉၃၈၊ နိုဝင်ဘာ၊ ၉-ရက်နေ့မှာ အင်အားသုံးပြီး ဂျူးဆိုင်တွေ၊ ဂျူးဘုရားကျောင်းတွေကို စစ်ဆင်ရေးတစ်ခုလို ဖျက်ဆီးခဲ့တယ်။ Night of Broken Glass လို့ သမိုင်းတွင်ခဲ့ပါတယ်။ ဒါတောင်အားမရလို့ နောက်ဆုံးမှာ လူသတ်စခန်းတွေ တည်ဆောက်တဲ့အထိပါပဲ)

ထိုင်းမှာ မြန်မာရွေ့ပြောင်း သုံးသန်းကျော်ရှိပါတယ်။ ဘာအခွင့်အရေးမှလည်း မရရှာပါဘူး။ မရတဲ့အပြင် ထင်သလိုလည်း အနိုင်ကျင့်ခံရပါတယ်။ ထိုင်းနယ်စပ်က အရာရှိအချင်းချင်းဆို ဟေ့ကောင် မင်းမှာ ဗမာမယားငယ်မရှိဘူးလားလို့ နောက်ပြောင်လောက်အောင် အခြေအနေဆိုးပါတယ်။ အဲဒီ့အတွက် ထိုင်းကို သွားချရအောင်လို့ ကျွန်တော်ကပြောရင် ခင်ဗျားဘယ်လိုထင်မလဲ။ မင်းဟာ မဟုတ်သေးပါလူးလို့ ထင်မှာပဲ။

ဒါပေမဲ့ အခုလောလောဆယ် ယူကရိန်းပြဿနာကိုပဲ ကြည့်ပါ။ ယူကရိန်းပြည်သူတွေက သူတို့မလိုလားတဲ့သမ္မတကို ဖြုတ်ချတယ်။ ယူကရိန်းလူမျိုးနဲ့ ရုရှားလူမျိုး ပဋိပက္ခဖြစ်တာလဲမဟုတ်ဘူး။ (ဖြုတ်ချခံလိုက်ရတဲ့သမ္မတကတော့ ရုရှလိုလားတဲ့သမ္မလို့ ပြောရမယ်။ ဇာတ်လမ်းကလည်း သမ္မတက ဥရောပသမဂ္ဂထဲမဝင်ဘဲ ရုရှနဲ့ပဲ နီးနီးကပ်ကပ် နေချင်တာကို ပြည်သူတွေက ဆန့်ကျင်တာကနေ စတာ) ဒါကို ပူတင်က ယူကရိန်းပြည်မှာရှိတဲ့ ရုရှားလူမျိုးတွေကို ကာကွယ်ဖို့ သူ့မှာဘာမဆိုလုပ်ခွင့်ရှိတယ်ဆိုပြီး ယူကရိန်းကို စစ်ချီဖို့ပြင်ပါတယ်။ (တစ်ချို့သတင်းတွေကတော့  နယ်စပ်မြို့က လေဆိပ်တို့ဘာတို့ကို ရုရှားတွေဝင်စီးထားပြီလို့ ဆိုကြတယ်)  ကျွန်တော်တို့လို ဘေးကရပ်ကြည့်နေသူတွေ အတွက်တော့ ပူတင်ကြီးသိပ်မဟုတ်သေးပါဘူးလို့ တွေးမိမှာပဲ။ ဒါပေမဲ့ မော်စကိုက ရုရှတွေကတော့ ပူတင်ကြီးကို လက်ခုပ်တီးပြီး အားပေးကြတယ်။ (ဟိုမှာ အန္တရယ်ကြုံတာတောင် မဟုတ်တဲ့)  ရုရှလူမျိုးတွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်ခွင့်ရှိတယ်ဆိုတဲ့ ပြောလုံးမျိုးကို ရုရှအချင်းချင်းကတော့ တယ်သဘောကျမှာပဲ။ ဒါပေမဲ့ ယူကရိန်းလူ့အဖွဲ့အစည်းနှစ်ခြမ်းကွဲ ပျက်စီးသွားရင် သမိုင်းတရားခံက ပူတင်ပဲ။

နောက်မျိုးဆက်သမိုင်းဆရာတွေက ( … ထိုအခါ သဘောထားတင်းမာသော အမျိုးသားရေးဝါဒီ ရုရှသမ္မတ ဗလာဒီမာပူတင်ကြောင့် ယူကရိန်းပြည်သည်လည်း .. ) ဆိုပြီး ရေးပါလိမ့်မယ်။ ကျွန်တော်တစ်ဦးတည်း အမြင်နဲ့ကတော့ ပူတင်ဟာ (ဘယ်အဆင့်ရောက်နေသလဲသာ မသိတာ) အမျိုးသားရေးစိတ်ရောဂါရှင်ပဲ။

ဆိုဗီယက်ရွှေထီးဆောင်းတဲ့အချိန်မှာ ခွေးကအစကြောက်ရလောက်အောင် တန်ခိုးထွားတဲ့ ကေဂျီဘီဗိုလ်ဖြစ်တဲ့ ပူတင်ဟာ ရွှေထီးရဲ့အရိပ်ကို လုံးဝမမေ့နိုင်ဘူး။ (ဆိုဗီယက်ပြိုကျတဲ့အချိန်မှာ သူက အရှေ့ဂျာမဏီရဲ့ ကေဂျီဘီလက်ထောက်ဌာနမှူးပါ။ ပူတင်ဟာ ဂေါ်ဗာချော့ကို ဘယ်တုန်းကမှ ခွင့်မလွှတ်ခဲ့ဘူး)

နောက်ဆုံး စိတ်ရောဂါလက္ခဏာကတော့ လူကိုလူလို့ မမြင်တော့တာပဲ။ ရောဂါရင့်လာရင် ဒီသဘောက ထင်ရှားလာပါတယ်။ ဥပမာ လူတစ်ယောက်က လူတစ်ယောက်ကို သတ်တယ်လို့ မမြင်ပဲ သူ့အမျိုးအနွယ်ကို ငါ့အမျိုးအနွယ်ကို သတ်တယ်၊ သူ့နိုင်ငံက ငါ့နိုင်ငံကို သတ်တယ်လို့ မြင်လာတယ်။ လူတစ်ယောက်ရဲ့ မတရားမှုကို လူတစ်ယောက်ရဲ့ မတရားမှုလို့မမြင်ဘဲ ထိုင်းတွေရဲ့ မတရားမှု၊ ဗမာကြီးရဲ့မတရားမှု၊ ရှမ်းကြီးရဲ့မတရားမှု၊ တရုတ်ကြီးရဲ့မတရားမှု၊ ကုလားကြီးရဲ့ မတရားမှု၊ ခရစ်ယန်တွေရဲ့ မတရားမှုလို့ မြင်လာပါတယ်။ အဲလို အုပ်စုနဲ့ငါကို ထပ်တူပြုလိုက်တာနဲ့ လက်တုံ့ပြန်ဖို့လည်း လွယ်သွားပါတယ်။

ဒီဗမာကြီးတွေက ငါတို့ကို လုပ်တာ၊ ပြန်ချ၊ ဒီတရုတ်ကြီးတွေက ငါတို့ကို လုပ်တာ ..၊ ဒီခရစ်ယန်တွေက ငါတို့ကို လုပ်တာ .. ဒီကောင်တွေကို ပြန်ချ။ အဲလိုဖြစ်သွားပါတယ်။ အပြစ်မဲ့သူတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်နိုင်တာ ဒီစိတ်အခံကြောင့်ပါ။ ဒီကလေး၊ ဒီမိန်းမ၊ ဒီလူတွေ .. အပြစ်မဲ့ပါလားလို့ မတွေးနိုင်ဘူး။ ဒီကောင်တွေက ဗမာတွေပဲ၊ တရုတ်တွေပဲ၊ အစ္စရေးလ်တွေပဲ၊ ပါလက်စတိုင်းတွေပဲလို့ပဲ မြင်ပါတယ်။ လူကို လူလို့ မမြင်ဘဲ အမည်နာမတစ်ခု၊ တံဆိပ်တစ်ခုလို့ပဲ မြင်ပါတယ်။ ဒါ အန္တရယ်အပေးနိုင်ဆုံးပါပဲ။

အခုလိုတွေပြောနေတော့ မိတ်ဆွေတို့စိတ်ထဲ ဒါဆို မျိုးချစ်တာ မကောင်းဘူးလားလို့ အငေါ်တူးချင်မှာပဲ။

မျိုးချစ်ဝါဒတိုင်း အမျိုးသားရေးဝါဒတိုင်း အဲလိုဆိုးဆိုးရွားရွားကြီးတွေ ဖြစ်မသွားပါဘူးလို့ ကန့်ကွက်ချင်မှာပဲ။

မှန်ပါတယ်။ ဒါပေမဲ့ ပြဿနာက အမျိုးသားရေးဝါဒဟာ အတွေးအခေါ်ဝါဒတစ်ခုထက် စိတ်ခံစားမှုနဲ့ပိုဆိုင်ပါတယ်။

အထက်မှာ ပြောခဲ့သလို အတ္တအခြေစိုက်ဖြစ်တဲ့အတွက် စိတ်ရောဂါအဆင့်တက်သွားဖို့ အရမ်းလွယ်တယ်။ အကြောင်းတရားများ တိုက်ဆိုင်သွားလို့ကတော့ ဒီဂရီအဆင့်ဆင့်ကို ရိပ်ခနဲရိပ်ခနဲ တက်သွားလိမ့်မယ်။ ပြန်ကျဖို့သာ မလွယ်တာပါ။ ပြီးတော့ ဝါဒသက်သက်မဟုတ်တဲ့အတွက် ဘယ်တော့မှလည်း ပျောက်မသွားနိုင်ပါဘူး။  (အမျိုးအနွယ်ကို ကိုယ်စားပြုပြီးတော့ပဲဖြစ်ဖြစ်၊ နိုင်ငံကို ကိုယ်စားပြုပြီးတော့ပဲဖြစ်ဖြစ်၊ ကိုးကွယ်ယုံကြည်မှုကို ကိုယ်စားပြုပြီးတော့ပဲဖြစ်ဖြစ်) မျက်နှာဖုံးမျိုးစုံနဲ့ ပြန်ပေါ်တတ်ပါတယ်။ မိတ်ဆွေအနေနဲ့ )ခင်ဗျား ပြောသလိုဖြင့် မျိုးချစ်ဝါဒတို့၊ အမျိုးသားရေးဝါဒတို့ဟာ ဘာမှသုံးစားမရတဲ့ စိတ္တဇဝါဒပဲ ဖြစ်နေမှာပေါ့)လို့ ပြန်ငေါ့ချင်စရာပဲ။

အဲဒီ့အတွက် အကောင်းဆုံးဥပမာကတော့ ဂျပန်ပါ။

ဂျပန်ဟာ မီဂျီခေတ် ခေတ်မီဖွံ့ဖြိုးရေးလုပ်ခဲ့ရမှာရော၊ စစ်ကြီးအပြီး ပြာပုံဘဝက ရုန်းထခဲ့ရာမှာရော အမျိုးသားရေးဝါဒနဲ့ တွန်းတင်ခဲ့တာပါ။ ဒါပေမဲ့ မီဂျီခေတ်အမျိုးသားရေးဝါဒက ဖက်ဆစ်ဝါဒအထိ ဦးတည်သွားခဲ့တယ်။ စစ်ကြီးအပြီးအမျိုးသားရေးဝါဒ (မျိုးချစ်စိတ်)က ဖွံ့ဖြိုးရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးပေးခဲ့တယ်။ ဘာများ ကွာသွားလို့ပါလိမ့်။ ကွာဟချက်က တစ်မျိုးက အတ္တနဲ့စပြီး ပျက်သုဉ်းခြင်းမှာ ဆုံးပါတယ်။  ဖြစ်လာတဲ့တွန်းအားက ရန်လိုမုန်းတီးခြင်း၊ အနိုင်ကျင့် စော်ကားခြင်းပါ။ နောက်တစ်မျိုးက ငါတို့ (ကောင်းအောင်တိုးတက်အောင်) လုပ်မှဖြစ်မယ်ဆိုတဲ့ အောက်ကျမခံချင်တဲ့ မာန်နဲ့စပြီး ရင့်ကျက်ဖွံ့ဖြိုးခြင်းမှာ ဆုံးပါတယ်။ ဖြစ်လာတဲ့တွန်းအားက ဝီရိယနဲ့ တိုးကောင်းမြတ်ခြင်းတွေကို ပျံ့နှံ့စေချင်တဲ့စေတနာပါ။

အဲလိုကွာပါတယ်။

ကျွန်တော့်ဆီမှာရော .. ဘယ်ကစပြီး ဘယ်မှာဆုံးမလဲ။ စကားကြုံလို့ပြောရရင် ကျွန်တော်တို့ ဗိုလ်ချုပ်ကို သတိရနေတာ အမျိုးသားဝါဒီတစ်ဦးအနေနဲ့ မဟုတ်ပါဘူး။ အားလုံးရဲ့ခေါင်းဆောင်အနေနဲ့ သတိရလေးစားနေတာပါ။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ရဲ့မျိုးချစ်ဝါဒဟာ အောက်ကျမခံချင်တဲ့မာန်နဲ့ စပြီး ဝီရိယတွေ၊ အများအတွက်စေတနာတွေနဲ့ ထောက်ပံ့မောင်းနှင်ခဲ့တာပါ။ (ဒါကြောင့် ဗိုလ်ချုပ်ကျဆုံးတော့ နေရူးက မြန်မာပြည်အတွက်သာမဟုတ်၊ အာရှအတွက်ပါ နာလှတယ်လို့ ဝမ်းနည်းခဲ့ပါတယ်)

မိတ်ဆွေ .. တစ်ချက်လောက်သတိထားပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်ပါ။

ကိုယ့်ဝန်းကျင်မှာ အမျိုးသားရေး၊ အမျိုးသားရေးလို့ တစာစာအော်ဟစ်နေပေမဲ့ (ငါတို့လူ့ဘောင်အဖွဲ့အစည်း ကောင်းမွန်တိုးတက်အောင်၊ ရင့်ကျက်တည်ငြိမ်ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရအောင်ဟေ့)ဆိုတဲ့ အကြံပေးလမ်းညွှန်သံတွေထက် ကျိုးကြောင်းမဲ့ စကားတွေ၊ ဆင်ခြင်တုံတရားကင်းမဲ့တဲ့စကားတွေ များများကြားနေရပြီလား။

ပထဝီနိုင်ငံနယ်နိမိတ်၊  ယဉ်ကျေးမှုဓလေ့စရိုက်၊ မျိုးနွယ်၊ ကိုးကွယ်ယုံကြည်မှုတစ်ခုခုပေါ် အခြေတည်ပြီး သူ/ငါခွဲခြားတဲ့အသံတွေ ညံနေပြီလား။
လူ့ဘောင်အဖွဲ့အစည်း တိုးတက်ရင့်ကျက်ဖို့အတွက် လက်တွေ့ဘာအစီမံမှ မလုပ်ဘဲ ငါငါငါနဲ့ ငါအမျိုး ငါ့အနွယ် ငါ့နိုင်ငံ ငါ့နေရာ ငါ့ကိုးကွယ်မှု ငါ့ယုံကြည်မှုဆိုပြီး တစ်ငါတည်းငါနေကြပြီလား။

အဲဒါဆို သေချာပါတယ် အမျိုးသားရေးစိတ်ရောဂါ စနေပါပြီ။ အဲလိုအမျိုးသားရေးဝါဒတွေ ရဲရဲတောက်လောင်လာပြီဆိုရင်ဖြင့်  .. ဟုတ်ကဲ့ အဲလိုလူ့အဖွဲ့အစည်းအတွက် ငရဲကြီး ၈-ထပ်ဆိုတာ မလိုတော့ပါဘူး။

ဘာလို့လဲဆိုတော့ အဲဒီ့လူ့အဖွဲ့အစည်းကိုယ်တိုင် လောကပါလတရားတွေ ပျက်ယွင်းသွားပြီး မကြာခင်မှာပဲ ပြီးပြည့်စုံတဲ့ ငရဲဘုံကြီးဖြစ်သွားမှာ မို့လို့ပါ။

ဒါကို သမိုင်းကလည်း ထပ်ခါထပ်ခါ သက်သေပြခဲ့ပြီးပါပြီ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

One Response to မင်းခိုင် – အဆင့်မြင့် အမျိုးသားရေးစိတ်ရောဂါ

  1. San Hla Gyi on April 3, 2015 at 10:14 am

    ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကတော့ ဘယ်အရာမှ အစွန်းတစ်ဖက်ကို မကပ်မိစေနဲ့ မနင်းမိစေနဲ့လို့ သေသေချာချာ ဟောခဲ့တယ်။ ကျနော်တို့ မြန်မာစကားမှာလည်း တန်ဆေး လွန်ဘေးဆိုတဲ့ စကားပုံရှိတယ်။ ဘယ်နေရာမှာမဆို လိုအပ်တဲ့ ပမာဏထက်ပိုရင် ဘေးဖြစ်ပြီပေါ့။ ဥပမာဆိုရင် ကျနော်တို့အတွက် သိပ်ကို အစွမ်းထက်တယ် ဆိုတဲ့ ဗီတာမင်အားဆေးတွေဟာ သူ့အညွှန်းအတိုင်း သောက်ရင်ဆေးပေါ့။ ဆရာဝန်က တနေ့တလုံး မှန်မှန်သုံးလို့ ဆေးညွန်လိုက်တာကို ကိုယ်က အားရှိချင်လို့ ဆိုပြီး တနေ့တည်း ဆယ်လုံးလောက် တကြိမ်တည်း သောက်ရင်တော့ ဆေးရုံကို ပြေးဖို့သာ ပြင်ထားပေတော့။ သေချင် သေသွားနိုင်တယ်။ အဲဒီလို ဖြစ်တာ ဆရာဝန်ရဲ့ အပြစ်လည်း မဟုတ်ဘူး။ ဆေးရဲ့ အပြစ်လည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ မဆင်မခြင် လုပ်မှုပါပဲ။ အမျိုးသားရေးဝါဒ ဆိုတာလည်း ဒီအတိုင်းပါပဲ။ ဆောင်းပါးရှင်ကလည်း ဒီအချက်ကိုပဲ ညွှန်းတာလို့ ကျနော် နားလည်ပါတယ်။
    ကျနော်ကတော့ နယ်ချဲ့ အင်္ဂလိပ် ဆိုပြီးတော့လည်း မမုန်းဘူး။ ဖက်ဆစ်ဂျပန် ဆိုပြီးတော့လည်း မမုန်းဘူး။ အဲဒီလို မုန်းရအောင် သူတို့က အဲဒီလိုမှ မလုပ်တော့ပဲ။ ဖြစ်ခဲ့တာကို သင်ခန်းစာတော့ ယူပေါ့။ မုန်းတော့ မမုန်းမိစေနဲ့။ ဟိုတနေ့ကတောင် မိတ်ဆွေတယောက်က နယ်ချဲ့ အင်္ဂလိပ်လို့ ပြောနေလို့ ဟေ့လူ သူတို့မှ နယ်မချဲ့တော့တာ မုန်းမနေပါနဲ့။ ပြီးတာတွေ ပြီးခဲ့ပြီ။ နယ်ချဲ့ မရှိတော့ပဲ ကိုယ်က နယ်ချဲ့ ဆိုပြီး မုန်းနေရင် လူကြမ်းမပါပဲ အပူခန်း လုပ်သလို ဖြစ်နေပါ့မယ် လို့တောင် ပြောလိုက်သေးတယ်။ ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်