စံလှကြီး – အပျက်စိတ် အပျက်တွေး အပျက်အမြင်

April 6, 2015

စံလှကြီး – အပျက်စိတ် အပျက်တွေး အပျက်အမြင်
(မိုးမခ) ဧပြီ ၆၊ ၂၀၁၅

တက်ကျမ်းစာအုပ် တအုပ် ဖတ်ရင်းနဲ့ စိတ်ဝင်စားစရာကောင်းသော သုတေသနတခုအကြောင်း တွေ့လိုက်ရသည်။

လက်ရည်အဆင့်ချင်း တူသော ဘတ်စကတ်ဘောသမားများကို အုပ်စုသုံးစု ခွဲထားပြီး ပထမအုပ်စုကို ဂိုးသွင်းလေ့ကျင့်ခန်းများ တလတိတိမလုပ်ပဲ ထားသည်။ ဒုတိယအုပ်စုကို နေ့စဉ် နေ့လည်ပိုင်းတွင် တနာရီ ဂိုးသွင်းလေ့ကျင့်ခိုင်းသည်။ တတိယ အုပ်စုကိုမူ ဒုတိယအုပ်စု အားကစားရုံတွင် နေ့စဉ် ဂိုးသွင်းကျင့်နေသည့် အချိန်မျိုးမှာပင် တနာရီတိတိ စိတ်ဖြင့် ဂိုးသွင်း ကျင့်စေသည်။

တလပြည့်သော အချိန်တွင် အားကစားသမားများ၏ ဂိုးသွင်းစွမ်းရည်ကို စမ်းသပ်သည့်အချိန်တွင် အုပ်စုတ၏စွမ်းရည်မှာ မျှော်လင့်ထားသည့်အတိုင်း ကျဆင်းနေပြီး ဒုတိယအုပ်စုမှာ မူလကထက် နှစ်ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း တွေ့ရ သည်။ တတိယအုပ်စုကို စစ်ဆေးသည့်အခါတွင်မူ ၎င်းအုပ်စုဝင် လူငယ်များသည် ဒုတိယအုပ်စုနှင့် တန်းတူပင် ဂိုးသွင်း စွမ်းရည် နှစ်ရာခိုင်နှုန်း တိုးတက်နေကြောင်း အံ့သြစွာ တွေ့ကြရသည်။

စိတ်၏ စွဲမြဲ ယုံကြည်မှုတခုသည် ကိုယ်ပိုင်းဆိုင်ရာ၌ပါ ထင်ဟပ်ကြောင်း ပြသည့် သာဓကတခု ဖြစ်သည်။

စိတ်၏ စွဲမြဲယုံကြည်မှုအကြောင်း ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများစာအုပ်တွင်လည်း ဖတ်ခဲ့ဖူးသည်။ မျက်စိနာနေသဖြင့် အော်နေရသော လူသည် မျက်စဉ်းခပ်ရန် ရေမန်းတွင် နာမည်ကြီးသော ဘုန်းတော်ကြီးကျောင်းမှ ရေမန်းကို လိုချင်သည်။ သို့သော် ဘုန်းကြီးကျောင်းသို့သွားရန် လမ်းတွင် သုသာန်ကို ဖြတ်သွားရမည် ဖြစ်ပြီး ညဘက် ဖြစ်နေသောကြောင့် တော်ရုံနဲ့ သွားရဲသူ မရှိပေ။ ထို့ကြောင့် အခြာအိမ်တအိမ်မှ ရိုးရိုးရေကို ရေမန်းဆိုပြီး လူမမာ ယုံအောင်ပေးသောအခါ လူမမာလည်း ယုံပြီးခပ်လိုက်သဖြင့် တကယ်ပျောက်သွားခဲ့သည်ဟု ဆိုသည်။

စိတ်ပညာရှင်တို့ အဆိုအရ ကျနော်တို့ ကိုယ်တွင်းတွင် ကိုယ်ပိုင် ဗီဒီယို တိပ်ခွေ တခွေစီ ရှိသည်။ ထိုတိပ်ခွေသည် ကျနော်တို့ ကိုယ်တိုင်အပေါ် ကျနော်တို့ ပြန်မှတ်ချက်ပြုထားသော အထင်အမြင်များ သတ်မှတ်ချက်များဖြင့်တည်ဆောက်ထားသည်။ ဆိုပါတော့ ကိုယ့်ကိုယ်ကို ညံ့တယ် ဖျင်းတယ် အလကားကောင် စသည်ဖြင့် အကြိမ်ကြိမ် စိတ်ထဲမှပြန်ပြောသည်။ နောက် ဆုံး တွင် ကိုယ့်စိတ်က ပြန်ပြောသလို တကယ် အလကားလူဖြစ်သွားသည်။ ထို့ကြောင့် အောင်မြင်ကြီးပွားလိုသူသည် ထိုသို့ ကိုယ့်ကိုယ်ကို သိမ်ငယ်အောင် ပြန်ပြီး ကဲ့ရဲ့ရှုတ်ချခြင်း ထိုသို့ ရှုတ်ချမည့်လူမျိုးတွေနဲ့ နေထိုင်ခြင်းမှ ရှောင်သင့်သည်ဟု ဆို သည်။

အဘယ်ကြောင့်ဆိုသော် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှုတ်ချခြင်း ထိုသို့ ရှုတ်ချသံများကို နားထောင်ခြင်းဖြင့် ကိုယ်ညံ့သည် ဖျင်း သည်ဟု ယုံသထက် ယုံလာပြီး နောက်ဆုံးတွင် ကံဆိုးမိုးမှောင်ကျမှုမှာ သံသရာလည်နေတတ်သည်ဟု ဆိုသည်။ ကိုယ့် ကိုယ်ကို အသုံးမကျဘူးပြောလေ တကယ်အသုံးမကျဖြစ်လေ အဲဒီလိုဖြစ်လေ ကိုယ်အသုံးမကျဘူးဆိုပြီး ပိုပိုယုံလာပြီး ဆင်းရဲနုံချာမှုမှ မလွတ်နိုင်တော့ဟု ဆိုသည်။

လူတဦးချင်းစီ၏ အောင်မြင်မှု ကြီးပွားမှုများအတွက် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလိုအပ်သည်ဟု ဆိုသည်။ ကိုယ့်ကိုယ်ကို မွဲတော့မယ် ညံ့တော့မယ် ဖျင်းတော့မယ်ဆိုပြီး ခဏ ခဏ မှတ်ချက်ချနေလျှင် ကြီးပွားရန်မလွယ်ဟု ဆိုသည်။ စိတ်ပညာ သဘောအရ အော်တိုဆပ်ဂျက်ရှင်းခေါ် မိမိစိတ်ကို ပြန်ပြီး အမိန့်ပေးခိုင်းစေသည့်သဘော ဖြစ်သည်။ လူတဦးချင်းစီ၏ ဘဝ တွင်ပင် ကြီးပွားရန် ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် အထင်သေးစိတ်များ ဖျောက်ပစ်မှဖြစ်မည်ဆိုလျှင် ထိုကဲ့သို့လူများ စု ပေါင်းပြီးနေသော တမျိုးသားလုံးအတွက်ဆိုရင်လည်း ဒီအတိုင်းပဲဖြစ်တော့မှာ ဖြစ်သည်။ ကိုယ့်လူမျိုးကို ပြန်ပြီးအထင်သေး ရှုတ်ချသိမ်ငယ်စိတ်ဝင်နေသော လူမျိုးများလည်း ကြီးပွားဖို့ လွယ်မည်မထင်ပေ။

လွန်ခဲ့သောတပတ်က facebook ခေါ် ဆိုရှယ်မီဒီယာတွင် အသိတယောက်က ဖတ်ရန်ဆိုပြီး လာရှယ်သော စာတိုလေး တပုဒ်ကို ဖတ်လိုက်ရသည်။ စာလေးမှာ မရှည်လှပါ။ ခပ်တိုတို စာပိုဒ်လေးနှစ်ပိုဒ်သာ ဖြစ်သည်။ သူကလည်း သူများဆီမှ ကူးလာတာဖြစ်သည်။ ထို့ကြောင့် သူကူးလာသော မူရင်းပိုင်ရှင်ဆီသွားကြည့်တော့ ဖတ်သူများ ပရိသတ်များသော လူ ဖြစ်နေသည်ကို တွေ့ရသည်။ လူပေါင်း ထောင်ဂဏန်းလောက်တော့ စာဖတ်သူရှိသော စာမျက်နှာဖြစ်သည်။ သူရေးထား တာက မြန်မာတွေ ဘာကြောင့်ဆင်းရဲနေကြသလဲဆိုပြီး အစချီကာ အစိုးရကိုတော့ အပြစ်မပုံချပဲ လူတွေကို ဝေဖန်ရမယ် ဆိုရင် ဆိုပြီး ရေးချလိုက်တာတွေက ….
၁။ မြန်မာတွေက မညီညွှတ်ဘူး
၂။ မြန်မာတွေက မနာလိုစိတ်များတယ်
၃။ အချောင်ခိုချင်တယ်
၎။ ပိုက်ဆံရရင် အဖြုန်းများတယ်
၅။ အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်။ ညံ့တယ်။
၆။ ပညာရေး အားနည်းတယ်။ ပုတ်ခတ်တာကို ခုံမင်တဲ့လူမျိုးဖြစ်တယ်။ ရှုံးရင် ပြန်ထဖို့ ပျင်းတယ်။

စုစုပေါင်းရေးလိုက်သည့် အချက်ပေါင်းမှာ သုံးဆယ်ခန့် ရှိပါသည်။ အကောင်းတကွက်မှ မပါ။ အကုန်လုံး အင်မတန်ဆိုးသည် ဟူသောအချက်များ ဖြစ်သည်။ ကောင်းတာဆို၍ စေတနာကောင်းသည်ဟူသော မှတ်ချက်ကလေးသာ ပါသည်။ သူ့စာ ဖတ်ရတော့မှ ကျနော့်မှာ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းတွင်တို့ မြန်မာလူမျိုးမှာ အလွန်ညံ့ဖျင်း ဆိုးယုတ်သော လူမျိုး ဖြစ်နေရပါလားဟုသာ နားလည်ရပါတော့သည်။ သို့သော် ပိုဆိုးတာက အောက်ကမှတ်ချက်များဖတ်လိုက်တော့ သွေးတွေ တောင် တိုးသလို ခံစားလိုက်ရပါသည်။ မှတ်ချက်ရေးထားတာက အကုန်မြန်မာတွေ ဖြစ်သည်။ ဘာလို့လည်းဆိုတော့ မြန် မာစာကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ရိုက်ပြီး ရေးထားကြတာတွေ ဖြစ်သည်။ အင်္ဂလိပ် အမေရိကန် ရုရှား တရုတ်တို့ကတော့ ဇော်ဂျီဖောင့်ကို ရိုက်နည်းသင်ပြီး မြန်မာ website ထဲ စာဝင်ရေးလိမ့်မည်လို့တော့ မထင်ပါ။ ရေးရင်လည်း တယောက် နှစ် ယောက်တော့ ဖြစ်မှာပေါ့လေ။ ရာဂဏန်းတော့ ဘယ်လိုမှ ရှိလိမ့်မည် မဟုတ်ပေ။ သူတို့ မှတ်ချက်ပေးတာတွေက ….

“အားပါးပါး ကောင်းလိုက်တဲ့စာပါဆရာရယ် ဖတ်လို့တောင် မဝနိုင်အောင်ပါပဲဗျာ။ မြန်မာတွေကို အဲဒီလို နာနာတီးပေးပါ ဆရာ။ ကျနော် သိပ်ဝမ်းသာတာပဲဗျာ”

“ဟယ် ပညာရှိစကားပါ ဆရာရယ်။ ဆရာဟာ ပညာရှိကြီးပါရှင့်။ ကျမ ဒီစာကို ရှယ်ပါရစေနော်။ တွေ့သမျှ မြန်မာတွေကို ဖတ်ခိုင်းရမယ် ဆရာ”

“ဟာ သွေးထွက်အောင်မှန်တာပါပဲ ခင်ဗျာ။ ဒါအမှန်ပါပဲ။ ဒီထက်မှန်တာတောင်မှ ဒီလောက်မမှန်ပါဘူးဗျာ။ ကျနော် ကြိုက် လွန်းလို့ အမြင့်ကြီးနဲ့ အကြီးကြီး ထောင်ပြလိုက်ပါတယ် ဆရာ။ အော် လက်မထောင်တာကို ပြောတာပါ ခင်ဗျာ”

“အမယ်လေး ဒကာကြီးရယ်။ ဦးဇင်းဖြင့်ကြိုက်လွန်းလို့ ဖတ်ပြီး ပီတိဖြစ်နေတာ ၁၀ ခေါက်လောက်ရှိပါပြီ။ ဒီစာကို ဦးဇင်းရဲ့ တယ်လီဖုန်းထဲကိုပို့ပေးစမ်းပါ ဒကာကြီးရယ်။ ဦးဇင်း တွေ့သမျှ မြန်မာလူမျိုး ဒကာ ဒကာမတွေကို အတင်းဖတ်ခိုင်းပါ့မယ်”

အဲဒီလို မှတ်ချက်မျိုးတွေ ရေးထားသူပေါင်းမှာ ရာဂဏန်းနီးပါးရှိပြီး သူတို့ ပြောသလို လက်မထောင်ပြထားတဲ့ လူတွေကလည်း တော်တော်ကို အရေအတွက်များတာ တွေ့လိုက်ရသည်။ ထပ်ပြီးတော့ ဖြန့်ဝေကြတာကလည်း တော်တော်များသော ရာ ဂဏန်း အရေအတွက် ဖြစ်သည်။ မူလပိုင်ရှင်ထံမှတောင် ဒီလောက် ဖြန့်ဝေသူများနေရင် တဆင့်ပြန်ပြီး ဖြန့်ဝေကြသူတွေနဲ့ ဆိုရင် မြန်မာလူမျိုး ဘယ်လောက်များများ ဒီစာကို ဖတ်ပြီး ပီတိဖြစ်နေကြမလဲ မသိပေ။ ကွန်မန့်ရေးထားသော လေသံတွေက လည်း ဝမ်းနည်း စိတ်မကောင်းသောလေသံ လုံးဝမပါပဲ၊ အဲဒီလိုပြောလိုက်ရတာကို ဝမ်းသာတဲ့ပုံစံတွေ ထင်ထင်ရှားရှား ပေါ်နေသဖြင့်ကျနော့်မှာ ဇဝေဇဝါ ဖြစ်ရပါသေးသည်။ ဇဝေဇဝါ ဖြစ်တာက အော် ဒီလူတွေဟာ ဒီလောက်တောင် မြန်မာလူမျိုး မကောင်းကြောင်း ကြားရတာ ဝမ်းသာနေကြတာ မြန်မာတွေမှ ဟုတ်ပါလေစ။ အင်္ဂလိပ် အမေရိကန် တရုတ်တွေများ တို့ကို မနာလိုလို့ မြန်မာယောင်ဆောင်ပြီး စာဝင်ရေးနေကြသလားဆိုပြီး တွေးမိခြင်း ဖြစ်ပါသည်။

တဆင့်ပြန်ဖြန့်တဲ့ လူတွေကိုကြည့်တော့လည်း ဖတ်ဖြစ်အောင် ဖတ်ပါရန်ဆိုတဲ့ စာပါရေးထားတာကို တွေ့လိုက်သေးသည်။ အဲဒီလို လူမျိုးနဲ့ ချီပြီး ပုတ်ခတ် ချိုးဖဲ့ နှိပ်နယ်ထားတဲ့ စာကိုဖြန့်ရင်ပဲ ချမ်းသာ ထီပေါက် နိဗ္ဗာန်ရောက်တော့မလို အလုအယက် ဖြန့်ဝေနေကြတာကို တွေ့ရပါသည်။ ကျနော်တို့ ငယ်ငယ်က စာတမျိုးပေါ်ဖူးသည်။ ဘယ်သူကလုပ်သည်တော့ မသိပဲ တခါ တရံ ကိုယ့်ဆီရောက်လာတတ်သည်။ ဤစာသည် ဆရာတော်ကြီးတပါး အိပ်မက်အရ ဖြန့်ဝေသောစာ ဖြစ်သည်။ ၇ ရက် အတွင်း လူ ၁၀၀ ပြည့်အောင် ဖြန့်ဝေပါ။ မဖြန့်ဝေပါက ဒုက္ခတွေ့မည်။ ဖြန့်ဝေမိသူ ဦးဘယ်သူ ထီပေါက်သွားသည်။ မယုံသ ဖြင့် မဖြန့်ဝေမိသူ ဒေါ်ဘယ်သူ ကားတိုက်ခံရသည်။ မဖြန့်ဝေမိသူ ကျောင်းသားတဦး လက်ပံတန်းတွင် ရဲများ ဝိုင်းရိုက်တာ ခံလိုက်ရသည်။ ဖြန့်ဝေမိသည့်ကျောင်းသူတဦး သမ္မတကြီးထံမှ ပညာတော်သင်ဆုရသည်။ အခုလည်း အဲဒီလို ဖြစ်နေ သည်လို့ ထင်သည်။

အမှန်တော့ အဲဒီလို ပြောသံမျိုးကို အခုမှသာ တိုက်ဆိုင်စွာနဲ့ စာဖတ်မိတာ ဖြစ်ပါသည်။ အရင်တုန်းကလည်း မြန်မာအချင်းချင်း ကိုယ့်လူမျိုး ကိုယ်ပြန်ပြီး ကဲ့ရဲ့ ရှုတ်ချနေတာကို ဘေးနားက မြန်မာတွေကထောက်ခံနေတာ မကြာခဏ တွေ့ပြီးသား ဖြစ် သည်။ အသိတွေကို မေးကြည့်တော့လည်း ဒီလိုမျိုးစာတွေကို သူတို့တွေ့ဖူးပြီး လူတွေ အားတတ်သရော ထောက်ခံနေကြ သည်မှာ ခဏ ခဏ ဖြစ်သည်ဟု ဆိုသည်။

ဒီတော့ ကျနော် တခုတွေးမိလာပါသည်။ တို့တွေ ဒီလိုမျိုး ကိုယ့်လူမျိုးကိုယ် ညံ့တယ် ဖျင်းတယ် အသုံးမကျဘူးလို့ အားတက် သရောပြောကြရင်း ထောက်ခံကြရင်းနဲ့ ကိုယ့်ကိုယ်ကို စိတ်ညှို့သလိုဖြစ်ပြီး တကယ်အောက်တန်းကျကုန်ကြတာလား ဆိုပြီး ဖြစ်ပါသည်။ ဟိုစိတ်ပညာရှင်တွေရဲ့ စမ်းသပ်ချက်တွေကို သတိရမိတာ ဖြစ်ပါသည်။ ကျနော့်အမြင်အရ တကယ်ပဲ အားနည်းချက်ရှိတယ်ဆိုရင်တောင် အခုလို ချိုးဖဲ့ပြောတာထက်စာရင် အပြုသဘောဆောင်သော အရေးအသား လေသံများ သုံးကာ ပြုပြင်သင့်သည်ဟု ထင်သည်။

ဒီလောက်တော့ မဟုတ်နိုင်ပါဘူးလေ။ ဒီလိုလုပ်တာ သိပ်မကြာလောက်သေးပါဘူးဟု တွေးပြီး မေ့မေ့ပျောက်ပျောက် နေ လိုက်ရာ နောက်သုံးရက်လောက်အကြာ ဆရာကြီး ရွှေဥဒေါင်း၏ ဆောင်းပါးဟောင်းလေး ဖတ်မိတော့မှ သွေးပြန်တိုး လာပါတော့သည်။

ဆရာကြီး ရွှေဥဒေါင်းက သူ၏ မြန်မာလူမျိုးနှင့် အကျင့်ဆိုးဟူသောဆောင်းပါးတွင် ထိုကဲ့သို့ မြန်မာက မြန်မာလူမျိုးကို ပြန်ပြီး ကဲ့ရဲ့ နှိပ်နှယ် ရှုတ်ချနေသည်ကို ဘေးနားက လူများက မကန့်ကွက်ပဲ အားရဝမ်းသာ ထောက်ခံနေကြသည်ကို အခု ခဏ ခဏ တွေ့ရပြီဖြစ်ကြောင်း အစချီကာ ထိုအမူအကျင့်သည့် တမျိုးသားလုံး အညွန့်တုံးအောင်လုပ်မည့် အန္တရာယ်ကြီး သော အမူအကျင့် ဖြစ်သည်ဟု ရေးထားလေသည်။

ဆရာကြီး ရွှေဥဒေါင်းရေးထားသော မူရင်းစာမှာ “တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း ကုလားသည် ကုလားလူမျိုး အားလည်းကောင်း ထိုသို့ လူမျိုးလိုက်ချီ၍ ရှုတ်ချပြောဆိုခြင်းကို တကြိမ်တခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာလူမျိုးကို မြန်မာ လူမျိုးသည်သာလျှင် မှိုချိုး မျှစ်ချိုး တတခွခွ သိမ်းကျုံး ရှုတ်ချ ပြောဆိုနေကြသည်ဖြစ်ရာ အကြောင်းရင်းမှာ မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင် သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင် သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။ မြန်မာလူမျိုး၌ ညံ့ ဖျင်းသောအချက်များရှိခြင်း ကောင်းမြတ်သောအချက်များရှိခြင်းကို အပထား၍ မြန်မာလူမျိုးအကြောင်းကို မြန်မာအချင်းချင်း က မြိန်ရေရှက်ရေ ကဲ့ရဲ့ ရှုတ်ချထိုက်သလောဟု စဉ်းစားဆင်ခြင်စေလိုသေး၏။ ကျွန်ုပ်တို့သည် အမိမြန်မာပြည်ဟူသော စကားကို တိုင်းရေးပြည်မှုနှင့်ပတ်သက်သော နေရာတိုင်း သုံးနှုန်းကြရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်းဆိုသည်မှာ မိမိတို့၏ မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်းမျှသာ ဖြစ်၏။ သို့ဖြစ်ရကား မြန်မာအမျိုးသားဟူသော အများဆိုင်နာမ်သည်ပင်လျှင် မြန်မာတို့၏မိခင်ဖြစ်ချေ၏။ မြန်မာအမျိုးသားတို့၏အကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည်အကြောင်းကို ရှုတ်ချပြောဆိုရာရောက်၏။ အကြင်သူတယောက်၏မိခင်သည် အကျင့်စာရိတ္တမကောင်းသဖြင့် လင်ငယ်နေငြားအံ့။ ထိုသူ သည် မိခင်လင်ငယ်နေသောအဖြစ်ကို မြိန်ရေရှက်ရေနှင့် ထုတ်ဖော်ကြေညာခြင်း ပြုချေမည်လော။ မိခင်မကောင်းသော အဖြစ်ကို လူသူလေးပါးတို့ရှေ့၌ အခါအခွင့်သင့်တိုင်း ဖော်ထုတ်စွပ်စွဲခြင်း ပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ် ညံ့ဖျင်းသိမ်ငယ်သော အဖြစ်တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏ မွေးသမိခင် အကြောင်းကို ပရိသတ်ဗိုလ်ထုအလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်း မရှိချေ။ ဤအခြင်းအရာနှင့် နှိုင်းစာ သော် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်းဟူသောဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင်အကြောင်းကို မြိန်ရေ ယှက်ရေ အားရပါးရ ကဲ့ရဲ့ရှုတ်ချခြင်းကဲ့သို့ မိုက်မဲသောအပြုအမူရှိမည် မဟုတ်ချေ။ ထိုသို့ မြန်မာလူမျိုးကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိဟန် မတူပေ။ မြန်မာကို မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါ အလွန်ခေတ်စားလျက်ရှိရကား တဦးကစ၍ပြောလိုက်လျှင် အနီးရှိလူများက ဝိုင်းဝန် ထောက်ခံလိုကြသည်သာ များနေတော့၏။ တဦးတယောက်သောသူက ခုခံချေပ ပြောဆိုခြင်းကိုမျှ မကြားရဖူးချေ” ဟု ရေးထားလေသည်။

ဆောင်းပါးအဆုံးတွင် ဤအကျင့်မှာ လူမျိုးကိုအညွန့်တုံးအောင်ပြုလုပ်မည့် အကျင့်ဆိုးကြီးဖြစ်သည်ဟု ရေးထားပြီး ပ ပျောက်အောင်လုပ်ကြပါဟု တိုက်တွန်းထားသည်ကို တွေ့ရသည်။ သူကတော့ စိတ်ပညာသဘောကို ထည့်မရေးပါ။ ဒါပေ မယ့် ကျနော်ကတော့ ဒါ ကိုယ့်ကိုယ်ကို အမိန့်ပေး စိတ်ညှို့သလို (autosuggestion) ဖြစ်နေတာကို ပြောချင်တာဟု နား လည်လိုက်ပါသည်။ စာပြီးသည့်ရက်စွဲကို ၁၃၀၅ ခုနှစ်ဟုရေးထားရာ ကျနော်ပြန်တွက်ကြည့်တော့ ၁၉၄၄ ခုနှစ် ဂျပန် ခေတ်အတွင်းကရေးခဲ့သောစာ ဖြစ်သည်။ ထိုဆောင်းပါး၌ပင် ဆရာကြီးက ဤအလေ့အကျင့်ဆိုးကြီးမှာ အရင်တုန်းက ဒီ လောက်မရှိပဲ အင်္ဂလိပ်ပြေးခါနီးအချိန်တွင် အထွတ်အထိပ်ရောက်သည်ဟု အချိန်ကိုပါရေးထားရာ ၁၉၄၀ လောက်မှစပြီး ဤအကျင့်ပေါ်လာသည်ဟု တွက်လို့ရသွားပါသည်။ ဆရာကြီးက အချိန်ပါ ထည့်ရေးသွားသဖြင့် အတော်တန်ဖိုးရှိပါသည်။
ဘုရားရေ ဒါဆို တို့တွေက တမျိုးသားလုံး ကိုယ့်လူမျိုးကိုယ် ပြန်ပြီး ရှုတ်ချကဲ့ရဲ့ပြောဆိုနေတာ နှစ်ပေါင်း ၇၅ နှစ်တောင် ရှိနေပါပြီလားဟုသာ တမိပါတော့သည်။ ဒီလောက်တောင် အားရပါးရ တယောက်က ရှုတ်ချရင် ကျန်တဲ့လူတွေက ဝိုင်း ထောက်ခံ တယောက်နဲ့တယောက် အပြန်အလှန်ပြောနေမှတော့ ဒီလူမျိုးမှ ဘိတ်ဆုံးမရောက်ရင် ဘယ်လူမျိုး ရောက်တော့ မှာလဲ။ အခြားအချက်အလက်တွေလည်း ပါမှာပေါ့လေ။ ဥပမာ အာဏာရှင်တို့ ခွာနာရှင်စနစ်တို့က နှိပ်စက်တာတွေလည်း ပါမယ် ထင်ပါသည်။ ဒါပေမယ့် ဒီအကျင့်လေးကလည်း ရာခိုင်နှုန်း ခပ်များများပါမည်ထင်သည်။ အာဏာရှင်တွေ ခွာနာရှင် တွေ ပေါ်လာတာတောင် ဒီလို ကိုယ့်ကိုယ်ကို ညံ့ပြီ ဖျင်းပြီ အသုံးမကျဘူးဟု ခဏ ခဏ ပြောနေကြသဖြင့် အော်တိုဆပ်ဂျက် ရှင်း (autosuggestion) ဖြစ်ပြီး အဲဒီလူတွေ အလိုအလျောက် ပေါ်လာတာလားတောင် မသိပေ။

ဆိုရိုး စကား တခု ရှိသည်။ ပြတင်းပေါက် သံတိုင်းများအကြားမှနေ၍ လူနှစ်ယောက် အပြင်သို့ ကြည့်ကြသည်။ တယောက်က ရွံ့ဗွက်နွံအိုင်များကို မြင်သည်။ တယောက်က ကြယ်ကလေးများ လင်းလက်တောက်ပနေသည့် ကောင်းကင်ကို မြင်လေ သည်တဲ့။ တခါတလေ ကျနော်တို့လည်း အဲဒီလိုဖြစ်နေသည်ဟု ထင်ရသည်။ ကိုယ့်ကို သေသေချာချာ ချီးကျူးသွားသည့်။ လွယ်လွယ်လေး မေ့ပစ်လိုက်သည်။ ပြောမှန်းတောင် မသိလိုက်။ တခါလောက် ကဲ့ရဲ့လိုက်သည်။ အကြိမ်ကြိမ် ပြန်ပြောကာ ဝမ်းသာအားရ ဖြစ်နေတတ်လေသည်။ အလွန်ထူးသော စိတ်ပါပေ။

ဥပမာ ဆိုပါတော့။ ဆရာဦးအောင်သင်းကို နိုင်ငံခြားက မြန်မာတယောက်က မေးသည်။ မြန်မာလူငယ်တွေ အိုင်ကျူနိမ့် တယ်လို့ ပြောသံကြားတယ်။ ဘယ်လိုမြင်ပါသလဲလို့မေးတော့ ဆရာက မျိုးချစ်စိတ်ကြီး တခွဲသားလောက်နဲ့ ဖြေတယ်လို့ မထင်ပါနဲ့လို့ စကားခံပြီးမှ အရှေ့တောင်အာရှမှာ မြန်မာလောက် အင်ပါယာကြီးတာ ဘယ်နိုင်ငံရှိဖူးလို့လဲ ဘုရားပုထိုး ဗိသု ကာ စာပေ စသည်အားဖြင့်အဆင့်မြင့်ခဲ့တယ်မဟုတ်လား။ အဲဒီလိုလူတွေကို အိုင်ကျူနိမ့်တယ်လို့ ပြောဝံ့သလားလို့ပါ ပြန်မေးပါသည်။ အဲဒါကို စာထဲ သေသေချာချာ ထည့်ရေးရုံမက RFA အသံလွှင့်ဌာနနှင့် အင်တာဗျူးတခုတွင် ထည့်ပြော သည်ကို မှတ်မိပါသည်။ သို့သော် ဘယ်သူမှ မကိုးကားတော့။ မမှတ်မိတော့ပေ။ မှတ်မိနေသည်က မဟာဗန္ဓုလတော့ သူများက “ထုန်း” ဆိုပစ်လိုက်တာ ကိုယ်က ပြန် “မထုန်း” နိုင်လို့ သေသွားရတယ်ဆိုတာပဲမှတ်မိပြီး အပြန်ပြန် အလှန်လှန် ပြောနေတော့သည်။ ဆရာပြောတုန်းကတော့ ပညာကို ကြိုးစားစေချင်လို့ပြောတာဖြစ်ပြီး ဝမ်းသာသောလေသံနဲ့မဟုတ်။ အခု ပြန်ကိုးကားကြတော့ အဲဒါကိုပဲ ဝမ်းသာတဲ့အသံနဲ့ ပြောနေ ရေးနေလိုက်သည်မှာ မဟာဗန္ဓုလစစ်သူကြီးနဲ့ ဒီဘက်ခေတ် မြန်မာတွေ ရန်ငြိုးများရှိနေသလားတောင် ထင်မိပါသည်။ အဘိုးသေရင် မြေးပျော်တယ်ဆိုတဲ့ မြန်မာစကားပုံလို ဖြစ်နေသ လား မသိပါ။

ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်တော့ ဂျပန်က အမေရိကန်နဲ့ စစ်မဖြစ်သေး။ စစ်အတွက် လိုအပ်သည်များကို ပြင်ဆင်နေသော်လည်း တဖက်က သံတမန် စားပွဲဝိုင်းပေါ်တွင် စကားပြောတုန်းပင် ရှိသေးသည်။ ဒီတော့ ရဲဘော်တွေက စိုးရိမ်သည်။ အမေရိကန်နဲ့ စေ့စပ်တာတွေ အဆင်ပြေသွားလို့ စစ်တိုက်စရာမလိုတော့ဘူးဆိုရင် တို့ကိုများ လက်စဖျောက်ပစ် လေမလားဆိုသော အတွေးဝင်သည်။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းက “ဟေ့ သေလည်း ဗမာပီပီ ဇာတိမာန်နဲ့သေကြပါ။ ရန်သူကမိရင် လက်အားရင် လက်နဲ့ထိုး ခြေအားရင် ခြေနဲ့ကန် နောက်ဆုံး ပါစပ်အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ သေပြလိုက်ကြ ပါ” လို့ ပြောသည်။ ဒီလိုစကားမျိုးကို တကြိမ်မက အကြိမ်ကြိမ်ပြောခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်သာ ကိုယ့်လူမျိုးကိုယ် အထင်သေးလျှင် အဲဒီလိုစကားမျိုး လုံးဝပြောမှာမဟုတ်ပေ။ ဒါပေမယ့် ကျနော်တို့ ဘယ်သူမှ သတိမရ မကိုးကားကြတော့။ သတိရနေသည်က ဟိုနိုင်ငံဖြစ်မယ်ဆိုတာကိုပဲသတိရပြီး အကြိမ်ကြိမ် ဂါထာမန္တာန်ရွတ်သလို ရေရွတ်နေလေသည်။

စဉ်းစားကြည့်ပေါ့။ လူတိုင်း လူတိုင်းလိုလို မိဘ၏ ဆူပူကြိမ်းမောင်းမှုကို အနည်းဆုံး တကြိမ်တော့ ခံဖူးသည်သာ ဖြစ်သည်။ အထူးသဖြင့်ကိုယ်လုပ်တာ အဆင်မပြေသည့်အခါမျိုးတွင် မိဘစကားနားမထောင်ရင် ကြီးပွားမှာမဟုတ်ဘူးဆိုပြီး အဆူခံဖူး သည်သာ ဖြစ်သည်။ ဒါကိုပဲ ကိုယ်က ခဏ ခဏရေရွတ်ပြီး သိဒ္ဓိတင်သလိုလုပ်နေပါက သင့်တော်ပါမည်လား။

ထို့အတူ မိမိတိုင်းပြည် မိမိလူမျိုး၏အားနည်းချက်များကိုတွေ့ပါလျှင်လည်း စာနာသောစိတ် အပြုသဘောဆောင်သော စိတ်ဖြင့်သာ အကြံပြုဆွေးနွေးသင့်ပေသည်။ ကဲ့ရဲ့ ချိုးဖဲ့အပြစ်တင်လိုသောစိတ်နှင့် ဝမ်းသာအားရ မပြောအပ်ပေ။ ထိုအမူ အကျင့်သည် တမျိုးသားလုံးကို အညွှန့်တုံးအောင်လုပ်သော အမူအကျင့်ဖြစ်၍ ရှောင်ကြဉ်သင့်သည်။

ကိုယ်တိုင်ရေးထားသောစာများကို ပြန်ကြည့်တော့လည်း တဦးတယောက် တစုတဖွဲ့၏အမှားများကို ရေးပြဖူးသည်သာ ရှိပြီး ကိုယ့်လူမျိုးကိုတော့ လူမျိုးနှင့်ချီပြီး ကဲ့ရဲ့ချိုးဖဲ့ ရေးထားသော စာမတွေ့ရသဖြင့် အတော်လေးကျေနပ်မိပါသည်။

လာမည့် နှစ်သစ်အခါသမယမှစပြီး ကျနော်တို့မြန်မာလူမျိုးများသည် ကိုယ့်လူမျိုးကိုယ် အညွှန့်တုံးအောင် ပြုလုပ်ရာရောက် သော သိမ်ငယ်စိတ်ဝင်အောင် လူမျိုးနှင့်ချီပြီး ရှုတ်ချကဲ့ရဲ့ပြောဆိုခြင်းများကို ရှောင်ကြဉ်နိုင်ပြီး မိမိတိုင်းပြည်၏ အကျိုးစီးပွား ကို ဆောင်နိုင်ပါစေသတည်းဟု ဆန္ဒပြုအပ်ပါသည်။

မှီငြမ်း
– အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ (ဖေမြင့်)
– မြန်မာလူမျိုးနှင့် အကျင့်ဆိုး (ရွှေဥဒေါင်း)
– စာရိတ္တမာန (အောင်သင်း)
– ကိုယ်တွေ့ဝတ္ထုတိုများ (ဦးဖိုးကျား)
– ဗိုလ်မှူချုပ်ဟောင်းကျော်ဇော အတ္ထုပ္ပတ္တိ

(ဝေဖန်အကြံပြုမှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသားပေးပို့နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အတွေးအမြင်

4 Responses to စံလှကြီး – အပျက်စိတ် အပျက်တွေး အပျက်အမြင်

  1. Dr. Maung Maung Gyi on April 7, 2015 at 4:56 am

    ကိုစံလှကြီးထောက်ပြချက်တွေကိုဦးလည်းသဘောတူပါတယ်။
    အချိုးအနှိမ်ခံရတာများရင် စိတ်ဓာတ်လည်းကျသွားတတ်တယ်။ မြန်မာပြည်ကလူတွေဟာ အနှစ်ငါးဆယ်ကျော်အဖိအနှိပ်ခံနေရတော့ စိတ်ဓာတ်ကျတဲ့လူကကျ ၊ တချို့ကလည်းထစ်ကနဲဆိုပေါက်ကွဲတော့တာဘဲ။ ဒါကလူ့သဘာဝဘဲလေ။ အဲဒီတော့မလိုအပ်ဘဲ မပေါက်ကွဲရအောင်ထိမ်းရမည့်အစား၊
    စိတ်ဓာတ်မကျဖို့အားပေးရမည့်အစားလျှောက်နှိမ်နေရင် လူမျိုးအညွန့်တုံးသွားလိမ့်မယ်။

  2. Khin Maung Saw on April 7, 2015 at 5:46 am

    ကိုယ့်လူမျိုးကို ကိုယ်ကမြှောက်လွန်းကလည်း ထိုလူမျိုးသည် မျက်ကန်းမျိုးချစ်များဖြစ်သွားတတ်၏ ။ ကိုယ့်လူမျိုးကို ကိုယ်ကနှိမ်လွန်းကလည်း ထိုလူမျိုးသည် ကျွန်စိတ်ဝင်သွားတတ်၏ ။ အလယ်အလတ်လမ်းစဉ်ဖြင့် မြှောက်သင့်သည့်နေရာတွင်မြှောက်၊ ခြောက်သင့်သည်နေရာ၌ခြောက်ကာ နှိမ်သင့်သည့်နေရာမှာနှိမ်ခြင်းသည်သာအကောင်းဆုံးဖြစ်ပေလိမ့်မည်။

    မြတ်စွာဘုရားကလည်း မလျှော့မတင်း စောင်းကြိုးငြှင်းသကဲ့သို့ ပြုကျင့်ရန်ဟောခဲ့သည်မဟုတ်လော။

  3. San Hla Gyi on April 7, 2015 at 8:41 pm

    ဟုတ်ကဲ့ ဦးလေး ဦးမောင်မောင်ကြီး ခင်ဗျာ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် ဖြစ်စေချင်တာကတော့ တိုင်းပြည်နဲ့ လူမျိုးမှာ မကောင်းတဲ့ ညံ့တဲ့အကွက် ရှိနေရင်လည်း အားရဝမ်းသာ ကဲ့ရဲ့တာ လုပ်မယ့်အစား စာနာတဲ့ ကြင်နာတဲ့ လေသံလေးတွေ သုံးပြီး ဒါလေးတွေတော့ ပြင်မှ ဖြစ်မယ် ဆိုတာမျိုး အကြံပြု စေချင်တာပါ။ ကိုယ့်လူမျိုးကို ကိုယ်တိုင်တောင် အထင်သေးနေရင် ကျန်တဲ့လူက ပိုအထင်သေးတော့မှာပေါ့။ နောက်ပြီး တိုင်းပြည်ရဲ့ မိဘလို ဖြစ်နေတဲ့ ပုဂ္ဂိုလ်က တစ်ကြိမ်လောက် ခပ်ပြင်းပြင်း ပြောခဲ့တာလေးကို ကိုးကားပြီး ကိုယ့်လူမျိုးကို သိမ်ငယ်စိတ်ဝင်အောင် မကဲ့ရဲ့ဖို့ လိုတယ်လို့ ထင်ပါတယ်။ လူတိုင်းလိုလို မိဘရဲ့ အဆူအကြိမ်းကို တစ်ကြိမ်လောက်တော့ ခံဖူးကြပါတယ်။ အကြိမ်ကြိမ် အားပေး ချီးကျူးခဲ့တာကို မမှတ်မိပဲ ဆူတာလေးကိုပဲ မှတ်မိနေတယ် ဆိုရင်လည်း အပျက်ဘက်ကို အားသန်နေတဲ့ စိတ်ဖြစ်ပါတယ်။ အဲဒါလေးတွေ ပြင်စေချင်တာပါ။

  4. San Hla Gyi on April 7, 2015 at 9:22 pm

    အန်ကယ် ဦးခင်မောင်စော ခင်ဗျာ မှတ်ချက်စကားအတွက် ကျေးဇူးတင်ပါတယ်။ နောင်လည်း ဖတ်ရှု ပေးပါဦး ခင်ဗျာ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်