ငြိမ်းချမ်းအေး – သင်္ကြန်မှာ လူငယ်တွေကို ပျော်ခွင့်ပေးလိုက်ပါ

April 7, 2015

ငြိမ်းချမ်းအေး – သင်္ကြန်မှာ လူငယ်တွေကို ပျော်ခွင့်ပေးလိုက်ပါ
(မိုးမခ / Friday Times) ဧပြီ ၀၆၊ ၂၀၁၅

ဒီတပတ် သင်္ကြန် အတွက် ဆောင်းပါး နှစ်ပုဒ်ထုတ်ဖြစ်ပါတယ်။  မိုးမခမှာလည်း အရင်နှစ်တွေက ဒီ အကြောင်းအရာတွေ အမြဲ ရေးခဲ့ဖူးပါတယ်၊ အပ်ကြောင်းထပ်နေပြီလို့တောင် ဆိုနိုင်ပါတယ်။  ကြားရဖန်များလို့ နားငြီး နားကြားပြင်းကတ် သူများလည်း ရှိမှာပါပဲ။  “ဟောရင်းသာ ပျံတော်မူမယ် ဆန်ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ”  ဆိုတဲ့ ဦးပုည စာချိုးရမယ့် အကြောင်းအရာနဲ့ လူတွေမှန်းလည်း သိပါတယ်။  ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တနိုင် ထွက်နိုင်သလောက် အသံထွက်၊ အမြဲမပြတ်ထောက်ပြနေဖို့ လိုတယ် ကိုယ့်ဘာသာ ခံယူလို့ ဒီ ဆီသည်မ လက်သုတ်ကိုပဲ ဖြူမလားရယ်လို့ ထပ်မံ လျှော်ဖွပ်မိပါတယ်။  ပြန်လည် ဝေဖန် ထောက်ပြလိုသူများကိုလည်း ကြိုဆိုပါတယ်။

သင်္ကြန် အချိန်အခါရောက်တိုင်း စာနယ်ဇင်းတွေမှာ၊ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ယဉ်ကျေးမှု သူငယ်နာ မစင်တဲ့ ဆုံးမစာလိုလို၊ ဘုရားဖြစ်မယ့် အုတ်နီခဲများ တရားချလိုလို စာများ ‘မိုးဦးကျမှို’ တွေလို နှစ်စဉ်တွေ့ရလေ့ရှိတယ်။  ကိုယဉ်ကျေး ဓာတ်ပုံဆရာများ ချက်ကောင်း ‘စောင့်’ လက်စွမ်းပြထားတဲ့ အမျိုးသမီးငယ်လေးများရဲ့ အမြင်မတော်ပုံများ ချပြ ပါးစပ် အရသာခံ သားပြော မယားပြော၊ မှိုချိုးမျှစ်ချိုး ပြောကာ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းကြလေ့ရှိတယ်။  သုရာမေရိယကံ ထိန်းဖို့ကို ဘုရား အဆူဆူက အမျိုးသမီးများ အတွက်ပဲ ကွက် ဟောခဲ့၊ တားခဲ့သည့်အလား ခေတ်လူငယ် မိန်းကလေးငယ်များ ဘီယာ၊ အရက်သောက်ခြင်းကို မနှစ်မြို့နိုင်တဲ့ ယမကာချိုးကပ် ယောက်ျား ရင့်မာကြီး ဆိုသူများရဲ့ အရက်နံ့ မပြယ်တဲ့ အတွေးအခေါ်၊ အောက်ကလိအာ အသံများလည်း ညံတော့တာပါပဲ။

တနှစ်ထက်တနှစ် ပိုကြီးထွားလာနေတဲ့ ယောက်ျားကြီးဝါဒ အခြေခံ အပြော၊ အဟော၊ အရေးတွေ မြင်ရ၊ ကြားရဖန်များလာတော့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက် စိုးရိမ်မိတယ်။  အထူးသဖြင့် အခုခေတ်လို အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ဗန်းပြ လူသား ဂုဏ်သိက္ခာနဲ့ အခွင့်အရေး ထိပါးချင်တဲ့ ခေတ်ကြီးမှာ ပိုလို့ စိုးရိမ်စရာ ကောင်းလာတယ်။  အတုမယူသင့်ရာ ကမ္ဘာ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်း တချို့က ဓလေ့ထုံး၊ အမြင်၊ အလုပ် တချို့ ကို ကိုယ့်ဆီမှာ ရှေ့တန်းတင်၊ သွတ်သွင်းချင်လာကြတာ ကျောချမ်းစရာပါပဲ။

အမျိုးသမီး ဆိုတာ ယောက်ျားများ လိင်အာသာဖြေရာ၊ ပြုစုစောင့်ရှောက် ခိုင်းစေရာ အစေအပါး မဟုတ်ပါဘူး။  မိမိ ခန္ဓာကိုယ် ရွေးချယ်မှု အတွက် သူတပါးက စီမံ ပေးစရာမလိုပါဘူး၊ ကျား များ စိတ်တိုင်းကျ ပုံဖော် ထုဆစ်၊ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ပြောသလို ဝတ်ရအောင် ‘သက်ရှိရုပ်ထု’ မဟုတ်ပါဘူး။  သွေးနဲ့သားနဲ့၊ ကိုယ်ပိုင်ခံစားချက်၊ အတွေးအမြင်၊ ဦးနှောက်နဲ့ တည်ဆောက်ထားတဲ့ ယောက်ျား တန်းတူ လူသားသာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ မဟာဖိုဝါဒ အကြောင်း ထောက်ပြရင် လူအများ ပြန်ပြီး ဆင်ခြေ ပေးလေ့ရှိပါတယ်။  အိမ်နီးချင်း တိုင်းပြည်ကြီးများနဲ့ ယှဉ်ရင်၊ ဘယ်ဘာသာဝင်တွေနဲ့ နှိုင်းစာရင် မြန်မာ အမျိုးသမီးများ သမိုင်း အစဉ်အဆက် လူ့အခွင့်အရေး အပြည့်အဝရ၊ လူမှု၊ စီးပွား၊ ပညာ ကဏ္ဍ အသီးသီးမှာ ဘယ်လို ဦးဆောင်နေကြောင်းတွေ အပ်ကြောင်းထပ် ကာကွယ်လေ့ရှိကြတယ်။  မြန်မာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍနဲ့ ဦးဆောင်မှု လူ့အဖွဲ့အစည်းမှာ အထိုက်အလျောက် မြင့်မားတာ မှန်ပေမဲ့ ဒီ အခြေအနေကို ကျေနပ်ရောင့်ရဲ တင်းတိမ် နေစရာ အကြောင်းမရှိပါဘူး။  စနစ်၊ အဖွဲ့အစည်းနဲ့ လူမှု ဓလေ့ထုံးတွေက ကျားဗဟိုပြု အကြောင်း၊ ဖြစ်ရပ် ကိစ္စတွေကို ပိုမို ပြောဆို ထောက်ပြဖို့ လိုနေပါသေးတယ်။  အမျိုးသမီး အခွင့်အရေး ဘယ်လောက် ရနေ ရနေ အခြေခံ သဘော မှာ မိန်းမ ဆိုရင်ကို ယောက်ျားနဲ့ မတူ တဆင့်ချ မြင်၊ ပြုမူ ဆက်ဆံနေမှုတွေကို ဆန့်ကျင်စရာ အများကြီး ရှိနေပါသေးတယ်။

ဝေးဝေး သွားမကြည့်ပါနဲ့၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့် အမှတ် သတ်မှတ်ရာမှာ ကျား၊ မ အမှတ် ခွဲခြားထားမှုကိုပဲ အရင် ပျောက်အောင် တိုက်ရပါဦးမယ်။  လူမှုလောကမှာ ဆိုရင်လည်း ကာတွန်းဆရာများ၊ လူရွှင်တော်များ၊ စာရေးဆရာ ဆိုသူများ သရော်စရာ ရှာမရရင် နောက်ဆုံး ယဉ်ကျေးမှု ခေါင်းစဉ်တပ် အမျိုးသမီး အဝတ် ဝတ်တာ၊ ရင်ဘတ်ဟိုက်တာ ဘက်ပဲ လှည့်နေကြတာပဲ မဟုတ်ပါလား။

ယဉ်ကျေးမှု ဆိုတာ တကယ်တော့ လူသား အတွေးအခေါ် အိုင်ဒီယိုလော်ဂျီ အခြေခံပါပဲ၊ အတွေးအခေါ် ဒဿန ဆိုတာကလည်း လူ့အဖွဲ့အစည်းမှာ ကြီးစိုးရာ ခြယ်လှယ်စွမ်းသူ လူတန်းစား ‘Exploiter Class’ တစုက စိတ်ကြိုက် တည်ဆောက်ယူထားတဲ့ ပုံသဏ္ဌာန် သဘောပါပဲ။  ဒါကို ဘာသာရေး ကျင့်ဝတ်လိုလို၊ ကိုယ်ကျင့်တရား လိုလို ပုံဖျက် အကျိုးအကြောင်း ဆက်၊ ယုတ္တိချ ပြခြင်း သဘော သက်သက်ထက် မပိုပါဘူး။

လူသား ယဉ်ကျေးမှု ‘Civilisation’ ဖြစ်စဉ် မှာ ဝတ်စားဆင်ယင်မှု ဓလေ့ဟာ အရေးပါတာ မှန်ပါတယ်၊ ဒါပေမဲ့ လူ့ကျင့်ဝတ် တရား၊ သိက္ခာနဲ့ တိုက်ရိုက် အချိုးမကျဘူး။  ဆင်ယင်မှုဓလေ့ဟာ ကာလံ၊ ဒေသံ၊ ဝန်းကျင် ရာသီဥတု အပူအအေး ဒဏ် ကာကွယ် လုံခြုံမှုက အဓိကပါပဲ။  ဒါ့အပြင် လူသား အရည်အသွေး အလှအပကို ခံစား ဖော်ထုတ် ဖန်တီးတတ်မှုနဲ့ ခေတ်ရေစီးကြောင်း ဖက်ရှင် အပေါ်မှာသာ အခြေခံပါတယ်။

ဥပမာ – ကမ္ဘာ့ အရှေ့အလယ်ပိုင်း သဲကန္တာရ ဒေသမှာ ကိုးကွယ်မှု အယူဝါဒ တွေ မပေါ်ခင်ကတည်းက လူသား ဝတ်ဆင်မှု ဓလေ့ ဝတ်ရုံရှည်ခြုံခြင်း၊ ခေါင်းဆောင်းရခြင်း ရှိပါတယ်။  ‘မ’ မို့ တကိုယ်လုံး လုံအောင် ဖုံးရခြင်း မဟုတ်၊ ‘ကျား’ လည် ဖုံးရတယ်၊ လုံအောင် မဖုံးရင် ပြင်းထန်တဲ့ ရာသီဥတု အပူဒဏ်ကို မခံနိုင်ပါဘူး။  ဂျူးဖြစ်ဖြစ်၊ အာရပ်ဖြစ်ဖြစ်၊ ပါရှန်ဖြစ်ဖြစ် ဝတ်စားဆင်ယင်မှုက ဒီ ဥတုရာသီကိုပဲ အဓိအခြေခံခဲ့တာပါပဲ။  ဒီလို ဝန်းကျင် အခြေပြု ဝတ်ဆင်မှု ‘ထုံး’ ကို မှ နောက် ဘာသာအယူဝါဒတွေ ပေါ်လာချိန်မှာ ဘာသာဓလေ့ထုံး အဖြစ် ထည့်သွင်းလာတာကြောင့် အဲ့ဒီ ပထဝီဝင်ဒေသ ပေါက်ဖွားလာရာ ဂျူး ရာဘိုင်၊ ခရစ်ယာန် ရဟန်း၊ သီလရှင်နဲ့ မွတ်ဆလင် ဗလီ ဆရာ အကုန် အဝတ်ခြုံ၊ ဦးထုပ်ဆောင်းနေကြရတာပါ။  ဆိုချင်တာက လူတွေ တည်ဆောက်ယူတဲ့ ယဉ်ကျေးမှု၊ အယူဝါဒ၊ ဓလေ့ ဆိုတာက သဘာဝ ကာလ၊ ဒေသ၊ ဥတု အပေါ် အရင် အခြေခံတယ် ဆိုတာကိုပါ။

ကျနော်တို့ဆီမှာ ဖြစ်ပေါ်တိုးတက်လာခဲ့တဲ့ လူ့ယဉ်ကျေးမှု ဖြစ်စဉ်အရ ဆိုရရင်လည်း သမိုင်းမတင်မီနဲ့ တင်ပြီး ခေတ်ကစလို့ ဝတ်စားဆင်ယင်မှု ဓလေ့ ‘Culture’ ဟာ ဆိုခဲ့တဲ့ ကာလ၊ ဒေသ၊ ဥတု နဲ့ လူ့အဖွဲ့အစည်း မှာ ဖြစ်ပေါ်တိုးတက်လာရာ ဖက်ရှင် အပေါ်မှာသာ အမှီတံကဲပြုပြီး ပြောင်းလဲ တည်ရှိလာခဲ့တယ်။  မြန်မာ (ဗမာ) တွေ ဧရာဝတီ မြစ်ဝှမ်း အပူပိုင်း မြေပြန့် တောင်ကြားဒေသ မရောက်ခင် အရှေ့ပိုင်းကုန်းမြင့်တွေပေါ် နေခဲ့တုန်းက အအေးဒဏ် ရာသီဥတုနဲ့ လျော်ညီတဲ့ ဘောင်းဘီရှည်လို ဝတ်စုံတွေ ဝတ်ခဲ့ကြတယ်။  အပူပိုင်းဒေသ ပြောင်းရွှေ့လာတော့ အနွေးဝတ်တွေ ခွာချမယ်၊ ပျူလို၊ မွန်လို အိန္ဒိယ ယဉ်ကျေးမှုနဲ့ ထိစပ် နှီးနွယ်ပြီး မတူကွဲပြားတဲ့ လူအုပ်စုတွေနဲ့ ထိတွေ့လာရတော့ သူတို့ ဆီက ဝတ်စားဆင်ယင်မှု ဖက်ရှင် အပါအဝင် ဓလေ့ထုံးတွေ၊ ကိုးကွယ်မှု အယူဝါဒတွေ ယူခဲ့ကြတယ်။

သမိုင်းတင်ပြီး ပျူခေတ်၊ ပုဂံခေတ်ကစလို့ နောက်ပိုင်း ခေတ်တလျှောက် အမျိုးသမီး ဆင်ယင်မှု ဖက်ရှင် ကိုကြည့်ရင် ခေတ်ရေစီးကြောင်း အလိုက် ရင်သားဖော်၊ ရှေ့ကွဲ နောက်ကွဲ ပေါင်တံ အလှ ဖော်၊ ခန္ဓာကိုယ် အလှ တင်သား ကောက်ကြောင်းပေါ် ဒီဇိုင်း မျိုးစုံ တွေ့နိုင်ပါတယ်။  အနောက်တိုင်း ယဉ်ကျေးမှုမှ ဖော်တာ၊ ပေါ်တာ မဟုတ်၊ အရှေ့-အနောက် အကုန် သဘာဝ ဥတု ဝန်းကျင်က ခွင့်ပြုသလောက် အလှကို ဖော်ကြ၊ ပေါ်ကြပါတယ်။  ပျူခေတ်၊ ပုဂံခေတ် ရဲ့ ယဉ်ကျေးမှု ဟာ မြင့်မားလှလို့ အရှေ့ဘက်ဒေသတွင်းရဲ့ ဗိသုကာ၊ အနုသုခုမ၊ ဓလေ့ထုံးတွေကို လွှမ်းမိုးသက်ရောက်ခဲ့တယ်။  ဒူးပေါ်၊ ပေါင်ပေါ်၊ ချက်ဖေါ်၊ ရင်သား တဝက် လှစ်ဟ နေတဲ့ ပုဂံခေတ် နံရံဆေးပန်းချီက အမျိုးသမီးငယ်ကို ကြည့်ပြီး ယဉ်ကျေးမှု မရှိ၊ ကိုယ်ကျင့်တရား ဖောက်ပြားသူ ဆိုနိုင်ပါ့မလား။  အဲ့ဒီခေတ် တိုင်းပြည် ရဲ့ ဒေသတွင်း အရေးပါ အရာရောက်မှု၊ စည်ပင် ဖွံ့ဖြိုးမှု၊ ဘာသာ အယူဝါဒများ ထွန်းကားမှုကို ကြည့်ရင် လူ့အဖွဲ့အစည်းရဲ့ စာရိတ္တ ကြံ့ခိုင်မှု၊ ယဉ်ကျေးမှု မြင့်မားနေမှု ကို သိနားလည်၊ ပုံဖော်နိုင်ပါတယ်။

ခေတ်အမျိုးသမီးငယ်များ ဖက်ရှင် ရေစီးကြောင်း အတိုင်း ပေါင်ဖော်၊ ရင်ဖော်လုပ်မှ ဘာကြောင့် ကိုယ်ကျင့်တရားနဲ့ မဆီမဆိုင် ဆွဲစပ် ပုတ်ခတ်ချင်နေကြပါသလဲ။  ခေတ်အဆက်ဆက် ယောက်ျားဘသား ဆိုသူများ မိမိ ကိုယ်ခန္ဓာ အလှနဲ့ ယောက်ျားပီသမှု ‘ကျား မှ ကျား’ ‘Macho Masculinity’ ကို ပြချင်တော့ ထိုးကွင်းမှင်ကြောင် တကိုယ်လုံး အပြည့်ထိုး အပေါ်ပိုင်း ဗလာနဲ့ ခါးတောင်းမြောင်အောင် ကျိုက် ခြင်းခတ်၊ သိုင်းကစား အလှပြကြတယ်ပဲ မဟုတ်ပါလား။  ဒါကိုပဲ ‘ကွက်’ ရိုးရာ ယဉ်ကျေးမှု  လုပ်ချင်နေကြတာ ‘ကျားကြီးဝါဒ’ မဟုတ်ရင် ဘာလို့ ဆိုရပါမလဲ။  ‘ကျား’ ‘ကျား’၊ ‘မ’ ‘မ’ ဝတ်စားဆင်ယင်မှုဟာ ဆိုခဲ့တဲ့ ဒေသ၊ ဝန်းကျင်၊ ဥတု အပြင်မှာ အဓိက ကျတာက အလှအပ ကို မြတ်နိုး ပုံဖော်လိုခြင်းနဲ့ ဆန့်ကျင်ဘက် ‘လိင်’ ကို ဆွဲဆောင်ခြင်းဆိုတဲ့ လူ့သဘာဝ သဘောသာ ဖြစ်ပါတယ်။  အမျိုးသမီးကျမှ ဘာပို အပြစ် ဆိုချင်နေကြပါသလဲ။

ပဒေသရာဇ်ခေတ်စနစ်ဆိုးနဲ့ အာဏာရှင်စနစ်ဆိုး အဆက်ဆက်ကို ထဘီရင်ရှား၊ ဖက်ဆေးပေါ့လိပ် တဖွာဖွာနဲ့ ခါးစည်းခံရင်း ဖြတ်သန်းကာ လူမှုစီးပွား၊ အိမ်ထောင်ကို ဦးဆောင်ခဲ့တဲ့ ကျောပြောင် ကျောမွဲ မိခင် အမျိုးသမီးတွေကိုမှ အားမနာ ယောက်ျားကြီးဆိုသူများ တဖက်စောင်းနင်း ဆိုချင်ကြတယ်။  ခုခေတ် ဖက်ရှင် ကျောပြောင်၊ ရင်ပြောင် ကို သွား အပြစ်မဆိုချင်ပါနဲ့၊ ကြမ်းတမ်းခက်ထန် ပါးလျ ချို့တဲ့ လှတဲ့ လူမှု၊ စီးပွား ဒဏ် ခံနေရတဲ့ သာမန် မြန်မာအမျိုးသမီးများ တသက်လုံး အဝတ် မကပ်ပါဘူး၊ ရင်ရှားပါပဲ။  အပြစ်တင် စောကြောချင်ရင် အဲသလို ခေတ်၊ စနစ် နောက်ခံကို တိုင်တည် မြင်ကြည့်ပဲ ဆိုရမှာပါ၊  ကျား-မ လိင် ခွဲခြား မြင်ကြည့် ဆိုစရာ အကြောင်းမရှိပါ။  အကျင့်၊ သီလ၊ စာရိတ္တ မဏ္ဍိုင် တိုင်းပြည်မှာ ယိုင်ဆင်းခြင်းက စနစ်ဆိုးကနေ မွေးထုတ်လိုက်တဲ့ ကျား-မ အားလုံး မှာ စွဲကပ် အမြစ်တွယ်ရာ ပြဿနာ၊ ‘မ’ မှ ‘ကွက်’ ဖြစ်နေတာလည်း မဟုတ်ပါ။

ကမ္ဘာမှာရှိတဲ့ ‘ကျားဗဟိုပြု’ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်နေတဲ့ အဓိက ပြဿနာ က စံနှစ်မျိုးထား၊ ‘Double Standard’ ပြု လူမှု၊ စီးပွား၊ ပညာ ဘဝ ဓလေ့ထုံးတမ်းများကို တည်ဆောက်နေခြင်းပါ။  ရှေးရိုးရာ အစဉ်အဆက် မြန်မာ ယောက်ျားများ ထိုးကွင်း ထိုးလာခဲ့တာ ဘာသံမှ မကြားခဲ့ရဘူး၊ အခုခေတ် အမျိုးသမီးငယ်များ ရေပန်းစား ယဉ်ကျေးမှု အရ တက်တူး ထိုးလာတော့မှ အမနာပ အလဇ္ဇီ အလေဏတော ပြောချင်ကြတယ်။  အမျိုးသားများ ကွမ်းစား၊ ဆေးလိပ်၊ အရက် သောက်၊ စင်တင် နိုက်ကလပ် အနှိပ်ခန်းသွားတော့ စိတ်ထွက်ပေါက်ရှာမှု၊ အပန်းဖြေမှု။  အမျိုးသမီးများ စီးကရက်ကလေး လက်ကြားညှပ်၊ ဘီယာ အရက်များ သောက်မိရင် လင်ခိုးမိ၊ လင်ငယ်နေသလောက် အပြစ်တင်မယ်၊ နိုက်ကလပ် များ သွား က မိရင် အရပ်ပျက် စာရင်း သွင်းပါမယ်။  ကျနော်တို့ဆီက ယောက်ျားကြီးများရဲ့ ကျယ်ပြန့်လှတဲ့ အမြင်၊ စိတ်နေ သဘောထားပါ။   ဒါမျိုးကို ‘ကျား’ ကတင် မြင်တာမဟုတ်၊ လူ့အသိုင်းအဝန်းမှာ ကြီးစိုးရာ ပုံစံခွက်ကိုပဲ ဖက်တွယ်ချင်တဲ့ အမျိုးသမီး အများအပြားလည်း မိန်းမချင်း ကိုယ်ချင်းမစာ ပြောချင်၊ ဆိုချင်ကြပါတယ်။

ကိုယ်ကျင့်တရား ဖောက်ပြားမှု က အပေါ်ယံ အသွင် အပြင်၊ ပြုမူမှုက အဓိကမကျ အတွင်းအဇ္ဈတ္တသန္တာန် သန့်ရှင်း စင်ကြယ်၊ နှလုံးသွင်းမှုက အဓိက မဟုတ်ပါလား။  ယောက်ျား သောက်တဲ့ ဆေးလိပ်၊ အရက်နဲ့ မိန်းမ သောက်တဲ့ ဆေးလိပ်၊ အရက် ဘာကွာလို့ မိန်းမကျမှ အကျင့်စာရိတ္တပါ လာ ထိခိုက်ရတာပါလဲ။  ကျန်းမာရေး ရှုထောင့်က ဆိုရင်လည်း ကျား-မ ဇီဝကမ္မ တည်ဆောက်မှုကို အခြေခံ ရောဂါရမှု ကွဲပြားနိုင်တာကလွဲလို့ လူ့အသက် အန္တရာယ် ထိခိုက်တာက ကျား၊ မ အတူတူပဲ မဟုတ်ပါလား။  ယောက်ျားများ အိမ်ထောင်ရေး ဖောက်ပြန်ရင် ‘ယောက်ျားပဲကွ’ ဆင်ခြေ ပေးချင် ကြပေမဲ့ မိန်းမ များ အဲသလို လုပ်မိရင် ‘မိန်မပဲတော့်’ ဘယ်သူမှ ဆို မပေးနိုင်ကြပါဘူး။  အိမ်ထောင်ရေး သီလ ကျိုး၊ လူမှု အကျင့် စာရိတ္တ ဖောက်ပြားမှုနဲ့ ဘာသာရေး အရ ယူဆတဲ့ အကုသိုလ် ငရဲ က ကျား၊ မ အတူတူ ခံရမှာပဲ မဟုတ်ပါလား။

ဆိုခဲ့တာတွေက ကျနော်တို့လူမှု အဖွဲ့အစည်းမှာ အမြစ်တွယ် အသားကျနေတဲ့ ကျား-မ ခွဲခြားမှု၊ ယောက်ျားကြီးဝါဒ အခြေခံ အကျိုး အကြောင်း မညီ၊ အဓိပ္ပာယ်မဲ့၊ အကျိုးမဖြစ်ထွန်းတဲ့ အရိအရွဲ အပုပ်အသိုး အတွေးအခေါ်၊ အပြုအမူ၊ အမြင်သဘော တချို့ပါ။  ဒီလို သဘောတွေဟာ အခုလို သင်္ကြန်နားများနီးရင် ဆောင်းပါး အစမှာ ဆိုခဲ့သလို ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ ခေါင်းစဉ်တပ် ယဉ်ကျေးမှု ယဉ်းနာထရင်း အမျိုးသမီးများကို တဖက်စောင်းနင်း ဆိုချင်၊ ပြောချင်၊ ထောက်ချင် ပိုများလာတတ်ကြတာ နှစ်စဉ်ပါပဲ။

မြန်မာ့ ရိုးရာ၊ ယဉ်ကျေးမှု ဓလေ့ ထုံး တွေ သိပ် မဆိုချင်ပါနဲ့။  မြန်မာ့ ယဉ်ကျေးမှု ဆိုကြတဲ့ အားလုံး လိုလိုဟာ နှစ်ပေါင်း ထောင်ကျော် သမိုင်းစဉ် တလျှောက် ဒေသတွင်းမှာ ကြီးစိုးရာ အခြား ယဉ်ကျေးမှု၊ ဓလေ့ ထုံးတွေကို အခြေခံ တည်ဆောက် ဖြစ်တည် ယူရတာချည်းပါပဲ။  လူသား ယဉ်ကျေးမှု ဖြစ်ပေါ် တိုးတက်မှု အဖြစ် စံသတ်မှတ်ရာ ကိုးကွယ်ယုံကြည်မှု အယူဝါဒ၊ စာပေ အက္ခရာ၊ အနုသုခုမ က အစ၊ အဝတ် အထည်၊ အစားအသောက် လူမှု ဘဝ နေထိုင်မှု ဓလေ့ အထိ အားလုံးနီးပါး အနည်းအများ ဒီလိုပဲ ခေတ်အဆက်အဆက် မွေးစားယူ လာခဲ့ရတာ။  အခု ရိုးရာ သင်္ကြန် ဆိုတာလည်း မွေးစား ဓလေ့ တခုပဲ မဟုတ်ပါလား။  ဒီလို ဆိုတော့ မွေးယူ တည်ရှိလာခဲ့တဲ့ ရိုးရာ ဓလေ့ ထုံး ကို အလေးမထားအပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။  ရိုးရာ ယဉ်ကျေးမှု အကြောင်းပြပြီးသာ ခေတ်ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု ဓလေ့ကို အပြစ်မြင်၊ အထူးသဖြင့် ကျား-မ ခွဲခြား ဆက်ဆံ အမျိုးသမီးများကို ဖိနှိပ်ချင်တဲ့ ဆန္ဒ၊ သဘော အားကြီးမှု ယောက်ျားကြီးဝါဒ ကို ဇောင်းမပေးမိစေဖို့သာ ဆိုလိုတာပါ။

ကျယ်ပြန့် မြင့်မားလာတဲ့ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အရက်သေစာ သောက်စားမှု ၊ လိင်အပျော်အပါး လိုက်စားရာက ကျန်းမာရေးထိခိုက်မှုစတဲ့ ခေတ်သစ် လူမှုရောဂါ အစုံစုံက ယဉ်ကျေးမှု ပေတံ တခုတည်းနဲ့တိုင်း ဖြေရှင်းချင်လို့ အလုပ် မဖြစ်ဘူး။  လူ့အဖွဲ့အစည်းရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ အတွေးအခေါ် အထွေအထွေ အဆင့်အတန်း ကို မြှင့်တင်၊ လူသား အရည်အသွေး ကို မြှင့်ပြီးမှ အကျိုး၊ အကြောင်း၊ အကောင်း၊ အဆိုး၊ အမှား၊ အမှန်၊ တော်၏၊ မတော်၏ ကို လူ့အသိုင်းအဝန်းက လူငယ်များ အပါအဝင် အားလုံး ဆင်ခြင်မှု အသိကပ်နိုင်မှာပါ။  အရင်ဆုံး လူငယ်များ အတွက် လိင်ပညာပေးရေး၊ အထွေထွေ ကျန်းမာရေး ဗဟုသုတ ကို ကျောင်းစာသင်ခန်း သင်ရိုးညွန်းတမ်းတွေမှာ စနစ်တကျ ထည့်သွင်းနိုင်အောင်ပဲ ကြိုးစားရမှာပါ။  အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး အတွက် တင်းကျပ်တဲ့ အခွန်နှုန်းတွေ၊ ဖြောင့်မှတ်မှန်ကန်တဲ့ တရားဥပဒေ ပြဋ္ဌာန်း စိုးမိုးမှု တွေ တိုင်းပြည်မှာ ရှင်သန်ဖို့ပဲ ဘာဖြစ်ဖြစ် ခေတ်နဲ့ လူငယ်ကိုသာကိုသာ ဇောင်းပေး အပြစ်ဆိုချင်သူ လူကြီးဆိုသူများ အရင် ကြိုးစားပါဦး။  ဒါကပို လက်တွေ့ကျပါတယ်။

ယဉ်ကျေးမှုနဲ့ နှိုင်းဆိုချင်ရင်လည်း ‘မ’ ဘက်ကိုချည်း ဖိနှိပ် ကျားကြီးဝါဒ ဗဟိုပြု မဆိုဘဲ၊ လူငယ်၊ လူကြီး မျိုးဆက် ကွာဟ၊ ခေတ် မတူညီမှုကို မျက်ကွယ်မပြုဘဲ၊ ရိုးရာ သင်္ကြန် ရဲ့ အဓိက သဘော သဘာဝ နှစ်သစ်မှာ အကုသိုလ် အညစ်အကြေးများ ကင်းစင်စေမှု၊ လူကြီးသူမ အိုမင်းမစွမ်းများကို ပြုစုစောင့်ရှောက် ကုသိုလ် ရှာမှု၊ အလှူဒါန ပြုမှု၊ လူသား အချင်းချင်း အမုန်းမပွား မေတ္တာ ရှေ့ထား ရေစင် သွန်းလောင်းမှု၊ တဦး အပေါ် တဦး ခန္တီစ တရားထား ချစ်ကြည် ရင်းနှီး ကြည်စယ်မှု စတဲ့ အနှစ် ယဉ်ကျေးမှု သဘော ကိုသာ လူငယ်များ အကြား တိုးပွားကျယ်ပြန့်၊ နှလုံးသွင်း ခံယူ၊ နားလည် တတ်လာအောင် လူမှုရေး၊ ဘာသာရေး လှုပ်ရှားမှုတွေ စီစဉ် ဆောက်ရွက်ရမှာပါ။

ဒီလို လူမှု၊ ပညာ၊ ကျန်းမာ၊ အတွေးအခေါ်၊ အသိအမြင် ကျယ်ပြန့် အဆင့်အတန်းမြင့်မားဖို့ရာ လူမှုရေး၊ ပညာရေး၊ ဘာသာရေး အစီအစဉ် တွေ လူ့အဖွဲ့အစည်းမှာ အသားပေး လုပ်ဆောင်လာနိုင်ရင် အလိုအလျောက် လူငယ်များ ဟာ ယဉ်ကျေး၊ လိမ္မာ၊ လူပီသ၊ ကိုယ့်တာဝန် ကိုယ်ယူနိုင်၊ ကိုယ့် အခွင့်အရေး ကို ကိုယ် အများသူငါ မထိခိုက် အသုံးချ နိုင်တဲ့ နိုင်ငံကြီးသားကောင်းလေးများ ဖြစ်လာကာ နိုင်ငံ့ ယဉ်ကျေးမှု မြင့်မား ကမ္ဘာမှာ ခေါင်းမော့လာနိုင်မှာပါ။  မျက်မှောက် မှာ မြင်တွေ့နေရတဲ့ ပခုံးချင်း တိုက်မိရုံနဲ့ ရက်ရက်စက်စက် ဓါးခုတ် သတ်ဖြတ်မှုတွေ၊ စက်ဘီးနဲ့ တိုက်မိရုံနဲ့ မည်းမည်းမြင်ရာ မီးတိုက် တလွဲဆံပင်ကောင်းမှုတွေလည်း တပါတည်း ပျောက် အသားအရောင်၊ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ လိင်၊ လိင်တိမ်းညွတ်မှု ဘာမှ တဖက်စောင်းနင်း ခွဲခြား ချိုးနှိမ် ပြုမူလိုမှု စိတ်ကင်းတဲ့ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက် ရင်ဘတ်ကျယ်၊ နှလုံးသားကြီး၊ ဦးနှောက်ကြီးတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။

နိဂုံးချုပ်ရရင် သင်္ကြန်မိုးဇာတ်ဝင်ခန်းပါ ရည်းစားပျက်၊ မယားဆုံး လောကဓံ ကို မခံနိုင် အရှုံးပေးရင်း အရက်သမားကြီး အဖြစ် ငါ တကော ကော နေကာ လူငယ်တွေရဲ့ လွပ်လပ်မှု အခွင့်အရေး ကို တရားမဲ့ ပိတ်ပင်ချင်သူ ကိုငြိမ်းမောင် ကို ငယ်ရည်စား ခင်ခင်ထား က လာ ဖျောင်းဖျ သလို သင်္ကြန်မှာ လွတ်လွတ်လပ်လပ် ‘ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ’ လို့ပဲ တောင်းဆိုချင်ပါတယ်။  နိုင်ငံရေး စနစ်ဆိုး လူမှု၊ စီးပွား ဒဏ်ကို လှိမ့်ခံရင်း  မွန်းကျပ်မှုတွေ အပြည့်နဲ့ ယနေ့ခေတ်လူငယ်ကလေးများ ဒီလို လွတ်လပ်မှု အပျော်မျိုးနဲ့ ထိုက်တန်ပါတယ်။  ‘အပျော်’ ကနေ ‘အပျက်’ မဖြစ်ရအောင်၊ ‘လွတ်လပ်မှု’ ကနေ ‘မင်းမဲ့စရိုက်’ မဖြစ်အောင်က လူကြီးဆိုသူများ ဆိုခဲ့သလို မှန်ကန်တဲ့ သဘော၊ နည်းလမ်းများဗဟိုပြု ရေရှည်အမြင်နဲ့  နိုင်ငံ့ စနစ် အဖွဲ့အစည်းကို ထိန်းကျောင်း ပြုပြင်ရမှာ ဖြစ်ကြောင်း ဆွေးနွေးလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

(မိုးမခ ဆောင်းပါးဟောင်းကို အခြေခံ၍ အသစ်ပြင်ဆင်တည်းဖြတ်ကာ မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၈)၊ (၂၀၁၅) ခုနှစ် ဧပြီ (၃) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင်လည်း အသစ်တည်းဖြန်မှုကို အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)