fbpx

တက္ကသိုလ်ရွှေရီဝင်း – ဒို့ ရူးနေပြီလား

April 10, 2015

Photo – filed, Daw Khin Myo Chit and her families.

တက္ကသိုလ်ရွှေရီဝင်း – ဒို့ ရူးနေပြီလား
(အမှတ် ၁၇၃ အတွေးအမြင်  ၂၀၀၅)၊ ဧပြီ ၁၀၊ ၂၀၁၅

`လူတစ်ယောက်ဟာ ကိုယ်လုပ်ပြီးတဲ့ အလုပ်ကို မသေချာလို့ ခဏခဏပြန်လုပ်တာမျိုး၊ ပြောပြီး စကားကို အထပ်ထပ်ပြန်ပြောတာမျိုးလုပ်လာပြီဆိုရင် ဒီလူဟာ စိတ်ရောဂါဝေဒနာအစပဲ´ လို့ မေမေ ဒေါ်ခင်မျိုးချစ် မကြာခဏပြောတတ်ပါတယ်။

စာရေးဆရာ၊ အနုပညာသမားစိတ်ကူးအလွန်ကောင်းတဲ့ မေမေဟာ သူ့ပြောစရာ စကားတွေကို အနုပညာဆန်ဆန်လေး အစချိုပြီး ပြောတတ်၊ သိမ်းသွင်းတတ်ပါတယ်။ အခုလို သူ့စကား အစချီတာ ကတော့ သူ့ကိုယ်သူ `ငါတော့ရူးတော့မယ်ထင်တယ်´ လို့ ပြောချင်လို့ အစချီဖြစ်ပါတယ်။ အသက်ကြီး လာတဲ့ လူတိုင်းခံစားရတဲ့ ဝေဒနာမျိုးဖြစ်ပေါ်လာတာပါပဲ။ ဒါဟာ လူတိုင်းဖြစ်တတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ရိုးရိုး ရှင်းရှင်း ပြောရရင်တော့ မေ့တတ်တာဖြစ်ပါတယ်။ အသက်ကြီးမှ ငယ်မှ မဟုတ်ပါဘူး။ ဒါပေမယ့် မေမေ့လို အစစအရာရာမှာ ပြောစရာမရှိအောင် လုပ်ဆောင်တတ်တဲ့၊ မှတ်ဥာဏ်လည်း အလွန်ကောင်းတဲ့လူ ကတော့ မေ့တတ်တယ်ဆိုတာ အပြစ်ပါပဲ။ သူ့ရဲ့ အဘိဓာန်ထဲမှာ  လူဆိုတာ မမေ့ရပါဘူး။ မှတ်ဥာဏ် ဆိုတာ အမြဲရှင်သန် နိုးကြားနေရမယ်လို့ သတ်မှတ်ပါတယ်။ ဒီလိုမဟုတ်ရင် တစ်နေနေရာမှ တစ်ခုခုက ချွတ်ချော်လွဲမှားနေပြီလို့ ဆိုပါတယ်။

မေမေတို့ မှတ်ဥာဏ်ကောင်းတာကလဲ မဆန်းပါဘူး။ သူ့ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါ ဘူး။ အမြဲ အလုပ်ပေးနေတာပါပဲ။ ဒီတော့ မှတ်ဥာဏ်က ကောင်းလိုက်တာမှ ဟိုးငယ်စဉ်ကနေ အထက် တန်းရောက်လာတဲ့ထိ ပြီးတော့ ကောလိပ်ကျောင်းက ဆရာဆရာမတွေ၊ သူငယ်ချင်းတွေကအစ၊ အလုပ် လုပ်တဲ့ အတွေ့အကြုံ၊ ဂျပန်ခေတ်က လှုပ်ရှားခဲ့တာ၊ အိမ်ထောင်ကျ၊ သားမွေး၊ သားကိုဘယ်လိုပြုစုတာက အစ၊ ဘယ်လိုစာသင်၊ ကျောင်းထားဘွဲ့ရ အားလုံးအားလုံး သတိရပါတယ်။ သူနေခဲ့တဲ့ အိမ်နေရာ၊ မြို့နေ ရာ၊ လူတွေနာမည်၊ ငယ်ငယ်က သူ့ကို ထိန်းတဲ့ သူရဲ့နာမည်ကအစ၊ ဒေါ်ကြီး၊ ဒေါ်လေးတွေနာမည်အားလုံး ကို မှတ်မိပါတယ်။ မေမေနဲ့ ဘဘတို့အချိန်တိုလေး တက္ကသိုလ်မှာ အလုပ်လုပ်ခဲ့ရစဉ်က တွေ့ခဲ့တဲ့ တပည့် တွေဆိုရင် နာမည်နဲ့တကွ မှတ်မိကြပါတယ်။ နာမည်တင်မကပါဘူး အဲဒီ တပည့်တွေရဲ့ အရည်အချင်း ကောင်းတွေကို ထုတ်ဖော်ပြောတတ်ပါတယ်။

နောက်ပြီး သူတို့ ဖတ်ဖူးတဲ့စာတွေ၊ သင်ဖူးတဲ့စာ၊ ကြည့်ဖူးတဲ့ရုပ်ရှင်အားလုံး မှတ်မိ ပါတယ်။ ရှပ်ရှင်နဲ့ပတ်သက်လို့ ရှပ်ရှင်နာမည်၊ ဘယ်ရုံမှာပြတယ် ဘယ်သူတွေပါတယ်၊ ဘယ်သူတွေနဲ့ သွား ကြည့်တာပေါ့ဆိုပြီး အတိအကျပြောပြတတ်ပါတယ်။ ဘဘတို့ မေမေတို့က အဲဒီလိုပြောကြရင် သူတို့ရဲ့ သား သင်္ချာဆရာကြီးကလည်း မိဘရဲ့ အမွေအနှစ်ကို လက်ခံယူသူဖြစ်တာဆိုတော့ သူလဲမှတ်မိတာတွေ တော်တော်များများ ရှိတာကို အံ့သြစွာတွေ့ရပါတယ်။ သူတို့မိသားစုကို ကြည့်ရင်း ကိုယ့်မှတ်ဥာဏ်ကို တော်တော် အံ့သြမိပါတယ်။ သူတို့တွေ ဘာ့ကြောင့် ဒီလောက်မှတ်မိပါလိမ့်လို့ စဉ်းစားမိပါတယ်။

ရှိတ်စပီးယားရဲ့ ကဗျာတွေ၊ စာတွေကို မြေးနှစ်ယောက် ကောလိပ်ရောက်တော့ သင်ပေးရင်း အလွတ် ရွတ်ကြ ဆိုကြပါတယ်။ သူတို့မှတ်ဥာဏ်ကို စမ်းချင်ရင် စာအုပ်ပိတ်ပြီး ရွတ်ပြတာမျိုး၊ ရေးပြတာမျိုး လုပ်တတ်ပါတယ်။ ဒီစာတွေကို ဘဘတို့ မေမေတို့ကို အလယ်တန်း၊ အထက်တန်းကျောင်း တက်တုန်းက အမျိုးသားကျောင်းမှာကောလိပ်တောင် မရောက်ဖူးတဲ့ ဆရာတွေက သင်ပေးလိုက်တာလို့ ဂုဏ်ယူစွာ ပြော တတ်ပါတယ်။ အလယ်တန်း၊ အထက်တန်း အင်္ဂလိပ်စာတွေ ကဗျာတွေကို အသက် ၆၀ ကျော်၊ ၇၀ ကျော် အထိ မှတ်မိတာ ရွတ်ပြနိုင်တာဟာ မှတ်ဥာဏ်အား ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြပါတယ်။

မေမေ့ရဲ့ မှတ်ဥာဏ်ထဲမှ နာကျည်းစရာ၊ စိတ်ညစ်စရာ အဖြစ်အပျက်တွေလည်း ရှိနေခဲ့ပါတယ်။ အဲဒီကိစ္စတွေကိုတော့ စာရေးသူတို့ ဇနီးမောင်နှံက ဒါတွေပြီးခဲ့ပြီး ဖြစ်လို့ မေ့လိုက်ဖို့ ဖျောင်းဖျရပါတယ်။ မေမေဟာ သားသမီးတွေ စိတ်ချမ်းသာအောင် မေ့ချင်ယောင် ဆောင်ခဲ့ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ လောကဓမ္မတာမှာ အတိတ်ကို စဉ်းစားရင် ကောင်းတာထက် မကေင်းတာတွေက ပေါ်ပေါက်လာ တတ်တာ လူတိုင်း လက်ခံကြပြီးသား ဖြစ်ပါတယ်။

ဒီတော့ မေမေဟာ သူ့ဘ၀တစ်လျှောက်မှာ မေ့ချင်လို့ မေ့ထားတာကလွဲပြီး အားလုံးအကောင်း အဆိုးကို မှတ်မိတယ်။ ပြောနိုင်ဆိုနိုင်ပါတယ်။ အဲဒီလောက်မှတ်ဥာဏ်ကောင်းလာတော့ တစ်ခါတစ်လေ တစ်ချို့ ဘာမဟုတ်တာ (စာရေးသူတို့ သတ်မှတ်တာပါ) လေးကို မမှတ်မိရင် တော်တော်လေး စိတ်ဓါတ် ကျတတ်ပါတယ်။ လမ်းမှာ လူတစ်ယောက်က နှုတ်ဆက်လို့ နာမည်မေ့နေရင် `ငါ့မှတ်ဥာဏ်ကလည်း ညံ့ လိုက်တာ´ လို့ မှတ်ချက်ချပါတယ်။ ဒီလို မှတ်ချက်ချတဲ့ မေမေ့ အသက်က ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ကျော်မှာပါ။ သူ့သား သင်္ချာဆရာကြီးဆိုရင် လမ်းတွေ့လို့ နှုတ်ဆက်ရင်ပြုံးရယ်ပြီး စကားတွေပြောတယ်။ အဲဒီနှုတ်ဆက်သူ `ဘယ်သူလဲ´လို့မေးရင် ´မမှတ်မိဘူး´လို့ ဘာမှမဖြစ်သလို ပြန်ဖြေတတ်ပါတယ်။ တကယ်ပဲ သူ့အတွက်က  ဘာမှမဖြစ်ပါဘူး။ ဘေးက စပ်စုတဲ့ စာရေးသူကသာ `သူက ဘယ်တုန်းက ဘယ်မှာဆိုပြီး ပြောတယ်လေ။ နောက်ထပ်နာမည်တစ်ခုတောင် ပြောသေးတယ်လေ´ လို့ဆိုပြီး သတိရလို ရငြား ပြောပေမယ့် အလကားပါပဲ။ သူ့မှတ်ဥာဏ်က သူအသုံးချချင်တဲ့ နေရာမှာ သုံးဖို့ချွေတာထားတာ ထင်ပါတယ်။

အဲဒီလို မေမေက သူ့ကို နှုတ်ဆက်တဲ့လူ မမှတ်မိရင်၊ ပစ္စည်းတစ်ခုခု ဘယ်မှာထားမိမှန်းမသိရင်၊ စိတ်ဓါတ်ကျတတ်ပါတယ်။ တစ်ခါတစ်လေ ပြောပြီးသားစကား၊ ခိုင်းပြီးသားကိစ္စ တစ်ခုကို ထပ်ခါခါပြောမိ ရင် သားသမီးတွေက `ဒါမေမေပြောပြီးသားလေ´လို့များပြောလိုက်ရင် ”ငါ့ဦးနှောက်တွေ မကောင်းတော့ ဘူး ထင်တယ်” ဆိုပြီး ငြီးပါတော့တယ်။

စာရေးသူတို့ ဇနီးမောင်နှံကတော့ မေမေနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ မမှတ်မိတာ၊ မေ့တတ်တာ ခဏခဏဖြစ်တတ်ပြီး ဒါအဆန်းမဟုတ်ပါဘူးလို့ လက်ခံလိုက်ပါတယ်။ လူဆိုတာ မေ့တတ်တယ်ဆိုတဲ့ ဆိုစကားလည်း ရှိတယ်မဟုတ်ပါလား။ စာရေးသူတို့ အတွက်က အရေးကြီးတဲ့ ပစ္စည်းဆိုတာ သေသေ ချာချာ အမှတ်အသားနဲ့ထားရင် ပျောက်ပြီသာမှတ်ပေတော့။ အမှတ်အသားနဲ့ ထားတာ ဘာကြောင့် ပျောက်တာပါလဲလို့ မေးစရာရှိပါတယ်။ ဒီရဲ့ အဖြေကတော့ တစ်ယောက်ယောက်က နေရာပြောင်းလိုက် လို့ပဲဖြစ်ပါတယ်။ အဲဒီတစ်ယောက်ယောက်က ဘယ်သူလဲဆိုတာ စုံထောက်ကြီးဦးစံရှားကို မေးရမလောက် ကြီးမားပါတယ်။ တရားခံကိုသိရင် ဖော်ထုတ်နိုင်ရင် အဲဒီသူက သူဘယ်ထားမိမှန်း မသိပါဘူးဆိုပြီး အပြစ် မရှိတဲ့ မျက်နှာနဲ့ဖြေတတ်ပါတယ်။ ဒီတော့ အိမ်သော့၊ ၀င်းတံခါးသော့၊ ရေစက်သော့တွေ အလှည့်ကျ ပျောက်တာမဆန်းပါဘူး။ အဲဒီသော့တွေပျောက်တာ တစ်ခါနှင့်တစ်ခါမတူဘဲ ခြားနားကြပါတယ်။ လမ်းမှာ ကျပျောက်တယ်၊ ခြံထဲဆင်းရင်း ဘယ်မှာချလိုက်မိတယ် မသိ၊ ဧည့်သည်နဲ့စကားပြောရင်း ဘယ်ချိတ်မိမှန်း မသိ၊ မသိတာတွေ များလွန်းလို့ ဂရုမစိုက်ဘဲ နေရပါတယ်။

သော့တွဲတစ်ခုထဲ ပျောက်တာလားဆိုတော့ ကိုယ်အမြဲသုံးနေတဲ့ ပစ္စည်း၊ ဖတ်နေတဲ့ စာအုပ် ကလည်း ပျောက်တာပဲ။ ဘယ်ချမိမှန်းမသိ။ ဒီတစ်ခါ သင်္ချာဆရာကြီးက သူသိတဲ့ သိပ္ပံပညာဆိုင်ရာ နိယာမ နဲ့ `နယူတန်နိယာမရဲ့ ပထမဥပဒေ”အရဆိုင်ရင် ”ဘာပစ္စည်းမဆို တစ်နေရာမှာ ထားလိုက်ရင် အဲဒီပစ္စည်းကို တစ်ယောက်ယောက်က မကိုင်မချင်း အဲဒီနေရာမှာ မရွေ့ဘဲ ရှိနေရမယ်´ လို့ဆိုတယ်။ ဒီတော့ ဒီနိယာမ အရ ပစ္စည်းဆိုတာ ပျောက်ကို မပျောက်ရဘူး။ ထားတဲ့နေရာမှာပဲ ရှိနေရမယ်။ ဘာလို့ မရှိရတာလဲဆိုပြီါ် သူတတ်ထားတဲ့ နိယာမတွေသုံးပြီး ပြောဆိုမြည်တွန်တတ်ပါတယ်။ ပစ္စည်းပျောက်ရင် ဘယ်တော့မှ ရှာမ တွေ့ဘူးဆိုပြီး လက်ခံလိုက်တာက စာရေးသူအဖြစ်ချင်ဆုံး ဆန္ဒပါပဲ။ ဒါပေမယ့် ဖြစ်ချင်တာနဲ့ တကယ်ဖြစ် တာက တစ်ခြားစီ ဖြစ်နေပါတယ်။ ပစ္စည်းပျောက်လို့ကတော့ စားလဲဒီစိတ်၊ အိပ်လဲဒီစိတ်၊ အစားထိုးဝယ် လို့ရရင် ၀ယ်လိုက်ရမှ သက်သာရာရပါတယ်။ ဒီနေရာမှာ မေမေရဲ့ လက်သုံးစကားက `ပစ္စည်းဆိုတာ ဘယ်တော့မှမပျောက်ဘူး။ ရှာမတွေ့တော့တာသာ ဖြစ်တယ်´ ဆိုတာပါပဲ။

ဒီနေရာမှာ မှတ်ထားစရာ အဖြစ်အပျက်ကလေးတစ်ခုကို သင်္ချာဆရာကြီးက ပြောပြပါတယ်။ သင်္ချာ ဆရာကြီး ငယ်စဉ်က သူတို့မိသားစုနဲ့ ဦးလေးကိုသိန်းမောင် (ထင်လင်း) တို့မိသားစု တကောင်းဆောင် နောက်ဖက် (သူတို့အခေါ် `အေးရိပ်သာ´) မှာ နေကြတုန်းက အဲဒီလိုပဲ ပစ္စည်းတွေ အထားမှား၊ ဘယ်မှာ ထားမိမှန်းမသိနဲ့ ခဏခဏပျောက်တတ်တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက ပစ္စည်းပျောက်တဲ့လူက ဦးလေးကို သိန်းမောင် (ထင်လင်း) ဖြစ်ပါတယ်။ သူကလည်း သူထားတဲ့နေရာ အတိအကျ ပြောနိုင်ပြီး ဒီပစ္စည်းက ဘာလို့ ပျောက်သွားရတာလဲဆိုပြီး ဗျစ်တောက်ဗျစ်တောက် ပြောတတ်တယ်လို့ ဆိုတယ်။ ဒီအခါမှာ ဘဘ ကပစ္စည်းဆိုတာ ဒီလိုပဲ ပျောက်တတ်တာပဲ။ ဘာ ပစ္စည်းဖြစ်ဖြစ် ဒီနေရာမှာ ထားရင် ဒီမှာ ရှိချင်မှရှိမှာပေါ့။ တစ်ခြားကိုရောက်ရင် ရောက်မှာပေါ့လို့ ပြန်ပြောတယ်။

ဒီတော့ ဦးလေးကိုသိန်းမောင်က `ဒါဆို တစ်ယောက်ယောက် ယူသွားတာဖြစ်ရမယ်။ အခုတော့ လိုက်မေးတာ ဘယ်သူမှမယူဘူးလို့ ပြောတယ်´ လို့ ရှင်းပြပြီး ခပ်လှမ်းလှမ်းက ကျောက်တုံးကို လက်ညှိုး ထိုးပြီး `ဟိုကျောက်တုံးကြီးကျတော့ ဒီနေရာမှာထားတာ ဘယ်မှလည်း ပျောက်မသွားပါလား´ လို့ပြော တယ်။ ထားတဲ့နေရာကနေ တစ်စုံတစ်ယောက် ပယောဂမပါဘဲ မပျောက်နိုင်ဘူးလို့ စောဒကတတ်တာ ဖြစ်ပါတယ်။

တကယ့်တကယ်က ပစ္စည်းပျောက်တာရဲ့ အဓိကအချက်က ကိုယ့်ဘာသာ ဘယ်နေရာထားမိမှန်း မသိပဲ မေ့တာများတတ်ပါတယ်။ စာရေးသူတို့ အိမ်ထောင်သက် (၇)နှစ်မှာ သင်္ချာဆရာကြီး ပုသိမ် ကောလိပ်ကို ပြောင်းရပါတယ်။ ပထမဆုံးအကြိမ် မိဘလက်အောက်က လွတ်မြောက်ပြီး ကိုယ့်ဘာသာ ကိုယ်ရပ်တည်ခဲ့ကြတဲ့ အချိန်လေးလည်း ဖြစ်ပါတယ်။ ဒီအခါမှာ မေမေပြောပြောနေတဲ့ မေ့တတ်တဲ့ရောဂါ ကိုယ်တိုင်တွေ့ကြုံပါတယ်။

သင်္ချာဆရာကြီးနဲ့ စာရေးသူရဲ့ မောင်ငယ်မောင်စိုးညွန့်က ကျောင်းသွား၊ ကလေးနှစ်ယောက် ကကောလိပ်ဝင်းထဲ က မူလတန်းတတ်၊ စာရေးသူကလည်း ဒီမူလတန်းမှာ ဆရာမလုံလောက်လို့ လုပ်အားပေး ဆရာမ အဖြစ် မနက်ပိုင်း စာသင်ပေးရပါတယ်။ ဒီတော့ အိမ်ရှိလူကုန် အပြင်ထွက်ကြရပါတယ်။ အဲဒီအခါမှာ ကျောင်းဝင်းထဲ က တက္ကသိုလ်ဦး စေတီနားက အိမ်ကနေ သားအမိတစ်တွေ ထွက်လာလိုက်ကြတာ၊ ကန်သုံးဆင့်လည်း ရောက်ရော အိမ်တံခါး ပိတ်ခဲ့ရဲ့လားဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပါဘူး။

ဒါနဲ့ အိမ်တစ်ခေါက်ပြန် တံခါးသော့ခတ်မခတ် ကိုင်ကြည့်ပြီးမှ ပြန်ထွက်ကြရပါတယ်။ ဒီလိုမေ့တာ က တစ်ပတ်မှာ သုံးရက်လောက်ဖြစ်ပါတယ်။ ဒီတော့ အပြင်တစ်ခါထွက်ရင် ရေဘုံဘိုင်၊ မီးခလုတ် ပိတ်မ ပိတ် စစ်ဆေးတဲ့လူကစစ်ဆေး၊ တံခါးမကြီး သော့ခတ်ရဲ့လားဆိုတာ ကိုင်ကြည့်တဲ့လူက ကိုင်ကြည့်၊ ယင်းမာဆောင်နားရောက်ရင် တစ်ခေါက်ပြန်ပြီး သေချာရဲ့လား ကြည့်နဲ့ အလုပ်ရှုပ်နေရပါတော့။ ဒီအခါမှာ sense of humour မရှိတဲ့ စာရေးသူက တောင်တို့တွေလုပ်ပြီးသား အလုပ်တွေကို ခဏခဏ ပြန်ကြည့်နေတာ စိတ်ရောဂါဖြစ်ချင်နေပြီ ထင်တယ်လို့ ရယ်စရာပြောမိပါတယ်။ မေမေကလည်း ပြောဖူးတယ် မဟုတ်လား။ ကိုယ်လုပ်ပြီးသား အလုပ်ကို ထပ်ခါထပ်ခါ ပြန်လုပ်ရင် ရူးတော့မှာရဲ့ အစပဲဆိုတာလေ။

အဲဒီတုန်းက အသက် ငယ်သေးတော့ စိတ်ရောဂါဖြစ်မှာ ရူးမှာကို မစိုးရိမ်သလို ရယ်စရာအဖြစ်နဲ့ပဲ မေမေပြောဖူးတာကို ထပ်ပြောပြီး ရယ်စရာလုပ်ခဲ့ကြပါတယ်။ အခုတော့ အပြင်ထွက်ရင် လမ်း တစ်ဝက်က နေ  မီးခလုတ်ဖြုတ်မိရဲ့လား၊ တံခါးသော့ခတ်မိရဲ့လား၊ သော့တွဲယူလာမိရဲ့လား၊ လားပေါင်းများစွာနဲ့ ကြောင့်ကြစိုးရိမ်တတ်လာပါတယ်။ ပုသိမ်မှာနေတုန်းက (၁၉၇၄-၇၆) က ထက်စာရင် အသက်လည်းရ လာပြီ၊ စိတ်လည်းများလာပြီဆိုတော့ ဟိုတုန်းကလို ရယ်စရာမလုပ်နိုင်တော့ဘူး။

အိမ်အပြင်ရောက်ရင် ဘေးကပါလာတဲ့ အိမ်းသားတွေကို ထပ်ပြီးမေးတာမျိုး လုပ်လာပါပြီ။ ဒီလိုဖြစ် လာတာကို အိမ်သားတွေက မကြိုက်ကြပါ။ သူတို့ကိုယ်တိုင်လည်း ဂရုစိုက်တာ ဖြစ်လို့ သူတို့ပြောတာကို လက်ခံယုံကြည်စေချင်ကြပါတယ်။ ဒါကြောင့် စာရေးသူကတော့ လမ်းတစ်ဝက်ရောက်ရင် စော စောက စိတ်ပူမှုတွေ ခေါင်းထဲဝင်လာရင် မေ့ပျောက်အောင် လုပ်ရပါတယ်။ ဒါဟာ မေမေပြောသလို ဆရာ ၀န်နဲ့ ပြဖို့အချိန်ရောက်နေပြီလား ဆိုတာကို စာဖတ်သူတို့ ဆုံးဖြတ်ပေးကြပါ။

တက္ကသိုလ်ရွှေရီဝင်း

Photo – filed, Daw Khin Myo Chit and her families.

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တက္ကသိုလ်ရွှေရီဝင်း, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)