မောင်စွမ်းရည် – အတိတ်တချိန်က ဆင်နွှဲခဲ့ကြတဲ့ ပညာရေးနှီးနှောဖလှယ်ပွဲ

April 10, 2015

မောင်စွမ်းရည် – အတိတ်တချိန်က ဆင်နွှဲခဲ့ကြတဲ့ ပညာရေးနှီးနှောဖလှယ်ပွဲ
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၅

ပညာရေးဆိုတာ ဘယ်သူ့အရေးလဲ။ အဓိကမှာတော့  ပညာသင်ယူသူကျောင်းသားတွေရဲ့ အရေးပါပဲ။ ပညာရေးအကြောင်းကို ပြောကြဆိုကြရင်း ပညာရေးဥပဒေအကြောင်းကိုဆွေးနွေးကြရင် ၊ ကျောင်းသားတွေဟာ ပါကိုပါရပါမယ် ။ဒါကို ရှည်ရှည်ဝေးဝေးမစဉ်းစားပဲ လိုရင်းတိုရှင်း စဉ်းစားလို့ရပါတယ်။ ၂၀၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း ၊တကသ၊ဗကသ ခေါင်းဆောင် မောင်အောင်ဆန်း ရာပြည့်နှစ်ဖြစ်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုပွဲတွေ ကမ္ဘာအနှံ့ ဗမာတိုင်းရင်းသား ပြည်သူအပေါင်းတခြိမ့်ခြိမ့်သဲကျင်းပနေချိန်မှာ တကသ၊ ဗကသတွေ ဖိနှိပ်ဖမ်းဆီးရိုက်နှက်တာတွေ ခံနေရတယ်ဆိုတော့ ဒါ့ထက်ကြေကွဲစရာ မလိုတော့ဘူး ။

တကသ၊ ဗကသ အဖွဲ့အစည်းတွေ ဖွဲ့ကြတုန်းက အင်္ဂလိပ်အုပ်ချုပ်မှုလက်အောက်မှာ ဖြစ်ပေမဲ့ တကသစည်းမျဉ်းဥပဒေရေးဆွဲတာရော၊ ဗကသ စည်းမျဉ်းဥပဒေရေးဆွဲတာရော ၊ ရွေးကောက်ပွဲလုပ်ပြီး အမှုဆောင်တွေ ရွေးချယ်တာမှာရော အာဏာပိုင်တွေလုံးဝမပါခဲ့ပါဘူး ။ ဒါဟာ ဗမာပြည်မှာ ဒီမိုကရေစီကျင့်စဉ် စတင်ခဲ့တဲ့ သမိုင်းလဲဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီဆိုတော့  လွတ်လပ်တဲ့ဗမာအစိုးရဟာ အင်္ဂလိပ်ထားခဲ့တဲ့ပညာရေးစနစ်ကိုပဲ ဖာထေးပြုပြင်ကျင့်သုံးခဲ့ပါတယ်။ ကျောင်းတက်တဲ့အခါ ဘုရားရှိခိုးတာ၊  ပြည်သူ့နီတိအချိန်မှာ မင်္ဂလသုတ်သင်တာ၊ ဝိဇ္ဇာဘာသာရပ်တွေကို မြန်မာလို သင်ဖို့ကြိုးစားတာစသဖြင့် လုပ်ခဲ့ပါတယ်။ တချို့ပြဋ္ဌာန်းစာအုပ်တွေဟာ ကျနော်တို့ တက္ကသိုလ်ရောက်တဲ့အထိ ၁၉၆၀ခု ကာလများအတွင်းများအတွင်းမှာကို အိန္ဒိယပြည်မှာ ဗြိတိသျှအစိုးရလက်ထက်က သုံးစွဲခဲ့တဲ့ စာအုပ်တွေကိုသာ မှာယူသုံးစွဲနေဆဲပါပဲ။

ပညာသင်တယ်ဆိုတာ ကျောင်းမှာစာသင်ရုံလောက်နဲ့ ပြီးတာမဟုတ်ပါဘူး ။အဖွဲ့အစည်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးလှုပ်ရှားမှုတွေ ၊ ကာယနဲ့အားကစားလှုပ်ရှားမှုတွေ၊ စာပေနဲ့ အနုပညာလှုပ်ရှားမှုတွေ၊နိုင်ငံရေး၊ ဘာသာရေးလှုပ်ရှားမှုတွေ ၊ဆွေးနွေးဟောပြောမှုတွေ ရှိကြရပါတယ်။ ဒါမှ ဘက်စုံဖွံ့ဖြိုးပါမယ် ။ တက္ကသိုလ်ထွက်တဲ့နိုင်ငံကျော်အားကစားသမားတွေ၊ နိုင်ငံကျော်အနုပညာရှင်တွေဟာ ခေတ်အလျောက် အများအပြား ပေါ်ထွက်မြဲဖြစ်ပါတယ်။ ကျနော်တို့ခေတ်က ဆိုရင် ရန်ကုန်တက္ကသိုလ်က တေးရေးအဆိုတော်ကိုမြတ်လေးတို့ ၊ကိုမောင်မောင်ကြီးတို့၊ ကိုဥက္ကာတို့ ရှိကြတော့ ကျောင်းသားတွေဆိုဖို့ ၊သီချင်းတွေဆိုရင် သူတို့ရေးကြတာပေါ့ ။

တချို့သီချင်းတွေဟာ ဆိုရင် ကျောင်းသားလိုလားချက် ဆန္ဒပြတဲ့သီချင်းတွေပါ ။

“ ကျွန်ပညာရေးစနစ်ကို ၊တို့မလိုလားပြီ။ သခင်ပညာရေး စနစ်သာ တို့လိုလားသည် ” ဆိုတာလဲပါရဲ့ ။

“အဆင့်အတန်းမြင့်သော ပညာရေး —ပေး ပေး ပေး
ငြိမ်းချမ်းစွာ သင်နိုင်ရေး—-ပေး ပေး ပေး
ကျောင်းသားအခွင့်အရေး ကာကွယ်မှုတွေ  – ပေးရမယ် ပေး …”
ဆိုတာမျိုးတွေလဲပါရဲ့ ။

“အဏုမြူဗုံး ပိတ်ပစ်ပါ၊ အဏုမြူဗုံး ပိတ်ပစ်ပါ ။ ငြိမ်းချမ်းရေးသာ ၊ ငြိမ်းချမ်းရေးသာ ၊ ပေးသာပေးကြပါ ” ဆိုတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုသီချင်းကတော့ ကိုမြတ်လေးပဲရေးတာပါ ။

စန္ဒယားချစ်ဆွေတို့ ၊မာမာအေးတို့က အထက်တန်းကျောင်းသားတွေ၊ တကသ မှာ ဒီသီချင်းတွေရေးပြီ ။ အဆိုကျင့်ကြ၊ အတီးတိုက်ကြ လုပ်ပါတယ်။မြို့ကို ကားနဲ့ ပတ်ပြီး တော့ ဒီသီချင်းနဲ့ဆန္ဒပြပါတယ်။ ငြိမ်းချမ်းရေး လှုပ်ရှားမှုဆိုတာကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သံဃာတော်တွေရော၊ ကျောင်းသားတွေပါ ပါဝင်အောင် အကျယ်အပြန့်စည်းရုံးပြီး လုပ်ခဲ့တာကိုး ။ ကျောင်းသားတွေဟာ တရုတ်ဖြူကျူးကျော်မှု ဆန့်ကျင့်ရေးဆန္ဒပြပွဲတွေမှာလဲ ပါဝင်လှုပ်ရှားမှုရှိကြပါတယ် ။ ငြိမ်းချမ်းရေးဆန္ဒပြုလက်မှတ်ကောက်ခံတာ ဆိုရင် အခြေခံပညာကျောင်းသားတွေလဲ ကျောင်းသားသမဂ္ဂ ဦးဆောင်မှုနဲ့ပါဝင်ကြပါတယ် ။

တချို့မိဘ ဆရာတွေကတော့  ဒါတွေဟာ နိုင်ငံရေးတွေပဲ ၊ကျောင်းသားနဲ့ မဆိုင်ဘူးလို့ ပြောဆိုဟန့်တားကြတာတွေ ရှိပါတယ်။ မငြိမ်းချမ်းလို့ တိုက်ပွဲတွေဖြစ်၊ ရွာတွေ ၊ကျောင်းတွေ မီးလောင်နေရင်  ကျနော်တို့ ကျောင်းသားတွေ စာသင်လို့ မဖြောင့်နိုင်တဲ့ အပြင် မိဘတွေရဲ့သွားရေး၊ လာရေး၊ ကူးသန်းရောင်းဝယ် ၊စိုက်ပျိုးရေး စတဲ့ စီးပွားရေးလုပ်ငန်းတွေလဲ ထိခိုက်တာပဲ။ အင်းစိန်တိုက်ပွဲတွေ ဖြစ်တဲ့ကာလမှာ ရန်ကုန်တက္ကသိုလ်ပိတ်ထားလိုက်ရပါသေးတယ်။ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဗိုလ်လွင်တို့လို တပ်မတော်သူရဲကောင်းတွေက ကယ်တင်ခဲ့ကြတယ်။ တရုတ်ဖြူကို တိုက်ထုတ်ရာမှာတော့ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ဗိုလ်ချုပ်သူရတင်ဦး (ယခု- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တို့နာမည်ကျော်ခဲ့ကြပါတယ်။ ကျောင်းသားတွေရဲ့ တရုတ်ဖြူဆန့်ကျင်ရေးလှုပ်ရှားမှုဟာ တပ်မတော်ကို အများကြီးအထောက်အကူပြုခဲ့ပါတယ်။ ဒါဟာ ကျောင်းသားနဲ့ နိုင်ငံရေး ဆက်စပ်ပုံပါပဲ။

ဗမာပြည်လွတ်လပ်ရေးရပြီးစ ၁၉၄၈ က ၁၉၅၈ အထိ ကာလကို ဖဆပလ ဆယ်နှစ်ဆယ်မိုးခေတ်လို့ သမိုင်းတွင်ပါတယ်။ တနည်းအားဖြင့် ပါလီမန်ဒီမိုကရေစီခေတ်လို့ခေါ်ရမှာပေါ့။ အဲဒီတုန်းက ဝန်ကြီးချုပ်က ဦးနုပေါ့။ ကိုအောင်ဆန်းတို့ရဲ့ ကိုကြီးနုပေါ့။ ကိုနု၊ ကိုအောင်ဆန်းဆိုတဲ့ သမဂ္ဂခေါင်းဆောင်နှစ်ဦးဟာ တို့ဗမာအစည်းအရုံးကိုဝင်ကြတော့လဲ သခင်နု၊ သခင်အောင်ဆန်း အတူတူဖြစ်လာခဲ့ကြပါတယ်။ဦးနုဟာ ဒီလိုနည်းနဲ့ သမဂ္ဂအစဉ်အလာကြီးခဲ့သူပါ။ ဒီအစဉ်အလာကြောင့်လဲ ပဲ သူ့ကိုယှဉ်ပြိုင်သူရှားခဲ့ပါတယ်။ သူ အာဏာရတာဟာ ရာဇပလ္လင်ကို ကျည်ဆံခါးပတ်နဲ့ ကြိုးကွင်းပစ်ပြီး ယူခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ သူဟာ ဖဆပလမှာ လူပေါင်းမှားခဲ့ရှာတယ်။ သူ့ခေတ်မှာပဲ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရပြီ။ သူ့ခေတ်မှာပဲ ခုနစ်တန်းကျောင်းသားလေး ဟယ်ရီတန်ရဲ့ အသက်သွေးကို စတေးခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျောင်းသားသမဂ္ဂအစဉ်အလာစိတ်ဓါတ်အခံကြောင့် သူများစိတ်မကူးတဲ့ ကျောင်းသားလိုက်လျောမှုမျိုးတွေ ရှိတန်သလောက်ရှိခဲ့ရတာဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်မှာ ကျနော်တို့ တစု – မုံရွာတင်ရွှေ၊ မောင်သာနိုး၊ မောင်မိုးသူ၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်၊ တက္ကသိုလ်မောင်စောလွင်စတဲ့ ကျောင်းသားရဲဘော်စာပေဝါသနာရှင်တွေဆုံမိခဲ့ကြတာဟာ ၁၉၅၆ -၆၀- ၇၀ ကာလအတွင်းဖြစ်ပါတယ်။တကသ နဲ့ ကလောင်ရှင်အသင်းတွေမှာ ကျနော်တို့ ဝါသနာတူသူတွေ စုစည်းမိကြတာပါပဲ။ ကျနော်တို့တတွေ ကျောင်းသားညီညွှတ်ရေးတပ်ဦး အဖွဲ့မှာ ပါဝင်လှုပ်ရှားကြရာက ကျောင်းသားသမဂ္ဂရွေးကောက်ပွဲမှာ ဆိုရှယ်လစ်ကျောင်းသားများအဖွဲ့အစည်းဖြစ်တဲ့ ဒီအက်စ်အိုခေါ် ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့ (နောက်နှစ်တွေ ကျတော့ “ အင်အား” အဖွဲ့လို့နာမည်ကြီးတဲ့ ) အဖွဲ့နဲ့ ယှဉ်ပြိုင်အရွေးခံ အနိုင်ရပြီး ကျောင်းသားသမဂ္ဂအမှုဆောင်တွေ ဖြစ်လာခဲ့ကြပါတယ်။ ကျနော်တို့ အမှုဆောင်လုပ်တဲ့နှစ်မှာ ဝန်ကြီးချုပ်ဦးနုက တက္ကသိုလ်ကျောင်းပေါင်းစုံပညာရေးနှီးနှောဖလှယ်ပွဲကြီးလုပ်ဖို့ အကူအညီပေးလိုက်ပါတယ်။ နှီးနှောဖလှယ်ပွဲကြီး အတွက် ငွေရေးကြေးရေး ၊စားသောက်နေထိုင်တည်းခိုရေးအားလုံးကို အစိုးရကပဲ တာဝန်ယူလိုက်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ပညာရေးနှီးနှောဖလှယ်ပွဲကြီးတစ်ရပ်ကို ရန်ကုန်တက္ကသိုလ်မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ (မန်းတက္ကသိုလ်ရွေးကောက်ပွဲမှာ ကျနော်တို့နဲ့ယှဉ်လို့ ရှုံးသွားတဲ့ အဖွဲ့မှာ တောင်သာမြို့ ၊ ဝဲလောင်ရွာသစ်ဘက်က “ကိုအောင်သောင်း” လဲပါတယ်။ သူဟာ မြင်းခြံခရိုင်အသင်း ၊တောင်သာမြို့နယ်အသင်းတို့မှာ လဲ ယှဉ်ပြိုင်အရွေးခံတာရှုံးပါတယ်။ နောင်အခါ ဗိုလ်ချုပ်အောင်သောင်း အဖြစ် အနိုင်ယူ၊ အနိုင်ကျင့်သူ ဖြစ်လာပါတယ်။ ပြူစောထီး ပြောက်ကျား အဆက်တွေပေါ့။)

တက္ကသိုလ်ပေါင်းစုံပညာရေးနှီးနှောဖလှယ်ပွဲမှာ တပ်ဦး၊ တကသ အဖွဲ့ဝင်များသာမက အားကစားအဖွဲ့၊စာပေအနုပညာအဖွဲ့တွေက ကိုယ်စားလှယ်တွေရော၊ချင်း၊၊ရှမ်းစတဲ့ လူမျိုးစုံ အဖွဲ့ကိုယ်စားလှယ်တွေရောပါဝင်ကြပြီး မီးရထားနဲ့ ရန်ကုန်ကို ပြန်ကြပါတယ်။ တလမ်းလုံး ဆိုကြကကြနဲ့ သွားကြရင်း ရန်ကုန်ကိုရောက်တော့ ကမ္ဘာအေး ဒေါ်မြရီတန်ဆောင်းမှာ တည်းခိုကြပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲတွေမှာ ဝန်ကြီးချုပ်ကိုယ်တိုင် မိန့်ခွန်းပြောချီးမြှင့်ပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲ၊ဆွေးနွေးပွဲတွေကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးမှာပဲ ပြုလုပ်ပါတယ်။နှီးနှောဖလှယ်ပွဲမှာသဘာပတိအဖွဲ့ဝင်တွေကတော့ ရန်ကုန်တက္ကသိုလ်က ကိုစိုးသိန်း၊ ကိုခင်အောင်တို့၊ မန်းတက္ကသိုလ်က ကိုစောလွင် (နောင်အခါ မန္တလေး လူထုသတင်းစာ၊အယ်ဒီတာ) ၊မုံရွာကိုတင်ရွှေ စတဲ့ ကျောင်းသား ရဲဘော်တွေပါဝင်ကြပါတယ်။ နှီးနှောဖလှယ်ပွဲ သီချင်းကိုတော့ ကိုမောင်မောင်ကြီး ရေးတယ်လို့ပဲ မှတ်မိပါတယ်။ သီချင်းအပြည့်အစုံတော့ မမှတ်မိတော့ပါဘူး။ ရန်ကုန်မှာ ကိုသာဘန်း၊ကိုမိုးသူ၊ကိုလှရွှေတို့စတဲ့ တကသ ရဲဘော်ကြီးတွေပဲ အပြည့်အစုံဆိုနိုင်မှာဖြစ်ပါတယ်။ သီချင်းက ဒီလိုပါ။

“ မျိုးစေ့ကောင်းပါမှ  ၊ရှင်သန်လန်းဆန်းမည့်အပင်ပမာ
ယွင်းချော်တဲ့ပညာရေးဟာ၊ ဖါရုံ ထေးရုံ မပြီးပါ။
ပညာရေးစနစ်၊ အသစ်သစ်တည်ဆောက်ဖို့လိုတာ
လာရောက်စုပေါင်းလို့ ၊ ဒို့အမျိုးသားချင်းများ မျက်နှာချင်းဆိုင်ကာ
ဟေ့ -တွေ့ဆုံကြ၊ ဆွေးနွေးကြဖို့ ၊ လိုနေတာ
ပညာရေး နှီးနှောဖလှယ်ရန်သာ ။
လာလာ  ၊ ဟေ့ ဟေ့ ။

အဲသလိုသီချင်းတွေဆိုကြ၊ တွေ့ဆုံဆွေးနွေးကြနဲ့ တဦးကိုတဦး အထူးရင်းနှီးခဲ့ကြပါတယ်။မှတ်မိတာတခုပြောရရင် မုံရွာသားကိုတင်ရွှေ နဲ့ ရွှေမန်းသူ မမြမူတို့ဟာ အဲဒီနှီးနှောဖလှယ်ပွဲအပြီးမှာ အိမ်ထောင်ဘက်ဖြစ်သွားခဲ့ကြတယ်။ ဆွေးနွေးကြတဲ့အခါ ကဏ္ဍတွေခွဲ၊ အုပ်စုတွေခွဲပြီး တဖွဲ့တနေရာစီ ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းသားပညာရေး ကဏ္ဍ၊ ကျောင်းဆရာပညာရေးကဏ္ဍ၊ ကျောင်းအဆောက်အဦးနဲ့ ကျောင်းပရိဘောဂ ကဏ္ဍ၊ ကျောင်းသုံးစာအုပ်နဲ့ သိပ္ပံဓါတ်ခွဲခန်းကဏ္ဍ၊ ကျောင်းသားအဖွဲ့အစည်းများကဏ္ဍ၊ အားကစားအနုပညာကဏ္ဍ စသဖြင့် အစုံပါဝင်ပါတယ်။
ဝေါဟာရအသုံးအနှုန်းကအစ အကြိတ်အနယ်ဆွေးနွေးကြရတာပါ။ဥပမာ “ ဒီမိုကရေစီပညာရေး” လို့သုံးမလား။ “ ဒီမိုကရေစီသစ်ပညာရေး” လို့သုံးမလား စသဖြင့် ဆွေးနွေးငြင်းခုန်ကြတာလေ။ နောင်နှစ် မော်လမြိုင်ကောလိပ်ဆွေးနွေးပွဲအထိ မပြီးနိုင်အောင်ပါပဲ။ ဒါက ဒီမိုကရေစီစနစ်ရဲ့အလေ့အကျင့်တွေပါ။ ဒီမိုကရေစီအလေ့အကျင့်ဟာ ကျောင်းသားက ဆင်းသက်လာပါတယ်။ ( အာဏာရှင်အလေ့အကျင့်ကတော့ ဂျပန်ဖက်ဆစ်၊ စစ်ပညာသင်ယူလာခဲ့ကြတဲ့ ဖက်ဆစ်စစ်တပ်က ဆင်းသက်လာတာလို့ပြောရင် အငြင်းပွားစရာရှိမလားမသိပါ။ ) ငြင်းတာက ဒီမိုကရေစီ၊ တင်းတာက ဗျူရိုကရေစီ။

ဒီမိုကရေစီဆိုတာ “ လူထုအတွက် လူထုက ရွေးချယ်တင်မြှောက်တဲ့ လူထုအစိုးရ ” ကသာ ကျင့်သုံးဖော်ဆောင်နိုင်ပါတယ်။ဒီမိုကရေစီပညာရေးစနစ်ကလဲ ဒီမိုကရေစီစနစ်နဲ့သာ အံဝင်ခွင်ကျဖြစ်နိုင်ပါမယ်။ ကျနော်တို့ ဆွေးနွေးအဖြေရှာပြီး ရေးဆွဲထားတဲ့ ပညာရေးစနစ်ဆိုင်ရာစာတမ်းတွေဟာ သူ့ခေတ်နဲ့သူတော့ အကောင်းဆုံးဖြစ်အောင်လေ့လာ၊ကြံဆ၊ဆွေးနွေး ညှိနှိုင်းထားတဲ့ အချက်အလက်တွေပါ။ ဒီစာတမ်းတွေဟာ တက္ကသိုလ်စာကြည့်တိုက်မှာ ရှိပါလိမ့်အုံးမယ်။ကျောင်းသားခေါင်းဆောင်တွေလက်ထဲမှာတော့ နောက်တက်တဲ့အစိုးရတွေက ဖမ်းဆီးဖျောက်ဖျက်ပစ်လို့ရှိတော့မယ်မထင်ပါဘူး။

ပညာရေး နှီးနှောဖလှယ်ပွဲရလဒ်စာတမ်းတွေကို ကျနော်တို့ကျောင်းသားတွေက ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်ထဲ ဆက်လက်ပေးအပ်ပါမယ်။ အစိုးရပညာရေးဌာနက ပညာရှင်ကြီးတွေကလဲ လေ့လာသုံးသပ်ပါအုံးမယ်။ ပြီးရင်တော့ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖေါ်ကြပါမယ်။ ဒါပေမဲ့–ဒီ ဒါပေမဲ့က ၁၉၅၈ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုက စစ်ခေါင်းဆောင် ဗိုလ်နေဝင်းလက်ထဲ အာဏာလွှဲအပ်လိုက်ရပါတယ်။ဒါဟာ စစ်တပ်က အာဏာသိမ်းလိုက်တာပဲဆိုတာ ပြည်သူလူထုက နားလည်လိုက်ပါပြီ။ နိုင်ငံရေးအဖွဲ့အစည်းတွေရှေ့မှာ ကျောင်းသားသမဂ္ဂက ထွက်ပြီး စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။ဗိုလ်နေဝင်းက ကျောင်းသားတွေကို ပုဒ်မ ၅ နဲ့ ဖမ်းဆီးထောင်ချ၊ တကျွန်းပို့တာတွေအထိလုပ်ပါတယ်။

နောက်ဆုံးတော့ လွတ်လပ်ရေးသမိုင်းဝင်ဖြစ်တဲ့အပြင် တပ်မတော်သန္ဓေတည်ရာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ၁၉၆၂ ဇူလိုင် ၆ မှာ မိုင်းဗုံးတပ်ဆင်ပြီး မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ဖြိုချပြီး ကျောင်းသားသမဂ္ဂကဏ္ဍကို တခန်းရပ်သွားအောင် သွေးကန့်လန့်ကာကြီး ဆွဲချလိုက်ပါတယ်။ ကျောင်းသားတွေ ငွေကုန်ကြေးကျခံ၊အပင်ပန်းခံပြီး ရေးဆွဲထားတဲ့ ပညာရေးစနစ်ကိုလဲ ပြာချမြေမြှပ်သင်္ဂြိုဟ်လိုက်ပြီး ကမောက်ကမ ပညာရေးစနစ်ကြီးကိုပဲ ဆက်လက် အကောင်အထည်ဖော်ခဲ့ပါတယ်။အင်္ဂလိပ်တွေထားခဲ့တဲ့ ကျွန်ပညာရေးစနစ်လက်ကျန်ကို ညွှန်ပညာရေးအဖြစ် ဆက်လက်အသုံးပြုလို့ ပညာရေးအသုံးစရိတ်ဟာ တနိုင်ငံလုံး ဘတ်ဂျက်ရဲ့ ၂ ရာနှုန်း (မိုကြိုးပစ်စေ့ နှစ်ရာ နှုန်း) လောက်သာ သုံးတဲ့အတွက် ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်နှစ်ရပ်ပေါင်း ၅ ရာနှုန်း မပြည့်ပေမဲ့ စစ်တပ်ကြီးကတော့ အရှေ့တောင်အာရှမှာ ပထမဖြစ်ရတယ်ဆိုတော့ စစ်ဝါဒီကြုံးဝါးချက်နဲ့အတူ ၅၀ ရာနှုန်း ကျော်သုံးစွဲ လျက်ရှိတာ ဒီနေ့အထိဖြစ်ပါကြောင်း ။
မောင်စွမ်းရည်
၂၀၁၅ ဧပြီ ၈

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်