ကျော်မောင် (တိုင်းတာရေး) – သင်္ကြန်ပိုးထချိန်

April 14, 2015

– သင်္ကြန်ပိုးထချိန်
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၅

“ပျော်ခင်းလေးသာပါလှတယ်၊ အတိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်အခါဝယ်” ဗေပေါင် တူပေါင် တူပေါင်၊ ဗေပေါင် တူပေါင် တူပေါင်။ သင်္ကြန်ဒိုးသံလေးကြားတာနဲ့ ပိုးလေးက ထလာပါတယ်။ ခါသင်္ကြန်ရောက်လာပြန်ပါပြီ။ ကြုံခဲ့ရတဲ့ သင်္ကြန်နှစ်တွေ ထဲက လွမ်းမောစရာအကြောင်းလေးတွေ ပြန်တွေးကာ ရေးလိုက်ပါရစေ။

နွေကျောင်းပိတ်ရက်ထဲက မတ်လနဲ့ ဧပြီလ နှစ်လဟာ ရန်ကုန်မြို့မှာ အတော်ပူတဲ့လတွေပါ။ ဟိုတုန်းကတည်းက ပူတဲ့အပူ၊ အခုဆိုရင် သစ်ပင်ကြီးတွေ မရှိတော့လို့ ပိုတောင် ပူတယ် ပြောကြပါတယ်။ အတန်းတင်စာမေးပွဲတဲ့၊ ဟိုတုန်းက အခေါ်ပါ။ အောင်စာရင်းမှာပါရင် အတန်းတက်ရမှာကို အစွဲပြုပြီး ဒီအသုံးအနှုန်းပေါ်လာတယ်ဆိုရင် ဖြစ်ခြင်းဖြစ် အတန်းတက်စာမေးပွဲပဲ ဖြစ်သင့်ပါတယ်။ အဲဒီ အတန်းတင်ဖြေပြီးတာနဲ့ တပတ်လောက်အတွင်းမှာ နယ်ကအဖိုးအဖွားဆီ သဘောင်္ကြီးစီးကာ သွားကြပါတယ်။ နယ်မြို့မှာ သင်္ကြန်ကျပြီးမှ ရန်ကုန်ပြန်ပါတယ်။

မြစ်ဝကျွန်းပေါ်နယ်မြို့လေးမှာ သင်္ကြန်က သူ့အလှနဲ့သူ ရှိပါတယ်။ အကြိုနေ့ ဆိုတာ ကလေးသင်္ကြန်တဲ့။
“ဟေ့ကောင်တွေ သွား ရေသွားပက်ကြ၊ ဟိုမှာ မင်းတို့အန်တီလေးတွေလာနေပြီ သွားပက်ကြ သွားပက်ကြ”
“ဟာ ဟိုတယောက်ကိုလည်းပက်ကြဦး”

ဒါက လူပျိုပေါက်ဦးလေးတွေနဲ့ သူတို့သူငယ်ချင်းတွေ တူ တူမကလေးတသိုက်ကို ထောင်ပေးတဲ့စကားတွေပါ။ ဒီလူကြီးတွေ ကျရန်ကောလို့ နှာခေါင်းရှုံ့ခဲ့သူကိုယ်တိုင်လည်း သူတို့အရွယ်ရောက်တဲ့အခါ သူတို့လိုပဲ အကြိုနေ့မှာ ကျတာပါပဲ။ အဲဒီတော့ လည်း ကလေးတွေ နှာခေါင်းရှုံ့တာ မသိယောင်ဆောင်နေလိုက်တာပါပဲ။

သင်္ကြန်နေ့များဟာ ကလေးတွေအတွက် အပျော်နေ့များပါ။ လူကြီးတွေက ရေကစားတဲ့ကလေးတွေကို ဝေးဝေးမသွားစေချင်၊ အိမ်နဲ့နီးနီးနားနား လမ်းထဲမှာပဲ ရေဆော့စေပါတယ်။ မနက်ပိုင်းမှာ မြို့ထဲလျှောက်လည်မယ့်သူတွေ အိမ်တွေကထွက်ထွက် လာခြင်း လမ်းပေါ်ရောက်တာနဲ့ ကလေးတသိုက်ရဲ့ ပက်ရေတွေကို မစို့မပို့ခံရပါတယ်။ ပက်စရာလူမရှိတဲ့အခါ အချင်းချင်း ရေပြန်ပက်ကြပါတယ်။ လမ်းပေါ်မှာဗွက်ပေါက်တဲ့အထိပေါ့။ ကလေးတွေက ဗွက်ပေါက်အောင်ရေဆော့ကြတာဆိုတဲ့ အသုံး အနှုန်းလေးရှိနေသမျှ ဒုံရင်းသည် ဒုံရင်းပါပဲဆိုတာပြနေတာပါပဲ။

တနှစ်မှာ အကိုဝမ်းကွဲရယ်၊ သူ့သူငယ်ချင်းရယ် အဆွယ်ကောင်းတာနဲ့ စွန့်စားမှုတရပ်လုပ်ကြပါတယ်။ လက်နက်ကိုယ်စီနဲ့ မြို့ထဲပတ်ပြီး ရေလျှောက်ပက်မယ်၊ လက်နက်ဆိုတာ ရေပြွတ်တံကို ပြောတာ။ ပြွတ်တံနောက်ကပိုက်ကို ရေဖြည့်ထားတဲ့ ဗူးတဗူးထဲမှာထည့်ရပါတယ်။ ဗူးအလွတ်ရဖို့ အဖွားကိုအပူကပ်ရပါတယ်။ သင်္ကြန်မကျမီ သုံးလေးရက်အလိုကတည်းက ဂျီ တိုက်ထားရပါတယ်။ ဗူးက ပဲဆီ၊ နှမ်းဆီ၊ စားသုံးဆီစတာတွေထည့်ထားဖို့ အဖွားဝယ်သိမ်းထားတာတွေ။ အဖွားပေးတဲ့ ဗူး လွတ် ခပ်သစ်သစ်တွေထဲက လေးထောင့်ကျကျဗူးကိုယူ၊ အဖုံးဖွင့်ပြီး အနံ့ခံကြည့်ရပါတယ်။ ပလတ်စတစ်ဗူးတွေက အသစ် တွေဆိုတော့ ပလတ်စတစ်နံ့ရနေရင် ဗူးကိုဆပ်ပြာနဲ့ဆေး၊ အနံ့ပျောက်အောင် နေလှန်း။

ကျောပိုးအိတ်အဟောင်းထဲမှာ ဗူးကိုထည့်၊ ရေဖြည့်ပြီး ကျောပိုးအိတ်ကိုလွယ်၊ ဒီလိုနဲ့ ရေပက်ခရီးစဉ်စတင်ကြပါတယ်။ ကြုံတဲ့မဏ္ဍပ်မှာ ရေ၀င်ထည့်မယ်၊ မုန့်တွေဝေရင် ၀င်စားကြမယ်။ မနက်သွား ညနေမိုးမချုပ်ခင် အိမ်အရောက်ပြန်မယ်။ ကိုယ့်ပိုင်နက်ကျော်ပြီး ရပ်ကွက်ထိပ်ရောက်ရင်ပဲ ရေပြွတ်တိုက်ပွဲ ဆင်နွှဲရမလိုဖြစ်ခဲ့ရပါတယ်။ ရပ်ကွက်ထိပ်မှာ ရွယ်တူတွေ က ရေပြွတ်တွေနဲ့ အပိုင်စားထားတာ။ ပွဲမစခင်မှာ တဖက်က ကလေးခေါင်သူကြီးနဲ့ အမေးအဖြေ လုပ်ကြပါတယ်။ ဟေ့မင်း တို့ ဘယ်သွားမလို့လဲ၊ ဒို့ မြို့ထဲသွားမှာ၊ မင်းတို့လိုက်ကြမလား၊ မလိုက်တော့ဘူးကွ။ ဟေ့ကောင်တွေ သူတို့သုံးယောက်ကို မပြွတ်နဲ့။ သူတို့က မြို့ထဲကကောင်တွေနဲ့ သွားချမှာ။ မင်းတို့ ရေဖြည့်သွားဦး။ ဟိုကကောင်တွေက စတီးပြွတ်တွေနဲ့ကွနော်။ အေးပါကွာ မင်းတို့လိုက်ရင် ပိုကောင်းမယ်။ သွားပြီကွာ။ ဒီလိုနဲ့ သုံးယောက်သား ဆက်ထွက်လာကြပါတယ်။

သဘောတူထားတဲ့အတိုင်း မြို့ထဲမရောက်မီ လမ်းတလျှောက်မှာ တွေ့သမျှသူပက်၊ အဲ မပက်ရတဲ့သူတွေကို ကလေးဘ၀ ကတည်းက မှတ်သားထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေ၊ ဥပုသ်သည်တွေပဲဖြစ်ပါတယ်။ ရေပြွတ်ကိုင်ဖို့မဆိုထားနဲ့ ရေခွက်တောင်မရှိရှာတဲ့ နွမ်းနွမ်းပါးပါးရွယ်တူကလေးများကိုတွေ့ရင် ဟိုနှစ်ယောက်က မပက်နဲ့ မပက်နဲ့လို့ တားပါတယ်။ သူတို့တွေမှာ ၀တ်စရာအ၀တ် အပိုမရှိကြဘူးကွ၊ မင်းပက်လိုက်ရင် သူတို့တွေ အ၀တ်ခြောက်တဲ့အထိ ကိုယ်တုံးလုံးနေပြီး စောင့်နေရမှာ၊ သနားစရာကွ မပက်နဲ့ဆိုပြီး ပြောပါတယ်။ ၀တ်စရာအ၀တ်အပိုမရှိလို့ သင်္ကြန်မှာ မပျော် နိုင်တာ၊ ရေပက်မခံရတာက မဟုတ်သေးပါဘူးဟု တွေးမိခဲ့ပါတယ်။ သူတို့နှစ်ယောက်အလစ်မှာ ရေပြွတ်နဲ့တချက်နှစ် ချက်တော့ လှမ်းပြွတ်ကြည့်ပါတယ်။ ရေထိသွားတဲ့အခါ သူတို့တွေ ပျော်နေပုံကိုကြည့်ရင်း ရေပက်သူပါ ၀မ်းသာခဲ့ရပါတယ်။ ဟိုနှစ်ယောက်တွေ့သွားတဲ့အခါ ရေကုန်ခံလို့ကွာဆိုပြီး အပြစ်တင်ကြပါတယ်။

ဲမြို့ထဲအရောက်မှာပဲ အရွယ်မတိမ်းမယိမ်း ရေပြွတ်တဖွဲ့နဲ့တွေ့ပါတယ်။ သူတို့လည်း သုံးယောက်ပါပဲ။ ကျောပိုးအိတ်ကောင်း ကောင်းလှလှတွေပိုးလို့၊ ကျောပိုးအိတ်တွေထဲက ရေဗူးတွေကလည်း ကောင်းမှကောင်းဆိုတာပါပဲ။ ဆိုင်ပြီး အပြိုင်ပြွတ်ကြ ရောဆိုပါစို့။ သုံးယောက်သား ရွပ်ရွပ်ချွံချွံ ခုခံကြပါတယ်။ လေးငါးချက်လောက် သူတင်ကိုယ်တင် ရေကစားနေကြတုန်း တဖက်က ခေါင်းဆောင်လုပ်သူက ကျန်နှစ်ယောက်ကို လှမ်းပြောတာကြားလိုက်ပါတယ်။

“တော်ကြတော့ဟေ့ ရေကုန်တယ်၊ စတီးပြွတ်တွေချင်းပဲ တိုက်တာကောင်းတယ်။ သူတို့မှာ တကောင်ပဲ စတီးပြွတ်ကိုင်နိုင်တာ၊ ဟေ့ မင်းတို့သွားကြတော့” ။

အောင့်သက်သက်တော့ ဖြစ်သွားခဲ့တာ အမှန်ပါပဲ။ အကြီးနှစ်ယောက်လည်း မျက်နှာလေးတွေ အိုလို့ပါ။ စတီးပြွတ်ဆိုတာ ကလည်း တော်ရုံတန်ရုံကလေးက မကိုင်နိုင်ဘူးလေ။

ရေကုန်သွားတော့ နီးရာမဏ္ဍပ်မှာ ရေ၀င်ထည့်မယ်လို့စီစဉ်ထားပေမယ့် ထင်သလောက်မလွယ်။ ဒါနဲ့ မြစ်ကမ်းဘက်ကို ဆင်းကြရပါတယ်။ ပါလာတဲ့ ရေဗူးတွေကို မြစ်ထဲမှာ နှစ်ထားရင်း ရေဖြည့်ကြ၊ နှစ်ဗူးဖြည့်အပြီး သုံးဗူးမြောက်မှာ ဖြည့်နေတဲ့ဗူး လက်ကလွတ်ပြီး မြစ်ထဲမျောသွားပါတယ်။ အကိုရဲ့သူငယ်ချင်းက မြစ်ထဲဆင်းကာ မျောသွားတဲ့ ဗူးနောက် လက်ပစ်ကူးလို့ လိုက်ဆယ်ပါတယ်။ ရေဗူးက ၀ါးနှစ်ပြန်စာလောက်မျောနေပါပြီ။ စက်သမ္ဗန်တွေ ကျောက်ချထားတဲ့နေရာဖက်ကို ဦးတည်နေ ပါတယ်။ လိုက်ဆယ်နေသူကလည်း ကြိုးစားပမ်းစားကူးလို့။ အန္တရာယ်ကို မမြင်ပါ။ သမ္ဗန်တွေ ရှိတဲ့မြစ်ပြင်မှာ ဂလိုဏ်တွေရှိ ပါတယ်။ ကမ်းပေါ်ကနှစ်ယောက်ကလည်း မီတော့မယ်ကွ မီတော့မယ်ကွနဲ့ အားပေးအားမြှောက်ပြု။ အဲဒီမှာပဲ သမ္ဗန်တစီး နောက်ပိုင်းမှာ အိပ်မှုံစုံမွှားနဲ့ သွားတိုက်နေတဲ့ သမ္ဗန်သမားတယောက်က သူရှိရာ သမ္ဗန်ဖက်ကို ကူးလာနေတဲ့သူကို မြင်ပါ တယ်။ အံ့သြသွားပြီး ခဏမှာပဲ ရေဗူးကိုတွေ့မှသဘောပေါက်သွားပြီး သမ္ဗန်ပေါ်မှာရှိတဲ့ ၀ါးလုံးတချောင်းကိုယူပြီး ဆယ် လိုက်ပါတယ်။ ပြီးမှ ကမ်းပေါ်ဖက်ကို လှမ်းပစ်ပေးပြီး ဆူပါတော့တယ်။ ဟေ့ ကောင်လေး ပြန်ကူးသွား၊ အသက်ငယ်သေးတယ်။ ရေကူးတတ်လည်း နစ်သွားနိုင်တယ်ကွ ဘာမှတ်လဲ။

သင်္ကြန်မှာ ပျော်စရာကောင်းတဲ့အချက်က ရေပက်တဲ့သူတွေက ရေပက်တယ်။ ရေပက်ခံသူတွေက အသာတကြည် ရေပက်ခံကြတယ်။ သိသိ မသိသိ၊ တွေ့ဖူးဖူး မတွေ့ဖူးဖူး ပက်တာပါပဲ။ ရေစိုစိုနဲ့ လျှောက်လည်ကြတယ်။ ရေပက်သူ ရေ ပက်ခံသူ ပျော်ပျော်ရွှင်ရွှင်ပါပဲ။

နယ်မြို့မှာ အစဉ်အလာကောင်းလေးတခုရှိတာ မှတ်မိပါတယ်။ သင်္ကြန်ရက်တွေအတွင်း ညဖက် (၇) နာရီလောက်မှာ လူ ငယ်ကာလသားကာလသမီးတွေ လူစုပြီး တအိမ်တက်ဆင်း ရေလိုက်လောင်းကြတာပါပဲ။ အများအားဖြင့် မိန်းမချော အပျိုလေးတွေပေါတဲ့အိမ်တွေကို သွားကြပါတယ်။ ရောက်ရင် အဲဒီအိမ်မှာရှိတဲ့ လူကြီးတွေကို ခွင့်တောင်းရပါတယ်။ ဦးကြီး ရေ၊ ဒေါ်ကြီးရေ ရေလာလောင်းတာပါခင်ဗျာဆိုရင် ဦးကြီးတွေ ဒေါ်ကြီးတွေကလည်း သဘောပေါက်ရပါတယ်။ ဟေ့ သမီး ရေ ဘယ်သူရေ ဘယ်ဝါရေ ထွက်ခဲ့ကြပါဦး ရေလောင်းခံလိုက်ပါဦးလို့ တိုက်တွန်းကြပါတယ်။ ရေလောင်းပြီး ပျော်ပျော်ရွှင်ရွှင်ပဲ နောက်တအိမ်ကူးကြပါတယ်။

တချို့ရေလောင်းသူတွေက သူတို့ရိုသေတဲ့ သက်ကြီးပိုင်း ဘကြီး ဖွားကြီးတွေကို သင်္ကြန်ရေနဲ့ ကန်တော့ရပါစေဆိုပြီး ခွင့် တောင်းကာ ဂါရ၀ပြုကြတာလည်း တွေ့ဖူးပါတယ်။ အခုတော့ အဲဒီဓလေ့ကောင်းလေး ဆက်လက်ရှိနေကောင်းပါရဲ့လို့ တွေးမိပါတယ်။

သင်္ကြန်ပိုးက တနှစ်မှာ တကြိမ်ထပါတယ်။ ရေကြိုက်တဲ့ပိုးလို့ပြောရင် ပိုမှန်ပါတယ်။ ရေမထိခဲ့ရင် တနှစ်ပတ်လုံး အဲဒီပိုးက ဒုက္ခပေးပါတော့တယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်က စပ်ခဲ့တဲ့ ကဗျာလေးနဲ့ ပိုးလေးတွေကို နှုတ်ခွန်းဆက်ခွင့်ပြုပါ။ ခေါင်းစဉ်ကို တမ်း တတိုင်တည်ခြင်းလို့ ပေးထားပါတယ်။

“ပိတောက်ရနံ့တွေရတယ်၊ သင်္ကြန်က မကျသေးဘူး၊ အချစ်ဦးကိုရေလောင်းချင်တယ်၊ သင်္ကြန်နဲ့ကင်းကွာ နေကိုမနေတတ်ပါ၊ သိကြားမင်းကြီး ခဏဆင်းလာဗျာ”

သင်္ကြန်ပိုးနဲ့အတူ ပျော်ရွှင်စွာ ရေကစားနိုင်ကြပါစေ။    ။

ကျော်မောင် (တိုင်းတာရေး)
ဧပြီ ၁၄၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ရသဆောင်းပါးစုံ

One Response to ကျော်မောင် (တိုင်းတာရေး) – သင်္ကြန်ပိုးထချိန်

  1. ZAW ZAW HAN WIN on April 18, 2015 at 11:47 am

    သင်္ကြန်မှာမြန်မာတွေအားလုံးပျော်တယ်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်