ခင်မောင်စော (ဘာလင်) – “ဗိုလ်” ဟူသောဝေါဟာရ

April 18, 2015

နီဂျူလိုင် (မိုးမခ)

ခင်မောင်စော (ဘာလင်) – “ဗိုလ်” ဟူသောဝေါဟာရ
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၅

“ဗိုလ်” ဟူသောဝေါဟာရနှင့် ပတ်သက်၍ အဓိပ္ပါယ်ရှင်းပြရန် ယခုခေတ်လူငယ်များကို မေးကြည့်လျှင် ပခုံးတွင်အပွင့် ၂ ပွင့်တတ်ထားသော စစ်အရာရှိဟုသာဖြေကြပေလိမ့်မည်။ ၎င်းတို့ ၏အဖြေမှာမမှားသော် လည်း မြန်မာဘာသာနှင့်စာပေကိုလေ့လာလိုသူ သုတေသီတယောက်အတွက်မူ လုံလောက်သောအဖြေ မဟုတ်ပါ။ ဗိုလ်ဆိုသောဝေါဟာရ၌ အဓိပ္ပါယ်နှင့်အသုံး မျိုးစုံရှိပြီးလျှင် ကောင်းသော အဓိပ္ပါယ်ရှိသကဲ့သို့  မကောင်းသော အဓိပ္ပါယ်လည်း သက်ရောက်နိုင်သောကြောင့်ပင်ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ ယခုခေတ်လူငယ်များ၏ဗဟုသုတ၌ “ဗိုလ်”ကို စစ်သုံးအဖြစ်သာသိထားရခြင်းကို နားလည်နိုင်ပါသည်။ အကြောင်းမှာ မြန်မာပြည်သည် ၁၉၅၈ ခု စက်တင်ဘာလမှ ယခုအချိန်ထိ (ဦးနု၏ ပြည်ထောင်စုပါတီအစိုးရ ဧပြီလ ၁၉၆၀ မှ မတ်လ ၁ ရက် ၁၉၆၂ အထိ ကလွဲပြီး) စစ်အစိုးရများ သော်လည်းကောင်း အရပ်သားအမည်ခံ စစ်ဗိုလ်လူထွက် အစိုးရများသော်လည်းကောင်း၊ စစ်တပ်နှင့်ပတ်သက် သောအစိုးရအဆက်ဆက်ကသာ အာဏာယူထားခဲ့သောကြောင့် ဗိုလ်ဆိုသောဝေါဟာရမှာလည်းစစ်သုံး ဝေါဟာရသဘောမျိုး ဖြစ်သွားသောကြောင့်ပင်တည်း။

ဝေါဟာရ၏ဇာစ်မြစ်

ဗိုလ်ဆိုသောဝေါဟာရကို ပါဠိစကား “ဗလ”မှလာသည်ဟုယူဆကြသည်။ မြန်မာအဘိဓါန်များတွင်လည်း ထိုကဲ့သို့ ပင် ဖွင့်ဆိုထားသည်။ သိုရာတွင် ဂျာမနီပြည် ဟိုင်ဒဲလ်ဘဲရ်ဂ် တက္ကသိုလ် (Universitaet Heidelberg) တွင်မြန်မာဘာသာကထိကအဖြစ်ပို့ချခဲ့သောဆရာကြီး ဦးတင်ထွေး M.A, M.Phil. (Lond.) စသည့် ပုဂံကျောက်စာများကို ကောင်းစွာကျွမ်းကျင်သော ပုဂ္ဂိုလ်တို့ ကမူ မြန်မာစကားစစ်စစ်ဖြစ်ကြောင်း၊ “ပို” မှလာကြောင်း၊  သ္ခိင်စာခီပိုလ် (သခင်စာချီဗိုလ်) ကျောက်စာ၊ သင်္ကန်းရုံဘုရားကျောက်စာ စသည်တို့ တွင် “ပိုလ်” ဆိုသော ရေးထားမှုများ ၊ အသုံးများကို တွေ့ ရကြောင်း၊ ပုဂံကျောက်စာများတွင် ရန္တပိုလ် သည် ရန်သူကို နှိမ်နှင်းနိုင်သောသူဟုဆိုလိုကြောင်း၊ ယခုခေတ်အခေါ် အဖြစ်မူ ဗိုလ်ရန်နိုင်၊ ဗိုလ်ရန်နှိမ်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရန်ရှင်း၊ ဆိုသည့်အမည်မျိုးဖြစ်ကြောင်း ထောက်ပြကြပါသည်။ ၎င်း ရန္တပိုလ် မှ ရန္တပို ရွာဟု ခေါ်သည့် အရပ်  ဖြစ်ပေါ်လာကြောင်း၊ ၎င်းအရပ်မှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ စစ်ပြေငြိမ်း စာချုပ် ချုပ်ဆိုခဲ့သဖြင့် အရပ်ဒေသမှာ အမည်အားဖြင့် ထင်ရှားသွားသော်လည်း ၎င်းအမည်၏ ဇာစ်မြစ်ကို သိသူ အလွန်ရှားကြောင်း၊ အချို့လူများကဆိုလျှင် ပြင်သစ်စကား ရောင်ဒေဗူ rendezvous (တွေ့ဆုံခြင်း၊ ပူး ပေါင်းချင်း) မှလာသည်ဟု ရမ်းကာ ဖြန်းသန်းနေကြကြောင်း ရှင်းပြကြပါသည်။

“ဗိုလ်” အသုံးများ

မြန်မာစကားတွင် “ဗိုလ်” ဆိုသော အသုံးကို စစ် သို့ မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ တခုခု၏အရာရှိ အဖြစ် ၎င်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့် ခွဲခွင့် အာဏာရရှိထားသော အရပ်သားအရာရှိ အဖြစ်၎င်း၊ သုံးလေ့ရှိသည်။

ဗြိတိသျှ ကိုလိုနီခေတ်အခါက မျက်နှာဖြူများ (အထူးသဖြင့် ဗြိတိသျှများ) သည် စစ်တပ်၊ လက်နက်ကိုင် တပ်များ နှင့် အရပ်ဘက်ဌာနများတွင် အရာရှိများဖြစ်ခဲ့ရကား၊ မျက်နှာဖြူ အားလုံးကို “ဗိုလ်”ဟုခေါ်သော ဝေါဟာရသစ် ဖြစ်ပေါ်လာသည်။ အားကစားပြိုင်ပွဲများတွင်မူ “ဗိုလ်” သည် ချန်ပီယံ ဖြစ်ကြောင်းပြသည်။ လူဆိုး ၊ သူခိုး ၊ ဓားပြဂိုဏ်း တခုခု၏ ခေါင်းဆောင်ကိုလည်း “ဗိုလ်” ဟု ခေါ်လေ့ရှိသည်။

ဥပမာများ

စစ်ဗိုလ်၊ စစ်ပုလိပ်ဗိုလ်၊ ကင်းဗိုလ်၊ ပုလိပ်ဗိုလ်၊ စစ်ရဲဗိုလ်၊ ပြူစောထီးဗိုလ်၊  မီးသတ်ဗိုလ်၊ ကာကွယ်ရေး ဗိုလ်၊ ရွှေဓါးဗိုလ်၊ ရွှေလှံဗိုလ်၊ စသော အသုံး များသည် လက်နက်ကိုင်အဖွဲ့ အစည်းတခုခု၏ အရာရှိဖြစ် ကြောင်း ပြသည်။

ဗိုလ်ထု၊ ဗိုလ်ခြေ၊ ဗိုလ်ဝင်ခံ၊ ဗိုလ်ရူခံ၊ ဗိုလ်ပါ၊ ဗိုလ်ပုံ၊ စသောအသုံးများသည် စစ် နှင့် လက်နက်ကိုင်တပ် ဖွဲ့ များ၏အခမ်းအနားများတွင် သုံးသောဝေါဟာရများဖြစ်သည်။

စာတိုက်ဗိုလ်၊ လမ်းဗိုလ်၊ ဆည်ဗိုလ်၊ ဂါတ်ဗိုလ်၊ အကောက်ဗိုလ် စသော ဝေါဟာရများသည်၊ အုပ်ချုပ်ရေး နှင့်စီမံခန့် ခွဲရေး တာဝန်ယူထားရသော အရပ်ဘက်ဌာနအရာရှိများအတွက် သုံးသောဝေါဟာရများ ဖြစ် သည်။

ဓားပြဗိုလ်၊ သူခိုးဗိုလ်၊ သူပုန်ဗိုလ်၊ လူဆိုးဗိုလ် စသော အသုံးများ၌ “ဗိုလ်” သည် လူဆိုးဂိုဏ်းတခုခု၏ ခေါင်းဆောင်ဖြစ်ကြောင်း ပြသည်။

“ဆိုးကြစို့တကယ်ဆို၊ ဓားပြဗိုလ်လုပ်နိုင်ရဲ့လေး” ဟု စလေဦးပုညက စာဖွဲ့ခဲ့ပါသည်။ စစ်ကြိုခေတ်က အဆိုတော်ကြီးဒေါ်မေရှင်သီိဆိုခဲ့သော “အောင်ခြင်းရှစ်ပါး”သီချင်း၌လည်း “လူဆိုးဗိုလ် အင်္ဂုလိမာလ ဟာ သံလျက်ဓားကို သူ့လက်ဖျားက မချပါ” ဟူသော “လူဆိုးဗိုလ်” အသုံးကို တွေ့နိုင်ပါသည်။ အင်္ဂလိပ်တို့က  သူပုန်ဗိုလ်၊ ဓားပြဗိုလ်၊ လူဆိုးဗိုလ်၊ ဟု ချိုးနှိမ်ရေးခဲ့သော ဘုန်းကြီးဗိုလ်၊ ဗိုလ်ရိုင်၊ ဗိုလ်ရွှဲ၊ ဗိုလ်တာတေ၊ ဗိုလ်စံဖဲ စသည့်ဗိုလ်များမှာ မြန်မာများအတွက်တော့ “မျိုးချစ်သူရဲကောင်း”များဖြစ်ပေသည်။

ကလေးဗိုလ်၊ ဗိုလ်ကျ၊ ဗိုလ်လုပ်၊ တပ်ပျက်ဗိုလ်၊ စသော အသုံးများ၌ “ဗိုလ်” သည် မကောင်းသော အဓိ ပ္ပါယ်ကို ဆောင်သည်။

ဗိုလ်စွဲ၊ ဗိုလ်လုပွဲ၊ အကြို ဗိုလ်လုပွဲ၊ ဗိုလ်မထား၊ ဗိုလ်မရွေး၊ စစ်တုရင်ဗိုလ်၊ ကျားဗိုလ်၊ စသော အသုံးများ သည် အားကစားတခုခုတွင် ချန်ပီယံ ဖြစ်ကြောင်း၊ ဖြစ်နိင်ရန် ယှဉ်ပြိုင်နေကြောင်းကိုပြသည်။

အင်္ဂလိပ်ခေတ်က မျက်နှာဖြူ များကို ဗိုလ်ထီး ၊ ဗိုလ်မ ဟုခေါ်ကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ထို့ ကြောင့် ၎င်းတို့ နှင့်စပ်ဆိုင်သော ဗိုလ်စားပဲ ၊ ဗိုလ်စားငှက် ၊ ဗိုလ်ကေ၊ ဗိုလ်တဲ ၊ ဗိုလ်ထိုင်အိမ်သာ စသော အသုံး အနှုံးများလည်း ပေါ်လာသည်။

အသားဖြူသူများကို မျက်နှာဖြူ “ဗိုလ်” နှင့်နှိုင်းပြီး ဗိုလ်ဖြူ ၊ ဗိုလ်နီ၊ ဗိုလ်မောင်၊ ဗိုလ်ကြီး၊ ဗိုလ်မ ၊ စသော အမည်များပေးတတ်သည်။

အနောက်နိုင်ငံများသို့ ပညာတော်သင်သွားပြီး မျက်နှာဖြူမများကို ယူလာခဲ့သူများလည်းရှိရာ ၎င်းတို့ ကို “ဗိုလ်မလင်” ဟု၎င်း၊ “ဗိုလ်မကြီးလင်” ဟု ၎င်း အရပ်စကားဖြင့် ခေါ်ကြ၏။ ထိုနည်းတူစွာ မျက်နှာဖြူများ နှင့်ရသောမိန်းမများကို “ဗိုလ်ကတော်”ဟု ခေါ်ကြ၏။ အချိ့ အနောက်တိုင်းသားများမှာ တိုင်းရင်းသူများကို အတည်တကျမပေါင်းဘဲ အပျော်မယား အဖြစ်သာသဘောထားပြီး အချိန်တန်လျှင်အိမ်ပြန်ကြလေတော့ ၏။ ၎င်း “ဗိုလ်” ၏ ကျန်ခဲ့သော အပျော်မယားဟောင်းကို “ဗိုလ်ကတော်ကျ”ဟုခေါ်ကြ၏။ အချို့ မိန်းမများ မှာ မျက်နှာဖြူ တယောက်ပြီးတယောက်ပြောင်း အပျော်မယားဖြစ်ခံရသဖြင့် “ဗိုလ်ကတော် ၂ ဆက်ကျ”၊ “ဗိုလ်ကတော် ၃ ဆက်ကျ” ဟူ သော အခေါ်များလည်းရှိသေး၏။ မျက်ခုံးမွှေးဆွဲဟန်၌ပင် သေးသေးရေး ရေး ဆွဲထားသည့် မျက်ခုံးမွှေးကို “ဗိုလ်ကတော့်မျက်ခုံး” ဟုခေါ်ကြ၏။

ရန်ကုန်မြို့တွင် ထို “ဗိုလ်ကတော်”၊ “မင်းကတော်” တို့ကို လူထုကြီးက “မျက်စိစပါးမွှေးစူး”လာဟန်ရှိခဲ့ပါ သည်။ စစ်ကြိုခေတ်က အလွန်နံမည်ကြီးခဲ့သော လူရွှင်တော်များဖြစ်သည့် ဓာတ်စီ နှင့် ဓာတ်စံ တို့ က  “စက်ကြီး ၁၃ ပါး ဘုရားရှိခိုး” ကိုမှီး၍ ပျော်စေ၊  ပြက်စေ၊ ကလက်စေ၊ သဘောဖြင့်ပြက်လုံးထုတ်ခဲ့ရာ တွင် “စီးကရက်ဘူး၊  လေဒီရှူးနှင့်၊ နယူးစတိုင်၊ သားရေအိပ်ကိုကိုင်၍၊ လည်တိုင်အပါး၊ ဒေါ်လာပြားနှင့် ၊ ရွှေ သွားတလက်လက် ဗိုလ်ကတော့်စက်”  ဟူ၍၎င်း “ပိုကာ၊ ဂျိုကာ တနေ့ လုံး၊ အချိန်ဖြု န်း၍၊ လင်ရုံး ဆင်းချိန်၊ တလိမ်လိမ် တလူးလူး၊ နေမကောင်းဘူးဟု၊ ပူးကပ်မာယာ၊ နှိပ်ခိုင်းတာ၊ များစွာရက်စက်၊ ဖဲ ပြင်တဲ့ မင်းကတော့်စက်။ ” ဟူ၍၎င်း ထိုခေတ်က ရန်ကုန်အထက်တန်းစားများ၏ နေထိုင်ပုံကို သရော် ထားခဲ့ပါသည်။

အင်္ဂလိပ် မြန်မာ ကပြား သို့ မဟုတ် မျက်နှာဖြူ နှင့် မြန်မာကပြားများကို ဗိုလ်ကပြား၊ အတိုကောက်အား ဖြင့် ယောင်္ကျားဆိုလျှင် ကပြားထီး၊ မိန်းမဆိုလျှင် ကပြားမ ဟုခေါ်ကြသည်။ ထိုခေတ်ကနံမည်ကြီးခဲ့ သော၊ ဇာတ်ဆရာ ဂရိတ် ဦးဘိုးစိန်ကြီးသည်၊ ၎င်း၏ဇာတ်ကို လူပိုစည်စေရန် အင်္ဂလိပ် ကပြားမများကို စုဆောင်းပြီး ကပြားမယိမ်းဟူသော အကတခုကိုလည်း ထွင်ခဲ့၏။ ၎င်းယိမ်းအကမှာ လူကြိုက်များ၍ ဇာတ်ရုံ၌လူစည်သော်လည်း ဇာတ်နားချိန်တွင် ၎င်းကပြားမ များကို လာပြီး “ဒိတ်” လုပ် သော မျက်နှာဖြူ ထီးများ၊ ကပြားထီးများ ဝင်လာမစဲ တသဲသဲ ဖြစ်နေသဖြင့် နောက်ဆုံးတွင် ဦးဘိုးစိန်ကြီးသည် ကပြားမ ယိမ်းကို ၎င်း၏ဇာတ်မှ ဖြုတ်ပစ်ခဲ့ရတော့ကြောင်း စာရေးဆရာမကြီး လူထုဒေါ်အမာက ၎င်း၏ “ပြည်သူ ချစ်သော အနုပညာသည်များ” စာအုပ်၌ ရေးထားခဲ့ပါသည်။

ဆရာဦးသိန်းဖေမြင့်၏ “မင်းတိုင်ပင်” ဝတ္တု တွင်လည်း တောသူဌေးကြီး ဦးဘိုးကူး မင်းတိုင်ပင်အမတ် အဖြစ် အရွေးခံရရာ ရန်ကုန်သို့ အစည်းအဝေးလာတက်ချိန် ညပိုင်း၌ ပျော်ပါးရန် ဇိမ်မယ်ရှာခိုင်းရာတွင် “ကပြားမ” ကို ရှာခိုင်းကြောင်း၊ ဇိမ်ခေါင်းက လူစီခင်ခင် ဆိုသောကပြားမလေးတယောက်ကို ရှာပေး လိုက်ရာ မင်းတိုင်ပင်အမတ်ကြီး အလွန်ကြိုက်သွားပြီး “ကပြားမနဲ့ ငါညားရမကွဲ့ ” ဟု နဘေကာယံနှင့်  ကြုံးဝါးကြောင်း၊ လွှတ်တော်အစည်းအဝေးပြီးသောအခါ လူစီခင်ခင်ကို အရမ်းကြိုက်သွားပြီး မိမိနေသော တောမြို့ သို့ ခိုးပြေးကြောင်း၊ အိမ်တွင်မယားကြီး၊ သားကြီး၊ သမီးကြီးများနှင့် ပြဿနာတက်သွားကြောင်း၊ နောက်ပိုင်းတွင် မင်းတိုင်ပင်အမတ်ကြီး လူစီခင်ခင်ထံမှ ကာလသားရောဂါပိုး ကူးစက်ပြီး ကုရာနထ္ထိ ဆေး မရှိဘဲ သေကြောင်း၊ ထိုနယ်အတွက် မင်းတိုင်ပင်အမတ်အသစ်ရရန် ရွေး ကောက်ပွဲလုပ်ရဦးမည်ဖြစ် ကြောင်း၊ သင်ခန်းစာပေး ဝတ္တုကို ဟာသနှောပြီး ရေးထားခဲ့ပါသည်။

ကုလားဗိုလ်ဆို သည်မှာ အင်္ဂလိပ်နှင့်ကုလား ကပြားဖြစ်သည်။

အချို့ သောကုလားအစစ်များသည် ခရစ်ယာန်ဘာသာသို့ ဝင်ပြီး  အင်္ဂလိပ်အမည်၊ စကော့အမည်များ ခံ ကြသည်။ အင်္ဂလိပ် များကလည်း ၎င်းတို့ ၏သွေးခွဲအုပ်ချုပ်ရေးစနစ်အောင်မြင်နိုင်စေရန်၊ ထို ခရစ်ယာန် ဘာသာဝင်ကုလား အစစ်များကို “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဟုဆိုရမည့် အခွင့်အရေးပေးထားခဲ့ လေတော့ရာ ၎င်း ဘောင်းဘီဝတ် ခရစ်ယာန်ဘာသာဝင်ကုလားအစစ်များသည် ကမ်းမမြင်လမ်းမမြင် ဘဝင်မြင့်ကြလေတော့၏။ ဘောင်းဘီဝတ် မျက်နှာဖြူများကို တိုင်းရင်းသားများက သခင်ခေါ်ရပြီး ဘုရား ထူးနေရသောခေတ်ဖြစ်လေရာ ၎င်း  ဘောင်းဘီဝတ် ကုလားများသည်လည်း အချောင်ဝင်သခင်အခ်ါခံ၊ ဘုရားထူးခံကာ မျက်နှာဖြူအစစ်များထက်ပင် ဟိတ် ဟန် ဂိုက်ထုတ်၍ မြန်မာများကို နှိမ့်ချဆက်ဆံလေ့ ရှိသည်။

မျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ် ပညာဝန်ထောက်တဦး ဆရာကြီး ဦးဝန် (မင်းသုဝဏ်) ငယ်စဉ် ကနေခဲ့သည့် ဘုန်းကြီးကျောင်းအတွင်း နောက်ပိတ်ဖိနပ်ကြီး မချွတ်ဘဲ ၀င်လာရာ ကျောင်းသူ ကျောင်း သား တရာကျော်က ထိုကုလားမဲ ပညာဝန်ထောက်ကို ပထမ၊ ဒုတိယ၊ တတိယ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံး ကြိမ်မြောက်အောင် ထိခြင်းကြီးငါးပါးဖြင့် ဖူးမြော်မာန်လျှော့ကန်တော့ခဲ့ရပါကြောင်းကို ၁၉၆၂ ခုနှစ်တွင် ဆရာကြီး ဦးဝန်ရေးသော “သာဓုခေါ်၍ အမျှဝေပါ၏” ဆောင်းပါးတွင်  တွေ့နိုင်ပါသည်။

“အောင်ဆုသြဘာ၊ မင်္ဂလာဖြင့်၊ ဆယ်ဖြာလက်မြှောက်၊ ဆက်ခါလျှောက်ပိမ့်၊ ခိုင်ဆောက်အောင်လံ၊ ဂ ရိတ် ဗြိတန်နှင့်၊ နိုင်ငံအိန္ဒိယ၊ အစိုးရသည့်၊ ဘ၀သခင်၊ ဂျော့ဘုရင်နှင့်၊ အရှင်မိဖုရား၊ မြတ်နှစ်ပါးတို့ ၊ တိုင်း ကားစိုးစံ၊ ပြည်နိုင်ငံကို၊ ရန်မာန်ကင်းပြီး၊ ဘုန်းတော်ကြီး၍၊ သက်တော်ရှည်စွာ၊ ဆယ်ဖြာဓမ္မ၊ သင်္ဂဟနှင့်၊ နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍၊ တိမ်မှုန်မသန်း၊ လပြည့်ဝန်းသို့ ၊ ရွှေနန်းပေါ်ထက်၊ နှစ်သက်မြတ်နိုး၊ ဥစ္စာစိုး သည်၊ တန်ခိုးနေသို့  ထွန်းစေသောဝ်” ဟူသော ပဉ္စမမြောက် ဂျော့ဘုရင်နှင့်မေရီမိဖုရားတို့၏ ဘုန်းတော် ဘွဲ့ မင်္ဂလာဧကပိုဒ်ရတုကို တောရောမြို့ ပါ နှုတ်တိုက်ကျက်မှတ်ခိုင်းပြီး စာသင်ကျောင်းတိုင်းတွင် ကျောင်း မတက်မီ သီဆိုကာ ဂုဏ်ပြုခဲ့ရကြောင်းကို ဆရာကြီး ဦးဝန် (မင်းသုဝဏ်) က “သာဓုခေါ်၍ အမျှဝေပါ၏” ဆောင်းပါးတွင်ရေးပြခဲ့ပါသည်။

၎င်းမျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ်တို့ (ဝါ) ခရစ်ယာန်ဘာသာဝင် ကုလားအစစ်များအကြောင်း နှင့်အင်္ဂလိပ်တို့ ၏သွေးခွဲအုပ်ချုပ်ရေးစနစ်အကြောင်းကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာထင်အောင်ကလည်း အောက်ပါအတိုင်းရေးခဲ့သည်။

“In addition, they divided the people in the plain into racial groups, namely Burmese, Indians, Anglo-Indians, and the Karens, on the excuse that racial minorities were entitled to special protection by the British government.  Anglo-Indians included Anglo-Burmese, whose number was small because intermarriage between the British and the Burmese was not common.  The total population of Anglo-Indians themselves was small and the majority of them had come from India; except that they wore trousers and coats and had English names, they were really Indians and could have been classified as such”. (See details: Maung Htin Aung, A History of Burma, Columbia University Press, 1967, p. 286)

အင်္ဂလိပ်တို့ ၏သွေးခွဲအုပ်ချုပ်ရေးစနစ်တွင် အပန်းဖြေရိပ်သာများ၊ “ကလပ်”များ (clubs) ၌ပင် လူဖြူများ အတွက်တခု၊ တနည်းအားဖြင့် ပထမတန်းစား “ကလပ်”။ ကပြားများအတွက်တခု၊ တနည်းအားဖြင့် ဒုတိ ယတန်းစား “ကလပ်”။  ဒေသခံတိုင်းရင်းသားများအတွက်တခု၊ တနည်းအားဖြင့် တတိယတန်းစား “က လပ်”စသည်ဖြင့်ခွဲထားသည်။  မြန်မာတိုင်းရင်းသားများနှင့်အိန္ဒိယတိုင်းရင်းသား ကုလားများသည် တတိ ယတန်းစား “ကလပ်” သာတက်ခွင့်ရသည်။ သို့သော် ၎င်းမျက်နှာဖြူမဟုတ်သောဘောင်းဘီဝတ်ကုလား  များ (ဝါ) ခရစ်ယာန်ဘာသာဝင်ကုလားအစစ်များသည် ဒုတိယတန်းစား”ကလပ်”တက်ခွင့်ရသဖြင့်အလွန် ဘဝင်မြင့်ကြကာဘဝမှန်ုကိုမေ့သွားကြပြီး ကုလားဟုအခေါ်မခံလိုကြဘဲ “ဗိုလ်ကပြား” (အင်္ဂလိပ် မြန်မာ ကပြား) ဟု အခေါ်ခံလိုကြသည်။ မြန်မာများကိုလည်း “ငုံ့ကြည့်ကြည့်ပြီး” တခုခုမြည် တွန်တောက်တီး စရာပေါ်လာပါက “You Burmese are —“(မင်းတို့ ဗမာတွေဟာ ——-) ဟု  အမျိးခိုက်ပြီး ချိုးနှိမ်ပြော လေ့ရှိသဖြင့် ၎င်းတို့ ကို ကြည့်မရသော မြန်မာများကလည်း သူတို့ကို “ကုလားဗိုလ်” (အင်္ဂလိပ်နှင့်ကုလား ကပြား) ဟုပင်မခေါ်ဘဲ “ဗိုလ်ကြက်ချေး”ဟူ၍လည်းကောင်း၊ “ဗိုလ်ကြက်ချေးကုလား”ဟူ၍လည်းကောင်း၊ “ဗိုလ်ရူး” (ဗူးယို)ဟူ၍လည်းကောင်း၊  “ဗိုလ်စုတ်” ဟု၍ လည်းကောင်း နှိမ့်ချ ခေါ်ဝေါ်ကြလေတော့သည်။

၎င်း”ဗိုလ်ကြက်ချေး”တို့ ၏အပြုအမူကို မြန်မာများတွင်မက မြန်မာပြည်ပေါက်ကုလားများ (ဟိန္ဒူ၊ မူဆ လင်၊ ဆစ်ခ် စသည်များ) နှင့် မြန်မာပြည် ရောက် အခြားကုလားများ ကလည်း “ဘိန်းစားချင်း အတူတူ ပြောင်းတလုံးပိုရှူချင်သည်” ဟုယူဆပြီး လုံးဝကြည့်မရတော့ဘဲ  “ဗိုလ်ကြက်ချေးထီး”ကို အူရဒူဘာသာ ဖြင့်  “စူဝက်ကဘချား” (ဝက်၏သား) ဟူ၍လည်းကောင်း၊ “ဗိုလ်ကြက်ချေးမ”ကို “စူဝက်ကီးဘချီး” (ဝက် ၏သမီး) ဟူ၍လည်းကောင်း၊ တနည်းအားဖြင့် “မျိုးမစစ်၊ အမျိုးယုတ်” ဟု နှိမ့်ချခေါ်ကြလေတော့သည့် အပြင် အဆက်အဆံမလုပ်ဘဲ ဝိုင်းပယ်ထားကြ၏။

မြန်မာစစ်စစ်ဖြစ်လျက် အနောက်တိုင်းသားဂိုက်ဖမ်းနေသူများကိုလည်း “ဗိုလ်ရူး” ဟူ၍၎င်း၊ မစ္စတာ “ဘူး ယို” ဟူ၍၎င်း၊ “ဖရုံယို”ဟူ၍၎င်း၊ “ဗိုလ်ကြီးမိတ်အင်ဘားမား” ဟူ၍၎င်း “ကင်ပွန်းတပ်”ကြလေတော့သည်။

ကုန်းဘောင်ခေတ်စစ်တပ်ဖွဲ့ပုံ

တပ်သား၅ယောက် အစုကို တအိုးစားဟုခေါ်သည်။ ၂ အိုးစား သို့ မဟုတ် တပ်သား ၁၀ ယောက်ကို အ ကြပ်တယောက်က အုပ်ချုပ်သည်။ စုစုပေါင်း ၁၁ ယောက်ဖြစ်သည်။ သွေးသောက်တယောက်က အကြပ် ၅ယောက်ကို အုပ်ချုပ်သည်။ ထို့ ကြောင့်သွေးသောက်တယောက်၏အောက်တွင်၊ တပ်သား ၅၀ နှင့် အ ကြပ် ၅ ယောက်၊ စုစုပေါင်း၅၅ ယောက် ရှိသည်။ သွေးသောက် ၂ ယောက်ကို တပ်မှူးတဦးက အုပ်ချုပ် သည်။ ထို့ ကြောင့်တပ်မှူးတယောက်၏အောက်တွင်တပ်သား ၁၀၀၊ အကြပ် ၁၀ ယောက်၊သွေးသောက် ၂ယောက်၊ စုစုပေါင်း ၁၁၂ ယောက် ရှိသည်။ ဗိုလ်တယောက်က တပ်မှူး ၅ ယောက်ကို အုပ်ချုပ်သည်၊ ထိုကြောင့် ဗိုလ်တယောက်၏အောက်တွင် တပ်သား ၅၀၀ ၊ အကြပ် ၅၀၊ သွေးသောက်၁၀ ယောက်၊ တပ် မှူး၅ ယောက်၊ စုစုပေါင်း ၅၆၅ ယောက်ရှိသည်။

မြန်မာဘုရင့်တပ်မတော်၏ အကြီးဆုံးစစ်သူကြီး ကို ဗိုလ်မှူး ဟုခေါ်သည်။ မဟာဗန္ဓုလ၏ရာထူးမှာ ဗိုလ် မှူးဝန်ကြီးဖြစ်သည်။ ထို့ ကြောင့် ထိုခေတ်ကဗိုလ်မှူးဆိုသည်မှာ ယခုခေတ်အခေါ် “ဖီးမာရှယ်” သို့ မဟုတ် ဗိုလ်ချုပ်မှူးကြီးဖြစ်သည်။

မဟာဗန္ဓုလ၏လက်ထောက် မြဝတီမင်းကြီး ဦးစ၏ရာထူး မှာစစ်ကဲ ဖြစ်သည်။ ထို့ ကြောင့်စစ်ကဲ ဆိုသည် မှာ ( Second in Command ) ဒုတိယ စစ်သေနာပတိဖြစ်သည်။ ဗိုလ်မှူးနှင့် စစ်ကဲအောက်ရှိရာထူး သို့ မ ဟုတ် တတိယ အကြီးဆုံးစစ်ဗိုလ်ကြီးကို ဗိုလ်ချုပ်ဟု ခေါ်သည်။  ဗိုလ်ချုပ်၏အောက်ရှိ ရာထူးကို ဗိုလ်မင်း ဟုခေါ်သည်။

ရခိုင်စကားတွင် ဗိုလ်မင်း (ရခိုင်သံဖြင့်ဗိုလ်မောင်း) သည် မျိုးနွယ်စုတခု၏အကြီးအကဲ (ဝါ)  နယ်တနယ် ၏အကြီးအကဲ၊ စော်ဘွား သဘောမျိုးဖြစ်သည်။ ရခိုင်တို့ကအနောက်ပြည်ဟုခေါ်သော စစ်တကောင်း တောင်တန်းဒေသရှိ ရခိုင်အများစုနေရာ ဌာနကို “ဗိုလ်မင်းထောင်” (ဗိုလ်မောင်းထောင်) ဟုခေါ်ပြီးနယ်၏ အကြီးအကဲ ဗိုလ်မင်း (ဗိုလ်မောင်း) ကို ဘင်္ဂလားဒက်ရှ်အစိုးရက နယ်တနယ်၏အကြီး အကဲ၊ စော်ဘွား အဖြစ်အသိအမှတ်ပြုရသည်။ “ဗိုလ်မင်းထောင်”၊ “ဖလန်ထောင်”၊ “သက်ထောင်”စသောနယ်များရှိသည်။

ဗိုလ်မှူး နှင့် ဗိုလ်ချုပ် လွဲမှားဘာသာပြန်မိခြင်း

ပြန်ကောက်ရသော် မြန်မာဘုရင်ခေတ်ကတပ်မတော်တွင်ဗိုလ်မှူးသည် ဗိုလ်ချုပ်၊ ဗိုလ်မင်းတို့ ထက် ရာထူးကြီးမြင့်သည်။ မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှစ၍ ဗြိတိသျှကိုလိုနီဖြစ်သွားပြီး မြန်မာစစ်တပ်များ မရှိတော့ပေ။ ဗြိတိသျှတို့ ဖွဲစည်းသော ဘားမားရိုင်ဖယ်စစ်တပ်တွင်လည်း ဗမာ နှင့် အခြားဗုဒ္ဒဘာသာဝင် တိုင်းရင်းသားများကို ဝင်ခွင့်မပြု ၊ စစ်ပုလိပ်တပ်တွင်လည်း ဝင်ခွင့်မပေး၊ တပ်သားအများစုမှာ ခရစ်ယာန် ဘာသာသို့ ပြောင်းဝင်ထားပြီး ဖြစ်သော ချင်း၊ နှင့် ကရင်များသာဖြစ်သည်။ သို့ရာတွင်၎င်းတို့သည်  King’s Commission ခေါ် ဘုရင်က တိုက်ရိုက်ခန့်သည့် ရာထူးများကိုမရဘဲ  (Governor General’s Commission ) ခေါ် ဘုရင်ခံချုပ်ကခန့်သည့် ရာထူးများကိုသာရခဲ့ကြသည်။ ၎င်းရာထူးများမှာ အခေါ် အဝေါ်ကွဲသလို ရသည့်လစာများလည်း ခြားနားကြပါသည်။ ဘုရင်ခံချုပ်ကခန့်သည့် စစ်ဗိုလ်၊ စစ်သား များကို ဂျမဒါ။ ဆူဗေဒါ ။ ရိုင်ဖဲမင်း စသည်ဖြင့်ခေါ်ပြီး King’s Commission ကခန့်သည့် စစ်ဗိုလ်များမှာ နိုင်ငံတကာအခေါ်အဝေါ်အတိုင်း လက်ဖ်တင်နင်။ ကက်ပတိန်။ မေဂျာ စသည့်ရာထူးများဖြင့် ပိုကောင်း သောလစာနှင့် အခွင့်အရေးများ ရကြပါသည်။ ဗြိတိသျှများသည် ဗုဒ္ဒဘာသာဝင်များ၊ အထူးသဖြင့် လူများ စု ဗမာများကို လုံးဝအယုံအကြည်မရှိ၊  လက်နက်ကိုင်ဆောင်ခွင့်ပေးလိုစိတ်မရှိခဲ့ပေ။

ပထမကမ္ဘာစစ်ကြီးဖြစ်လာသောအချိန် (၁၉၁၄ – ၁၉၁၈) စစ်သားများအလွန်လိုအပ်လာသောအခါတွင်မှ ဗမာများကို ပထမဆုံးအကြိမ် အဖြစ် စစ်ထဲဝင်ခွင့်ပြုသည်။ ထိုမြန်မာစစ်သားများမှာလည်း တိုက်ခိုက်ရေး တပ်သားများမဟုတ်၊ ဆေးတပ်သား များ (Medical Corps) နှင့် “ဆပ်ပါမိုင်းနားတပ်” (Sapper and Miners) ခေါ် ဗုံးထောင်ဗုံးရှင်းရေး တပ်သားများသာဖြစ်သည်။ ၎င်းတို့ ကို ယခုခေတ် အရှေ့အလယ်ပိုင်း ဟုခေါ်နေသည့် “မက်ဆိုပိုတေး မီးယား” စစ်မြေပြင်သို့ စေလွှတ်သည်။ နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်သည် “မက်ဆို ပိုတေးမီးယား” စစ်မြေပြင်တွင် ဆေးတပ်သား ဖြစ်ခဲ့ဘူးသည်။ ရတောင့်ရခဲ King’s Commission ရာထူးကိုလည်း ဗုဒ္ဓဘာသာဝင်ထဲမှ ၄ဦးကို ချီးမြှင့်ခဲ့သည်။ နောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးဖြစ်လာမည့် ဦးတင်ထွဋ်မှာ ၎င်းလေးဦးထဲမှ ၀ါ အရင့်ဆုံးစစ်ဗိုလ်ဖြစ် သည်။ (၁၉၄၈ ခု လွတ်လပ်ရေးရပြီးခါစက ဦးတင်ထွဋ်သည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။ ရောင်စုံ သူပုန်များ များပြားလာ၍ ၁၉၄၈ ခု ဩဂုတ်လကုန်တွင် မိမိဆန္ဒအလျောက် ကဲဘိနက်ဝန်ကြီးအဖြစ်မှ  နှုတ်ထွက်ခဲ့ပြီး “သောင်းကျန်းမှုနှိမ်နင်းရေးတပ်”ကို ဗိုလ်မှူးချုပ်ရာထူးဖြင့် ဦးစီးခဲ့သည်။ ၁၉၄၈ ခု စက်တင် ဘာလ ၁၇ ရက် ည ၁၁နာရီအချိန်တွင် ဗိုလ်အောင်ကျော်လမ်းရှိ သူအယ်ဒီတာချုပ်လုပ်သော New Times of Burma သတင်းစာတိုက်ရှေ့၌  နိုင်ငံရေးရန်သူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ အကြောင်းစုံကို ကြေးမုံဦးသောင်း၏ “သန်းထွန်းရေ ဗိုလ်ချပ်တင်ထွဋ်လာပြီဟေ့” Voice of Burma 624, September 23, 2007, Page 4 တွင်ကြည့်ပါ။)

ထို့ ကြောင့် ၂၀ ရာစု အစပိုင်းတွင်ဖွားမြင်သော မြန်မာလူမျိုးများသည် မြန်မာစစ်တပ်၏ ရာထူးအဆင့် အတန်းနှင့်အခေါ်အဝေါ်များကို မသိတော့ချေ။ ရလာဒ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁ ခုနှစ်တွင် ဂျပန်အကူအညီဖြင့်တည်ထောင်သောအခါ ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ရဲဘော်၃ကျိပ်ဝင်တို့ သည် ရှေးရိုး အစဉ်အလာ မြန်မာစစ်ရာထူးများကို မသိ တော့ချေ။ ထိုကြောင့် ဗိုလ်ချုပ်ကို အကြီး ဆုံးရာထူးဟုထင်မိကာ၊ ဗိုလ်မှူးကို “မေဂျာ” အဆင့်နှင့်သာ ဘာသာပြန်ခဲ့မိကြသည်။ ထိုကြောင့်လည်း ဗိုလ်မှူးအောင်ဆန်း ဖြစ်ခဲ့ရမည့်အစား ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့ရသည်။

မြန်မာအဘိဓာန်အကျဉ်းချုပ်၌လည်း “ဗိုလ်မှူး”ကို ဗိုလ်ကြီးအထက် ဒုတိယဗိုလ်မှူးကြီးအောက်ရာထူး ဟု သာရှင်းပြထားပြီးယခုခေတ် မြန်မာအင်္ဂလိပ် အဘိဓာန် အားလုံးလိုလို၌ပင် ဗိုလ်မှူးကို “မေဂျာ”ဟုသာ အဓိပ္ပါယ်ပေးထားရကား  မြန်မာသက္ကရာဇ် ၁၁၈၆ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ၊ ဘကြီးတော် ဘုရားပြန် သောအမိန့်  “မဟာဗန္ဓုလ အားဗိုလ်မှူးအဖြစ်ခန့် အပ်ပြီးရာမူး ပန်းဝါ စစ်မျက်နှာသို့ ချီစေရမည်” ဟူသော အပိုဒ်ကို “Maha Bandoola is promoted to the rank of Field Marshal” ဟုဘာသာပြန်ရမည့်အစား ၎င်း အဘိဓာန်ကို အသုံးချ၍ဘာသာပြန်လိုက်ပါက “Maha Bandoola is promoted to the rank of Major ဟုသာပြန်ကြပေတော့မည်။ မြန်မာစာပေနှင့်သမိုင်း ကျွမ်းကျင်သူများအတွက်မှာမူ ဖဦးထုပ်ကို ရမရစ်ဘဲစသတ်ကာ “အမလေး၊ ဖစ်မှဖစ်ရလေ၊ ဒုက္ခပါဘဲ၊ ငါတို့ စစ်သူကြီး မဟာဗန္ဓုလ ခမျာတော့ သေပြီး အနှစ် ၂၀၀ လောက်ကြာမှ ရာထူးချ ခံနေရပါပကော” ဟုသာငြီးငြူရတော့မည်လား မသိပေ။

ဗိုလ်ချုပ်မှူးကြီး၊  ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုသည့်ရာထူးများ

ဗိုလ်ချုပ်မှူးကြီး၊  ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုသည့်ရာထူးများမှာလည်း ၁၉၈၈ ခုနောက်ပိုင်းမှပေါ်လာသော ရာထူးများနှင့်အခေါ်ဖြစ်သည်။  Senior General, Vice Senior General ဆိုသောစကားလုံးများကိုလည်း အင်္ဂလိပ် အဘိဓာန်များ၌မတွေ့ရပေ။ Wikipedia ၌လည်းမပါပါ။

ယခင်က “ဖီးမာရှယ်” ကို စစ်သူကြီး ဟုသာဘာသာပြန်သည်။ ပထမ ကမ္ဘာစစ်အတွင်းက ထင်ရှားသည့် “ဖီးမာရှယ်” ကြီးများဖြစ်သော ဂျာမနီမှ ဟင်ဒင်ဘုဂ် Paul von Hindenburg ၊ ပြင်သစ်မှ မာရှယ်ပေတန်း Philippe Pétain ၊ ဒုတိယကမ္ဘာစစ်အတွင်းက ကျော်ကြားသည့် “ဖီးမာရှယ်”များဖြစ်သော မောင်ဂိုမာရီ Bernard Montgomery  (ဗြိတိသျှ) “၊ ရုမ်းမဲလ် Erwin Rommel (ဂျာမန်)၊ တေရာအုချိ Hisaichi Terauchi (ဂျပန်)၊ ဇူးကော့ဗ် Georgy Zhukov (ရုရှား) တို့ ကိုလည်း စစ်သူကြီး ဟုသာဘာသာပြန်သည်။

တခါတရံဗိုလ်ချုပ်မှူးဟုလည်းရေးသည်။ သို့ သော်ဗိုလ်ချုပ်မှူးဆိုသောဝေါဟာရမှာ အသုံးမတွင်။ ကမ္ဘာ့ သမိုင်းစာအုပ်များ၌လည်း ဗြိတိသျှစစ်သူကြီး  မောင်ဂိုမာရီ၊ ဂျာမန်စစ်သူကြီး ရုမ်းမဲလ် ဟုသာရေးသည်။ အမေရိကန်စစ်တပ်တွင် “ဖီးမာရှယ်”ဆိုသောရာထူးမရှိ၊ ကြယ်ငါးပွင့်တပ် ဗိုလ်ချုပ်ကြီး ရာထူးများသာ ရှိ သည်။ ၎င်းတို့ ကို Five Star General ဟုသာခေါ်သည်.။ Senior General ဟုမခေါ်။ ဗိုလ်ချုပ်ကြီး မက် အာသာ Douglas MacArthur နှင့်ဗိုလ်ချုပ်ကြီး အိုင်ဆင်ဟောင်ဝါ Dwight D. Eisenhower တို့ မှာ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးများဖြစ်သည်။ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးရာထူးကိုလည်း စစ်ကြီးများဖြစ်နေချိန်၌ သာ တပ်ပေါင်းစုဦီးမှူးရာထူးယူရမည့်သူကိုသာပေးသည်။  စစ်ကြီးများမဖြစ်သောအချိန်တွင် ကြယ်လေး ပွင့်ဗိုလ်ချုပ်ကြီးရာထူးများသည် အမြင့်ဆုံးစစ်ရာထူးဖြစ်သည်။

Wikipedia ၏အဆိုအရ “ဖီးမာရှယ်”နှင့်ကြယ်ငါးပွင့်ဗိုလ်ချုပ်ကြီးရာထူးထက်မြင့်သော အကြီးဆုံး စစ်ဗိုလ် ကြီးကို Generalissimo ဟုခေါ်သည်။  လူပြိန်းနားလည်အောင် အလွယ်ဆုံးအရှင်းဆုံးပြောရလျှင်
Generalissimoဂျင်နရယ်လစ်ဇီမို  ဆိုသည်မှာ “စစ်ဘုရင်”၊ “စစ်အာဏာရှင်” သာဖြစ်သည်။ တရုတ်ပြည် မှ ချန်ကေရှိတ်နှင့် စပိန်မှ ဖရန်ကို တို့ မှာ Generalissimo များဖြစ်သည်။ သို့ သော်၎င်းတို့ အမည်ကို မြန် မာ လို ရေးသောအခါ ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်၊ ဗိုလ်ချုပ်ကြီး ဖရန်ကိုသို့ မဟုတ် ဂျင်နရယ် လစ်ဇီမို ချန် ကေရှိတ်၊ ဂျင်နရယ်လစ်ဇီမို ဖရန်ကို စသဖြင့်သာရေးခဲ့သည်။ ထို့ ကြောင့် Senior General ဗိုလ်ချုပ်မှူး ကြီး ဆိုသည့် ရာထူးနှင့်အခေါ်မှာ မြန်မာပြည်၌သာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ထွင်ခဲ့သော ရာထူးနှင့် အမည် ဖြစ်သည်။

ဦးနေဝင်းခမျာမှာ ထိုရာထူးနှင့်အခေါ်ကို မထွင်ခဲ့မိသဖြင့် သေရွာမှနောင်တရကောင်းရမိနေပေလိမ့်မည်။ သူကောင်းစားခဲ့စဉ်ကဗိုလ်ချုပ်ကြီးနေဝင်းဟုသာအခေါ်ခံခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီးနေဝင်း သို့ မဟုတ် Senior General Ne Winဟုအခေါ်မခံခဲ့ရဘဲ သေရွာလားခဲ့ရခြင်းကြောင့်ဖြစ်သည်။ အကယ်၍သာ အနာဂတံသ ဉာဏ်တော်ရခဲ့သောရဟန်းတော်တပါးပါးကသော်၎င်း၊ ပုဂ္ဂိုလ်ထူးတဦးဦးကသော်၎င်း သူ့တပည့်များသည် တရုတ်ဇာတ်ထဲကလို “စူ့ထက်စူ လူစွမ်းကောင်း” လုပ်ပြကာ ဆရာ့ထက်လက်စွမ်းပြတော့မည်ကို ကြိုမြင် ခဲ့ရပြီးဟောထားခဲ့ပါက မည်သူ့ကိုမျှ “ဗိုလ်မထား” လိုခဲ့သော ဗိုလ်နေဝင်းသည် ဂျင်နရယ် လစ်ဇီမို နေဝင်း ဟုအခေါ်ခံခဲ့ကောင်းခံခဲ့ပေလိမ့်မည်။

“ဗိုလ်”ဟူသောဝေါဟာရကို စစ်တပ်ပိုင်သဘောမျိုးလုပ်လာကြခြင်း

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင်မူ “ဗိုလ်”ဟူသောဝေါဟာရကို စစ်တပ်ပိုင် သဘောမျိုးလုပ်လာကြသည်ကို ထင်ထင်ရှားရှားတွေ့ နိုင်ပေသည်။ ဥပမာ ယခင်က “ဗ” နှင့် “ဗိုလ်”ဟုရေးခဲ့ သော မျက်နှာဖြူများကို “ဘ” ဖြင့် “ဘို” ဟုပြောင်းရေးစေသည်။ ဗိုလ်ဖြူ ၊ ဗိုလ်နီ၊ ဗိုလ်မောင်၊ ဗိုလ်ကြီး၊ ဗိုလ်မ ၊ စသော လူအမည်များ ကိုလည်း “ဘ” ဖြင့် ပြောင်းကာ ဘိုဖြူ ၊ ဘိုနီ၊ ဘိုမောင်၊ ဘိုကြီး။ ဘိုမ ဟုသတ်ပုံပြောင်းလဲ ရေးစေသည်။ သို့ရာတွင် မျက်နှာဖြူ “ဗိုလ်” နှင့်ပတ်သက်ပြီးပေါ်ပေါက်လာသော ဗိုလ်စားပဲ ၊ ဗိုလ်စားငှက် ၊ ဗိုလ်ကေ၊ ဗိုလ်တဲ ၊ ဗိုလ်ထိုင်အိမ်သာ စသော အသုံးအနှုံးများကိုကား “ဗ” နှင့် “ဗိုလ်”ဟု ယခင်က အတိုင်းသာရေး နေသဖြင့် ယင်းသတ်ပုံကျမ်းဝိရောဓိဖြစ်နေပုံမှာ “လယ်ပြင်ဆင်သွားသလို” ထင်ရှားနေပေသည်။ ၎င်းပြင် မြန်မာသတ်ပုံကျမ်းများနှင့်အဘိဓာန်များတွင် “ဘို” ကိုမတွေ့ရပါ။  ရွှေဘို၊ မုဆိုးဘို တို့မှလွဲပြီး “ဘို” အသုံး အလွန်ရှားပါသည်။

မြန်မာဘာသာ၌ “ဗ” ရေးနည်း နှင့် “ဘ“ ရေးနည်းမှာ ရှေး ပဝေဏီကပင် ကွဲပြားခြားနားခဲ့ ပြီးဖြစ်သည်။ အသံထွက် တူသော်လည်း၊ စာလုံးပေါင်း မတူ၊ အများအားဖြင့် ပါဠိဘာသာ နှင့် အခြားဘာသာတို့ မှလာ သောစကားလုံးများကို “ဗ” ဖြင့်ရေးသည်။ “ဘ” ဖြင့်မရေးပါ။ ဥပမာ။ ဗုဒ္ဒ ၊ ဗာရာဏသီပြည်၊ ဗိမ္မိသာရမင်း၊ နိဗ္ဗာန်၊ အိုင်ယာလန်ပြည်မှ ဒဗ္ဗလင်မြို့ စသည်တို့ ကို “ဗ” ဖြင့် ရေးရသည်။ “ဘ” ဖြင့်မရေးရပါ။ လူ့ဘုံ၊ နတ်ဘုံ၊ စသည်တို့ သည် ဘုမ္မိ မှလာသဖြင့် “ဘ”ဖြင့်ရေးရမည်။ မြန်မာစာအရေးတွင် သေးသေးတင်နှင့် “မ”သတ်တူသည်၊ သေးသေးတင်ဆိုသည်မှာ “မ”သတ်ကိုအတိုကောက် ရေးထားခြင်းဖြစ်သည်။  ရွှေဘို ၊ မုဆိုးဘို စသည်တို့ ကို ဘကုန်းလုံးကြီးတင် တချောင်းငင် “ဘို” ဟုသာရေးသည်။ မည်သည့်အခါကမှ “ဗ” ဖြင့်မရေး။

မြန်မာတို့ တွင် ရေးတော့အမှန် ဖတ်တော့အသံ ဆိုသော စကားရှိသဖြင့် ဘ၊ ဖ၊ နှင့် ပ အချို့မကွဲသည့်  အရေးများရှိခဲ့ သည်။ ဥပမာ။ ကုလားပဲ၊ ဟု “ပ” ဖြင့်ရေးသော်လည်း၊ ကုလားဘဲဟု “ဘ” သံထွက်သည်။
သို့ ရာတွင် မတ်ပဲ၊ ပဲနီလေး၊ ပဲတောင့်ရှည် စသည်တို့ တွင် “ပ”သံသာထွက်သဖြင့်၊ သတ်ပုံ အမှန်မှာ “ပ” ဖြင့်ရေးကြောင်းထင်ရှားသည်။ ယခုခေတ်တွင် မှော်ဘီ ဟုရေးနေကြသောမြို့ ကို ယခင်က မွန်ဘာသာ အခေါ်အဝေါ် အတိုင်း မှော်ပီ ဟုသာရေးခဲ့သည်။ မှော်ပီဆရာသိန်း၏အမည်ပင် “ပ”ဖြင့်ပီထားခဲ့သည်။

“ဘ”နှင့် “ဖ”အရေးအသားများမှာလည်း ၁၉၅၀ ခုနှစ်များအထိ မကွဲပြားသေး။ ဥပမာ ယခုခေတ်ရေးနေ ကြသော ဖားသတ္တဝါ၊ ဖတ်စာ စသည်တို့ ကို ထိုခေတ်က “ဘား၊ ဘတ်စာ” ဟုသာရေးထားပြီး ဖတ်သော အချိန်တွင်မူ ရေးတော့အမှန်၊ ဖတ်တော့အသံဟုသောထုံးကို နှလုံးမူ ၍ “ဖ”သံဖြင့်၊ ဖတ်ရသည်။ အင်္ဂလိပ် ခေတ်က နံမည်ကြီးခဲ့သောဇာတ်မင်းသားကြီးဦးဘိုးစိန်က ၎င်း၏အမည်ကို “ဘ”ဖြင့်ပေါင်းခဲ့သော်လည်း အသံထွက်မှာ မူ “ဖ” အသံထွက်သည်။ ထိုခေတ်က ဝဇီရာဗုဒ္ဒိ ခေါ် သဒ္ဒါ ဘုရားဟု ဘွဲ့ ရခဲ့သော မြန်မာ စာပညာရှင်ကြီး ဦးဖိုးစိန်ကတော့ ”ဖ”သံထွက်သမျှကို “ဖ” ဖြင့်သာရေးစေလိုသဖြင့် “ဖဦးထုပ်” ဦးဖိုးစိန် ဟူသောဘွဲ့ ရခဲ့သည်။ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်နှင့်နတ်မောက်ဘုန်းကျော်တို့သည်လည်း ၎င်းတို့ ၏ အမည်ကို “ဘ”ဖြင့်ပေါင်းခဲ့သော်လည်း အသံထွက်မှာ မူ “ဖ” အသံထွက်သည်။ ထို့ ကြောင့် “ဘ”၊ “ဖ၊” နှင့် “ပ” ရေးထုံးတို့ မှာ၊ အချို့ နေရာများတွင် ရောထွေးလျက်ရှိခဲ့သော်လည်း “ဗ” နှင့် “ဘ”ရေးထုံး မှာမူ ရောထွေးနိုင်စရာ အကြောင်းမရှိပါ။

စာတိုက်ဗိုလ်၊ လမ်းဗိုလ်၊ ဆည်ဗိုလ်၊ ဂါတ်ဗိုလ်၊ စသော အုပ်ချုပ်ရေး နှင့်စီမံခန့် ခွဲရေး တာဝန်ယူထား ရ သော အရပ်ဖက်ဌာနအရာရှိများအတွက် သုံးသော “ဗိုလ်”များကိုလည်း “စာတိုက်ဦးစီးမှူး”၊ “ဆည်ဦးစီး မှူး”၊   “စာတိုက်မှူး”၊ ဆည်မှူး” စသောဝေါဟာရသစ်များဖြင့်အစားထိုးလေသည်။ ကာကွယ်ရေးဗိုလ်၊ ကင်း ဗိုလ်စသည့် အခြား လက် နက်ကိုင်တပ်ဖွဲ့များမှ “ဗိုလ်”များကိုလည်း  ကာကွယ်ရေးမှူး၊ ကာကွယ်ရေး ခေါင်းဆောင်၊ ကင်းမှူး၊ ကင်းခေါင်းဆောင်စသောဝေါဟာရသစ်များဖြင့်အစားထိုးလေသည်။ ၁၉၅၀ ခုနှစ် များက “ရဲဗိုလ်ချုပ်” ဟုခေါ်ခဲ့ပြီး စစ်တပ်မှဗိုလ်ချုပ် (မေဂျာဂျင်နရယ်) အဆင့်ရှိသောရာထူးကိုလည်း အိမ်စောင့်အစိုးရခေတ်ကပင် “ဗိုလ်” မပါစေရတော့ဘဲ ရဲချုပ် ဟုပြောင်းလဲခေါ်ဝေါ်စေသည်။ ၁၉၆၂ ခု စစ်တပ်မှအာဏာသိမ်းပြီးနောက် လက်ရှိ ရဲချုပ်ကို ပင်စင်ပေးလိုက်ကာ ရဲချုပ်၏ရာထူးအဆင့်ကိုလည်း စစ်တပ်မှဗိုလ်မှူးချုပ်အဆင့်နှင့်သာညီသည်ဟု  အဆင့်တဆင့်ချကာ ပြောင်းလဲသတ်မှတ်လိုက်သည်။

မြန်မာစစ်ဗိုလ်များနှင့်အစိုးရသတင်းစာများသည် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှ အရာရှိများကိုလည်း “ဗိုလ်”တပ်၍ မခေါ်ကြတော့ပေ။ ဥပမာ ကရင်လက်နက်ကိုင်တပ်မှ”ဂျင်နရယ်” အဆင့်ရှိသူ ဗိုလ်မြကိုလည်း ဗိုလ်ချုပ်မြဟု “ဗ” နှင့်မရေးဘဲ ဘိုမြ ဟု “ဘ” ဖြင့် သာရေးလေသည်။ တခါ တရံ ရိုင်းပြ နှိမ့်ချစွာ “ငမြ” ဟုပင်ရေးခဲ့သေးသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ဗမာအစိုးရဘက်မှ ဆက်သွယ်ရေးအရာရှိ “ကာနယ်” လှမင်းက ကရင် “ဂျင်နရယ်” ဗိုလ်မြကို တွေ့ သောအခါ အန်ကယ်မြ ဟုသာ ခေါ်ခဲ့သည်။ ရုတ်တရက်ကြည့်လိုက်လျှင် ဗိုလ်မြက ဗိုလ်လှမင်း ၏ ဦးလေးအရွယ် ဖြစ်နေသဖြင့် အာရှ တိုက်သားထုံးစံအတိုင်း ယဉ်ကျေးမှုအရ အန်ကယ် ခေါ်သည် ဟုယူဆနိင်သော်လည်း၊ အမှန်မှာမူ မြန်မာစစ်တပ်မှ “ကာနယ်” တဦးက (၎င်းတို့ ၏ အယူအဆအရ) ကရင် သောင်းကျန်းသူ သူပုန်တပ်မှ အရာရှိကြီးကို ဗိုလ်ချုပ်ဟု မခေါ်လို ၍လည်းကောင်း ၊ အလေးမပြုလို၍လည်းကောင်း၊ ဖြစ်ဟန်ရှိသည်။ နောက်ပိုင်းတွင်ထိုစဉ်ကဝန်ကြီးချုပ်ဖြစ်နေသူ ဗိုလ်ခင်ညွန့် နှင့် ဗိုလ်မြတို့ ရန်ကုန်တွင် တွေ့ ကြရာ၌လည်း ဗိုလ်ခင်ညွန့် သည်ဗိုလ်မြအား ဖထီး (ကရင်ဘာသာဖြင့် အဘ သို့ မဟုတ် ဦးလေး) ဟုသာခေါ်လေတော့ သည်။ သည်တကြိမ်တွင်တော့ ဗိုလ်မြကလည်း ဗိုလ်ခင်ညွန့် ကို ဗိုလ်ချုပ်ကြီးခင်ညွန့် ဟုမခေါ်ဘဲ  ကရင် ဘာသာဖြင့် ဖိုးဒို ( တူမောင်၊ တူကလေး) ဟုခေါ်ကာ “ပါးကိုက် နားကိုက်” သဘောမျိုး တန်ပြန် အစွမ်းပြ လေတော့၏။

ဤနည်းဖြင့် ဗိုလ်ဟုသောဝေါဟာရမှာ ဗိုလ်နေဝင်းခေတ်မှစကာ စစ်တပ်တဦးတည်းပိုင်စကားလုံးအဖြစ် တဖြည်းဖြည်း မောင်ပိုင်စီးခြင်းခံရလေတော့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းအရ အုပ်ချပ်သောအစိုးရတက်လာနိုင်စေရန် ကြိုးပန်းမှုများကို ” မြန်မာနိုင်ငံ၏ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ” ဟုပြောပါသည်။ ၎င်းအဆိုအမိန့် မှန် ကြောင်း အရှင်းဆုံးဥပမာတခုကိုပြရပါက ဗြိတိသျှကိုလိုနီခေတ်ကလည်း မျက်နှာဖြူ “ဘောင်းဘီဝတ် ဗိုလ်”များနှင့်မျက်နှာဖြူမဟုတ်သောဘောင်းဘီဝတ် “ဗိုလ်ကြက်ချေး”များသည် “ကတ္တီပါဖိနပ်စီး ရွှေထီး ဆောင်း” ဟုဆိုရမည့် အခွင့်အရေးများကိုရခဲ့ကာ ၎င်းတို့ကိုပြည်သူပြည်သားများက သခင်ခေါ်ရပြီး ဘုရား ထူးနေရသောခေတ်ဖြစ်ခဲ့သလို ယခုခေတ် “ဒုတိယကိုလိုနီခေတ်” တွင်လည်း “ဘောင်းဘီစိမ်းဝတ်ဗိုလ်” များနှင့် “ဘောင်းဘီစိမ်းချွတ်ပြီး အချိတ်လုံချည်ဝတ်ထားသော ဗိုလ်ဟောင်း” များကို  ပြည်သူပြည်သား များက လက်အုပ်ချီ ကန်တော့နေရပြီး သူတို့အမိန့်မှန်သမျှကို “မှနှ်လှပါ။ လျှော်ကန် သင့်မြတ်လှကြောင်း ပါဘုရား” လုပ်နေရဆဲဖြစ်သောကြောင့်ပင်တည်း။

နိဂုံး

လေးစားအပ်ပါသောစာရှုသူများခင်ဗျား …

နိဂုံးချုပ်ရာတွင် စာရေးသူအတွက် စဉ်းစားစရာများပေါ်လာပါသဖြင့် အောက်ပါပုစ္ဆာများကို လေးစားအပ် ပါသော စာရှုသူများအတွက်ထားခဲ့ပါသည်။ အဖြေပေးပါရန်ပါခင်ဗျား။

( ၁) “ဖီးမာရှယ်” သည် ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးရာထူးထက်မြင့်သည်။  “ဖီးမာရှယ်” ထက်မြင့်သော အကြီးဆုံးစစ်ဗိုလ်ကြီးကို Generalissimo ဟုခေါ်သည်ဟုဆိုထားချက်ရှိရာ ဒုတိယဗိုလ်ချုပ်မှူးကြီးဆို သည့် ရာထူးကလည်း  ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးရာထူးထက်မြင့်သော်လည်း ဗိုလ်ချုပ်မှူးကြီးဆိုသည့် ရာထူး၏အောက်တွင်ရှိသဖြင့် မြန်မာပြည်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး ဆိုသည့်ရာထူးသည် “ဖီးမာရှယ်” အဆင့်ရှိပြီး ဗိုလ်ချုပ်မှူးကြီးဆိုသည့်ရာထူးက Generalissimo အဆင့်ဟုပင်ယူဆရတော့မည်လော။

(၂) မေးခွန်းအမှတ်တစ်ကို “ဟုတ်သည်၊ ညီသည်”ဟုဖြေခဲ့ပါက အဘယ့်ကြောင့် အပြည်ပြည်မှလူတကာ  နားလည်နိုင်သော “ဖီးမာရှယ်”နှင့် Generalissimo ဟုမခေါ်ဘဲ Vice Senior General နှင့် Senior General ဆိုသောဝေါဟာရသစ်များထွင်ခဲ့ရပါသနည်း။

( ၃)  Generalissimo ဂျင်နရယ်လစ်ဇီမို ဆိုသည်မှာ “စစ်ဘုရင်”၊ “စစ်အာဏာရှင်” ဖြစ်သဖြင့် လူ ကြား  ကောင်းအောင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ရာထူးအမည်သစ်များကိုထွင်လိုက်ခဲ့ခြင်းပင်လော။

(၄)  မေးခွန်းအမှတ်တစ်ကို  “မဟုတ်ပါ” “၊ မညီပါ” ဟုဖြေခဲ့ပါက “Promotion to the rank of Field marshal or Five Star General required extraordinary military achievement by a general such as a wartime victory.” (“ဖီးမာရှယ်” သို့မဟုတ် ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးရာထူးရရှိရန်  ကြယ် လေးပွင့် ဗိုလ်ချုပ်ကြီးတယောက်သည် စစ်ရေးပြောင်မြောက်ထူးချွန်မှုတခုခု၊ ဥပမာ စစ်ဖြစ်နေချိန် အရေး ပါသော တိုက်ပွဲကြီးတခုကို ရွတ်ရွတ်ချွန်ချွန်အောင်မြင်ခြင်း စသည့် အရည်အချင်းတို့ကိုပြသခဲ့ပြီးဖြစ်ရ မည်) ဟု ဆိုထားသည့်အချက်နှင့် ငြိနေသဖြင့် (ဝါ) မညီသောကြောင့်  “ဖီးမာရှယ်” နှင့် Generalissimo ဟု မခေါ်ခဲ့ခြင်းပင်လော။

ကျမ်းကိုး။

1.    Department of the Myanmar Language Commission, Myanmar English Dictionary, Yangon,1993
2.    Maung Htin Aung, A History of Burma, Columbia University Press, 1967
3.    U Tin Htway, Word-Borrowing and Word-Making in Burmese Language, South Asian Digest of Regional Writing, Vol. 4: Essays on Transliteration, University of Heidelberg, Germany, 1975
4.    ပါမောက္ခဦးဧမောင်၊ ပုဂံကျောက်စာလက်ရွေးစင်၊ ရန်ကုန်၊ ၁၉၅၈
5.    မြန်မာစာဌာန၊ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ ရန်ကုန်၊ ၁၉၉၁။
6.    နတ်မောက်ဘုန်းကျော်၊ ရှေးခေတ်မြန်မာ့တပ်မတော်မှတ်စုများ၊ စာပေဗိမန်၊ ရန်ကုန်၊ ၁၉၆၇

မှတ်ချက်။ ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အတွေးအမြင်

2 Responses to ခင်မောင်စော (ဘာလင်) – “ဗိုလ်” ဟူသောဝေါဟာရ

  1. San Hla Gyi on April 18, 2015 at 6:25 pm

    ကျနော်လည်း မဟာဗန္ဓုလရဲ့ သမိုင်းစာအုပ်ဖတ်တော့ ဗိုလ်မှူး သတိုးသုဓမ္မ မဟာဗန္ဓုလလို့ ရေးထားတာ တွေ့ကတည်းက အဲဒါကို စဉ်းစားမိတယ်။ အော် ဗိုလ်မှူးဆိုတာ ရှေး မြန်မာ့တပ်မတော်ရဲ့ အခေါ်အဝေါ် အမြင့်ဆုံး စစ်သူကြီး ရာထူးပါလားပေါ့။ ဗိုလ်ချုပ်မှူးဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာ့စွယ်စုံကျမ်းထဲမှာ ခဏ ခဏ တွေ့တယ်။ အဲဒါကလည်း ကြယ်ငါးပွင့်အဆင့်တွေကိုပဲ သုံးထားတာ တွေ့တယ်။ နောက်ပြီး ဦးထွန်းငြိမ်း အဘိဓာန်ထဲမှာ Major ကို ဗိုလ်မှူးလို့ ဘာသာမပြန်ပဲ “တပ်အုပ်ဗိုလ်” လို့ ရေးထားတာ ဖတ်ခဲ့ဖူးတယ်။ ဗိုလ်ဆိုတာ ပို ဆိုတဲ့ မြန်မာစကားကနေ လာတယ် ဆိုတာ သိရတဲ့အတွက် ကျေးဇူးပါ အန်ကယ်။ ဘာသာစကားရဲ့ သဘာဝကတော့ တချို့ ဝေါဟာရတွေဟာ ခေတ်ပြောင်းသွားတာနဲ့ အခြေအနေကြောင့် ဒါမှမဟုတ်လည်း လူတွေကြောင့် ဝေါဟာရ နယ်ကျဉ်းသွားတာတို့ နယ်ကျယ်လာတာတို့ ပျောက်သွားတာတို့ ဖြစ်တတ်တယ် ထင်တယ်။ ကုဋေ ဆိုတဲ့ မြန်မာသချာင်္ စကားလုံးကို အိမ်အရောင်းအဝယ် လုပ်နေတဲ့ လူတွေတောင် သိပ်မသိတော့ဘူးလို့ ပြောကြတယ် ခင်ဗျ။

    • Khin Maung Saw on April 19, 2015 at 6:16 pm

      (၁) မြန်မာစကားမှာ “သားကိုသတိုး၊ ကျွန်ကိုနေမျိုး”လို့ဆိုရိုးရှိတယ်။ ဆိုလိုတာက “သတိုး”ဆိုတဲ့ဘွဲ့ကို မင်းညီမင်းသားတွေကိုသာပေးလေ့ရှိပြီး သာမန်လူ၊ မင်းညီမင်းသား မဟုတ်သူတွေ (မြန်မာဘုရင်တွေရဲ့အမြင်အရ သူတို့ရဲ့ကျေးတော်မျိုးကျွန်တော်မျိုးတွေ) ကိုတော့ “နေမျိး”ဘွဲ့သာပေးလေ့ရှိတယ်။ နေမျိုးမင်းထင်ကျော်ခေါင် ဆိုတဲ့နာမည်ကြားဘူးမှာပေါ့။ လောကနီတိကျမ်းကို မြန်မာဘာသာနဲ့လင်္ကာဖွဲ့ခဲ့သူလေ။ အဲဒီလိုပုဂ္ဂိလ်တောင် အရပ်သားမို့ “နေမျိး”ဘွဲ့သာရခဲ့ပါတယ်။ မဟာဗန္ဓုလကတော့ မင်းညီမင်းသားမဟုတ်ပေမဲ့ “သတိုး”ဆိုတဲ့ဘွဲ့ကိုရခဲ့ပါတယ်။

      (၂) ဦးထွန်းငြိမ်းအဘိဓာန်က ၂၀ရာစုအစပိုင်းမှာထွက်တာဆိုတော့ မြန်မာဘုရင့်စစ်တပ်အသုံးတွေပါမယ်မထင်ဘူး။ ဆရာယုဒသန် (A. Judson) ကတော့ ဘကြီးတော်တို့ မဟာဗန္ဓုလတို့ခေတ်ကိုမီလိုက်သူမို့ သူ့ အင်္ဂလိပ် -မြန်မာအဘိဓာန်မှာ Major ကို မြန်မာလိုဘယ်လိုအနက်ပေးထားသလဲကြည့်ပါ။ ကင်းဝန်မင်းကြီးကတော့ “မေဂျာ မက္ကလီလန် ဆော်ဖန်ဆင့်ဆို သံကြိုပွဲကြီးပြီး၏တည့်” လို့သာ အသံဖလှယ်ထားပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်