စံပယ်ဖြူ – အဆင်မပြေမှုများနဲ့ မြန်မာပြည်

April 18, 2015

စံပယ်ဖြူ – အဆင်မပြေမှုများနဲ့ မြန်မာပြည်
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၅

မြန်မာပြည်ကို (၅) လတိတိ ပြန်ရောက်နေချိန်မှာ စိတ်ဘ၀င်မကျစရာ အကြောင်းအရာတွေကိုပေါင်းစုပြီး စာတပုဒ် ချရေး လိုက်ပါတယ်။ ဘယ်အရာမဆို အဆင်ပြေသလို လုပ်နေကျတဲ့အကျင့်၊ နားလည်မှုနဲ့လုပ်ကြတယ်ဆိုတဲ့ ဓလေ့တွေ အရိုးစွဲ နေတာ သူ့ဟာသူတော့ အဆင်ပြေနေကြပါတယ်။ အရာရာတိုင်းကို စည်းကမ်းတကျ၊ စနစ်တကျ ဖြစ်စေချင်သူတွေအတွက် အဲဒီနားလည်မှုဆိုတဲ့ဟာတွေက စိတ်ဘ၀င်မကျစရာပါ။ အသေးအမွှားကိစ္စလေးတွေလို့ထင်ရပေမဲ့ ပြုပြင်သင့်တာတွေမို့ မြင်တွေ့ခဲ့သမျှကို ပြန်လည်မျှဝေလိုက်ပါတယ်။

မြန်မာပြည်ပြန်ရောက်တုန်း သက်တမ်းကုန်နေပြီဖြစ်တဲ့ ကျွန်မရဲ့ သူနာပြုလိုင်စင်ကို သက်တမ်းတိုးဖို့ သူနာပြု သားဖွား ကောင်စီမှာ ဖောင်သွားယူပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါတယ်။ ရဲစခန်းထောက်ခံစာပါ လိုအပ်တဲ့အတွက် ရွာပြန်တော့ ကျုံပျော်မြို့နယ် ရဲစခန်းမှာ ထောက်ခံစာသွားယူပါတယ်။ ရဲစခန်းက လိုတာတွေမေးပြီး ထောက်ခံစာကို အလွယ်တကူ ပေးလိုက်ပါတယ်။ တထောင်ကျပ်ပေးရမယ်ဆိုလို့ ကျွန်မ အလွယ်တကူပဲ ပေးလိုက်ပါတယ်။ ငွေတထောင် ကျပ်ကို ရဲက သူ့အင်္ကျီအိတ်ထဲ ထည့်လိုက်ပါတယ်။ တကယ်ဆို ငွေရပြေစာလေး ထုတ်ပေးရမယ်။ ကောက်ယူထားတဲ့ ငွေတထောင်ကျပ်က တိုင်းပြည်ဘဏ္ဍာ သို့မဟုတ် ဌာနဆိုင်ရာ အသုံးစရိတ်အတွက် စားရင်ဝင်သွားရမယ် မဟုတ်လား။ ထောက်ခံစာ တခါထုတ်ပေးရင် ငွေတထောင်၊ လူတရာလာတဲ့အခါ ငွေတသိန်း၊ ဒီငွေတွေ ဌာနအသုံးစရိတ် မဖြစ်တော့ပဲ ဇီးသီးပန်းကန် မှောက်ကျသလို ဟိုလွင့်ကျ ဒီလွင့်ကျ။ နှစ်ပေါင်းများစွာ ဒီလိုပဲ အဆင်ပြေနေတဲ့ ကိစ္စလေးက ကျွန်မ စိတ်ထဲမှာတော့ အဆင်မပြေပါ။

ဌာနဆိုင်ရာ အသီးသီးမှာ ဒီလိုအသေးအမွှားကစလို့ ငွေကြေးပမာဏ များစွာအထိ လေ့လွင့်နေလို့ တတိုင်းပြည်လုံး မွဲပြာကျ နေတာကို သိကြပြီးသားပါ။ ဇီးသီးထုတ်ပေါက်ကျတဲ့အဖြစ်ကလေးတခုကိုလည်း ရယ်စရာအဖြစ် ပြောပြချင်သေးတယ်။ မလေးရှားမှာ သိကျွမ်းခဲ့တဲ့ ကရင်လေးတယောက် သူ့ရဲ့ဆယ်တန်းအောင်လက်မှတ်နဲ့ အမှတ်စားရင်ကို နိုတြီပြန်ပြီး ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်မအကျိုးဆောင်ပေးလိုက်ပါတယ်။ အမှတ်စာရင်း မူရင်းမရှိတော့လို့ အာစီတူးက ဇွဲကပင်ဆောင် မှာ သွားယူပေးရတယ်။ ငွေလေးရာကျပ်ပဲ ပေးရတယ်။ ချက်ချင်းထုတ်ပေးလိုက်ပါတယ်။ ငွေလေးရာကျတယ်ဆိုတော့ ကျွန်မက ငါးရာတန်ပေးလိုက်ပါတယ်။ ငွေကောက်တဲ့ဝန်ထမ်းက အကြွေ ၁၀၀ မရှိဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်မက ငွေလေးရာကျပ် အကြွေကို အိတ်ထဲမှာရှာပြီးပေးမယ်လုပ်တော့ ၀န်ထမ်းအမျိုးသမီးက၊ မဟုတ်ဘူးအမ ကျွန်မက ၁၀၀ မရှိ တာလို့ ဆိုပါတယ်။ ကျွန်မလည်း အူကြောင်ကြောင်ဖြစ်သွားရာ သဘောပေါက်လိုက်ပါတယ်။ အမ်းရမဲ့ ငွေတရာကို မယူ တော့နဲ့လို့ ဆိုလိုတာပါ။ အစိုးရဌာနတွေကိုသွားရင် သူတို့သဘောတွေကို ဘာသာပြန်တတ်ဖို့ လိုပါတယ်။ ငွေ ၁၀၀ ဘာမှ မပြောပလောက်ဘူး ဆိုပေမဲ့ ဒါလည်း လေလွင့်တမျိုးပါ။ ငွေ ၁၀၀ ကျပ်တွေပေါင်းလိုက်ရင် ထောင်၊ သောင်း၊ သိန်းဂဏန်းတွေ ဖြစ်လာတယ် မဟုတ်လား။

အဆင်ပြေသလို လုပ်စားနေကြရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ နှလုံးထီ၊ သုံးလုံးထီရောဂါဟာ ကင်ဆာလို့ အမြစ်စွဲနေပါတယ်။ ငွေကို လွယ်လွယ်ရချင်တော့ နှလုံးထီထိုး၊ ဒိုင်ခံကြတာ လူနည်းစု ချမ်းသာသွားကြပြီး၊ အများစုကတော့ မွဲသွားကြပါတယ်။ ရှိတာတွေ အကုန်ပြောင်လို့ ကြွေးပတ်လည် ၀ိုင်းနေပေမဲ့ အမြစ်စွဲနေတဲ့ ရောဂါက ပျောက်မသွားပါဘူး။ ကြားက အမြတ်ထွက် တဲ့ သူတွေကတော့ ပြည်သူ့ရဲများ ဖြစ်ပါတယ်။ ချဲဒိုင်ခံတဲ့သူတွေ၊ ကော်မရှင်စားတဲ့ သူတွေက အဖမ်းမခံရအောင် ရဲတွေကို ဆက်ကြေးအမြဲပေး ရပါတယ်။ ခုနောက်ပိုင်း ချဲဒိုင်ခံတဲ့လူတွေ နည်းသွားတာကြောင့် ဆက်ကြေးရတာ နည်းသွားတယ်။ ကျွန်မတို့ရွာမှာ ဆက်ကြေးလာယူတဲ့ ရဲတယောက်က တွက်ခြေမကိုက်တော့ဘူးလို့ ညည်းတယ်ဆိုလို့ ကျွန်မ စိတ်ပျက်မိ ပါတယ်။ ရဲတွေ တွက်ခြေကိုက်ဖို့ ကျွန်မတို့ရွာသားတွေ  မွဲဆေးဖော်တဲ့အလုပ်ကို ဆက်လုပ်ရမလို ဖြစ်နေပါတယ်။

မြန်မာပြည်မှာ အောက်ခြေ၀န်ထမ်းကစလို့ အထက်အရာရှိအဆင့်ထိ လုပ်ပိုင်ခွင့်အလိုက် အကြံအဖန်လုပ် တိုလျှိုနေကြလို့ ကျွန်မတို့ တိုင်းပြည်လည်း တက်တက်ပြောင်မက အကြွေးထူနေပြီ။ အစိုးရ၀န်ထမ်းလုပ်ရင် အကြံအဖန် လုပ်တတ်မှ။ အပြင် စီးပွားရေးလုပ်ရင် လည်သလို လုပ်စားတတ်မှ။ အဆင်ပြေသလို လုပ်စားနေရတဲ့ခေတ်မှာ အဆင်မပြေ ကြသူများကတော့ သူများတိုင်ပြည်မှာ သွားလိုက်ပြန်လိုက်။ ကျွန်မပြန်ရောက်ခါစက အဆင်ပြေတဲ့ အလုပ်များရရင် မြန်မာပြည်မှာပဲ ပြန်လုပ်ရင် ကောင်းနိုး စိတ်ကူးမိပါသေးတယ်။ သူနာပြုတွေအတွက် ဘယ်တိုင်းပြည်မှာမဆို အလုပ်ကပေါပါတယ်။ မြန်မာပြည်မှာ လုပ် သက်ရင့် သူနာပြုတယောက်ရဲ့ အမြင့်ဆုံးလစာ (၅) သိန်း အလွန်ဆုံးပါ။ လစာ (၅)သိန်းနဲ့ ရန်ကုန်မှာ ပြန်လုပ်ဖို့ အဆင်မပြေ သေးဘူးလို့ဆိုရင် လွန်တယ်လို့ မမှတ်စေချင်ဘူး။ ရန်ကုန်မှာ အိမ်ပိုင်မရှိတဲ့ ကျွန်မ အခန်းငှားနေရင် အိမ်အသုံးအဆောင် ပစ္စည်းတွေမပါ (၁) သိန်းခွဲ၊ (၂) သိန်း ကုန်ပါမယ်။ စားစရိတ် အထွေထွေအသုံးစရိတ်တွေပေါင်းလိုက်ရင် ရတဲ့လစာ ပြောင် ပြီ။ လိုင်းကားစီးပြီး အလုပ်သွားမယ်ဆိုရင် စည်းမဲ့ကမ်းမဲ့ ယဉ်းမောင်းသူတွေရဲ့လက်ထဲ အသက်ချောင်းကို ပုံအပ်ထားမှ ဖြစ်မှာပါ။

မြန်မာပြည် နယ်အရပ်ရပ်က ဘွဲ့ရပညာတတ် မိန်းကလေးတွေ ရန်ကုန်မှာရတဲ့လစာနဲ့ အလုပ်လုပ်ရင်း ကြိုးစားရပ်တည် နေကြတာကို ကျွန်မမြင်ပါတယ်။ ကျဉ်းကြပ်တဲ့ အဆောင်ခန်းလေးငှားနေရင်း လိုင်းကားတိုးစီးရင်း၊ ဘ၀ကို အဆင်ပြေသလို ရုန်းကန်နေကြတယ်။ အဲဒီလို နေ့ရက်တွေကို ကျွန်မ ကျော်လွန်ခဲ့ပြီးပြီ။ လောကဓံအမျိုးမျိုးကိုရင်ဆိုင်ခဲ့ရတာ ကျွန်မ မောနေ ပြီ။ ငယ်ရွယ်တဲ့အချိန်တုန်းက ဘ၀ခါးခါးကို ခံနိုင်ရည်အားတွေ ရှိပါတယ်။ ခုချိန်မှာ လူရောစိတ်ရော ပန်းနေပြီမို့ ခါးသီးမှုတွေ ကို ပြန်မလိုချင်တော့ဘူး။ ဒီလိုနဲ့ပဲ သူများတိုင်းပြည်က အလုပ်ခန့်စာကို လိုလိုချင်ချင် လက်ခံပါတယ်။ အလုပ်ခန့်စာ မရခင် ရန်ကုန်မှာ နေတဲ့ရက်တွေကြာလာလို့၊ အသုံးစရိတ်ရအောင် နိုင်ငံခြားကလာဖွင့်တဲ့ဆေးခန်းတခုမှာ ခဏ၀င်လုပ်ပါတယ်။ တနေ့ကို USD 17 ဒေါ်လာရပါတယ်။ မဆိုးဘူးလို့ ဆိုရမှာပါ။ ရုံးချိန်အလုပ်ဆင်းရတာမို့ လိုင်းကားစီးရတဲ့ဒုက္ခကို ကောင်း ကောင်း သိသွားပါတယ်။

ရန်ကုန်မှာ လိုင်းကားစီးရင်း၊ ကားစောင့်ရင်း အဆင်မပြတာတွေတွေ့ပြီး ရယ်စရာ ဒေါသဖြစ်စရာတွေလည်း ရှိရဲ့။ မြန်မာ့  နည်း မြန်မာ့ဟန် ယဉ်မောင်းစနစ်လို့ဆိုရမလား၊ အချိုးအကွေ့နဲ့ လမ်းဆုံတွေမှာ လက်ညှိုးလေးထောင် အကိုရေ တစီး လောက်လို့ဆိုပြီး အတင်းတိုးဝင်သွားကြပါတယ်။ နေ့စဉ်အလုပ်သွားတဲ့ အလုပ်သမားဝန်ထမ်းတွေကို အလုပ်ရှင်အချို့က ကားအကြိုအပို့ ပေးပါတယ်။ အလုပ်သမားတွေကို များသောအားဖြင့် ဒိုင်နာကား၊ ဟိုင်းလပ်ကားတွေနဲ့ ပို့ပေးကြတယ်။ တချို့က အမိုးမပါ ထိုင်ခုံတန်းမပါတဲ့ ထရပ်ကားတွေနဲ့ ပို့ပေးတယ်။ ဒီထက်ဆိုးတာက ကုန်တင်တဲ့ အလုံပိတ် ကွန်တိန်နာ ကားတွေနဲ့ ကြိုပို့လုပ်ပေးကြပါတယ်။ အနောက်ပိတ်ကို ဖွင့်ပြီး၊ လှောင်အိုက်နေတဲ့ ကွန်တိန်နာကားတွေထဲမှာ အရယ်အမော မပျက် လိုက်ပါသွားကြတဲ့အလုပ်သမားတွေကို ကြည့်ပြီး၊ လူကိုလူလို့ မမြင်တတ်ကြတဲ့ အလုပ်ရှင်တွေကို ဒေါသဖြစ်မိပါတယ်။ သူဟာသူ အဆင်ပြေ ကျေနပ်နေကြတာကို ကျွန်မက အိုးကမပူပဲ စလောင်းက ပူနေသလို ဖြစ်နေပါတယ်။

ရန်ကုန်ကို ပြန်ရောက်ခါစက နိုင်ငံခြားမှာလို ငွေလဲတဲ့ ဆိုင်တွေရှိလာတာကို ချီးကျူးမိပါတယ်။ သူများထက်ထူးတဲ့ မြန်မာ ပြည်မှာ ငွေလည်းစနှစ်က သူများတိုင်းပြည်နဲ့ မတူ။ ဒေါ်လာငွေက နွမ်းနေရင် ခေါက်ရိုးကျိုးနေရင် ပုံမှန် ငွေလည်းနှုန်းထက် လျှော့ပေးပါတယ်။ တရာတန်ဆို ဈေးတမျိုး၊ ဆယ်တန်က ဈေးတမျိုး၊ ကျပ်တန်က ဈေးတမျိုး။ ငွေလဲတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုဝေဖန်ကြမယ်တော့ မသိ။ ကျွန်မစိတ်ထဲတော့ မြန်မာ့နည်း မြန်မာ့ဟန် ငွေလဲစနစ်ကို တော်တော် သဘောမကျပါ။ ဒေါ်လာကို ရွှေလိုတန်ဖိုးထားနေရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ မြန်မာကျပ်ငွေတွေရဲ့ ဖောင်းပွမှုက ကြီးထွားလျှက်ပဲ။ သူများ တိုင်းပြည်မှာ ဘဏ်စနစ်တွေ သိပ်ကောင်းသလောက် မြန်မာပြည်က ဘဏ်တွေမှာ ငွေထုတ်တွေ ထမ်းပိုးရတုန်း။ ဘဏ်ဝန် ထမ်းတွေ ငွေထုတ်တွေ သယ်ရ၊ ငွေစက္ကူတွေရေရနဲ့ သူတို့အစား ကျွန်မ စိတ်ပျက်မိပါတယ်။

လည်သလို လုပ်စားနေတဲ့ မြန်မာပြည်က နေရာဦးတဲ့ ၀န်ဆောင်မှုအကြောင်းကိုလည်း ပြောပြချင်သေးတယ်။ ရန်ကုန်က မလေးရှား သံရုံးမှာ ဗီဇာလျှောက်ရင် မနက် (၉) နာရီကနေ (၁၁) နာရီအတွင်း သံရုံးရှေ့မှာ တန်းစီစောင့်ပြီး၊ တုံကင်နံပါတ် ယူရပါတယ်။ ကျွန်မ ဗီဇာလျှောက်တာ ဧပြီ်လဖြစ်နေတော့ သင်္ကြန်ပိတ်ရက်မှာ စင်္ကာပူနဲ့မလေးရှားကို အလည်သွားဖို့ ဗီဇာ လျှောက်တဲ့ သူတွေများပါတယ်။ မနက်အစောကြီးသွားတန်းစီမှ (၉) နာရီမှာ တုံကင်နံပါတ်ရပါတယ်။ ကျွန်မက (၈) နာရီ လောက်မှ ရောက်သွားတော့ (၁၁) နာရီ ထိုးတဲ့အထိ တန်းစီးစောင့် ပြီးမှတုံကင်နံပါတ် ရပါတယ်။ နံပါတ်ရပြီးတော့ ကိုယ့် အလှည့်ရောက်အောင်စောင့်ရတာ ညနေ (၄) နာရီအထိပါ။ အဲ့ဒီလို မစောင့်နိုင်ရင် မနက် (၂) နာရီလောက်ကတည်းက ကြိုပြီးနေရာဦးထားတဲ့ လူတွေကို ပိုက်ဆံပေးပြီး၊ နေရာယူ လို့ရပါတယ်။ ဘယ်လောက်လဲ မေးကြည့်တော့ တသောင်းကျပ်လို့ ဆိုပါတယ်။ ငွေတသောင်း အကုန်မခံချင်လို့ တန်ခူးလ နေပူပူမှာ ဗန်ဒါပင်ရိပ်ခိုပြီး၊ သူများနည်းတူ တန်းစီးစောင့်လိုက် ပါ တယ်။ တနေကုန် အချိန်မပေးနိုင်တဲ့သူတွေတော့ နေရာဝယ်ကြတယ်ထင်ပါရဲ့။ ဒါလည်း မြန်မာ့နည်း မြန်မာ့ဟန် ၀န်ဆောင် မှုတမျိုးလို့ ဆိုရမလို။
အမြင်မတော်တာတွေ အဆင်မပြေတာတွေကို စာဖွဲ့လို့တော့ မကုန်နိုင်ပါ။ ဘယ်အရာမှ စနစ်တကျမဖြစ်တာတွေကို ဘ၀င် မကျပေမဲ့ မျက်စိမှိတ်နေရတဲ့အဖြစ်ကလည်း အဆင်မပြေခြင်းတခုပါ။ မြန်မာပြည်မှာနေလို့ အဆင်မပြေမဲ့အတူတူ မလေးရှား နိုင်ငံ ဆာဘားပြည်နယ်ကို ထွက်ခဲ့ပါတယ်။ ဆားဘားပြည်နယ်ရဲ့မြို့တော် ကိုတာကင်နာဘာလူး (Kota Kinabalu) က အစိုးရတက္ကသိုလ်မှာ ကျွန်မရဲ့ အတွေ့အကြုံ ပညာအရည်အချင်းနဲ့ ထိုက်တန်တဲ့ နေရာတခုရပါတယ်။ အဲဒီနေရာ ဒေသမှာ ဘယ်လောက်ကြာကြာ ခိုနားရအုံးမလဲဆိုတာ မသိ၊ အဆုံးမသိတဲ့ခရီးကို ခြေဦးလှည့်ခဲ့ပါတယ်။ ရန်ကုန်လေဆိပ်ကနေ လေယာဉ်ထွက်တော့ မြန်မာပြည်ကို ပြန်ငေးကြည့် မိပါတယ်။ ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးပြင်းခဲ့ပြီး၊ ဒီမြေမှာ ပညာသင်ခဲ့တဲ့ ကျေးဇူးတွေကို မမေ့ပါဘူး။ ဒီမြေကို မခင်တွယ်လို့လည်း မဟုတ်ဘူး။ ဒီမြေမှာနေဖို့ အဆင်မပြေသေးလို့ပါ။ အဆင်မပြေမှု များနဲ့ ပြည့်လျှံနေတဲ့ မြန်မာပြည်ကိုပြန်လာဖို့ မျှော်ကြည့်နေကြတဲ့ အဝေးရောက်မြန်မာတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝစေ ဖို့ သဘာဝတရားက ဆောင်ကြဉ်းပေးပါလိမ့်မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
စံပယ်ဖြူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ရသဆောင်းပါးစုံ

2 Responses to စံပယ်ဖြူ – အဆင်မပြေမှုများနဲ့ မြန်မာပြည်

  1. Thet Tin on April 18, 2015 at 2:15 pm

    ညီမ​လေး ​ပြော​နေတာ​တွေတကယ်​လား ၊ဒို့မြန်​မာပြည်​မှာဟုတ်​ရဲ့လား
    မဖြစ်​နိုင်​ဘူး ထင်​တာပဲ​လေ ၊ဘာလို့လဲဆို​တော့ဒို့မြန်​မာပြည်​ကအရမ်း
    တိုးတက်​ တာ၊စည်းကမ်းလည်းသိပ်​ရှိတာ၊လာဘ်​စားမှုဆိုတာဘာမှန်း
    ကိုမသိကြတာ၊မဟုတ်​တာမ​ပြော​ကြေး​နော်

  2. Ko Zaw on April 19, 2015 at 3:05 pm

    Blame others is “low level solution of a problem”.
    What to do for “Myanmar Corruption”? .. , we still paying US$10 , by put inside the passport at immigration entry counter. If the counter lady refuse money, she will be move to other place.
    Who is main person… I myself is a problem? … let it be “System Fault” … 🙂

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်