လှကျော်ဇော – ရခိုင်ရိုးမပေါ်က ကြယ်နီကြီး

April 18, 2015

 လှကျော်ဇော – ရခိုင်ရိုးမပေါ်က ကြယ်နီကြီး
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၅
(၁)

● နောက်ဆုံးနေ့
၂၀ဝ၅ ခုနှစ် ဧပြီလ ၂၁ ရက်၊ နေ့လည်ခင်း

ကလင် … ကလင် …ကလင် …

ဒီလိုအချိန်အခါမျိုး ဖုန်းသံမြည်လာရင် ထိပ်ထိပ်ပြာပြာဖြစ်ပြီး ကတုန်ကယင်နဲ့ ဖုန်းကောက်ကိုင်လိုက်ရပါတယ်။ ကျွန်မတို့ မိသားစုနဲ့ နှစ်ပေါင်းများစွာ နှစ်အိမ့်တအိမ် နေခဲ့ကြရပြီး အလွန်ရင်းနှီးခင်မင်လေးစားရတဲ့ ရဲဘော်ကြီး (ဦး) ကျော်မြ အသည်း အသည် မမာမကျန်းဖြစ်ပြီး ဆေးရုံတင်ထားရချိန်ပါ။ ဒါကြောင့်ပဲ ဖုန်းသံကြားတိုင်း ဘုရား … ဘုရား ဆေးရုံကမဟုတ် ပါစေနဲ့လို့ချည်း ဆုတောင်းနေရတာပါ။

ဒီတခါ ဆုတောင်း မပြည့်ပါဘူး။

“ဒေါ်ဒေါ် – ပါပါအခြေအနေ ဆိုးနေပြီ”တဲ့။ ဦးကျော်မြသမီး ရီရီ ဆေးရုံက လှမ်းအကြောင်းကြားတာပါ။“အေး-အေး-ဒေါ်ဒေါ်တို့ ခုပဲ လာခဲ့မယ်”လို့ ပြောပြောဆိုဆိုနဲ့ ဖုန်းချပြီး ဆေးရုံကို လိုက်သွားဖို့ ပြင်ဆင်ရပါတယ်။

ပက်လက်ကုလားထိုင်ပေါ်မှာ စာဖတ်နေတဲ့ ဖေဖေကို “ဆေးရုံခဏ သွားလိုက်ဦးမယ်နော်” လို့ပြောပြီး အပေါ်ထပ်တွေ မှာနေကြတဲ့ ကျန်ရဲဘော်များကို အကြောင်းကြားရပါတယ်။ နေ့လည်လမ်းလျှောက်ထွက်ချိန် ဖြစ်ကြလို့ ရဲဘော် (ဦး) ဖေသောင်း (လေထီး) တို့အိမ်ပဲ လူရှိပါတယ်။ အဲဒီကာလက ရဲဘော်ဖေသောင်းကိုယ်တိုင်ကလည်း ကျောက်ကပ် ကင် ဆာရောဂါနဲ့ ဆေးကုသမှု ခံယူနေရတဲ့ ကာလပါ။ ရဲဘော်ဖေသောင်းဇနီး ရဲဘော် (ဒေါ်) မီနာကို အကျိုးအကြောင်းပြောပြပြီး ကျွန်မတို့နှစ်ယောက် ဆေးရုံသွားဖို့ လုပ်ကြရပါတယ်။ ဒီမှာတင် ရဲဘော်ဖေသောင်းက သူပါလိုက်မယ်လို့ ဆိုလာပါတယ်။ ကျွန်မက “ဟာ .. ဦးဖေသောင်းကလည်း ဆေးရုံကဆင်းလာတာလည်း မကြာသေးဘူး။ ကင်ဆာဆေးတွေလည်း သွင်းထား ရတာ။ ကျွန်မဖြင့် ဖေဖေကို ပြောတောင်မပြဘူး။ မလိုက်ပါနဲ့။ ကျွန်မတို့ပဲသွားပါ့မယ်” လို့ပြောတော့ ဦးဖေသောင်းက “ဦးကျော်မြဟာ ပါတီရဲ့ လူမျိုးစုခေါင်းဆောင်ကြီး။ ပိုပြီးအလေးထားရမယ်။ ပိုဂရုစိုက်ရမယ်” လို့ ဆိုပါတယ်။

ဒီတော့မှ ကျွန်မလည်း ဖေဖေပြောဖူးတဲ့စကားတခုကို သတိရလာပါတယ်။ “သမီးရဲ့ ဖေဖေတို့ပါတီမှာ ဦးကျော်မြလို လူမျိုးစုခေါင်းဆောင်ကြီးတယောက်ကို အမြင့်ဆုံးခေါင်းဆောင်တဦးအဖြစ် ရထားတာ သိပ်ကျက်သရေရှိတာ။ သိပ်အဖိုးတန်တာ” တဲ့။ ကျွန်မလည်း သြော် … ဟုတ်ပါရဲ့ …။  ဒီလိုဆို ဖေ့ဖေ့ပါခေါ်သွားရမှာလို့ဆိုပြီး ကျွန်မတို့သားအဖ။ ဒေါ်မီနာတို့ ဇနီး မောင်နှံ လေးဦးသား ဆေးရုံကို အမြန်လိုက်သွားခဲ့ကြပါတယ်။

ကျွန်မတို့ရောက်သွားတော့ ရဲဘော် (ဦး) ကျော်မြ ကွယ်လွန်သွားပါပြီ။ ကျွန်မတို့တတွေ တန်းစီပြီး ရဲဘော်ကျော်မြကို အ လေးပြုကြပါတယ်။ ကျွန်မနဲ့ ဒေါ်မီနာကတော့ ရဲဘော်ကျော်မြမိသားစုနဲ့အတူ ထိုင်ကန်တော့လိုက်ပါသေးတယ်။ အပြန် လမ်းမှာတော့ ဖေဖေက “အင်း … သွားပြန်ပြီတယောက်” လို့ သက်ပြင်းရှည်ကြီးချပြီး ကြေကွဲဝမ်းနည်းစကားဆိုပါတယ်။ ဟုတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အနားယူနေထိုင်နေကြရတဲ့ ပါတီရဲ့မျိုးဆက်ဟောင်း၊ နာယက ခေါင်းဆောင် ရဲဘော်ကြီးတွေဟာ တဖြုတ်ဖြုတ်နဲ့ ကွယ်လွန်နေကြပါတယ်။ အားလုံးနီးပါးကလည်း ရှစ်ဆယ်ကျော် ကိုးဆယ်တန်း ရောက် နေကြပြီလေ။

အားလုံးထဲမှာ ရဲဘော်ကျော်မြက ကံအကောင်းဆုံးလို့ ဆိုရမှာပါ။ ရာသက်ပန်တော်လှန်ရေးသမားကြီးတွေဖြစ်ကြတော့ အများတကာ့ အများစုကြီးဟာ သားတကွဲ မယားတကွဲ ဖြစ်ကြရပါတယ်။ တချို့ခေါင်းဆောင်များဆိုရင် တဦးတည်း ခြောက် ခြောက်သွေ့သွေ့နဲ့ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်ရတာပါ၊ ရဲဘော်ကြီးကျော်မြကတော့ နောက်ဆုံးအချိန်မှာ သားစုံ သမီးစုံ မိသားစု အစုံအလင်ရှိခဲ့ပါတယ်။ သြော် … ဒီလိုဆိုတော့ ဖြေသာသေးတာပေါ့လေ။

(၂)

● ပန်ဆန်းကာလ
ရဲဘော်ကျော်မြဟာ မိသားစုနဲ့အတူ ရခိုင်ရိုးမကနေ ပါတီဗဟိုရှိရာ အရှေ့မြောက်စစ်ဒေသ။ ပန်ဆန်းကို ရောက်ရှိလာခဲ့တဲ့ ၁၉၇၉ ခုနှစ်နှောင်းပိုင်းကစလို့ ရဲဘော်ကျော်မြ ကွယ်လွန်ချိန် ၂၀ဝ၅ ခုနှစ်အထိ ကျွန်မတို့မိသားစုနဲ့တောက်လျှောက်နေလာ ခဲ့တာပါ။ အထူးသဖြင့် ၁၉၈၉ ခုနှစ် ပါတီတွင်း ဖရိုဖရဲ ပြိုကွဲမှုများဖြစ်ပြီးနောက် ပါတီဗဟိုခေါင်းဆောင်အများစုကြီး (အား လုံးနီးပါး) အနားယူလိုက်ရတဲ့အခါ ကျွန်မတို့နှစ်အိမ်ထောင် မိသားစုဝင်တွေဟာ အိမ်နီးနားချင်းအဖြစ် နေလာခဲ့ရပါတယ်။ ဒါကြောင့် ရဲဘော် (ဦး) ကျော်မြအကြောင်း ရေးမယ်ဆို အများကြီး ရေးနိုင်ပါတယ်။ အတူတူနေထိုင်ကြရတဲ့ကာလက အ ကြောင်းအရာတွေသာမက ရခိုင်ဒေသ ဘက်စုံတည်ဆောက်ရေးလုပ်ငန်းတွေ၊ ပြောက်ကျားတိုက်ပွဲ ဖော်ဆောင်မှုတွေ၊ ပြေးရင်းလွှားရင်းကပေးခဲ့တဲ့ နိုင်ငံရေးသင်တန်းတွေ စတဲ့ စတဲ့ သူစိတ်လိုလက်ရ (အခွင့်သာတဲ့အချိန်မှာ) ပြောပြဖူးတဲ့ အဖိုးတန်လှတဲ့ အခြေခံဒေသတည်ဆောက်ရေး အတွေ့အကြုံတွေ အများကြီးမှ အများကြီးပါ။

ဒါပေမယ့် အခု ကျွန်မရေးချင်တဲ့အကြောင်းကတော့ ရဲဘော်ကြီးကျော်မြရဲ့ အခြေခံစိတ်ဓာတ်ဖြစ်တဲ့ အလွန်ကြီးမားလှတဲ့ ကရုဏာတရားအကြောင်းပါ။

ရဲဘော်ကျော်မြမှာ သားသမီး အလွန်များပါတယ်။ စုစုပေါင်း ၆ ယောက်ပါ။ ကျွန်မတို့ ပန်ဆန်းကို ၅ ယောက် ပါလာပါတယ်။ တယောက်က ရခိုင်မှာ အူယောင်ငန်းဖျားရောဂါနဲ့ ဆုံးပါး ကျန်ရစ်ပါတယ်။ အဲသလောက် ကိုယ့်မှာ သားသမီးများနေလျှက် နဲ့ ဘယ်ကကလေးမဆို သူ အလွန်ချစ်တတ်ပါတယ်။ သူကြည့်လိုက်ရင် ကလေးတယောက်ယောက်ကို ပေါင်ပေါ်တင်ချီ ထားတာ တွေ့ရတတ်ပါတယ်။ သူ့မို့ ဗဟိုရုံးကနေ အရှေ့မြောက်စစ်ဒေသဌာနချုပ်ဘက် ဆင်းတော့မယ်ဆိုရင် ဗဟိုရုံးက ကလေးတွေ တပြုံတမကြီး သူနဲ့အတူ လိုက်ဆင်းသွားကြပါတယ်။ ရဲဘော်ကျော်မြက အသက်ကလည်းကြီး။ ကျန်းမာရေး ကလည်း သိပ်မကောင်းသူမို့ သူဘယ်သွားသွား စခန်းက ကားစီစဉ်ပေးတတ်ပါတယ်။ ဒါကြောင့် ကလေးတွေက အပျော် ကားလိုက်စီးကြတာပါ။ သူကလည်း အလွန်အရေးကြီးတဲ့ကိစ္စမရှိရင် ဘယ်သွားသွား ကလေးတပြုံထောင်ကြီးနဲ့ သွားရတာ ပျော်ပုံရပါတယ်။

ကလေးတွေကိုသာမက နောက်မျိုးဆက်ရဲဘော်တွေအပေါ်လည်း အတော်သဘောထားမှန်ပါတယ်။ စေတနာလည်းရှိလေ တော့ မသင့်တော်တာတွေတွေ့လာရင် ဘယ်တော့မှ မျက်နှာလွှဲမနေတတ်ဘဲ တဦးချင်းခေါ် ဆွေးနွေးပြောဆို ဆုံးမတတ်ပါ တယ်။ သူ့စည်းရုံးရေးအတွင်းက ဟုတ်ဟုတ် မဟုတ်ဟုတ်ပါ။ သူက ပြောက်ကျားဒေသက လာသူဖြစ်လေတော့ ကျွန်မတို့ ပန်ဆန်းက တည်ငြိမ်တဲ့ အေးချမ်းတဲ့ဒေသမှာ တွေ့ရတတ်တဲ့ အတွေးအခေါ်တွေ အဖြစ်အပျက်တွေအပေါ် သူက ဘဝင် မကျလှပါဘူး။ ဒါပေမယ့် သူ စေတနာမှန်နဲ့ ဝေဖန်ထောက်ပြချက်တွေအပေါ် နားလည်သဘောပေါက်ကြတယ်။ ဒါကြောင့်ပဲ ရဲဘော်တွေဟာ မိမိတို့ဌာန အသီးသီးက ပြဿနာတွေ အခက်အခဲတွေကို သူ့ဆီတင်ပြ အကြံဉာဏ်တောင်းကြ၊ သူက တဆင့် သက်ဆိုင်ရာခေါင်းဆောင်တွေဆီ တင်ပြပေးဖို့ ဖြေရှင်းပေးဖို့ တောင်းဆိုကြနဲ့ သူ့အိမ် လူမပြတ်ပါဘူး။ သူကလည်း ဗဟိုစည်းရုံးရေးဌာနကိုကိုင်ထားတော့ ပြောရဆိုရလည်း ကောင်းတယ်လေ။ သူကလည်း သူတတ်နိုင်သလောက် လုပ် ဆောင်ပေးတာချည်းပါပဲ။ အောက်ခြေက အခိုင်အမာလုပ်ဆောင်ပေးနေရတဲ့ ရဲဘော်တွေရဲ့ဒုက္ခတွေကိုလည်း သူက စာနာ နိုင်သူပါ။

သူက ဘယ်သူ့ကိုမဆို အဲဒီလို စေတနာထား ကရုဏာထားသူပါ။ ကျွန်မအနေနဲ့လည်း သူရဲ့မေတ္တာစေတနာ ကြီးမားပုံကို လက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် တော်တော်များများရှိပါတယ်။ ဒီအထဲက စိတ်ထဲစွဲနေတဲ့အဖြစ်အပျက်တခုကတော့  ၁၉၈၆ ခုနှစ် ပန်ယန်းတိုက်ပွဲကာလကပါ။

ပါတီရဲ့ တတိယအကြိမ်မြောက် ပြည်းလုံးကျွတ် ကွန်ဂရက် (၁၉၈၅) အပြီး။ ကျွန်မတို့ရဲ့အခြေခံဒေသကို မဆလတပ်များရဲ့ ထိုးစစ် ဝင်လာပါတယ်။ ပန်ယန်းစစ်မြေပြင်မှာ တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ ဒီတော့ ပါတီဗဟိုရှေ့တန်းတပ်များကို ပူးတွဲဦးစီးဖို့ ဖေဖေ့ကို ဗဟိုစစ်ကော်မရှင်ကိုယ်စားလှယ်အဖြစ် အရှေ့မြောက်စစ်ဒေသဌာနချုပ်သို့ ဆင်းသွားပြီး ရုံးထိုင်စေ ခဲ့ပါတယ်။ အဲဒီမှာ ဖေဖေက စစ်ဒေသနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်း (ဗဟိုကော်မတီဝင်) နဲ့အတူ ရှေ့တန်းပြဿနာတွေကို ရှင်းပေး၊ ရှေ့တန်းကလာတဲ့ ရဲဘော်တွေကို လက်ခံတွေ့ဆုံနဲ့ နေ့စဉ်ရုံးထိုင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်နေရပါတယ်။

အဲဒီတုန်းက ကျွန်မက စစ်ဒေသဆေးရုံးဝင်းအတွင်းမှာနေပြီး ဗဟိုဆေးကျောင်းဖွင့်ထားပါတယ်။ ကျောင်းပိတ်ရက် (ပန်ဆန်း ဈေးနေ့) များမှာတော့ ဗဟိုရုံးမှာနေတဲ့ ဖေဖေတို့ဆီသွားနေတတ်ပါတယ်။ ဒီကာလက ဖေဖေက စစ်ဒေသဌာနချုပ်မှာရှိနေ တော့ ဖေဖေကို အရင်ဝင်နှုတ်ဆက်ပြီးမှ ဗဟိုရုံးရှိ မေမေဆီကို သွားလေ့ရှိပါတယ်။

တနေ့တော့ကျွန်မ ဗဟိုရုံးအသွား ဖေဖေကို ဝင်နှုတ်ဆက်ဖို့ ဌာနချုပ်ထဲက ဖေဖေ့အခန်းကိုရောက်တော့ ဖေဖေကိုမတွေ့ ပါဘူး။ ဒါနဲ့ နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းဆီ ဝင်မေးရပါတယ်။

“ဘာဖြစ်တယ် မသိဘူးဗျာ။ မနက်က အစောကြီး ဥက္ကဌဆီကဖုန်းလာပြီး ကားလွှတ်လိုက်မယ်။ ရဲဘော်ဦးတင်ကို ပြန်ခေါ်ဖို့ လို့ဆိုပြီး ကားနဲ့လာခေါ်သွားတယ်။ ဗဟိုရုံးကိုသာ လိုက်သွားပေးတော့” လို့ ဆိုပါတယ်။ ကျွန်မလည်း ဘာများဖြစ်ပါလိမ့်ဆိုပြီး ဗဟိုရုံးကို အပြေးအလွှားတက်ရပါတယ်။

ဗဟိုရုံးအိမ်ရောက်တော့ ဖေဖေက ထုံးစံအတိုင်း သူ့စာကြည့်စားပွဲမှာ ထိုင်အလုပ်လုပ်နေပြီး မေမေကတော့ ဖေဖေပြန် ရောက်လာလို့ ပျော်နေဟန်ရှိပြီး မီးဖိုထဲမှာချက်ပြုတ်နေပါတယ်။ အဲဒီတော့မှ ကျွန်မလည်း စိတ်အေးသွားပြီး ဖေဖေကို အကျိုးအကြောင်း မေးရပါတော့တယ်။  ဖေဖေက “မနက်က  ကိုစိုးသိမ်းက  ကဲ … ဦးတင် (ဖေဖေ့တောတွင်းအမည်) ပြန် ပေတော့။ ဥက္ကဌက ကားလွှတ်အခေါ်ခိုင်းလိုက်တယ်ဆိုလို့ ပြန်လာရတယ်။ ဒီရောက်တော့ ဥက္ကဌကို ဝင်သတင်းပို့တော့ … အေး။ ခင်ဗျားလည်း အောက်မှာနေနေရတာ ကြာသွားပြီ။ အိမ်ကပဲ လုပ်စရာရှိတာလုပ်ပါဗျာ။ ရှေ့တန်းကကိစ္စတွေလည်း အေးသလောက် ရှိသွားပါပြီ။ လိုအပ်ရင် ရဲဘော်အောင်မြင့် (ယခု “ဝ” အထူးဒေသ။ ပြောရေးဆိုခွင့်ရှိသူ) ကို လွှတ်ပေါ့လို့ ပြောတယ်” တဲ့။

အဲဒီနေ့ ညနေအိမ်ပြန်ခါနီးတော့ ကျွန်မ ဥက္ကဌဆီဝင်ပါတယ်။ ကျန်းမာရေးနဲ့ ဆေးဝါးကိစ္စများ လိုအပ်တာ ရှိ မရှိမေးမြန်းဖို့ပါ။ ဥက္ကဌက ကျွန်မကိုမြင်တာနဲ့ “ဘယ်နဲ့လဲ …  မင်းအမေကြီး အဘိုးကြီး အိမ်ပြန်ရောက်လာလို့ ပျော်နေတယ်မှုတ်လား” လို့ ပြောပြီး “ကိုကျော်မြကို ကျေးဇူးတင်” လို့ ဆက်ပြောပါတယ်။ ပြီးမှ အကျိုးအကြောင်းပြောပြပါတယ်။

အဲဒီနေ့မနက်အစော အရေးကြီး စစ်ဆင်ရေးကိစ္စတခု ပေါ်လာလို့ ဥက္ကဌက ရဲဘော်ကျော်မြကို စစ်ဒေသဌာနချုပ်ရုံးကို လွှတ် လိုက်ပါတယ်။ ရဲဘော်ကျော်မြက ဖေဖေ၊ ရဲဘော်စိုးသိမ်းတို့နဲ့ ၃ ယောက်သား အစည်းအဝေး ခဏထိုင်ပြီး ဗဟိုရုံးပြန်ရောက် တော့ ဥက္ကဌကို လုပ်ငန်းကိစ္စ အစီရင်ခံပါတယ်။ ပြီးတော့ ရဲဘော်ကျော်မြက ဒီလို ဆက်အစီရင်ခံပါတယ် တဲ့။

“ဥက္ကဌ …  ကျွန်တော့်ဘေးမှာ ဦးတင်ကထိုင်နေတာ။ ကျွန်တော်တို့ ဆွေးနွေးနေတော့ တလျှောက်လုံး သူ့ဗိုက်က တဂျုတ် ဂျုတ်မြည်နေတာ၊ အောက်မှာ ဘယ်လောက်အစားအသောက် ဆင်းရဲနေလဲမသိဘူး။ သူက ဘာမှ ပြောတတ် ဆိုတတ်တဲ့ သူလည်း မဟုတ်ဘူး။ ဒီမှာဆိုရင် အဘွားကြီး (မေမေ့ကိုဆိုလို) က သူ့အချိန်နဲ့သူ မရှိ ရှိတာ လုပ်ကိုင်ကျွေးမွေးနေတာ။ တော်ကြာ သူ့အစာအိမ်ရောဂါ ပြန်ထလာဦးမယ်။ ပြန်ခေါ်ကြရအောင်ပါဗျာ” လို့ ဆိုသတဲ့။

ဒီမှာတင် ဥက္ကဌက ဖေဖေကို ပြန်ခေါ်လိုက်တာပါပဲ။ အဲဒီကာလက ဖေဖေက အစာအိမ်ရောဂါ သွေးထွက်လွန်တာဖြစ်ပြီး အစာအိမ်ခွဲထုတ်ထားရချိန် နာလန်ထူစပဲ ရှိပါသေးတယ်။ ဖေဖေကိုယ်တိုင်ကတော့ သူ့ဗိုက်က မြည်နေတာ သူ့ဟာသူတောင် သတိမထားမိဘူးတဲ့။

တကယ်တော့ ဗဟိုက ဖေဖေကို စစ်ဒေသဌာနချုပ်ကို လွှတ်လိုက်တဲ့အချိန်မှာ အထူးရိက္ခာနဲ့ ထုတ်ပေးပြီး၊ ရိက္ထာမှူးသတ် သတ် စီစဉ်ပေးထားတာပါ။ အဖြစ်အပျက်အပြည့်အစုံကို နောင်ကာလတချို့ကြာပြီးမှ အဲဒီရိက္ခာမှူး လက်နက်ချသွားမှ သိ ရပါတယ်။ အဲဒီသူက ဖေဖေ့အတွက် ရိက္ခာငွေကို သူဟာသူသုံးစွဲ၊ အလွဲသုံးစားလုပ်ပစ်လိုက်တယ်ဆိုပဲ။

သြော် … ရဲဘော်ကျော်မြကြောင့်သာ ဖေဖေတစုံတရာ သက်သာသွားရတာပါ။

ရဲဘော်ကျော်မြက ဖေဖေ့အပေါ် အဲဒီလိုဂရုစိုက်ခဲ့တာ တောက်လျှောက်ပါ။ ဖေဖေ့အပေါ်တင်မက၊ ကျန်မိသားစုဝင်များဖြစ် တဲ့ မေမေ့အပေါ်ရော၊ ကျွန်မတို့ မောင်နှမတတွေအပေါ်ရော ဂရုတစိုက်ရှိခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မတို့ မောင်နှမတွေ အပေါ် နိုင်ငံရေးအရ အများကြီးကူညီခဲ့တာပါ။ ကျွန်မတို့နဲ့ပတ်သက်ပြီး အမြင်မကောင်းတဲ့ရဲဘော်တွေရဲ့ ဝေဖန်မှုတွေကို သူက မားမားမတ်မတ်ရပ် ဖြေရှင်းပေးတတ်ပြီး ကျွန်မတို့ကိုတော့ “ကဲ … ခင်ဗျားတို့ဘက်ကလည်း ဒါလေး။ ဒါလေးတွေတော့ ပြင်ပေါ့ဗျာ” လို့ ထောက်ပြတတ်ပါတယ်။

ဒါကြောင့်မို့ဘဲ ကျွန်မတို့က ရဲဘော်ကြီး ဦးကျော်မြကို အထူးသတိတရရှိနေရတာပေါ့။

ဒီလိုပါပဲ ကျွန်မတို့ရဲ့ မျိုးဆက်ဟောင်းရဲဘော်ကြီးတွေဟာ အတွေးအခေါ်အရ စိတ်ဓာတ်အရ လုပ်ဟန်အရ အစဉ်အလာ ကောင်းတွေ၊  အမွေကောင်းတွေကို ကျွန်မတို့ထံ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ ကျွန်မတို့ကလည်း သူတို့ရဲ့ အတွေးအခေါ် အရ စိတ်ဓာတ်အရ၊ လုပ်ဟန်အရ၊ အစဉ်အလာကောင်း အမွေကောင်းတွေကိုဆက်ခံပြီး မပြီးဆုံးသေးတဲ့တာဝန်တွေကို ကိုယ်စွမ်းရှိသ ရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ ဆက်လက်လုပ်ဆောင်ဖို့ သန္နိဌာန်ချပြီး ရှေ့ကို ဆက်လက်ချီတက်နေပါတယ်။

ရဲဘော်ကြီး (ဦး) ကျော်မြအပါအဝင် ကွယ်လွန်သွားကြပြီဖြစ်တဲ့ မျိုးဆက်ဟောင်းရဲဘော်ကြီးများရဲ့ တော်လှန်ရေး အစဉ် အလာတွေ ထာဝစဉ်အဓွန့်ရှည်ပါစေ။

လှကျော်ဇော

၂၀၁၄ – ၂၀၁၅ နိုဝင်ဘာ (၁၁) ရက်နေ့မှာ အသက် (၁၀ဝ) ပြည့်ပြီး ၂၀၁၅ ဧပြီလ (၂၁) ရက်မှာ ကွယ်လွန်တာ (၁၀) နှစ် ပြည့်သွားတဲ့ ရဲဘော်ကျော်မြအတွက် အမှတ်တရ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်