ဖိုးထက် – ဆင်ကလောင်များသို့

April 19, 2015

ဖိုးထက် – ဆင်ကလောင်များသို့
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၅

စာရေးတဲ့သူဆိုတာ ဆင်ကလောင်ကြီး ဖြစ်ချင်ဖြစ်မယ်။ ကြွက်ကလောင်လေး ဖြစ်ချင်ဖြစ်မယ်။ ကိုယ်ရည်သွေးတဲ့ ဖန်စီက လောင် ဖြစ်ချင်ဖြစ်မယ်။ ဘယ်သူမှသိပ်နားမလည်တဲ့ မော်ဒန်ကဗျာတွေရေးသူ ဂြိုဟ်သားကလောင် ဖြစ်ချင်ဖြစ်မယ်။ ကိုယ် ရေးကိုယ်တာ ခံစားချက်တွေနဲ့ စာတွေရေးနေတဲ့ သီးခြားကလောင် ဖြစ်ချင်ဖြစ်မယ်။ တိုက်ချင် ခိုက်ချင်စိတ်များတဲ့ အလျှံ ညီးညီး လက်နက်ကလောင် ဖြစ်ချင်ဖြစ်မယ်။ ကိုယ်ကြိုက်တဲ့စာ ကိုယ့်ဘာသာပြန်ရေးပြီး ကိုယ်တယောက်တည်း စာဖတ် ပရိတ်သတ်ရှိတဲ့ သီးသန့်ကလောင်လဲ ဖြစ်ချင်ဖြစ်မှာဘဲ။ သူများစာတွေ ခိုးချ၊ တိုလီမိုလီလေးတွေ ဘာသာပြန်တဲ့ သူခိုး ကလောင်ဖြစ်ချင်ဖြစ်မယ်။ ဒါတွေက အရေးမကြီးပါဘူး။

ဘယ်လို ကလောင်မျိုးဘဲ ဖြစ်ဖြစ် စာရေးသူဟာ စာရေးဖို့သာ အဓိကပါ။ စာရေးသူတာဝန်ဟာ စာရေးနေဖို့ဘဲ။ ပေးချင်တဲ့ အချက်အလက်၊ ခံစားချက်၊ နှလုံးခုန်သံတချက်ကို စာဖတ်သူပရိတ်သတ်ကို ချပြလိုက်ဖို့ စာရေးသူတာဝန်ဘဲ။ ကိုယ့်ပရိတ် သတ်ဟာ လက်ချိုးရည်တွက်လို့ရတယ်မကလို့ တယောက်တည်းဖြစ်ဖြစ် ကိုယ်ရေးတဲ့စာဟာ ကိုယ့်ခံစားချက်ကို ကိုယ်စား ပြုရမယ်။ စာရေးသူဟာ ဇီဝဇိုးငှက်တွေကို ကိုယ့်ရင်တွင်းကအစာကို ပြန်အံပြီး ဆေးဖက်ဝင်တဲ့အရာဖြစ်လာစေရမယ်။ အဲဒီဆေးက ခေါင်းကိုက်တာလောက်ဘဲ ပျောက်တဲ့ အပယရိက ဆေးဖြစ်ချင်ဖြစ်မယ်။ ၉၆ ပါး ရောဂါပျောက်စေဖို့ ထုတ် လိုက်တဲ့ နန်းတွင်းအကျော် လေနိုင်လျက်ဆားပေမယ့် သရက်သီးနဲ့ တို့စားရုံကလွဲပြီး ဘာမှမပျောက်တဲ့ဆေးလည်း ဖြစ်ချင် ဖြစ်မယ်။ ကင်ဆာရောဂါပျောက်တဲ့ဆေးဖြစ်ချင်ဖြစ်မယ်။ ၀မ်းချုပ်တဲ့ ဆေး ဖြစ်ချင်ဖြစ်မယ်။ ၀မ်းနှုတ်တဲ့ဆေး ဖြစ်ချင်ဖြစ်မယ်။

ဒီသဘောပါဘဲ။ စာရေးသူဟာ ကိုယ့်ခံစားချက်၊ ဗဟုသုတ။ ကိုယ်ပိုင်ဖန်တီးချက် အလေးချိန် စီးစီးပိုးပိုးနဲ့ ဖန်တီးပေမယ့် စာဖတ်သူတွေ နှလုံးသားနဲ့ ထပ်တူမကျရင် အလကားစာဖြစ်တာဘဲ။ သာမန်ကာ ရှန်ကာ စာဖြစ်တာဘဲ။ တစ်ဖက်မှာလဲ စာတစ်အုပ်ထဲနဲ့ ကမ္ဘာကျော်သူတွေ ရှိတယ်မို့လား။ ဒါ သူ့ ကုသိုလ်ကံကောင်းလို့ မဟုတ်ဘူး။ စန်းထလို့ မဟုတ်ဘူး။ ဥပမာအားဖြင့် Margaret Mitchell ဆိုတဲ့ စာရေးဆရာမကြီးကို ကြည့်ပါ။ သူ့ဘ၀မှာ စာတစ်အုပ်ထဲဘဲ ရေးခဲ့တယ်။ Gone With The Wind ။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ “လေရူးသုန်သုန်” ။ အမေရိကန် နောက်ခံသမိုင်းနဲ့ သူ ကိုယ်တိုင်ကြုံတွေ့ရသမျှကို နှလုံးသားနဲ့ ခံစားပြီးရေးတော့ ဘ၀မှာ တအုပ်ထဲဆိုပေမယ့် သမိုင်းတွင်လောက်အောင် အောင် မြင်တဲ့ စာအုပ်ကြီးအဖြစ် ကျန်ခဲ့တယ်။ အခုအချိန်အထိ အရောင်းရဆုံးစာအုပ်စာရင်းထဲမှာ ရှိဆဲ။

ဘာကြောင့် ဒီစာအုပ်က ဒီလောက်အောင်မြင်ရသလဲ။ လူ့သဘာ၊ လူ့မနောကို စောကြောခံစားပြီး အမှန်တရားဘက်က ရပ်တည်ပြီး ရေးခဲ့တာကြောင့် အောင်မြင်တာဘဲ။ ဒီလို မှတ်ချက်တကြောင်းထဲနဲ့ ကမ္ဘာကျော်စာအုပ်ကြီးကို ကောင်းတယ်လို့ ပြောလို့မရတာ သိပါတယ်။ ဒါပေမယ့် ထပ်ပြီးကောက်ချက်ဆွဲချင်သေးတယ်။ ပြည်သူလူထုကြီးတရပ်လုံးကို ကိုယ်စား ပြုတဲ့စာ၊ အများပြည်သူခံစားချက်ကို ကိုယ်စားပြုပေးမယ့်စာ၊ အမှန်တရားဘက်ကရပ်တည်တဲ့စာတွေဟာ စာဖတ်သူ တယောက်မှမရှိစေဦးတော့ စာရေးသူ လိပ်ပြာလုံရတဲ့စာတွေ။ မာဂရက် မစ်ရှယ်လို ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ အချိတ်အဆက်မိမိ ဖန်တီးခဲ့တဲ့စာဆိုရင်တော့ ကမ္ဘာကုန်ကျယ်သရွေ့ တည်နေမယ့်စာတွေအဖြစ် ကျန်နေခဲ့မှာဘဲ။

မြန်မာပြည်မှာရော။ ဆရာနတ်နွယ်ရေးတဲ့ မြန်မာပြည်မြောက်ပိုင်း စာအုပ်။ လူထုကြားမှာ စာအုပ်ကြီးက သိပ်ထူလွန်းနေတယ်။ ရှည်လျားလွန်းနေတယ်။ ဒါပေမယ့် မြန်မာပြည်ကို သိမ်းလိုက်နိုင်ပေမယ့် ငြိမ်ဝပ်ပိပြားအောင် အင်္ဂလိပ်တွေ ဘယ်လောက် ခေါင်းခြောက်အောင် ကြိုးစားခဲ့ရတယ်ဆိုတာ ဆရာဖန်တီးခဲ့တဲ့ သမိုင်းမှတ်တိုင်ဘဲ။ ကျွန်တော်တယောက်တည်းအမြင်နဲ့ ပြောရရင် ဆရာ့စာအုပ်က ဖောင်းပွနေတယ်ဆိုပေမယ့် သမိုင်းတွင်နေခဲ့တဲ့ စာအုပ်ကြီးဘဲ။ ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်ဆိုတဲ့စာအုပ်။ ခေတ်ကို ကိုယ်စားပြုခဲ့တယ်။ လူ့ဘ၀တွေကို ကိုယ်စားပြုခဲ့တယ်။ ခေတ် အဆက်ဆက်က လူငယ်တွေကို ကိုယ်စားပြုခဲ့တဲ့စာမို့လို့ မြန်မာစာပေသမိုင်းလမ်းကြောင်းမှာ ရပ်ပြီးမကြည့်ဘဲ မနေလို့ကို မရတဲ့ မှတ်တိုင်တခုအဖြစ် ရှိနေတယ်။

ကျွန်တော်တို့မြန်မာစာပေမှာ ဆင်ကလောင်ကြီးတွေရှိတယ်။ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ ကြွယ်ပိုး ကြွယ်ဝနဲ့ ဆရာ တွေရဲ့ အရည်အချင်း ဘာမှသံသယ၀င်စရာမလိုရအောင် တော်တဲ့ဆရာကြီးတွေ၊ ဆရာမကြီးတွေ ရှိတယ်။ မှန်တဲ့ဘက်မှာ အမြဲရပ်တဲ့ စာရေးဆရာကြီးတွေ ရှိတယ်။ ဘယ်ဘက်မှမရပ်တဲ့ဆရာတွေ ရှိတယ်။ အမှန် အမှားချိန်ဆလို့ ခက်တယ်၊ ဖွင့်ထုတ်ပြီး တဖက်ဖက်မှာ ရပ်လိုက်ဖို့ခက်တယ်ဆိုတဲ့ ဆရာကြီးတွေတချို့ သူတို့စာ သူတို့ရေး၊ သူတို့အနုပညာ သူတို့ ဖန် တီးပြီး အပြစ်ကင်းအောင်နေတယ်။ ကွယ်လွန်သူ ဆရာကြီးဦးအောင်သင်းကိုကြည့်ပါ။ နိုင်ငံရေးကနေထွက်ပြီးကတည်းက နိုင်ငံရေး ဝေဖန်ရေး စာတွေ ဘာတခုမှ မရေးတော့ဘူး။ ဒါပေမယ့် ဆရာကြီး ဘယ်လိုစာတွေရေးသွားခဲ့သလဲ။ အပြစ်ကင်းတဲ့ စာတွေ။ နောင်လာနောက်သား ကောင်းစားစေမယ့်စာမျိုးတွေ ရေးသွားခဲ့တယ်။ အသေလှခဲ့တယ်။

ဒါပေမယ့် တချို့ဆင်ကလောင်ကြီးတွေကတော့ သြချယူရလောက်အောင် အံသြရတယ်။ အမှန်နဲ့အမှား လယ်ပြင်မှာ ဆင် သွားသလို ထင်းထင်းရှင်းရှင်းကြီးရှိနေပါရဲ့နဲ့ လူမိုက်အားပေးစာတွေ ရေးတယ်။ ၀ါဒဖြန့်တယ်။ အာဏာရှင်ထောက်တိုင် (ဒေါက်တိုင်) ဘ၀ ရောက်မှန်းမသိ ရောက်လာကြတယ်။ အကြံပေးကနေ ကြံရာပါ ဖြစ်လာကြတယ်။ ပြည်သူလူထုအပေါ်မှာ ခေါင်းတလုံး အမြဲမြင့်ပြီးနေချင်တဲ့ အုပ်ချုပ်သူလူတန်းစားကို ကာကွယ်တယ်။ ပြည်သူလူထုကိုနင်းပြီး မြိန်မြိန်ကြီးခိုးနေတဲ့ အသိုင်းအ၀ိုင်းကို ကာဗာလုပ်တယ်။ လူအချင်းချင်း နားကျည်းမုန်းတီးစေမယ့်အလုပ်တွေ လုပ်နေတဲ့လူတွေဘက်ကို ၀င်ရပ် တယ်။ ဘာသာရေးခွဲခြားသူတွေကို ယပ်ခပ်ပေးတယ်။ လူမျိုးရေးခွဲခြားသူတွေကို ရေခပ်တိုက်တယ်။

စာရေးသူဟာ လူဘဲ။ လူတွေမှာ ရှိတတ်တဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလို ၀န်တိုခြင်း၊ ကောက်ကျစ်ခြင်း၊ ရိုးသားခြင်း စတဲ့ လူတွေမှာရှိတတ်တဲ့ လူ့သဘော လူ့မနောတွေ အကုန်ရှိမှာဘဲ။ စာရေးသူဟာ စာဖတ်သူထက် ဘယ်တော့မှ ခေါင်းတလုံး ပိုမမြင့်ဘူး။ ပိုမြင့်ချင်လို့ ခုံပေါ်မှာ မတ်တပ်ရပ်နေပြီး နေချင်တဲ့သူတွေဟာ စာရေးဆရာ ငပေါကြီးတွေ ဖြစ်မှာဘဲ။ ဒါကြောင့် အမှန်ဘက်မှာ အမြဲရပ်နေရမယ်လို့ အမြဲတောင်းဆိုလို့မရဘူး။ နှုတ်ဆိတ်နေလို့ စကားပြောထွက်အောင် လုပ်လို့ရဘူး။ ဘက်နှစ်ဖက်ကြားက လွတ်ကင်းရာမှာ အေးရာ အေးကြောင်းနေပြီး ကိုယ့်စာကိုယ်ရေး၊ ကိုယ့်အနုပညာ ကိုယ်ဖန်တီးပြီး နေ လို့ရတယ်။ ဒါအပြစ်မဟုတ်ဘူး။ အပြစ်တင်စရာလည်း မလိုဘူး။

ဒါပေမယ့် လူမိုက်အားပေး ကလောင်ရှင်တွေ မဖြစ်ဖို့တော့ လိုတယ်။ အမှား အမှန် မခွဲခြားချင်လို့ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ကြိုက်သလို နေလို့ရတယ်။ အနုပညာသည် အနုပညာအတွက် လုပ်နေလို့ရတယ်။ အနုပညာသည် ပြည်သူ့အတွက် ဆိုတဲ့အယူအဆကို မခံယူဘဲ နေလို့ရတယ်။

သေချာတာက စာရေးသူဟာ ပြည်သူလူထုကို အသိပညာပေးဖို့။ ဒီလိုပြောလို့ ပြည်သူလူထုက အသိပညာ အားနည်းနေ တယ်လို့ထင်ရင် အမှားကြီး မှားပြန်ဦးမယ်။ ခေတ်အဆက်ဆက် သုံးစားမရတဲ့ ပညာရေးနဲ့ ထမင်းနပ်မှန်အောင် ကြိုးစားရတဲ့ စီးပွားရေး၊ မူမမှန်တဲ့ လူမှုရေး စနစ်တွေကြောင့် မြန်မာပြည်သူလူထုဟာ ပညာရေချိန် နည်းချင်နည်းမယ်။ ဒါပေမယ့် “အ” တယ်လို့များ ဘယ်တော့မှ မယူဆလေနဲ့။ အကင်းပါး၊ နပ်လွန်းတဲ့ နေရာမှာ မြန်မာပြည်သူလူထုလောက် ဘယ်လူမျိုးမှ မတော်ဘူး။ အကောင်းနဲ့ အဆိုး၊ အကျိုးနဲ့ အပြစ်၊ အမှန်နဲ့ အမှား ကောင်းကောင်းကြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ လူမျိုးဆိုတာ ဆင်ကလောင်ကြီးတွေ သတိချပ်ဖို့ကောင်းတယ်လို့ ကျွန်တော် ကမြင်းမနီ ကလောင်က သတိပေးလိုက်ပါရစေ။

ဆရာတို့ ကျန်းမာ ချမ်းသာကြပါစေ။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ, သူတို့အာဘော်

One Response to ဖိုးထက် – ဆင်ကလောင်များသို့

  1. Zarni Gyi on April 19, 2015 at 2:49 pm

    My personal view…
    Yes, Authors mostly success at below Age 30. Before she wrote at age 26 “Gone With The Wind”
    Before that time, she struggled many years for life as journalists Atlanta Journal, she wrote 129 feature articles, 85 news stories, and several book reviews.
    I don’t look into those old authors like me. Our country future is based on Age 20 to 30 young people. Not only authors, all area of Business/Education/Health… even the religion, old people guide to young people is most important.
    “Elephant Author” – No choice, let you write “I am so good” stories,… example, Bo Khin Nyunt, Bo Tun Kyi… Last 4 years reform time, young people already pickup “worldClass knowledge”. They are super faster than old leaders”, especially in “Good Attitude”.
    Those young generation will stop the “Corruption” of old elephants. …

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်