သက်ခိုင် – နွားကျောင်းသား၊ လျှို့ဝှက်ဆက်သွယ်ရေးသမား အောင်ဖေနဲ့ ကျောက်ပွဲစား

April 27, 2015
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သက်ခိုင် – နွားကျောင်းသား၊ လျှို့ဝှက်ဆက်သွယ်ရေးသမား အောင်ဖေနဲ့ ကျောက်ပွဲစား
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၅
(၁)

အောင်ဖေတို့တွေ ကော့ခတော်ရွာကို ရောက်ရင်ပဲ ဒေသအသီးသီးက ရွာတာဝန်ရှိသူတွေက သူတို့လူကြီး နိုင်ယက္ခကို လာတွေ့ကြ၊ နှုတ်ဆက်ကြ၊ ရှေ့လုပ်ရမယ့်လုပ်ငန်းစဉ်တွေတိုင်ပင်ကြနဲ့ အောင်ဖေတို့နားတဲ့ အိမ်ကတော့ လူကိုစည်နေရော ပဲ။ ရုံးအဖွဲ့မှာ ထမင်းချက်ကျတဲ့ ရဲဘော်လင်မယားရယ်၊ အောင်ဖေရယ်က အဖွဲ့ကျနေတော့တာပေါ့။ အောင်ဖေလည်း ဘာမှ လုပ်စရာမရှိတော့ သူတို့ထမင်းချက်ရင် ဝိုင်းကူနဲ့ အတော်တော့ အဆင်ပြေသား။ အိမ်ရှင်အမျိုးသမီးကလည်း အမျိုးသားက ထိုင်းမှာအလုပ်သွားလုပ်နေတော့ အိမ်မှာ သူတယောက်ထဲပဲရှိတယ်ဆိုတော့ လိုတာလည်း ဝိုင်းကူပေါ့။ တခါတခါ နိုင်ဂေါင် ခမ်းကြီးကလည်း လာကြည့် ကြီးကြပ်ပေါ့လေ။

တရက်တော့ အောင်ဖေတို့တတွေ တပ်စုတစုနဲ့ ကော့ကျိုက်ရွာဘက်ကို ချောင်းကူးပြီးသွားကြပါလေရော။ အဲဒီမှာ တရက် နှစ်ရက် နိုင်ယက္ခနဲ့အတူနေပြီးတော့ သူကပြောတယ်။

“အောင်ဖေ သူနဲ့လိုက်သွားချေ၊ အိမ်တအိမ်မှာ ခဏနေပြီး မှတ်ပုံတင်ရိုက်ချေ” တဲ့။ ဆိုလိုတာက အောင်ဖေက ခရီးထွက်စရာ ရှိတာကိုး။ အဲဒီအတွက် မှတ်ပုံတင်လိုတော့ ရွာထဲက အိမ်တအိမ်မှာနေရင်း မှတ်ပုံတင်ရိုက်ရမယ်ပေါ့ … ဒီလို။

အဲဒါနဲ့ ရွာထဲကအိမ်တအိမ်ကို ရောက်သွားကော၊ အိမ်ကဦးကြီးက လယ်သမားကြီး၊ ဒေါ်ကြီးကတော့ အိမ်မှာ ဝေယျာဝစ္စ လုပ်ကိုင် ထိန်းသိမ်းပေါ့လေ။ သမီးလေးတယောက်ရှိတယ်။ ၁၄-၁၅ အရွယ်လေး၊ ကျောင်းတောင်မနေတော့ဘူးနဲ့တူတယ်။ ဘာလို့ဆို အကိုတွေ အမတွေလို ရှမ်းပြည် (ထိုင်းဘက်) မှာ အလုပ်သွားလုပ်ဖို့ စောင့်နေတာလို့ ပြောတယ်။

ဒီနေရာမှ တခုပြောပြရမယ်။ အောင်ဖေတို့ဖြတ်သန်းလာခဲ့တဲ့ ရွာစဉ်တွေ တောက်လျှောက်မှာ လူငယ်၊ လူရွယ်ဆိုတာ ရွာ တွေမှာ မရှိသလောက်ဘဲ။ ဘာလို့ဆို စစ်ပွဲတွေ၊ အစိုးရတပ်က ပေါ်တာဆွဲတာတွေ၊ အကောက်ပေးရတာတွေ စတာ တွေကြောင့် မိမိရွာမှာ မနေချင်တော့ဘဲ တရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို၊ ထိုင်းနိုင်ငံဘက်ထွက် အလုပ်လုပ်ကြသူတွေ များတယ်၊ အပျို လူပျိုကအစ သက်လတ်အရွယ်တွေအဆုံး၊ ရွာမှာ ဘာတွေကျန်မလဲဆိုရင် သက်ကြီးရွယ်အိုတွေနဲ့ အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေပဲ ကျန်တယ်။ တကယ့်ကို လူပျို အပျိုဆိုတာ မရှိသလောက်၊ တခုရှိတာက အောင်ဖေ သွားနေတဲ့ ရွာကကြီးတော့ လူငယ်လူရွယ်တချို့တော့ ရှိနေသေးရဲ့။

အောင်ဖေတည်းတဲ့ ဘေးအိမ်က ကလေးမတယောက်က ၉ တန်းတက်နေတာ။ ကျောင်းကတော့ ကမ်းနီဆိုတဲ့ ရွာကြီးက အထက်တန်းကျောင်းမှာ သွားသွားတက်ကြတာ တရက်ပြန်လာတော့ ပြောတယ်၊ သူတို့ဆရာမက မှာလိုက်တယ်တဲ့ သူတို့ တွေ အင်္ဂလိပ်စာညံ့လို့၊ ဧည့်သည်ဆီမှာ ထပ်သင်ကြလို့ ပြောတယ်တဲ့။ ဆိုလိုတာ အောင်ဖေ့ကို အလကားနေအလကားဆိုပြီး ကလေးတွေကို ကမ်းနီအထက်တန်းကျောင်းမှာသင်နေတဲ့ ဆရာမက မှာလိုက်တာ။ တခါ ကမ်းနီရွာသွားတုန်းက အဲဒီဆရာမ နဲ့ သိထားခဲ့တာကိုး။ အဲဒီကြမှ အောင်ဖေသဘောပေါက်တယ်။ အော် ငါရှိနေတာ ရွာက အရေးကြီး အရေးပါတဲ့သူတွေက သိနေကြတာပဲကိုးပေါ့လေ။

ဒါနဲ့ သူတို့ကို ရသလောက် အခြေခံကနေ စသင်ပေးရတာပေါ့ The Wheel  တို့၊ ဘာတို့ပေါ့ ညနေစောင်းဆိုရင်၊ သူတို့ဆိုတာ ရွာလူကြီး သမီးလေးတွေကော ၄ ယောက်လောက်ရှိမယ်။ သူတို့တွေက မြန်မာစကား ကောင်းကောင်းပြောကြတော့ အ တော်ကို အဆင်ပြေတယ်ခေါ်ရမယ်။

တရက်တော့ လူတယောက်လာခေါ်တယ်။ ကမ်းနီမှာ မှတ်ပုံတင်အတွက် ဓါတ်ပုံသွားရိုက်ရမယ်တဲ့။ ဒါနဲ့အောင်ဖေ လိုက် သွားတာပေါ့။ ကျောကတော့ ခပ်ချမ်းချမ်းပဲ။ ဘာလို့ဆို ကော့ကျိုက်ကထွက် ရွာပြင်ရောက်၊ ကမ်းနီရွာ မဝင်ခင်မှာ တပ်က စခန်းချထားတာ ရှိတာဆိုတော့ မတော် ဟေ့ကောင် ဘယ်လဲ၊ ဘာလဲလုပ်ရင် ဒုက္ခပေါ့လေ။ လာခေါ်တဲ့ရွာသားကတော့ ပြောတယ် ကိစ္စမရှိဘူး၊ ဘာမှ မမေးဘူးပေါ့လေ။ တကယ်လည်း ဘာမှဘယ်သူမှ မမေးဘူး။ စစ်သားအရိပ်အယောင် တွေ့ကို မတွေ့တာ သူတို့ဘာသာ စခန်းထဲမှာပဲ အလုပ်ရှုပ်နေကြတာ နေမယ်။

ဒီလိုနဲ့မှုန်ကုပ်ကုပ် အိမ်တအိမ်မှာ ဓါတ်ပုံတွေဘာတွေရိုက်ပြီးတော့ ရွာသားကပြောတယ်၊ “ပြန်တတ်တယ် မဟုတ်လား လာလမ်းအတိုင်းပြန်တော့” တဲ့၊ အော လုပ်ချလိုက်ပုံက အိုကေပေါ့လေ၊ ပြန်လိုက်ပို့မယ် ပုံလည်း ပေါ်မှ မပေါ်တော့ အောင်ဖေ တထိတ်ထိတ်နဲ့ ပြန်လာတာပေါ့၊ ရွာထဲဝင်လိုက်မှ  သက်မချရတော့တယ်။ ကမ်းနီတပ်စခန်းကို ကျောခိုင်းလာရတုန်းက ခပ်လန့်လန့်ရယ်၊ ဘာခေါ်သံမှ မကြားရတာ တော်သေးပေါ့လေ။

အဲဒီဝန်းကျင်မှာက ကမ်းနီက ဗမာရွာလို့တောင် ခေါ်လို့ရတယ် မြန်မာစကား အသုံးများတယ် ဘေးပတ်ဝန်းကျင်မှာ ဗမာရွာကော၊ ကရင်ရွာတွေကော၊ မွန်ရွာတွေကော ထိစပ်နေကြတာ၊ အားလုံးက အေးဆေးပဲ၊ သွားသွားလာလာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း။

ဒီလိုနဲ့ ရွာလယ်လမ်းမကနေ အောင်ဖေတည်းတဲ့ အိမ်ဘက်ကို ချိုးချလာတော့၊ အောင်ဖေ မျက်လုံးပြူးသွားတယ်။ သေနတ်တယောက်တလက်နဲ့ ယူနီဖောင်းနဲ့ စစ်သား ၂ယောက် အောင်ဖေတည်းတဲ့ အိမ်အကျော်လေးက ရွာလည်ဇရပ်လို ဂိတ်မှာကင်းစောင့်နေကြတယ်၊ လူအတော် စိတ်ညစ်သွားတယ် ပြဿနာပဲပေါ့၊ စစ်လားမေးလား လုပ်ရင် ဒုက္ခပါပဲပေါ့လေ၊ လူကနောက်ကြောင်းပြန်လှည့် ပြေးလို့ကလည်း မဖြစ် မင်္သကာဘူးဆိုပြီး ဆော်ထည့်လိုက်မှ ကားကနဲနေမယ်၊ ဒါကြောင့်ပုံမပျက်ဘဲ ခြေလှမ်းထိန်းရင် တည်းတဲ့အိမ်ဘက်ကို ချိုးလိုက်တယ်၊ ဟိုစစ်သား နှစ်ကောင်ကတော့ ဒီကောင်ဘယ်ကကောင်လဲပေါ့ ကြည့်နေတယ် ဘာမှတော့ လှမ်းမမေးဘူး၊ အောင်ဖေ အိမ်ပေါ်ကို အသာလေးတက်ပြီးတော့မှ ဒုတိယအကြိမ် သက်ပြင်းချရတော့တယ်၊ ဒီတခါတော့ ဖြစ်ချင်ရာဖြစ်ပေါ့လေ ငါလည်းဘယ်တတ်နိုင်မလဲပေါ့။

ဒါနဲ့ ဒေါ်ကြီးကို စပ်စုတယ် “ဒေါ်ကြီး စစ်တပ်ရွာထဲရောက်နေသလား” ပေါ့လေ၊ ဒေါ်ကြီးက မျက်မှောင် ကြုံ့သွားတယ်၊ ဟုတ်လို့လား သူတို့လာရင် ငါတို့ တရွာလုံးသိတယ်လေ၊ နေပါအုံး ငါထွက်ကြည့်အုံးမယ် ဆိုပြီး အပြင်ခဏ္ဍ ထွက်သွားပါလေကော၊ လူကတော့ တထိတ်ထိတ်ပဲ။

၅မိနစ်လောက်နေမှ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ ပြန်လာပြီး “ကရင် စစ်သားတွေပါကွဲ့၊ လာမေးလည်း ရှမ်းပြည် (ထိုင်းက) ကအလုပ်လုပ်ပြီး ပြန်လာတယ် ပြောလိုက်ပေါ့တဲ့” သူကတော့ အေးဆေးပဲ၊ ကရင်တပ်ဆိုတာ သိတော့ စိတ်လည်း အေးသွားတော့တာပဲ ပတ်ကညောတပ်ဆိုရင် ရှင်းရတာ ပြဿနာ မရှိဘူးပေါ့လေ။

ဒီလိုနဲ့နေရင်းကနေ ဘာမှအလုပ်မရှိ နေရတာပျင်းလာတော့ ဦးကြီးကပြောတယ် နွားတွေကို အစာသွားကျွေးချေတဲ့။ ဗုဒ္ဒေါ အဲဒါမှခက်ပြီ ပေါက်ကြူမှာကတည်းက နွားတိုက်ပွဲကို မြင်လာရတာဆိုတော့ အိမ်နောက်ဖေးက နွားတင်းကုတ်ကို သွားပြီး ကောက်ရိုးကျွေးရမယ်ဆိုတော့ ပြဿနာပဲပေါ့လေ၊ ခက်တာက ငြင်းလို့ကလည်း မကောင်း၊ စစ်သားလုပ်ပြီး နွားကြောက်တယ်ဆိုရင်လည်း လူအရယ်ခံရဦးမယ်၊ စိတ်ထဲတင်းပြီး တင်းကုပ်ပေါ်တက်သွားတယ်။

လူကလူစိမ်းဆိုတော့ တင်းကုပ် ဟိုဘက်တချက် ဒီဘက်တချက်မှာ ရှိနေတဲ့ နွား၁၀ကောင်လောက်က တရှုးရှုးနဲ့ နှာမှုတ်ပါလေကော၊ “ဟေ့ကောင် မင်းကဘာကောင်လဲ၊ ဘာလာလုပ်တာလဲ ငါတို့ ဂျိုအစွမ်း လာစမ်းတာလား၊ ဘာညာ” အဲဒီလို ခြိမ်းခြောက်တာ ဖြစ်မယ်ထင်ပါရဲ့၊ ပြီးတော့ လူကိုလည်း သေချာစိုက်ကြည့်နေတယ် “နွားသူခိုး လားမသိ” ဆိုတဲ့အထာနဲ့။

အောင်ဖေလည်း ခပ်လန့်လန့်နဲ့ ကောက်ရိုးတွေ ပိုက်လာ၊ ပြီးတော့ သူတို့အစာခွက်ထဲ ချကျွေးပေါ့၊ ပုဂ္ဂိုလ်တွေက မစား ဘူးဗျာ၊ သူ့သခင်မဟုတ်လို့ ယုံကြည်ပုံမရဘူး၊ ဒီအကောင်သေးသေးလေး ဘာမဟုတ် တရုပ်လာကြံစည်နေ လည်းပေါ့လေ၊ အဲဒီလိုအထာနဲ့၊ လူကလည်း ခိုင်းလို့သာ လုပ်ရတာ ခပ်လန့်လန့်ဆိုတော့ ကောက်ရိုးတွေ မြန်မြန်ဖြည့်၊ ရေဖြည့်ပြီးတော့ ဒင်းတို့ဘာသာ စားချင်စား မစားချင်နေဆိုပြီး တချိုးတည်း ပြန်လစ်လာတော့တာပဲ။

နောက်နာရီဝက်လောက်မှ အောက်ကနေသွားချောင်းကြည့်တယ် အောင်မယ် လဒတွေတမြုံ့မြုံ့နဲ့ စားနေကြ ပါလေကော။ အင်းဒါဆို မဆိုးပါဘူးပေါ့လေ၊ နောက်ပိုင်းတော့ ဒီနွားတွေကို တင်းကုပ်ကနေ လွှတ်လိုက်ပြီ ဆိုတာနဲ့ တင်းကုပ်မှာ သူတို့ပါထားတဲ့ နောက်ချေးတွေ သွားကျုံးပေးတဲ့ အဆင့်ထိ အတော်ကို အဆင်ပြေသွားတော့တာပဲ၊ နောက်ချေးကလည်း စင်အောင်ကျုံးရတယ် မဟုတ်လို့ နွားချော်လဲရင် ဒီနွားကို ပြန်ခိုင်းလို့ မရတော့ဘူး ပေါ်ရတတ်တယ်တဲ့၊ လူကြီးတွေက သင်ပြတာပါ၊ ဒါနဲ့ သေချာ စေတနာထထားပြီးတော့ ကျုံးပေးရတာပေါ့လေ။

(၂)

ဒီလိုနဲ့ မှတ်ပုံတင်စောင့်ရတာ ကြာလာတော့၊ တရက် တည်းနေတဲ့အိမ်က ဦးကြီးကိုပြောပြီး ကော့ခတော်ဘက် တချက်သွားတယ်၊ လူကသွားတတ်နေပြီလေ ချောင်းကမ်းရောက်တော့ လှေသမားကို ဟိုဘက်ပို့ပေးပါပေါ့၊ လှေသမားက စပ်စုတယ်၊ “ဟိုမှာ မွန်စစ်သားတွေ ရှိတယ်နော်” တဲ့၊ အောင်ဖေက ဗမာဆိုတာသိတော့ မှားတာယွင်းတာ ရှိမှာစိုးလို့ ထင်ပါရဲ့၊ ဒါနဲ့အောင်ဖေလည်း “ ဟုတ်တယ်၊ သူတို့ဆီကိုပဲသွားမှာ နိုင်ယက္ခဆီကို” ဆိုတော့မှ မွန်လှေသမားလည်း သဘောပေါက်သွားပြီး ဟိုဘက်ကမ်းပို့ပေးတယ်။

ရွာရောက်တော့ “လာအောင်ဖေ ဘာထူးလဲဗျ” တဲ့ ဆရာနိုင်ယက္ခကမေးတယ်၊ ကျနော်လည်း စောင့်နေရတာ ကြာတာနဲ့ ပျင်းလာလို့ လာစုံစမ်းတာ” ပေါ့လေ။ ဒီလိုပဲကြာတတ်တယ် စိတ်ရှည်တဲ့။ ဒီလိုနဲ့ နိုင်ဂေါင်ခမ်း တို့နဲ့စကားမြည်ပြောရင်း ညနေစောင်းလောက်ကြတော့၊ နိုင်ယက္ခကပြောတယ်၊ “ကော့ကျိုက်မှာ အစိုးရတပ် ရောက်နေတယ်၊ အောင်ဖေတည်းတဲ့အိမ်မှာ ဗိုလ်ကြီးတယောက် တည်းနေတယ်၊ ဒီမှာပဲ ၁-၂ရက်နေအုံး”တဲ့၊ အောင်ဖေ အတော်တော့ လန့်သွားတယ်၊ ငါနဲ့သာ တိုက်ရိုက်တိုးရင် ဟိုမေးဒီမေးနဲ့ ငါလည်းမလိမ်တတ်တာနဲ့ ရှောသွားနိုင်တယ်ပေါ့၊ နောက်တရက်ကြတော့ စစ်ကြောင်းက ထွက်သွားတော့ အောင်ဖေလည်း ရွာကို ပြန်လာတော့တာပေါ့၊ ဒေါ်ကြီးကမေးတယ် “နင်ဘယ်လိုသိလဲ သူတို့လာမယ်ဆိုတာ” တဲ့၊ ဦးကြီးကလည်း ပြောတယ် “ကိစ္စမရှိပါဘူးကွာ သူတို့ မမေးတတ်ပါဘူး” တဲ့၊ လူကတော့ အဲဒီကတည်းက တထိတ်ထိတ် ဖြစ်နေတော့တာပဲ။

ဒီလိုနဲ့တရက်ကြတော့ ထိုင်းဘက်ကို အလုပ်သွားတဲ့ လူတယောက် ကျန်ခဲ့တဲ့ နိုင်ငံသား စိစစ်ရေးကဒ်လေး ဘယ်ကဘယ်လိုတွေ့မိသလဲ မမှတ်မိတော့ဘူး၊ ဒီကောင်ကို ဓါတ်ပုံခွာ ငါ့ပုံကပ်နိုင်ရင်တော့ အဆင်ပြေပြီလို့ တွက်မိတယ်၊ လူကြီးတွေတော့ တိုင်ပင်ကြည့်မယ်ပေါ့လေ။

နောက်တနေ့ နေ့လည်ခင်းမှာ အောင်ဖေ စာသင်ပေးတဲ့ ကျောင်းသူလေးကျောင်းက ပြန်လာရင်းပြောတယ်၊ ကမ်းနီမှာ စစ်တပ်ရောက်နေတယ်၊ ကော့ကျိုက်မှာ ညလာအိပ်မယ်တဲ့၊ အောင်ဖေအတော်ကို စိတ်ဓါတ် အကြီးအကျယ် ကျသွားတယ်၊ ငါတော့ ရှောင်မရတော့ဘူး၊ ဒုက္ခပါပဲ ဘယ်လိုလုပ်ရမလဲပေါ့၊ အခုမှ ကော့ခတော်ဘက် ပြေးလဲ မမီတော့ဘူး၊ ရှိပါစေတော့ လူကြီးတွေလည်း ရှိတာပဲ၊ သူတို့ ဝင်ပြောပေးမှာပေါ့လေ။

လူလည်း စိတ်ညစ်သွားတော့ ညနေမစောင်းခင် အပေါ့အပါးသွားမယ်ဆိုပြီး အိမ်ပေါ်ကဆင်း အိမ်သာဘက် ထွက်လိုက်တော့၊ “ဘုရား၊ ဘုရား” စစ်တပ်ပွိုင့်က လာနေတာနဲ့ တည့်တည့်တိုးပါလေကော၊ ပွိုင့်ကလည်း ကိုယ့်ကိုလှမ်းမြင်တယ်၊ လူငယ်တယောက်ဆိုတော့ သူ့တပ်စိတ်မှူး လှမ်းမေးပုံရပါတယ် မေးလိုက်ရမလား ဘာညာပေါ့လေ၊ သူ့တပ်စိတ်မှူးက ဘာပြောလည်း မသိ၊ မမေးတော့ဘူး ဆက်ပြီးသွားပါလေကော၊ တခုတော့ရှိတယ် အောင်ဖေဝတ်ထားတာကလည်း ရွာသားစတိုင် ရိုးရိုးရှပ်နဲ့ လုံချည်နဲ့၊ အိမ်ပေါ်က ဆင်းလာတယ် ပုံမှန်အတိုင်း အိမ်သာဘက် အပေါ့အပါးသွားတယ် ဆိုတော့ မင်္သကာစရာတော့ မရှိလောက်ဘူး ထင်တာပဲ၊ နောက်တခုကလည်း ဒီရွာက ရွာကြီးဆိုတော့ တချို့ လူငယ်လူရွယ်တွေ ရှိနေနိုင်သေးတယ်ပေါ့ သူတို့အဲဒီလို ထင်ပုံရပါတယ်။

အမြန်ပဲ အပေါ့သွားပြီး အိမ်သာပေါ်ကနေ ပြန်ဆင်းလာခဲ့တယ်၊ အဲဒီအချိန်တော့ စစ်ကြောင်းက အတော်ရှေ့ရောက် နေလောက်ပြီ ပွိုင့်ကလည်း clear လုပ်သွားပုံရှိတော့၊ နောက်ဆက်လျှောက် လာနေတဲ့ စစ်သားတွေ အကြပ်တွေကလည်း လှမ်းသာကြည့်တယ် ဘာမှမပြောတော့ဘူး၊ အောင်ဖေလည်း တချိုးတည်း အိမ်ပေါ်တက် ချောင်ထဲမှာ ငုတ်တုတ်လေး ထိုင်နေရတော့တာပဲ ပြတင်းပေါက်ကနေလည်း လှမ်းကြည့်ရဲဘူး။

နောက်တခုကလည်း စိုးရိမ်ရတယ်၊ ဘယ်အချိန်လာပြီး “အမေရေ ကျနော့်ရုံးအဖွဲ့တော့ ဒီညဒီမှာ နားမယ်” ဆိုတဲ့အသံ ဘယ်အချိန်ထွက်လာမလည်း တထိတ်ထိတ်စောင့်နေရတယ်၊ မိုးသာချုပ်သွားတယ် ဘယ်သူမှ မလာဘူး၊ ညအိပ်ခါနီးတော့ ဦးကြီးကပြောတယ်၊  “ လူကြီးတွေ ဒီတခါ ဒီမှာလာမတည်းဘူးပဲ” တဲ့၊ သူ့ပြောသံကြားတော့ အောင်ဖေ ပိုပြီးတော့တောင် စိတ်လေသွားတယ်၊ ဟုတ်တယ်လေ ခါတိုင်းဆို ဒီအိမ်မှာ အမြဲတမ်း ခွဲမှူးအဆင့်က နားနေကြဆိုတော့၊ ဒီတခါ မတည်းတာ ထူးတော့ ထူးဆန်းတယ်ပေါ့လေ။

အောင်ဖေကတော့ တညလုံးအိပ်မရဘူး ညလူချေတိတ်မှ ဟေ့ကောင်လာ လိုက်ခဲ့စမ်းဆိုပြီး လာခေါ်ရင်တော့ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူးပေါ့လေ။ ဒီလိုနဲ့ တညလုံး တိတ်တိတ်လေး ငြိမ်လှဲနေရင်း မိုးလင်းသွားကော ငှက်တွေ ဘာတွေ အော်သံတွေကြားလာပြီ၊ ဟော နွားတွေကို တင်းကုပ်ကလွှတ်ပြီ၊ ဒေါ်ကြီးတော့ နွားတင်းကုပ်မှာ နောက်ချေးကြုံးနေပြီ၊ ဟော တဘက်ခြံက ရေတွင်းသွား ရေခပ်နေပြီ၊ စသဖြင့် စိတ်က အလိုလို အကျင့်ရနေတယ် အသံတွေကို၊ လူကြီးတွေကလည်း သိပုံရပါတယ် ဒီနေ့တော့ အောင်ဖေကို ခေါ်လည်းမခေါ် ခိုင်းလည်း မခိုင်းဘူး မသိချင်ယောင်ဆောင်ထားတယ်၊ ကံကောင်းတာက စိုးရိမ်စိတ်များလို့လားမသိ အပေါ့အလေးလည်း အောင်ဖေ မသွားဖြစ်ဘူး၊ ခြင်ထောင် အိပ်ယာသိမ်းပြီး ဒီအတိုင်း လှဲပြီး စာအုပ်တအုပ် ဖတ်နေတော့တယ်၊ ၇နာရီခွဲလောက် ရှိမယ်ထင်ပါရဲ့၊ ဒေါ်ကြီး အဝတ်လျှော်နေသံကော တခြားအိမ်တွေက လူတွေ ကြွပ်ကြွပ်ကျပ်ကျပ် အသံတွေကြားတော့ အောင်ဖေ အသာလေးထပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်တယ်။

ကြည့်ရတာ တရွာလုံး ပုံမှန်ဖြစ်သွားသလိုပဲ၊ စစ်ကြောင်းထွက်သွားပြီနဲ့ တူတယ်ပေါ့၊ ဒါနဲ့အောင်ဖေ ပြတင်းပေါက်နေ ဒေါ်ကြီးအဝတ်လျှော်နေတာကို လှမ်းကြည့်မိတော့ သူက “ဆင်းခဲ့လေ၊ သူတို့သွားကြပြီ၊ မစိုးရိမ်နဲ့” တဲ့ အောက်ကနေ လှမ်းပြောပါကော၊ အောင်ဖေလည်း တခုခု ပြောမလို့ လုပ်ပြီးမှ၊ သူ့မျက်နှာ အရောင်ပြောင်းသွားတာ တွေ့လိုက်တယ်။ အံ့သြသွားတဲ့ မျက်နှာ အိမ်အောက်ဘက်ကနေတဆင့် လမ်းမဘက်ကို လှမ်းကြည့်ပြီး အသံကျယ်ကျယ်နဲ့ “ဟဲ့ နင်တို့ မပြန်ကြသေးဘူးလား” တဲ့၊ ဟာ သွားပြီ တဘက်က ပတ်လာတဲ့ စစ်ကြောင်းကို လှမ်းမေးလိုက်ပုံပဲ။

အောင်ဖေထိတ်သွားပြီး ပြတင်းပေါက်ကနေ နောက်ဘက်ကို အသာလှိုလိုက်တယ်၊ အဲဒီအချိန်မှာ အောင်ဖေ့အောက် အိမ်အောက်နေ ဖြတ်လျှောက်လာတဲ့ ခြေသံနဲ့ ပြန်ဖြေသံကြားလိုက်ရတယ်။

“ဟုတ်တယ် အမေရေ၊ ငပွေး(ကရင်)စက်သံကြားလို့ တချက်ပတ်ကြည့်တာ” တဲ့၊ အကွယ်က လှမ်းကြည့်တော့ တပ်စိတ်တစိတ် အောက်ကနေဖြတ်လျှောက်သွားတယ်၊ ဖြေသွားတာက တပ်စိတ်မှူးဖြစ်မယ်။ သူတို့ရဲ့ကြာဖြတ်စက်မှာ ကရင်တပ်တွေစက်သံ ဝင်နေတာကြားတော့ ဘယ်နားက ပြောနေတာပါလိမ့်ဆိုပြီး လိုက်ကြည့်တာနေမယ်၊ တခုရှိတာက ဒီရွာက မွန်ရွာဆိုတော့ သူတို့သေချာ နှံ့နှံစပ်စပ်တော့ ရှာစရာမလိုဘူးလို့ တွက်ထားပုံပါပဲ၊ ကရင်တွေ နေတတ်တဲ့ အိမ်လောက်ပဲ ပတ်ကြည့်သွားတာနေမယ်။ အောင်ဖေတို့ PDF က ရဲဘော်နှစ်ယောက် ကျသွားဖူးတယ်၊ ကိုရှမ်းလေး (တပ်စိတ်မှူး)နဲ့ မောင်စိုးမင်းလားမသိ၊ လှိုင်ဂနီရွာမှာ ဘုန်းကြီးကျောင်း မျက်နှာကျက်ပေါ် ပုန်းနေရင်း စစ်ကြောင်းထွက်သွားလောက်ပြီ ထင်ပြီး စက်ဖွင့်တာ၊ အရှင်ဖမ်းခံလိုက်ရတယ်၊ ပြီးတော့ တပ်ကသတ်သွားတော့တာပဲ။ ၁၉၉ ၇လောက်နေမယ်။

အောင်ဖေလည်း လုံးဝကို အသံမထွက် အောင်မဆင်းရဲတော့ဘဲ နေလိုက်တယ်။ နေ့လည် ၁၂နာရီလောက်မှ လယ်ထဲက ဦးကြီးပြန်လာပြီး တရွာလုံးမှာ ဘာစစ်သားမှ မရှိတော့ဘူး၊ သေချာသွားပြီ မစိုးရိမ်နဲ့ဆိုပြီး ထမင်းစားကြတော့တယ်၊ လူကတော့ ထမင်း ဘယ်လိုစားဖြစ်လိုက်မှန်းတောင် မသိတော့ပါဘူး၊ စိတ်ကတော့ ပျံ့ပျံ့လွင့်လွင့်နဲ့ပေါ့။

နောက်ရက်ကြတော့ ဆုံးဖြတ်ချက် ဒုံးဒုံးချလိုက်တယ်၊ တွေ့ထားတဲ့ မှတ်ပုံတင်အဟောင်းကို အိတ်ထဲထည့်ပြီး ကော့ခတော်ကို ချီတက်လာခဲ့တော့တာပဲ၊ အဲဒီအချိန်ကြတော့ မိုးကကျနေပြီဆိုတော့ လယ်ကွင်းထဲမှာ ရေတွေချည်းပဲ၊ ရေမကူးတတ်တဲ့ အောင်ဖေတယောက် ပွဲခံတော့တာပဲ၊ ကန်သင်းရိုးတွေကို မှန်းမှန်းပြီး သွားနေရင်းက တချက်တော့ ပြတ်နေတဲ့ ကန်သင်းရိုးအပေါ်ကို ခြေချလိုက်တာ ပလုပ်ဆိုပြီး ရေထဲ မြုပ်သွားပါလေကော၊ တော်သေးတာက ကျောပိုးအိတ်ကို ခေါင်းပေါ်ရွက်လာတာဆိုတော့ သူကတော့ မစိုလိုက်ဘူး၊ ကိုယ်ပေါ်က အဝတ်အစားတွေပဲ စိုကုန်တယ်။

အဓိက အရေးကြီးတာက မှတ်ပုံတင် ဒီဟာက စိုလို့ မရဘူး၊ ဒီဟာကို ဖြတ်ညှပ်ကပ်လုပ်ပြီး ကျနော် ခရီးထွက်တော့မယ် ပြောတော့၊ ဆရာနိုင်ယက္ခလည်း ဘာမှမပြောတော့ပါဘူး၊ ခရစ်လားဘာလားမသိ အဲဒီရွာက ရွာသားတယောက်နောက် လိုက်ခိုင်းသွားပြီး၊ သူ့ရွာကနေ စက်လှေစီး၊ ခရီးထွက်ဖို့ ထည့်လိုက် ပါလေရော။

အောင်ဖေ့ခရီးစဉ်က ဘယ်ကနေ ဘယ်ကိုသွားမယ်ဆိုတာတော့ ဘယ်သူကမှ မမေးပါဘူး၊ သူတို့ကတော့ ကူညီယုံပဲကိုး။

(၃)

ခရစ်ရွာကနေ မော်လမြိုင်အထိ သွားတဲ့စက်လှေက မနက်စောစောထွက်တယ်၊ အဲဒီရွာကနေ မနက်ပိုင်းစက်လှေ တက်စီးပြီး မော်လမြိုင်ကို နေ့လည်၂နာရီလောက်ထင်ပါရဲ့ ရောက်သွားပါလေကော၊ ကိုယ်လည်းတခါမှ မရောက်ဖူးဘူး၊ ဒါပေမယ့် ပေးလိုက်တဲ့ အဆက်အသွယ်တယောက် လိပ်စာကို မေးပြီး ဆိုက်ကားနဲ့ အဲဒီရပ်ကွက်ကို သွားတာပေါ့၊ ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ၊ တွေ့ရမယ့်လူနဲ့ တန်းတွေ့တာပဲ ကံကောင်းတယ် ခေါ်ရမယ်။

သူ့ကို ဓါတ်ပုံဘယ်မှာ ရိုက်ရမလဲ၊ မှတ်ပုံတင်လောင်းတာ ဘယ်မှာလဲ၊ လမ်းခရီးအနေအထား စတာတွေ မေးမြန်းပြီး မှတ်ပုံတင်ပေါ်မှာဓါတ်ပုံကပ်၊ ပလပ်စတစ်လောင်း ပြီးတာနဲ့ တည်းခိုခန်းတခုမှာ သွားတည်း လိုက်တယ်၊ မနက်ဖြန်ဆိုရင်တော့ ရထားလက်မှတ်ဝယ် ရန်ကုန်ကို ချီတက် ရတော့မယ်ပေါ့လေ။ တည်းခိုခန်းကလည်း အတော်ကို အဆင်မပြေဘူး၊ အတွဲတွေနဲ့ ကဲတဲ့ကောင်တွေလည်း ရှိနေတယ်၊ ငါတော့ ဒီမှာတည်းမိတာ မှားပြီလား မသိပေါ့လေ၊ နောက်နေ့ကြတော့ လက်မှတ်ဝယ်၊ နောက်ထပ် တည်းခိုခန်းအသစ်တခု ညနေပိုင်းမှာပြောင်းပြီး အိပ်လိုက်ရတယ်။

နောက်နေ့မနက်ကြတော့ မော်လမြိုင်ကမ်းနားလမ်းအတိုင်း လမ်းလျှောက်ရင်း မုတ္တမဘက်ကို ကူးမယ်ပေါ့လေ လမ်းလျှောက်လာတုန်း၊ အောင်ဖေဗြုန်းကနဲ ခေါင်းကြီးသွားပါလေကော၊ ဘာလို့ဆို အောင်ဖေနဲ့ မျက်နှာချင်းဆိုင် တခြားဘက် ပလက်ဖောင်းမှာ လမ်းလျှောက်လာတဲ့လူ နှစ်ယောက်ကြောင့်၊ တယောက်ကတော့ မသိပါဘူး ထောက်လှမ်းရေးက ဖြစ်နိုင်တယ်၊ သူကအရေးမကြီးဘူး အရေးကြီးတာက နောက်တယောက် သူက ကိုကျော်မင်းဦး၊ အရင်က ဒေါက်တာကျော်ညွှန့်တို့ PPF တပ်မှာလည်း လုပ်ဖူးပြီး မွန်ပြည်သစ် ပညာရေး ဌာနမှာလည်း စာသင်ပေးဖူးသူ၊ ပြီးခဲ့တဲ့ တနှစ် နှစ်နှစ်လောက်ကမှ အစိုးရဆီ အလင်းဝင်သွားတဲ့သူ ဆိုတော့ အောင်ဖေချွေးပြန်သွားတယ်၊ တော်သေးတယ် သူတို့ကလည်း ကိုယ့်မြင့်ပုံမရ၊ ကို်ယ်ကလည်း မြစ်ဘက်ခေါင်းလွှဲ လျှောက်လာတာဆိုတော့ ကံကောင်းသွားတယ်။

ဒါတောင်မှ တဘက်ကမ်းကူးဖို့ ဇက်ဆိပ်ကိုအဆင်း တံတားထိပ်မှာ ရှိနေတဲ့ စစ်ဆေးရေးတွေက အောင်ဖေ့ကျောပိုးအိတ်ကို စစ်ကြသေးတယ် ဘယ်သွားမလို့လဲ၊ မုတ္တမဘက် ကူးမလို့ပေါ့လေ၊ မှတ်ပုံတင်တော့ မမေးတော့ပါဘူး။ ဒါနဲ့ပဲ ဇက်နဲ့ မုတ္တမဘက်ရောက် ပြီးတော့ရထားစီး၊ ရန်ကုန်ကို ညနေအတော်စောင်းတော့ ရောက်သွားလေ သတည်းပေါ့။

ခက်တာက ရထားပေါ်မှာ အဒေါ်ကြီးတယောက်နဲ့ ဘေချင်းကပ်ထိုင်ရတယ်၊ သားကဘယ်ကလဲ ရန်ကုန်ကပါပေါ့ ဟုတ်လား ဘာလုပ်လဲ ဘာညာ လျှောက်မေးတော့တာပဲ၊ ကျနော်စီးပွားရေး လုပ်နေတာ ပြီးမှကျောင်းပြန် တက်မလို့ ဘာညာနဲ့ရွှီးရတော့တာပဲ၊ အန်တီကလည်း သင်္ကန်းကျွန်းဘက်မှာ နေတာ၊ ဘူတာကြီးရောက်လို့ ကားငှားရင် တူတူငှားတာပေါ့သားရယ် သားကကျောက်မြောင်းမှာ နေတာဆိုတော့ ဘာညာပြောနေတော့ မဖြစ်သေးဘူးပေါ့လေ၊ ကျနော် ကြည့်မြင်တိုင်ဘက်က သူငယ်ချင်းအိမ် အရင်သွားရဦးမယ် အန်တီရ ဘာညာနဲ့ စကားဖြတ်ပြီး ဘူတာကြီးရောက်တော့ ကားငှားစီးပြီး တခြားနေရာကို လစ်ရတော့တာပဲ။

ကံကောင်းတယ်ပြောရမယ် သူငယ်ချင်းကလည်း သူ့အိမ်မှာရှိနေ၊ မအိပ်သေးဆိုတော့ သူ့အိမ်မှာပဲတည်း ညစာစား စကားပြောဘာညာ လုပ်ရပြန်ကော၊ အဲဒီမှာ ငါကချင်ဘက် ကျောက်ကိစ္စ သွားနေတာကွ၊ အခုက မိုးချုပ်တော့ ငါ့အိမ်လည်း ရန်ကုန်မှာ မရှိဆိုတော့ မင်းအိမ်မှာ လာတည်းတာကွ၊ ဘာညာပြောတော့ ဒီကောင်က အေးဆေးပါကွာ မင်းကလည်း ဘာညာပြောပြီး၊ ဘယ်သူတွေကတော့ ဘယ်မှာလုပ်နေတယ်ကွ ကျော်စိုးကတော့ ထောနေပြီ၊ မင်းအောင်က ငပျင်းကွ ဘာအလုပ်မှ မလုပ်ဘူး ဒီကောင်၊ ဒီလိုဒီလိုတွေပြောရင်းက မထင်မှတ်ဘဲ အောင်ဖေလိုချင်တဲ့ အချက်တခုကို ထိုက်ထိုက်တန်တန် ရလိုက်တယ်၊ ဆိုလိုတာက အောင်ဖေ မြစ်ဝကျွန်းပေါ်ဘက်သွားပြီး ခေါ်လာရမယ့်သူက ရန်ကုန်မှာ ရှိနေတယ်ဆိုတော့ ဝမ်းသာလိုက်တာများ ထကချင်စိတ်တောင် ပေါက်သွားတယ်၊ လုပ်ငန်းစဉ်တဝက်လောက် အောင်မြင်သွားသလိုပဲ၊ ဒါနဲ့ သူ့ဆီက ဖုန်းနံပါတ် တောင်းထားလိုက်တယ်။

နောက်နေ့ကြတော့ ငါဒီညနေ ပြန်လာဖြစ်ရင်လည်း ပြန်လာဖြစ်မယ် မလာဖြစ်ရင်တော့ ခရီးထွက်သွားပြီ မှတ်လိုက်ပေါ့ကွာ ဘာညာပြောပြီး သူ့အိမ်ကထွက် တယ်လီဖုန်းဆက်လို့ရမယ့် အိမ်တအိမ်ရှာပြီး ဆက်သွယ်ရမယ့် ကိုယ်တော်ကို ဖုန်းဆက်တော့ သူကလည်း အားရဝမ်းသာ တွေ့ဖို့ချိန်း လူချင်းဆုံဖြစ်ကော၊ အဲဒီမှာ အောင်ဖေကပြောတယ်။

“ခင်ဗျား လိုက်ခဲ့ရမယ်၊ ခင်ဗျားကို လာခေါ်တာ” ဆိုတော့ သူက အတော်ကို ငြင်းရှာတယ်။

“အေး၊ ကောင်းတယ်ကွ လိုက်ရမှာပေါ့” တဲ့။

ခက်တာက သူကချက်ချင်း အလုပ်ကို ပစ်ထားလို့မရတော့ နောက်ဆုံးညှိရင်း တလတိတိကြာတဲ့နေ့ မော်လမြိုင်မှာ ဆုံမယ်၊ သူသေချာ ဆက်ဆက်လာခဲ့မယ်ပေါ့လေ။ ဆုံရမယ့်နေရာက ဈေးနဲ့ မနီးမဝေးက နည်းနည်းသန့်တဲ့ တည်းခိုခန်းမှာ ညနေပိုင်း ကျနော်ကလည်း လာတည်းမယ် သူကလည်း မနက်ကတည်းက အဲဒီမှာ ရောက်နေမယ်၊ အဲဒီလို ချိန်းပြီး အောင်ဖေတယောက် ရန်ကုန်ကနေ မော်လမြိုင်ကို ဟိုင်းလတ်ကား အငှားယာဉ်လေးတစီးနဲ့ ပြန်လာခဲ့ပါလေရော၊ ဆိုလိုတာ ဒီကားကညနေထွက် မော်လမြိုင်ကို မနက်ရောက်ပေါ့ အဲဒီလို။

ကားကရန်ကုန်က စထွက်တော့ အတော်မှောင်နေပြီ ပဲခူးနားရောက်တော့ ပြဿနာကတက်ကော ဘာလို့ဆို မိုးတွေက ကြီးပြီး ပဲခူးမြစ်ရေလျှံလို့ ပဲခူးတံတားကို ကားတွေ တစီးချင်း ဖြည်းဖြည်းဖြတ်ရတော့တာပဲ၊ အဲဒီလို မဖြတ်ခင် အောင်ဖေ အကြီးအကျယ် ငှက်ဖျားတက်ပါလေကော၊ မိုးကလည်း တချိန်လုံးရွာထားတာဆိုတော့ လူကအအေးမိပြီး ကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ မတထောင်သား ငှက်ဖျားပိုးတွေက နေရင်းထိုင်ရင်း တုန်လာပြီး တဟီးဟီးနဲ့ ဖြစ်နေပါလေကော၊ ပထမတော့ ရေကြီးတဲ့နေရာရောက်ရင် ကားပေါ်ကအထီးတွေ အကုန်ဆင်းပြီး ကားကိုတွန်းရမယ်ဆိုပြီး ကားပေါ်ပါတဲ့လူတွေက တိုင်ပင်ကိုက်ထားကြတာ၊ အောင်ဖေ အဖျားတွေတက်ပြီး တုန်နေတာတွေ့တော့ အတွေ့အကြုံရှိတဲ့ လူတယောက်က။

“ဟာညီလေး အဖျားတက်နေပြီလား၊ ကားပေါ်က မဆင်းနဲ့တော့ကွ၊ အကိုတို့ပဲတွန်းမယ်၊ တခုရှိတယ် မင်းဒီအတိုင်းတော့ အဖျားကကျသွားမှာ မဟုတ်ဘူး၊ ရှေ့နားမှာ စားသောက်ဆိုင်တဆိုင်ရှိတယ်ကွ၊ မင်းသောက်တတ်တတ် မတတ်တတ် ရမ်လေး တပက်နှစ်ပက်လောက်ဆွဲလိုက်ကွ အဲဒါမှ အဖျားကျမယ်၊ မဟုတ်ရင် ငှက်ဖျားက ကျကိုမကျဘူး” သူ အဲဒီလို ပြောတော့မှ အောင်ဖေ သေချင်စော်နံသွားတယ် ငှက်ဖျားတက်နေမှန်း လူတွေမသိအောင် ဒီမှာဖြင့် ထိန်းနေရပါတယ်ဆိုမှ သူပြောမှ အကုန်ပေါ်တော့တာပဲ၊ သူ့အတွေ့အကြုံက အတော်တော့ ဟုတ်နေတော့တာပဲ။

ခဏ္ဍနေတော့ လာလာညီလေးကားပေါ်ကဆင်း ဆိုပြီး စားသောက်ဆိုင်တဆိုင်ထဲ ဆွဲခေါ်သွားတော့တာပဲ။ ဆိုင်ထဲရောက်တော့။

“ညီရေ ရမ်နှစ်ပက်စီလောက်ပေးပါကွ၊ ကိုယ့်ညီလေး အရမ်းချမ်းနေလို့” အော သူလည်းအတော် ဝါသနာပါပုံရတယ်၊ ယောင်တော်ပြန်နဲ့ ရောကြိတ်ခွင့်ရသွားတာကိုး၊ မိုးကလည်းကြီး၊ ကားကလည်းတွန်း၊ ချမ်းကလည်းချမ်းဆိုတော့ လူတွေကတော့ ဘာမှအပြစ်ပြောနေကြမှာ မဟုတ်ဘူးပေါ့လေ။

တယောက်နှစ်ပက်စီလောက် ဇရက်မင်းစည်းစိမ်လေးလည်း ရသွားကော ကို်ယ်ထဲက သောင်းကျန်းနေတဲ့ ငှက်ဖျားပိုးတွေလည်း ငြိမ်သွားပါလေကော၊ မငြိမ်တာက ကိုယ့်ဆရာ သူရှမ်းပြည်ဘက်မှာ သစ်အလုပ် လုပ်တုန်းက ဘယ်လို ငှက်ဖျားမိကြောင်း တောငှက်ထက် ပင်လယ်ငှက်က ပိုဆိုးကြောင်း၊ ဒါကြောင့်သူဆို အမြဲ ရမ်ဆောင်ထားရကြောင်း ရွှန်းရွှန်းဝေအောင်ပြောရင်း မင်း မနက်အစောကြီး မော်လမြိုင်မသွားချင်သေးလည်း အကို့အိမ်မှာတည်းလို့ရတယ်ကွ၊ အိမ်မှာက အကို့အမေ တယောက်နဲ့ အမကြီး တယောက်ပဲရှိတာ၊ အကိုတို့ဆီကနေ မော်လမြိုင်ကိုသွားရင် ၂နာရီကျော်ပဲကွ ဘာညာနဲ့ ဧည့်ဝတ်ကျေနေတော့တာပဲ။

သူလိုလူ လည်လည်ပတ်ပတ်ရှိတာလည်း လမ်းခရီးသွားရတာ အဆင်တော့ပြေသား၊ သူ့အတွေ့အကြုံနဲ့ ကားဆရာတွေ အတွေ့အကြုံနဲ့ပေါင်းလိုက်တော့ အောင်ဖေတို့ ခရီးသည်တသိုက်လည်း ချောချောမောမောနဲ့ လိုရာခရီးကို ရောက်ရှိလေသတည်းပေါ့။

အောင်ဖေ မော်လမြိုင်ရောက်တော့ အချိန်ဆိုင်းမနေဘူး ကျုံဒိုးသွားမယ့် သင်္ဘောဆိပ်ကို တန်းဆင်းတော့တာပဲ၊ မော်လမြိုင်ကျုံဒိုး သင်္ဘောဆိပ်ကို ချောချောမောမော ရောက်သလို အချိန်လည်း မှီသွားတယ်၊ လက်မှတ်ဝယ်ပြီး မကြာခင်ပဲ သင်္ဘောက စထွက်တော့တာပဲ။

သင်္ဘောစထွက်တော့ ဘဝကအတော်ကို အေးချမ်းသွားသလို ခံစားရတယ်။ ဘာလို့ဆို အချိန်ယူ လုပ်ဆောင်ခဲ့ရတဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်းကတော့ အောင်မြင်သွားတာကိုး၊ လေလေးတဖြူးဖြူးနဲ့ အရသာခံနေတုန်း သင်္ဘောပေါ်ကလူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တာကြောင့် ကြည့်မိတော့၊ အားပါး သင်္ဘောရဲတွေ လူတိုင်းကို မှတ်ပုံတင်လိုက်စစ်၊ အိတ်တွေစစ်နဲ့ကိုး။

ကွိုင်ပဲ ငါလည်းတခါမှ သွားလာဖူးတာ မဟုတ် ငါ့မေးရင် ကမ်းနီသွားမလို့လို့ ဖြေရမှာပဲလို့ စိတ်ထဲ တွက်ထားတယ်။ ထင်တဲ့အတိုင်းပဲ ကိုရွှေရဲသား ၃-၄ယောက် ဘေးနားရောက်လာတယ် အသက်အရွယ် တွေကတော့ အောင်ဖေနဲ့ ရွယ်တူတွေလောက်ပဲရှိကြမယ်။

“အကို မှတ်ပုံတင်ပြပါ၊ အိတ်လေးလည်း တချက်လောက်”  တဲ့။

အောင်ဖေမှတ်ပုံတင် ပြလိုက်တယ်၊ အိတ်ကလည်း အဝတ်အစားပဲ ပါတာဆိုတော့ သူတို့စစ်တာလည်း ဘာမှ မထူးဘူးပေါ့၊ အကိုက ဘယ်သွားမှာလဲတဲ့၊ ထပ်တွန့်လာတယ်၊ ကျနော်ကမ်းနီ သွားမလို့ပါပေါ့လေ၊ ကျုံဒိုးကမ်းနီလားတဲ့ ဟုတ်တယ်ဗျ လို့ဖြေတော့။

“အကိုဘာမှတော့ မပါပါဘူးနော်” တဲ့ တယောက်ကမေးတယ်၊ “အာ မပါပါဘူးဗျ ကျနော် မော်လမြိုင် အလည်သွားတာပါ” ပေါ့လေ။ ဆိုလိုတာက ဒီကောင်တွေ လူကိုကျောက်ပွဲစားများ ထင်သွားလားမသိ။

“အကို ပါရင်တော့ပြောနော်၊ နောက်လည်း ကျနော်တို့က ဒီမှာရှိနေမှာပါ လိုတာပြောပေါ့အကိုရာ ညှိညှိနှိုင်းနှိုင်းပေါ့” တဲ့ သေချာပြီ လူကို ကျောက်သမားထင်နေတာ။

“အကို export ဒူးယားလေး တလိပ်လောက်တိုက်လေ” တဲ့ ဟုတ်သား၊ သူတို့စစ်တာ ဘာမှမရှိတော့ အိတ်ကပ်ထဲရှိနေတဲ့ ဒူးယားဘူးကို မင်္သကာလို့ ဆေးလိပ်တောင်းသောက်တာ ကြည့်လုပ်ပုံ။

အောင်ဖေကလည်း အာ ရပါတယ်ဗျ သောက်ပါဆိုပြီး သူတို့ကိုလည်း ခွဲပေး အောင်ဖေလည်း တလိပ်ကို ပါးစပ်ထဲ တေ့လိုက်တော့၊ တယောက်က မီးခြစ်ပေးပြီး တယောက်က အကိုကွမ်းစားချင် စားနော်တဲ့ ကွမ်းထုတ် ထိုးပေးတယ်၊ ကျနော်မစားတတ်ဘူးဗျ ကျေးဇူး ဘာညာပြောရင်း ဆေးလိပ်ကို တချိုက်ဖွာလိုက်တယ်။ သွားဦးမယ် အကိုရေ ဘာညာပြောပြီး မောင်မင်းကြီးသားတွေလည်း လစ်သွားပါလေကော။

ခရီးသည်တွေကိုတော့ အားနာပါရဲ့ ဒါပေမယ့် ဟန်ကိုယ့်ဖို့ သူလိုကိုယ်လိုသဘော စီးကရက်ကို ဆက်သောက် နေလိုက်တယ်၊ ဆေးလိပ်လည်းကုန်။ ၁၅ မိနစ်လောက်နေတော့မှ အိမ်သာထဲသွားပြီး ခါးကြားထဲက ပိုက်ဆံအိတ်ကိုထုတ်၊ သင်္ကာမကင်း ဖြစ်နိုင်တဲ့ ကားလက်မှတ်တို့ ဘာတို့လိုဟာတွေအကုန် အိမ်သာ အပေါက်ထဲကနေ လွှင့်ပစ်လိုက်ရတယ်။ တော်သေးတယ် ခါးကြားမှာ ပိုက်ဆံအိတ်ကို ညှပ်ထားပြီး အကျီင်္နဲ့ ပြန်ဖုံးထားတာကို ပုဂ္ဂိုလ်တွေ သတိမထားမိလို့။

ကျုံဒိုးရောက်တော့ အခက်အခဲ သိပ်မရှိတော့ဘူး လှေသမားတွေက အော်နေတယ် “ကမ်းနီ၊ ကမ်းနီ”  တဲ့ ခပ်တည်တည်ပဲ လှေပေါ်တက်ထိုင် လိုက်သွားရကော လှေကသွားနေတုန်း ဘေးနားကတယောက်ကို စပ်စုရတယ်၊ လှေက ဘယ်မှာ ဂိတ်ဆုံးလဲဆိုတော့ “စစ်တပ်ကင်းမှာ” တဲ့၊ ဟာသောက်ကျိုးနဲ ဒါဆိုဂိတ်ဆုံးတော့ လိုက်သွားလို့မရဘူး ရွာဘေးကပ်တာနဲ့ဆင်းမှပေါ့လေ။

တွက်ထားတဲ့အတိုင်း ရွာဦးပိုင်းမှာ လှေကကပ်တော့ ဘေးကလူကို ထပ်စုံစမ်းရသေးတယ်။ ဒါကမ်းနီ ရောက်ပြီလားပေါ့၊ ဟုတ်တယ် ဒါကမ်းနီပဲ ဆိုတာနဲ့ လှေပေါ်ကဆင်း ရွာထဲမှန်းသမ်း ဝင်သွားတာပေါ့၊ ရွာလည်လောက်ရောက်တော့ လမ်းကြောင်းသိသွားပြီ၊ ဒါကမ်းနီဆိုတာ သေချာသွားတော့ တပ်စခန်းဘေးကနေ ပတ်ပြီး ကော့ကျိုက်ရွာဘက် သုတ်ချေတင်တော့တာပဲ။

ရွာရောက်တော့ ဦးကြီးကော ဒေါ်ကြီးပါရှိတယ်။

“ဟာအောင်ဖေ ပြန်လာပြီလားကွ၊ အဆင်ပြေလား” တဲ့။

ဟုတ်ကဲ့ ပြောပါတယ်၊ ကျနော် ကျုံဒိုးဘက်ကနေ ပြန်လာတာခင်ဗျ၊ ဘာညာပြောတော့ လူကြီးနှစ်ယောက် အံ့သြသွားပုံပဲ၊ ဘယ့်နှယ် ကမ်းနီတောင် ခိုးသွားရတဲ့ကောင်က ကျုံဒိုးကနေ လာတယ်ဆိုတော့ သူတို့ အံ့သြတာလည်း မမှားဘူးပေါ့လေ။ ဒါကအောင်ဖေ ဘယ်ကဘယ်လို ဘာနဲ့သွားရင် ဘယ်လိုရတယ်ဆိုတာကို မေမြန်းစုံစမ်းထားဖုးတဲ့ ဝီရိယအကျိုးဆိုလည်း မမှားဘူးပေါ့။

စားသောက်ပြီးတာနဲ့ တခါတည်းပဲ ကော့ခတော်ကို တန်းသွားတော့တာပဲ၊ ချောင်းကူးတော့ လှေသမားက မှတ်မိနေပြီ “ဆရာရေ၊ ဒီအတိုင်းသွားလို့က မရတော့ဘူး ချောင်းလေးထဲက ဝင်သွားမှရတယ် ရှေ့က အပင်တွေတော့ ဆရာရှင်းပေး” လို့ပြောပြီး ဓါးတချောင်းပေးတယ်၊ ဆိုလိုတာက ရေကြီးတော့ လယ်တွေ ရေမြုပ်နေပြီ လူသွားလို့မရဘူး လမ်းပျောက်သွားပြီ ချောင်းအတိုင်း ဆန်တက်ပြီးသွားမှရမယ်၊ လမ်းမှာရှိတဲ့ ချောင်းပေါ်မိုးနေတဲ့ သစ်ကိုင်းစတွေကို ဓါးနဲ့ခုတ်ထွင် ရှင်းလင်းပေး အဲဒီလိုပြောတာ။

ကော့ခတော်ရောက်တော့ ဆရာနိုင်ယက္ခကို ပြောတယ် ကျနော်တလလောက် စောင့်ရဦးမယ် ဆရာရေဆိုတော့၊ သူက “ဒါပေါ့အောင်ဖေရာ၊ အန္တရာယ်ကင်းကင်း ပြန်ရောက်လာတာ ဝမ်းသာပါတယ်ဗျာ” တဲ့။

သက်ခိုင်
(၁၇း ၅၉)နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments