ဖိုးသံ (လူထု) သူတို့နှစ်ယောက်ကို ကျွန်တော်တွေ့ဖူးခဲ့တယ်

April 29, 2015

 

ဖိုးသံ (လူထု) သူတို့နှစ်ယောက်ကို ကျွန်တော်တွေ့ဖူးခဲ့တယ်

(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၅

ကျွန်တော်နိုင်ငံရေးကိုစပြီးစိတ်ဝင်စားတာမှာ နယ်ချဲ့ဆန့်ကျင်ရေးကစတယ်ဆိုရင်မမှားပါဘူး။ အထူးသဖြင့် ကိုယ့် နိုင်ငံ၊ ကိုယ့်ပြည်သူတွေရဲ့နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီဘဝကလွတ်မြောက်ရေး၊ လွတ်လပ်ရေးတိုက်ပွဲတွေပါ။ ဒါကြောင့် ကျွန်တော့်ခေါင်းထဲမှာ နယ်ချဲ့ဆန့်ကျင်ရေးတိုက်အတွင်း ပြောင်မြောက်စွာပါဝင်ခဲ့သူတွေဟာ ကျွန်တော့်ဟီးရိုးတွေဖြစ် နေခဲ့ပါတယ်။ အဲဒီလိုမှတ်မိတဲ့အထဲမှာသူတို့ရဲ့သူရဲကောင်းပုံပြင်တွေလည်း အများကြီးပါဝင်ပါတယ်။ မိဘပြောပြတာ၊ စာအုပ်ထဲမှာဖတ်ရတာ၊ နီးစပ်ရာတွေဆီကသိရကြားရတာတွေပေါ့။ ကျွန်တော်ဘာစိတ်စားမှန်းသိလို့ ပြောပြကြတာရော၊ ကျွန်တော်ကိုစံနမူနာယူစေချင်လို့ပြောပြတာရော၊ တခြားကလေးတွေ လူငယ်လေးတွေရဲ့ဘဝအတိုင်းပါပဲ။

“ကမ္ဘာများ၏စစ်ပွဲ” (The World of the Worlds) ဆိုတဲ့ရုပ်ရှင်ကားဟာ ကျွန်တော့်အသက်ငယ်ငယ်လေးမှာ ကျွန်တော့်ဘဝထဲဝင်ရောက်လာတဲ့ ရုပ်ရှင်ကားတကားပါ။ အဲဒီခေတ်တုန်းကမများလှတဲ့ သိပ္ပံပညာအထူးဖန်တီးချက် ရုပ်ရှင်ကားတွေထဲက နာမည်ကြီးကားတကားပေါ့။ လူကြိတ်ကြိတ်တိုးစည်းကားခဲ့တဲ့ဇာတ်ကားတကားပါ။ ဒါပေမဲ့ ကျွန်တော့်အိမ်နဲ့ ကျွန်တော့်အသိုင်းအဝိုင်းမှာတော့ ဒီဇာတ်ကားအကြောင်းပြောကြတယ်ဆိုရင် ဇာတ်ကားအခြေခံထားတဲ့ ဝတ္ထုကြီးအကြောင်း၊ အဲဒီဝတ္ထုကြီးကိုရေးတဲ့ နာမည်ကျော်အင်္ဂလိပ်စာရေးဆရာအိပ်ခ်ျဂျီဝဲလ်စ် (H.G.Wells) အကြောင်း တွေလည်းပါလာပါတယ်။ ဒါ့အပြင် အိပ်ခ်ျဂျီဝဲလ်စ်ဗမာပြည်ကိုလာဖူးတဲ့အကြောင်း၊ ရန်ကုန်တက္ကသိုလ်ထဲမှာ ဗမာပြည်က စာရေး ဆရာတွေနဲ့တွေ့ဆုံတဲ့အကြောင်း၊ နောက်ပြီး- – – – –

ဒေါ်ခင်မျိုးချစ်။ 

အိပ်ခ်ျဂျီဝဲလ်စ်နဲ့ ဗမာပြည်ကစာရေးဆရာတွေ အင်းလျားကန်နံဘေးက တက္ကသိုလ်လေလှော်အသင်းမှာတွေ့ဆုံတဲ့ လက်ဖက်ပွဲလုပ်တော့ ဆရာမကြီးဒေါ်ခင်မျိုးချစ်က အိပ်ခ်ျဂျီဝဲလ်စ်ကို အာဇာနည်၁၇ဦးကိစ္စနဲ့ အင်္ဂလိပ်အစိုးရဲ့လုပ်ရပ်တွေ ဖွင့်ချပြလိုက်တယ်ဆိုတာဟာ အဲဒီခေတ်က ဗမာနိုင်ငံကပြည်သူတွေရဲ့စိတ်ဓာတ်ကို ထင်ဟပ်တာဖြစ်ရုံမက ဗမာ စာရေးဆရာတွေရဲ့သဘောထားကိုလည်း ဖော်ပြတာလို့ယူလို့ရပါတယ်။ အဲဒီအချိန်တုန်းက စာရေးဆရာအသင်းဟာ ဖွဲ့ပြီးစပဲရှိပါသေးတယ်။

ဒီနေရာမှာတခုပြောဖို့လိုလာပါတယ်။ အဲဒါကဗမာနိုင်ငံလိုနေရာက စာရေးဆရာအသင်း၊ ကျောင်းသားသမဂ္ဂစတာ တွေနဲ့ အနောက်နိုင်ငံကစာရေးဆရာအသင်း၊ ကျောင်းသားသမဂ္ဂစတာတွေ မတူတဲ့အကြောင်းပါ။ အဲဒီတုန်းကဗမာပြည် ဟာနယ်ချဲ့လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ပါတယ်။ ဒီတော့အင်္ဂလိပ်အစိုးရက ဗမာပြည်ကတက္ကသိုလ်တွေမှာ သူတို့ဆီမှာ လို ကျောင်းသားသမဂ္ဂဆိုတာ ဘာနိုင်ငံရေးမှမလုပ်တဲ့ သဟာယအသင်းလောက်ဖြစ်အောင် ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။ တကယ့်လက်တွေ့မှာ ဗမာပြည်ကကျောင်းသားသမဂ္ဂတွေဟာ သူတို့ကိုဆန့်ကျင်တိုက်ခိုက်ရာမှာ ရှေ့ဆုံးတန်းကပါတဲ့ အသင်းအဖွဲ့တခုဖြစ်လာခဲ့ပါတယ်။ အဲဒီခေတ်ကကျောင်းသားခေါင်းဆောင်ပဲဖြစ်ဖြစ်၊ စာရေးဆရာပဲဖြစ်ဖြစ် ခေတ်ဝန်ကို မထမ်းလို့မဖြစ်ပါဘူး။ ခေတ်ကဗမာပြည်ပြည်သူတွေရဲ့ ကိုလိုနီဘဝကလွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်မယ့် စိတ်ဓာတ်နဲ့စစ်ပွဲ ဟာ အရှိန်ရမြင့်တက်နေတဲ့အချိန်ပါ။

ဒီနေ့ဗမာပြည်မှာလည်းဒီလိုပဲဖြစ်ပါတယ်။ ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလိုသတ်၊ လုချင်သလိုလုနေတဲ့စစ်အစိုးရ

အောက်မှာရောက်နေတဲ့ နိုင်ငံတခုကလူတွေဟာ အဲဒီစစ်အစိုးရကိုဖယ်ရှားဖို့သမိုင်းဝန်ထမ်းရပါမယ်။ အနောက်နိုင်ငံက ကျောင်းသားသမဂ္ဂတွေလို ပါတီပွဲတွေ၊ စကားရည်လုပွဲတွေလောက်နဲ့ ကျေနပ်နေလို့မဖြစ်ပါဘူး။ စစ်အာဏာရှင်စနစ် ပျောက်ကွယ်ရေးအတွက် တတပ်တအားပါဝင်ကြရပါမယ်။ ဒီခေတ်ကျောင်းသားတွေလေ့လာ၊ အားကျရမှာက ဟိုချမ်းသာတဲ့နိုင်ငံတွေကကျောင်းသားတွေကိုမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသမိုင်းထဲက သမိုင်းဝန်ထမ်းခဲ့သူတွေကို ပိုလေ့ လာ အားကျသင့်ပါတယ်။

ပြန်ဆက်ပါမယ်။ ဗမာပြည်သမိုင်းမှာလုံးဝချန်မထားသင့်တာက ဂျပန်တော်လှန်ရေးပါ။ ကျွန်တော့်အထင်တော့ ဒုတိ ယကမ္ဘာစစ်ကြီးမှာ ဂျပန်တွေပထမဆုံးလုံးဝရှုံးနိမ့်ထွက်ပြေးရတာ ဗမာပြည်စစ်မြေပြင်ပဲဖြစ်ပါတယ်။ အဲဒီလို ဖက်ဆစ်တွေ ကိုမောင်းထုတ်တဲ့အကြောင်းကိုပြောရရင် ဗမာ့တော်လှန်ရေးသမားတွေရဲ့အခန်းနဲ့ ဦးခင်မောင်လတ်-ဒေါ်ခင်မျိုးချစ်တို့လို လူပုဂ္ဂိုလ်တွေရဲ့အခန်းကို ချန်လှပ်ထားလို့မဖြစ်ပါဘူး။ ဖက်ဆစ်အုပ်စိုးမှုအောက်မှာသူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတာ အားလုံးသိပြီးမို့ဒီမှာထပ်မရေးတော့ပါ။ ဒါပေမဲ့ အသိအမှတ်ပြုရမယ်ဆိုတာကိုတော့ ခိုင်ခိုင်မာမာထပ်လောင်း ရေးချင် ပါတယ်။ 

ကျွန်တော်ငယ်ငယ်ကတည်းက လေးစားခဲ့တဲ့ဆရာကြီးဦးခင်မောင်လတ်နဲ့ ဆရာမကြီးဒေါ်ခင်မျိုးချစ်ကို ပထမဆုံး တွေဖူးတာက ကျွန်တော်ထောင်ကထွက်လာပြီးတော့မှပါ။ ၁၉၇၄-၇၅လောက်ကထင်ပါတယ်။ သူတို့မန္တလေးကိုလာလည်၊ ကျွန်တော်တို့အိမ်မှာတည်းကြပါတယ်။ အဲဒီအခေါကမှာ သူတို့ရဲ့တဦးတည်းသောသား သင်္ချာဆရာကို(ဒေါက်တာ) ခင်မောင်ဝင်းလည်းပါပါတယ်။ ကျနော်မှတ်မိတာ ကိုခင်မောင်ဝင်းက ကျွန်တော့်အကိုထက်နည်းနည်းကြီးပါတယ်။ ဒီ မိသားစုဟာ ကျွန်တော့်မိဘများရဲ့မိတ်ရင်းဆွေရင်းများမို့ မန္တလေးကိုလာလည်မယ်လုပ်တော့ မိဘများကိုလှမ်းဆက်သွယ် ကြပြီးကျွန်တော်တို့အိမ်က ဝမ်းမြောက်ဝမ်းသာလက်ကမ်းလိုက်တာနဲ့ ရောက်လာကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်မှာတည်းပြီး ကျွန်တော်တို့အိမ်ကပဲဘုရားဖူး၊ လည်ပတ်တာတွေကိုလိုက်ပို့ပါတယ်။ သတင်းစာအလုပ်မရှိတော့တဲ့ ကျွန်တော့်မိဘများကသူတို့ ဘော်ဒါဟောင်းများလိုသဘောထားပြီး အတူလိုက်ပို့၊ လိုက်လည်ကြပါတယ်။ သူများတွေ တော့မသိ၊ ကျွန်တော်ကတော့သူတို့ကို ထမင်းစားရာမှာရော၊ ဘုရားကန်တော့ရာမှာပါ အမူအရာ၊ အပြောအဆိုကအစ အစစကိုတစေ့တစောင်းအကဲခတ်နေခဲ့ပါတယ်။ ဘာများအတုယူရမလဲလို့ပေါ့။ 

ပထမဆုံးသတိထားမိတာကတော့ အင်္ဂလိပ်လိုဆောင်းပါးဝတ္ထုတွေရေးတဲ့ဇနီးနဲ့ အင်္ဂလိပ်သတင်းစာအယ်ဒီတာချုပ် ခင်ပွန်းတို့ဟာ စကားပြောရာမှာဗိုလ်လိုညှပ်ပြောလေ့မရှိတာပါပဲ။ သူတို့ဇနီးမောင်နှံချင်းပြောရင်လည်း ဗိုလ်စကားမကြားရ ပါဘူး။ သူတို့နှုတ်က အင်မတန်မြန်မာဆန်တဲ့မြန်မာစကားကိုပဲမြိန်မြိန်ပြောတာကြားရလို့ ကျွန်တော်အင်မတန် အံ့သြ ဝမ်းသာခဲ့ပါတယ်။ နောက်သတိထားမိတာက ဆရာမကြီးရဲ့လှုပ်ရှားပုံအမူအရာဟာ ဒေါင်းတင်မောင်းတင်ရှိတယ်လို့ ယူဆစရာပါတယ်။ အင်မတန်ဖျတ်လတ်သွက်လက်ပါတယ်။ ဒါကြောင့်လည်း သူအိပ်ခ်ျဂျီဝဲလ်နဲ့တွေ့စဉ်တုန်းကလည်း ဒီလိုပုံစံမျိုးပဲမှတ်တမ်းဓာတ်ပုံတွေကို ပေးခဲ့တာများလားလို့ ကျွန်တော်ကတွေးနေမိပါတယ်။ ဦးခင်မောင်လတ်ကတော့ လူပြောမသန် လူသန်မပြောဆိုတာမျိုး စကားနည်းသူပါ။ လူပုံခန့်ညားသလို အသံလည်းခန့်ညားသူလို့ မှတ်မိနေပါတယ်။ သူတို့သားဆရာကိုခင်မောင်ဝင်းကတော့ ဘုန်းကြီးလို အင်မတန်အိနြေ္ဒကြီး၊ တည်လွန်းတာမို့ သူ့ကိုကြည့်ပြီး ကျွန်တော်ကစိတ်ထဲကနေပြီး ဆရာမြို့မငြိမ်းရဲ့ပျို့မှတ်တမ်းသီချင်းထဲက “မိဘပေးစား၊ ဒီလူကြီးဇနီးရပါစေ” ဆိုတဲ့ စာကြောင်းကို ရွတ်ခဲ့မိပါတယ်။ 

နောက်တချက်သတိထားမိတာက သူတို့ဟာသာမန်ဘုရားတွေလည်ဖူးတာမဟုတ်ပဲ ဘယ်ဘုရားကိုပဲရောက်သည် ဖြစ်စေ အင်မတန်လေးနက်ကိုင်းရှိုင်းစွာနဲ့ ဦးချတာ၊ ဆုတောင်းတာလုပ်ကြပါတယ်။ တည်ကြည်လေးနက်တဲ့ မြန်မာဗုဒ္ဓ ဘာသာလင်မယားပါလား ချက်ခြင်းအတွေးပေါက်မိပါတယ်။ နယ်ချဲ့နဲ့ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲတွေကို ပါဝင်ဖြတ် သန်းခဲ့သူတွေမဟုတ်ပါလား။

မှတ်မှတ်ရရ အဲဒီအခေါက်ကသူတို့ကို ကျွန်တော်တို့မိသားစုကမင်းကွန်းကိုဘုရားဖူးလိုက်ပို့ကြပါတယ်။ အဲဒီတုန်းက ထုံးစံအတိုင်းမော်တော်လေးတစင်းနဲ့ပါ။ ကျွန်တော်တို့အိမ်သားတွေအပြင် တခြားဆွေမျိုးမိတ်ဆွေတချို့လည်းပါသေး တာမို့ မော်တော်ပေါ်မှာ ကိုယ်ကအများစုဖြစ်နေပါတယ်။ မန္တလေးကနေမင်းကွန်းကိုအသွားက ဧရာဝတီမြစ်ကို ဆန် ရတာမို့နည်းနည်းကြာပါတယ်။ ဒါကြောင့်ခရီးသည်တွေဟာ ဘေးတဖက်တချက်ကဧရာဝတီမြစ်ကမ်းရှုခင်းကို ငေးရင်း လိုက်ပါကြတာများပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ကတော့ အကြိမ်ကြိမ်တွေ့ဖူးနေတဲ့ ရှုခင်းကိုစိတ်မဝင်စားပါဘူး။ ကိုယ့် အိမ်ကယူသွားတဲ့အင်္ဂလိပ်စကားလုံးစီတဲ့ စခရယ်ဘလ်(Scrabble)ကစားနည်းကို ထုတ်ကစားကြပါတယ်။ ဖျာကြမ်း ခင်းထားတဲ့မော်တော်ကြမ်းပြင်ပေါ်မှာ လေးယောက်မျက်နှာချင်းဆိုင်ကစားကြတာပါ။ စကစားလို့ ခဏလေးနေတော့ ဆရာမကြီး ကျွန်တော်တို့ကစားဝိုင်းအပါးရောက်လာပါတယ်။ သူကဘာမှမပြောပဲအသာလေး  ထိုင်ကြည့်နေပါတယ်။ ကျွန်တော်တို့ကတော့ သူကတယောက်ယောက်ကိုများ ထောက်ပြ၊ အကြံပေးလေမလားလို့ တွေးပူမိတာကိုဝန်ခံရပါမယ်။ ကျွန်တော်ကကိုယ့်အလှည့်ရောက်လို့ စကားလုံးတလုံးခင်းပြီးတိုင်း မှန်ရဲ့လားဆိုတဲ့အဓိပ္ပာယ်နဲ့ သူ့မျက်နှာကိုငဲ့ကြည့်မိ ပါတယ်။ အဲဒီလိုကြည့်လိုက်တိုင်းတွေ့ရတဲ့ ဆရာမကြီးရဲ့မိခင်ဆန်လှတဲ့အပြုံးကို ကျွန်တော်ဒီကနေ့တိုင် မမေ့နိုင်ပါဘူး။ အင်မတန်ကြည်လင်၊ နူးညံ့တယ်လို့ခံစားမိပါတယ်။ 

ကျွန်တော်တို့အိမ်မှာ သူတို့တပတ်လောက်နေပြီးတော့ ပြန်ကြပါတယ်။ဘူတာရုံကိုလိုက်ပို့ကြတော့ အဲဒီတုန်းက ကျွန်တော်တို့အိမ်ရဲ့ထုံးစံအတိုင်း ကျွန်တော်ပဲကားမောင်းရပါတယ်။ မီးရထားပေါ်ကနေ ပြတင်းပေါက်အပြင် ကိုယ်တပိုင်း ထုတ်ပြီးနှုတ်ဆက်နေကြတဲ့သူတို့ရဲ့ပုံဟာ သူတို့ကိုကျွန်တော်နောက်ဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းပါပဲ။

၁၉၇၆ခုနှစ်၊ အိမ်ကထွက်လာပြီးတဲ့နောက် ကျွန်တော်ဖြတ်သန်းရတာတွေဟာ စုံလင်များပြားလွန်းတော့ မြို့ပေါ်က ဘဝတွေ၊ မိတ်ဟောင်းကျွမ်းဟောင်းနဲ့ ချစ်ခင်သူတွေကိတော်တော်များများကို ပြန်မတွေးနိုင်ပဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ရှစ် လေးလုံးအရေးတော်ပုံကြီးပေါ်ထွက်လာတော့ ကျွန်တော်သိကျွမ်းသူ၊ လေးစားသူတွေအမြောက်အမြား ရှေ့တန်းကိုခုန် ထွက်လာကြတာတွေ့ရပါတယ်။ ဒီလိုနဲ့စာရေးဆရာလောကကိုငဲ့စောင်းကြည့်လိုက်တော့ ရန်ကုန်မှာစာရေးဆရာတွေက ဒီအရေးတော်ပုံကိုထောက်ခံကြောင်း လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုတခု လုပ်ကြပါသတဲ့။ ဒီအခါမှာ ဆရာကြီးဦးခင်မောင် လတ်နဲ့ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ကို လက်မှတ်ထိုးဖို့သွားပြောကြတော့ သူတို့က “မင်းရို့ဆရာကိုစာရင်းတို့ကာသာ ထားလိုက်ကြပေရော့”လို့မပြောရုံတမယ် တက်ကြွစွာပါဝင်ခဲ့ကြတယ်၊ ဆရာမကြီးကဆိုရင် ကျန်းမာရေးမကောင်းလို့ ခုတင်ပေါ်မှာလှဲပြီး ဟောပြောပွဲတွေမှာဟောပြောတယ်လို့ ကြားသိရပါတယ်။ 

အဲဒါကျွန်တော်တို့ဗမာနိုင်ငံသားပါ။

ဗမာပြည်ကိုကိုယ်စားပြုတဲ့စာရေးဆရာပါ။

ဖိုးသံ(လူထု)

 

(ဓာတ်ပုံ – ဘိုဘိုလန်းစင်၊ အသက် ၁၀၀ ပြည့်နဲ့ ရာပြည့်ကျော်၊ စာပေမောင်နှံ ၂ စုံ၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

One Response to ဖိုးသံ (လူထု) သူတို့နှစ်ယောက်ကို ကျွန်တော်တွေ့ဖူးခဲ့တယ်

  1. Htin Aung on May 2, 2015 at 2:31 pm

    ၁၉၇၄ခုနှစ်မှာကို(ဒေါက်တာ)ခင်မောင်ဝင်းအိမ်ထောင်ကျပြီးပါပြီ။ယဉ်ကျေးမှုနဲ့ သာသနာရေးအတွင်းဝန်ဦးသိန်းညွန့် သမီး နဲ့ ပါ။အမွှာကလေးတောင်မွေးပြီးပါပြီ။အခုမောင်ရစ်နဲ့ ဂျူနီယာဝင်းဆိုပြီးစာရေးနေသူနှစ်ယောက်ပေါ့ဗျာ။ဒီလူကြီးသူသဘောကျသူကိုယူထားတာပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments