ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) – ထီးလို မင်းလို နိဗ္ဗာန်လို (၀ီရိယကထာ)

May 5, 2015

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) – ထီးလို မင်းလို နိဗ္ဗာန်လို (၀ီရိယကထာ)
(မိုးမခ) မေ ၄၊ ၂၀၁၄
 

၂၀၁၂-ခု၊ အောက်တိုဘာလလောက်က ဖြစ်မယ်ထင်တယ်။ အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့က သီရိမင်္ဂလာကျောင်းမှာ ဘုရားဆောင်တိုးချဲ့ လှူဒါန်းတဲ့ပွဲ လုပ်ပါတယ်။ သီရိမင်္ဂလာကျောင်း ပဓာနနာယက၊ မေတ္တာဥယျာဉ် ကောင်းကင်သာသနာပြု ၀က်ဘ်ဆိုက်ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ အရှင်သီရိန္ဒက၊ သူ့ရဲ့ မေတ္တာဥယျာဉ်ဝက်ဘ်ဆိုက်မှာ ကောင်းကင်ပန်းများ ပွင့်လန်းအောင် ၀ိုင်းဝန်းရေးပေးနေတဲ့ ဆရာကံထွန်းသစ်၊ ဆရာ ဉာဏ်ဦးမောင် (အရှင်ဉာဏိကာဘိဝံသ-ကာလီဖိုးနီးယားတက္ကသိုလ်)နဲ့ မိမိတို့ သုံးပါးလုံးစုံညီပြီး အနုမောဒနာတရားကိုလည်း တဦး ဆယ့်ငါးမိနစ်နှုန်းစီလောက် ချီးမြှင့်ပေးဖို့ စီစဉ်ပါတယ်။ အားလုံးရင်းနှီးကြပြီးသားတွေဆိုတော့ ဘယ်သူမှ မငြင်းဆန် မပျက်ကွက်ဘဲ စုံညီစွာလည်း တက် ရောက်ခဲ့ကြပါတယ်။

အစီအစဉ်ကိုလည်း အွန်လိုင်းကနေ တိုက်ရိုက်ပြအဖြစ် လွှင့်တင်ထားတာဆိုတော့၊ အမေရိကန်၊ အင်္ဂလန်၊ သြဇီတို့မှာရှိတဲ့ ဓမ္မမိတ်ဆွေများလည်း ကောင်းကင်တမန်ရဲ့ အကူအညီနဲ့ မေတ္တာဥယျာဉ်မှာ လာရောက်နားခိုရင်း ပြင်ပူ၊ တွင်းဆွေး ငြိမ်းအေးရာကို ခံစားကြတယ်နဲ့ တူပါတယ်။

အစီအစဉ်ပြီးလို့ မကြာခင်လေးမှာပဲ ဆန်ဖရန်စစ်စကို၊ ဘေးဧရိယာမှာရှိတဲ့ မိမိတို့အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်သူ ဒကာမကြီးက “သီရိမင်္ဂလာပွဲကတော့ တကယ့်ကို ရှယ်ပဲ၊ ရှယ်တာလည်း မပြောနဲ့လေး၊ ကာယကံရှင်ကလည်း မေတ္တာဥယျာဉ်ကောင်းကင် ဓမ္မတမန်၊ တက်ရောက်တဲ့ဆရာတော်များကလည်း ကံ၊ ဉာဏ်၊ ၀ီရိယ သုံးပါးလုံးစုံတာဆိုတော့ ဒီထက်ပြည့်စုံတာ ဘယ်ရှိတော့မလဲ”ဆိုပြီး မုဒိတာအပြည့်နဲ့ အနုမောဒနာစကားဆိုလာပါတယ်။ ဖုန်းနဲ့လည်း ဆက်၊ အွန်လိုင်းမှာလည်း ကွန်မင့်အဖြစ်နဲ့တင်တာဆိုတော့ မကြာမီ ဒီသတင်းက ပျံ့သွားပုံရပါတယ်။ မိမိတို့သုံးဦးကိုလည်း “ကံ,ဉာဏ်,၀ီရိယ”ဆိုပြီး အတွဲလိုက် သိမှတ်သူ ပိုများလာတယ်။

ဒါနဲ့ မိမိတို့ သုံးပါးလုံးရဲ့ အမာခံစာဖတ်ပရိသတ်လည်းဖြစ်၊ ဘယ်တော့မှ လိုတာကို ကိုယ်ကပြောဖို့ အားမနာရဘဲ သူက အလိုက်သိ လှူဒါန်းလွန်းလို့သာ အားနာရတဲ့ ဒကာမကြီး ဒေါ်တူး (ခေါ်) ဒေါ်မြင့်မြင့်သိန်းကလည်း သူ့ရဲ့ မိဖများကို ဓမ္မပူဇာနဲ့ကျေးဇူး ဆပ်ဖို့အတွက် ဓမ္မဒါနစာအုပ်တစ်အုပ် လုပ်ချင်လို့၊ မိမိတို့သုံးဦးကို ကိုယ့်နာမည်နဲ့ကိုယ် လိုက်လျော ညီထွေဖြစ်မည့် အကြောင်းအရာယူပြီး စာမူချီးမြှင့်ပေးဖို့ ဖုန်းဆက်လျှောက်ထားတောင်းဆိုလာပါတယ်။ ဆရာကံက ကံ အကြောင်း၊ ဆရာဉာဏ်က ဉာဏ်အကြောင်း၊ မိမိကတော့ ကိုယ့်နာမည်အတိုင်း ၀ီရိယအကြောင်းပေါ့လေ။

ရေးသူဖတ်သူ၊ စာပေမောင်နှမတွေလည်းဖြစ်၊ လောကရေး ဓမ္မရေးမှာ ခံယူချက် ယုံကြည်ချက်ချင်းလည်း ပဋိပက္ခမဖြစ်ကြတဲ့ လောကဓမ္မမိတ်ဆွေရင်းတွေဖြစ်လို့ အလွယ်တကူပဲ နှုတ်နဲ့ကတိပြုလိုက်ပါတယ်။ “ကောင်းပါပြီဗျာ၊ ရပါစေမယ်”ပေါ့။

တကယ်တမ်းကျတော့ ကံ၊ ဉာဏ်၊ ၀ီရိယ သုံးပါးလုံးဆီက အစုံအညီရဖို့ဆိုတာ တစ်ဦးချင်းစီရဲ့ “ရပါစေမယ်”ဆိုတဲ့ ၀စီကံကတိနဲ့ ကျန်ကံနှစ်ခုဖြစ်တဲ့ ကာယကံ၊ မနောကံတို့ပါ စုံညီဆုံမိဖို့ အပေါ်မှာ တည်နေတာ။ လက်စသတ်တော့ တစ်ဦးချင်းစီမှာ ကံသုံးပါး စုံညီဆုံမိဖို့ဆိုတာကလည်း “အပြုလုံ့လ ရှိအပ်စွတည်း”ဆိုတဲ့အတိုင်း “၀ီရိယက အဓိကအခန်းက ပါနေတာပါ့လား”လို့ စိတ်ကူးနဲ့ ဘ၀င်မြင့်ချင်သလိုလိုတောင် ဖြစ်သွားလိုက်မိသေးတယ်။

ဒီအကြောင်းစဉ်းစားရင်း ပေးထားတဲ့ ကတိကို ကံသုံးပါးစုံညီဖို့ စားပွဲထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် မိမိခေါင်းထဲရောက်လာတာ ကတော့ လူငယ်တပည့်များနဲ့ စကားလက်ဆုံကျခဲ့ဖူးတဲ့ စကားဝိုင်းလေးကိုပါ။ (ဒီအကြောင်း “ထီးလို မင်းလို ဤဖေကို”ဆိုတဲ့ ခေါင်းစီးနဲ့ ၁၃၇၇-ခု နှစ်ဆန်း (၁) ရက်နေ့က ဖေ့စဘုတ်မှာ “ရွှင်မြူးစရာ နှစ်ဦးစကားလက်ဆောင်” အဖြစ် မကျဉ်းမကျယ် တင်ခဲ့ဖူးပါတယ်။ အခု ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ပြန်ပြောပါမယ်။
—-xxx—-

ယဉ်ကျေးလိမ္မာသင်တန်းတိုင်းလိုလိုမှာပဲ သင်တန်းသားများအနေနဲ့ မေးရဲ၊ ဖြေရဲ ရင်ဖွင့်ရဲဖို့ နေ့ခင်းတချိန်မှာ “ကြိုက်ရာမေး” ဆိုတဲ့ ကဏ္ဍတခုကို ထည့်ထားပေးပါတယ်။ သွက်လက်၊ မှတ်လွယ်၊ စိတ်ဝင်စားဖွယ်အင်္ဂါရပ်များနဲ့ ညီနိုင်သမျှ ညီစေဖို့လည်း ကြိုးစားဖြေပေးပါတယ်။

ဒါက အခုခေတ်စားစပြုလာတဲ့ တပည့်ဗဟိုပြုစနစ်နဲ့တော့ ခပ်ဆင်ဆင်နေမလားပဲ။ အတော်တော့ အဆင်ပြေတယ်။ အကြောင်း အရာကို ကိုယ်က မရွေးရဘဲ သူတို့က ရွေးပေးတာဆိုတော့ ကိုယ်လည်း သိပ်မပင်ပန်းဘူး။ သူတို့လည်း စိတ်ဝင်စားတယ်။

ပြီးတော့ နားနေချိန်မှာလည်း (နေ့လည်စာ စားပြီးစကလွှဲလို့) တရင်းတနှီးလာရောက် ဆွေးနွေးမေးမြန်း ခွင့်ပြုထား သေး တယ်။ ဒါကတော့ ဆရာနဲ့တပည့်၊ လူဝတ်ကြောင်နဲ့ ရဟန်းသံဃာဆိုတဲ့ အဟန့်အတားကြီး ပွင့်သွားစေချင်လို့ပါ။

အဲဒီအလေ့အထ အတော်လေး အထိုင်ကျလာပြီဖြစ်တဲ့ သင်တန်းတစ်ခုရဲ့ ညနေပိုင်းနားချိန်က (၄)နာရီကနေ (၆)နာရီ ဘုရား ၀တ်တက်ချိန်အထိ (မိန်းကလေးများ ရေးမိုးချိုးချိန်ပါရအောင်)အချိန်များများ ပေးထားတဲ့အတွက် ညနေပိုင်းစကား ၀ိုင်းကလေးလည်း နေ့စဉ်အချိန်မှန်လို ဖြစ်နေတယ်။

အဲ ..အခု စကားပြောဖြစ်တဲ့နေ့ကတော့ ဗိုလ်တထောင်မှာနေတဲ့ လူငယ်တယောက်က သူတို့ရပ်ကွက် ညတရားပွဲမှာ တရားဟောတဲ့ ဆရာတော်လေးက တရားနဲ့ ဘယ်လိုမှ ဆက်စပ်မှုမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် မဲမပေးရေး၊ အခြေခံဥပဒေ (ဘယ်အပိုဒ်ဆိုလား)မပြင်ရေးတွေကို ပြောတယ်။ သူပြောချင်ရာပြောတာကတော့ သူ့သဘောအတိုင်းပါပဲ။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နိုင်ငံခေါင်းဆောင်မဖြစ်ထိုက်တဲ့ အဓိကအပြစ်က အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည် လာစဉ်က ကမ္ဘာဆန်ဆန် နှုတ်ဆက်တဲ့ကိစ္စကို အတော်ချဲ့ကားပြီး ပြောတယ်။ အဲဒါဟာ ဟီရိသြတ္တပ္ပကင်းမဲ့လွန်း တဲ့အတွက် နိုင်ငံခေါင်းဆောင် မဖြစ်ထိုက်ဘူးလို့ ကောက်ချက်ချတယ်ဆိုတဲ့အကြောင်း စပြောလာတယ်။

စကားဝိုင်းထဲက စာဖတ်အတော်အတန်များပုံရတဲ့ လူငယ်တစ်ဦးက “အဲဒီ ဘုန်းဘုန်းပြောသလိုဆိုရင်တော့၊ ကမ္ဘာ့ယဉ် ကျေးမှု ဓလေ့ထုံးတမ်းနဲ့အလှမ်းကွာနေတဲ့ မြန်မာနိုင်ငံက လက်ရှိခေါင်းဆောင်ပုဂ္ဂိုလ်တွေကလွဲရင်၊ ကမ်္ဘာမှာ ခေါင်းဆောင် အင်္ဂါရပ်နဲ့ ညီညွတ်သူ တစ်ယောက်မှ မရှိတော့ဘူး။ ကမ္ဘာကြီး ယဉ်ကျေးသိမ်မွေ့စေချင်ရင်တောင်၊ မြန်မာနိုင်ငံက ခေါင်းဆောင်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးဆီ အိပ်စပို့ လုပ်ပေးရမယ့်သဘောမျိုး ဖြစ်နေပြီလို့ ရယ်စရာလိုလို၊ အတည်လိုလို ၀င်ဆွေးနွေးပါတယ်။ တယောက်ကလည်း ဒီစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ပါစေဆိုပြီး လက်ခုပ်တီး ထောက် ခံပြန်ပါတယ်။

ပုဂ္ဂိုလ်ရေးကို ဦးတည်လာတဲ့ဆီ ရောက်သွားတော့မလိုဖြစ်လာတဲ့အတွက် ပုဂ္ဂလဓိဋ္ဌာန်မဆန်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ အကြောင်း အရာများကို ဆွေးနွေးပြောဆိုတာ ပိုပြီး သင့်မြတ်ကြောင်း သတိပေးလိုက်ရတယ်။

မိမိနဲ့ တရင်းတနှီး စကားဝိုင်းဖွဲ့လာကြတဲ့ လူငယ်ခပ်မျာများက စာဖတ်အား သိပ်မနည်းကြသူများပါတယ်။

အဲဒီထဲက လူငယ်တဦးက “အမေရိကန်သမ်္မတ အိုဘားမားရဲ့ မြန်မာပြည်လာရောက်တဲ့ ခရီးစဉ်နှစ်ခုရဲ့ ထူးခြားမှုများကို သူသတိထားမိသလောက် တင်ပြပါတယ်။ သူသုံးသပ်တင်ပြချက်ကလေးတွေကလည်း မဆိုးပါဘူး၊ သတိထားတတ်၊ စူးစမ်းတတ်ဖို့ အလေ့အထဖြစ်စေနိုင်ပါတယ်။ သူ့သုံးသပ်ချက်က –

အမေရိကန်သမ်္မတ အိုဘားမား ပထမအကြိမ်မြန်မာပြည် လာစဉ်ကလည်း “မင်္ဂလာပါ”ဆိုတဲ့ မြန်မာစကားနဲ့ မြန်မာပြည် သူတွေကို နှုတ်ဆက်တယ်။ ကိုယ့်နိုင်ငံမှာ အများစုက တလေးတစားသုံးနေတဲ့ စကားလုံးကို အမေရိကန် သမ္မတကြီးက ကိုယ့်ဘာသာစကားနဲ့ ပြောလိုက်တာဆိုတော့ အားလုံးက သဘောကျကြတယ်။ သားတို့တောင် တီဗွီကြည့်နေရင်းက “မင်္ဂလာပါ”လို့ ပြန်ပြီး နှုတ်ဆက်လိုက်မိ သေးတယ်တဲ့။

ဒါပေမယ့် အဲဒီပထမခေါက်မှာ အိုဘားမားကို မြန်မာတပြည်လုံးလိုလိုကသာမက ကမ္ဘာကတောင် သတိထားမိလောက်အောင် “ပေါက်”သွားစေတာကတော့ အဲဒီမြန်မာလို နှုတ်ခွန်းဆက်လိုက်တဲ့ “မင်္ဂလာပါ”ဆိုတဲ့စကား မဟုတ်ဘူး။ ရွှေတိဂုံဘုရားကို သွားပြီး ဆင်းတုတော်ကို ရေသပ္ပာယ်နေတဲ့ပုံပဲ။

သားသတိထားမိတာကတော့ ကိုယ့်နိုင်ငံက ခေါင်းဆောင်တွေက ကိုယ်ကိုးကွယ်ပါတယ်ဆိုတဲ့ စေတီပုထိုးတွေပေါ် သွားတဲ့အခါ၊ ထိပ်ဖျားအထိတက်ပြီး စိန်ဖူးတင်ရာမှာတောင် ဘုရားမကြိုက်တဲ့ လူသတ်လက်နက်ကြီးကို ခါးက မချဘူး။ တိုက်ပွဲထွက်တဲ့ပုံနဲ့ ဘုရားသွား ကျောင်းတက်ပုံ၊ ဘာမှ မထူးဘူး၊ ကြည့်ရတာအတော် စိတ်ထဲမှာ မသက်မသာဖြစ်ရတယ်။

အမေရိကန်သမ်္မတကတော့ သူကိုးကွယ်တဲ့ ဘာသာမဟုတ်ဘဲ ယဉ်ကျေးမှုကို လေးစားတဲ့သဘောနဲ့ သွားရောက်တာ ဖြစ်ပေမယ့် ရိုးရိုးရှပ်လက်ရှည်အင်္ကျီအဖြူနဲ့၊ ဘာလူသတ်လက်နက်မှ သူ့ကိုယ်မှာ မပါဘဲ၊ ကြောက်ရွံ့စိုးရိမ်တဲ့ အမူအရာ လည်း မရှိဘဲ၊ အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ ဆင်းတုတော်ကို တလေးတစားထားပြီး ရေသပ္ပာယ်နေတာပဲ။

အတူကြည့်နေတဲ့ ဦးလေးကြီး တစ်ယောက်ကတောင် “ အဲဒါကြည့်ထားကွ၊ ယဉ်ကျေးတဲ့ ခေါင်းဆောင်ဆိုတာ သူများဘာသာ အပေါ်မှာတောင် လေးစားတဲ့အမူအရာနဲ့ ယဉ်ယဉ်ကျေးကျေးပြုလုပ်တယ်။ ၀တ်စားဆင်ယင်တဲ့ အသွင်အပြင်ရော၊ ကိုယ်နေကိုယ်ထား၊ မျက်နှာနေ မျက်နှာထား၊ အမူအရာအားလုံး ဗုဒ်္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ အမူအရာလုံးဝ မပါဘူး။ ဘာသာတရားနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လေးလေးစားစား လုပ်ပြသွားတယ်။

သူ့ဟာသူ ယုံကြည်လို့ မဟုတ်ဘဲ ယဉ်ကျေးမှုကို အလေးထားတဲ့သဘော ပြလိုလို့ မြန်မာပြည်သူ၊ ပြည်သားတွေကို စည်းရုံးတဲ့သဘောနဲ့ ဟန်ဆောင်လုပ်ပြတာပဲ ဖြစ်ချင်ဖြစ်ပါစေ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူအများ အလေး ထားကိုးကွယ်တဲ့ ဘာသာရေးဌာနကို သွားရာမှာ အဲဒီဘာသာရေးနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ပစ္စည်းမပါတာရယ်၊ မျက်နှာနေ မျက်နှာထား တည်ကြည်အေးငြိမ်းတာကို မြင်ရတာရယ်ကကို အတော်ကျက်သရေရှိသကွာ”ဆိုပြီး အားရပါးရ သာဓုတွေထခေါ်နေလို့ အနားမှာရှိတဲ့ ပရိသတ်တွေတောင် သူနဲ့ရောပီး သာဓုလိုက်ခေါ်ကြသေးတယ်။

ပြီးတော့ သားတို့ လူငယ်တွေကို ကြည့်ပြီးတော့လည်း “မှတ်ထားကွ ထင်ရှားတဲ့ ပုဂ္ဂိုလ်တယောက် ဘယ်လောက်ထိ လူကြီးလူကောင်း ပီသတယ်ဆိုတာ၊ သူ့ဘာသာဖြစ်စေ၊ ကိုယ့်ဘာသာဖြစ်စေ ဘာသာရေး အထွဋ်အမြတ်ထားရာ ကျောင်း ကန်ဘုရား သွားတဲ့အခါ၊ အဲဒီဘာသာနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံးမှုရှိ မရှိကို ကြည့်ပြီး အကဲခပ်ရတယ်၊ ဘာပဲဖြစ်ဖြစ် အိုဘားမားဟာ ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် ယဉ်ကျေးသိမ်မွေ့တဲ့လူကြီး လူကောင်းတစ်ယောက်၊ ခေါင်းဆောင် ကောင်းတယောက်ဆိုတာကတော့ ဘုရားရင်ပြင်ပေါ်တက်ရောက်တဲ့အခါ ဘုရားမကြိုက်တဲ့ လူသတ်လက်နက် တစုံတရာ ဘာမှချိတ်ဆွဲမထားတာကို ကြည့်ရုံနဲ့ သိသာတယ်” လို့လည်း ပြောလိုက်သေးတယ်။

“ဒါက အိုဘားမားရဲ့ ပထမအကြိမ် မြန်မာပြည်ခရီးစဉ်တုန်းက သူသတိထားမိတဲ့ အချက်ပါ”ဆိုတော့ စကားဝိုင်းမှာပါတဲ့ လူငယ်တစ်ဦးက “ဒါဖြင့် အိုဘားမားရဲ့ ပထမအကြိမ် မြန်မာပြည်ခရီးစဉ်က ရွှေတိဂုံဘုရား မ,လိုက်လို့ ပေါက်သွားတာ ပေါ့နော်” လို့ ၀င်ထောက်လိုက်လို့ အားလုံးက သဘောကျပြီး ရယ်လိုက်ကြတာ “ရှူး”ဟန့်ယူရတယ်။
—-xxx—-

● ထီးလို မင်းလို
အိုဘားမား ဒုတိယအခေါက် မြန်မာပြည်လာတဲ့အခါ မြန်မာနိုင်ငံသားတွေ အခုအထိ ပြောစမှတ်ဖြစ်နေရစ်တာကတော့ လူငယ်လေးများနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာလို ပြောလိုက်တဲ့ “ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်”ဆိုတဲ့ စကားပါပဲ။

မြန်မာပြည်မှာ ပြောရိုးပြောစဉ်အရ ရိုးနေပြီဖြစ်ပေမယ့် အိုဘားမားပြောလိုက်မှ ဒီစကားလုံးက အသစ်မွေးဖွား လာသလိုဖြစ်ပြီး အတော်လေး အုပ်အော်သောင်းတင်းကို ဖြစ်သွားတာတဲ့။

“ဘယ်လို အုပ်အော်သောင်းတင်းဖြစ်သွားတာတုန်းဆိုတာလည်း ရှင်းပြပါဦး”လို့ လူငယ်တယောက်က ၀င်ထောက် လိုက်တော့ ….
ဘယ်လို အုပ်အော်သောင်းတင်းဖြစ်သွားသလဲဆိုတော့တို့လည်း အမှတ်တမဲ့သာပြောဆိုနေကြတာ ဒီဆိုရိုးစကားရဲ့ အဓိ ပ္ပါယ်ကို သိပ်နားလည်လှတာ မဟုတ်ဘူး။ “ကြိုးစားရင် ဘုရားဖြစ်” ဆိုတဲ့ ဆိုရိုးစကားနဲ့ အဓိပ္ပါယ်အတူတူလိုပဲဖြစ်မယ်လို့ ခပ်ရေးရေး သဘောပေါက်ထားတာ။

အခု အိုးဘားမားပြောလိုက်မှ အဓိပ္ပါယ်ရေရေရာရာ သိချင်စိတ်ပေါ်လာလို့ လူကြီးတွေမေးလိုက်တော့ သူတို့လည်း တို့လိုပါပဲ တဲ့။ ဒါနဲ့ အိမ်က အမေနဲ့အဖေကိုမေးတော့ “တို့ ဒီလိုပဲပြောဆိုလာတာ၊ အချင်းချင်း ဟုတ်သလိုလို ရှိနေကြတာပါပဲကွာ၊ မင်းတို့လူငယ်တွေကျမှ ရေရေရာရာ သိချင်ရတယ်လို့၊ နေဦး တို့လည်း မေးမြန်းလေ့လာကြည့်ဦးမယ်” ဆိုပြီး …

မြန်မာစကားပုံ အဘိဓာန်လိုက်ရှာကြ၊ ဆရာတော်တွေ၊ ဆရာကြီး ဆရာမကြီးတွေ လိုက်မေးကြနဲ့ အတော် အုတ်အော်သောင်း နင်းဖြစ်ကြတာပေါ့။ အမေကဆိုရင် “နင်တို့ဟာ ဟယ် .. ငါဖြင့် သွေးတောင် တက်ချင်လာတယ်” တဲ့။ အဟုတ်ပဲ မော ဟိုက်နေသလိုပဲ။

တယောက်ကတော့ “အေးဟ .. တို့လည်း အဓိပ္ပါယ်ကို တိတိကျကျ ရေရေရာရာတော့ မသိပါဘူး၊ အခု မင်းပြောလိုက်တော့မှ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်နှစ်ခေါက်မှာ ပထမအခေါက်က ရွှေတိဂုံဘုရား မ,လိုက်လို့ ပေါက်သွားတာ။ ဒုတိယအခေါက် က “ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်” ဆိုတဲ့ ဆိုရိုးစကားက မ,လိုက်လို့ ပေါက်သွားတာလို့ ဆိုရမှာပေါ့” ဆိုပြီး ၀င်ထောက် ခံလိုက်တော့ အားလုံးသဘောကျကြပြီး ရယ်လိုက်ကြပြန်တယ်။

ပြီးတော့ အားလုံးက “အေးနော် ဟုတ်ပါရဲ့” ဆိုပြီး ဆိုရိုးစကားရဲ့အဓိပ္ပါယ်ကို စဉ်းစားသလိုနဲ့ ခဏငြိမ်သွားကြတယ်။

မိမိက သူတို့တွေ လှုပ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “အေး .. အိုဘားမား မြန်မာပြည်လာတော့ ပထမအကြိမ်တုန်းက  မြန်မာလိုပြောသွားတဲ့ “မင်္ဂလာပါ” ဆိုတဲ့ စကားကလည်း အမည်နဲ့လိုက်အောင် တကယ်ကို ကျက်သရေမင်္ဂလာရှိတဲ့ မြန်မာ စကားပဲ။ ဒါပေမယ့် ဒီစကားက အိုဘားမားကိုပေါက်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ရွှေတိဂုံ မ,လိုက်မှ အိုဘားမား ပေါက်သွားတာ ဟုတ်တယ်မို့လား။

အဲ .. ဒုတိယခေါက်ကျတော့ သူမြန်မာလိုပြောလိုက်တဲ့ ဆိုရိုးစကားက သူ့ကို ပေါက်အောင် မ,လိုက်တယ်။ အဲဒါ ဘာကြောင့် ဆိုတာရော မင်းတို့သိလား” ဆိုတော့ အားလုံးကပဲ “မသိဘူး ဘုန်းဘုန်း၊ သားတို့ အဲဒီ ဆိုရိုးစကားအဓိပ္ပါယ်ကို ဟိုကောင် ပြောသလိုပဲ၊ ရေရေရာရာမသိလို့ စဉ်းစားနေတာ” တဲ့။

“အေး .. မင်းတို့ ဦးဏှောက်ခြောက်ခံပြီး စဉ်းစားမနေကြနဲ့ မှတ်ထားကြ၊ အဲဒါ မင်းတို့ ဆရာတော်ရဲ့အစွမ်းကြောင့်ကွ၊ ဒီ အခေါက် အိုဘားမားပေါက်သွားတာ မင်းတို့ ဆရာတော် မ,လိုက်တာ” ဆိုတော့ တယောက်က “ဘယ်ဆရာတော်တုန်း ဘုန်းဘုန်း” တဲ့။

“အေး .. ငါ့တပည့် ရင်းချာများကတော့ ဆရာကြီး ဒေါက်တာသန်းထွန်းပြောသလို ရင်းလည်းရင်း၊ ချာလည်းချာတွေပါလားကွာ၊ ဘယ်က ဆရာတော်ရမှာလဲကွ။ အခု မင်းတို့ကို ပြောနေတဲ့ ဤဖေကို ပေါ့ဟ”လို့ သူတို့အချင်းချင်း သုံးလေ့ရှိတဲ့ ဝေါဟာရနဲ့ ပြောလိုက်တော့မှ အားလုံးက “ဝေါ” ကနဲ ရယ်လိုက်ကြပြီး တယောက်က “အဲဒါ တကယ်လား ဘုန်းဘုန်း၊ အိုဘားမားက ဘုန်းဘုန်းနဲ့ တွေ့သွားသေးတာလား” နဲ့ လုပ်ပြန်ရော။

“ဟာ ..ဒီကောင်ကလဲ၊ ဇာတ်ထဲမှာ ရှင်ဘုရင်ပြောတဲ့စကားကို ပြန်မဖြေတတ်လို့ ရှင်ဘုရင်က “ချာပါ့ကွာ” လို့ ညည်းလိုက် ကာမှ  “မှန်လှပါ .. ချာကြောင်းပါဘုရား” လို့ သံတော်ဦးတင်တယ်ဆိုတဲ့ အမတ်လိုပဲ၊ မင်းကလည်း “ချာကြောင်းပါ”လုပ်နေပြန်ပြီ။

ငါ့ဆီကို လာသွားလို့ မဟုတ်ဘူးဟ။ အဲဒီ ဆိုရိုးစကားရဲ့အဓိပ္ပါယ်က အလုပ်တစ်ခုကို ကြိုးစားအားထုတ်ရာမှာ ရေအောက် ငုတ်စရာရှိရင်လည်း အောက်ခြေ သဲအထိရောက်အောင် ငုတ်နိုင်ရမယ်။ အထက်ကို တက်ရမယ့်နေရာမှာလည်း အဖျားအထိ ရောက်အောင်တက်နိုင်တယ်။ ရည်မှန်းချက်မပြီးသမျှ ဇွဲလုံ့ဝီရိယ လျှော့မပစ်ရဘူး” လို့ တင်စားပြောတာ။ “ဘကြီးစိတ်လာ၊ ပျိုတစ်ရာ”ဆိုတာမျိုး၊ “လူပျင်းလုံ့လ၊ တခဏ” ဆိုတာမျိုး မဖြစ်စေဘဲ၊ အောင်ပွဲမရသမျှ လုံ့လ၀ီရိယ ဘယ်တော့မှ လျှော့ မပစ်နဲ့လို့ ပြောတာကွ။

မှတ်ထား … မင်းတို့ဆရာက ကိုယ်တိုင်ကသာ အပျင်းထူတာ၊ သူများအတွက်ကျတော့ သူမပါရင် လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းကစပြီး အမေရိကန်သမ္မတအထိ ဘယ်သူမဆို၊ ဘယ်အရာမဆို ပြီးကို မပြီးနိုင်လို့ “ထီးလို မင်းလို” လို့တောင် ဆိုနိုင်တယ်။ မင်းတို့အထဲက တယောက်ယောက်သာ ငါနဲ့နာမည်တူရှိမယ်ဆိုရင်တော့ “ထီးလို မင်းလို ဤဖေကိုယ်” လို့ တောင် ထအော်လောက်စရာပေါ့” ဆိုတော့မှ …

ဟား .. ဟုတ်တယ်၊ သားတို့လည်း ခုမှ ဒီစကားအဓိပ္ပါယ် နားလည်တော့တယ်ဆိုပြီး အားလုံး ရယ်လိုက်ကြပြန်ပါတယ်။

အေး .. နားလည်တယ်ဆိုတာ မျက်စေ့မလည်မှ မှန်တယ်နော်။ စောစောက ဟိုကလေးပြောတယ် ..“ကြိုးစား ဘုရားဖြစ်” ဆိုတဲ့စကားနဲ့ အဓိပ္ပါယ်အတူတူလို ထင်ထားတယ်ဆိုတာ မျက်စိလည်တဲ့ သဘောရှိတယ်။ “ကြိုးစားဘုရားဖြစ်”ဆိုတာက မ၀ံ့မရဲဖြစ်နေသူကို ကြိုးစားအားထုတ်ချင်စိတ် ပေါ်လာအောင် တိုက်တွန်းအားပေးတာ။

“ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” ဆိုတာက ကြိုးစားနေသူတွေကို အောင်ပွဲမရမချင်း နောက်ကြောင်းပြန်မလှည့်ဖို့ သတိပေးတာ။ ဒီလို ကွဲကွဲပြားပြားမှတ်ရင်၊ မျက်စိမလည်ဘဲ နားလည်သွားမယ်။ မှတ်ထား … နားနဲ့ မျက်စိက တခုလည်ရင် တခုက မလည်တော့ဘူး။ တခုမလည်ရင် တခုက လည်သွားတာ။ သူတို့ချင်းက ဆန့်ကျင်ဘက် အဓိပ္ပါယ်ရှိတယ်” လို့ ဖြည့်စွက်ပြောလိုက်ရသေးတယ်။
——-xxx——-

● လူလို နတ်လို
ဆက်ပြီး မိမိက  …
“အမှန်ကတော့ ၀ီရိယဆိုတာ ထီးလို မင်းလိုသာမကဘူးကွ၊ နတ်တွေလည်း လိုအပ်ကြတာဖြစ်လို့ “လူလို နတ်လို”လို့လဲ ဆိုရမှာ”ဆိုတော့ အဓိပ္ပါယ်ကို နည်းနည်းနားလည်ထားပြီး ဖြစ်သလို၊ စာကိုလည်း ဘာသာရေးစာအုပ်များပါ ဖတ်လေ့ရှိတဲ့ လူငယ်တစ်ဦးက “ဘုန်းဘုန်း၊ နတ်တွေဆိုတာ ဘာမှ လုပ်ကိုင်စားသောက်စရာမလိုဘူး၊ နေစရာ ဗိမ္ဗာန်ကလည်း အလိုလို ပေါ်ပေါက်ပြီးသား၊ စားဝတ်နေရေးကလည်း ပဒေသာပင်တွေကနေ အလွယ်တကူယူပြီး စားသုံးရတာ၊ ဘာမှ လုံ့လ၀ီရိယ မလိုဘူး” လို့ ကြားဖူးပါတယ်။ အဲလိုဆို နတ်ပြည်မှာတော့ ဘုန်းဘုန်းက လူ့ပြည်လောက် ပေါ်ပြူလာဖြစ်နိုင်ပါ့မလား” ဆိုပြီး ရယ်မောလျှောက်ထားပါတယ်။

အေး .. တို့လည်း ငယ်ငယ်ကတော့ သက်ကြီးစကား သက်ငယ်ကြားနဲ့ ဒီလိုပဲ ကြားဖူးတာကွ၊ ဒါပေမယ့် အခုကျတော့မှ ကိုယ်တိုင် ပိဋကတ်စာပေတွေကို ကြည့်ရှုနိုင်တဲ့အခါကျတော့ တို့ ကြားဖူးထားသလို နတ်တိုင်း ကံဟောင်းစား သက်သက်နဲ့ အသက်မွေးနိုင်တဲ့ အခွင့်အရေး မရှိဘူးတဲ့ကွ”ဆိုတော့ “ဘယ်လိုတုန်း ဘုန်းဘုန်း .. သားတို့ကို နည်းနည်း ရှင်းပြပါ”တဲ့။

အေးကွ .. သံယုတ်ပါဠိတော် (၂၄၇) မှာ သုဝီရသုတ်ဆိုတာ ရှိတယ်ကွ၊ အဲဒီမှာ မြတ်စွာဘုရားက ရဟန်းတွေကို ဟောပြတာ။

တခါတုန်းက အသုရာတွေက တာဝတိံသာနတ်ပြည်ကို စစ်ထိုးဖို့ ချီတက်လာကြသတဲ့။ အဲဒီတော့ သိကြားမင်းက သူ့သား သုဝီရဆိုတဲ့ နတ်သားကို “အသုရာတွေကို တွန်းလှန်ဖို့ နတ်စစ်တပ်ကို ဦးဆောင်ပြီး ချီတက်ပါ”လို့ ခေါ်ပြောသတဲ့။

သုဝီရနတ်သားက “မှန်လှပါ ခမည်းတော် .. ကောင်းပါပြီ”လို့ ၀န်ခံပြီး နတ်သမီးတွေနဲ့ နန္ဒ၀န်ဥယျာဉ်စတဲ့ အရပ်တွေဆီ ပျော်ပွဲစား လှည့်လည်နေသတဲ့။ ဒီလိုနဲ့ သုံးကြိမ်တိတိ ပြောပေမယ့် သိကြားမင်းသားဆိုတော့ တို့လူပြည်က အကောင်ကြီးကြီး သားသမီး တွေလို နေမှာပေါ့ကွာ၊ သုဝီရက တေမြဲတေ၊ လေမြဲလေနဲ့ ပေမြဲပေနေတာပဲတဲ့။

အဲဒီတော့ သိကြားမင်းက “ဟဲ့သားတော် ငပျင်းသုဝီရ၊ ထကြွလုံ့လ၀ီရိယ မရှိဘဲ၊ ကြိုးစားမှုကင်းတဲ့ ငပျင်းတို့အတွက်၊ သက်သက်သာသာ ချမ်းသာသုခမှန်သမျှကို ရနိုင်တဲ့အရပ်ရှိတယ်ဆိုရင်၊ မင်းလည်း သွားနေချေ၊ ငါ့ကိုလည်း လိုက်ပို့စမ်း ကွာ”လို့ ပြောလိုက်တယ်။

အဲဒီတော့ သုဝီရနတ်သားက ငေါ့လို့ငေါ့မှန်းမသိဘဲ “လုံ့လမရှိ ပျင်းရိသူများအတွက် ဘာအလုပ်မှ မလုပ်ရဘဲ ချမ်းသာအားလုံး ရနိုင်တဲ့အရပ်ကို သားတော်တော့ မသိဘူး၊ ခမည်းတော်သိရင် သားတော်ကို ညွှန်ပြပါလား”လို့ ပြန်လျှောက်သတဲ့။

အဲတော့ သိကြားမင်းက “ဟ .. သုဝီရ ရ၊ ဘာအလုပ်မှ မလုပ်ရဘဲ၊ ၀ီရိယကင်း ငပျင်းတို့အတွက် အသက်မွေးချောင်ချိတယ် ဆိုတာ ဘယ်ပုဂ္ဂိုလ်မှလဲ မရနိုင်ဘူး၊ ဘယ်အရပ်ဒေသမှလည်း မရှိဘူး၊ အဲလိုသာ ရှိစတမ်းဆိုရင် အဲဒီနေရာကို နိဗ္ဗာန်သွားလမ်းလို့ ဆိုရတော့မှာပေါ့။ ရှိတယ်ဆိုရင် သင်လည်း သွား၊ ငါ့ကိုလည်း ခေါ်”လို့ (ခပ်ငေါ့ငေါ့) ပြန်ပြောလိုက်သတဲ့။

မြတ်စွာဘုရားက ဒီအကြောင်းကို ပြောပြပြီးမှ “ကံဟောင်းစားနဲ့ အသက်ရှင်ခွင့်ရသူ (ကမ္မဋ္ဌဇီဝိတ) သိကြားမင်းကတောင် ထကြွလုံ့လ၀ီရိယရဲ့ ဂုဏ်ကျေးဇူးကို ဒီလောက် ချီးကျူးနေတာ၊ ထကြွလုံ့ဝီရိယပါမှ တန်ရာ တန်ရာ ချမ်းသာသုခကို ရရှိခံစားခွင့်ရှိတဲ့ (ဥဋ္ဌာနဇီဝိတ) လူ့ဘုံသားဖြစ်သူ သင်ချစ်သားရဟန်းတို့ အနေနဲ့ မရမရောက်သေးတဲ့ တရားအထူးကို ရရောက်ပိုင်ပိုင် မျက်မှောက်ပြုနိုင်ဖို့ အတွက် ထကြွလုံ့လ၀ီရိယ အရှိကြီး ရှိနိုင်မှ တန်ကာကျမယ်”လို့ မိန့်ကြားတော်မူပါတယ်။ “မှတ်ထား မင်းတို့ဆရာတော်က လူ့ပြည်မှာသာ ပေါ်ပြူလာဖြစ်တာ မဟုတ်ဘူး၊ နတ်ပြည်မှာလည်း မရှိမဖြစ်ပဲ။ ထီးလို မင်းလို သာမက၊ လူလို နတ်လိုလို့တောင် ကြွားလို့ရတယ်”ဆိုတော့ ထုံးစံအတိုင်း “ရှူး”ဟန့်ရအောင် ရယ်ကြပြန်တယ်။
—xxx—-

အခု လူငယ်တွေ အားလုံး ခြုံငုံပြီးသဘောပေါက်ထားရမှာကတော့ နတ်ပြည်ဆိုတာ စားဝတ်နေရေးအတွက်တော့ဖြင့် “ကမ္မဋ္ဌဇီဝိတဘုံ”ဆိုတဲ့အတိုင်း ကံဟောင်းရဲ့အကျိုးကို ခံစားမှုသက်သက်နဲ့ အသက်ရှင်ခွင့်ရကြပေမယ့်၊ အောက်နတ်ပြည် လေးထပ်မှာ ဆိုင်ရာဆိုင်ရာ နတ်မှုရေးကိစ်္စတွေဆိုတာ ရှိတယ်။ အဲဒီကိစ္စတွေကို ထကြွလုံ့လ၀ီရိယနဲ့ တာဝန်ကျေအောင် ဆောင်ရွက်ရတာပဲ။

ငါးထပ်မြောက်ဖြစ်တဲ့ “နိမ္မာနရတိ”ဆိုတာကတော့ ကာယကံ၊ ၀စီကံ ထကြွလုံ့လ၀ီရိယတွေတော့ မလိုဘူး၊့  ကိုယ်ခံစားချင်ရာကို  မနောကံနဲ့တော့ တောင့်တဖန်ဆင်းပြီးမှ မွေ့လျော်ပျော်ပိုက်ခွင့်ရတယ်တဲ့။ မနောကံ လုံ့လ၀ီရိယတော့ ရှိရတာပဲလို့ ပြောတာ။

အထက်ဆုံးဖြစ်တဲ့ ခြောက်ထပ်မြောက် နတ်ပြည်ကတော့ “ပရနိမ္မိတ ၀သ၀တ်္တီ” ဆိုတဲ့အတိုင်း သူတို့လိုချင်ရာကို သူတပါး (လက်အောက်ခံနတ်တွေ) က အလိုက်သိ အလိုကျ ဖန်ဆင်းပေးရပြီး၊ သူတို့က ဇိမ်ကလေးနဲ့ ပျော်မွေ့နေနိုင်တယ်လို့ ဆိုပါတယ်။ နတ်ပြည်ခြောက်ထပ်ကလည်း တို့နိုင်ငံနဲ့ခပ်ဆင်ဆင်ပဲနဲ့ တူတယ်ကွ၊ အောက်အောက်ဘုံတွေကသာ အလုပ် လုပ်ရတာ၊ အပေါ်ဆုံးဘုံက ဘာမှလုပ်စရာမလိုဘဲ အောက်က အလိုက်သိဖန်တီးပေးသမျှနဲ့ ဘာမဆို လိုလေသေးမရှိ ပြည့်စုံတယ်တဲ့။ (ဒီနေရာမှာလည်း ရယ်သံကျယ်လွန်းလို့ “ရှူး”ဟန့်ရတယ်။)

ဒါကြောင့် လုံ့လ၀ီရိယဆိုတာ လူမှာသာမက နတ်မှာလည်း လိုအပ်တဲ့အတွက် ထီးလို မင်းလို သာမက လူလိုနတ်လို လို့ပါ ဆိုနိုင်မယ်လို့ ပြောလိုက်တာပါ။

လူငယ်တို့ အသဲစွဲမှတ်သားရမှာကတော့၊ နတ်တွေကိုလည်း ရော်ရမ်းမျှော်မှန်းပြီး စိတ်ကူးယဉ်မနေကြနဲ့။ တို့တတွေဟာ “ဥဋ္ဌာနဇီဝိတ” လို့ ခေါ်တဲ့ ထကြွလုံ့လ၀ီရိယရှိမှသာ အသက်ရှင်သန်ခွင့်ကို ရနိုင်တဲ့ ဘုံသားတွေဖြစ်တယ်”ဆိုတဲ့ ခံယူချက် အခိုင်အမာထားပြီး မမေ့မလျော့ “ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်”ဆိုသလိုဖြစ်အောင် လုံ့လ၀ီရိယစိုက်ပြီး ကြိုးစားကြ” ဆိုပြီး စကားဝိုင်း သိမ်းလိုက်ပါတယ်။
—–xxx——

● နိဗ္ဗာန်လို
ဒီစာကိုရေးဖို့ တောင်းပန်တဲ့ ဒါယိကာမကြီး ဒေါ်တူး (ဒေါ်မြင့်မြင့်သိန်း) က မိမိကို ဘွဲ့အမည်နဲ့အညီ “၀ီရိယ” နဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံကလေး ရေးပေးဖို့ လျှောက်ထားတာဆိုတော့ ခုလို စပ်မိတဲ့ စကားဝိုင်းကလေးအကြောင်း ကျေနပ်လှမယ် မထင်ဘူး။ ဒါကြောင့် လျှောက်ထားသူလည်း ကျေနပ်၊ ဖတ်ရှုသူအတွက်လည်း ပြည့်ပြည့်စုံစုံ သဘောပေါက်နိုင်အောင် နည်းနည်း ထပ်ပြောချင်ပါသေးတယ်။

ဗုဒ္ဓဘာသာဝင်တိုင်း မပျက်မကွက် လိုက်နာကျင့်သုံးဖို့ ဘုရားရှင်တို့ရဲ့ လမ်းညွှန်စကားတော် (သာသနာတော်) အနှစ်ချုပ် ကတော့ အားလုံးလိုလို နှုတ်တက်ရထားပြီးဖြစ်တဲ့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတဲ့ သုံးချက်ပါပဲ။ ဒါဟာ တပည့်သာဝကတိုင်းအတွက် ဘုရားပေးတဲ့ တာဝန်သုံးရပ်လည်း ဖြစ်ပါတယ်။

ဒီတာဝန်သုံးရပ် ကျေပွန်စေဖို့အတွက် လိုက်နာကျင့်သုံးရမည့်နည်းစနစ်အဖြစ် ဘုရားရှင်ညွှန်ကြားခဲ့တာကတော့ မဇ္ဈိမပဋိပ ဒါ ကျင့်စဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးပါ။

ဒီမဂ္ဂင်ရှစ်ပါးတို့ကို ကျင့်သုံးမှု အစီအစဉ်နဲ့ ပူးပေါင်းလုပ်ဆောင်မှု တူရာ တူရာပေါင်းပြီး ရေတွက်မယ်ဆိုရင် –

သမ္မာဝါစာ (အပြောမှန်)၊ သမ္မာကမ္မန္တ (အလုပ်မှန်)၊ သမ္မာအာဇီဝ (အသက်မွေးရေး စီးပွားရှာမှုမှန်) ဆိုတဲ့ သီလသိက္ခာမဂ္ဂင် သုံးပါး။

သမ္မာဝါယာမ (အားထုတ်မှုမှန်)၊ သမ္မာသတိ (သတိထားမှုမှန်)၊ သမ္မာသမာဓိ (စူးစိုက်စိတ်ဝင်စားမှုမှန်) ဆိုတဲ့ သမာဓိသိက္ခာ မဂ္ဂင် သုံးပါး။

သမ္မာဒိဋ္ဌိ (သိမြင်မှုမှန်)၊ သမ္မာသင်္ကပ္ပ (စဉ်းစားတွေးခေါ်မှုမှန်) ဆိုတဲ့ ပညာသိက္ခာမဂ္ဂင်နှစ်ပါး ၏ဆိုပြီး ကျင့်စဉ်သိက္ခာအရ သုံးမျိုး သုံးစား ဖြစ်သွားပါတယ်။ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာပေါ့။

တာဝန်သုံးရပ်နဲ့ သိက္ခာသုံးပါးကို တွဲစပ်ကြည့်မယ်ဆိုရင်တော့ “မကောင်းမှုရှောင်” က သီလသိက္ခာ။ “ကောင်းမှုဆောင်” က သမာဓိသိက္ခာ၊ “ဖြူအောင် စိတ်ကိုထား” က ပညာသိက္ခာလို့ တွဲစပ်နိုင်ပါတယ်။

ကံသုံးပါးနဲ့ပါဆက်လက် တွဲစပ်ကြည့်မယ်ဆိုရင်တော့ –

မကောင်းမှုရှောင်ဆိုတဲ့ သီလသိက္ခာက ကာယကံ၊ ၀စီကံနှစ်ပါးကို အပြစ်ကင်းအောင် လေ့ကျင့်အားထုတ်ရတာပါ။ (သီလ ဆိုတာ အမြဲအလေ့အထဖြစ်အောင် လေ့ကျင့်အားထုတ်ရခြင်းလို့ အဓိပ္ပာယ်ရပါတယ်)။ “ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ ပညာသိက္ခာက မနောကံကို အဆင့်မြင့်အောင် ပွားများရတာပါ။

ဟုတ်ပါတယ်။ သီလသိက္ခာသုံးပါးမှာ “သမ္မာဝါစာ”ဆိုတာက စကားပြောဆိုရာမှာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး ပြောဆို လေ့ကျင့်ရတာဖြစ်လို့ “၀စီကံ”ကို အပြစ်ကင်းတဲ့ အလေ့အထဖြစ်အေင် လေ့ကျင့်ရတာပါ။ “သမ္မာကမ္မန္တ” ဆိုတာက ကာယကံကိုပေါ့။ သမ္မာအာဇီဝဆိုတာကလည်း လောကမှာ စီးပွားရှာတယ်ဆိုတာ ဒီကံနှစ်ပါးနဲ့ပဲ ရှာရတာပါ။ ဒါကြောင့် သီလမဂ္ဂင်ဆိုတာ ကာယကံ၊ ၀စီကံနှစ်ပါးကို အပြစ်ကင်းအောင် လေ့ကျင့်ရတာလို့ သဘောပေါက်ရမှာပါ။

ဖြူအောင်စိတ်ကို ထားဆိုတဲ့ ပညာသိက္ခာကတော့ မနောကံဆိုတဲ့ စိတ်ဖြစ်စဉ်တွေမှာ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာစတဲ့ ကိလေသာအညစ် အကြေးတွေ ကင်းစင်အောင် ဆင်ခြင်ပွားများ အားထုတ်ရတာပါ။ (ကိလေသာဆယ်ပါးမှာ လောဘ၊ ဒေါသ၊ မောဟတို့က စပြီး ရေတွက်ထားပေမယ့် မဂ်နဲ့ပတ်သတ်တဲ့အစဉ်မှာတော့ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာကစပြီး ပယ်ရတာဖြစ်လို့ မဂ်ပယ်စဉ်အရ “ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာစတဲ့”လို့ ဆိုရတာပါ။) ပညာသိက္ခာဖြစ်တဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတို့ဆိုတာ စိတ်ကို မှီပြီးမှ ဖြစ်ရတဲ့ စေတသိက်တရားတွေဖြစ်လို့ ပညာမဂ္ဂင်ဆိုတာ မနောကံကို အမြင့်ဆုံးအဆင့်ရောက်အောင် ပွားများအားထုတ်ရတယ် ဆို တာကိုတော့ သဘောပေါက်လောက်ပါတယ်။

သာသနာတော်မှာ အမြတ်ဆုံးတရားက “သီလပညာနဉ္စ ပန လောကသ်္မိံ အဂ္ဂမက္ခာယတိ = သီလနဲ့ပညာဟာ လောကမှာ အမြတ်ဆုံးလို့ ဆိုရမယ်” လို့ ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ္ဂ၊ သောဏဒဏ္ဍသုတ်မှာ ဘုရားရှင် မိန့်တော်မူခဲ့တဲ့အတိုင်း သီလ နဲ့ပညာဟာ အမြင့်မြတ်ဆုံး ရောက်ရှိ ပြည့်စုံစေရမည့် တရားနှစ်ပါးပါ။

ဒါဖြင့် သမာဓိသိက္ခာဆိုတာက ဘာလုပ်တဲ့ သိက္ခာလဲဆိုတာကို စဉ်းစားရအောင်ပါ။ အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ သမာဓိ သိက္ခာဆိုတာ ကောင်းမှုကိုဆောင်တဲ့ သိက္ခာပါ။ ကောင်းမှုဆောင်တယ်ဆိုတာ ပြည့်စုံစေရမည့် သီလသိက္ခာ၊ ပညာသိက္ခာ တွေ ဖြစ်ပေါ်တိုးတက်လာအောင် လုပ်ကိုင်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

သမာဓိမဂ္ဂင်သုံးပါးရဲ့ အစဆုံးဖြစ်တဲ့ “သမ္မာဝါယာမ”ဆိုတာကိုက “ကောင်းမွန်မှန်ကန်အောင် အားထုတ်မှု”လို့ အဓိပ္ပာယ် ရတာဖြစ်လို့ သမာဓိသိက္ခာဆိုတာ ကောင်းမှုဆောင်တဲ့ မဂ္ဂင်များဖြစ်တယ်။ (တနည်း) တရားအားထုတ်တဲ့ မဂ္ဂင်များဖြစ် တယ်ဆိုတာကို သဘောပေါက်ရမှာပါ။

သီလသိက်္ခာတွေ ပြည့်စုံကောင်းမွန်လာအောင်လည်း သမာဓိမဂ္ဂင်သုံးပါးနဲ့ပဲ အားထုတ်ရပါတယ်။ ဒါကြောင့်လည်း သီလ သိက္ခာ ဆောက်တည်ပြီးတဲ့အခါမှာ သီလပေးပုဂ္ဂိုလ်က “အပ္ပမာဒေန သမ္ပာဒေထ = မမေ့ မလျှော့ မပေါ့သော သတိတရားနဲ့ ပြည့်စုံစေကြ”လို့ တိုက်တွန်းမှာ ကြားရတာပါ။

သမာဓိမဂ္ဂင်သုံးခုမှာ ဟောစဉ်အရ သမ်္မာဝါယာမမဂ္ဂင်က ရှေ့ဆုံးက ထားပေမယ့်၊ လုပ်ငန်းစဉ်အရက သမ္မာသတိမဂ္ဂင်က အဦးဆုံးအနေနဲ့ အလုပ်အာရုံကို ဆင်ခြင်ဖော်ထုတ်။ သမ္မာသမာဓိမဂ္ဂင်က အာရုံနဲ့စိတ်ကို ကပ်နေအောင် စိတ်ဝင်စား စူးစိုက်ပြီးမှ သမ္မာဝါယာမမဂ္ဂင်က အားထုတ်ရတာဖြစ်လို့ အဓိကနဲ့ပဓာနဦးဆောင်တာက သမ္မာသတိဆိုတဲ့ သတိတရားပါ။

အဲဒါကြောင့် ပဓာနအားဖြင့် “အပ္ပမာဒေန” လို့ သတိကို ခေါင်းစည်းတပ်ထားပေမယ့် ပူးပေါင်းလုပ်ဆောင်မှုအရ သမာဓိမဂ္ဂင် သုံးခုလုံး ပါဝင်ရမှာဖြစ်လို့ “အပ္ပမာဒ”ကို “မမေ့၊ မလျော့၊ မပေါ့သော သတိတရားဖြင့်”လို့ မြန်မာပြန်လေ့ရှိကြတာပါ။ “မမေ့” ဆိုတာ သတိ၊ “မလျော့”ဆိုတာ ၀ီရိယ၊ “မပေါ့”ဆိုတာက စိတ်မ၀င်စားသလို ပေါ့ပေါ့တန်တန် သဘောမထားဘဲ လေးစား စူးစိုက်ခြင်းဆိုတဲ့ သမာဓိတရားကို ရည်ညွှန်းတာပါ။

လက်တွေ့အသုံးချမှုအနေနဲ့ သီလသိက္ခာပြည့်စုံရေးမှာလည်း ဥပမာ – စကားပြောတော့မယ်ဆိုရင် သတိက မကောင်းတဲ့ စကားလား၊ ကောင်းတဲ့စကားလား ကွဲပြားအောင် ဖော်၊ သမာဓိက စူးစိုက်စိတ်ဝင်စားပြီး ၀ီရိယ(သမ္မာဝါယာမ)က မကောင်းတဲ့စကားဆိုရင် ရှောင်နိုင်အောင် အားထုတ်၊ ကောင်းတဲ့စကားဆိုရင် ဆောင်နိုင်(ပြောနိုင်)အောင် အားထုတ်ရတယ် လို့ ဆိုလိုတာပါ။ သမ္မာကမ္မန္တ အတွက်လည်း အလားတူပါပဲ။ သမ္မာအာဇီဝဆိုတာလည်း ဒီမဂ္ဂင်နှစ်ခုကိုပဲ စီးပွားရှာမှုကို ငဲ့ကွက်ပြီး ပြောဆိုလုပ်ကိုင်တာပါပဲ။

ပညာသိက္ခာစင်ကြယ်ဖြစ်ပေါ်ရေးမှာလည်း သတိက ခန္ဓာကိုယ်မှာ အမှန်တကယ်ရှိတဲ့ ရုပ်နာမ်တရားနဲ့၊ ထို ရုပ်နာမ်နှစ်ပါးတို့ရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုတဲ့ သဘောလက္ခဏာအမှန်ကို ပေါ်လာအောင် ဆင်ခြင်နှလုံးသွင်း ဖော်ပေး။ သမာဓိနဲ့ စိတ်ဝင်စားပြီး ၀ီရိယက ပေါ်လာတိုင်းကို သိနေအောင် ကြိုးစားရတာပါပဲ။

အားလုံးချုံးပြီး ပိဏ္ဍတ္ထချကြည့်လိုက်ရင် သာသနာတော်မှာ အရေးအကြီးဆုံးနဲ့ အမြင့်မားဆုံး ကောင်းမှုက သီလနဲ့ ပညာသိက္ခာနှစ်ရပ် ဖြစ်ပါတယ်။ (သီလပညာနဉ္စ ပန လောကသ်္မိံ အဂ္ဂမက္ခာယတိ။ ဒီ-၁၊၁၁၇)။

ဒီကောင်းမှုနှစ်မျိုး ပြည့်စုံကောင်းမွန်လာရေး၊ တနည်းပြောရရင်တော့ သီလနဲ့ ပညာသိက္ခာနှစ်ရပ် တပေါင်းတည်း ပေါင်းစပ်သွားသည်အထိ အကောင်းဆုံးဖြစ်သွားအောင် ဆောင်ရွက်ပေးတာက သမာဓိသိက္ခာသုံးပါးပါ။ ဒါကြောင့် “ကောင်းမှုဆောင်က သမာဓိသိက္ခာ”လို့ ပြောခဲ့တာပါ။ ကာယကံ၊ ၀စီကံကောင်းမွန်ရေး သီလသိက္ခာမှာရော၊ မနောကံ ဖြူစင်ရေး ပညာသိက္ခာမှာပါ အဓိကပါဝင်ရတဲ့ သိက္ခာဖြစ်လို့ သမာဓိမဂ္ဂင်ဟာ ကံသုံးပါးလုံးနှင့်ဆိုင်တယ်လို့ သဘောပေါက် ရမှာပါ။

ဒီနေရာမှာ “သီလသိက္ခာ နဲ့ ပညာသိက္ခာ တစ်ပေါင်းတည်း ပေါင်းစပ်သွားရေး”ဆိုတာ ဆရာကြီးဦးရွှေအောင်ပေးတဲ့ ဥပမာအတိုင်း၊ ဟင်းတအိုးထဲမျာ ဟင်းမယ်တစ်ခုချင်းစီတို့ရဲ့ အနံ့အရသာပျောက်ပြီး ပေါင်းစည်းတဲ့ရသပေါ်ရေးပဲ ဖြစ်ပါ တယ်။

လောကုတ္တရာ မဂ်အခိုက်ရောက်တာနဲ့တစ်ပြိုင်နက် သီလနဲ့ပညာသိက္ခာနှစ်ရပ်သာမက ပေါင်းစည်းအောင် ဆောင်ရွက်ပေး တဲ့ သမာဓိသိက္ခာပါ အားလုံးသိက္ခာသုံးရပ်၊ မဂ္ဂင်ရှစ်ပါးတို့ တစ်ပေါင်းတစည်းတည်း ဖြစ်သွားတဲ့အတွက် ဟင်းတအိုးမှာ ဟင်းမယ်တခုချင်းစီရဲ့ အရသာပျောက်ပြီး ဟင်းရဲ့အရသာတစ်ခုတည်း ဖြစ်သွားသလို “၀ိမုတ်္တိရသ”ဆိုတဲ့ ရသတစ်ခုတည်း အဖြစ် ပေါင်းစည်းဖြစ်ပေါ်သွားပါတယ်။

ဒါကြောင့် လောကသာသနာ နှစ်ဖြာလုံးရဲ့ အရေးပါအရာရောက်တဲ့ အဆင့်ရောက်ရှိရေးမှာ ၀ီရိယဆိုတဲ့ သမ်္မာဝါယာမမဂ်္ဂင် ပါဝင်တဲ့ သမာဓိမဂ္ဂင်သုံးခုတို့ဟာ မရှိမဖြစ်၊ မပါ မပြီး အလုပ်သမားမဂ္ဂင်များ ဖြစ်ပါတယ်။

အရပ်သုံးစကားမှာတော့ “ထကြွလုံ့လ၀ီရိယ ရှိရမယ်”လို့ ခြုံငုံပြီး ပြောဆိုသုံးစွဲကြတာဆိုတော့ “၀ီရိယ”က ထင်ရှားနေသလို ဖြစ်ပေမယ့် သမာဓိမဂ္ဂင်သုံးခုတို့ ပူးပေါင်းဆောင်ရွက်မှုကို အသေအချာ ကြည့်လိုက်မယ်ဆိုရင်တော့ သတိက ပဓာန၊ သမာဓိက လက်ထောက်၊ ၀ီရိယက အထွေထွေအလုပ်သမား သဘောလောက်သာ ရှိပါတယ်။

တကယ်တမ်း ပြောကြစို့ဆိုရင် ၀ီရိယက “ထီးလို မင်းလို၊ လူလို နတ်လို”လို့ ကြွားချင်သပဆိုရင် သတိတရားကတော့ အဲဒါတွေသာမက “နိဗ္ဗာန်အထိလို”လို့တောင် ပြောရမှာပါ။

ဒါကြောင့်လည်း မြတ်စွာဘုရားရှင်ရဲ့ အဲ … လောကစကားနဲ့ပြောရရင်တော့ “နောက်ဆုံး သေတမ်းစာ”လို့ ခေါ်ဆိုနိုင်တဲ့ ပရိနိဗ္ဗာန်စံဝင်ခါနီး မှာကြားချက်မှာ ၀ီရိယအကြောင်း မမှာကြားခဲ့ဘဲ တကယ်အဓိကကျတဲ့ “သတိ”တရားကိုသာ ခေါင်း တပ်ပြီး “အပ္ပမာဒေန သမ္ပာဒေထ = မမေ့၊ မလျော့၊ မပေါ့သော သတိနဲ့ ပြည့်စုံအောင်နေကြ”လို့ မှာကြားခဲ့တာ ဖြစ်မှာပါ။

အပ္ပမာဒေန သမ္ပာဒေထ ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(၂၇-၄-၂၀၁၅) ည ၁၂ နာရီ
နတ်မှီစံအိမ်၊ မိုးကုတ်မြို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments