ကိုသန်းလွင် – ဒီမိုကရေစီ၏ ရန်သူကြီးများ

May 16, 2015

– ဒီမိုကရေစီ၏ ရန်သူကြီးများ
(မိုးမခ) မေ ၁၆၊ ၂၀၁၅

 

(၁)
ကမ္ဘာကျော် ဦးပိန်တံတားကို မြို့ဝန်စာရေး ဦးပိန်ဆောက်သည်ဟု သမိုင်းဆရာတွေက ရေးကြသည်။ ဘုရင် (သို့မဟုတ်)   တာဝန်ရှိ မူးမတ်များက မြို့ဝန်ကို တံတားဆောက်ရန် တာဝန်ပေးသည်။  နန်းတော်ကို အင်းဝမှ အမရပူရသို့ ပြောင်းရွှေ့ရာတွင် နန်းတော်ဟောင်းမှ သစ်များနှင့် တံတားဆောက်ရန် ရည်ရွယ်သည်။ မြို့ဝန်က ဦးပိန်ကို တာဝန်ပေးသည်။ ဦးပိန် သည် တံတားအတွက်ချပေးသော သစ်ကောင်းတွေကို မသုံးပဲ၊ ဈေးပေါသောသစ်များနှင့် တံတားကို ပြီးအောင်ဆောက်ကာ မိမိ စီးပွားအတွက် အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲကြသည်။ ထိုဖြစ်ရပ်ကို အာဏာပိုင်တို့က အရေးမယူစေရန် လာဘ်လာ ဘပေးရသည်ဟု တဆင့်စကားကြားရဘူးသည်။

လုပ်ပိုင်ခွင့် အာဏာရှိသူများသည် မိမိလုပ်ပိုင်ခွင့်ကိုအသုံးချခါ မိမိအကျိုးစီးပွားအတွက် ဆောင်ရွက်တတ်ကြသည်။ ထို အချိန်က ခရိုနီဆိုသော ဝေါဟာရလည်း မရှိသေး၊ ပြောကြစို့ဆိုလျင် ခရိုနီတို့သမိုင်းသည် အင်းဝခေတ်ကများ စရမည်လား မသိပေ။

(၂)
အခွင့်အာဏာရှိသူသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများမှ မိမိကိုယ်ကျိုးစီးပွားအတွက် ထိုလုပ်ငန်းတွေကို လုပ် နိုင်သူတွေရှာရသည်။ ထိုကန်ထရိုက်တာတွေကို မိမိက လုပ်ပိုင်ခွင့်တွေ ချပေးမည်၊ ကန်ထရိုက်က ကျေးဇူးသိတတ်စွာ အာဏာရှိသူတွေကို ကြည့်ရှုစောင့်ရှောက်ရမည်။

ဤသည်မှာအရိုးရှင်းဆုံး ခရိုနီလူတန်းစားပေါ်ပေါက်လာပုံပင်ဖြစ်ပါသည်။ အစိုးရအာဏာပိုင်များနှင့် မပေါင်းမသင်းလျင် မြန် မာပြည်မှာ အလွန်ကြွယ်ဝချမ်းသာသော၊ အောင်မြင်သောစီးပွားရေးသမားများ  ဖြစ်ရန်ခက်ခဲသည်။ ဤနည်းသည် သေချာ သောနည်းဖြစ်သည်။

နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းတခုတည်းကပင် ခရိုနီစီးပွားရေးသမား ဘယ်နှစ်ယောက်ကိုဖန်တီးခဲ့ပြီနည်း၊  ကျွန်း သစ်၊ ရေနံ၊ ကျောက်သံပတ္တမြား နိုင်ငံ၏ သယံဇာထုတ်ဖော်ရောင်းချရေးလုပ်ငန်းများနှင့်လည်း ခရိုနီစီးပွားရေး   သမားများဖြစ် စေခဲ့ပြီ။

ထိုသူဌေးကြီးများကို ခြံရံကာ အထိုက်အလျောက် အကျိုးစီးပွား ဖြစ်ထွန်းသည့်အုပ်စုဟူ၍ ပေါ်ပေါက်လာခဲ့ပြီးပြီ။ သူတို့သည် အာဏာပိုင်များနှင့်ပူးပေါင်းကာ မိမိကိုယ်ကျိုး စီးပွားတိုးတက်ရေးကိုသာ ဆောင်ရွက်ကြသူများ ဖြစ်ပါသည်။ ထိုသူတို့ စီးပွား ရေးလုပ်ငန်းများကြောင့် ဟော်တယ်ကြီးများ၊ အပန်းဖြေစခန်းကြီးများ ကြီးမားကျယ်ပြန့်သောလမ်းကြီးများ စသည်ဖြင့် တိုင်း ပြည်၏ အထင်ကရအဆောက်အဦး ဈေးဆိုင်ကြီးများ ဖြစ်ထွန်းခဲ့ရပါသည်။

ထိုကြီးမားသော အဆောက်အဦးကြီးများကို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဟုယူဆလျင် မှားပါလိမ့်မည်။ ၎င်းတို့သည် လူဆင်းရဲတို့၏ လူနေမှုအဆင့်အတန်းနှင့်မသက်ဆိုင်ပေ၊ ထိုကြွယ်ဝချမ်းသာသော သူဌေးကြီးများသည် ပရဟိတအတွက် အာဏာပိုင်များက ဖိအားပေးလျင်သော်လည်ေးကာင်း၊ မပြောပလောက်သော ငွေပမာဏကိုသော်လည်းကောင်း၊ အများပြည်သူအကျိုးပြု လုပ်ငန်းများအတွက် ပေးလှုတတ်ကြသော်လည်း ၎င်းမှာ ဟန်ပြသက်သက်သာ ဖြစ်နေတတ်သည်။ ထိုသူဌေးကြီးများနှင့် ထိုသူဌေးကြီးများကို မှီခိုကြီးပွားကြသူများမှာ မိမိစည်းစိမ်နှင့် လက်ရှိအခြေအနေကို ထိမ်းသိမ်းထားလိုစိတ်ရှိကြမည်မှာ မလွဲပါ။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်မည်ဟု ဆုံးဖြတ်ထားသောနိုင်ငံဖြစ်ပါသည်။ (Reform) လုပ်သည်ဆို သောနိုင်ငံများမှာ စေတနာမှန်ဖို့နှင့် နည်းစနစ်မှန်ဖို့ လိုပါသည်။ ထိုသို့မဟုတ်မူ၍ တ၀က်တပျက် ပြုပြင်ရေးလုပ် နေမည်ဆို လျှင် အခြေအနေမှာ ခရိုနီတို့အဖို့ အကောင်းဆုံးအခြေအနေပင်ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြကြပါသည်။
ထိုခရိုနီများကို စီးပွားရေးလုပ်ပိုင်ခွင့်ပေးရန်ဆောင်ကျဉ်းပေးကြသော အခွင့်အာဏာပိုင်ရှင်များမှာလည်း မိမိစီမံသလို ဖြစ် နေသောအခြေအနေကို လက်လွတ်မခံလိုကြပါ။ လက်ညှိုးညွှန်ရာရေဖြစ်နေသည် မဟုတ်ပါလော။

ကျွန်တော်ကြားဖူးသောအဖြစ်တခုတွင် ဧရာမအရာရှိကြီးတဦး၏သမီးဖြစ်သူက အဆောက်အဦးတခုကို မြင်မြင်ချင်းသဘော ကျ ၀ယ်ယူလိုသည်။ မြေတိုင်းဌာန၊ အခွန်ဦးစီးဌာနဆိုင်ရာဝန်ထမ်းတို့က နာမည်ပြောင်းခြင်းကို ညဥ့်တွင်းချင်း    အပြီးလုပ်ပေး ကြရမည်။ ငွေပေးချေရတော့မည်ဆိုတော့ သိန်းသုံးထောင်၊   သိန်းသုံးထောင်ကို တာဝန်ရှိသူများက  လျင်မြန်စွာရှာမပေးနိုင် သောကြောင့် အရောင်းအ၀ယ်မဖြစ်လိုက်ဟု ဆိုသည်။

ဤအဖြစ်အပျက်မှာလည်း ကျွန်တော့်ကိုယ်တွေ့မဟုတ်ပါ။ တဆင့်စကားကြားရခြင်းသာဖြစ်ပါ၏။ မှန်ပါသည်။ ယုံကြည်ပါ သည်ဟုလည်း ကျွန်တော်မပြောလို။ စနစ်တခုလုံး ယိုယွင်းပျက်စီးနေခြင်းကိုသာ ကျွန်တော်ပြောလိုပါသည်။ မိမိစိတ်တိုင်းကျ လိုသလို ဖန်တီးနိုင်သောတပ်မတော်သားအရာရှိကြီးများသည် ထိုလုပ်ပိုင်ခွင့်များကို အဘယ်မှာလက်လွှတ်ခံလို ကြပါ မည်နည်း။

ထိုစစ်အရာရှိကြီးများသည်အာဏာ၏ သဘောကိုသိပြီးကြပြီ။ မာရှယ်လောဆိုသည်မှာ ဥပဒေမရှိခြင်းပင်ဖြစ်သည်ဟုလည်း အဓိပ္ပါယ်ဖော်ထုတ်ခဲ့ကြပြီ၊ မြေသိမ်း၊ ယာသိမ်း၊ ပစ္စည်းတွေသိမ်းခြင်းဖြင့် မိမိဘာသာ ကြွယ်ဝချမ်းသာအောင်လုပ်သော နည်းလမ်းတွေကိုလည်း  သိခဲ့ပြီးကြပြီ။

အများပြည်သူအတွက်လိုက်နာကြရန်ဥပဒေကို ဘယ်လိုပင်ရေးဆွဲထားသည်ဆိုစေကိုဥပဒေသည် သူတို့အလိုဆန္ဒနှင့် ဆန့် ကျင်လာလျှင် အသာလေးခေါက်ထားလိုက်ရုံသာ ရှိသည်။ သူတို့တွင် စာရင်းအင်းနှင့် ချုပ်ချယ်ထားခြင်းမရှိ ဘတ်ဂျက်မရှိ၊ စစ်ဆေးမည့်သူမရှိ၊ ငွေကိုဖန်တီးချင်သလိုဖန်တီးနိုင်သည်။ စည်းမျဉ်းစည်းကမ်းဆိုသည်မှာ သူတို့လိုက်နာရန်မဟုတ် အဆက်အသွယ်မရှိသူ ပြည်သူတို့လိုက်နာရန်သာ ဖြစ်သည်။

အာဏာရှိသူတို့ နိုင်ငံခြားမှာတင်သွင်းလာသော ကွန်တိန်နာတွေကို အကောက်ခွန်က ဖွင့်ဖောက်ပိုင်ခွင့်မရှိ။ ဆိပ်ကမ်း ရောက်ပြီဆို သည်နှင့် ကားပေါ်တင်ပြီး မောင်းထွက်သွားရုံသာ။

သူတို့သည် ထိုအခွင့်ထူးခံလုပ်ပိုင်ခွင့်များနှင့် ကာလကြာရှည်စွာနေလာခဲ့ကြပြီးဖြစ်သည်။ သူတို့အလိုဆန္ဒကို ဆန့်ကျင်  သူများကို ကြိုက်သလို ဖိနှိပ်ချုပ်ချယ်ပိုင်ခွင့်ကိုလည်း ရှိခဲ့ကြဘူးပြီ၊ ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းနိုင်သော အခွင့်အာဏာ လည်းရှိသည်။ ထိုအခွင့်အရေးများကို အဘယ်သူသည် စိတ်ကောင်း နှလုံးကောင်းနှင့် စွန့်ပယ်ရန် စဉ်းစားကြပါမည်နည်း။

စာပေ အတတ်ပညာ ထူးချွန်စရာမလို၊ ကျောင်းစာကို အင်အားစိုက်ထုတ်ပြီး အပင်ပမ်းခံလေ့လာစရာမလို၊ လိုအပ် သည်မှာ အထက်ကပေးသော အမိန့်ကိုနာခံပြီး တသဝေမတိမ်း လိုက်နာတတ်ရန်သာ၊ အမှားအမှန်ဝေဖန်ရေးသည် သူတို့အလုပ် မဟုတ်၊ ကိုယ်ကျင့်စာတရားနှင့်ကူညီရိုင်းပင်းခြင်းသည်သူတို့အလုပ်မဟုတ်၊ မိမိကိုခိုင်းစေညွှန်ကြားသည့်အတိုင်း   လိုက်နာ တတ်လျှင်တာဝန်ကျေပြီ။

ဤနည်းဖြင့် ကြီးမားသော အဆောင်အယောင်များ၊ နိုင်ငံကို ကိုယ်စားပြုသော ရာထူးကြီးများ၊ ၀န်ကြီးများ အတွင်းဝန်များ ဖြစ်လာ နိုင်ကြသည်။ အိုးအိမ်တိုက်တာ အဆောက် အဦး ပိုင်ရှင်တွေဖြစ်လာကြသည်။ ရပ်ရွာလူမှု ၀န်းကျင်တွင်ဂုဏ်သိက္ခာ  ကြီးမားသူ၊ အရာရှိကြီးများ ဖြစ်လာကြသည်။

၎င်းတို့သည် ပြည်သူတွေဆင်းရဲတွင်း နစ်နေပါသည် ဆိုခြင်းကိုလည်းကောင်း၊ သာမန်လုပ်သား ပြည်သူတို့ ဘ၀၊ လူမှုဒုက္ခ အ၀၀ကို ခံစားနေရပါသည်ဆိုခြင်းကိုလည်းကောင်း၊ နားထောင်လိုစိတ်၊ ပြဿနာကို ကူညီဖြေရှင်းလိုစိတ် မရှိတတ်ကြပေ။ကိုယ်ချင်းစာတရားဆိုသည် ခေါင်းပါး၍သာ နေပေလိမ့်မည်။

ကောင်းစွာပညာသင်ကြားပြီး အကြောင်းနှင့်အကျိုးလျော်ညီစွာစဉ်းစားတတ်သူများက မိမိလုပ်ရပ် မှန် မမှန် စဉ်းစား တတ် ကြမည်။ ပြဿနာတစုံတရာပေါ်ခဲ့သော် အသက်များစွာ ဆုံးရှုံးနစ်နာရသော ကိစ္စကြီးများပေါ်ခဲ့သော် မိမိမှာ တာဝန်ရှိသည် ဆိုလျင် မိမိချို့ယွင်းချက်ကို ၀န်ခံရန်လည်းဝန်မလေး၊ မိမိရာထူးမှ နှုတ်ထွက်၍လည်းဝန်မလေး၊ ယနေ့ဖြစ်နေသည်က မိမိတွေးခေါ်မြော်မြင်နိုင်မှု ပညာအဆင့် အတန်းနှင့် မတန်တဆ ရာထူးရထား သူများကမိမိနေရာကို  အထက်အရာရှိက မဖြုတ်ချမချင်း ကပ်၍သာနေတော့မည်၊ အထက်လူ၏ အမိန့်ကို တသဝေမတိမ်း၊ လိုက်နာသည်ဆိုသည်နှင့် ရာထူးက  ပြုတ်ရန်လည်း အကြောင်းမရှိတော့ပေ။

စနစ်ကြီးက ခွင့်ပြုထားသောကြောင့်မိမိနေရာကိုလိုက်ပြီး ပြည်သူ့ထံမှ  လာဘ်ငွေရနေသူများ မတော်မတရားနည်းလမ်း များဖြင့် ပြည်သူ့ထံမှငွေကို ညှစ်ယူနိုင်သူများ၊ ခြစားသောလုပ်ရပ်ကို ငွေသုံးသိန်းမကျော်လျှင် တရားဝင်  ပြောင်ပြောင်တင်း တင်းယူနိုင်သောခေတ်ကြီးတွင် ထိုသူတွေသည်မိမိနေရာ ပုံစံမပြောင်းလဲရေးကိုသာ  တမ်းတပေလိမ့်မည်။

(၃)
တနေ့သော်ကျွန်တော်တို့သည် ကမ္ဘာအေးလမ်းမကြီးအတိုင်း မြို့ထဲဘက်သို့ကားမောင်းပြီးလာခဲ့ကြပါသည်။ ရန်ကင်းမီးပွိုင့် အရောက် လမ်းဘေးမှ ယူနီဖောင်းအဖြူဝတ်ဖြင့် ရဲက ထွက်တားပါသည်။ “နောင်ကြီး ဒီလမ်းကြောက မီးနီကို မဖြတ်ရဘူး လေ” ဟု ဟုပြောပါသည်။ ဘယ်အချိန်က အမြဲစိမ်းကြောကို ပြင်လိုက်သည်မသိ၊ ဆိုင်းဘုတ်ကို လည်း ထင်ထင်ရှားရှားမတွေ့ရ။ ကျွန်တော်တို့သည် မီးနီကို ဖြတ်မောင်းခဲ့ကြခြင်းပင်ဖြစ်ပါသည်။ “ကျမတို့ဝန်ထမ်းတွေပါရှင်၊ မီးနီဆိုရင် မမောင်းပါဘူး၊ ဒရိုင်ဘာကလည်း နယ်ကပါ၊ ခွင့်လွှတ်ပါရှင်” ဟု တောင်းပန်ကြည့်သည်။ ကားမောင်းသူ ဒရိုင်ဘာက “ကျွန်တော်တို့ ပိုက် ဆံပေးမှာပါ” ဟု ၀င်ပြောသည်။ ရဲဝန်ထမ်းက “ကျွန်တော် ချလံဖြတ်မယ်၊ ဆရာတို့ ၅၁ လမ်းရုံးကိုသွားရမယ်၊ ဒဏ်ငွေ ၅ သောင်းကျမယ်၊ လိုင်စင် ၆ လ ဖြတ်မယ်” ဆိုပြီး ရှည်လျားစွာ လက်ချာရိုက်ပါသည်။ နောက်ဆုံးတော့ ၅ ထောင်တန် ၂ ရွက်ပေးပြီး ကိစ္စပြီးလိုက်ရသည်။ ၀န်ထမ်းများခြစားခြင်းပင်။

ကျွန်တော်တို့သည် ခရီးသွားလုပ်ငန်းလိုင်စင်အတွက်လိုင်စင်ချပေးရန် တာဝန်ရှိသူမျးက ကွင်းဆင်းစစ်ဆေးမည်။ သက်ဆိုင် ရာလူကြီးမင်းများကြွရောက်ပါရန် ကားစီစဉ်ပေးရသည်။ အဖွဲ့ဝင် ၃ ဦးနှင့် ဥက္ကဌ ဗိုလ်ကြီးဟောင်းတို့ကို စာအိပ်ကလေးတွေ ဖြင့် ငွေပေးကန်တော့လိုက်ကြရသည်။

မကြာသေးမှီကမှ ဆိပ်ကမ်းသို့ ကွန်တိမ်နာတလုံးတင်သွင်းခဲ့သည်။ ဈေးနှုန်းကို မကြိုက်ဖူးဆို၍ Invoice ပြေစာကို အကြိမ်ကြိမ်ပြန်ရိုက်ရသည်။ ပစ္စည်းက ဆိပ်ကမ်းမှာ တလကျော်ကြာပြီးမှ ထုတ်၍ရသည်။ အမေရိကန်ဒေါ်လာ တသောင်း ဟု ကျေညာထားသောပစ္စည်းများအတွက် အကောက်ခွန်နှင့် ရှင်းလင်းပေးသော အေးဂျင့်ခ ၂၃ သိန်းခန့် ကုန်ကျသည်။

ကျွန်တော်တို့၏ပစ္စည်းသည် ဆိပ်ကမ်းကိုဖြတ်ရင်း ဈေးတွေတက်ကုန်သည်။

ကုန်ပစ္စည်းမထွက်သောကြောင့် အေးဂျင့်က ကျွန်တော်တို့ကို အကောက်ခွန်ရုံးသို့ ကိုယ်တိုင်လာခဲ့ပါဟု ဖိတ်ခေါ်သည်။ ၀န် ထမ်းတဦး ၃ ရက်လွှတ်ပေးရသည်။ ထိုဝန်ထမ်းသည် နိုင်ငံခြားမှာ ဆယ်နှစ်ကြနေခဲ့သူဖြစ်သည်။ သူသည် စားပွဲပေါင်းများ စွာသွားပြီး ရပ်စောင့် ပိုက်ဆံပေးလုပ်ငန်းတွေကို လုပ်ရသည်။ ဖွင့်ဖောက်စစ်ဆေးသူက ပစ္စည်းတွေကို ဖုံတွေ သဲတွေထဲ ပစ်ချနေတာကိုမြင်သော် သူ မြန်မာနိုင်ငံမှာ မနေလိုတော့ပါ၊ နိုင်ငံခြားသို့သာ ပြန်သွားပါတော့မည်ဟု ဆိုသည်။

အင်ဒိုနီးရှားကတင်ပို့လိုက်သော ပါတိတ်လုံချည်များသည် ရန်ကုန်သို့ တိုက်ရိုက်မလာ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်သို့ ဦးစွာသွားသည်။ ဘန်ကောက်မှ ကုန်းလမ်းနှင့် ရန်ကုန်သို့လာရသည်။ ဘယ်လိုမှ မဖြစ်သင့်သောကိစ္စဖြစ်သည်။

အလွှာအသီးသီး နေရာအသီးသီး၌ အကျင့်ပျက်ဝန်ထမ်းတွေ ရှိနေကြပါသည်။ အများပြည်သူတွေစိတ်ဆင်းရဲသောက ရောက်ကြရပါသည်။ သို့ပါသော်လည်း ဤပြဿနာများမှာ ဖြေရှင်း၍မရသော ပြဿနာများမဟုတ်ကြပါ။ အစိုးရက သန့်ရှင်း လျင် ပြည်သူတွေလည်း မကြာမီ သန့်ရှင်းလာပါလိမ့်မည်။ အကျင့်ပျက်မှုကို ခွင့်မလွှတ်ဖူးဆိုတာကိုသိလျှင် အောက်ခြေက အခက်အခဲတွေမှာ ပျောက်ကွယ်သွားနိုင်ပါသည်။ လုပ်ချင်ကိုင်ချင်သောစိတ်ဓာတ် (Political Will) ရှိရန်သာလိုပါသည်။

ဥပဒေကိုအလေးမထားသော အာဏာပိုင်များ၊ မိမိအကျိုးစီးပွားကို ရှေ့တန်းတင်သော ခရိုနီသူဌေးကြီးများ အကျင့်ပျက်သူ ၀န်ထမ်းများကြောင့် ကွန်တော်တို့ နိုင်ငံကြီးသည် ဒီမိုကရေစီနှင့် ဝေးချင်တိုင်းဝေးနေပါတော့သည်။

(၄)
ကျွန်တော်တို့သည် ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်ကြရန်အတွက် အထက်ကဒီမိုကရေစီ ရန်သူကြီးများ၏   ကူညီမှု၊ အမှန်အတိုင်းမြင်လာနိုင်မှုကို စောင့်ဆိုင်းနေပါက ဒီမိုကရေစီပန်းတိုင်သည် ဝေးသထက်သာ ဝေးနေပါလိမ့်မည်။

ပြည်သူအပေါင်းက ခြစားသောလုပ်ရပ်ကို အားမပေးဘဲ ရှုံ့ချကြရပါလိမ့်မည်။ ခြစားသောအရာရှိကို သတ္တိရှိရှိ ထုတ်ဖော်ကြ ရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားကို ထိခိုက်လာစေဦး၊ ခြစားသူကို အလျော့မပေးစတမ်း တည်ကြည်သော စိတ်ဓာတ်ကို မွေးရပါလိမ့်မည်။

အာဏာရှိသူက အာဏာကိုသုံး၍ အလွဲသုံးစားလုပ်သည်ဟုဆိုစေ၊ ပြည်သူအပေါင်းက ညီညာဖျဖျ ဆန့်ကျင်ကြလျှင် ကျွန်တော်တို့လိုလားသည့် ဒီမိုကရေစီပန်းတိုင်ကို ရောက်နိုင်ကြပါလိမ့်မည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ကိုသန်းလွင် – ဒီမိုကရေစီ၏ ရန်သူကြီးများ

  1. Myanmar Good on May 18, 2015 at 12:29 pm

    Good to know Cronyism of matured Myanmar democracy gov.
    Every rich democracy country in the world, they started corruption (nepotism/cronyism..so called). In Myanmar history, Queen want her young brother to employ as High Position but good King ask him to go and see the female dog, give birth 10 puppies.
    .
    Anyway, America also 1st president George Washinton is very good like U Thein Sein but many cronies appeared and forced him to accept many lands. Now, Myanmar president U Thein Sein was forced to take many farm lands for his retirement. Salary also kyat 50 leks, forced to take by U Shwe Mann.
    .
    My view
    3rd generation of American government, Cronyism will slowly change. Let them ashame by Media.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်