fbpx

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) – မျှော်လင့်ချက်တို့ ရှင်သန်ရာ

May 19, 2015
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

– မျှော်လင့်ချက်တို့ ရှင်သန်ရာ
(မိုးမခ) မေ ၁၉၊ ၂၀၁၅

တရားပွဲ၊ ယဉ်ကျေးလိမ္မာပွဲစတဲ့ အကြောင်းများနဲ့ အရပ်ဒေသအတော်များများ (ပြည်တွင်း၊ပြည်ပ) ရောက်ခဲ့တဲ့အထဲမှာ ပြန်တွေး လိုက်တိုင်း ကြည်နူးစရာ၊ လိပ်ပြာသန့်စရာအကောင်းဆုံးလို့ ဆိုနိုင်တဲ့ခရီးတစ်ခုအဖြစ်၊ ရှမ်းပြည်နယ်တောင်ပိုင်းက၊ ကယန်းမျိုးနွယ်စုတို့ အများဆုံးနေထိုင်ရာ၊ ဖယ်ခုံမြို့ကို (၂၉-၄-၂၀၁၅) နေ့က ရောက်ခဲ့ဖြစ်တယ်။ အကြောင်းကတော့ “ဒုတိယအကြိမ်မြောက် ဖယ်ခုံမြို့နယ်လုံးဆိုင်ရာ၊ ဗုဒ္ဓဘာသာလူငယ်များ နှီးနှောဖလှယ်ပွဲ”မှာ ကူညီသင်ကြား နှီးနှောပေး ဖို့ပါ။

သင်္ကြန်ကာလတိုင်း နှစ်စဉ်သွားနေကျဖြစ်တဲ့ မြစ်ကြီးနားမြို့၊ သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်၊ ဒုလ္လဘသီလရှင်ဝတ်ပွဲနှင့် ယဉ်ကျေးလိမ္မာတရားစခန်းမှာ ယဉ်ကျေးလိမ္မာ ဆရာမကြီး ဒေါ်အေးသန်းနဲ့ တွေ့စဉ်ကတည်းက ကယန်းလူငယ်တို့ရဲ့ ဖယ်ခုံပွဲအကြောင်း ပြောပြပါတယ်။ ကယန်းမျိုးနွယ်စု လေးစုရော၊ ကယားစတဲ့ အခြားတိုင်းရင်းသားများရော (ပထမအကြိမ် တုန်းက) ၁၅၀၀ ကျော်လောက် တက်တက်ကြွကြွ တက်ရောက်သင်ယူ နှီးနှောဖလှယ်ကြတဲ့ ပွဲကြီးဖြစ်တယ်ဆိုတဲ့အကြောင်း၊ ရိုးသားသလောက် တက်တက်ကြွကြွ၊ စိတ်ပါလက်ပါ ရှိကြကြောင်း ပြောပြီး မိမိကို အဲဒီပွဲမှာ ကူညီချီးမြှောက်ပေးဖို့လည်း တောင်းဆိုပါတယ်။

မိမိကလည်း လိုလိုလားလားပဲ လိုက်ချင်တဲ့အတွက် သင်တန်းရက်ကို စစ်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် မိမိနေခဲ့ဖူး တဲ့ အရပ်ဖြစ်လို့ ဒီနှစ်မှ တရားပွဲရက် ပေးထားလိုက်မိတဲ့ မိုးကုတ်မြို့၊ ရှမ်းတောရပ် တရားပွဲနဲ့ နဘေထပ်တိုက်နေပါလေရော။

မိုးကုတ်တရားပွဲက (၃)ရက်တောင်ဆိုတော့ ဧပြီ (၂၈)ရက်မှာ ပြီးမယ်။ ဖယ်ခုံပွဲက (၂၈) က (၃၀)ရက်ထိတဲ့။ မိုးကုတ်က (၂၈)ညပြီးလို့ (၂၉)ရက်မှ မန္တလေးပြန်ဆင်းရင်၊ ဖယ်ခုံကို (၃၀)ရက်မှ ရောက်နိုင်တော့မှာဆိုတော့ တစ်ရက်တည်းနဲ့ မထူးနိုင်ဘူး။ ဒါနဲ့ အားမတန် မာန်လျော့လိုက်ပြီး လူငယ်များအတွက် မိမိရေးတဲ့ စာအုပ် (၂)မျိုးကိုပဲ လူစေ့ လှူပါမယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။

ဧပြီ (၂၅) ရက် နေ့လည်၊ မေမြို့ကနေ မိုးကုတ်ကို ကားနဲ့ ခရီးဆက်နေစဉ်မှာပဲ၊ ဖယ်ခုံက လူငယ်နှီးနှော ဖလှယ်ပွဲကို အဓိက စည်းရုံးဦးဆောင် စီစဉ်ပေးတဲ့ ဆရာမကြီး ဒေါ်အေးချိုစိန်ဆိုတာက ဖုန်းဆက်လာပြန်တယ်။ “လူငယ်လေးတွေက သိပ်လည်း တက်ကြွတယ်၊ သိချင် မေးချင်စိတ်လည်း သိပ်ကို ရှိကြတယ်။ အဲဒါ ဆရာမကြီး ဒေါ်အေးသန်းပြောပြလို့ တပည့်တော်တို့ ကယန်း လူငယ်မောင်မယ်များက သူတို့ သိချင်မေးချင်တာတွေကို ဖြေကြားပေးဖို့ အရှင်ဘုရားကို တွေ့ဆုံလိုစိတ် အလွန်ပြင်းပြ နေပါတယ်ဘုရား၊ သနားချီးမြှောက်ပေးပါ”တဲ့။

“အရှင်ဘုရား စာဖတ်ပရိတ်သတ်တွေပါ။ လူငယ်အများစုကပါ။ တိုင်းရင်းသားလေးတွေပါ။ ငွေကြေးချို့တဲ့ ကြလို့ပါ”စတဲ့ အကြောင်းပြချက်များကို ကြားရရင် ဖြစ်နိုင်သမျှ လိုက်လျှောလေ့ရှိတဲ့ မိမိရဲ့သဘောထားကို သိနေတဲ့ ဆရာမဒေါ်အေးသန်း အကြံပေးချက်လည်း ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ငြင်းဆိုစကား ပြန်ပြောမထွက်တဲ့အတွက် မိုးကုတ်ရောက်မှ တိုင်ပင်ပြီး အကြောင်းပြန်ပါမယ်လို့ပဲ မတင်မကျပြောထားလိုက်တယ်။

တိုတိုချုပ်ပြောရရင် မိုးကုတ်က တရားပွဲကို ဦးဆောင်ပင့်တဲ့ ဒကာကြီးဦးလှအောင်ကလည်း မိမိနဲ့ ခံယူချက်ချင်း သိပ်ပြီး မကွဲပြားသူပီပီ “တိုင်းရင်းသားလေးတွေလည်း ဖြစ်၊ လူငယ် လူရွယ်တွေလည်း ဖြစ်၊ ရောက်လည်း ရောက်ခဲတဲ့အရပ်၊ ဒီလို ကိစ္စမျိုးကတော့ ကြွသင့်ပါတယ်။ ဒီမှာ သုံးရက်စာကို နှစ်ရက်နဲ့ပေါင်းဟောပြီး ကြွပါ”လို့ သဘောတူတာနဲ့ ဒီခရီးစဉ်ကို သွားဖြစ် ခဲ့တာပါ။

ဧပြီ(၂၈)ရက်နေ့ နံနက်စော၊ မိုးကုတ်က မန္တလေးကို ကားနဲ့ဆင်း။ အဲဒီည အမရပူရ၊ တူမောင်းမှာ အိပ်။ (၂၉)ရက်နေ့ နံနက်မှာ မန္တလေးက ဟဲဟိုးကို လေယာဉ်နဲ့။ ဟဲဟိုးကနေ ဖယ်ခုံကိုတော့ ကားနဲ့ လာကြိုပါတယ်။ လာကြိုသူများက ကလောမှာ ရုံးကိစ္စတစ်ခုရှိလို့ဆိုပြီး အဲဒီမှာ နေ့ဆွမ်းကပ်၊ ခေတ္တနားနေဖို့ စီစဉ်ပေးပါတယ်။ နေ့ခင်း နှစ်နာရီလောက် ကလောကနေ ခရီးဆက်ခဲ့တာ ညနေ (၅)နာရီခွဲလောက် ဖယ်ခုံကို ရောက်ပါတယ်။ (ဒီလောက် နိဒါန်းကြီး ရှည်လျှားနေတာက ပင်ပန်းခြင်းနဲ့ အမောပြေခြင်းတို့ကို နှိုင်းယှဉ် သိသာအောင်လို့ပါ။)

ဖယ်ခုံမြို့အ၀င်မှာ ကယန်း၊ ကယားစတဲ့ သင်တန်းသူ သင်တန်းသား လူငယ်မောင်မယ် (၈၀၀)ခန့်က လမ်ဘေးဝဲယာမှာ လက်အုပ်ချီ ကြိုဆိုနေတော့ ကားပေါ်ကဆင်းပြီး ခြေလျင် သူတို့ကြားက ဖြတ်ပြီး လျှောက်တဲ့အချိန်မှာ “ဆရာတော် ဘေးရန်ကင်းပါစေ …” အစချီတဲ့ ဆုတောင်းကြိုဆိုသံ ညီညီမြိုင်မြိုင်ကို ကြားလိုက်ရတာနဲ့ပဲ ခရီးလမ်းမှာ ပန်းခဲ့ နွမ်းခဲ့သမျှတွေအားလုံး လွင့်စဉ်ပြီး အပြင်ပူသာမက အတွင်းဆွေးပါ ငြိမ်းအေးသွားပါတော့တယ်။ “ဟန်ဆောင်မှုကင်း၊ ရိုသားခြင်းဆိုတဲ့ အလှတရားဟာ အမြင်မှာလည်း နှစ်သက် ရွှင်လန်းစရာ၊ အတွေးမှာလည်း ဘ၀င်အေး ကြည်နူးစရာ အမှန်ပါကလား”ဆိုတာကိုလည်း ကိုယ်တွေ့ကိုယ်ကြုံခံစား ထင်ကျန်ရစ်ခဲ့ပါတယ်။
—xxx—

သင်တန်းက “ဗုဒ္ဓဘာသာ လူငယ်များ နှီးနှောဖလှယ်ပွဲ”လို့ ခေါင်းစည်း တပ်ထားပေမယ့် ယဉ်ကျေးလိမ္မာအခြေခံများကို ဆရာများက ဟောကြားပြီး ပြန်လည်ဆွေးနွေးကြတဲ့ သဘောပါ။

မိမိက သင်တန်းသားလူငယ်များရော၊ အရပ်ထဲကရော လာရောက်နာယူတဲ့ ညပိုင်းမှာ တရားလည်းဟော၊ မေးတာလည်း ဖြေ၊ လုပ်ပေးရပါတယ်။ နံနက်ခင်းမှာ သင်တန်းသားလူငယ်များအတွက် သိသင့်တယ်ထင်တဲ့ အကြောင်းအရာကို ကိုယ်တိုင်ရွေးချယ်၊ ကိုယ်တိုင်ဟော လုပ်ရတယ်။ နေ့ (၁)နာရီခွဲ၊ အစာဝချိန် အိပ်ငိုက်ချင်ချိန်မှာတော့ သူတို့မေးသမျှကို ဖြေဆိုရတဲ့ “တပည့်ရွေးချယ်၊ ဆရာဟော”အစီအစဉ်ပါ။ ငိုက်ချင်စိတ်ကို သိချင်စိတ်က အနိုင်ရစေတဲ့ ဒီအစီအစဉ်ကတော့ သင်ယူသူ၊ သင်ကြားသူ နှစ်ဦးနှစ်ဖက် စိတ်အ၀င်စားဆုံးနဲ့ အပျော်ဆုံး အစီအစဉ်ပါပဲ။

ညပိုင်းက တရားပွဲပုံစံ ဟောပေးရတာဖြစ်လို့ ဗုဒ္ဓဘာသာဝင်များ အခြေခံသိထားသင့်တဲ့ အကြောင်းအရာကို ကာလဒေသနဲ့ လိုက်လျောညီထွေဖြစ်အောင် ဟောရတာပါပဲ။ အထူးသဖြင့်တော့ ဘ၀တစ်ခုရရှိထားပြီးနောက် လူဖြစ်ကျိုး၊ သာသနာကြုံကျိုး၊ နှစ်မျိုးလုံးနဲ့ပြည့်စုံရေးအတွက် အခြေခံပြည့်စုံစေရမည့် “ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာ”ဆိုတဲ့ အချက်လေးချက်ကို မဇ္ဈိမပဋိပဒါနည်း ကျကျ၊ “အစားလည်း ၀၊ တရားလည်း ရ”ဖြစ်အောင် ခံယူကျင့်သုံးစေတတ်ဖို့ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ နိဝေသကသုတ်၊ လောဏကပလ္လသုတ်တို့ကို အခြေခံပြီး ဟောပြခဲ့ပါတယ်။

ညပိုင်းတရားကတော့ မိမိရေးထားတဲ့ “အပါယ်နဲ့ဝေးတဲ့ လူ”တရားကိုပဲ ပြန်ဟောခဲ့တာပါ။ အခုရေးပြမယ့် အကြောင်းအရာကတော့ နေ့လည်ပိုင်း လူငယ်များနဲ့ မေးဖြေတဲ့အထဲက အားလုံး အလေးအနက် ဆွေးနွေး ပြောဆိုဖြစ်တဲ့ အကြောင်းအရာပါ။

အမေးအဖြေပွဲမှာ ကြိုတင်ကန့်သတ်ချက်အဖြစ်နဲ့ ဘာသာတရားတစ်ခုခုအပေါ် ရန်လိုတဲ့သဘော၊ ရှုတ်ချတဲ့သဘော။ လူမျိုးနွယ်စုတို့ရဲ့ အသားအရောင်၊ ဓလေ့ထုံးတမ်း၊ အသက်မွေးဝမ်းကျောင်း၊ ကိုးကွယ်ယုံကြည်မှုတို့ကို ထိပါးပုတ်ခတ်တဲ့ သဘောများ မပါသင့်ကြောင်း၊ တိုက်ရိုက်ပြောလျှင် ဆဲရေးခြင်း သဘောသက်ရောက်စေတဲ့ မြတ်ဗုဒ်္ဓရဲ့ အက္ကောသ၀တ္ထုအကြောင်း နည်းနည်းရှင်းပြ ထားပါတယ်။ ဒါပေမယ့် အခုမေးခွန်းက အဲဒီဘောင်နဲ့ နည်းနည်းငြိနေသလိုလိုတော့ ရှိပါတယ်။

* မေးခွန်းကတော့ “တခြားဘာသာဝင်များက ပြောပါတယ်၊ ဗုဒ္ဓဘာသာဆိုတာ ဘာမှ ရေရာသေချာမှု မရှိဘူး၊ အုတ်ပုံအုတ်ခဲတွေကို ကိုးကွယ်နေကြတာ၊ ဘာမှ တာဝန်ယူမှုမရှိတဲ့အတွက် ဘာသာဝင်တွေအဖို့ ဘာမှ မျှော်လင့်ချက်မရှိဘူး။

သူတို့ ကိုးကွယ်တဲ့ ဘုရားသခင်က အားလုံးကို ဖန်ဆင်းတဲ့တန်ခိုးရှင်ဖြစ်တယ်။ ကိုးကွယ်သူအားလုံးကို ဘာမဆိုအကောင်းဆုံးဖြစ် စေရမယ်လို့ တာဝန်ယူတယ်။ သူတို့ဘာသာဝင်တိုင်း မျှော်လင့်ချက်အပြည့်ရှိတယ်လို့ ဆိုကြပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာ ဘယ်လိုမျှော်လင့်ချက်မျိုးရှိတယ်ဆိုတာ ပြန်ပြောနိုင်အောင် ကူညီပြီး ရှင်းပြပေးပါ”တဲ့။

တစ်ဖက်ဘာသာဝင်ရဲ့ စကားက “ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ”စတဲ့ ပုတ်ခတ်ချက်နဲ့ ငြိနေတဲ့အတွက် ရတနာသုံးပါးနဲ့ပတ် သက်ပြီး ကဲ့ရဲ့စကားဆိုလာရင် ငြိမ်ခံမနေရ။ အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ = မဟုတ်တာကို မဟုတ်တဲ့အကြောင်း ဖြေရှင်းပြရမယ်။ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ = ဟုတ်ရင်လည်း ဟုတ်ကြောင်း ၀န်ခံရမယ် ”ဆိုတဲ့ ဗြဟ္မဇာလသုတ်လာ မြတ်ဗုဒ္ဓမှာတမ်းအရ မလွှဲမရှောင် ဖြေရှင်းရမည့်ပြဿနာ  ဖြစ်နေပါတယ်။

ဘာသာရေး ပြဿနာဖြစ်လို့ အနိုင်အရှုံးကို ဦးတည်ပြီး မပြောလိုပါဘူး။ အမှန်အမှား ကွဲပြားအောင်ကတော့ မလွှဲမရှောင်သာ ပြောရပါလိမ့်မယ်။

ဒီလိုပြဿနာမျိုး တခြားနိုင်ငံရောက် မြန်မာကလေးများမှာလည်း ကြုံရပါတယ်။ အဓိကအချက်က “သူတို့ ဘုရားသခင်သာ အရာရာကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးရှင် အစစ်”ဆိုတာမျိုးပေါ့။

အမေရိကန်မှာ ခပ်ထက်ထက် မြန်မာကလေးငယ်တစ်ဦးကတော့ “အဲဒီ အရာရာကိုဖန်ဆင်းတဲ့ ဘုရားသခင်ကိုရော ဘယ် သူက ဖန်ဆင်းပေးလဲ”လို့ ထမေးလိုက်လို့ “ဒါမျိုးမမေးပါနဲ့၊ ဒီမေးခွန်းမျိုး ဘုရားသခင် မကြိုက်ဘူး၊ အနန္တငရဲကျလိမ့်မယ်” လို့ ဒေါမာန်ပါပါနဲ့ ဟန့်တားခံရပါသတဲ့။

ထားပါတော့။ အဓိက သိလိုတာက “ဘယ်ဘာသာက အမှန်တကယ် “မျှော်လင့်ချက် ရှိသလဲ”ဆိုတာပါ။

မေးခွန်းမှာ “မျှော်လင့်ချက်”လို့ သုံးထားလို့ အဲဒီစကားအတိုင်း သုံးလိုက်ရတာ။ အမှန်ကတော့ ယုံကြည်ကိုးကွယ်သူများကို ဘယ်ဘာသာက ကျိုးရ၊ ပြစ်မဲ့ဖြစ်စေတယ်။ ဘယ်ဘာသာက ကျိုးမဲ့၊ ပြစ်ရဖြစ်စေမယ်”လို့ ပြောသင့်တာပါ။

သူတို့ ဘုရားသခင်က ကမ္ဘာ့နေရာအသီးသီးပါမကျန် အရာရာကို ဖန်ဆင်းတယ်ဆိုတဲ့ စကားက အစဉ်အလာပြောစမှတ်တစ်ခု အဖြစ်နဲ့ ပြောနေကြတာပဲ ဖြစ်မှာပါ။ တကယ်တော့ ခုချိန်မှာ ဒီအယူအဆကို ပြောသူတွေ ကိုယ်တိုင် လက်ခံဝံ့စရာ မရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ကမ္ဘာကြီးဟာ မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ “ဣဒမေ၀ သစ္စံ မောဃမညံ = ကိုယ့်ဝါဒသာအမှန်၊ တခြားဝါဒမှန်သမျှ အလကား”ဆိုတဲ့ ဘာသာရေးအစွန်းရောက် တဇောက်ကန်းသမားတွေရဲ့ အန္တရာယ်ကြောင့် အတော် ထိတ်လန့်တုန်လှုပ်နေကြရတာလေ။ အရာရာကို ဘုရားသခင်က ဖန်ဆင်းတာ၊ ဘုရားသခင်အလိုကျ အားလုံးဖြစ်ရတာ မှန်ရင်၊ ဒီနေ့ ဖြစ်ရပ်များဟာလည်း သူ့လက်ချက်လို့ပဲ ဆိုရမှာပေါ့။ ဒီလိုဆိုရင် သူတို့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

ကဲ … ထားပါတော့။ ကိုယ့်ဘာသာ သာသနာကိုပဲ အဓိက ပြောပါမယ်။ မျှော်လင့်ချက်ပဲ ထားပါတော့။ မျှော်လင့်ချက် တစ်ခု ပြည့်မှု၊ မပြည့်မှုဆိုတာ ကိုယ်မျှော်လင့်တဲ့အရာကို ကိုယ်တိုင်လုပ်ဆောင်နိုင်ခွင့် ရှိဖို့က အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်တယ်။

အခု သင်တန်းသားများကိုဝေထားတဲ့ “ဘယ်ကျောင်းနေမလဲ မောင်ရေခဲ”ဆိုတဲ့ စာအုပ်ကလေးထဲမှာလည်း ဒီအကြောင်း နည်းနည်း ရှင်းပြထားပါတယ်။ ကိုယ်တိုင် စာမေးပွဲအောင်မြင်ဖို့ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ပြည့်မယ်၊ မပြည့်ဘူးဆိုတာ၊ ဒီမျှော်လင့်ချက်အတွက် ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ လုံ့လ၀ီရိယစွမ်းအပေါ်မှာပဲ လုံးဝ တည်နေခွင့်ရှိရမယ်။

ဥပမာ – စာသင်ကျောင်းတစ်ကျောင်းမှာ အဲဒီအခွင့်အရေးသာရှိမယ်ဆိုရင်၊ မျှော်လင့်ချက် ပြည့်, မပြည့်၊ ဘယ်သူ့ကိုမှ ခယ၀ယလုပ်ပြီး ပူဇော်ပသနေဖို့ရော၊ မေးမြန်းစုံစမ်းနေဖို့ရော မလိုတော့ပါဘူး။ ကိုယ့်လုပ် ဆောင်ချက်ကိုယ် ခန့်မှန်းကြည့်ရင် ကိုယ်တိုင်သိမြင်နိုင်၊ ဆုံးဖြတ်နိုင်မှာပါ။

တကယ်လို့ ကျောင်းတစ်ကျောင်းက သူ့ကျောင်းနေသူများကို အဲဒီအခွင့်အရေး လုံးဝမပေးနိုင်ဘူး။ “မင်းဟာမင်း .. ကံ၊ ဉာဏ်၊ ၀ီရိယရှိရှိ, မရှိရှိ။ မင်းရဲ့ အအောင်၊ အရှုံးဟာ ငါတို့ ကျေနပ်မှု၊ မကျေနပ်မှုအတိုင်းသာ ဖြစ်စေရမယ်”ဆိုရင် ဘယ်လိုနေမလဲ။ ဒီလို ကျောင်းမျိုးကို ဘယ်သူနေမလဲ။

ဒီနေ့ လူငယ်တိုင်း၊ ကိုယ်စာမေးပွဲအောင်ချင်ရင် ကိုယ်တိုင်ပဲ ကြိုးစားရတယ်။ ကိုယ် မကြိုးစားရင် ကိုယ်ပဲ ကျမယ်။ ဘယ်လောက် အာဏာပါဝါကြီးသူပဲ ဖြစ်ဖြစ်၊ ကိုယ့်အဆင့်အတန်းအမှန်ကို  သူက လုပ်ပေးလို့ မရဘူး။ ရတယ်ဆိုရင်လည်း အစစ်မဖြစ်နိုင်ဘူး။ အတုပဲ။ (ဥပမာ- ငွေနဲ့အာဏာနဲ့ ရထားတဲ့ ဘွဲ့ဒီဂရီများ)။ ဒါ လူငယ်တိုင်း သိသာမြင်သာတဲ့ သဘာဝမှန်ပဲ။ ဒါဟာ သစ္စာတရားပဲ။ သူကျေနပ်မှ ကိုယ်ပြည့်စုံတယ် ဆိုတာ သဘာဝအမှန် မဟုတ်ဘူး။ သစ္စာတရား မဟုတ်ဘူး။

အဲဒီစံကို အခြေခံပြီး ဆုံးဖြတ်မယ်ဆိုရင် ဒီနေ့ ကမ္ဘာမှာ ရှိရှိသမျှ ဘာသာတရားတွေထဲမှာ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်” ဆိုတာ ဗုဒ္ဓဘာသာကလွဲလို့ တခြား ဘယ်ဘာသာမှာမှ မရှိပါဘူး။ (တခြားဘာသာများ အလိုအရ လူသားတို့ ကံကြမ္မာကို တန်ခိုးရှင်ကသာ ဖန်တီးတယ်လို့ ဆိုပါတယ်)။

မြတ်ဗုဒ်္ဓအလိုအရ “လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့်”ဆိုတဲ့ ဒီနေ့ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး တောင်းဆိုနေတဲ့ အခြေခံ လူ့အခွင့်အရေး နှစ်ခုလုံးကို မိမိတို့ ကိုယ်တိုင်သာ ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ခွင့်ရှိရမယ်။ လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် ကြားထဲမှာ ဘယ်တန်ခိုးရှင် ဘယ်ပွဲစားမှ မလိုဘူး၊ ဘယ်သူကိုမှ အောက်ကြို့၊ ခယ၊ ပသဖို့ မလိုဘူး။ ကိုယ့်ကိုယ်ကိုယ်ကလွဲလို့ အားထားကိုးကွယ်ရာအစစ် မရှိနိုင်ဘူး။ “အတ္တာဟိ အတ္တနော နာထော = ကိုယ့်ကိုယ်ကိုယ်သာ ကိုယ့်ရဲ့ ကိုးကွယ်ရာ”ဖြစ်တယ်လို့ ဟောညွှန်ပါတယ်။

တစ်ခါက ကိသာဂေါတမီဆိုတဲ့ သူဋ္ဌေးကတော်လေးတစ်ဦးမှာ တစ်ယောက်တည်းရှိတဲ့ သားငယ်လေး ဆုံးပါးသွားတော့ ဆောက်တည်ရာမရဖြစ်ပြီး အရူးတစ်ပိုင်း အခြေအနေရောက်သွားတယ်။ သားသေကို ပွေ့ပြီး သူ့သားကို ပြန်ရှင်အောင် လုပ်ပေးဖို့ အော်ဟစ်တောင်းဆိုရင်း မြို့ထဲ လှည့်ပြေးနေတယ်။

ကိုယ်ချင်းစာစိတ်ရှိတဲ့ သက်ကြီးပိုင်းတစ်ဦးက မြတ်စွာဘုရားထံ လမ်းညွှန်လိုက်လို့ ဘုရားဆီ ရောက်သွားတဲ့အခါမှာ ထုံးစံအတိုင်း “ဧဟိ သွာဂတံ = လာ .. ချစ်သမီး၊ ကောင်းသော လာခြင်းပါ”လို့ မြွက်ကြားလိုက်တာနဲ့ တစ်ပြိုင်နက် သောကပူ တစ်ဝက်မက ငြိမ်းအေးသွားတယ်။ သူ့သား ပြန်ရှင်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပိုရှိလာသလို ခံစားလိုက်ရတယ်။

အကြောင်းစုံ မေးပြီးတဲ့အခါ မြတ်စွာဘုရားက “လူသေဖူးခြင်းမရှိတဲ့ အိမ်က မုံ့ညင်းစေ့ လက်တစ်ဆုပ်လောက် ရှာချေလို့ တိုက်တွန်းလိုက်တယ်။ “ရှာချေ”လို့သာ တိုက်တွန်းတာပါ။ “ရှာလို့ရရင် သင့်သားကို ရှင်အောင် ကုပေးမယ်”ဆိုတဲ့ စကားမျိုးတော့ မပြောပါဘူး။ ဘုရားရှင်တို့ဆိုတာ တစ်ဖက်သားကျေနပ်မှုကို ငဲ့ပြီး တရား မဟုတ်တာကို တရားလို့ထင်အောင် လှည့်ဖြားပြောဆိုလေ့ မရှိပါဘူး။

သူဋ္ဌေးကတော်လေးက အားတက်သရော မြို့ထဲပြန်ပြေးတယ်။ ပြီးတော့ တစ်အိမ်ဝင် တစ်အိမ်ထွက်၊ မြတ်စွာဘုရား ခိုင်းတဲ့ မုံ့ညင်းစေ့ကို မေးတဲ့အခါ အိမ်တိုင်းမှာ လူသေဖူးတာချည်းဆိုတာ သိမြင်လာတဲ့အတွက် “မဖြစ်နိုင်တာကို ဖြစ်နိုင်မယ်”လို့ အတွေးအထင် လွဲမှားမှုတွေ ကင်းပြီး သားသေကိုလည်း သုဿာန်မှာ မြှုပ်နှံလိုက်တယ်။ ပြီးတော့ မြတ်စွာဘုရားသာသနာတွင်း ၀င်ရောက်သွားတယ်။ အာသဝေါကုန်ခန်းတဲ့ ရဟန္တာ ထေရီမကြီးဖြစ်ပြီး ခေါင်းပါးတဲ့သင်္ကန်းကို ဆောင်တဲ့အရာမှာ အမြတ်ဆုံးဆိုတဲ့ “ဧတဒဂ္ဂ”ဘွဲ့ ရရှိသွားပါတယ်။

မျှော်လင့်ခဲ့တာက သူ့သားလေး အသက်ရှင်စေဖို့ဆိုတဲ့ မဖြစ်နိုင်တဲ့ အရာကိုပါ။ ဘုရားရှင်နဲ့တွေ့တဲ့အခါ အထင်မှားခြင်းဆိုတဲ့ အရူးထမှု ပျောက်ကင်းပြီး အမြင့်မြတ်ဆုံးအဆင့်အထိ ရောက်သွားတာပါ။ ဒါဟာဘုရားရှင်က မ,စလိုက်တာ မဟုတ်ပါဘူး။ “အက္ခာတာရော တထာဂတာ = ဘုရားရှင်တို့ဆိုတာ မမှားအောင် လမ်းညွှန်ပေးသူများ”သာ ဖြစ်ပါတယ်။ “တုမှေဟိ ကိစ္စ မာတဗ္ဗာ = ကိုယ့်ကိစ္စ ကိုယ်လုပ်၊ ကိုယ့်အားကိုယ် ကိုးရတာပါ။

ဒါဟာ ဖြစ်ရပ်ကလေးတစ်ခုပဲ ရှိပါသေးတယ်။ မြတ်စွာဘုရားနဲ့ တွေ့သူမှန်သမျှ ဒီတစ်ဦးသာ ရှားရှားပါးပါး မျှော်လင့်ချက်တွေ ရှင်သန်သွားတာတော့ မဟုတ်ပါဘူး။
သားနှစ်ဦးလည်း သေ၊ လင်လည်း ဆုံး၊ အိမ်ပြန်လာတော့ မိဘနှစ်ပါးမောင်နှမ၊ အိုးအိမ်စည်းစိမ်ပါ မီးလောင်ဆုံးရှုံးဖြစ် သွားခဲ့တဲ့ ပဋာစာရီကိုလည်း ၀တ်လစ်စလစ် ရူးသွပ်တဲ့ဘ၀က ရဟန္တာထေရီမကြီး ဖြစ်သွားအောင် …။

ခေတ်္တရှင်ဘုရင် စည်းစိမ် ခံစားခွင့်ကို အပြည့်အ၀သုံးပြီး ခုနှစ်ရက်လုံးလုံး၊ နေ့ရောညဥ့်ပါ သောက်စား မူးယစ်၊ ကခုန်ပျော်ပါး ရာက အတူပျော်ဖက် ကချေသည်မိန်းကလေး ရုတ်တရက် ကွယ်လွန်သွားလို့ အရူးတစ်ပိုင်းဖြစ်သွားတဲ့ အမူးသမား သန္တတိအမတ်ကြီး ဆိုတာကိုလည်း အောက်ဆုံးရဲ့ အောက်အခြေအဆင့်အနေက အထက်ဆုံးအဆင့် ရောက်အောင် မျှော်လင့်ချက်တို့ကို ရှင်သန်စေခဲ့ကြောင်း …။

ဗုဒ္ဓဘာသာဆိုတာ လူနတ်တို့သာမက ပလလဲဆင်မင်း အစရှိတဲ့ တိရိစ္ဆာန်တို့အတွက်လည်း မျှော်လင့်ချက် မမဲ့စေခဲ့ကြောင်း  ပြောကြားပြီး၊ ဒီနေ့ရှိတဲ့ ဘာသာတရားတွေရဲ့ ဆိုင်ရာစာပေ မှတ်တမ်းများကို လေ့လာကြည့်ရင်၊ လူကို အခြေခံပြီး လူမှုလက်တွေ့ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်ခဲများအတွက် မျှော်လင့်ချက်များကို ရှင်သန်စေတယ်လို့ ခိုင်မာတဲ့ အထောက် အထားပြနိုင်တာဆိုလို့  ဗုဒ္ဓဘာသာတစ်ခုသာ ရှိတယ်ဆိုတာလည်း “အသောက ကျောက်စာ”များက အခိုင်အမာ သက်သေခံလျက်ရှိကြောင်း ပြောပြခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဘာသာတရားနဲ့ ပတ်သက်လို့ ဒီနေ့လူငယ်များ ခြုံငုံနားလည်ရမှာကတော့ ဘာသာတရားဆိုတာ –
(၁) ကိုးကွယ်ရေး ဘာသာတရား
(၂) လိုက်နာကျင့်သုံးရေး ဘာသာတရား ဆိုပြီး (၂)မျိုးရှိတယ်။
(၁) ကိုးကွယ်ရေး ဘာသာတရားဆိုတာ သက်ရှိ သက်မဲ့ အရာအားလုံးဟာ ဘုရားသခင်(တန်ခိုးရှင်)က ဖန်ဆင်းချက်အတိုင်း ဖြစ်ရတယ်။ ဒါကြောင့် ပြစ်မဲ့ကျိုးရ မျှော်လင့်ချက်များ ပြည့်စုံရေးအတွက် ဘုရားသခင်(တန်ခိုးရှင်)တို့ အလိုကျအောင် ပသကိုးကွယ်ရမယ်။ လူကသာ ဘုရားသခင်(တန်ခိုးရှင်)ကို အသိအမှတ် ပြုရမယ်။ ဘုရားသခင်(တန်ခိုးရှင်)က လူရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ကံ၊ ဉာဏ်၊ ၀ီရိယစွမ်းတို့ကို လုံးဝ အသိအမှတ် မပြုဘူး၊ ကိုးကွယ်ပသ၊ ကပ်ပါးရပ်ပါးလုပ်မှုကိုသာ အသိအမှတ် ပြုတယ်။ ဗုဒ္ဓဘာသာကလွဲလို့ တခြား ဘာသာအားလုံးဟာ ဒီအမျိုးအစားထဲမှာ ပါဝင်တယ်။

(၂) လိုက်နာကျင့်သုံးရေး ဘာသာတရားဆိုတာ မိမိကိုယ်ကိုယ် မိမိကသာ ပိုင်တယ်။ ကိုးကွယ်အားထားရာ အစစ်ဟာလည်း မိမိကိုယ်တိုင်သာ ဖြစ်တယ်။ (အတ္တာဟိ အတ်္တနော နာထော)။ မိမိ မျှော်လင့်ချက်များအတွက် မိမိရဲ့ ကံ၊ ဉာဏ်၊ ၀ီရိယတို့နဲ့ ကိုယ်တိုင် ကြိုးစားအားထုတ် ခွင့်ရှိတယ်။ (တုမှေဟိ ကိစ္စ မာတဗ္ဗံ)။ ဒါကြောင့် သင့်ကို ဘယ်သူကမှ မပိုင်၊ သင့်ဘ၀ရဲ့ ပဲ့ကိုင်ဟာ သင်ပဲ။ သင်ကိုးကွယ်တဲ့ ဘာသာကို ဟောညွှန်တဲ့ ဘုရားရှင်တို့ဆိုတာ သင့်ကို လမ်းမှန်ရောက်အောင် ဟောညွှန်ကူညီ ပေးတဲ့ မိတ်ဆွေများသာ ဖြစ်တယ် (အက္ခာတာရော တထာကတာ။ မိတ်္တ၀တာယ သမုဒါ စရထ) လို့ ဟောညွှန်တဲ့ ဘာသာဖြစ်တယ်။ လူတို့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ လုံ့လ၀ီရိယစွမ်းနဲ့ ကိုယ်ကျင့်တရားများကို အလေးထား အသိအမှတ်ပြုတယ်။ အနားပြာ၊ ကပ်ပလီ၊ အချောင်လိုက်၊ ကပ်ပါး ရပ်ပါး၊ ဆုတောင်းပူဇော်သမားကို အလိုမရှိ၊ လိုက်နာကျင့်သုံးသူကိုသာ အလိုရှိတယ်။(၀က္ကလိဝတ္ထု)။ အဲဒါ ကမ္ဘာမှာ တစ်ခုတည်းသာရှိတဲ့ ဗုဒ္ဓဘာသာပဲ ဖြစ်တယ်ဆိုတာကို ကွဲကွဲပြားပြား ခြားခြားနားနား သဘောပေါက် နားလည်ဖို့ လိုပါတယ်ဆိုတဲ့ အကြောင်း ရှင်းလင်းလိုက်ရပါတယ်။ အားလုံးလည်း ကျေနပ်ဝမ်းသာ ဖြစ်သွားကြပါတယ်။

အပ္ပမာဒေန သမ္ပာဒေထ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)