ဖိုးထက် – ကျွန်တော့်လောဘတွေ

May 20, 2015

ဖိုးထက် – ကျွန်တော့်လောဘတွေ
(မိုးမခ) မေ ၂၀၊ ၂၀၁၅

လိုအင်ဆန္ဒတွေ အခုတလောများနေသည်။ ပြီးတော့ ရသင့်ရထိုက်သော ပိုက်ဆံအကြွေးတွေ ပြန်ရသည်။ အလုပ်အတွက် ထည့်ဝင်ထားသော ငွေကြေးအမြတ်အစွန်းက ထင်ထားသည်ထက် ပိုရသည်။ ငွေယားလေးများရှိသောသူပီပီ ဖြတ်သွား ဖြတ်လာ လမ်းသွားရင်း တွေ့သမျှပစ္စည်း ငါဝယ်နိုင်တယ်ဆိုသည့်အပေါက်ဖြင့် ၀င်ကြည့်သည်။ ကိုင်ကြည့်သည်။ ဈေးမေး သည်။ သို့သော် အလိုလောဘကြီးသောသူများကို လူအများ မြင်ပြင်းကပ်တတ်ကြသလို ကျွန်တော်နှင့်အတူပါလာသော မိတ်ဆွေများက စိတ်မရှည်ကြ။ ၀ယ်ပါ။ ၀ယ်လိုက်စမ်းပါ။ ခင်ဗျားအဆင့်နဲ့ ကိုင်ကြည့် ဈေးမေးနေတာတောင် လွန်လှပြီဟု အချွန်ဖြင့်မသောသူများလည်း မရှား။ ၀ယ်ပေါ့ လိုအပ်နေတာဘဲဟု ဆိုကြသူများလည်း မရှား။ ခင်ဗျားဟာကြီးက စုတ်ပြတ် နေပြီ။ အသစ်လဲတော့လေဟု စေတနာဗရပွဖြင့် တိုက်တွန်းသူများလည်း မရှား။ အတော်ရှားပါးသောခေတ်ကြီးမှာ မရှား မပါး ချောက်တွန်းကြသောသူ များပါပေ။

ကျွန်တော့်၏ ပထမဆုံးအလိုဆန္ဒက တယ်လီဖုန်း လဲမလားဆိုသည့် စိတ်လောဘ။ ကျွန်တော့်ဖုန်းက ဟောင်းနေပြီ။ အရင် က ဖုန်းမော်ဒယ်လ်အသစ်ထွက်တိုင်း လဲဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့် ဒီဖုန်းလေးကိုတော့ ဘာမှ မည်မည်ရရမရှိပါဘဲ မလဲဖြစ်ခဲ့တာ (၂) နှစ်ကျော်ပြီ။ အခုခေတ်ကြီးက ဖုန်းတလုံးဆိုတာ ရှစ်လလောက်ဆိုရင်ဘဲ ဒိတ်အောက်နေပြီ။ အခုတော့ ကျွန်တော့်ဖုန်းက ဒိတ်အောက်တာထက်ကျော်ပြီး ပြတိုက်ထဲထည့်မယ်ဆို ထည့်ထားလို့ရပြီဟု ဆိုသူက ဆိုကြသည်။ အင်း … သူတို့ ပြောတာလည်း ဟုတ်တာဘဲ။ ဖုန်းလဲအုံးပါမှ။ Android ကိုင်နေရာကနေ IOS ပြောင်းသုံးရမလား။ သုံးရစွဲရတာ အပြစ်ပြောစရာမရှိလောက်အောင်ကောင်းပေမယ့် ဟိုဟာနဲ့မှ၊ ဒီဟာနဲ့ဆို မရဖြစ်တတ်လွန်းသည့် Apple ထုတ် ပစ္စည်းတွေ ကို မြင်ပြင်းကပ်နေသောကြောင့် စိတ်က ချည့်တုံ ချတုံ။ လဲအံ့လော။ မလဲ့ံ့လော။

ပြီးတော့ မိန်းကလေးများ သွားလေရာ စလင်းဘတ်ကိုင်တတ်သလို ကျွန်တော်က ကျောပိုးအိတ်ပါမှ လမ်းထွက်တတ်သည်။ ကျောပိုးအိတ်ကောင်းကောင်း ကျွန်တော်ကြိုက်သည်။ ကိုးတန်း၊ ဆယ်တန်းလောက်က သူဌေးသားများသာ ကိုင်နိုင်သည့် Jansport ၊ Outdoor တို့ကို ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့်ပိုက်ဆံ ကိုယ်ကြိုက်သလို ချယ်လှယ်နိုင်တော့ ၀ယ်သုံးစွဲသည်။ အခုတော့ လက်ရှိကိုင်နေသည့် The North Face အိတ်ကလေးက ဟောင်းနွမ်းနေပြီ။ ဟောင်းပေမယ့် ကောင်းဆဲ။ ပေးရ သော ပိုက်ဆံနှင့် ချုပ်ရိုး ချုပ်သား၊ အသားအနား အပြစ်ပြောစရာမလိုလောက်အောင် တန်သည်။ ဘာလုပ်မှာလဲ။ လဲတော့ လေ။ အိတ်က အရောင်အဆင်းတောင်မရှိတော့ဘူးဟု သူတို့ပိုက်ဆံမပေးရတိုင်း လဲခိုင်းကြသည်။ အသစ် ၀ယ်အံ့လော။ မ၀ယ်အံ့လော။

နောက်တခုက လက်ပါတ်နာရီ။ တကယ်ဆိုရင် ဒီခေတ်ကြီးက လက်ပါတ်နာရီ မလိုတော့သောခေတ်။ တယ်လီဖုန်းတလုံး ပါနေတာနှင့် အကုန်ပြီးလို့ရသောခေတ်။ အီးမေးလ်ပို့မလား။ စစ်မလား။ လုပ်စရာ အလုပ်တွေကို ဖုန်း calendar ထဲမှာ ထည့်မှတ်ထားမလား။ လက်အလေးခံပြီး ဘာကြောင့် လက်ပါတ်နာရီ ပါတ်မည်လဲ။ သို့ပေသိ ယောက်ျားဆိုတာ လက်ပါတ် နာရီ ကောင်းကောင်းတလုံးတော့ ရှိရတယ် ငါ့သားရဲ့ဟု Scico လက်ပါတ်နာရီလေးဝယ်ပေးဖူးသော အမေ့စကားက အခုထိ စိတ်ထဲစွဲဆဲ။ ကျွန်တော့်လက်မှာ အိုးပြားပြားလေးနှင့် နာရီ၊ မိနစ်၊ ရက်စွဲသာပြသော အလွန် ရိုးရိုးရှင်းရှင်း သားရေလက်ပါတ် နာရီလေးရောက်နေတာ ဆယ်စုနှစ်ကြာပြီ။ ကြားထဲမှာ ဓာတ်ခဲလဲရတာ နှစ်ခေါက်လားဘဲ ရှိသည်။ နာရီကြိုးလဲတာက တခါ။ အခုထိကောင်းဆဲ။ တချက် မရပ်သွား။ မတန့်သွား။ ချစ်ခင်ရသောသူများက ဈေးကြီးသည့်လက်ပါတ်နာရီ ၀ယ်ပေး သော်လည်း ကျွန်တော်နှင့် ကီးမကိုက်။ ဒိုင်ခွက်တွေထဲမှာ ချွေးစားသလို ကွက်၊ စွန်းကုန်သည်။ ပြီးတော့ လက်ပေါ်မှာ ရွှေဝါ ဆပ်ပြာခဲကြီး တင်ထားသလို ထူထူထဲထဲကြီး။ ကျွန်တော်မကြိုက်။ တန်ဖိုးမထားတတ်။ နောက်တော့ ကျွန်တော့် လက် ပါတ်နာရီ အိုးပြားလေးဘဲ နောက်ဆုံးကျန်နေခဲ့သည်။ အချိန်သိလိုလျှင် ခေတ်လူငယ်ပီပီ တယ်လီဖုန်းကအချိန်ကို ကြည့် သည်။ ပြီးတော့ လက်ကနာရီလေးကို ကြည့်သည်။ ခေတ်ကြီး နှစ်ခုကြားမှာ ဗျာများနေသော သူဖြစ်နေလား မသိ။ “ခင်ဗျား နာရီက ဘိုးတော်ဘုရား လေးဘက်ထောက်သွားစဉ်က ဂျပန်ကနေ အင်္ဂလိပ်သံအရာရှိတွေ အင်းဝကို ၀ယ်လာတဲ့နာရီပါဗျာ။ လဲပါတော့” ဟု ဆိုကြသည်။ လဲရကောင်းမလား။ မလဲရ ကောင်းမလား။

နောက်ဆုံး စိတ်ကို ဒွိဟဖြစ်စေတာက ဖိနပ်။ ဖိနပ်ကောင်းကောင်းစီးတာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုသည့်အဆိုကို ကျွန်တော်ထောက်ခံသည်။ Nike၊ Addidas စသည့် ဈေးကွက်ဝင် ရောင်းတန်းလှ တံဆိပ်တွေ ကျွန်တော်မကြိုက်တတ်တော့။ ခြေထောက် တကယ်သက်သာသည့်တံဆိပ်တွေဖြစ်သလို ဈေးလဲကြီးသည့် doctor martain တံဆိပ်ဖိနပ်လေးက ကျွန် တော့်ခြေထောက်မှာ အသုံးတော်ခံနေတာ သုံးနှစ်ကျော်။ လေးနှစ်ထဲမှာ။ လမ်းသွားတာများသည့်နေ့တွေဆိုလျှင် အဆိုပါ ဖိနပ်လေးနှင့် အခြားဖိနပ်များ ခွဲခြားစီးမိကာသွားမိလျှင် ညဘက်ရောက်တော့ သိသိသာသာ ခြေထောက်တွေက တန်ခိုးပြ သည်။ အခုတော့ ငယ်ငယ်က မက်မက်မောမောစီးရသည့် ဆင်ခြောက်ကောင်၊ လေထီး သားရေဖိနပ်တွေစီးမိလျှင် ခြေ ထောက်က မခံမရပ်နိုင်လောက်အောင်နာလာပြီး ခြေထောက်ပါးဝနေတော့သည်။ ကျွန်တော့်စီးတော်ယာဉ်ဖိနပ်လေးက တံဆိပ်ကောင်းမို့ စုတ်ပြတ်တော့ မသွားပေမယ့် ဟောင်းနွမ်းနေပြီဆိုတာ သိသာလွန်းနေပြီ။ “ခင်ဗျားဖိနပ်ကဗျာ။ လဲပါတော့ လား။ လူကြားသူကြားထဲသွားရင် ရော်ဘင်ဆန် ကရူးဆိုး စီးတဲ့ဖိနပ် ယူစီးလာတယ် ပြောကြအုံးမယ်” ဟု လွန်လွန်ကြူးကြူး ဝေဖန်ကြသူတွေ ရှိလာသည်။ နောက်ထပ် Doctor Martain ဖိနပ်တရံလောက် ၀ယ်ရကောင်းမလား။ မ၀ယ်ဘဲ နေရ ကောင်းမလား။

အလိုဆန္ဒတွေ၊ အလိုဆန္ဒတွေ။ စိတ်၏အလိုလောဘ။ ရုပ်၏အလိုလောဘ။ မသိစိတ်၏ အလိုဆန္ဒ။ သိစိတ်၏ လိုချင်တပ် မက်မှု။ စိတ်အလိုလောဘနောက်လိုက်ကြရင်း မမှားသင့်တာ မှားကြသတဲ့။ မလုပ်သင့်တာ လုပ်ကြသတဲ့။ ဒါလေးလည်း ကောင်း။ ဟိုဟာလေးလည်း မဆိုး လုပ်ကြသတဲ့။ ကျွန်တော်ကရော ဘာထူးသနည်း။ မလိုချင်တာမှ မဟုတ်တာ။ စည်းနဲ့ ကမ်းနဲ့ သုံးတတ်စွဲတတ်အောင် အမေ၏ သေသေချာချာ လေ့ကျင့်သင်ကြားခဲ့ရသူမို့လို့သာ ပစ္စည်းတခုကို အကြာကြီး သုံးစွဲနေတတ်တာ။ မလိုချင်တာမှ မဟုတ်တာ။ ငွေကို မလိုအပ်ဘဲ မသုံးစွဲရဘူးဆိုသည့် ဆုံးမစကားက နားထဲစွဲနေ။ ပြီးတော့ ကိုယ့်ချွေး၊ ကိုယ့်မာန ထိပါးခံပြီး ရှာထားရသည့် ငွေကြေးများကို စည်းမဲ့ ကမ်းမဲ့ မသုံးစွဲချင်လို့သာ တယ်လီဖုန်း အဟောင်းကြီး ကိုင်နေခြင်းသာ။ ကျောပိုးအိတ်အစုတ်ကြီး လွယ်နေခြင်းသာ။ ရောဘင်ဆန်ကရူးဆိုးဖိနပ်ကြီး စီးနေခြင်းသာ။ ပိုက်ဆံလွယ် လွယ်သာရနေလျှင် အကုန်အကောင်းချည်း။ ဒီနေ့ တမျိုး။ နောက်ရက် တမျိုး လုပ်ချင် လုပ်မိမည့်သူ။

မြန်မာနိုင်ငံက စက်ကြီးတွေရောင်းချသော ကုမ္ပဏီတခုမှာ ကျွန်တော် အလုပ်လုပ်ရစဉ်က ဌာနကြီးတခု၏ ညွှန်မှူးဆိုသူကို သီတင်းကျွတ်ကန်တော့ သွားရသည်။ တကယ်တော့ သီတင်းကျွတ်ကို ခေါင်းစဉ်တပ်ခြင်းသာ။ ကျွန်တော့်သူဌေးက သူ့တင် ဒါတွေ အောင်စေဖို့ တန်ဖိုးကြီးပစ္စည်းတွေနှင့် ရမယ်ရှာ လာဘ်ထိုးခြင်းသာ။ ကျွန်တော်တို့ယူသွားသည့် ခြင်းထဲမှာ Blue Label တလုံးပါသည်။ နောက်ပြီး အခြားတန်ဖိုးကြီးပစ္စည်းတွေ တပုံတပင်။ တန်ဖိုးအကြီးဆုံးက ဘောလ်ပင်တချောင်း။ Mont Blanc ဘောလ်ပင် တချောင်း။ ဒေါ်လာ ထောင်ချီနီးပါးတန်သည့် ဘောလ်ပင်။ ထိုညွှန်မှူးက ဘောလ်ပင် ရူးသွပ်သူ။ သူရူးတာက တန်ဖိုးမရှိတဲ့ ဘောလ်ပင်တွေကို ရူးသွပ်တာမဟုတ်။ သူ့ဆီမှာ တကယ့်တန်ဖိုးကြီးတံဆိပ် ဘောလ်ပင်တွေ အများကြီးရှိမှန်း ကျွန်တော်သိသည်။

ကျွန်တော်တို့လက်ဆောင်ခြင်းတောင်း သူ့စားပွဲပေါ်ရောက်တော့ ဟန်တောင်မဆောင်နိုင်ရှာဘဲ Mont Blanc ဘောလ်ပင် လေးကို ထုတ်ကြည့်သည်။ ဖင်ပြန် ခေါင်းပြန်။ ကျောက်ကောင်းတပွင့်ကို နားလည်တတ်ကျွမ်းသော ကျောက်ကြည့်သမားက ကြည့်သလို ကပ်ကြည့်သည်။ ခွာကြည့်သည်။ ပြီးတော့ “ဟာ ဒီမော်ဒယ်လ် ငါ့ဆီမှာရှိတယ်ကွ။ မင်းတို့ အယ်ကယ်လ် (ကျွန် တော်တို့ သူဌေး) ကို ပြောလိုက်ကွာ။ နောက်ဆုံးမော်ဒယ်လ်ဖြစ်ဖြစ်၊ အဲဒီအရှေ့က မော်ဒယ်လ်ဖြစ်ဖြစ် လဲပေးပါလို့ ပြော လိုက်ကွာ” ဟုဆိုကာ အဆိုပါဘောလ်ပင်ကို ကျွန်တော့်ကိုပြန်ပေးလိုက်သည်။ သူဌေးကို ပြန်ပြောပြပြီး ပေးတော့ “အလ ကားရတဲ့နွား သွားဖြဲကြည့်ကွာ။ အတော်ကျက်သရေတုံးပါတယ်ကွာ” တဲ့။ သို့သော် သူဌေးကိုယ်တိုင် နောက်ဆုံးပေါ် Mont Blanc ကိုမှာပြီး “ဆောရီး ညွှန်မှူးရာ။ ဒီကောင်လေးတွေခိုင်းထားတော့ အလွဲလွဲအချော်ချော်ဖြစ်နေတာ ခွင့်လွှတ်ဗျာ။ ဒီမှာ ဒါနောက်ဆုံး မော်ဒယ်လ်ဗျ။ Refill နှစ်ခုပါ အဆစ်ဝယ်လာတယ်ဗျို့” ဟု BIC ဘောလ်ပင်ကိုင်သည့် ဘာမှမသိသော ကျွန် တော်တို့ကိုလွှဲချတာ ခံခဲ့ရဘူးသည်။ ကျွန်တော်တို့ရှေ့မှာ ကျက်သရေတုံးတဲ့လူတွေ ဘာတွေဆိုသည့်စကားကို မပြောခဲ့လေ သယောင်ယောင်။

ဟိုဟာလေး လိုချင်။ ဒီဟာလေး လိုချင်။ ဒါလေးရှိရင် အဆင်ပြေမှာဆိုသည့် လိုချင်လွန်းသည့်လူများကို ကျွန်တော်တို့ စိတ် သဘော မကျနိုင်ကြ။ လိုချင်တပ်မက်မှုတွေရဲ့ နောက်မှာ ကြိုစားအားထုတ်မှုတွေ ပါလာရပြီ။ လောဘတက်ရပြီ။ ကောင်း သောလောဘ ရှိသည်။ မကောင်းသောလောဘ ရှိသည်။ ထိုလောဘတွေကြောင့် တိုင်းပြည်ပစ္စည်းကို ကိုယ့်မိသားစု ပစ္စည်း လို ခိုးကြသည်။ ၀ှက်ကြသည်။ ဘုံးကြသည်။ ခိုးရ၊ ၀ှက်ရ၊ ဖွက်လို့ရသည့်နေရာ၊ အာဏာကို မက်မောကြသည်။ ငွေနောက် လိုက်ရင်း ကျွန်တော်တို့ မောကြရသည်။ တိုင်းပြည်မျက်နှာလည်း မကြည့်နိုင်အား။ အရှက်သိက္ခာဆိုတာ ဘာလဲဟင်လို့ ပြန်မေးယူရလောက်အောင် ဖြစ်နေကြရသည်။

အခု ဒေါ်စုက မော်လမြိုင်ခရီးစဉ်မှာ လူငယ်တွေ ငွေနောက်လိုက်လွန်းကြတယ်လို့ သတိပေးသွားသည်။ အခြားလူတွေ ဆင်းရဲလို့ ဆီဆမ်း ဆားဖြူးစားနေချိန်မှာ ကိုယ်က ကြက်ပေါင်ကြီးကိုက်စားနေတာ ကောင်းသလား၊ မကောင်းသလား မေး ခွန်းထုတ်သည်။ အများကောင်းကျိုးလိုလားသူဆိုတာ အလိုလောဘကြီးသူတွေက မွေးဖွားလာသောသူများ မဟုတ်တာ တော့ သေချာသည်။ တိုင်းပြည်ကြီး ဆင်းရဲကြပ်တည်းနေချိန်မှာ ဘုရားအထူးခံ၊ လေအေးပေးစက်အခန်းထဲကနေ လာဘ် လာဘမျှော်ကိုးနေသူများ အခုအချိန်ထိ ရိုက်သတ်လို့ ကုန်နိုင်ဖွယ် မရှိ။

အခု ဒီစာလေးရေးနေစဉ်မှာ ကျွန်တော့်ကွန်ပြူတာလေး ဟောင်းနွမ်းနေတာ သတိထားမိပြန်သည်။ ကျွန်တော့်လက်ထဲ ဒီစက်လေးရောက်နေတာ ငါးနှစ်ပြည့်ပေတော့မည်။ လက်ကွက်တွေက လက်ဆီဝပြီး ပြောင်တောင်နေပေပြီ။ ကွန်ပြူတာ လေး လဲအုံးမှပါ။ တယ်လီဖုန်းနဲ့ ကွန်ပြူတာ ဘယ်ဟာကို အရင်လဲမလဲ။ ဖိနပ်နဲ့ ကျောပိုးအိတ် ဘယ်ဟာကို အရင်ဝယ်မလဲ။ ဒေါ်စုပြောသလို ကျွန်တော်လဲ ငွေနောက်လိုက်နေပြန်ပြီလား မသိ။ သို့သော် ကျွန်တော့်လောဘတွေက ကိုယ်တယောက် တည်း ကြက်ပေါင်ကိုက်ချင်သော စိတ်အစုတ်အပြဲ မဟုတ်ကြောင်းကိုတော့ လူထုခေါင်းဆောင်ကြီးကို အာမခံလိုသည်။ ကျွန်တော့် ပညာ၊ အသက်မွေးဝမ်းကျောင်း၊ ရေခြား မြေခြားမှာ မျက်နှာအငယ်ခံပြီး အလုပ်လုပ်ရာက ရလာတဲ့ငွေတွေနဲ့ လောဘတက်ပါရစေ မေစုရာလို့ ကျွန်တော် စောဒကတက်ရင် သူကျေနပ်နိုင်မည် ထင်ပါသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်