ဖိုးထက် – ဟစ်တလာကို မေတ္တာပို့ရလေသည်

May 21, 2015

ဖိုးထက် – ဟစ်တလာကို မေတ္တာပို့ရလေသည်
(မိုးမခ) မေ ၂၂၊ ၂၀၁၅

လောကကြီးတွင် အဖိုရှိလျှင် အမရှိသည်။ လျှပ်စစ်သော်မှ အဖိုဓာတ်၊ အမဓာတ်ဆိုပြီး ခွဲခြားပြီး ရှိသေးသည်ဘဲ။ ပြီးတော့ အဖိုဓာတ် အဖိုဓာတ် အချင်းချင်းဆို တွန်းလေ၏။ ထို့အတူ ကိုသောင်းမြင့်ဆိုသော အဖို လူသတ္တ၀ါကြီးနှင့် မသူဇာဟူသော အမ လူသတ္တ၀ါနှစ်ယောက်သည် ဆန့်ကျင်ဘက် ဓာတ်သဘောအရ ဆွဲငင်ကြပြီးလျှင် အကြင်လင်မယားအဖြစ်သို့ ရောက်ရှိ သည်မှာ လူသတ္တ၀ါ အမလေးတကောင် ကျပြီးဖြစ်လေ၏။

လူအဖိုနှင့် လူအမ ပေါင်းဖက်ဖို့ ကြိမ်နှုန်း တူစရာမလို။ တနည်း.. ကဗျာဆန်ဆန်ပြောရလျှင် ရင်ခုန်သံစည်းချက်ထပ်တူ ကျ ချင်မှ ကျနိုင်သည်။ ယခုလည်း ကိုသောင်းမြင့်နှင့်မသူဇာတို့စုံတွဲသည် အဖိုသဘော၊ အမသဘောအရ ပေါင်းစည်း စုံဖက် ကြသော်လည်း ရင်ခုန်သံ ထပ်တူမကျသည်က များသည်။ အဘယ်အရာတွေမှာ ဒီစုံတွဲ ရင်ခုန်သံ ကြိမ်နှုန်းမတူ၊ မညီ ရှိရ သနည်းဟုဆိုသော် …

ကိုသောင်းမြင့်ရော မသူဇာပါ စာဖတ်ဝါသနာပါကြသည်။ သာမန်ထက်ပိုသော ၀ါသနာ။ စာအုပ်အကောင်းတွေကို လင်ရော၊ မယားရော တက်ညီ လက်ညီ ၀ယ်စုကြသည်။ တယောက်က စာအုပ်ကောင်းတအုပ်တွေ့လျှင် ကျန်တယောက်ကို လက် တို့၏။ သို့သော် စာဖတ်ပုံချင်း မတူညီကြ။ ကိုသောင်းမြင့်က စာအုပ်ကို အိမ်သာသွားခါနီး နောက်က ကြွေးရှင် ကျားစီးလိုက် လာသလို တက်သုတ်ရိုက်ဖတ်သည်။ မသူဇာက စာကို တကြောင်းချင်း အေးအေးလူလူ စဉ်းစဉ်းစားစား ဖတ်သည်။  သူ ကြိုက်သည့်စာအုပ်ဆိုလျှင် စိမ်ပြေ နပြေ အချိန်ယူပြီးဖတ်သည်။ ကိုသောင်းမြင့်ကတော့ စာတမျက်နှာဖတ်လိုက် သူ့ရဲ့ ဆို ရှယ်နက်ဝပ်ခ် တက်ကြည့်လိုက်။ ဘယ်သူတွေ ဘာပြောထားသလဲ ကြည့်လိုက်။ နောက်ထပ် တမျက်နှာ ထပ်ဖတ်လိုက်။

သူက ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ကလေးပုခက်လွှဲရင်း စာဖတ်၊ စာရေးလုပ်နိုင်သည့် ပါရမီရှိသူလည်း မဟုတ်။ ဒီ တော့ စာအုပ်တအုပ်ဖတ်ပြီးတာခြင်းတူကြသော်လည်း မသူဇာနှင့် အနှစ်သာရချင်း ကွာခြားလေသည်။ မသူဇာက ကို သောင်းမြင့်၏ စာဖတ်အကျင့်ဆိုးကြီးကို ကောင်းကောင်းမွန်မွန် ထောက်ပြဝေဖန်သော်လည်း မရ။ ကြာတော့ မသူဇာက စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ရက်စက်သော တိတ်ဆိတ်ခြင်းကိုဖန်တီးကာ ဘာမှမပြောတော့။ မဝေဖန်တော့။ သူ့ဘာသာ သူကြိုက်သလို ဖတ်ချင်သလို ဖတ်မှာပေါ့ဟု ပေလျကံ ပြုလိုက်တော့သည်။

တမြန်မနေ့က မသူဇာ မြို့ထဲဘက်ထွက်ရင်း စာအုပ်ဆိုင်တွေဘက် လှည့်ဝင်ခဲ့သည်။ ပြန်လာတော့ စာအုပ်တချို့ပါလာသည်။ ထိုအထဲက ဆရာဟိန်းလတ်ဘာသာပြန်သည့် “ကျွန်မ မာလာလာ” ဆိုသည့်စာအုပ် ပါလာလေသည်။ ကိုသောင်းမြင့်က ထိုစာအုပ်ကို ကောက်ကိုင်ကြည့်ပြီး “အေးကွ ဒီစာအုပ်မဖတ်ရသေးဘူး။ ဆရာဟိန်းလတ် ဘာသာပြန်တာဆိုတော့ ကောင်း မှာကွ။ မင်းအရင်ဖတ်မလား။ ငါ အရင်ဖတ်ရမလား” ဟု မေးသည်။ မသူဇာက “ရှင့်သဘော” တဲ့။

ကိုသောင်းမြင့် “ကျွန်မ မာလာလာ” ကို စဖတ်တော့သည်။ တယ်လီဖုန်းလေး ပွတ်လိုက်၊ စာအုပ်လေးဖတ်လိုက်၊ လ္ဘက်ရည် ဆိုင်ထွက်သွားလိုက် လုပ်ရင်းဖတ်တာ သုံးရက်အတွင်း ပြီးသည်။ မသူဇာကတော့ အိပ်ချိန်ထဲက အချိန်ခိုး၊ အပို အလုပ်တွေ ကို လျှော့၊ ထမင်းဟင်း အပြင်က၀ယ်စေပြီး စာအုပ်ကို စူးစူးစိုက်စိုက်ဖတ်တာကိုဘဲ တပါတ်နီးပါးကြာသည်။ တကယ်ဆိုရင် သူတို့စုံတွဲက စာတအုပ် ဖတ်ပြီးကြလျှင် ဆွေးနွေးကြစမြဲ။ အခု ဒီစာအုပ်ကြတော့ လူမှုရေး ကိစ္စတွေရော၊ သူတို့သမီးလေး နေမကောင်းဖြစ်တာကြောင့်ရော အဲဒီဘက် မြှားဦးမလှည့်နိုင်သေး။

တညနေခင်းဘက် သူတို့၏ တဦးတည်းသောသမီးလေးကို မသူဇာ၏ အဖေနှင့်အမေက “ငါတို့မြေးလေး သတိရတယ်၊ လာ ပို့စမ်း၊ ဒီမှာ တညလောက်အိပ်ပစေ” ဟု အမိန့်ပေးသောကြောင့် လင်မယားနှစ်ယောက် ကုပ်ချောင်းချောင်းဖြင့် သွားပို့ပြီး သမီးရည်းစားဘ၀ကို သူငယ်ပြန်ကာ လမ်းလျှောက်ထွက်ကြသည်။ “ကျွန်မ မာလာလာ” စာအုပ်အကြောင်း အလိုလို ရောက်သွားပြီး ဆွေးနွေးဖြစ်ကြသည်။ ကိုသောင်းမြင့်က မွတ်ဆလင်မလေးတွေ ဘော်လီ၊ ဘရာစီယာ မ၀တ်ရဘူးတဲ့ကွ ဆိုပြီး Highlight လုပ်မိသောကြောင့် ဗိုက်ကြောဆွဲလိမ်တာ ခံလိုက်ရသေးသည်။ ပြီးတော့ “သူတို့ ဘာသာတရားက အရမ်းကြီးတင်းကြပ်လွန်းတယ်ကွာ။ ဒါကြောင့် တာလီဘန်တွေက ပါကစ္စတန် ပြည်သူလူထုကို စည်းရုံးလို့ လွယ်လွယ်လေး ရတာပေါ့” လို့ မှတ်ချက်ချသည်။ မသူဇာက လက်မခံ။ “ဘာသာတရားနဲ့ မဆိုင်ကြောင်း။ ဘာသာတရားတိုင်းဟာ သူ့ဟာနဲ့ သူ အနည်းအများတော့ လူတွေရဲ့ ဘ၀လမ်းကြောင်းမှာ ပိုမိုအဓိပ္ပါယ်ပြည့်ဝအောင် ကူညီနိုင်ကြကြောင်း။ ပါကစ္စတန် ပြည် သူလူထုတချို့ကို တာလီဘန်တွေက စည်းရုံးလို့ရတယ်ဆိုတာ ဆင်းရဲနွမ်းပါးပြီး ပညာနည်းကြလို့ဖြစ်ကြောင်း။ ဘယ်တိုင်း ပြည်မှာမဆို တိုင်းသူပြည်သားတွေ ပညာရေးနိမ့်ပါးလာပြီဆိုရင် လူယုတ်မာတွေက ဘာသာတရားကိုခေါင်းစဉ်တပ်ပြီး ဘာ သာရေး မှိုင်းတိုက်ကြကြောင်း” ပြန်ပြောတော့ ကိုသောင်းမြင့်က “တိုးတိုးလုပ်ပါကွ။ မင်းဟာ မဘသဘုန်းကြီးတွေကြားရင် အရိုက်ခံနေရပါအုံးမယ်” ဟု သတိပေးယူရသည်။

အိမ်ပြန်ရောက်တော့ ကိုသောင်းမြင့်နှင့် မသူဇာတို့လင်မယားနှစ်ယောက် ကလေးဗာရီဟကိစ္စ မများတော့သောကြောင့် ည နေစာကို အေးအေးလူလူ စားကြသည်။ ပြီးတော့ ကိုသောင်းမြင့်ပေါင်ကို မသူဇာက ခေါင်းအုံးအိပ်ကာ ဖတ်လက်စ စာအုပ် ဖြစ်သည့် ဆရာသိန်းဖေမြင့်ရေးသော “သပိတ်မှောက်ကျောင်းသား” ၀တ္ထုကို ဆက်ဖတ်သည်။ ကိုသောင်းမြင့်ကတော့ ထုံး စံအတိုင်း သူ့တယ်လီဖုန်းလေးကိုပွတ်ကာ ဆိုရှယ်နက်ဝပ်ခ်ဖြင့် အချိန်ဖြုန်းနေကြသည်။ တချက် တချက် အိမ်မြှောင်စုတ် ထိုးသံကလွဲပြီး တအိမ်လုံး ဘာသံမှမကြားရ။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်ကာ ရှိနေလေသည်။

တအောင့်ကြာတော့ ကိုသောင်းမြင့်က “မသူ ဒီမှာသတင်းတွေတက်နေတယ်ကွ။ လှေစီးဒုက္ခသည်တွေ သတင်းတွေ အများ ကြီးဘဲ။ သူတို့ကို ဘယ်နိုင်ငံမှလက်မခံနိုင်ဘူးကွ။ ဒီလူတွေကလဲ ခက်ပါတယ်ကွာ။ အကုန်လုံး လှေမှောက်ပြီး မာလကီး ယားသွားကြလဲ ကောင်းသား” ဟု တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်လေသည်။ မသူဇာက ကိုသောင်းမြင့်ပေါင်ပေါ်မှ သူ့ခေါင်းကို ထောင်ပြီး ထထိုင်လိုက်သည်။ ပြီးတော့ ..

“ကိုသောင်း ဘာပြောလိုက်တယ်”
“သြော်.. ဘယ်နိုင်ငံက ဘယ်သူတွေမှန်းမသိဘဲ ဒုက္ခများမယ့်သူတွေ အကုန်သေကုန်လဲ အေးတာဘဲမဟုတ်ဘူးလားလို့ ပြောတာပါကွာ”

“ကိုသောင်း ရှင့်နှယ် အကုသိုလ်ကြီးလိုက်တာတော်။ ဘင်္ဂလီတွေ၊ ရိုဟင်ဂျာတွေ အကုန်ဘေးချိတ်အုံး။ သူတို့ဘာသာ ဘယ် ကလာလာ။ ဘယ်သူဖြစ်ဖြစ်။ လူဟာ လူဘဲတော့။ ဘယ့်နှယ့် သေပါစေဆိုတဲ့စိတ်ကြီး ထားရတာတုံး”
“ဟ မသူနှယ် မင်းက လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီတွေနဲ့ လာမပြောနဲ့လေ။ ကိုင်းပြော.. မင်း ဒီလူတွေကို ငါတို့နိုင်ငံမှာ လက်ခံသင့်တယ်လို့ ထင်သလား”

“ကျွန်မက လက်ခံတယ်၊ လက်မခံတဲ့ကိစ္စပြောနေတာ မဟုတ်ဘူး။ ကိုင်း .. ထားပါ။ မြန်မာပြည်ကထွက်လာတယ်လို့ အ ထောက်အထားပြနိုင်ရင် ရှင်ဖင်ပိတ်ငြင်းနေလို့ ရမလား။ ဒီရိုဟင်ဂျာကိစ္စက အစိုးရအဆက်ဆက် နယ်စပ်ကို သေသေချာချာ မစောင့်မရှောက်နိုင်လို့ ဖြစ်နေရတဲ့ကိစ္စ။ အရင်ကတော့ ဒီလူတွေကို မဲရဖို့အတွက် အသုံးချပြီးမှ အခုကျမှ မသိဘူး။ မရှိဘူး ပြောလဲ အပိုဘဲပေါ့ တော်။ ကိုယ်မွှေးတဲ့မီး ကိုယ်မငြိမ်းနိုင်ရင် ပိုကြီးမလာအောင် လုပ်ကြရမှာဘဲ။ သူ့ဘာသာ ရိုဟင်ဂျာဖြစ်ဖြစ်၊ ဘင်္ဂါလီဖြစ်ဖြစ် လူတွေကို သေစေချင်တဲ့စိတ်၊ သတ်ပြစ်ချင်တဲ့စိတ်ဟာ ဘယ်ဒီမိုကရေစီ၊ ဘာစနစ်နဲ့မှ မပြောနဲ့အုံး။ ဖြစ်ကို မဖြစ်သင့်တဲ့ကိစ္စ။ ကိုင်း ကျွန်မပြောတာ ဟုတ်လား၊ မဟုတ်လား”

ဖင်ပိတ်ငြင်းသောသူများ ချက်ကျ လက်ကျ ပြန်ထောက်၊ ပြန်ပက်သောသူများနှင့်တွေ့သောအခါ အတိတ်မေ့သလိုလို၊ ရွှေ ပျောက်သလိုလို ဖြစ်တတ်ကြသည့်သဘာဝအရ ကိုသောင်းမြင့်ခမျာမှာလည်း ခွေး အ အ ကြီး လှည်းနင်းသလို အင်း … အို… ဟိုနှင့် ဖြစ်နေတော့သည်။ တကယ်ဆို ပြဿနာက ဒီမှာတင်ပြီးလေသည်။ မသူဇာကလဲ ဇွတ်အတင်း သူ့ကို ဟုတ် တယ်၊ မဟုတ်ဘူး ချောင်ပိတ်ရိုက်နေတာလည်း မဟုတ်။ သူ့ဘာသာ ဆရာသိန်းဖေမြင့်နှင့် နှစ်ပါးပြန်သွားဖို့ စနေပြီဖြစ်သည်။ ခက်တာက ကိုသောင်းမြင့်။ မိန်းမတွေ စေဒကတက်ပြီဆိုလျှင် ဘယ်ယောင်္ကျားမှ မကြိုက်တတ်သော မြန်မာယောင်္ကျားကြီး ကိုသောင်းမြင့်က တိုက်ပွဲခေါ်သံ ထပ်ပြုပြန်လေသည်။

“ကိုင်း ဒါဆို မင်းညီမ ရိုဟင်ဂျာ မွတ်ဆလင်နဲ့လိုက်ပြေးမယ်ဆိုရင် မင်းကကြိုက်တယ်ပေါ့လေ ဟဲ ဟဲ ဟဲ” ဟု ရန်စလိုက်သည်။ မသူဇာက ငေါက်ခနဲ့ ထထိုင်ပြန်၏။ စာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး …
“ဒီမှာ ကိုသောင်းမြင့် မဆိုင်တာ မရမ်းနဲ့။ ကျွန်မညီမကို ဘယ်ရိုဟင်ဂျာနဲ့မှ သဘောမတူဘူး။ ဟုတ်တယ်။ ဒီလိုပြောလို့ ကျွန်မကို လူတန်းစားခွဲခြားတယ်လို့ ထင်ရင်လည်း ကျွန်မခံမယ်။ ကျွန်မစိတ်ထဲမှာရှိတာ အရိုးသားဆုံး ဖြေတာဘဲ။ ရိုဟင်ဂျာဟာ ရိုဟင်ဂျာဘဲ။ မွတ်ဆလင်ဟာ မွတ်ဆလင်ဘဲ။ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာတွေ လာမပြောနဲ့။ လူကောင်းနဲ့ လူဆိုးဘဲ ရှိတယ်။ ကောင်းတဲ့သူဟာ ကောင်းတာဘဲ။ မဆိုင်တဲ့အကြောင်းအရာနှစ်ခုကို ဇွတ်ရော၊ အမျိုး ဘာသာသာသနာလို့ပြောပြီး နိုင်ငံရေးကိုရှုပ်ထွေးအောင်လုပ်ချင်တဲ့ ရှင့်လူတွေလို လာမလုပ်နဲ့။ ကျွန်မပြောတာ ရှင်းရှင်း လေ။ လူဟာ လူဘဲ။ ပြဿနာဟာ ရိုဟင်ဂျာမဟုတ်ဘူး။ မြန်မာနိုင်ငံကလာတာ၊ မလာတာ ပြောနေတာမဟုတ်ဘူး။ ဒီ လှေ စီးဒုက္ခသည်ကိစ္စက မြန်မာတနိုင်ငံတည်းလည်း ရှင်းလို့ မရဘူး။ ဒီပြင် ဆက်စပ်ပတ်သက်တဲ့နိုင်ငံတွေအကုန်လုံး ပူးပေါင်း ဖြေရှင်းရမယ့်ကိစ္စ။ အခုတော့ ဟိုက သူ့ဟာမဟုတ်ဘူး။ ဒီက သူ့ဟာမဟုတ်ဘူးနဲ့ ပြဿနာကို ဖင်ပိတ်ငြင်းနေကြတာလေ။ ပြီးတော့ ရှင့်လို ပညာတတ်၊ ဗဟုသုတများတဲ့သူတွေ ကိုယ်တိုင်က အကုန်သေကုန်အေးရောဆိုတဲ့ အပေါက်မျိုးကတော့ ရှင် လူဖြစ်လို့ မဖြစ်ဘူး။ ဟဲ ဟဲ ဟဲ” ဟု ခပ်သွက်သွက်ကြီး ပြောချလိုက်လေသည်။

ကိုသောင်းမြင့်က လူမဖြစ်သင့်ဘူးဆိုတော့ ဘာဖြစ်သင့်သနည်း။ သူ့ကိုယ်သူ ပြန်စဉ်းစားနေတာနှင့် ခဏကြောင်သွားသည်။ ပြီးမှ “မသူဇာရယ် မင်းမလဲ တိုင်းပြည် ပျက်ချင်ပျက်။ လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ်ဆိုတဲ့ မင်းတို့ခေါင်းဆောင် ကြီးလေသံတွေ မလိုက်စမ်းပါနဲ့။ ကိုင်း မင်းသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာတုံး။ လုပ်စမ်းပါအုံး ဒီမိုကရေစီဘွားတော် နောက်လိုက်မကြီးရဲ့” ဟု အမေးရှိလေသည်။

အမေးနွားကျောင်းသား အဖြေဘုရားလောင်းဆိုသည့် စကားသည် ရိုးရှင်းသည့်မေးခွန်းကို ပညာကြီးရင့်သည့်အဖြေဖြင့် မလိုအပ်ဘဲ ဖြေဆိုနေတာကို ဆိုလိုခြင်းဖြစ်ဟန်တူသည်။ အခု ကိုသောင်းမြင့်က နွားကျောင်းသားလည်း မဟုတ်။ နွား ကျောင်းသားမေးခွန်းလို ရိုးရိုးရှင်းရှင်း ရှိတာလည်း မဟုတ်။ ရန်စသည့် မေးခွန်း။ ရန်စသည့်မေးခွန်းကို ရန်ထောင်သည့် အဖြေသာရမည်ဆိုတာ မြေကြီးကို လက်နှင့်ပုတ်တာမှ လွဲပေအုံးမည်။ အခုလည်း မသူဇာက….

“ကိုသောင်းမြင့် ကျွန်မကို ရိသဲ့သဲ့ လာမပြောနဲ့။ ရှင်ယောင်္ကျားကြီးဖြစ်ပြီး စကားပြောတာ ရိသဲ့သဲ့နဲ့။ ကျွန်မက သာမန်အိမ် ရှင်မ။ နိုင်ငံခေါင်းဆောင်လည်း မဟုတ်ဘူး။ အင်း…ဒါပေမယ့် ရှင့်မေးခွန်းကို ကျွန်မဖြေမယ်။ ကျွန်မသာဆိုရင် နောက်ထပ် ဘင်္ဂါလီပြဿနာတွေမဖြစ်ရအောင် နပ်စပ်ကို လုံခြုံအောင် သေသေချာချာ စောင့်ရမယ်။ ရှိပြီးသားလူတွေကို သေသေချာချာ စိစစ်ရမယ်။ နိုင်ငံသားပေးသင့်တယ်ဆိုရင် ပေးကို ပေးရမှာဘဲ။ မပေးချင်ဘူးဆိုရင်လည်း ဒီပြင်နည်းနဲ့ အသိအမှတ်တော့ ပြုကို ပြုရမယ်။ ပြီးတော့ အဲဒီလူတွေကို လှေစီးထွက်မပြေးနိုင်အောင် သေသေချာချာ စောင့်ရှောက်ရမယ်။ စောင့်ရှောက်ရ မယ်ဆိုလို့ ခွေးလို၊ ၀က်လို လှောင်အိမ်ထဲထည့်ထားရမယ်လို့ ပြောတာမဟုတ်ဘူး။ အိမ်ဦးခန်းမှာတင်ထားပြီး ထမင်းကျွေး ထားရမယ်လို့ ပြောတာလည်း မဟုတ်ဘူး။ ရသင့် ရထိုက်တဲ့ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှု ပေးကို ပေးရမယ်။ လူဦးရေ ထိန်းချုပ်သင့်တာ ထိန်းချုပ်ရမယ်။ ဒီလို ထိန်းချုပ်လို့ ဒီမိုကရေစီနဲ့မညီဘူးလို့ သူများတွေ ဝေဖန်ရင်လည်း ကိုယ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာကို ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ရမယ်။ ချပြနိုင်ရမယ်။ နယ်ခံတိုင်းရင်းသားတွေနဲ့ အဆင်ပြေလာအောင် အစိုးရအဆက်ဆက်က ဖန်တီးပြီး ရှင်းယူရမယ်။ ဒါ ကျွန်မအဖြေဘဲ။  ခေတ်အဆက်ဆက်က ဖြစ်လာ တဲ့ကိစ္စကြီးကို လူအချင်းချင်း သတ်ကြ၊ ဖြတ်ကြဟဲ့ဆိုပြီး ဘယ်လိုမှလွှတ်မထားသင့်တဲ့ကိစ္စ။ ချက်ချင်းလက်ငင်းကြီး ဘယ် လိုမှ ဖြေရှင်းလို့မရတဲ့ကိစ္စကြီး။ ရှင် အူတူတူ လုပ်မနေနဲ့။ တော်…တော် ကျွန်မ စာဖတ်ပျက်တယ်” ဟုဆိုကာ စကားစကို ဖြတ်ပြစ်လေတော့သည်။ ကိုသောင်းမြင့်ခမျာလဲ ဒီမိန်းမနဲ့ သူဆက်ပြီး ငြင်းနေသော်လည်း အကြောင်းမထူးသည့်အပြင် ထပါသတ်တော့မည်ဆိုတာ သိနေသောကြောင့် သဘောမတူသော်လည်း တိတ်ဆိတ်နေလိုက်သည်။

ည ၁၂ နာရီ ထိုးခါနီးတော့ မသူဇာ သမ်းဝေလာသည်။ အိပ်ချင်ပြီ။ “ကိုသောင်း အိပ်ကြစို့။ အိပ်ချင်လာပြီ။ ပြီးတော့ မနက်စောစော သမီးကိုသွားခေါ်ရအောင်။ လွမ်းတာတော် ကျွန်မသမီးလေးကို” ဟု ခေါ်သည်။ သတိပေးသည်။ ကိုသောင်း မြင့်နှင့် မသူဇာတို့လင်မယား အိပ်ပျော်သွားတာ ရှေ့ဆင့်နောက်ဆင့်။ မသူဇာ အိပ်မက် မက်၊ မမက်တော့ မသိ။ ကိုသောင်း မြင့်ကတော့ အိပ်မက်တွေ မက်သည်။ အိပ်မက်ထဲမှာ ဂျူးတွေကို ရက်ရက်စက်စက်သတ်ပစ်ခဲ့သော ဟစ်တာလာကြီးနှင့် သူ့အညာ ရွာဘက်မှာ ထန်းရေ အတူသောက်ကြသတဲ့။ ဟစ်တလာကြီးက ကိုသောင်းမြင့်ကို “ဒီမယ် မောင်သောင်းရဲ့ သတ်စရာရှိတာ သတ်ရမှာဘဲ။ သေစရာရှိတာ သေရမှာဘဲ။ ဟုတ်တယ်မို့လား။ ကိုင်း…ကိုင်း သောက် သောက် ..သောက် ဆို သောက်တာ မဟုတ်ဘူး။ ငါ နင့်ကို ဂျူးတွေနဲ့အတူတူ အဆိပ်ငွေ့ပေးသတ်လိုက်ရမလား ဟင် မသာကောင်” ဆိုပြီး ငေါက်သောကြောင့် ထန်းရေအိုးကို အမြန်မကာ သောက်လိုက်ရသည်။ ထန်းရေတွေ သီးကုန်သည်။ ချောင်းဆိုးသည်။ ထိုအချိန် မာလာလာက ကိုသောင်းမြင့် ဘာဖြစ်တာလဲလို့ မေးသည်တဲ့။ တကယ်တော့ မာလာလာမဟုတ်။ သူ့မိန်းမ မသူဇာ။ မသူဇာ ခပ်တိုက်သောရေတခွက်ကိုသောက်ပြီး ကိုသောင်းမြင့်တယောက် ဟစ်တလာကြီးကို မေတ္တာပို့ကာ ပြန် အိပ်ပျော်သွားလေပြန်တော့သည်။

ဖိုးထက် (အမျိုးဖျက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – ဟစ်တလာကို မေတ္တာပို့ရလေသည်

  1. မြင့်မောင် on May 22, 2015 at 8:48 am

    —တညနေခင်းဘက် သူတို့၏ တဦးတည်းသောသမီးလေးကို မသူဇာ၏ အဖေနှင့်အမေက “ငါတို့မြေးလေး သတိရတယ်၊ လာ ပို့စမ်း၊ ဒီမှာ တညလောက်အိပ်ပစေ” ဟု အမိန့်ပေးသောကြောင့် လင်မယားနှစ်ယောက် ကုပ်ချောင်းချောင်းဖြင့် သွားပို့ ပြီး… ဒီစာကြောင်းလေး ရေးတာ သဘောကျတယ်။ ရိုသေလေးစား ကြောက်ရွံ့ရတာကို ရေးသွားတာ လှတယ်ဗျို့။

    ဆရာဖိုးထက်ရယ် တစ်ခါတစ်လေလဲ ကိုသောင်းမြင့်သာပါစေအုံး။ မသူဇာကချည်း သူ့ကို တွယ်နေတော့တာဘဲ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်