ထက်မြက် – ဆရာဝန်နှင့် ကဗျာဆရာ (မိုး မ ခ ဘာ သာ ပြ န် ၀ တ္ထု တို)

June 5, 2015

 ထက်မြက် – ဆရာဝန်နှင့် ကဗျာဆရာ
(မိုး မ ခ ဘာ သာ ပြ န် ၀ တ္ထု တို)
(မိုးမခ) ဇွန် ၅၊ ၂၀၁၅

ဤချိန်းဆိုချက်မှာ ဖိုရိုအီတာ လီကိုရင်ပြင်ရှိ လေးမျက်နှာရှိသော ကျောက်တိုင်ရှိရာတွင် ချိန်းဆိုထား ခြင်းဖြစ်၏။ ထိုနေ့မတိုင်ခင်က မိုးရွာထားပါသည်။ မိုးရွာပြီးစကောင်းကင်မှာ ကြည်လင်ရှင်းသန့်နေ၏။ ပန်းချီကားသစ်တချပ်နှင့်တူနေပါသည်။ မီးခိုးရောင်ချည်မျှင်နှင့် သိုးမွှေးထည် ရောစပ်ထားသောအရောင်နှင့်တူသည့် တိမ်စိုင်များမှာ ကောင်းကင်ကို ခရမ်း ရောင်တိမ်များနှင့်အတူ အနားသပ်ထားလေသည်။ ထိုအချိန်တွင် အစိုင်အခဲလိုက်ဖြစ်လာသော တိမ်လိပ်များအား လေပြင်း က ကောင်းကင်တွင် ဖုံးလွှမ်းမနေအောင် တိုက်ခတ်သွားလေတော့သည်။ နေရောင်ကဖယ်ရှားသွားသော တိမ်စိုင်များ နောက်မှ နေပေါ်ထွက်လာလေသည်။ မွန်တီမာရီယို ရပ်ကွက်အပေါ်ဖုံးနေသောတိမ်များမှာလည်း လွှင့်စင်သွားကာ လေး ဖက်မြင် ကျောက်တိုင်ပေါ်တွင် ရွှေဝါရောင်နေရောင်ခြည်က ဖုံးအုပ်ထားလေသည်။ ဂျီယိုဗန်နီသည် သူ့ကားကို ကျောက် တိုင်အနီးတွင် ရပ်လိုက်၏။ လက်ကိုင်ဘရိတ်ကို ဆွဲလိုက်ပြီး ကားပေါ်ကဆင်းလိုက်သည်။ ထို့နောက် ကားအမိုးကို ဖွင့်ဖို့  သူစပြီး လှုပ်ရှားပါတော့သည်။ အပြင်တွင် ပူနေသည်ဆိုသော်လည်း ထိုသို့ပူနေပုံမျိုးမှာ မိုးကြိုးမုန်တိုင်းတခု ထပ်တိုက် လာနိုင်သည့်လက္ခဏာကို ပြနေ၏။ သူ့စိတ်ထဲတွင် ပျော်နေပါသည်။ ထက်သန်မှုဖြင့် သွေးခုန်နှုန်းမှာလည်း တဒိတ်ဒိတ် ဖြစ်နေ၏။ မကြာခင် သူချိန်းဆိုထားသော မိန်းမပျိုလေး ရောက်ရှိလာပေတော့မည်။ နောက် သူ့တို့နှစ်ယောက် လျှောက် လည်ကြမည်။ စိမ်းလန်းစိုပြေသော ကျေးလက်မြင်ကွင်းများကိုကြည့်ကာ ညနေစောင်း၍ မိုးချုပ်စပြုမှ အိမ်ပြန်လာကြပေ မည်။

အမိုးကို ဖွင့်ဖို့ကြိုးစားသော်လည်း မပွင့်သေးပါ။ တယောက်ယောက်အကူအညီရမှ ဖြစ်ပေမည်။ အမိုးကို ဖြုတ်လည်း ဖြုတ်၊ မလည်းမကာ အနောက်ဘက်ကို တွန်းတင်ရပေမည်။ သူတယောက်တည်း ရှေ့အမိုးချိတ်များကို မကာတင်နေသော် လည်း အချည်းအနှီးဖြစ်နေ၏။ ထိုသို့ဖြစ်နေချိန်တွင် လူတယောက်၏အသံကို ကြားလိုက်ရသည်။

“ကျွန်တော် အကူအညီပေးရ မလားဗျာ’’

နောက်ဖက်လှည့်ကြည့်လိုက်သောအခါ သူ့အရွယ်လောက်ပင်ရှိ သေးသော လူငယ်တယောက်ကို တွေ့ရ၏။ ပိန်ပိန်ပါးပါး၊  အသားညို ညို၊ မျက်နှာက ချောမောပြီး နူးညံ့ သိမ်မွေ့ပုံပေါ်သည်။ သူ့ကိုစိုက်ကြည့်နေ၏။ နက်မှောင်သော မျက်ခုံးနက် ကြီးများအောက်မှ သူ့မျက်လုံးများမှာ အရောင်တောက်နေ၏။ ထိုလူငယ်က ကားအမိုး၏ လက်ကိုင်တန်းများကို ဆုပ်ကိုင် လိုက်ပါသည်။ ဂျီယိုဗန်နီသည် သူမသိသော လူငယ်တယောက်၏အကူအညီဖြင့် ကားအမိုးကို တင်လိုက်နိုင်၏။ သူက လူငယ်ကို စီးကရက်ကမ်းပေးလိုက်သည်။ စီးကရက်ယူပြီးသည်နှင့် ထိုလူငယ်ထွက်သွားမည်ဟု သူကထင်နေ၏။ ထိုလူငယ် က စီးကရက်ကိုယူကာ မသွားသေးပဲ ပါးစပ်တွင်တပ်လိုက်သည်။ နောက် ဂျီယိုဗန်နီ၏လက်ကို ထိုလူငယ်က သူ့လက်နှစ် ဖက်ဖြင့် ဆွဲကိုင်ထားလိုက်သည်။ ထိုလူငယ်၏လက်များ တုန်ရီနေသည်ကို ဂျီယိုဗန်နီ သတိထားမိလေ၏။ ထို့နောက် သူ့လက်နှစ်ဖက်ကိုလွှတ်ကာ လက်တဖက်က ကားတံခါးကိုကိုင်၊ သူ့ကိုယ်လုံးက ကားကိုမှီ၍ မီးညှိထားသောစီးကရက်ကို ပါးစပ်တွင်တပ်ထားလိုက်၏။ အားရပါးရ ဖွာရှိုက်ကာ မီးခိုးများကို ပါးစပ်ထဲမှ ဖြေးဖြေးချင်းထုတ်နေသည်။ နှုတ်ခမ်းပေါ်မှ ဆေးအမှုန်များကို ထွေးထုတ်လိုက်ပြီးနောက် စီးကရက်ကို သူ့နှုတ်ခမ်းတွင် ပြန်တပ်လိုက်၏။ ဖြေးဖြေးချင်း ဖွာလေသည်။ နောက် ..

“တယ်သာယာတဲ့နေ့ပဲဗျာ။ ဟုတ်တယ်မဟုတ်လား’’

ထိုလူငယ်သည် စိတ်နှင့်ကိုယ် ကပ်မနေဘဲ တခုခု ခံစားနေရပုံရသည်ဟု ဂျီယိုဗန်နီက သတိထားမိ၏။ တချိန်တည်းတွင် သူ၏ အပျော်စိတ် ကလည်း လွှမ်းနေသောကြောင့် ထို လူငယ်ပြောသည်ကို ချက်ချင်းပြန်ဖြေ လိုက်ပါသည်။

“မှန်တာပေါ့ဗျာ။ အလွန်သာယာတဲ့ နေ့တနေ့ပါပဲ။ အခုလို လေသာတိုက်မနေဘူးဆိုရင် အသာယာဆုံးနေ့တနေ့ဖြစ်မှာ သေချာတာပေါ့’’ ဟု သူက ပြောလိုက်သည်။ လူငယ်က ခပ်လှမ်းလှမ်းသို့ ငေးစိုက်ကြည့် နေရင်းမှ …

“ဒီလိုနေ့မျိုးမှာ တောဘက်ကိုသွားလည်ရရင် ကောင်းမယ်လို့ ခင်ဗျားမထင်ဘူးလာဗျ’’ ဟု မေးလိုက်ပါသည်။

သူ့အသံမှာ နူးညံ့သိမ်မွေ့နေသည်။ သို့သော် ထိုနူးညံ့သိမ်မွေ့မှုကို ဝမ်းနည်းမှုက လွမ်းမိုးထားသလားဟု ထင်ရသည်။ စကားပြောနေ ရင်း တုန်ရီကာ တချက် တချက်တွင် ထစ်ငေါ့မှုလည်း ဖြစ်နေ၏။ စကားကို ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင် သည်ကိုက သူသည် ပျော်ရွင်ကြည်နူးမှုမရမှန်း သတိထားမိ၏။ ထိုသို့စကားပြောနေရင်း ဂျီယိုဗန်နီသည် ထိုလူငယ်ကို သဘောကျမိသည်။

ထို့ကြောင့် … “ဟုတ်တာပေါ့ ဒီလိုနေ့မျိုး တောဘက်ကိုသွားရရင် ကြည်နူးစရာကောင်းမှာပဲ’’ ဟု ဂျီယိုဗန်နီက ပြန်ပြော လိုက်သည်။

လူငယ်က ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း လက်ကြားညှပ်ထားသောစီးကရက်ကို ပါးစပ်တွင်တေ့ကာ ရှူသွင်းလိုက်၏။ ထိုအချိန်ကာလလေးအတွင်း နှစ်ယောက်တည်း ဘာမှမပြောပဲ တိတ်ဆိတ်နေကြသည်။ နောက် လူငယ်ကပင် …

“ဒီလို ရာသီဥတုသာယာတဲ့နေ့မျိုးတွေမှာ ကျွန်တော်ကတော့ မြို့ပြင်ထွက်ပြီး လည်ချင်တယ်။ လယ်ကွင်းထဲသွားမယ်။ ပြောင်း ခင်းထဲမှာလှဲအိပ်လိုက်ချင်တယ်။ ပြောင်းပင် ရှည်ကြီးတွေအောက်၊ ပြောင်းရိုးတွေကြား လှဲအိပ်ရတာ အလွန်ကြည်နူး စရာကောင်းမှာပဲ။ အစိမ်းရောင် ပြောင်းရွက်တွေကြား မြေကြီးပေါ် ကြွေကျနေတဲ့ ပြောင်းပင်တွေပေါ်မှာ လှဲအိပ်ရတာ ဘယ် လောက်ပျော်စရာကောင်းမလဲဆိုတာ ခင်ဗျားစဉ်းစားကြည့်စမ်းပါ။ ထိုးထိုးထောင်ထောင် ပြောင်းရွက်တွေက ဘေးမှာ နံရံ တွေလိုကာထားပြီး ကောင်းကင်ပြာကြီးက အမိုးလိုအုပ်ထားတယ်လေ။ ပြောင်းရွက်တွေကိုကိုက်ဆွဲပြီး တစစီလုပ် ပစ်လိုက် လို့တောင် ရသေးတယ်။ ပြောင်းရိုးတွေကိုကိုက်ပစ်လိုက်ရင် နို့နဲ့တူတဲ့ အရည်ကြည်တွေကိုတောင် သောက်လို့ရတယ်။ စိမ့်ပြီးချိုတဲ့အရသာကို ခင်ဗျားခံစားရလိမ့်မယ်။ အဲဒီလိုသာယာလှပတဲ့နေ့မျိုးကို ခင်ဗျား မတွေးမိဘူးလား။ မစဉ်းစားမိဘူး လား’’

လူငယ်သည် စကားပြောကောင်းပြီး သူ့စိတ်ထဲမှ စိတ်ကူးပုံရိပ်ကို ကောင်းကောင်းပြောနိုင်စွမ်းရှိသူဟု ဂျီယိုဗန်နီ တွေးနေမိ သည်။ အဖြစ်အပျက်လေးတခုကိုပင် ကောင်းကောင်းတွေးကာ ကောင်းကောင်းပြောနိုင်၏။ သူ့လောက် စိတ်ကူးကောင်းပြီး သူ့လိုစကားပြောကောင်းလိမ့်မည်မဟုတ်ဟုလည်း တွေးနေမိသည်။ သူ့ရင်ထဲမှခံစားချက်ကို ရိုးရိုးလေးပြောနေခြင်းဖြစ်၏။ ဂျီယိုဗန်နီက ထိုလူငယ်ကို ..

“အဲဒီလို သာယာတဲ့နေ့အကြောင်းကို ခင်ဗျား ကောင်းကောင်းတွေးနေမိတယ်ဆိုရင် ဘာကြောင့် ခင်ဗျား အဲဒီတောဘက်ကို သွားမ လည်ရတာလဲ’’ ဟု မေးလိုက်လေသည်။

ထိုအခါ လူငယ်သည် လက်ထဲမှစီးကရက်ကို ဖွာလိုက်ကာ ….
“ကျွန်တော်သိပ်သွားချင်တာပေါ့ဗျာ’’
“ဒီလိုသွားချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ထပ်ပြီးပြောဦးမယ်။ ဘာကြောင့် ခင်ဗျားမသွားနိုင်ရမှာလဲ’’

“တယောက်ထဲ မသွားချင်လို့ပေါ့’’

ဂျီယိုဗန်နီက ထိုလူငယ်ကို တရင်းတနှီးဖြင့် …
“တယောက်တည်း မသွားချင်ရင် နှစ်ယောက်သွားပေါ့ဗျ။ ခင်ဗျား အမျိုးသမီးတယောက်ကို အဖော်အဖြစ်နဲ့ ရှာလေ။ ခင်ဗျား အဲဒီလိုမရှာနိုင်ဘူးလား’’

လူငယ်သည် ထိုမေးခွန်းအပေါ် ဖြေလိုစိတ်လည်းမရှိ။ ဘာမှလည်း ပြန်မပြောပဲ၊ လက်လှုပ်ခေါင်းခါ လုပ်ပြလိုက်သည်။ ဂျီယို ဗန်နီက  …
“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ  … ခင်ဗျားလည်း အဲ့ဒီလိုအဖော်ရအောင်ရှာပေါ့။ ကျွန်တော်ဆိုရင် ဒီညနေမှာ မိန်းကလေးတ ယောက်နဲ့ ချိန်းထားတယ်’’ ဟုပြောလိုက်ရင် ကောင်းမလားဟုပင် တွေးနေ၏။ မကြာခင် သူ့အမျိုးသမီးနှင့် ချိန်းဆိုထားသည့် အကြောင်း ထိုလူငယ်သိအောင်ပြောပြလိုက်ချင်သည်။ သို့သော် မလိုအပ်ဟု သူက ပန်တွေးလိုက်ပြန်သည်။ သူတို့ချိန်းဆို ထားသည့်အကြောင်းကို လျှို့ဝှက်ထားရသည်ကပင် ကြည်နူးမှုတခု ဖြစ်နေပါသည်။

ထိုအချိန်တွင် လူငယ်က ရုတ်တရက် သူ့ဘက်သို့ မမျှော်လင့်ပဲလှည့်လိုက်ကာ ကားတံခါးကိုဆုပ်ကိုင်ထား၏။ ဂျီယိုဗန်နီ ကိုလည်း သူ ၏ စူးရှသောမျက်လုံးများဖြင့် စိုက် ကြည့်နေသည်။  ဂျီယိုဗန်နီမှာ  လန့်သွားကာ …

“ဘာဖြစ်လို့လဲ၊ ဘာကြောင့် ခင်ဗျား ကျွန်တော့်ကို စိုက်ကြည့်နေတာလဲ’’ ဟု မေးလိုက်ပါသည်။

ဂျီယိုဗန်နီသတိထားမိသည်မှာ ထိုလူငယ်သည် ရုတ်တရက် စိတ်လှုပ်ရှားသွားပုံရ၏။ထို့ကြောင့် မထင်မှတ်ပဲ စိတ်လိုလက်ရ လုပ်လိုက်ခြင်း ဖြစ်လေသည်။

“စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်က တခါတရံ အဲ့ဒီလို စိတ်လိုလက်ရဖြစ်တတ်လို့ပါ။ ဘာရည်ရွယ်ချက်မှမရှိပဲ တဖက်လူကို အဲ့ဒီ လို စိုက်ကြည့်တတ်တယ်။ တောင်းပန်ပါတယ်ဗျာ။ စိတ်မရှိပါနဲ့’’
“အို ကိစ္စမရှိပါဘူး။ ကျွန်တော်က ဘာဖြစ်သွားလဲလို့ သိချင်တာပါ။ ကျွန်တော့်ကို စူးစူးဝါးဝါးကြည့်လိုက်တော့ ကျွန်တော့် ပေမှာ ဘယ်လိုခံစားသွားလဲလို့ သိချင်တာပါ’’

လူငယ်သည် ဘာမှမပြောပေ။ ဂျီယိုဗန်နီသည် ကားဒတ်ရှ်ဘုတ်ပေါ်မှနာရီကို ကြည့်လိုက်၏။ သူချိန်းထား သောမိန်းကလေးမှာ ယခုအချိန် ရောက်သင့်နေပေပြီ။ သို့သော် သူ့မိန်းကလေးလာမည်ကို ဘယ်သူမှ မသိစေချင်ပေ။ ထို့ကြောင့် လူငယ်ကို သူက …

“ခင်ဗျားက ကျောင်းသားလား’’
“ဟုတ်ပါတယ်’’

“ဘယ်ဘာသာလဲဗျာ’’
“စာပေပါ’’

“ကျွန်တော်က ဆေး’’
ထိုအခါ လူငယ်က တအောင့်လောက်စဉ်းစားပြီး …
“ကျွန်တော်တို့ ဘာသာနှစ်ခုစလုံးက ဆန့်ကျင်ဖက်ပဲနော်’’ ဟု ပြန်ဖြေလိုက်သည်။
“ခင်ဗျား ဘာကြောင့် စာပေကိုယူသလဲဆိုတာ ကျွန်တော်သတိထားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ တောရွာသဘာဝ အကြောင်း ခင်ဗျား ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောနေကတည်းကကို ကျွန်တော် သတိထားမိတာပေါ့’’
“အဲဒီလိုပြောတာနဲ့ ဘာကြောင့် သတိထားမိတာလဲ’’

“သေသေချာချာတော့ မသိဘူးဗျာ။ ကျွန်တော့်စိတ်ထဲခံစားလိုက်ရတာပါ။ ခင်ဗျားပုံစံရော၊ ခင်ဗျားအပြောအဆိုရော ကဗျာ ဆန်လွန်းတယ်လို့ ပြောရမယ်’’

ဂျီယိုဗန်နီသည် သူ့အထင်ကို အတိအကျမပြောနိုင်သော်လည်း ထိုလူငယ်ကိုထိုသို့ပြောဆိုလိုက်ရသည့်အတွက် လိပ်ပြာ မလုံ ဖြစ်နေပါတော့သည်။

“ကျွန်တော်က ကဗျာလေး ဘာလေးလည်း ရေးတယ်’’ ဟု လူ ငယ်က ခပ်အေးအေးပင် ဖြေလိုက်လေသည်။

“ကျွန်တော်လည်း ကဗျာကိုချစ်ပါတယ်။ တခါတလေ ကဗျာတွေလည်း ဖတ်ပါတယ်။ အခု မဂ္ဂဇင်းတွေ မှာပါနေတဲ့ကဗျာတွေကို ဖတ်လေ့ရှိတယ်။ အမြဲတမ်းဖတ်ဖို့တော့ အချိန်မရှိဘူးဗျ။ အထူးသဖြင့် စားမေးပွဲနီး လာတဲ့ရက်တွေဆိုရင် အပြင်စာ မ ဖတ်ဖြစ်တော့ဘူး’’ ဟု ဂျီယိုဗန်နီက စကားနဲ ရန်စဲဖြစ်အောင် ပြေပြေလည်လည် ပြောလိုက်ပါသည်။ သူက ထိုသို့ပြောရင်း သူသိသည့်ကဗျာ ဆရာနှစ်ယောက် သုံးယောက်၏ နာမည်များကိုပါ စကားထဲထည့်ပြော၏။ လူငယ်သည် တအောင့်လောက် ကြာအောင်ဘာမှပြန်မပြောပဲ နောက်မှ  စကားကို တလုံးချင်းပြေ၏။ သူ့အသံထဲတွင် ကြေကွဲနေသလိုလို၊ စပ်စုနေသလိုလို လေသံမျိုးလည်း ပါနေ၏။

“ခင်ဗျားက ကဗျာကို သိပ်ပြီးသဘောကျသလားဗျာ’’
“ဟုတ်ကဲ့၊ သဘောကျချင်လည်း ကျလိမ့်မယ်ထင်တယ်။ အသေအချာတော့ နားမလည်ပါဘူးဗျာ။ ဒါပေမယ့် တချို့ကဗျာ ဆရာတွေတော့ သဘောကျတယ်။ ဘဝရဲ့ ခံစားမှု၊ ဘဝရဲ့အတွေးကိုသူတို့ကဗျာတွေထဲကနေ ပေးတယ်လို့ထင်တယ်။ ကဗျာတွေထဲကနေ ဘဝခံစားမှုတွေ ပါလာတာပေါ့’’

ဂျီယိုဗန်နီက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောပြနေပါသည်။ နောက် ဆက်မပြောတော့ပဲ တိတ်သွားပြန်၏။ သူက သူ့ရှေ့မှ လူငယ် ကို မကြည်မသာဖြင့် လှမ်းကြည့်လိုက်သည်။ ထိုလူငယ်က သူ့ကို သနားသောအကြည့်ဖြင့် ကြည့်နေသည်။ ဂျီယိုဗန်နီမှာ လိပ်ပြာမလုံသလို ဖြစ်နေ၏။ ကြောက်လန့်သလိုလည်း ခံစားနေရလေသည်။ သူပြောခဲ့သောစကားများနှင့် သူ့သဘောထား များမှာ ရယ်စရာဖြစ်နေမလားဟု တွေးနေမိပါသည်။

“အခုခေတ်ပေါ် ကဗျာဆရာတွေထဲမှာ ခင်ဗျား ဘယ်ကဗျာဆရာကို အကြိုက်ဆုံးလဲဗျ’’

အမှန်အတိုင်းပြောရမည်ဆိုလျှင် ဂျီယိုဗန်နီသည် ဘယ်ကဗျာဆရာ၏နာမည်ကိုမှ မှတ်မိခြင်းမရှိပေ။ သူက ဖြီးဖြန်းပြီး ပြောနေခြင်းဖြစ်သောကြောင့် သူ မယ်မယ်ရရ ပြောနိုင်စွမ်းမရှိပါ။ သူစဉ်းစားရင်း ပေါ်လာသော ကဗျာဆရာနာမည်ကို ရွတ် ပြလေသည်။

“ကျွန်တော်ဖတ်ရတဲ့ ကဗျာဆရာဆိုရင် ဂါဆီယာလော်ကာဆိုပါတော့။ သူ့ကဗျာတွေ ကျွန်တော်ဖတ်ပါတယ်။ သဘော လည်း ကျတယ်လေ’’
“ဘယ်ကဗျာလဲဗျ’’

ဒုက္ခရောက်ပြီ။ စင်စစ် ဂါဆီယာလော်ကာ၏ကဗျာများကို သူ မမှတ်မိပါ။ ထင်ရှားသော ကဗျာဆရာကြီးဖြစ်၍ နာမည်ကို ပြောလိုက်သော်လည်း သူ့ကဗျာများကို မှတ်မှတ်ထင်ထင် မရှိပါ။ သူ ရှက်သွားပါသည်။

“ချက်ချင်းတော့ ဘယ်မှတ်မိပါ့မလဲ။ စာသားတွေတော့သိတယ်။ ခေါင်းစဉ်တွေ မမှတ်မိဘူး။ သူ့ကဗျာတွေ ကျွန်တော် သိပ် သဘောကျတာပဲ။ ကဗျာတပုဒ်ဆိုပါတော့ဗျာ၊ ခေါင်းစဉ်တော့ မမှတ်မိဘူး။  နွားရိုင်းသတ်သမားတယောက် သေဆုံးသွားတဲ့ အကြောင်း ရေးထားတာပေါ့’’

“အော် ဟုတ်ပြီ၊ ဟုတ်ပြီ နောက်တပုဒ်ပြောပြပါဦးဗျ’’
“ကျွန်တော် မမှတ်မိတော့ဘူးဗျ’’

လူငယ်က လေသံတိုးတိုးဖြင့် မေးလိုက်ပြန်ပါသည်။

“ခင်ဗျားမှာ စာအုပ်တွေတော်တော်ရှိမှာပဲနော်’’
“ကျွန်တော် ပြောပြီးပြီပဲဗျာ။ ကျွန်တော်က စာအုပ်တွေကိုအတတ်နိုင်ဆုံး စုထားတယ်။ အခုထွက်တဲ့စာအုပ်တွေဆိုရင် ကျွန် တော် အတော်တော်များများ ဝယ်ထားတာ’’

“စာအုပ်စင်ရော ရှိသလားဗျ’’
“ရှိတာပေါ့ဗျ။ အလွန်လှတဲ့စာအုပ်စင်ကြီး နှစ်ခုဝယ်ထားတယ်။ တခုမှာ ကျွန်တော့် ဆေးပညာစာအုပ်တွေထားတယ်။ နောက်တခုမှာ ကျွန်တော် ဆေးစာအုပ်တွေမဖတ်ပဲ နားတဲ့အချိန်မှာဖတ်တဲ့ စာအုပ်တွေထားတယ်။ အပန်းဖြေစာအုပ်စင်လို့ နာမည်ပေးထားတယ်’’

“ဘာစာအုပ်တွေလဲဗျ’’
“သြော် နာမည်တွေကတော့ မမှတ်မိတော့ဘူး။ ကဗျာစာအုပ်တွေ၊ ဝထ္ထုတိုစာအုပ်တွေ၊ ဝထ္ထုရှည်စာအုပ်တွေပါတယ်။ ဒါ ပေမယ့် အကုန်လုံးကိုဖတ်ဖို့ အချိန်တော့သိပ်မရှိပါဘူး’’

“ဒါဆိုဘယ်အချိန်မှာ ခင်ဗျား ဒီစာအုပ်တွေကို ဖတ်သလဲဗျ’’
“ဖတ်လေ့ရှိတာကတော့ ညနေဘက်ပေါ့ဗျာ။ အိမ်မှာရှိတဲ့အချိန် ဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ကျွန်တော် စာအုပ်တွေ ဖတ်တယ်’’

သူက အမှတ်မထင်မေးသမျှကို ပြောနေလိုက်ခြင်းဖြစ်ပါသည်။ သူစိတ်ဝင်စားသော စာအုပ်များ၊ သူ စာအုပ်ဖတ်လေ့ရှိသည့် အကြောင်းများကို သူ့ခေါင်းထဲရှိသမျှ ပြောပြနေသည်။ တဖက်လူကလည်း သတိထားမိပုံမရပါ။ သူပြောသည်ကို ကြား ချင်မှတောင် ကြားပေလိမ့်မည်။ နောက် သူက လူငယ်ကို လက်ရှိ သူ့အစီအစဉ်အား ခပ်သွက်သွက်ပင် ပြောပြလိုက်ပါသည်။

“ကျွန်တော်ပြောချင်တာက  ညနေ အမျိုးသမီးတယောက်နဲ့ ချိန်းထားတယ်။ ဒီမှာလာစောင့်တာ။ သူက အခုထိ ဖုန်းမဆက် သေးလို့၊ ဖုန်းဆက်ရင် သွားရမှာ။ ကျွန်တော့်ဘဝမှာ အရေးအကြီးဆုံးက အဲ့ဒီအမျိုးသမီးပဲ။ အခုပြောတဲ့စာအုပ်တွေထက် အရေးကြီးတယ်’’
“ခင်ဗျားပြောချင်တာက အခု ချိန်းထားတဲ့အမျိုးသမီးက ခင်ဗျား ဘဝမှာ အရေးအကြီးဆုံးပေါ့’’

“ဟုတ်တယ်။ မှန်တာပေါ့’’
“ခင်ဗျားတို့ ညနေတိုင်း ဒီလိုထွက်လေ့ရှိလား’’

“နေ့တိုင်းတော့ မဟုတ်ဘူး။ တခါတရံပေါ့’’
“အဲဒီလိုထွက်ရင် ခင်ဗျားတို့ ဘာလုပ်လေ့ရှိလဲ’’

“အများအားဖြင့်တော့ ရုပ်ရှင်သွားကြည့်တာပေါ့ဗျာ’’
“ခင်ဗျား ရုပ်ရှင်ကော ကြိုက်လား’’

“ကြိုက်ပါတယ်။ ကြည့်လည်း ကြည့်တယ်’’
“ဘယ်လိုရုပ်ရှင်မျိုးကို ခင်ဗျားအကြိုက်ဆုံးလဲဗျ’’

“ရုပ်ရှင်ကားကောင်းဆိုတာကတော့ ကျွန်တော်လည်း သိပ်မပြောတတ်ဘူးဗျာ’’
“တချို့ရုပ်ရှင်ကားတွေကတော့ သာမန်ထက် ခင်ဗျားပိုကြိုက်မှာပေါ့’’

“မှန်ပါတယ်။ ဥပမာ – ပြင်သစ်ကားတွေပေါ့’’
“ပြောပါဦးဗျာ။ တကားလောက် ပြောပါဦး’’

“အခုတော့ ကျွန်တော် မမှတ်မိဘူးဗျာ’’
“နောက်ပြီးတော့ဗျာ၊ ဘယ်ဒါ ရိုက်တာကို ခင်ဗျားသဘောကျလဲ’’

“ဒါရိုက်တာ၊ ဘယ်နိုင်ငံက ဒါရိုက်တာလဲဗျ’’
“ဘယ်နိုင်ငံကရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ အီတလီက ဒါရိုက်တာတွေကို ကြိုက်လား၊ ပြင်သစ်တို့ ဂျာမန်တို့၊ ဂျပန်တို့၊ အမေရိကန်တို့က ဒါရိုက်တာတွေရော ခင်ဗျား ကြိုက်လား’’

ဂျီယိုဗန်နီက ထိုလူငယ်၏အခြေအနေကို သတိထားမိလာ၏။ လူငယ်သည် စကားပြောရင်း ပြောရင်း မူရင်းစိတ်ဓာတ်နှင့် ကင်းလွတ်နေသောသဘောမျိုးရောက်နေ၏။ စက်ရုပ်တရုပ်လို ခိုင်းနေသည့်အတိုင်း ပြောသည့်သဘောမျိုး သက်ရောက် နေပါသည်။ ထို့နောက် လူငယ်သည် ကားနားကပ်ရပ်နေရာမှ နောက်သို့ဆုတ်လိုက်၏။ သူက ဆက်မေးပါသည်။

“ခင်ဗျား ရုရှဒါရိုက်တာတွေရော ကြိုက်လားဗျ’’ ဟု မေးရင်း အဖြေကိုမစောင့်တော့ပဲ ခပ်လှမ်းလှမ်း သို့လျှောက်သွား ပါတော့သည်။ နောက်သို့လျှောက်သွားသော ထိုလူငယ်ကို ဂျီယိုဗန်နီက နောက်ကြည့်မှန်ထဲမှနေ ကြည့်လိုက်မိ၏။ လူငယ် သည် အဖြူရောင်ကျောက်တုံးများခင်းထားသောလမ်းပေါ်ရောက်သည်အထိ လျှောက်လှမ်းသွာကြောင်း သူမှန်ထဲမှနေ ကောင်း ကောင်းမြင်ရလေသည်။ မှန်ထဲတွင် သူမြင်ရသည်မှာ လူငယ်သည် တံတားရှိရာလျှောက်သွားနေ၏။ ထိုစဉ် လူငယ် နှင့် မျက်နှာချင်းဆိုင်မှလျှောက်လာသူတဦးကိုလည်း တွေ့လိုက်ရသည်။ ဂျီယိုဗန်နီ ကောင်းကောင်းသိသောသူ ဖြစ်၏။ အနက် ရောင်၊ အစိမ်းရောင်နှင့် အနီရောင်ရောယှက်ထားသော ဂါဝန်ကိုဝတ်ထားသောအမျိုးသမီးတဦးဖြစ်သည်။ ဂျီယိုဗန်နီ စောင့်မျှော်နေသောသူဖြစ်ပါသည်။ လူငယ်က အမျိုးသမီးတည့်တည့်သို့လျှောက်လာသလို သူတို့နှစ်ယောက် စက္ကန့်ပိုင်း အတွင်း၌ မျက်နှာချင်းဆိုင် ဆုံမိကြတော့၏။ လူငယ်က အမျိုးသမီး၏ခါးကို လှမ်းဖက်လိုက်ပြီး သူလျှောက်သည့်ဘက်သို့ အတင်းဆွဲခေါ်လေတော့သည်။ အမျိုးသမီးကလည်း အပြင်းအထန်ပင် ရုန်းထွက်လေတော့သည်။ ထိုလူငယ်၏လက်ထဲမှ ကုတ်ခြစ်ကာ အတင်းရုန်းထွက်၏။ လူငယ်သည် ထိုအမျိုးသမီးငယ်နှင့် လုံးလားထွေးလားဖြစ်နေပြီး အမျိုးသမီး၏ပါးကို အားရပါးရ ရိုက်ချလိုက်၏။ ယိမ်းယိုင်သွားသော အမျိုးသမီးငယ်သည် ဂျီယိုဗန်နီ၏ ကားရှိရာသို့ ပြေးလာသည်။ လူငယ်မှာ လည်း ပြေးနေသည်။ သို့သော် သူတို့နှင့် ဆန့်ကျင်ဘက်ကိုပြေးနေခြင်း ဖြစ်ပါသည်။

ရောက်လာသော အမျိုးသမီးသည် ကားတံခါးကိုဆွဲဖွင့်ကာ ထိုင်ချလိုက်သည်။ အသက်ပင် ကောင်းကောင်းမရှူနိုင်။ မောနေလေသည်။ နောက် သူမက …

“အဆင်ပြေရဲ့လား’’ ဟု မေးလိုက်သည်။

ဂျီယိုဗန်နီက ထိုအမျိုးသမီးကို ဘေးတိုက်ကြည့်လိုက်ပါသည်။ အသားညိုအမျိုးသမီး၏ ဖြူလျော်သောပါးပြင်မှာ ထိုလူငယ်၏ ရိုက်ချက် ကြောင့်နီရဲနေလေတော့သည်။ လက်ရာပင်ထင်နေသည်။ သူက ဘာမှမပြောပဲ လက်ကိုင်ဘရိတ်ကို မတင် လိုက် ပါသည်။ စက်နှိုးလိုက်၏။ ကားကို ရင်ပြင်ဘက်ရောင်အောင် သတိထားပြီး ဆုတ်လိုက်သည်။

“အဆင်ပြေပါတယ်’’ဟု ပြန်ဖြေလိုက်၏။

သူ့ဘေးတွင်ထိုင်ချလိုက်သော အမျိုးသမီးငယ်သည် ထိုင်ခုံကို နေသားတကျဖြစ်အောင် ပြန်ပြင်ထိုင်လိုက်သည်။ ဂါဝန်ကို လည်း ဆန့်သွားအောင် ဆွဲချနေ၏။ ကားမှာ ထွက်လာပါသည်။ အမျိုးသမီးကပင် …

“ကျွန်မတို့ ဘယ်သွားကြမလဲ’’ ဟု မေးလိုက်၏။

“တောဘက်ကို သွားကြမယ်လေ။ တောဘက်ရောက်ရင် ကိုယ်တို့ ပြောင်းခင်းကြီးတွေ တွေ့ရမှာပေါ့။ ပြောင်းခင်းထဲမှာ ကိုယ်တို့ ထိုင်ကြမယ်။ ပြောင်းရိုးတွေချိုးပြီး အရည်စုပ်ကြမယ်။ စကားပြောကြမယ်လေ’’
• • •


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ဘာသာပြန်ကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်