မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ

June 1, 2015

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ
( ပြ င် သ စ် သ မို င်း မှ  လူ ဝီ ဘု ရင် များ – ၃ ) လူဝီဘုရင် အယောက်နှစ်ဆယ် (Roi des Francs)
(မိုးမခ) ဇွန် ၁၊ ၂၀၁၅

 • La dynastie Capétiens မင်းဆက်မှ ဒုတိယပိုင်း လူဝီငါးယောက်
အရင်တလောက Carolingiens မင်းဆက်မှ ပထမဦး လူဝီဘုရင်ငါးယောက်ရဲ့အကြောင်းကို ရေးခဲ့ ပြီးပါပြီ။ အခု လူဝီဘုရင် ဒုတိယပိုင်းအနေနဲ့ လူဝီနောက်ငါးယောက် ငါးပါးအကြောင်းကို ရေးပါမယ်။

La France au début du règne d’Hugues Capet en 987

ပြင်သစ်သမိုင်းတွေကို ဖတ်ရင်းနဲ့ စိတ်ပါလာလို့ **ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ** ဆိုပြီး ရေးမိရပါတယ်။ အမှန်တ ကယ်တော့ သမိုင်းတွေ ရာဇဝင်တွေဟာ အတော်ရှုပ်ထွေးပါတယ်။ ကျောင်းစာတွေထဲမှာ သမိုင်းသင်ခဲ့စဉ် ခုနှစ်တွေ သက္ကရာဇ်တွေက ဒုက္ခပေးခဲ့သလို ဘုရင်အမည်တွေကလည်း တော်တော်ကြီးကို ဒုက္ခပေးခဲ့ပါတယ်။ ဗမာ့သမိုင်းနည်းတူ ကမ္ဘာသမိုင်းမှာလည်း အဲဒီလို အတူတူပါ။

အဲဒါနဲ့ .. မောင်ရင်ငတေနဲ့ အနီးစပ်ဆုံး ပြင်သစ်သမိုင်းကို ပြောရဖန်များလာတော့ ဝါးတားတားတွေ ပြောရလွန်းလို့ လေ့လာ မိပါတယ်။ ဦးစွာပထမ လူဝီဘုရင်တွေအကြောင်းပေါ့။ လူဝီဘုရင်အမည်က ပြင်သစ်နန်းစံခဲ့တဲ့လူဝီ နန်းမရခဲ့တဲ့လူဝီ နန်း တော့နန်း သို့ပေမယ့် ပြင်သစ်နန်းမဟုတ် အခြားသော အဲဒီခေတ်ကခေတ်ပြိုင် ပြင်သစ်လက်အောက်ခံ နယ်စားကြီး ပယ် စားကြီးအဆင့် နန်းကိုသာစံခဲ့ရတဲ့ လူဝီအမည်တွေကို မြောက်များစွာ တွေ့ရှိလိုက်ရတော့ ရေးလက်စရှိလို့သာ ဆက်ရေး လိုက်ပါတယ်။ အမှားများပါရှိပါက ထောက်ပြကြပါရန်၊ အမည်တူ လူဝီတွေရဲ့အကြောင်းကို အတော်အတန် သိရှိပါရန်သာ ရည်ရွယ်တာပါ။ မောင်ရင်ငတေကဲ့သို့သော သမိုင်းမကြေခဲ့သူ သမိုင်းအသုံးလုံး အဆင့်များ ကိုသာ ရည်ရွယ်၍ရေးသားပါ တယ်။ အင်တာနက်စာမျက်နှာတွေက ဖတ်မှတ်ထားတာလေးတွေကို မောင်ရင်ငတေ့မူပိုင်အဖြစ် အလွယ်တကူ မှတ်မိ အောင် အတိုချုပ်ထားတဲ့ လူဝီဘုရင်များသမိုင်းပါ။

 Hugues Capet (941-996)

Carolingien (751-987) မင်းတွေရဲ့မင်းဆက် ၁၅ ဆက် အပြီးမှာတော့ Capétien မင်းဆက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဥရောပမှာ အနှစ် ၂၀၀ ခန့်ကြာအောင် ဖြစ်ပွားခဲ့ပါတဲ့ Croisades (Crusades) (1095-1291) ခရူးဆိတ်စစ်ပွဲ ကာလတွေက ဒီ လူဝီမင်းဆက်တွေရဲ့ကာလမှာ ဖြစ်ပွားခဲ့တာပါ။

ဒီမင်းဆက်ကို စတင် တည်ထောင်ခဲ့သူကတော့ ပါရီရွာသား Hugues le Grand (898-956) ဖြစ်ပြီးသူရဲ့သားဖြစ်သူ HuguesCapet (941-996) ဘုရင်ဖြစ်လာချိန်မှာတော့ Capétien မင်းဆက်အဖြစ် ပြောင်းလဲခံယူနိုင်ခဲ့ပါတယ်။ ဒီကနေ့ ပါရီ ရဲ့အနောက်တောင်ဘက် ကီလိုမီတာလေးဆယ်ခန့်ဝေးတဲ့ Dourdan နယ်တကြောနဲ့ ပါရီမြို့ဝန်းကျင်မှာ နန်းတည်ခဲ့တယ် ဆိုကြပါတယ်။

သူတို့ဟာ Carolingiens မင်းဆက် ဦးဆုံးနာမည်ကြီး ဘုရင်ကြီးဖြစ်သူ Charlemagne ရှားလ်မန်း (၇၄၂-၈၁၄) ရဲ့ မျိုးနွယ် တွေထဲကပါ။ အာဏာရ မင်းဆက်တွေထဲကတော့ မဟုတ်ခဲ့ပါဘဲ သူတို့တွေ အာဏာရလာခဲ့တော့ မင်းဆက်အမည်လည်း ပြောင်းခဲ့ရတာပါ။

Cathédrale de Reims ဘုရားကျောင်းနံဘေးက ရဲတိုက်အုတ်ရိုးဟောင်း(ဓါတ်ပုံ မရငတ)

Hugues Capet မင်းဟာ Robertiens မင်းဆက်တဆက်ကို ထူထောင်နိုင်ဖို့ ကြိုးစားခဲ့တဲ့ Robert I (860-923) ဘုရင်ရဲ့ မြေးပါ။ Robertiens မင်းဆက်ဟာ မထင်ရှားခဲ့ပေမယ့်လည်း Hugues Capet မျိုးဆက်မင်းတွေကတော့ ၁၉ ရာစုထိ တိုင်အောင် ပြင်သစ်ပြည်ကြီးရဲ့ နောက်ဆုံးမင်းထိတိုင်အောင် ပါလာခဲ့တယ်လို့ ပြောရင်ရနိုင်ပါတယ်။ Capétien မင်းဆက်ရဲ့ တတိယမင်း Henri I (1008-1060)ဘုရင် နန်းတက်ခဲ့တဲ့ ၁၀၂၇ ခုနှစ်ကစလို့ ၁၈၂၄ ခုနှစ် Charles X (1757-1836) ဘုရင်ကြီး အထိ ဘုရင်အပါး သုံးဆယ်တိုင် Cathédrale de Reims ဘုရားကျောင်းမှာ ရာဇဘိသိတ် ခံယူခဲ့တဲ့ပွဲတွေ ပြုလုပ်လာခဲ့ကြပါတယ်တဲ့၊ အဲဒီဘုရားကျောင်းကြီးက ဒီကနေ့ ရှန်ပိန်ပြည်နယ်ရဲ့ မြို့တော် Reims မှာ တည်ရှိတဲ့ ဘုရား ကျောင်းကြီးပါ။ လူဝီ ၇ ဘုရင် နောက်ပိုင်း လူဝီဘုရင်အားလုံးရဲ့ ရာဇဘိသိတ် ခံယူခဲ့ရာ ဘုရားကျောင်းကြီးလည်း ဖြစ်ပါ တယ်။

ဆဋ္ဌမမြောက် လူဝီဘုရင် (၁၀၈၁-၁၁၃၇)
Louis VI le Gros ဆဋ္ဌမလူဝီကတော့ Capétiens မင်းဆက် ပထမဦးဆုံး Hugues Capet မင်းရဲ့ ပဉ္စမမြောက် မျိုးဆက်မင်းပါ။ သူ့ရဲ့ ဘိုးဘေးဘီဘင်ဘုရင်တွေဖြစ်တဲ့ Hugues Capet (941-996) (နန်းသက် ကိုးနှစ်) Robert II le Pieux (972-1031) (နန်းသက် ၃၅ နှစ်) Henri I (1008-1060) (နန်းသက် ၃၀ နှစ်) Philippe I (1052-1108) (နန်းသက် ၄၈ နှစ်) နန်း သက်ရှည်ဘုရင်ကြီးတွေရဲ့ နောက် ဆဋ္ဌမလူဝီအဖြစ်နန်းဆက်ခံပြီး သူကိုယ်တိုင်ကလည်း ၁၁၀၈ ခုနှစ်ကနေ ၁၁၃၇ ခုနှစ် အထိ နန်းသက် ၂၉ နှစ်ကြာ ပြင်သစ်ထီးနန်းကို စိုးစံခဲ့ရတဲ့ ဘုရင်တပါး ဖြစ်ပါတယ်။

ဆဋ္ဌမလူဝီရဲ့ သားဖြစ်သူ Louis VII le Jeune၊ မြေးဖြစ်သူ Philippe II Auguste၊ မြစ်တော် Louis VIII le Lion တို့ပြီးနောက် ဆက်ခံသူ ဘုရင်များဖြစ်ကြတဲ့ Louis IX Saint Louis, Philippe III le Hardi, Philippe IV le Bel, Louis X le Hutin ခေတ်များအထိတိုင်အောင် အဖေဘုရင့် နေရာတွေကို သားဘုရင်တွေသာ ဆက်ခံလာခဲ့တာမျိုးပါ။

သူတို့တတွေ ထီးနန်း စိုက်ခဲ့ကြတဲ့ နေရာတွေကတော့ အတော်များခဲ့ပါတယ်။ ဒီကနေ့ ပါရီမြို့လယ်မှာရှိတဲ့ Palais de la Cité အပါအဝင် ပါရီမြို့ အနောက်တောင်ယွန်းယွန်း လွားမြစ်ဝှမ်းတလျှောက် နေရာဒေသတော်တော်များများမှာ Château ခေါ် ရဲတိုက်ကြီးများတည်ဆောက်ပြီး နေနေကြပါပြီ။

ပါရီမြောက်ဘက် အရှေ့မြောက်ဘက် ဒေသများက ရဲတိုက်ဟောင်းများကိုလည်း ပြုပြင်ပြီး နေထိုင်ကြပါတယ်။ ပါရီ မြောက် ဘက် ကီလိုမီတာ ၅၀ လောက်မှာ တည်ရှိတဲ့ Château Royal de Senlis ဆိုတာကတော့ ဆဋ္ဌမလူဝီဘုရင်ရဲ့ အဓိက ရဲ တိုက်နန်းတော်တခုပါ။ ပါရီတောင်ဘက် ကီလိုမီတာ တရာ့တဆယ်ကျော်ကျော်က Orléans မြို့ကြီးမှာ တည်ရှိတဲ့ Cathédrale Sainte-Croix (Diocèse D’Orléans) ဘုရားကျောင်းကတော့ ဆဋ္ဌမလူဝီ ရာဇဘိသိတ်ခံယူခဲ့ရာ ဘုရား ကျောင်းပါ။

• သတ္တမမြောက် လူဝီဘုရင် (၁၁၁၉-၁၁၈၀)
Louis VII le Jeune (The Younger) သတ္တမလူဝီမင်းက ဆဋ္ဌမလူဝီမင်းရဲ့သားတော်ပါ။ သူလည်း နန်းသက်ရှည် ဘုရင်တပါး ဖြစ်ခဲ့ပြီး ၄၃ နှစ်ကြာ နန်းစံခဲ့ပါတယ်။ သတ္တမလူဝီဟာ ဆဋ္ဌမလူဝီမင်းရဲ့ ဒုတိယသားတော် ဖြစ်ခဲ့ပေမယ့် အကိုဖြစ်သူ ဖိလစ် မင်းသား ရုတ်တရက်သေဆုံးခဲ့ရလို့ ၁၁၃၇ ခုနှစ်မှာ သတ္တမလူဝီအဖြစ် ပြင်သစ်ထီးနန်းကို ဆက်ခံပြီး ပါရီမြို့နဲ့ အနီး ဝန်းကျင်က Palais de la Cité, Château de Fontainebleau,Château de Vincennes ရဲတိုက်နန်းတော်တွေမှာ အဓိက နေထိုင်ခဲ့ ကြပါတယ်။ နာမည်ကျော် Palais du Louvre နန်းတော်ကတော့ ခံတပ်အဆင့်သာ ရှိပါသေးတယ်။ Deuxième croisade ဒုတိယ ခရူးဆိတ်စစ်ပွဲ (၁၁၄၆-၁၁၄၉) ဖြစ်ပွားခဲ့ရာမှာ သတ္တမလူဝီဘုရင်က စစ်ခေါင်းဆောင်တဦးအနေနဲ့ ပါဝင် တိုက်ခိုက်ခဲ့ရပါတယ်။ ပထမခရူးဆိတ်စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၀၉၆ ခုနှစ်မှာ အဲဒီအချိန်က ပြင်သစ်ရဲ့ဘုရင်ဖြစ်သူ Philippe I (1052-1108) ဘုရင်က စစ်ခေါင်းဆောင် တဦးအဖြစ် နာမည်ခံပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။
၁၇ နှစ်သားအရွယ်ကစပြီး နန်းစံခဲ့တဲ့ ပါရီမြို့သား သတ္တမလူဝီဟာ နန်းသက်ရှည်တာနဲ့အမျှ ပါရီရဲ့နာမည်ကျော်ကြား ထင်ရှားလှတဲ့ ဒီကနေ့တွေ့မြင်နေရသော Cathédrale Notre-Dame de Paris ဘုရားကျောင်းကို ၁၁၆၃ ခုနှစ်မှာ စတင်အုတ်မြစ်ချတည်ဆောက်စဉ် အားပေးကူညီခဲ့သူတဦးဖြစ်ခဲ့သလို နောက်ပိုင်းကာလတွေမှာ Sorbonne ဆော်ဘွန်း တက္ကသိုလ်ဆိုပြီးတော့ နာမည်ကျော်ကြားလာမယ့် ပါရီတက္ကသိုလ်ကို အစဦးတည်ထောင်ဖို့ အားပေးခဲ့သူတဦးပါ။ ဒီနေရာမှာ ရေးချင်မိတာက ပုဂံနရသူမင်းက ဓမ္မရံကြီး ဘုရားကို ၁၁၆၅/၆၇ ခုနှစ်မှာ တည်ခဲ့ပါတယ်လို့ ဖတ်မိမှတ်မိပါလို့ ပါရီရဲ့ Notre-Dame ဘုရားကျောင်းက နှစ်အနည်းငယ်သာ စောပြီးတော့ တည်ခဲ့တာပါ။ ကျန်စစ်သားမင်းတည်ခဲ့တဲ့ အာနန္ဒာဘုရားက ၁၀၉၀/၁၁၀၅ ခုနှစ် အလောင်းစည်သူမင်းရဲ့ သဗ္ဗညုဘုရားက ၁၁၄၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဆိုတော့ ပါရီနော့ထ်ရ်ဒမ် ဘုရားကျောင်းထက် အများကြီးစောခဲ့တာပါ။

သတ္တမလူဝီရဲ့ မိဖုရားကြီးသုံးပါး ရှိခဲ့တာမှာ ပထမဆုံး မိဖုရား Aliénor d’Aquitaine (1122-1204) နဲ့ ဒုတိယ မိဖုရား Constance de Castille (1136-1160) တို့နဲ့က သားယောက်ျားလေး မမွေးခဲ့လို့ တတိယမိဖုရား Adèle de Champagne (1140-1206) နဲ့ မွေးဖွားခဲ့တဲ့ သားတော်လေး Philippe II Auguste က ပြင်သစ်ဘုရင် ဖြစ်ခဲ့တာပါ။ ထူးခြားတာက သတ္တမလူဝီနဲ့ ထီးနန်းအမွေဆက်ခံမယ့် သားယောက်ျားမရရှိခဲ့လို့ လမ်းခွဲခဲ့ကြရတဲ့ ပထမမိဖုရား Aliénor ဟာ ၁၁၅၂ ခုနှစ် မှာ ပြင်သစ်ပြည် လွားမြစ်ဝှမ်းက Le Mans မြို့သား ပြင်သစ် အနောက်မြောက်စွန်းပိုင်းက Bretagne ဘရစ်တန်နယ် နော်မန်ဒီနယ်တွေနဲ့ အင်္ဂလန်ပြည်ရဲ့ဘုရင်ဖြစ်သူ Henry II of England (1133-1189) ဘုရင်နဲ့ ဒုတိယကြိမ် လက်ထပ်ခဲ့ ပါတယ်။ ပြင်သစ်အနောက်မြောက်ပိုင်းနယ်မြေဖွားတွေရဲ့ Plantagenêt မင်းဆက်ကို အင်္ဂလန်ကျွန်းပေါ်မှာ ထူထောင်နိုင် ခဲ့ပြီး ၁၄ ရာစုအကုန်ပိုင်းထိ လွှမ်းမိုးအုပ်ချုပ်မင်းပြု နိုင်ခဲ့ကြတယ်ဆိုပါတယ်။ ပြင်သစ်ရဲ့ သတ္တမလူဝီ နန်းစံသက် ၄၃ နှစ် (၁၁၃၇-၁၁၈၀) ခေတ်ကာလနဲ့ အင်္ဂလန်ရဲ့ ဒုတိယဟင်နရီ နန်းစံသက် ၃၈ နှစ် (၁၁၅၁-၁၁၈၉) ကာလတွေဟာ ဘုရင်နှစ်ပါး ရဲ့ တိုင်းပြည်နှစ်ပြည်ကို မိဖုရားတပါးတည်းက ချုပ်ကိုင်သွားပါတယ်လို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး၊ အနှစ်တရာကြာ ဖြစ်ပွားခဲ့ရတဲ့ Conflit Capétiens-Plantagenêt (1159-1259) ပြင်သစ်အရှေ့နဲ့ အနောက်ခြမ်းဒေသ မင်းမျိုးနွယ်တို့ရဲ့ အားပြိုင်မှု ပဋိပက္ခ အစဦးကာလ နှစ်များ ဖြစ်ပါတယ်။ ၁၁၈၀ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ သတ္တမ လူဝီဘုရင်ကြီးဟာ ပါရီမြို့ရှိ Palais royal de la Cité နန်းတော်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

• အဋ္ဌမမြောက် လူဝီဘုရင် (၁၁၈၇-၁၂၂၆)
Louis VIII le Lion အဋ္ဌမလူဝီဘုရင်က သတ္တမလူဝီ ဘုရင့်ရဲ့ မြေးတော်ပါ။ ဘိုးဘေးဘီဘင်တွေက ဘုရင်တွေဖြစ်ခဲ့သလို အဖိုးဘုရင် အဖေဘုရင် သားဘုရင် မြေးဘုရင် မြစ်ဘုရင်များနဲ့ Capétiens မင်းဆက်အဆုံးအထိ နန်းမွေဆင့်ပွားပေးနိုင်ခဲ့ပေမယ့်လည်းနန်းသက်ကတော့ သုံးနှစ်ကျော်မျှသာ စံစားခဲ့ရတာပါ။ အဋ္ဌမ လူဝီရဲ့ အဖိုးဘုရင် အဖေဘုရင် သားဘုရင်တွေက ပြင်သစ်ထီနန်းကို ၄၃ နှစ်ကြာမျှ ကိုယ်စီကိုယ်ငှ စိုးစံခဲ့ကြရပြီး သူကျမှသာ ကြားညပ်ပြီးတော့ သုံးနှစ်မျှသာ ထီနန်းရခဲ့တာက မှတ်သားစရာတခုလို့ ပြောရမှာပါ။ ပြင်သစ်တောင်ပိုင်းနယ်မြေမှာ အနှစ်နှစ်ဆယ်ကြာ ဖြစ်ပွားနေတဲ့ Croisade des Albigeois (Albigensian Crusade) (1208-1229) ဘာသာရေး စစ်ပွဲတွေကို ပါဝင် စွက်ဖက်ခဲ့ပြီး Catharisme ပြဿနာကို အဋ္ဌမလူဝီ လက်ထက်မှာ ရပ်ဆိုင်းနိုင်ခဲ့ပါတယ်။

• နဝမမြောက် လူဝီဘုရင် (၁၂၁၄-၁၂၇၀)
Louis IX ဘုရင်ကို Le Prudhomme သို့မဟုတ် Saint Louis ဆိုပြီးတော့ အသိများကြပါတယ်။ နဝမ လူဝီရဲ့ ဖခင်က အဋ္ဌမ လူဝီ ဖြစ်ပါတယ်။ နန်းသက်ရှည် ဘုရင်ကြီးတပါးအဖြစ် စာရင်းဝင်သူပါ။

ပြင်သစ်ဘုရင်တွေထဲမှာ တဦးတည်းသော Saint စိန့် အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဘုရင်ကြီးတပါး ဖြစ် ပါတယ်။ အဲဒီ စိန့်လူဝီ ဘုရင် တည်ဆောက် ပြုပြင်ခဲ့တဲ့ ဘုရားကျောင်းတွေ အဆောက်အဦးတွေကို ပြင်သစ်နိုင်ငံတဝှမ်းမှာ ဒီကနေ့တိုင်အောင် များပြားစွာ တွေ့မြင်နေရသလို ဒီဘုရင်ကြီးရဲ့အမည်ကိုဂုဏ်ပြုပြီး မှည့်ခေါ်ခဲ့တဲ့ နေရာဒေသတွေ ကမ္ဘာအရပ်ရပ်မှာ အများ အပြား ရှိနေပါတယ်တဲ့၊ ပြင်သစ် လူဝီ အပါးနှစ်ဆယ်ထဲမှာတော့ ရှားရှားပါးပါး နာမည်ကောင်း တော်တော်ရခဲ့တဲ့ ဘုရင်ကြီးပါ။ အဲဒါကြောင့်မို့လို့ ထင်ပါရဲ့၊ ပါရီမြို့က အမြင့်ဆုံးတောင်ကုန်း Montmartre ပေါ်မှာတည်ရှိတဲ့ Basilique du Sacré-Cœur ဆိုတဲ့ ဘုရားကျောင်းရဲ့ ဂုဏ်ထူးဆောင် ရုပ်တုနှစ်ခုအနက်တခုက စိန့်လူဝီဘုရင်ကြီးရဲ့ရုပ်တု ဖြစ်နေတာကို တွေ့ရပါတယ်။ အဖိုးဘုရင်နဲ့ အဖေဘုရင် သုံးနှစ်ကျော်သာ ခြားပြီးတော့ ကွယ်လွန်ခဲ့လို့ ငယ်ငယ်ရွယ်ရွယ် ၁၂ နှစ်သားမှာ ပြင်သစ်ထီနန်းကို ရရှိလာခဲ့သူပါ။

၁၂၂၆ ခုနှစ်ကနေ ၁၂၇၀ ခုနှစ်အထိ ၄၃ နှစ်တာ နန်းစံခဲ့တဲ့ နဝမ လူဝီရဲ့လက်ထက်မှာ ဒီကနေ့ထိ ထင်ရှားနေတဲ့ Sainte Chapelle အပါအဝင် ပါရီမြို့ပေါ်နဲ့ Chartres, Amiens, Reims, Rouen, Beauvais, Auxerre, Toul, Laon, Noyon, Angers, Bourges, Clermont, Coutances စတဲ့ မြို့ များစွာက ဘုရားကျောင်းကြီး အများအပြားကို တည်ဆောက်ပြုပြင်ခဲ့သူ ဖြစ်တာကြောင့် Le temps des cathédrales Louis IX ဆိုပြီး ပြင်သစ် သမိုင်းဆရာများက တင်စားခေါ်ဝေါ်ခဲ့ကြ ရပါတယ်။
ဘာသာရေး တရားရေးဥပဒေများအပြင် တခြားသော လူမှုရေးများကတော့ Robert de Sorbon ရဲ့ နာမည်ကျော် Collège de Sorbonne ဆော်ဘွန်း ကောလိပ်ကျောင်း ဖြစ်ပေါ်လာအောင် အားပေး ကူညီခဲ့သလို ဒီကနေ့ခေတ်ဆေးရုံများရဲ့ရှေ့ပြေး Hôpital des Quinze-Vingts ခေါ် ကုတင်သုံးရာ (Quinze 15 × Vingts 20 = 300) ဆေးရုံနဲ့ Hôtel-Dieu de Paris ဆေးရုံများ အကောင်အထည်ပေါ်လာအောင် ကူညီအားပေးခဲ့သူ ဘုရင်ကြီးတဦးအဖြစ် သမိုင်းမှတ်တမ်း ဝင်ခဲ့ပါတယ်။ ၁၃ ရာစုကာလက ဖော်ဆောင်ခဲ့တဲ့ လူမှုရေးလုပ်ငန်းများက ဒီကနေ့ခေတ်ထိ စဉ်ဆက်မပြတ် တည်ရှိနိုင်ခဲ့တာကတော့ စိတ်ဝင် စားစရာ အချက်တခုပါ။

 
• ပြင်သစ် နဝမလူဝီနဲ့ အင်္ဂလိပ် တတိယ ဟင်နရီတို့ရဲ့ ခေတ်ပြိုင်များ
နဝမလူဝီနဲ့ ခေတ်ပြိုင် နန်းသက် ၅၆ နှစ်တိုင်အောင် ရှည်လျှားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ကတော့ Henry III of Winchester ဘုရင်ပါ။ အင်္ဂလိပ်ဘုရင် တတိယ ဟင်နရီ (၁၂၀၇-၁၂၇၂) က အင်္ဂလန်မြေမှာ မွေးဖွားခဲ့ပြီး အင်္ဂလိပ်ဘုရင်ရယ်လို့ ဖြစ်လာခဲ့သူပါ။  သူရဲ့အဖိုး ပြင်သစ်မြေမှာ မွေးဖွားခဲ့ပြီး ပြင်သစ်နွယ်ဖွားဖြစ်သူ ဒုတိယ ဟင်နရီကတော့ နဝမ လူဝီရဲ့အဖိုး သတ္တမ လူဝီနဲ့ ခေတ်ပြိုင် အင်္ဂလိပ်ဘုရင် ဖြစ်ခဲ့သလို အဲဒီအချိန်က သူတို့ အင်္ဂလိပ်ဘုရင်တွေ အပိုင်စားရတဲ့ နယ်တွေထဲမှာ ဒီကနေ့ ပြင်သစ် တောင်ပိုင်း Aquitaine နယ်မြေတွေထိ ပါဝင်ခဲ့သလို သူတို့ အင်္ဂလိပ်ဘုရင်တွေက နယ်စားအမည်ခံ အုပ်ချုပ်ခဲ့ကြတာပါ။ အင်္ဂလိပ် နယ်မြေတွေနဲ့ ပြင်သစ်တောင်ပိုင်း နယ်မြေတွေရဲ့ ဆက်စပ်မှု သမိုင်း တွေပါ။ တကယ်တော့ အဲဒီအချိန်ကာလတွေထဲက ဥရောပလူမျိုးတွေဟာ အရောရောအထွေးထွေးရှိခဲ့တယ်လို့သာ ပြောရမှာပါ။

သတ္တမလူဝီခေတ်က စတင်ခဲ့တဲ့ Capétiens-Plantagenêt (1159-1259) တို့ရဲ့ ပဋိပက္ခကို Traité de Paris (1259) စာချုပ်ချုပ်ပြီး နဝမလူဝီ လက်ထက်မှာ စစ်ရပ်စဲခဲ့ပါတယ်။

နန်းသက် ၄၃ နှစ် ၉ လ ၁၇ ရက်ကြာ ပြင်သစ်ပြည်ကို နန်းစံခဲ့ရတဲ့ လူဝီ ၉ ဘုရင်ကြီးကို ပါရီမြို့ရဲ့   အနောက်ဘက်စူးစူး ကီလိုမီတာ သုံးဆယ်ခန့် အကွာမှာ တည်ရှိတဲ့ Poissy ရှေးဟောင်းမြို့လေးမှာ မွေးဖွားခဲ့တာပါ။ လူဝီ ၉ ကို ဆက်ခံခဲ့တဲ့ သားတော် Philippe III de France တတိယ ဖိလစ်ဘုရင် (၁၂၄၅-၁၂၈၅) ကိုလည်း အဲဒီ ပွားဆီမြို့ကလေးမှာ မွေးဖွားခဲ့ပါတယ်။ စိန့်လူဝီ ဘုရင်ကြီး သေဆုံး ခဲ့ရတဲ့ နေရာကတော့ ပြင်သစ်မြေကြီးမှာ မဟုတ်ခဲ့ပါဘဲ မြောက်ပိုင်းအာဖရိကရဲ့ တူနီးရှား မြေမှာပါ။ သူ့ရဲ့ ဒုတိယခရူးဆိတ် သို့မဟုတ် ရှစ်ကြီမ်မြောက် ခရူးဆိတ်စစ်ကာလအတွင်းမှာ ရောဂါရပြီးတော့         သေဆုံးခဲ့တယ် ဆိုကြပါတယ်။

နောင် နှစ်ပေါင်း သုံးရာကျော်အကြာ ၁၆၀၀ ပြည့်နှစ် မတိုင်မီကာလတွေမှာ Bourbon မင်းဆက်ကို စတင် တည်ထောင်ခဲ့သူ Henri IV le Grand ဘုရင်ကတော့ ဒီ စိန့်လူဝီ ၉ ဘုရင်ကြီးရဲ့ မျိုးဆက်သွေးတဦးဖြစ်သလို ဒီကနေ့ ပြင်သစ်ရဲ့ ဘုရင်မင်း တွေအဖြစ် မတည်ရှိတော့ပေမယ့် ဘုရင့်သွေး အမွေ မျိုးနွယ်ဖွားစာရင်းမှာ ကျန်ရှိနေဆဲသူတွေ (အများစုက စပိန်မြေမှာနေ ထိုင်ပြီး စပိန်လူမျိုးတွေ ဖြစ်နေကြသူတွေပါ) က နဝမ လူဝီဘုရင့်ရဲ့ သွေးမျိုးဆက်တွေပါလို့ ဆိုကြပါတယ်။

 • ဒဿမမြာက် လူဝီဘုရင် (၁၂၈၉-၁၃၁၆) Louis X le Hutin
နဝမလူဝီဘုရင်ရဲ့ မြစ်တော် ဒဿမလူဝီ (၁၂၈၉-၁၃၁၆) ဘုရင်ကတော့ နန်းသက် (၁၃၁၄-၁၃၁၆) တနှစ်ခွဲကျော်ရုံလေးမျှသာ နန်းစိုးစံခဲ့ရသလို သားဖြစ်သူက မွေးကင်းစ ငါးရက်သားမှာ သေဆုံးခဲ့ပြီး သမီးကြီးဖြစ်သူ Jeanne II de Navarre (1311-1349) ကလည်း နာဗဲရ်ဘုရင်မ အဖြစ်သာရရှိခဲ့ပြီး ပြင်သစ်ကိုယ်စားပြု ဘုရင်မ မဟုတ်ခဲ့ပါဘူး၊ ဒဿမလူဝီနောက်မှာ နန်းဆက်ခံခဲ့ကြသူတွေကတော့ သူရဲ့ ညီတော်စပ်တဲ့ Philippe V le Long, Charles IV le Bel တို့ ဖြစ်ကြပါတယ်။

အဲဒီခေတ်အခါက အနောက်ဥရောပဒေသ အထူးသဖြင့်ပြင်သစ်နယ်မြေတွေမှာ ဘုရင့်ထီးနန်းအမွေ ဆက်ခံကြတာမှာ သမီးတော်တွေ ထီးနန်းဆက်ခံခွင့် မရှိပါဘူး၊ ဒဿမလူဝီမှာ သားတော် မရှိသလိုနန်းရခဲ့ပါတဲ့ ညီတော် ပဉ္စမဖိလစ်မှာလည်း ထီးမွေ ဆက်ခံနိုင်မယ့် သားတော်က မရှိပြန်တာကြောင့် ညီအငယ်ဖြစ်သူက စတုတ္ထရှားလ် ဘုရင် ဖြစ်လာပြန်ပါတယ်။

ထိုနည်းတူစွာ Capétien မင်းဆက်ရဲ့ နောက်ဆုံး ဘုရင်အဖြစ် ခြောက်နှစ်ကြာမျှသာ နန်းစံခဲ့ရပါတဲ့ Charles IV le Bel (1294-1328) စတုတ္ထရှားလ် သေဆုံးသွားချိန် ၁၃၂၈ ခုနှစ်မှာ မိဖုရားသုံးဆက် ရှိခဲ့ပေမယ့် ပြင်သစ်ထုံးစံ နန်းဆက်ခံနိုင်မယ့်သားတော် မရှိပြန်တာကြောင့် Capétien မင်းဆက်ကို တည်ထောင်ခဲ့တဲ့ Hugues Capet ဘုရင်ကြီးရဲ့ တိုက်ရိုက်ဆင်းသက်လာတဲ့မျိုးဆက် ပြတ်တောက် သွားခဲ့ရပြီး နန်းမွေဆက်ခံဖို့ လူရွေးပွဲ ပြဿနာ ဖြစ်လာရပြန်ပါတယ်။ အဲဒီအချိန်မှာ ဘုရင့်သမီးတွေဘုရင့် ညီမ အမတွေ ထီးနန်း သိမ်းပိုက်နိုင်ဖို့ တောင်းဆိုလာတာတွေ ရှိခဲ့သော်လည်း နောက်ဆုံးမှာနန်းဆက်ခံခွင့်ကို အနီးစပ်ဆုံး ဆွေတော်မျိုးတော် မင်းညီမင်းသားထဲက Philip of Valois မင်းသားရရှိသွားခဲ့လို့ Capétien Valois မင်းဆက်ရယ်လို့ ပြောင်းလဲဖြစ်ပေါ် လာခဲ့ရတာပါ။

Capétien ကာပေစီရန် နန်းဆက်ထဲမှာ အတိုဆုံးသောမင်းတပါး ဖြစ်ခဲ့ရသလို အမှန်တကယ် နန်းစံခဲ့ရတဲ့ လူဝီ ၁၇ ယောက် ထဲမှာလည်း ပဉ္စမလူဝီနန်းသက် တနှစ်နှစ်လပြီးရင် ဒုတိယလူဝီနဲ့ အတူတူ တနှစ်ခွဲစီသာ နန်းစံခဲ့ရလို့ မင်းသက် ဒုတိယ အတိုဆုံးလို့ ပြောရပါမယ်။

ဒီနေရာမှာ ပြင်သစ် Capétien လူဝီများနဲ့ ခေတ်ပြိုင် ပုဂံမင်းများရဲ့နန်းစံသက်များကို စိတ်ဝင်စားသူများအတွက် ထည့်ရေး လိုက်ရင်း ပုဂံခေတ်အကြောင်း နည်းနည်းပေရှည် လိုက်ရပါတယ်။

အနော်ရထာမင်း (၁၀၁၅-၁၀၇၇) (နန်းစံ ၁၀၄၄-၁၀၇၇)
စောလူးမင်း (၁၀၄၉-၁၀၈၄) (နန်းစံ ၁၀၇၇-၁၀၈၄)
ကျန်စစ်သားမင်း (၁၀၃၀-၁၁၁၂) (နန်းစံ ၁၀၈၄-၁၁၁၂)
အလောင်းစည်သူမင်း (၁၀၉၀-၁၁၆၇) (နန်းစံ ၁၁၁၂-၁၁၆၇)
နရသူ ကုလားကျမင်း (၁၁၁၈-၁၁၇၁) (နန်းစံ ၁၁၆၇-၁၁၇၁)
နရသိင်္ခမင်း (၁၁၄၁-၁၁၇၄) (နန်းစံ ၁၁၇၁-၁၁၇၄)
နရပတိ စည်သူ ၂ မင်း (၁၁၅၀-၁၂၁၁) (နန်းစံ ၁၁၇၄-၁၂၁၁)
ဇေယျသိင်္ခ နန်းတောင်းများမင်း (၁၁၇၅-၁၂၃၅) (နန်းစံ ၁၂၁၁-၁၂၃၅)
ဓမ္မရာဇာ ကျစွာမင်း (၁၁၉၈-၁၂၅၁) (နန်းစံ ၁၂၃၅-၁၂၅၁)
ဥဇနာ စည်သူ ၃ မင်း (၁၂၁၃-၁၂၅၆) (နန်းစံ ၁၂၅၁-၁၂၅၆)
နရသီဟပတေ့ စည်သူ ၄ တရုတ်ပြေးမင်း (၁၂၃၈-၁၂၈၇) (နန်းစံ ၁၂၅၆-၁၂၈၇)
ကျော်စွာမင်း (၁၂၆၀-၁၂၉၉) (နန်းစံ ၁၂၈၉-၁၂၉၇)
စောနှစ် မင်းလုလင် (၁၂၈၃-၁၃၂၅) (နန်းစံ ၁၂၉၉-၁၃၂၅)
ဥဇနာ စောမွန်နှစ် (၁၃၁၁-၁၃၆၈) (နန်းစံ ၁၃၂၅-၁၃၆၈)

အေဒီ ၈၄၉ ခုနှစ်က ပျဉ်ပြားမင်းတည်ဆောက်သွားတဲ့ ပုဂံမြို့နဲ့ ပုဂံမြို့ရိုး တံခါးဆယ့်နှစ်ပေါက်က ရှားရှားပါးပါး ကျန်နေသေး တဲ့ သရပါ တံခါးပေါက်ပါ။  (Photo KHHA)

Capétiens မင်းဆက်ရဲ့ လူဝီဘုရင် ငါးယောက်အကြောင်း ဖတ်ရင်းရေးရင်းနဲ့ သွားသတိထားမိတာ တခုက မောင်ရင်ငတေတို့ ရွှေပြည်တော်ရဲ့ အနော်ရထာမင်း နောက်ပိုင်းက ပုဂံခေတ်ကိုပါ။ ပထမ လူဝီမင်း ငါးပါးရဲ့ခေတ် Carolingiens မင်းဆက်က အနော်ရထာ မတိုင်ခင်က ပုဂံခေတ်လို့ ပြောလို့ရနိုင်ပြီး ဒုတိယပိုင်း လူဝီမင်းငါးပါးရဲ့ Capétiens မင်းဆက်ကိုတော့ မောင်ရင် ငတေတို့ရဲ့ ရွှေရောင်တောက်ပလှတဲ့ အနော်ရထာမင်းနောက်ပိုင်း ပုဂံရွှေပြည်တော်ခေတ်နဲ့ ထပ်တူထပ်မျှ ကာလတွေပါ။

စတုတ္ထပုဂံရဲ့ နောက်ဆုံးပိုင်းကာလများ သို့မဟုတ် ပထမမြန်မာနိုင်ငံတော်အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြတဲ့ ပုဂံ မင်းဆက်များ ခေတ်က အေဒီ ၈၄၉ ကနေ ၁၂၉၇/၁၃၆၈ ခုနှစ် အတွင်းမှာပါ။ ပြင်သစ်ရဲ့ Capétien မင်းဆက်ကလည်း အေဒီ ၉၈၇ ကနေ ၁၃၂၈ ခုနှစ်ထိ ဆိုတော့ကာ အဲဒီ ခေတ်နှစ်ခေတ် သမိုင်းတွေကို နှိုင်းယှဉ်လို့ ကြည့်မယ်ဆိုရင် စိတ်ဝင်စားဖို့ ကောင်းမှာပါ။
အနော်ရထာတို့ ကျန်စစ်သားတို့ရဲ့ ပုဂံခေတ်ကောင်းချိန်မှာ ပြင်သစ်က အဲဒီလောက်မဟုတ်ခဲ့သေးပါဘူး။ Capétiens မင်းဆက်ကို စပြီးအခြေတည်မိဖို့ ကြိုးစားနေဆဲ ခေတ်သာပါ။ ပုဂံအာနန္ဒာဘုရားတည်ခဲ့တာက ပါရီနော့ထ်ရ်ဒမ် ဘုရား ကျောင်း ထက် နှစ်ပေါင်း ခြောက်ဆယ်နီးပါးစောခဲ့တာကိုကြည့်ရင် သိသာနိုင်ပါတယ်။ မောင်ရင်ငတေရဲ့ ခေတ်ပြိုင် သမိုင်း အပေါ်ယံအတွေးသာပါ။

ပြင်သစ် အင်္ဂလန်နဲ့ ပုဂံနိုင်ငံတော်တွေရဲ့ ခေတ်ပြိုင်သမိုင်းကြောင်းကို နှိုင်းယှဉ်လို့ ပြောရမယ်ဆိုရင်၁၂ ရာစု နှောင်းပိုင်း အေဒီ ၁၁၅၀ ဝန်းကျင်မှာ ပြင်သစ် လူဝီ ၇ အင်္ဂလိပ် ဟင်နရီ ၂  နဲ့ ပုဂံမှာတော့ အလောင်းစည်သူ (နန်းစံ ၁၁၁၂-၁၁၆၇) နရသူ ကုလားကျမင်း (နန်းစံ ၁၁၆၇-၁၁၇၁) နရသိင်္ခမင်း (နန်းစံ ၁၁၇၁-၁၁၇၄) နရပတိ စည်သူ ၂ မင်း (နန်းစံ ၁၁၇၄-၁၂၁၁) တို့ အုပ်စိုးနေကြတဲ့ ခေတ်ပါ။ ၁၂၂၀ ခုနှစ် နောက်ပိုင်း ကာလ ၁၃ ရာစု နှောင်းပိုင်း အထိမှာတော့ ပြင်သစ်မှာ လူဝီ ၉ အင်္ဂလန်မှာ ဟင်နရီ ၃ ဘုရင်တို့ နန်းစံချိန်မှာတော့ နန်းတောင်းများမင်း (နန်းစံ ၁၂၁၁-၁၂၃၅) ဓမ္မရာဇာမင်း (နန်းစံ ၁၂၃၅-၁၂၅၁) ဥဇနာ စည်သူ ၃ မင်း (နန်းစံ ၁၂၅၁-၁၂၅၆) နရသီဟပတေ့ တရုတ်ပြေးမင်း (နန်းစံ ၁၂၅၆-၁၂၈၇) တို့ရဲ့ ပုဂံခေတ် နှောင်းပိုင်း ကာလများပါ။ ၁၃ ရာစု သမိုင်းတွေမှာ ပြင်သစ် အင်္ဂလန် ပုဂံ ဘာမှ မကွာလှတာတွေကို အခုနေများ ကျောင်းပြန်တက်ခွင့်ရရင် သမိုင်းမေဂျာယူပြီး လေ့လာချင်မိရပါသေးတယ်။ တပွဲတိုးအလွတ်ဘိုင်ဟတ်ထ်ကျက် အမှတ် လေးဆယ်ကျော်နဲ့ ကပ်ပြီးအောင်မှတ်ရခဲ့တဲ့ သမိုင်းဆရာ မောင်ရင်ငတေ ပြင်သစ်သမိုင်းကို ဆက်လို့ ရေးပါအုံးမယ်ခင်ဗျာ။

• မှတ်ချက်
ဒီနေရာမှာ တခုသတိပြုစေချင်တာကတော့ ခုနှစ်သက္ကရာဇ်များပါ။ မောင်ရင်ငတေ မှတ်သားထားတဲ့အတိုင်း ဖော်ပြထား တာပါ။ သမိုင်းမှတ်တမ်း အင်တာနက် စာမျက်နှာ အမျိုးမျိုး စာအုပ်စာတမ်းအမျိုးမျိုးမှာ ဘာသာစကား အမျိုးမျိုးနဲ့ ကိန်းဂဏန်းတွေကို မှတ်တမ်းတင်ထားတာ အမျိုးမျိုး ကွဲပြားနေပါတယ်။ အနီးစပ်ဆုံးတွေကိုသာ ရယူထားတာပါ။ ဓါတ်ပုံများကတော့ (Photos By Google) ဖြစ်ကြောင်းပါ။ အမှားများပါရှိပါက ပြင်ပေးကြစေလိုပါတယ်။ ကျေးဇူးအထူး တင်ပါတယ်။ပြင်သစ် လူဝီဘုရင်များ တတိယပိုင်းကို ဆက်လက်ရေးဖို့ ကြိုးစားနေဆဲပါ။

မောင်ရင်ငတေ ၃၀၀၅၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်