စံလှကြီး – ကျောင်းဆရာများ၏ အောင်နိုင်သောစစ်ပွဲများနှင့် အလုပ်ကြမ်းသမား ဘုရင်ကြီး

June 1, 2015

– ကျောင်းဆရာများ၏ အောင်နိုင်သောစစ်ပွဲများနှင့် အလုပ်ကြမ်းသမား ဘုရင်ကြီး
(မိုးမခ) ဇွန် ၁၊ ၂၀၁၅

မနက် အရုဏ်တက်ချိန်ကတည်းက အချိန်ကြာမြင့်စွာ မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့သောစစ်ပွဲကြီးကား ပြီးခဲ့ချေပြီ။ စစ်မြေ ပြင်တခုလုံးလည်း ယမ်းခိုး ယမ်းငွေ့တို့ဖြင့် ပြည့်နှက်နေ၏။ ယမ်းခိုး ယမ်းငွေ့များပြယ်သွားသောနေရာများတွင် ကျဆုံးနေကြ သော စစ်သည်တို့၏ခန္ဓာကိုယ်များသည် ရုပ်ပျက်ဆင်းပျက် ပြန့်ကျဲလျက်ရှိသည်။ လူသေကောင်များနှင့်အတူ အမြောက်များ သေနတ်များသည်လည်း ပြန့်ကျဲလျက် ၏ရှိသည်။ စစ်ပွဲတွင် ပရပ်ရှား ၏စစ်သည်များ မရှုမလှ အတုံးအရုံးကျဆုံးကာ အရေး နိမ့်ခဲ့ရသောပွဲပေတည်း။

ဤမြင်ကွင်းကား ဂျေးနားတိုက်ပွဲ ခေါ် အော်စတာလစ် (Auerstadt) စစ်ပွဲ အပြီးတွင် မြင်ရသော စစ်ကန့်လန့်ကာအဖွင့် မြင်ကွင်း ဖြစ်ပေသည်။

အချိန်ကား ငါ၏ခွန်အားတန်ခိုးများကို ထင်ရှားကြည့်ကြဟု ပြောဘိသည့်အလား ပြင်သစ်ဘုရင် နပိုလီယံ ဥရောပတိုက် တခုလုံးကို လက်ခမောင်းခတ်ပြနေသောအချိန်ဖြစ်သည်။ သူကား ထူးဆန်းစွာ သမ္မတနိုင်ငံမှ သက်ဦးဆံပိုင်ဘုရင်ဧကရာဇ် ဖြစ်ပေသည်။ လက်ခမောင်းခတ်ပြနိုင်လောက်အောင်လည်း သူ၏ ထူးချွန်သောအရည်အသွေးများ ရှိပေသည်။ မှတ်ဉာဏ် အလွန်ကောင်းခြင်း၊ စစ်ရေးထူးချွန်ခြင်း၊ တနေ့လျှင် ပျမ်းမျှ ၁၈ နာရီခန့် မနေမနား အလုပ်လုပ်နိုင်ခြင်း၊ အမြောက် သေ နတ်သံများဆူညံနေသည့် တိုက်ပွဲအလယ်တွင် နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်း၊ နာရီဝက်ခန့်အိပ်စက်ပြီးသည်နှင့် နောက်ထပ် နာရီပေါင်းများစွာ အလုပ်လုပ်နိုင်ခြင်း၊ တိုက်ပွဲ၏ အန္တရာယ်အများဆုံးနေရာကို ကိုယ်တိုင်ဆင်း၍ကွပ်ကဲခြင်း စသည့်တို့ကား သူ၏ ထူးခြားသောကိုယ်ရည်ကိုယ်သွေးများ ဖြစ်သည်။

ဗြိတိသျှရေတပ်ကြီးကကာကွယ်ထားသည့် အင်္ဂလန်ကျွန်းမှလွဲ၍ ကျန်ဥရောပတိုက်တခုလုံးကား နပိုလီယန်၏အမည်ကို ကြားသည်နှင့် ဖိန့်ဖိန့်တုန်ရပေတော့သည်။ သူ၏ ဦးဆောင်မှုဖြင့် ပြင်သစ်တပ်များသည်လည်း အောင်သံပေး ချီတက်ကာ အောင်ပွဲများယူနေကြသောအခါ ဖြစ်ပေသည်။ ပြင်သစ်တပ်များ၏ ငါတို့လာတယ် ငါတို့မြင်တယ် ငါတို့ အောင်ပွဲခံတယ် ဆိုသော စစ်ချီသီချင်းသံများကို နေရာအနှံ့ ကြားနေရသောအချိန်လည်း ဖြစ်သည်။

ပြင်သစ်ဘုရင် ပထမမြောက် နပိုလီယံသည် ပရပ်ရှားနိုင်ငံ (နောင်တွင် ဂျာမနီ) လေးအား ဝင်ရောက်တိုက်ခိုက်လေသည်။ ပရပ်ရှား အမျိုးသားတို့ကလည်း တတ်စွမ်းသမျှ ခုခံတိုက်ခိုက်ပါ၏။ သို့သော် သူတို့၏ ခေတ်နောက်ကျနေသော ပရပ်ရှား စစ်တပ်များမှာ စစ်ပါရမီထူးချွန်လွန်းသော နပိုလီယံနှင့်ပြင်သစ်တပ်များကို အရှုံးပေးကြရလေသည်။ အစွမ်းကုန်တိုက်ခိုက် အပြီးတွင် ၁၅ မိုင်ခန့်ကျယ်ဝန်းသော စစ်မျက်နှာတွင် တိုက်ပွဲ ၂ ပွဲအတွက် ပရပ်ရှားစစ်သည် ၂၄၀၀၀ ကျော် ကျဆုံးပြီး ၂၀၀၀၀ ခန့်မှာ သုံ့ပန်းအဖြစ် အဖမ်းခံရလေသည်။ ပြင်သစ်ဘုရင် နပိုလီယံသည် ပရပ်ရှားနိုင်ငံလေးကို ရက်သတ္တပတ် ၆ ပတ်မျှသော အချိန်တိုအတွင်း အောင်မြင်စွာအနိုင်ယူခဲ့ပေသည်။

ထိုကဲ့သို့ ယေးနားမြို့ပတ်ဝန်းကျင်တွင် ပရပ်ရှားစစ်သည်တို့ အတုံးအရုံး မရှုမလှ ရှုံးနိမ့်ရသည်ကို ပရပ်ရှန်း အမျိုးသားတို့က ယေးနား ကံဆိုးမိုးမှောင်ကျမှု (Disater of Jena) ဟု ခေါ်ဆိုခဲ့ကြသည်။

ထိုကဲ့သို့ နပိုလီယံက အနိုင်ယူခဲ့ခြင်းသည်ပင် နောင်အခါ ပရပ်ရှား အမျိုးသားတို့ ကြီးပွားဖို့ ဖြစ်လာခဲ့ပေသည်။ ဤအချက်ကို နပိုလီယံ ကြိုမသိခဲ့သလို သူသိလျှင်လည်း လုပ်ခဲ့မည်မဟုတ်ဟု ဆိုသည်။ ထိုကဲ့သို့ မရှုမလှ ရှုံးရသော အရှုံးသည် ပရပ်ရှန်း အမျိုးသားတို့၏ ဇာတိမာန်ကို ကျင်စက်တို့ လှုပ်နိုးသလို ဖြစ်ခဲ့ပေသည်။ အမျိုးသားပြန်လည် ရှင်သန်ထမြောက်ရေးအတွက် ဉာဏ်ပညာကို တခဲနက်အသုံးပြုဖို့ ပရပ်ရှန်းတို့က သန္နိဌာန်ချခဲ့ကြသည်။ ထို့ကြောင့် နယ်ပယ်အသီးသီးတွင် ပြုပြင် ပြောင်း လဲရေးများ လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေးလုပ်ရန်အတွက် ဖစ်ချီ (Fichte) ဟု အမည်တွင်သည့် ဘာလင်တက္ကသိုလ်သစ်၏ ပါမောက္ခက ဦးဆောင် လှုံ့ဆော်ခဲ့သည်။ သူသည် ၁၈၀၇ ခုနှစ်တွင် ဘာလင်တက္ကသိုလ်သစ်တည်ထောင်ရန် စီမံကိန်းလည်းရေးဆွဲခဲ့သည်။ ဒဿန ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

ပညာရေးတွင်တိုးတက်လာသည်နှင့်အမျှ စက်မှုနယ်ပယ်တွင်လည်း တိုးတက်လာပြီး တပ်မတော်ကြီးပါ အင်အား တောင့် တင်းလာလေသည်။ နိုင်ငံ၏ အင်အားကြီးလာသည်နှင့်အမျှ စစ်တပ်ပါလိုက်ပြီးအင်အားကြီးလာသော ပုံသေနည်း ဖြစ်ပေ သည်။

ပြုပြင်ပြောင်းလဲရေးများလုပ်သလို အစိတ်စိတ်အမွှာမွှာကွဲနေသော နောင် ဂျာမနီဖြစ်လာမည့်နယ်များ အချင်းချင်းလည်း ညီ ညွှတ်မှုရအောင် ကြိုးစားခဲ့ကြသည်။ အကြိမ်ကြိမ် ကြိုးစားသော်လည်း အလွယ်တကူကား မအောင်မြင်ခဲ့ပါ။ အင်အားကြီး နယ်နှစ်ခုအကြားတွင် ခေါင်းဆောင်နေရာလုနေရသဖြင့် ကြန့်ကြာခဲ့သည်။ ၁၈၆၆ တွင် နောင်ဂျာမနီဖြစ်လာမည့် ပြည်နယ် များစုစည်းကာ မြောက်ဂျာမန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည်။

ထိုကဲ့သို့ ပြုပြင်ပြောင်းလဲရေးများလုပ်ပြီး ၁၈၇၀ တွင် တတိယမြောက် နပိုလီယံဘုရင် (ပထမ နပိုလီယံ၏တူတော်သူ) နှင့် နောက်တကြိမ် စစ်ဖြစ်ကြပြန်သည်။ ၁၈၇၀ မတိုင်မီတွင် ပြင်သစ်နိုင်ငံမှာ ဥရောပတခွင်ဗိုလ်ဟုဆိုရမည့်အနေအထား ဖြစ် သဖြင့် ပြင်သစ်လူမျိုးတို့ကိုယ်တိုင် ဤစစ်ပွဲတွင်လည်း ပရပ်ရှားကို အလွယ်တကူအနိုင်ယူနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ တတိယမြောက် နပိုလီယံ၏ ပဲရစ်မြို့တော်တွင် ပြင်သစ်အမျိုးသားတို့က စစ်ပွဲမစမီ ဘာလင် ဘာလင်ဟု စုရုံးကြွေးကြော် ကြပြီး ဘုရင်ကိုယ်တိုင်လည်း ဘာလင်ကို အလွယ်တကူ ဗိုလ်ဝင်ခံနိုင်လိမ့်မည်ဟု စိတ်ကူးယဉ် မျှော်လင့်ခဲ့သည်။

သို့သော် မျှော်လင့်ထားသည်နှင့်ပြောင်းပြန်သာ ဖြစ်ခဲ့ရသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် ဆီးဒန်းမြို့တိုက်ပွဲ တွင် တတိယမြောက် နပိုလီယံနှင့် ပြင်သစ်စစ်သည် ၈၃၀၀၀ ကျော် အဖမ်းခံခဲ့ရပြီး လက်နက်ချခဲ့ရသည်။

အထူးခြားဆုံးမှာ လူဝီ ၁၄ လက်ထက်မှစပြီး ပြင်သစ်ဧကရာဇ်တို့စံမြန်းရာ ဗာဆိုင်းနန်းတော်တွင် ပရပ်ရှားဘုရင်အား ဂျာမနီ နိုင်ငံတော်ကြီး၏ ဘုရင်အဖြစ် ရာဇဘိသေက ခံယူနိုင်ခဲ့ခြင်းဖြစ်သည်။ (စကားချပ် ဤသည်မှာ ဂျာမနီဝန်ကြီးချုပ် ဗစ်စမတ် (Bismarck) ၏အမှားပင် ဖြစ်သည်။ အဓိကအမှားမှာ စစ်ရှုံးသောသူများအား အရှက်ရ၍ အခံရခက်စေရန် ပြုမူခဲ့သည်။ ကိုယ့်လိုပင် မာနကြီးသောအရှုံးသမားများအား အရှက်ခွဲခြင်းဖြင့် နောင်တွင် ကမ္ဘာစစ်ကြီးများဖြစ်လာသည်အထိ ပြင်းထန်ခဲ့ သည်။ ကိုယ့်ကိုမယှဉ်နိုင်တော့၍ ရှုံးနိမ့်သွားသူများအား ထပ်ပြီးအရှက်မခွဲခြင်းဖြင့် ကိုယ်သာလျှင် ပို၍ ကြီးမြတ်သူဖြစ်သည် ဆိုသောအချက်ကို မပြနိုင်ခဲ့ပေ။)

ထိုအချိန်မှစပြီး ဥရောပနှင့် ကမ္ဘာ့စင်မြင့်တွင် ဂျာမနီဟူ၍ နိုင်ငံကြီးတနိုင်ငံအဖြစ် တထီးတနန်းနှင့် ခမ်းခမ်းနားနား ရပ်တည် နိုင်လေတော့သည်။ ထို ပြင်သစ် ပရပ်ရှားစစ်ပွဲကို သမိုင်းဆရာအချို့က “ပရပ်ရှန်း ကျောင်းဆရာများ၏အောင်ပွဲ” ဟု အမည် ပေးကြလေသည်။ “Victory of Prussian Schoolmasters” ဆိုပါတော့။ အလွန်လှပပြီး အဓိပ္ပါယ်ရှိသည့်စကားလုံးလေး ဖြစ်ပါသည်။ ပညာရေးစနစ်ပြင်လိုက်သည့်အတွက် လူတွေ စည်းကမ်းရှိလာခြင်း၊ ဉာဏ်ပညာထက်မြက်လာခြင်း၊ ကိုယ့်တာ ဝန် ကိုယ်သိလာခြင်း စသည့်အကျိုးကျေးဇူးများဖြင့် ရန်သူကို အနိုင်တိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ဂျာမနီနိုင်ငံအနေဖြင့် အများသိကြသည့်အတိုင်း ကမ္ဘာစစ်ကြီးနှစ်ခုတွင် အရှုံးနှင့် ရင်ဆိုင်ရပြီး ပြာပုံဖြစ်ခဲ့ဖူးသည်။ ပြာပုံဖြစ်သော်လည်း သူတို့က မမှုပေ။ နှစ်အနည်းငယ်အတွင်း ပြန်လည်ခေါင်းထောင်လာကာ ကမ္ဘာ့အင်အားကြီးနိုင်ငံတခု အဖြစ်သို့ရောက်လာမြဲသာ ဖြစ်သည်။ ဒဏ္ဍာရီပုံပြင်ထဲမှ ဖီးနစ်ဌက်လို မီးပုံထဲမှ တဖန်ပြန်လည်ရှင်သန်လာလေ့ရှိသည့် တိုင်းပြည်နှင့်လူမျိုး ဖြစ်ပေသည်။ အဘယ်ကြောင့်နည်း။ တမျိုးသားလုံး ဉာဏ်ပညာမြင့်မားအောင် ပျိုးထောင်ထားပြီးသား ဖြစ်သဖြင့် အခက်အခဲကြုံသော်လည်း ပညာဉာဏ်ကိုသုံးကာ ပြန်ကြီးပွားလာခဲ့သည်သာ ဖြစ်သည်။

ဂျာမနီနိုင်ငံနှင့် ဖြစ်စဉ်ချင်း အနည်းငယ်ဆင်တူသည်မှာ အာရှတိုက်မှ ဂျပန်နိုင်ငံ ဖြစ်သည်။ ဂျပန်နိုင်ငံလည်း ကျန်အာရှတိုက် နိုင်ငံများနည်းတူ စက်မှုနှင့်ပညာရေးဘက်တွင် အိပ်မောကျနေရာမှ အမေရိကန်စစ်သဘောင်္များက တံခါးဖွင့်ခိုင်းသဖြင့် ဖွင့် ပေးရခဲ့သည်။ ဂျပန်အမျိုးသားတို့လည်း အိပ်ပျော်ရာမှလန့်နိုးလာကာ ၁၈၇၀ လောက်တွင် ပညာရေးအတွက် အားသွန်ခွန် စိုက် ပြုပြင်သည်။ ဘာမှမရှိသေးသဖြင့် ပညာတတ်တွေ အများကြီးမွေးထုတ်ရသည်။ ထိုပညာတတ်များမှတဆင့် စက်မှု လက်မှု လုပ်ငန်းတွေ သိပ္ပံပညာ သုတေသနတွေ တည်ထောင်သည်။ တိုင်းပြည်လည်း စက်မှုနိုင်ငံကြီး ဖြစ်လာခဲ့သည်။

၁၉၀၅ ခုနှစ်တွင် ဥရောပအင်အားကြီး ရုရှနိုင်ငံနှင့်စစ်ဖြစ်သောအခါ အနိုင်ရခဲ့သည်။ ထိုကဲ့သို့အနိုင်ရခြင်းသည် ပညာရေးတွင် ဂျပန်သည် တခဲနက် ရင်းနှီးမြှုပ်နှံခဲ့သောကြောင့်ဟု သမိုင်းပညာရှင်များက မှတ်ချက်ချခဲ့သည်။ Massive investment in Education ဟု အမည် ပေးခဲ့သည်ဟု ဆိုသည်။ ဂျပန်နှင့် ဂျာမနီတို့မှာ ဖြစ်ရပ်ချင်း ဆင်တူသလို ဖြစ်နေသည်။

ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးပြီး တိုင်းပြည် ပြာပုံဖြစ်သွားရပုံချင်းလည်း တူသည်။ ထို့အတူ ပြာပုံဘဝမှ ပြန်ပြီး ကြီးပွားတိုး တက်လာပုံချင်းလည်း ဆင်တူသလို ရှိသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်သို့ ၁၉၇၇ ခန့်က သွားရောက်လေ့လာခဲ့ရာ ဂျပန်ပညာရှင်များက “၁၉၄၅ ခုနှစ်ကဆို ကျွန်တော်တို့က ပြာပုံပဲ။ ဘာမှမကျန်ဘူး။ ကျောင်းအဆောက်အဦးတောင် မကျန် ပါဘူးဗျာ။ ဒါပေမယ့် ကျန်နေတာကတော့ ဆရာနဲ့ကျောင်းသားတွေ ကျန်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီလူတွေနဲ့ တိုင်းပြည်ကို ပြန်တည်ထောင်ခဲ့ပါတယ်။ အခုတော့ ထိပ်တန်းနိုင်ငံဖြစ်လာပြီး ဘယ်သူမှ ဖြတ်သန်းမသွားလာဖူးသေးတဲ့ ပညာရေး သမုဒ္ဒ ရာကြီးထဲကို ဂျပန်စဝင်နေပြီ။ Japan enters the uncharted ocean of Education” ဟု ပြောခဲ့သည်ဟု ဆိုသည်။

တိုင်းပြည်တခုလုံး ပြာပုံဘဝမှ ပြန်ပြီးကြီးပွားအောင် ပညာရေးဖြင့်လုပ်နိုင်ခဲ့သည်မှာ အားကျစရာကောင်းလှပါသည်။ ပညာ ဉာဏ်ကြီးသူများသည် လူတဦးချင်းဖြစ်စေ လူမျိုးအလိုက်ဖြစ်စေ ကြီးပွားရန်လမ်းစကို အလွယ်တကူ ရှာနိုင်ကြသည်သာ ဖြစ်သည်။ ဤအချက်နှင့်ပတ်သက်ပြီး သင်ခန်းစာပေးသော ပုံပြင်လေးတပုဒ်ကို ဖတ်ခဲ့ဖူးသည်။

တခါက ကုဋေရှစ်ဆယ်ကြွယ်ဝသောသူဌေးကြီးတွင် သားသုံးယောက်ရှိသည်။ သားများအရွယ်ရောက်လာသောအခါ သူ ဌေးကြီးက အမွေခွဲပေးရမည်ဖြစ်သဖြင့် သားများ၏အရည်အသွေးကို စမ်းသပ်သည်။ တနေ့မှာ သားသုံးယောက်ကိုခေါ်ပြီး သူတို့အိမ်က ခွေးမကြီး သားပေါက် မပေါက် ကြည့်ခိုင်းလေသည်။ သားအကြီးဆုံးက သွားကြည့် ပြန်လာပြီး “သားပေါက်ပြီ အဖေ” ဟုသာ ပြောနိုင်သည်။ သားအလတ်ကတော့ “မွေးပြီ ခြောက်ကောင်တောင်အဖေ” ဟုသာ ပြောနိုင်သည်။ နောက် ဆုံးမှရောက်လာသော သားငယ်ကတော့ ခြောက်ကောင်ဟုအရေအတွက် အတိအကျသာမက အထီး ဘယ်နှစ်ကောင် အမ ဘယ်နှစ်ကောင်ဆိုတာရော အရောင်တွေရော သေသေချာချာ စုံစုံလင်လင် ပြောနိုင်လေသည်။ နောက်ပိုင်း ဆက်စောင့် ကြည့်တော့လဲ သားငယ်လေးကသာ ပညာဉာဏ် အကြီးဆုံးဖြစ်ကြောင်း သိလာရသည်။ ဒီတော့ သူဌေးကြီးက သားအကြီး နှစ်ယောက်ကိုသာ အမွေခွဲပေးပြီး သားငယ်ကို တပြားမှမပေး။ ဒီတော့မှ အံ့သြကြသည့်လူတွေကို သူဌေးကြီးက ရှင်းပြသည်။

သူဌေးကြီးက “သားအငယ်ဆုံးက ဉာဏ်ပညာ အရည်အချင်းနဲ့ ပြည့်စုံတယ်။ ဒီတော့ အမွေရသည်ဖြစ်စေ မရသည်ဖြစ်စေ လောကမှာ သူ့အား သူကိုးပြီး ကြီးပွားမှာသေချာတယ်။ အကြီးနှစ်ယောက်ကတော့ နလပိန်းတုံးတွေဆိုတော့ အမွေလေးမှ မရရင် ဒုက္ခရောက်ကြမှာ။ ဒါကြောင့် သူတို့ကိုခွဲပေးရတာ။ သားအငယ်ကတော့ ငါ့ဉာဏ်ပညာကိုပဲအားကိုးရမယ် ဘာမှ အားကိုးစရာမရှိဘူးဆိုတဲ့ အသိတရားရှိရင် ရပြီ။ အမွေပေးလိုက်ရင် သူ့ဉာဏ်ပညာတောင် တုံးသွားနိုင်လို့ မပေးတာ” ဟု ရှင်းပြလေသည်။ (ဤပုံပြင်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးသော ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ စာ အုပ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

ပညာဉာဏ်ကြီးသူသည် ကြီးပွားရန်လမ်းစကိုရှာပြီး ကိုယ့်ကိုယ်ကိုတိုးတတ်အောင် လုပ်နိုင်စမြဲဟူသောသင်ခန်းစာကို ပေး ခြင်း ဖြစ်သည်။ ဤသင်ခန်းစာ မှန် မမှန်ဆိုသည်ကိုတော့ ပြာပုံဖြစ်ပြီးမှ ပြန်ပြီး ကြီးပွားချမ်းသာလာသော ဂျာမနီ ဂျပန်တို့ကို ကြည့်လျှင် သိသာပေသည်။

ဂျာမနီတို့ ဂျပန်တို့က သမိုင်းက သင်ခန်းစာပေးလိုက်သည့်အတွက် တမျိုးသားလုံး တက်တက်ကြွကြွကြိုးစားကာ တိုးတက် လာသောနိုင်ငံတွေ ဖြစ်သည်။ တချို့နိုင်ငံကျတော့ တမျိုးသားလုံးက တက်တက်ကြွကြွမရှိ။ သို့သော် အမြင်ကျယ်သော ခေါင်းဆောင်၏ ဦးဆောင်မှုဖြင့် တိုးတက်လာသော တိုင်းပြည်တွေလည်း ရှိသည်။ အထူးခြားဆုံးမှာ ရုရှနိုင်ငံ ဖြစ်သည်။ ရုရှ နိုင်ငံ၏ဥပမာကလည်း မြန်မာတို့အဖို့ ယူတတ်လျှင် ရနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ရုရှနိုင်ငံကလည်း ခေတ်နောက်ကျနေရာမှ ပညာတတ်များကို အရင်မွေးကာ စက်မှုနိုင်ငံကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ၁၉၅၆-၅၇ ခုနှစ်လောက်တွင် မန္တလေးကောလိပ်မှ မန္တလေးတက္ကသိုလ်အဖြစ်သို့ အဆင့်မြှင့် တော့မည်ဖြစ်၍ ကမ္ဘာအရပ်ရပ်မှ ပညာကျော် ပါမောက္ခကြီးများကို မန္တလေးသို့ဖိတ်ကာ ဟောပြောပွဲများလုပ်စေခဲ့သည်ဟု ဆိုသည်။ ဟောပြောပွဲတွင် ဗြိတိသျှပါမောက္ခကြီးတဦးက “ခင်ဗျားတို့နိုင်ငံက ဗြိတိသျှလက်အောက်မှာနေခဲ့ဖူးပေမယ့် ပညာ ရေးစနစ်မှာတော့ အင်္ဂလိပ်ကိုအတုမခိုးပါနဲ့။ ကျုပ်တို့ပညာရေးစနစ်က ကျုပ်တို့သမိုင်းအရ Evolution နဲ့ဖြစ်လာတဲ့အတွက် အလွန်ရှုပ်ထွေး ခက်ခဲပါတယ်။ ခင်ဗျားတို့နိုင်ငံနဲ့ သိပ်မဆီလျော်ဘူးလို့ ထင်ပါတယ်။ ခင်ဗျားတို့နိုင်ငံအတွက်က ကျနော့် အမြင်အရ ရုရှပညာရေးစနစ်မျိုးနဲ့ဆိုရင် ပိုဆီလျော်မယ်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။  သူ့အမြင်ကို ပြော ခြင်းဖြစ်ပေမယ့် ပြောလိုရင်းကတော့ ဘာမှမရှိတဲ့နိုင်ငံမှာ လူ တနည်းအားဖြင့် ပညာတတ်သောလူတွေ မွေးထုတ်ရမည် ဆိုသည့်သဘော ဖြစ်သည်။

ရုရှနိုင်ငံသမိုင်းကို ပြန်ဖတ်ကြည့်တော့ အနောက်ဥရောပထက် နှစ်ပေါင်း ၂၀၀ ခန့် ခေတ်နောက်ကျပြီး ကျန်နေခဲ့ရာက အ မြင်ကျယ်သောခေါင်းဆောင်တဦးတည်းက ဆွဲတင်ခဲ့ခြင်းဖြစ်သည်ဟု စိတ်ဝင်စားဖွယ် တွေ့ရပေသည်။

ရုရှနိုင်ငံသည်လည်း ၁၇ ရာစုအထိ အနောက် ဥရောပနိုင်ငံများနှင့်ယှဉ်လျှင် အလွန်ခေတ်နောက်ကျသောနိုင်ငံ ဖြစ်သည်။ သချာင်္နှင့် သိပ္ပံပညာများကိုလည်း လုံးဝမသိပဲ အလကားအရာတွေဟု ထင်ခဲ့ကြသည် ဆိုသည်။ ကံအားလျော်စွာပင် နိုင်ငံကို ခေတ်နောက်ကျသောအဖြစ်မှဆွဲတင်နိုင်မည့်ခေါင်းဆောင်တဦး ပေါ်ထွန်းလာခဲ့ပေသည်။ သူကား သမိုင်းတွင် ထင်ရှားခဲ့ သည့် မဟာပီတာ (Peter The Great) ဖြစ်သည်။

ပီတာသည် ရုရှ ဇာဘုရင် အလက်ဆစ် မီဟိုင်းလိုဗစ်၏ သားတော်ဖြစ်၍ ၁၆၉၆ ခုနှစ်တွင် ရုရှနိုင်ငံ၏ တပါးတည်းသော ဘုရင်ဧကရာဇ် ဖြစ်လာသည်။ အရပ် ၆ ပေ ၈ လက်မရှိပြီး (အချို့စာတွင် ၆ ပေ ၆ လက်မ) ခွန်အား အလွန်ကြီးသည်။ မြင်း သံခွာကိုပင် လက်ချည်းသက်သက်ဖြင့် ချိုးဖဲ့နိုင်သည်ဟုပင် အဆိုရှိသည်။ ရုပ်ရည် လှပချောမောခြင်း၊ ဉာဏ်ရည် ထက်မြက် ခြင်း၊ ပညာရပ်အသစ်များကို အချိန်တိုအတွင်း နားလည်တတ်မြောက်နိုင်ခြင်း၊ သိလို တတ်လိုစိတ် အလွန်ပြင်းထန်ခြင်း စသည့် အရည်အသွေးများကား မဟာပီတာ၏ ဒဏ္ဍာရီဆန်သော စိတ်ကူးယဉ်စရာအချက်များ ဖြစ်သည်။

၁၆၉၇ တွင် ရုရှနိုင်ငံမှ လူ ၂၅၀ ခန့်ပါသော ကြီးမားလှသည့်သံအဖွဲ့ကြီးသည် အနောက်ဥရောပသို့ လေ့လာရေးခရီး ထွက် လာလေသည်။ ထူးခြားသည်က ထိုသံအဖွဲ့ကြီးတွင် ဘုရင်ဧကရာဇ် မဟာပီတာကိုယ်တိုင် ပါဝင်လိုက်ပါလာသည်။ ပို၍ ထူးခြားသည်က ဘုရင်ဧကရာဇ်အဖြစ် ပေါ်ပေါ်ထင်ထင် လိုက်ပါလာခြင်း မဟုတ်ပေ။ ပီတာသည် သူ့ကိုယ်သူ ပြော့မိခေ လာ့ဗ် (Pyotr Mikhaylv) ဟု နာမည်ဝှက်ပေးကာ မထင်မရှားအဖွဲ့ဝင်တဦးအဖြစ် လိုက်ပါလာလေသည်။ သူလေ့လာချင် ကြည့်ရှုချင်သည်တို့ကို လွတ်လွတ်လပ်လပ် လေ့လာနိုင်ရန် မထင်မရှားအသွင်ဖြင့် လိုက်ပါလာခြင်း ဖြစ်သည်။

ဤတချက်နှင့်ပင် မဟာပီတာကို ချီးကျူးစရာကောင်းပေသည်။ သူ့နေရာတွင် အခြားဘုရင်သာဆိုလျှင် သံအဖွဲမှူး အ မတ်ကြီး စသည်တို့ကိုသာ တာဝန်ပေးလွှတ်လိုက်ပြီး ကိုယ်တိုင်လိုက်လာမည် မဟုတ်ပေ။ လိုက်လာလျှင်လည်း ဘုရင် အဖြစ်နှင့်သာ ထင်ထင်ပေါ်ပေါ် လိုက်လာပေလိမ့်မည်။ ဒီလိုလိုက်လာရင်လည်း တိုင်းပြည်အတွက် လွတ်လွတ်လပ်လပ် လေ့လာခွင့်ရမည် မဟုတ်တော့ပေ။ ဘုရင်ဧကရာဇ်ပါလာသဖြင့် အခြားနိုင်ငံများကလည်း ဧည့်ခံပွဲများ ထမင်းပွဲကြီးများနှင့်  ခမ်းခမ်းနားနား ကြိုဆိုကြပေတော့မည်။ ဒီတော့ ဘုရင်မင်းမြတ်ကလည်း လိုအပ်သည်များကိုမှာစားပြီး ပိုလျှံသည်များကို ထုပ်ပိုးကာ ပြည်တော်ပြန်ဖို့သာ ကျန်တော့မည်။ တိုင်းပြည်အတွက် ဘာသင်ခန်းစာမှပါလာမည်မဟုတ်တော့။

မဟာပီတာသည် သူ့ကို အလွန်အကျူး မြှောက်ပင့်ခြင်း သူ့ရှေ့တွင် ဒူးထောက်ခစားခြင်း ရှိခိုးသကဲ့သို့အမူအရာများ ပြုလုပ် ကာ လိမ်ညာခြင်းများကို လုံးဝမနှစ်သက်ဟု ဆိုသည်။ အမြှောက်မကြိုက်သည့် ရှားပါးသောဘုရင်ဖြစ်ပေသည်။

နောက်တချက်မှာ မဟာပီတာသည် ဤကဲ့သို့ တိုင်းပြည်တိုးတတ်ရေးအတွက် အရေးကြီးသောလေ့လာရေးခရီးတွင် ကိုယ် တိုင်လေ့လာမှဖြစ်မည်ဟု ခံယူထားသည်မှာ သေချာသည်။ သူကိုယ်တိုင်လည်း ဒီလိုအရေးကြီးသောကိစ္စတွင် ကိုယ်တိုင် နားမလည်ပဲ သူများအပြောကို ယုံချင်ဟန်မရှိတာကို တွေ့ရသည်။ မှန်တော့လည်း မှန်သည်။ ဘုရင်ကိုခစားသည့် အမတ် တွေ ပညာရှိတွေကလည်း အရာခပ်သိမ်း ယုံလို့ရတာမျိုး မဟုတ်ပေ။ “ငါ၏ထံပါး မြဲခစားတဲ့ အမတ်ကဝိ ပညာရှိတို့” ဟု စကားစလိုက်သည်နှင့် “ရွှေဘုန်းတော် တိုးပါလို့ ငွေမိုးတွေရွာ နိုင်ငံတော် ပြည်အရေးက သာလှတယ်လေး” ဟု သတင်းမှား တွေ ပေးမည့် ညာမည့် အမတ်တွေကလည်း ခေတ်တိုင်း စနစ်တိုင်းတွင် ရှိခဲ့သည်ပဲ။

မဟာပီတာသည် ဤသို့ မထင်မရှားအသွင်ဖြင့် လိုက်ပါလာရင်းပင် ဒတ်ခ်ျအရှေ့အိန္ဒိယ ကုမ္ပဏီ၏သဘောင်္ကျင်းတွင် လက် သမားအဖြစ် ဝင်အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။ အင်္ဂလန်ရေတပ်မတော်၏ သဘောင်္ကျင်းတွင်လည်း ဝင်အလုပ်လုပ်ခဲ့သည်။ စက်ရုံများ စာသင်ကျောင်းများ ပြတိုက်များ လက်နက်တိုက်များကိုလည်း ကြုံတိုင်း ဝင်ကြည့်ပြီး လေ့လာသည်။ အင်္ဂလန်တွင် ပါလီမန်ဆွေးနွေးပွဲများကိုပင် ဝင်ပြီးနားထောင်ခဲ့သည်။ နာရီတီထွင်ထုတ်လုပ်သည့်လုပ်ငန်းကိုပင် ဝင်ရောက်လေ့လာခဲ့ သည်ဟု ဆိုသည်။ သူ့နိုင်ငံ တိုးတတ်ရေးအတွက် လေ့လာရန် ဘုရင်တပါး၏ ရာဇမာန်ကိုချကာ မထင်မရှားအသွင်ဖြင့် ဝင် ပြီး အလုပ်လုပ်ခဲ့ခြင်းကား အမှန်ပင် အံ့သြစရာ ဖြစ်သည်။ အလုပ်လုပ်သည်မှာလည်း တကယ့်အလုပ်သမားတယောက်လို ပင် ပီပီပြင်ပြင် လုပ်ကိုင်ပြီး အားလုံးကို လေ့လာခဲ့လေသည်။

နောက်တစ်နှစ်အကြာ ၁၆၉၈ တွင် ရုရှနိုင်ငံသို့ ပြန်လာခဲ့သည်။ သူနှင့်အတူ အနောက်တိုင်းမှ ကျွမ်းကျင် ပညာရှင်များနှင့် အင်ဂျင်နီယာများကိုပါ တပါတည်း ခေါ်ဆောင်လာခဲ့သည်။ ပညာရပ်နယ်ပယ် အသီးသီးအတွက် ပညာရှင် ၆၀ ကျော်ခန့် ပါလာသည်ဟု ဆိုသည်။ အောက်စဖို့ဒ် (Oxford) တက္ကသိုလ်မှ ပညာရှင်များ၏ အကူအညီဖြင့် ရုရှနိုင်ငံ၏ ပထမဆုံးသော သိပ္ပံနှင့် ရေကြောင်းပညာ တက္ကသိုလ်ကိုလည်း ၁၇၀၁ ခုနှစ်တွင် တည်ထောင်သည်။

မဟာပီတာ၏ ပြုပြင်ပြောင်းလဲရေးများကြောင့် နောက်ပိုင်းတွင် ရုရှနိုင်ငံ စက်မှုနိုင်ငံကြီး ဖြစ်လာခဲ့ခြင်းတွင် အရေးအကြီးဆုံး အချက်မှာ ဘုရင်ကြီး ကိုယ်တိုင် အနောက်တိုင်းတွင် ပညာသင်လေ့လာခဲ့သောအချက်က အဓိက ဖြစ်ပါသည်။ သူကိုယ်တိုင် လေ့လာခဲ့သူဖြစ်သဖြင့် အနောက်နိုင်ငံများ၏အားသာချက်များ သူ့နိုင်ငံ၏ အားနည်းချက်များကို ကောင်းစွာသိသည်။ သူ များအပြောဖြင့် လုပ်ရသူမဟုတ်ပေ။ ထိုသို့ မဟုတ်ပါက အောင်မြင်ရန်မလွယ်ကူပါ။

မဟာပီတာသည် နိုင်ငံခေတ်မီရေးအတွက် အဆင့်မီသောတက္ကသိုလ်များနှင့် ကျောင်းများကို အများအပြားတည်ထောင် ပေးပြီး ပညာထူးချွန်သူလူငယ်များကို အနောက်ဥရောပသို့ ပညာတော်သင်စေလွှတ်ပေးသည်။ ပထမဆုံး ရုရှသတင်းစာကို ထုတ်ဝေခဲ့ပြီး သူကိုယ်တိုင် အယ်ဒီတာလုပ်သည်သာမက များပြားလှသောတာဝန်များကြားမှပင် ပညာရေးနှင့်ဆိုင်သော ကျောင်းသုံးစာအုပ် အမြောက်အများထုတ်ဝေသည့်လုပ်ငန်းကိုလည်း ကြီးကြပ်ခဲ့သေးသည်။ မဟာပီတာကား သူ့နိုင်ငံအ တွင်းရှိ လူအားလုံးထက် နှစ်ပေါင်း ၂၀၀ ခန့် ခေတ်ရှေ့ရောက်နေခဲ့သူ ဖြစ်သည်ဟု အဆိုရှိသည်။

ပြုပြင်ပြောင်းလဲရသည်များကတော့ မလွယ်လှပါ။ သူက လူအားလုံးထက် အလွန်ရှေ့ရောက်နေသဖြင့် သူ၏ ပြုပြင်ရေး များကို အတော် ဆန့်ကျင်ကြသည်ဟု ဆိုသည်။ မဟာပီတာကလည်း ဘယ်သူ ဆန့်ကျင် ဆန့်ကျင် ပြုပြင်ပြောင်းလဲရေးများကို ဇွတ်လုပ်လေသည်။ ခေတ်ကြီးကို အတင်းပြောင်းမည်ဆိုသောဘုရင်ကြီး ဖြစ်ပေသည်။(ခေတ်ကြီးကို အတင်းပြောင်းမည် ဆိုသောဆောင်ပုဒ်မှာ ဆရာ မြို့မမောင်၏ဆောင်ပုဒ်ဟု သိရပါသည်။)

မဟာပီတာသည် ရုရှနိုင်ငံအတွက် ခေတ်ကြီးကို အတင်းပြောင်းခဲ့ရာတွင် ဆန့်ကျင်ဘက်ပြုသူတို့ကို အပြင်းအထန် နှိပ်ကွပ် သဖြင့် ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကျော်ခဲ့ပါသည်။ စင်းလုံးချော ကောင်းမွန်သည်ဟုတော့ မဆိုနိုင်ပါ။ သို့သော် သူ့နိုင်ငံအတွက် ပညာရေးပြုပြင်ပြောင်းလဲပေးခဲ့ခြင်း အခြေခံကောင်းများ ချထားခဲ့ခြင်းနိုင်ငံအတွက် အလုပ်ကြမ်းလုပ်ကာ လေ့လာသင်ယူခဲ့ခြင်းတို့ကတော့ ချီးကျူးစရာ ဖြစ်ပါသည်။ တခြားသော အုပ်ချုပ်ရေးနှင့် စစ်ရေးတွင် ပြုပြင်ပြောင်းလဲခြင်း များလည်း ရှိခဲ့ပါသည်။ နတ်ရွာမစံလျှင် အာရှဘက်ကိုပင် ဝင်တိုက်ရန် စိတ်ကူးရှိသည်ဟု ဆိုသည်။

မဟာပီတာဟူသော တက်မကိုင် ပဲ့ကိုင်သည့် ခေါင်းဆောင်တယောက်သာ မပေါ်ထွန်းခဲ့ပါက ရုရှနိုင်ငံသည် စက်မှုနှင့် ပညာ ရေးတွင် အင်အားကြီးသော နိုင်ငံကြီးတနိုင်ငံ ဖြစ်မလာနိုင်ဆိုသည့်အချက်ကိုတော့ ကမ္ဘာ့သမိုင်းပညာရှင်အားလုံးက တညီ တညွတ်တည်း လက်ခံကြလေသည်။ သမိုင်းက ခေါင်းဆောင်ကိုမွေးထုတ်စမြဲဖြစ်သည်ဆိုပေမယ့် ပီတာကတော့ သမိုင်းကို ပြောင်းလဲခဲ့သည့်ခေါင်းဆောင် ဖြစ်ပေသည်။

ထို့ကြောင့်ပင် ရုရှ ဆီးနိတ်လွှတ်တော်က ပီတာကို မဟာပီတာ (Peter The Great) ဟူသော ဘွဲ့ကို ထိုက်ထိုက်တန်တန် အပ်နှင်းခဲ့ရလေသည်။ သူကား ဤဘွဲနှင့် အမှန်လည်း ထိုက်တန်သူပါတည်း။

ဤသည်မှာ ပညာရေးတွင် ခေတ်နောက်ကျ ကျန်နေရစ်သော ဂျာမနီ ဂျပန်နှင့် ရုရှနိုင်ငံတို့ ပြုပြင် ပြောင်းလဲရေးများ လုပ်ပြီး တိုးတတ်လာပုံ ဖြစ်ပါသည်။ ထို့အတူ ယနေ့အချိန်တွင် ပတ်ဝန်းကျင်နိုင်ငံများထက် ပညာရေးတွင် နောက်ကျ ကျန်နေရစ် သော အမိမြန်မာနိုင်ငံအတွက်မူ ဂျာမနီနှင့် ဂျပန် အမျိုးသားတို့၏ တမျိုးသားလုံး တက်ကြွမှုမျိုး လိုအပ်သည်သာမက မဟာ ပီတာ (Peter The Great) ကဲ့သို့သော အတုယူစရာ တက်မကိုင်နိုင်သည့် ခေါင်းဆောင်မျိုးသည်လည်း လိုအပ်လှပါကြောင်း။

• ကိုးကား
ပညာရဲ့သဘော (တက္ကသိုလ်ဘုန်းနိုင်)
ကျော်စွာ ၁၀၀ (ဒေါက်တာသန်းထွန်း-မြန်မာပြန်)
မြန်မာ့စွယ်စုံကျမ်း
Glimpses of World History (Jawaharlal Nehru)
100 Great Kings,Queens and Rulers Of The World (John Canning)
Encyclopedia Britannica 2014
(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

4 Responses to စံလှကြီး – ကျောင်းဆရာများ၏ အောင်နိုင်သောစစ်ပွဲများနှင့် အလုပ်ကြမ်းသမား ဘုရင်ကြီး

  1. Khin Maung Saw on June 2, 2015 at 2:20 am

    Yes, Japanese are named “die Preussen Asiens” (the Prussians of Asia) by Germans.

    • San Hla Gyi on June 3, 2015 at 7:41 pm

      Thank you very much for your information and supporting comment, Uncle Khin Maung Saw.

  2. Dr. Maung Maung Gyi on June 3, 2015 at 2:12 am

    ကိုစံလှကြီးရေးတဲ့
    အထူးခြားဆုံးမှာ လူဝီ ၁၄ လက်ထက်မှစပြီး ပြင်သစ်ဧကရာဇ်တို့စံမြန်းရာ ဗာဆိုင်းနန်းတော်တွင် ပရပ်ရှားဘုရင်အား ဂျာမနီ နိုင်ငံတော်ကြီး၏ ဘုရင်အဖြစ် ရာဇဘိသေက ခံယူနိုင်ခဲ့ခြင်းဖြစ်သည်။ (စကားချပ် ဤသည်မှာ ဂျာမနီဝန်ကြီးချုပ် ဗစ်စမတ် (Bismarck) ၏အမှားပင် ဖြစ်သည်။ အဓိကအမှားမှာ စစ်ရှုံးသောသူများအား အရှက်ရ၍ အခံရခက်စေရန် ပြုမူခဲ့သည်။ ကိုယ့်လိုပင် မာနကြီးသောအရှုံးသမားများအား အရှက်ခွဲခြင်းဖြင့် နောင်တွင် ကမ္ဘာစစ်ကြီးများဖြစ်လာသည်အထိ ပြင်းထန်ခဲ့ သည်။ ကိုယ့်ကိုမယှဉ်နိုင်တော့၍ ရှုံးနိမ့်သွားသူများအား ထပ်ပြီးအရှက်မခွဲခြင်းဖြင့် ကိုယ်သာလျှင် ပို၍ ကြီးမြတ်သူဖြစ်သည် ဆိုသောအချက်ကို မပြနိုင်ခဲ့ပေ။)
    ဆိုတဲ့အချက် သွေးထွက်အောင်မှန်ပါတယ်။

    အဲဒီရာဇဝင်ကြွေးဟာ နှစ်ပြည်လုံးအတွက်ကမ္ဘာမကြေဖြစ်သွားပါတော့တယ်။

    ပထမကမ္ဘာစစ်အပြီးမှာဂျာမနီလက်နက်ချကြောင်းလက်မှတ်ထိုးရတဲ့၊ ဂျာမနီကိုတဖက်သတ်ချိုးနှိမ်ထားတဲ့စာချုပ်ကို ဗာဆိုင်းမြို့ မှာချုပ်ဆိုစေခဲ့ပါတယ်။

    နောက်တခါ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ပြင်သစ်ပြည်ဟာ အရက်လေးဆယ်အတွင်းမှာ ဂျာမန်လက်ထဲကျသွားပြီး လက်နက်ချကြောင်းလက်မှတ်ထိုးရပါတယ်။ ဟစ်တလာက ကလဲ့စားချေပြီး ပထမကမ္ဘာစစ်အပြီးမှာ ဂျာမနီလက်နက်ချကြောင်းလက်မှတ်ထိုးရတဲ့ ဗာဆိုင်းမြို့ကရထားတွဲပေါ်မှာဘဲ ပြင်သစ်ကိုတဖက်သတ်ချိုးနှိမ်ထားတဲ့စာချုပ်ကို လက်မှတ်ထိုးစေခဲ့တဲ့အပြင်ပါရီမြို့မှာ ပြည်သိမ်းအောင်ပွဲခံခဲ့ပါတယ်။

    ၁၉၄၅မေလ ၈ ရက်နေ့မှာ ဂျာမနီလက်နက်ချရတော့ ပြင်သစ်က “လိပ်၊ ကန်၊ သစ်၊ ရှား” ဆိုတဲ့ စစ်နိုင်သူ “ကြီးလေးကြီး” မှာနေရာရသွားတော့ ပြင်သစ်ကလည်းပြန်ကလဲ့စားချေခဲ့ပါတယ်။

    အခုအချိန်မှာ ဥရောပသမဂ္ဂထဲကမဟာမိတ်နိုင်ငံတွေဆိုပေမဲ့ မသိမသာရော သိသိသာသာရော “ပညာပြ”နေကြဆဲဘဲ။ ပြင်သစ်ကလည်း အနုမြူလက်နက်ပိုင်ရှင်၊ ကုလသမဂ္ဂမှာ ဗီတိုအာဏာ ရထားသူဆိုပြီး ဥရောပသမဂ္ဂမှာ “ဗိုလ်ကျ”ချင်သလို ဂျာမနီကလည်း ဥရောပသမဂ္ဂထဲမှာ စီးပွားရေးအတောင့်ဆုံး၊ ကုန်ပစ္စည်းအရောင်းရဆုံးနိုင်ငံဖြစ်လို့ “ဆရာကြီး”လုပ်ချင်တယ်။

    မြန်မာပုံပြင်ထဲက “ချက်ကြီးနဲ့ရွှေပန်း”လိုပေါ့။

    • San Hla Gyi on June 3, 2015 at 7:50 pm

      ဟုတ်ပါတယ် အန်ကယ် ဒေါက်တာမောင်မောင်ကြီး ခင်ဗျာ ဂျာမနီ ဝန်ကြီးချုပ် ဗစ်စမတ်ဟာ ဂျာမနီပြည်ကို ပြုလည်း ပြုခဲ့တယ်။ ဖျက်လည်း ဖျက်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။ အဲဒီ ဇာတ်လမ်းကို ရေးရင်တော့ သီးသန့် ဆောင်းပါး တစ်ပုဒ် ရနိုင်ပါတယ်။ ကျနော်က ဒီဆောင်းပါးမှာတော့ နိုင်ငံရေးနဲ့ စစ်ရေးကို နောက်ခံကားချပ် ပေါ်ရုံပဲ ရေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမနီတို့ ဂျပန်တို့ဟာ ပညာရေးကို လူတစ်ဦးတစ်ယောက်ကိစ္စ မိသားစုကိစ္စလို့ သဘောမထားပဲ တမျိုးသားလုံးနဲ့ တိုင်းပြည်အတွက်လို့ ကျယ်ကျယ်ပြန့်ပြန့် တွေးခဲ့တာကို ပေါ်လွင်စေချင်လို့ပါ။ ဒီလို ဖြစ်ခဲ့တဲ့ နောက်ခံ သမိုင်းကိုလည်း ပေါ်လွင်အောင် ထည့်ရေးပါတယ်။ ပညာရေးအပိုင်းကိုတော့ ပိုပြီး ဦးစားပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ နောင်လည်း ဖတ်ရှု ဝေဖန်ပေးပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်