တင်မောင်အေး (ဘော်လီဘော) – ပါဝင်ဆင်နွှဲ ဘော်လီဘောပွဲ၊ ဆက်လက်ပျံဝဲ ဝေဟင်ထဲ

June 1, 2015
တင်မောင်အေး (ဘော်လီဘော) – ပါဝင်ဆင်နွှဲ ဘော်လီဘောပွဲ၊ ဆက်လက်ပျံဝဲ ဝေဟင်ထဲ
(မိုးမခ) ဇွန် ၁၊ ၂၀၁၅

ဘော်လီဘော အားကစားနည်းဟာ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် (၁၀၀) ကျော်က စတင် မွေးဖွားခဲ့ပါတယ်။  အတိအကျ ပြောရရင် (၁၈၈၅ ) ခုနှစ်ကပါ။  တီထွင်သူက ဝီလျံ ဂျီ မော်ဂန် (William G. Morgan) အမည်ရတဲ့ နယူးယောက်မြို့သားပါ။  ကာယပညာညွှန်ကြားရေးမှူး အဖြစ် မက်ဆာချူးဆက် ပြည်နယ် Holyoke မြို့က YMCA မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။  Volleyball လို့ ထင်ပေါ်ကျော်ကြား လူကြိုက်များတဲ့ ကစားနည်းအဖြစ် အမည်မတွင်ခင် Mintonette လို့ အမည်ရခဲ့ပါတယ်။  အမေရိကန်လူမျိုး နောက်တဦးဖြစ်တဲ့ Alfred T. Halstead က ဒီကစားနည်းနဲ့ ပိုမိုကိုက်ညီတဲ့ ဘော်လီ ဘောလို့ ခေါ်ဖို့ အဆိုပြုခဲ့ပါတယ်။

အကြောင်းကတော့ ပိုက်ပေါ်လေပြင်ထဲမှာ မြေမကျဘဲ ပျံဝဲနေတဲ့ဘောလုံးလို သရုပ်ပြပွဲမှာတွေ့လို့ အဲသလို အမည်ပေးခဲ့ တာပါ။  Volleyball ဆိုတဲ့ အင်္ဂလိပ်အမည်ကို မြန်မာမှုပြုရင် လေထဲမှာမြေမကျဘဲ ပျံဝဲနေတဲ့ ဘောလုံးလို့ ဆိုနိုင်ပါတယ်။  ကစားနည်းကလည်း ပိုက်ခြားထားတဲ့ ကွင်းနှစ်ဘက်မှာ နေရာယူထားကြတဲ့ အသင်း (၂) သင်းက ပြိုက်ဘက်ကွင်းထဲကို ဘောလုံးကျအောင် ကြိုးပမ်းအားထုတ်ရသလို မိမိကွင်းထဲကို ဘောလုံးမကျအောင်လည်း ခုခံဆယ်မရပါတယ်။  ဒီလုပ် ဆောင်ချက်အားလုံးကို သတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းဘောင်အတွင်းကနေ လိုက်နာဆောင်ရွက်ကစားရတဲ့ အားက စားနည်းပါ။

အိုလံပစ် အားကစားနည်း အဖြစ် (၁၉၆၄) ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို စတင် ထည့်သွင်းကျင်းပခဲ့ပါတယ်။  ဒီအဆင့်ကို မရောက်မီ တကမ္ဘာလုံးကို ပြန့်နှံ့အောင်လုပ်ဆောင်ပေးခဲ့တဲ့ အဖွဲ့အစည်း တွေကတော့ YMCA လို့ အမည်ရတဲ့ ခရစ်ယာန်လူငယ်များအစည်းအရုံးနဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ပါတယ်။  သူတို့ ရောက်လေရာ နိုင်ငံများမှာ ဒီကစားနည်းကို မိတ်ဆက်ပေးခဲ့ကြလို့ တစတစ တိုးတက်ကျယ်ပြန့်လာပြီး တိကျတဲ့ ဥပဒေများ ပြဋ္ဌာန်းလာနိုင်ကာ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲများ စနစ်တကျ ကျင်းပပေးနိုင်ခဲ့ပါတယ်။

ဘော်လီဘောကစားနည်းကို ဦးစီးဦးဆောင်ပြုတဲ့ အဖွဲ့အစည်းတရပ်ကို (၁၉၄၇) ခုနှစ်၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အဖွဲ့ဝင် (၁၄) နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။  Federation International De Volleyball လို့ ပြင်သစ်လို အမည်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ဘော်လီဘောအဖွဲ့ချုပ် (FIVB) လို့ အတိုကောက်ခေါ်ပါတယ်။  သူ့လက်အောက်မှာ တိုက်ကြီးများ အလိုက် ဘော်လီဘောအဖွဲ့ချုပ်များ တည်ထောင်ထားပြီး နိုင်ငံတကာ ပြိုင်ပွဲများကို စနစ်တကျ ဦးစီးကျင်းပပေးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို (၁၉၂၀) လောက်မှာ YMCA ကတဆင့် ဘော်လီဘော အားကစားနည်းရောက်လာခဲ့ပြီး စစ်ရဲနဲ့ စစ်တပ်များက ပိုမိုပြန့်ပွားတိုးတက်လာအောင် ဆောင်ရွက်ခဲ့ကြပါတယ်။  ဒုတိယကမ္ဘာစစ်အပြီး (၁၉၅၀) ခုနှစ်မှာ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပြီး အာရှဘော်လီဘောအဖွဲ့ချုပ် (Asian Volleyball Confederation – AVC) အဖွဲ့ဝင် အဖြစ် (၁၉၅၈) ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး (၁၉၆၁) ခုနှစ်မှာ FIVB အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။

(၁၉၅၉) ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ (SEAP Games) က စတင်ပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ SEA Games အထိ နှစ်စဉ် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းက စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ခဲ့ပြီး (၃) နှစ်ဆက်တိုက် ရွှေတံဆိပ်အပါအဝင် ထိုက်သင့်တဲ့ အောင်ပွဲများလည်း ရခဲ့ပါတယ်။  ဒါပေမဲ့ (၁၉၈၃) ခုနှစ် နောက်ပိုင်းမှာတော့ ပထမရွှေတံဆိပ်ဆု မရတော့ပါ။  တတိယဆုကို နောက်ဆုံး (၂၆) ကြိမ်မြောက် အရှေ့တောင် အာရှပြိုင်ပွဲတွင် ရရှိခဲ့ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် (၂၈) ကြိမ်မြောက် ပြိုင်ပွဲမှာတော့ စတုတ္ထဆုသာ ရရှိခဲ့ပါတယ်။

အမျိုးသမီးအသင်းကလည်း အရှေ့တောင်အာရှပြိုင်ပွဲတွေမှာ ပထမဆုအပါအဝင် အောင်နိုင်ဆုများရခဲ့ဖူးသော်လည်း နောက်ပိုင်း စဉ်ဆက်မပြတ် ပြိုင်ပွဲဝင်ရောက်နိုင်ခြင်း မရှိရာမှ (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲကစပြီး ဒေသတွင်း ပြိုင်ပွဲများကို ပြန်လည် ယှဉ်ပြိုင်ခဲ့ရာ (၂၇) ကြိမ်မြောက်မှာ စတုတ္ထဆု ပြန်ချိတ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် အနေဖြင့် ‘ကျေးရွာအဆုံး တပြည်လုံး ဆင်းရဲချမ်းသာ ကစားပါ’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ကစားနိုင်အောင် စည်းရုံးဆောင်ရွက်ခဲ့လို့ ထိုက်သင့်တဲ့ အောင်မြင်မှုများရခဲ့ပါတယ်။  ဒါပေမဲ့ မျက်မှောက်မှာတော့ အစဉ်အလာကောင်းများ ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီလို့ အားကစားကလောင်ရှင် ဆရာကြီးများနဲ့ ဆရာ့ ဆရာကြီးများ ဝေဖန်နေကြပါတယ်။  သူတို့ အဆိုအရတော့ အားကစားနည်းအားလုံးကို လုပ်ငန်းရှင်ကြီးများလက်ထဲကကို ဝကွက်အပ်လိုက်တဲ့ နောက်ဆက်တွဲ အကျိုးဆက်က အဓိက အကြောင်းရင်းလို့ ဆိုကြပါတယ်။

ဘော်လီဘောအဖွဲ့ချုပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ကျွန်တော်အနေနဲ့ ဝေဖန်မှုများကို ပြန်လည်ဆင်ခြေပေးဖို့ ဒီဆောင်းပါးရေးရခြင်း မဟုတ်ပါ။  ဝေဖန်ထောက်ပြမှု အားလုံးကို ထည့်သွင်းစဉ်းစား အကောင်းပြောင်းလဲဖို့ရာ ကြိုဆိုလက်ခံ ရမှာပါ။  ဘော်လီဘော ဆက်စပ် ကျွန်တော် ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်များကြောင့် အံ့သြတုန်လှုပ်မိသွားလို့သာ ဒီစာရေးရခြင်း ဖြစ်ပါတယ်။

(၂၀၁၁) နောက်ပိုင်းမှာ ပြန်လည် ကျင်းပလာတဲ့ တက္ကသိုလ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲတခုမှာ အင်္ဂလိပ်အမည် Volleyball ကို Bollyball လို့စာလုံးပေါင်းထားတာ တွေ့ခဲ့ရဖူးပါတယ်။  စာလုံးပေါင်းမှားခြင်းသက်သက်ကို ဒီမှာ ထောက်ပြလိုတာ မဟုတ်ပါ။  Volleyball ဆိုတဲ့ ဝေါဟာရဟာ အများစုနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတော့လို့ကို ဒီလို မှားရတယ်လို့ ယူဆရပါတယ်။  ပိုဆိုးတာက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်မှာ လက်ခံကျင်းပတဲ့ (၂၀၁၅) ခုနှစ် ပထမအကြိမ် အာရှ အသက် (၂၃) အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲအကြောင်း ကြော်ငြာဘုတ်မှာလည်း Bollyball လို့ မှားပေါင်းထားတာ တွေ့ရပြန်ပါတယ်။  မြန်မာလို ဘော်လီဘောရေးရာမှာတောင် စာလုံးပေါင်းမှားရေးထားပြန်ပါသေးတယ်။

ဒါတွေဟာ ဘော်လီဘော အားကစားနည်းနဲ့ အများပြည်သူ မည်မျှလောက် ကင်းကွာသွားပြီလဲ ဆိုတာကို ညွှန်ပြနေတယ်လို့ ယူဆပါတယ်။  ဒါကြောင့်လည်း ရှေ့မှာ ဘော်လီဘောအားကစားနည်းဆိုတာကို သမိုင်းနဲ့ချီပြီး ရေးပြခဲ့ရခြင်းဖြစ်ပါတယ်။  ဘော်လီဘောကို လူတွေ မသိကြတော့ဘူး၊ မကစားကြတော့ဘူး၊ အဆိုးဆုံးက မြေဈေးကောင်းလို ကစားကွင်းများ ပျောက်ကွက်သွားပြီး အဆင့်မြင့်အိမ်ရာတွေ အစားထိုး ဖြစ်လာကြတယ်။  အခြေခံပညာ ကျောင်းများမှာလည်း ကာယအချိန်ကို အမည်သာပါပြီး စာသာ သင်နေကြတဲ့ အကြောင်းတွေလည်း သိရှိရပါတယ်။  ‘Healthy Body Healthy Mind’ ဆိုတဲ့ ‘ကာယကြံ့ခိုင်မှုမျိုးရှိမှ ဉာဏစွမ်းရည်လည်း ရှိမယ်’ ဆိုတာကို ကျောင်းသားမိဘများ ကိုယ်တိုင်ကလည်း အခုခေတ်မှာ လက်ခံလိုစိတ် နည်းလာခဲ့ပါပြီ။  ကျောင်းပြီးရင် ကျူရှင်၊ ကျူရှင်ပြီးရင် အိမ်မှာ စာဝိုင်းကူကျက်ပေးတဲ့ Guide နဲ့ မိုးလင်းကစလို့ သန်းခေါင်တိုင်အောင် ပညာရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ ပညာရေးသည် တတိယ ဆိုတဲ့ ခံယူချက်ကို မိမိသားသမီးများရဲ့ ဦးနှောက်ထဲကို ရိုက်သွင်းထားကာ အောင်မြင်တဲ့ ဘဝတည်ဆောက်ရာမှာ အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲအောင်ပြီး ဆေးကျောင်းတက်ဖို့သာ ကြိုးစားခိုင်ကြတယ်။

မှန်တယ်၊ မှားတယ် ဆိုတာ ကိုယ်ဆရာဝန်ဖြစ်သွားပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေသူတွေနဲ့ အနုပညာလောကမှာ အောင်မြင်နေတဲ့ စာရေးဆရာ၊ တေးရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင် အများအပြားတွေ့နေရခြင်းက သက်သေပါ။  တချို့မိဘများကတော့ စားဝတ်နေရေးအတွက် တနေကုန် လုံးပန်းနေရပြီး လောက်ငအောင် ဝင်ငွေမရလို့ မိမိတို့ရဲ့ သား၊ သမီးများကိုပါ လုပ်ငန်းခွင် ဝင်ခိုင်းနေရလို့ ကလေးတွေကို အားကစားပေးလုပ်ချိန် မရကြပါ။

ဒါတွေကို အစိုးရ၊ အားကစားဝန်ကြီးဌာနနဲ့ အားကစားအဖွဲ့ချုပ်တွေလည်း သိနေကြပါတယ်။  ဒီပြဿနာများကို ရေတို၊ ရေရှည်နည်းများနဲ့ ဖြေရှင်းဖို့ကြိုးစားဆောင်ရွက်နေကြပါတယ်။  အားကစားဝန်ကြီးဌာနက ပညာရေးနဲ့ အားကစားပေါင်း စပ်ထားတဲ့ အားကစားနဲ့ကာယပညာသိပ္ပံကျောင်းများကို ရန်ကုန်၊ မန္တလေး အပြင် မော်လမြိုင်၊ တောင်ကြီး မြို့ကြီးများ မှာပါ တိုးချဲ့ဖွင့်ပေးထားပါတယ်။  အားကစားအကယ်ဒမီတွေနဲ့ အားကစား တက္ကသိုလ်တွေပါ ဖွင့်လှစ်ပြီး ပညာတတ်ပြီး ဉာဏ် ရည်မြင့်မားတဲ့ အားကစား စီမံခန့်ခွဲသူမများ၊ နည်းပြများ၊ ဒိုင်လူကြီးများနဲ့ အားကစားသမားများ ပေါ်ထွက်လာအောင် ရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပါတယ်။

ဘော်လီဘောအဖွဲ့ချုပ်အနေနဲ့တော့ အသင်းလိုက်အားကစားနည်းဖြစ်လို့ တဦးချင်း အားကစားနည်းများလို တဦးကောင်း တယောက်ကောင်းနဲ့ အောင်မြင်မှုမရနိုင်ပါ။  အသင်းကောင်းတခု ဖြစ်အောင် သွေးသစ်များနဲ့ အချိန်ယူ တည်ဆောင်နေ ပါတယ်။  ပြည်တွင်း ပြိုင်ပွဲများနဲ့ အားကစားသိပ္ပံများက ကိုယ်ခန္ဓာကြံ့ခိုင်ပြီး အရပ်အမောင်းကောင်းသူ လူငယ်များကို စုစည်းလေ့ကျင့်ပေးထားပါတယ်။

(၂၀၁၂) ခုနှစ်မှာ (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ် အမျိုးသား ဘော်လီဘောပြိုင်ပွဲကို အိမ်ရှင်အဖြစ် ရန်ကုန် သုဝဏ္ဏ အမျိုးသားအားကစားရုံ (၁) မှာ လက်ခံကျင်းပခဲ့ပြီး အတွေ့အကြုံကောင်းများ ရအောင် ဆောင်ရွက်ခဲ့ရာ ပထမ ရွှေတံဆိပ်ဆုပါ ရရှိခဲ့ပါတယ်။  (၂၀၁၄) ခုနှစ်မှာလည်း (၁၈) ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမျာ လက်ခံကျင်းပခဲ့ရာ အမျိုးသားက ဒုတိယဆုနဲ့ အမျိုးသမီးက တတိယဆု ရရှိခဲ့ပါတယ်။  (၂၀၁၅) အတွက် အဓိကပြိုင်ပွဲကြီးဖြစ်တဲ့ (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ဇွန်လ (၁၀) ရက်နေ့ကနေ (၁၆) ရက်နေ့အထိ ကျင်းပတော့မှာ ဖြစ်လို့ ပြင်ဆင်တဲ့ အနေနဲ့ အမျိုးသားအသင်းကို အင်ချုံးအာရှ အားကစားပြိုင်ပွဲဝင်စေခဲ့ပြီး မိမိထက် လက်ရည်မြင့်တဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်စေခဲ့ပါတယ်။  ဆီးဂိမ်းအိမ်ရှင် စင်ကာပူ အမျိုးသားအသင်းနဲ့လည်း စင်ကာပူပြိုင်ပွဲကွင်းမှာ ယှဉ်တွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး လက်ရည်စမ်းခဲ့ရာ ပွဲတိုင်းနိုင်ခဲ့တဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါ့အပြင် အသက် (၂၃) နှစ်အောက် အာရှအမျိုးသားဘော်လီဘောပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်းမှာ လက်ခံ ကျင်းပခဲ့ရာ အာရှဘော်လီဘော ထိပ်သီးအသင်း (၁၁) သင်း၊ အရှေ့တောင်အာရှ (၅) သင်း ပါဝင်ယှဉ်ပြိုင် လက်ရည် စမ်းခဲ့ကြပါတယ်။

(၁) အီရန် (၂) တောင်ကိုရီးယား (၃) တရုတ် တိုင်ပေ (၄) တရုတ် (၅) မြန်မာ (၆) ဂျပန် (၇) ထိုင်း (၈) အိန္ဒိယ (၉) အင်ဒိုနီး ရှား (၁၀) သြစတြေးလျ (၁၁) ကာတာ (၁၂) ဆော်ဒီအာရေးဗီးယား (၁၃) ကာဇက်ကစ္စတန်(၁၄) ဖီလစ်ပင်း (၁၅) ဗီယက်နမ် (၁၆) မောလ်ဒီးဗ်စ် တို့ နိုင်ငံအလိုက် အဆင့်ရရှိခဲ့ကြပါတယ်။

အဆင့် (၅) ရရှိခဲ့တဲ့ မြန်မာ အမျိုးသား (၂၃) နှစ်အောက် အသင်းမှာ (၂၀၁၂) ခုနှစ်က ရွှေတံဆိပ်ရရှိခဲ့တဲ့ လူငယ်အသင်း သားများ အားလုံးပါဝင်ခဲပြီး ထိုင်းနိုင်ငံမှာ ကြေးစားအားကစားသမားအဖြစ် သွားရောက်ကစားနေတဲ့အောင်သူက အသင်း ခေါင်းဆောင်အဖြစ် ဦးဆောင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးသမီးအသင်းကလည်း စင်ကာပူအမျိုးသမီးနဲ့ ရန်ကုန် သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားကွင်းမှာ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး လက်ရည်စမ်းပွဲ (၃) ပွဲ ကစားခဲ့ရာ ပွဲတိုင်း အနိုင်ရရှိခဲ့ပါတယ်။

အခု ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် အမျိုးသားအသင်းမှာ (၂၃) နှစ်အောက် လူငယ် (၉) ဦးပါဝင်မှာဖြစ်ပြီး ထိုင်းမှာ ကြေးစားကစားနေတဲ့ ကျော်ကျော်ထွေးက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆုကြေးစား ဘော်လီဘောသမား ဝင်းထွန်းဦးနဲ့ ပြိုင်ပွဲအတွေ့အကြုံများသူ နောက်ခံ ခံစစ် လစ်ဘရိုကစားမား အောင်မြတ် ထွန်းတို့လို အတွေ့အကြုံရှိ လူကြီး၊ လူငယ် အချိုးကျ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အသင်း ဖြစ်ပါတယ်။  အမျိုးသား၊ အမျိုးသမီး နှစ်သင်းစလုံး (၁) နှစ်ကျော် စုစည်းလေ့ကျင့်ထားကြလို့ ထိုက်တန်တဲ့ ဆုတံဆိပ်များရကြမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် အများပြည်သူ ထောက်ခံ အားပေး စိတ်ဝင်စားမှုမရှိရင် မည်သည့်ကိစ္စမှ အောင်မြင်မှု မရရှိနိုင်ပါ။  ဒါကြောင့် ဘော်လီဘော ဘောလုံးလေး လေထဲတွင် ဆက်လက်ပျံဝဲနိုင်ဖို့ရာ လူအများ ပူးပေါင်းပါဝင် ပတ်သက်လာအောင် အစိုးရ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်၊ စာနယ်ဇင်း၊ ဒေသဆိုင်ရာ လူထု အစုအဖွဲ့အသီးအသီးက ပိုမိုဝိုင်းဝန်းဖို့ လိုနေပါတယ်။  FIVB ရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ ‘Get Involved, Keep The Ball Flying – ပါဝင်ဆင်နွှဲ ဘော်လီဘောပွဲ၊ ဆက်လက်ပျံဝဲ ဝေဟင်ထဲ’ နဲ့အညီ မြန်မာနိုင်ငံ တနံတလျားလုံး စည်းရုံးရေးဆင်းပြီး သရုပ်ပြပွဲများ ကစားခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ နည်းပြသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း၊ ဒိုင်လူကြီး သင်တန်းများ ဖွင့်လှစ်ပေးခြင်းနဲ့ ကလေးသူငယ် ကျောင်းသားများ စိတ်ပါဝင်စားလာအောင် ဘော်လီဘောပွဲတော်များ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ် ခင်ဗျား။

တင်မောင်အေး (ဘော်လီဘော)
မေ ၂၉၊ ၂၀၁၅

ဆောင်းပါးရှင် တင်မောင်အေး (ဘော်လီဘော) သည် မကွေးတက္ကသိုလ် အားကစားအရာရှိ (ငြိမ်း) ဖြစ်သည်။  လက်ရှိ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တွင် နည်းစနစ်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags