ထူးထူး (တောင်ငူ) – မေမေ မငိုနဲ့တော့နော်

June 3, 2015

 

 ထူးထူး (တောင်ငူ)  – မေမေ မငိုနဲ့တော့နော်
(မိုးမခ) ဇွန် ၂၊ ၂၀၁၅

အခန်း (၁)
ဒီနေ့ဆို ကိုရွှေထူးတယောက် ဇာတိချက်ကြွေမွေးရပ်မြေနဲ့ဝေးကွာခဲ့တာ (၇) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ပတ်မှတကြိမ်ရတဲ့ အလုပ်နားရက်ကလည်း မလေးရှားကိုရောက်တာ (၇) နှစ်ပြည့်တဲ့ ဒီနေ့နဲ့မှ လာတိုက်ဆိုင်နေတယ်။
ကိုရွှေထူး တယောက်အိပ်ယာစောစောထပြီး အိပ်ယာအထက်က ဘုရားစင်လေးမှာ သောက်တော်ရေ၊ ဆီးမီး၊ နံ့သာတိုင်နဲ့ ဆွမ်းကပ်လှူပူဇော်ပြီး၊ ပုတီး (၉) ပတ်စိပ်၊ မေတ္တာပို့ အမျှအတမ်းဝေသလို၊ ဇာတိမြေမှာရှိတဲ့ မေမေနဲ့ဖေဖေလည်း ကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့ဆုတောင်းရင်း၊ အလုပ်နားရက် နံနက်ခင်းလေးဟာ သာသာယာယာနဲ့ ကြည်နူးဖွယ် အတိပေါ့။

စိတ်ကလေးကြည်လင်ချမ်းမြေ့နေစဉ်မှာပဲ၊ ဗိုက်ထဲက ဂွီ … ဂွီ … ဂွမ် … ဂွမ် အသံတွေထွက်လာတော့မှ၊ ကိုရွှေထူး တယောက် အခန်းထောင့်က ရေအိုးစင်ကလေးဆီ အပြေးနှင်ရပါတော့တယ်။ ဟုတ်ပါတယ်။ ဒီနေ့နဲ့ဆို ကိုရွှေထူး တယောက် နံနက်စာမစားခဲ့တာ (၇) နှစ်ရှိပါပြီ။ အလုပ်လုပ်တဲ့နေ့တွေဆို နေ့လည်စာနဲ့ ညနေစာကို ဆိုင်ကကျွေးတဲ့အတွက် ဆိုင်မှာပဲ အဝစားလေ့ရှိသလို၊ ဆိုင်ကမကျွေးတဲ့ နံနက်စာကိုလည်း တကူးတက အပြင်မှာဝယ်စားဖို့ ကိုရွှေထူး တယောက်မစဉ်းစား ခဲ့ပါဘူး။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ နံနက်စာဟာ အရေးကြီးသလို၊ မစားမဖြစ် စားကိုစားသင့်မှန်းသိပေမယ့် ကိုရွှေထူးရဲ့တွက်ကိန်းကတော့၊ အပြင်မှာဝယ်စားရင် အနည်းဆုံး ရင်းဂစ် (၂) ဒေါ်လာကုန်မယ်။ တလဆို ရင်းဂစ် (၆၀)၊ တနှစ်ဆိုရင် ရင်းဂစ် (၇၂၀)- ဒါဆို မြန်မာငွေအနည်းဆုံး (၂၁၆,၀၀၀) အလိုလိုစုပြီးသား။ ဒီနည်းနဲ့ လခမပါသေးဘဲ ကိုရွှေထူးစုပြီး မြန်မာပြည်က မိဘနှစ်ပါးဆီကို ကန်တော့တာ ဆယ့်ငါးသိန်းကျော်ရှိပြီပေါ့။

လစဉ်မိဘတွေကို ကန်တော့ထားတဲ့ ငွေလွှဲဖြတ်ပိုင်းလေးတွေကို ပြန်ကြည့်လိုက်၊ ရေလေးသောက်လိုက်နဲ့ ကြည်နူးနေတုန်း မှာပဲ၊ လက်ကိုင်ဖုန်းအစုတ်လေးကအသံမြည်လာတော့ Unknown number တဲ့ ဖုန်းရဲ့မျက်နှာပြင်မှာပေါ်နေတာ။
+++++

အခန်း (၂)
သြော်တိုက်တိုက်ဆိုင်ဆိုင် ငါရောက်နေတာ (၇) နှစ်ရှိလို့များ၊ ငါ့မေမေ တကူးတက ဖုန်းဆက်တာများလားပေါ့။ ဒါမှမဟုတ် နေထိုင်မကောင်းကြလို့များလား?

ချက်ချင်းဖုန်းကို မကိုင်ရဲသေးဘဲ… ချီတုန် ချတုန်ဖြစ်ရင်း ကိုရွှေထူး ဖုန်းဖွင့်လိုက်တော့ ဇာတိမြေက မွေးသမိခင်ရဲ့အသံကိုကြား ရတော့မှ ဟူးကနဲ သက်ပြင်းတဝက်ကိုချရင်း …. ဖေဖေ ပါ နေကောင်းတယ်ဆိုတာသိရတော့မှ  စိတ်လုံးဝအေးနိုင်ပါတော့တယ်။

မေမေကလည်း သူ့သား ကိုရွှေထူးတယောက် နေကောင်းလား၊ အလုပ်အဆင်ပြေလားလို့ မေးလာလို့ မေမေ စိတ်မပူပါနဲ့ သားအလုပ်အဆင်ပြေသလို ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်လို့ဖြေလိုက်တော့၊ ဒါဖြင့်ရင်- ဘာဖြစ်လို့ ဒီလငွေပို့တာ နောက်ကျနေတာလဲတဲ့၊ ပုံမှန်ရောက်နေကျရက်ထက် (၁၀) ရက်ကျော် နောက်ကျနေပြီ- လောင်းကစားတွေများလုပ်နေ သလား? အရက်တွေများသောက်နေလို့လားတဲ့? အဲ…. အဲ့ဒါ ကိုရွှေထူး မစဉ်းစားမိတဲ့အချက်ပါပဲ။ ကြည့်- အခုတော့ မိခင်ကြီးခဗျာ သူ့သားလေးအတွက် စိတ်ပူလို့ မနေနိုင်တော့ဘဲ တကူးတက မလေးရှားကို ရွာကနေဖုန်းဆက်နေရပြီ။

စိတ်ပူနေတဲ့ အမေ့ကို၊ သူဋ္ဌေးမိသားစုနိုင်ငံခြားသွားနေလို့ပါ။ မနက်ဖြန်ဆို ပြန်ရောက်လိမ့်မယ်။ အဲ့တော့မှ လစာရရချင်း မေမေ့ဆီ ပို့လိုက်ပါ့မယ်ဆိုတော့မှ စိတ်အေးသွားတဲ့ မိခင်ကြီးကို- လျှာရှည်တဲ့ ကိုရွှေထူးတယောက် အတွန့်တက်မိလိုက်ပါ တော့တယ်….
“မေမေ- သားပို့ထားတာ သိန်း (၁၅၀) ကို အသာလေးကျော်နေပြီလေ။ အဲ့တော့ဒီနှစ်ကုန်ရင် သားပြန်လာခဲ့တော့မယ်နော်။ လက္ဘ်ရည်ဆိုင်ပဲဖြစ်ဖြစ်၊ အသေးစားစီးပွားရေးလုပ်ငန်းလေး တခုခု ကိုယ့်ပြည်မှာပဲ လုပ်ကိုင်ဖို့စဉ်းစားထားတယ်” ဆိုတော့-
ကြားလိုက်ရတဲ့ မိခင်ကြီးရဲ့စကားက “အမလေး… အမလေး… သားက တလကို တစ်သိန်းရှစ်သောင်းပို့လိုက်၊ နှစ်သိန်းခွဲပို့ လိုက်နဲ့။ ဒါတောင် ဂျပန်ပြည်ကနေ လေသံမျိုးနဲ့ပြောနေပါလား? အခုတောင် အမေ့လက်ထဲမှာ လက်ကျန်ငွေနည်းနည်းပဲရှိတော့လို့ သားဆီကိုလှမ်းဆက်လိုက်တာ။ ဒီမှာ သားရေ ငါးပိရည်တို့စရာ၊ ကြက်ဥ၊ ကန်းစွန်းရွက်ကြော်နဲ့ထမင်းဖြူကို တနေ့ (၃) နပ်စားရင်တောင် တလ တသိန်းပျော့ပျော့ရယ်၊ ဒါတောင် သာရေး၊ နာရေးနဲ့ ကျန်းမာရေး ကိစ္စတွေ မပါသေးဘူးနော်…. အဲ့တော့ မင်းစဉ်းစားပေါ့။ မင်းပြန်လာပြီးဘာလုပ်စားမလဲ? တိုင်းရေးပြည်ရေးကလည်း- မိဘ ပြည်သူများခင်ဗျာဆိုတဲ့အဆင့်မှာလည်နေတာ (၅) နှစ်ပြည့်တော့မယ်။ အမေပြောချင်တာကတော့ မလေးမှာပဲ အနည်းဆုံး (၅) နှစ်လောက် ဆက်နေလိုက်ပါဦးသားရယ်” တဲ့။

ကိုရွှေထူးကလည်း “မေမေ- ဒီမလေးမှာလည်း ဘာတွေဖြစ်နေလည်း သိလား?” လို့မေးလိုက်တော့၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွှေ့ပါဘူး သားရယ်၊ ဘုရား တရားကို အမြဲနှလုံးသွင်းနေပေါ့တဲ့။

“ဒါပဲနော် သားရေ မေမေ ဖုန်းချလိုက်တော့မယ်၊ ဖုန်းဖိုးတွေ တော်တော်ကုန်နေပြီ၊ ဒါပဲနော်” ဆိုပြီးနောက်မိခင်ရဲ့အသံ လေးကို ဖုန်းကနေတဆင့် ထပ်များကြားရလေဦးမလားလို့ ဖုန်းကလေးကိုမပိတ်သေးဘဲ ဆက်ကိုင်ထားပေမယ့်လည်း တူ… တူ… ဆိုတဲ့အသံကလွဲလို့ ဘာမှထပ်မကြားရတော့ပါဘူး။
+++++

အခန်း (၃)

မေမေနဲ့ဖုန်းပြောအပြီးမှာ- ရင်ထဲမှာ စို့နစ်ပြီး၊ တင်းကြပ်ပြည့်သိပ်လာလို့ ကိုရွှေထူး တယောက် ဘယ်သူ့ ကိုဖွင့်ပြောရမှန်းမသိ၊ ဘေးမှာကလည်း ပေါက်ကွဲသံစဉ်တွေကို နားထောင်ပေးမယ့်အဖော်ကလည်းမရှိလေတော့၊ နံရံမှာချိတ်ထားတဲ့ မှန်ကလေးကိုပဲ စိုက်ကြည့်ရင်း …

“မေမေ ကိုးလလွယ်ပြီး၊ ဆယ်လမှာ ကိုယ်တိုင်မွေးခဲ့တဲ့ မေမေ သားကို မချစ်တာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အဲ့ဒါ ကို သားအလိုလိုသိနေပါတယ် မေမေရယ်။ ဒါပေမယ့် သားတို့မိသားစုတွေ အခုလို တကွဲတပြားစီဖြစ်ပြီး၊ အသိုက်အမြုံလေး ပျက်သလိုဖြစ်နေတာ ဘာကြောင့်လဲ…. ဘယ်သူ့ကြောင့်လည်း…. မေမေ့ရင်ခွင်ထဲကို ပြန်လာချင်ပြီလို့ ပြောတဲ့ တဦးတည်း သော သားလေးကို မလာပါနဲ့အုံး သားလေးရယ်…. နောက် (၅) နှစ်လောက်ဆက်နေပါဦးလို့ မေမေပြောခဲ့ပေမယ့် မေမေလည်း သားလိုပဲ အခုဆို မျက်ရည်တွေဝဲပြီး ငိုနေရှာတော့မယ် …. သားစိတ်ထဲက အလိုလိုသိနေတယ်မေမေ… သား အလိုလိုသိနေတယ် ….. မေမေ မငိုနဲ့တော့နော် … တော်တော်ကြာ သွေးတွေတိုးနေပါအုံးမယ် …. သားနားလည်ပါတယ် မေမေရယ်” လို့ တယောက်တည်းရေရွတ်ရင်း၊ ကမ္ဘာပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် မိတကွဲ၊ ဖတကွဲဖြစ်နေတဲ့မိသားစု ဘဝတွေ အမြန်ဆုံးပြန်လည်ဆုံစည်းပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ကိုရွှေထူး ဆုတောင်းနေမိပါတော့တယ် ….

ထူးထူး (တောင်ငူ)

Photo : Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်