ဝိသေသ – သမားဆို ပျိုမှ

June 6, 2015

ဝိသေသ – သမားဆို ပျိုမှ
(မိုးမခ) ဇွန် ၆၊ ၂၀၁၅

စာရေးသူ ခေါင်းစဉ်တပ် မှားခြင်းမဟုတ်ပါ။ ပြောရိုးပြောစဉ်က “မယားဆို ပျိုမှ သမားဆိုအိုမှ’’  ဖြစ်သည်။ ပျိုမြစ်နူနယ်သော မိန်းခလေးကို ပေါင်းဖော်မှ သားသမီးထွန်းကားမည်။ အိုမင်းသဖြင့် အတွေ့အကြုံများသူ ဆေးဆရာမှ သာ ပိုမိုအစွမ်းထက်မြက်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါတွေက ယေဘုယျသဘောပြောဆိုခြင်းဖြစ်သည်။ တကယ် မှတ်သားလောက်သော လူထွေး၏ အတွေ့အကြုံကတော့ ဟောသလိုဖြစ်ပါသည်။

၁၉၈၃ လောက်တွင် လူထွေး၏ အကိုသည် ကျေးလက်ဒေသမှ ရန်ကုန်သို့ ရောက်လာသည်။ သူသည် တက္ကသိုလ်စာပေးစာယူသင်တန်းတွင် ဥပဒေဘာသာအဓိကဖြင့် တက်ရောက်နေသူဖြစ်ရာ အနီးကပ်သင်တန်းများ တက်ရောက်ရန်နှင့် စာမေးပွဲဖြေဆိုရန် ရောက်ရှိလာခြင်းဖြစ်သည်။ ၁-လခန့်ကြာသောအခါ ဗိုက်နာသဖြင့် နှင်းဆီကုန်းလမ်းရှိ သမ၀ါယမ ဆေးခန်းသို့ သွားရောက်ပြသပါသည်။ ထိုစဉ်က သက်ဆိုင်ရာ၏ အစီအစဉ်ဖြင့် ရပ်ကွက်များ၌ သမ၀ါယမဆေးခန်းများကို ဖွင့်လှစ်ထားလေ့ရှိရာ ဤဆေးခန်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။

ဆရာဝန်မှာ အသက် ၅၀-ကျော်ခန့် အမျိုးသမီးဖြစ်ပြီး သူမကို ကြည့်ရသည်မှာ ထိုင်းမှိုင်းကာ အမြဲတစေ ဆူ ပုပ်ပွနေသည်။ ဘာတွေ အဆင်မပြေသလဲ မသိရပါ။ ဤဆေးခန်းတွင်လည်း လိုလိုလားလား ထိုင်ဟန်မတူပေ။ သူ့အကြောင်းနှင့် သူ ဖြစ်ပေလမ့်မည်။ ထိုဆရာဝန်မက လူထွေး၏ အကိုအား ဘာဖြစ်သလဲမေးသည်။ နားကြပ်ဖြင့် စမ်းသပ်သည်။ ဆေးတစ်မျိုးပေးလိုက်ပါသည်။ ထိုဆေးမှာ ဂျဲလ်မက် ခေါ် ဗိုက်နာပျောက်ဆေးဖြစ်သည် ဟုသိရပါသည်။ ထိုဆေးကို သောက်သော်လည်း လူထွေ၏ အကိုမှာ မသက်သာ ပိုနာလာသည်ဟုပင် ပြော၏။ ထို့ကြောင့် ဒုတိယရက်တွင် ပြပြန်သည်။ ဆရာဝန်မက ထိုဆေးကိုပဲ ပေးပြန်သည်။ သောက်သော်လဲ ပိုနာလာပြန်သည်။

လူထွေး၌ ကျောင်းနေဖက် မိန်းခလေးသူငယ်ချင်းတစ်ဦး ရှိသည်။ သူမ၏ အကိုကြီးမှာ ထိုစဉ်က ဆေးကျောင်းဆင်းကာစ ပူပူနွေးနွေး ဆရာဝန်ဖြစ်သည်။ ထိုဆရာဝန်၏ အမည်ကို ဒေါက်တာလွင်ဟုဆိုပါစို့။ သူသည် ဆေးကျောင်းသားဘ၀ကပင် အလယ်တန်းကျောင်းသားဖြစ်သူ လူထွေးကို ညီအရင်းပမာ ခင်မင်နွေးထွေးစွာ ပြောဆိုဆက်ဆံတတ်သူ ဖြစ်သည်။ လူထွေးသည် ဒေါက်တာလွင်ထံ သူ၏  အကိုနှင့်အတူသွားလည်ပြီး၊ ဗိုက်နာပျောက်ဆေးစားတာ ပိုဆိုးလာကြောင်းပြောပြသည်။ ၂-ရက်ဆေးစားတာ ပိုပိုဆိုးလာကြောင်း ကြားရတော့ ဒေါက်တာလွင်က သူ့အိမ်မှာပင် လူထွေး၏ အကိုအား အသေအချာစစ်ဆေးမေးမြန်းသည်။

“ဒီဆေးကို ပြောင်းစားကြည့် သက်သာရင် အကို့ကို ချက်ချင်း လာပြောပါညီ” ဟု မှာသည်။

ဒေါက်တာလွင်၏ ဆေးကို ၁-ကြီမ်စားကတည်းက သက်သာသည်။ ၂-ကြိမ်စားတော့ ပိုပြိးသက်သာသည်။ ၃-ကြိမ်စားတော့ အရှင်းပျောက်သွားသည်။

ထိုစဉ်က ဒေါက်တာလွင်မှာ ၂၄-နှစ်လောက်သာရှိပါလိမ့်မည်။ အသက် ၅၀-ကျော် ဆရာဝန်မက ကုသပျောက်ကင်းမှု မရှိသော ရောဂါကို သူက လွယ်ကူမြန်ဆန်စွာ ကုသပျောက်ကင်းစေခဲ့သည်။ လူထွေးတို့ ညီအကို ၂-ဦးသည် ဒေါက်တာလွင်အား ကျေးဇူးတင်သဖြင့် လက်ဘက်ရည်ဆိုင်သို့ ခေါ်သွားသည်။ လက်ဘက်ရည်ဖိုးတွေကို ဒေါက်တာလွင်ကပဲ ပေးပါသည်။

“ညီတို့ မရှင်းနဲ့၊ အကို့ မိဘတွေက အရောင်းအ၀ယ်လုပ်တော့ ညီတို့ထက် အကိုက အဆင်ပြေပါတယ်” ဟုလည်း ပြောသေးသည်။ သူက သို့ကလိုလဲ ရှင်းပြသေးသည်။

“ဟို ဆရာဝန်မလဲ သူ့အကြောင်းနဲ့ သူဖြစ်ပါလိမ့်မယ်။ ဗွေမယူကြပါနဲ့ ဗိုက်နာတယ်ဆိုတာ အကြောင်းအမျိုးမျိုးဖြစ်နိုင်တယ်၊ စိတ်ရှည်လက်ရှည် မေးမြန်းပြီး ဒီဆေးနဲ့ မသက်သာရင် အခြားရောဂါ ကြောင့်လို့ မှန်းဆသိရှိပြီး ဆေးပြောင်းပေးရတယ်လေ။ အခု အချိန်မှီ ပြောင်းပေးလို့ ကံကောင်းသွားတာ။ ညီရဲ့ အသဲကို ပိုးတွယ်တာလေ။ အစာမကြေ လေပွလို့ မဟုတ်ဘူး။”

…    …    …    …    …    …    …    …    …    …    …

ကာလယန္တယားကြီးလဲ အချိန်မှန်မှန် ခုတ်မောင်းလျက်ရှိ၏။ လူထွေးပင် ယခုအခါ အသက် ၅၀-အနီးသို့ ချဉ်းနင်းဝင်ရောက်လာ၏။ လူထွေး၏ သမီးကြီး ဆမလက်မှတ်ရကာ ဆရာဝန်ပေါက်စမလေး ဖြစ်လာသည်။ ဘာလုပ်ချင်သလဲမေးတော့ ကုသရေးကို အသေအချာလုပ်ချင်တယ် ဟုဆို၏။ အချို့ကျောင်းဆင်းတွေက NGO အဖွဲ့များ၏ ပရဟိတဆိုင်ရာ ပရောဂျက်များ၌ ၀င်ရောက်လုပ်ကိုင်ကြသည်။ အချို့က အစိုးရဆေးရုံများတွင် ၀င်ရောက်လုပ်ကိုင်ကြသည်။  အများစုကတော့ တဆင့်မြင့်ဘွဲ့များ ရရှိရေးအတွက် ၀ိုင်းတွေမှာ စာသင်ကာ ငွေရှာရင်း ဆေးကျူရှင်တွေ၊ ဆေးသင်တန်းတွေ တက်နေကြပါသတဲ့။

လူထွေး၏ သမီးသည် ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် M-O ( Medical Officer) လုပ်ရင်း ကိုယ်ပိုင်ဆေးခန်း GP ထိုင်မည်ဟု စီစဉ်နေသည်။ ယခုခေတ်ပညာရေးက အားရစရာ မကောင်းဟု ကြားနေရသော လူထွေးသည် သမီး၏ အရည်အချင်းကို မယုံရဲပါ။ ရမ်းသမ်းကုသနေလို့ လူနာတွေ ဒုက္ခရောက်သွားမလားဟု စိုးရိမ်နေသည်။ ဒီကိစ္စတိုင်ပင်ဖို့ လူထွေးသတိရသည်မှာ ဒေါက်တာလွင်ဖြစ်သည်။

ဒေါက်တာလွင်သည် ယခုတိုင် လူထွေးကို မေတ္တာရှေ့ထားကာ ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံနေသော မိတ်ဆွေကောင်း၊ နောင်တော်ကောင်းဖြစ်သည်။ သူက ယခု မျက်စိအထူးကု ဖြစ်နေသည်။ လူနာတွေ အုံးအုံးထနေသည်။ အားလပ်ချိန်ဟု သိပ်မရှိ။ ပရဟိတအဖွဲ့များ၏ မျက်စိကုသခွဲစိတ်ရေးတွင်လဲ အစွမ်းကုန် ပါဝင်ပေးနေသည်။

သို့ဂလို မအားလပ်ပေမဲ့ လူထွေးကိုတော့ သီးသန့်အချိန်ပေးကာ စကားပြောပါသည်။ ညီလေးဟုမခေါ် ညီဟုခေါ်သည်။

“ညီ့သမီး ကုသရေးဝါသနာပါတာဆိုရင် GP ထိုင်တာ အကိုအားပေးတယ်။ အကိုတို့တုန်းကလောက် မသင်ရင်တောင် သင့်တင့်သလောက် သင်မှာ သေချာတယ်။ ကျောင်းသားဘ၀နဲ့ ဆရာဝန်ဘ၀ကွာခြားမှုကို စဉ်းစားသင့်တယ်။ တို့နိုင်ငံမပြောနဲ့၊ အမေရိကန် အင်္ဂလန်တို့ရဲ့ အမည်ကျော်ဆေးကျောင်းတွေက ဆင်းလာသူတောင် ကျောင်းပြိးကာစမှာ ဆေးပညာကို အကုန်ကျွမ်းကျင်တာမဟုတ်ပါဘူး။ စာမေးပွဲရဲ့သဘော ညီလဲသိပါတယ်။ ဒီဘာသာမှာ အခန်း ၁၀-ခန်းရှိတယ်ဆိုပါတော့။ ၁-ခန်းမှာ ၁၀-မှတ်တန် ၁-ပုဒ်မေးမယ်ဆိုရင် ပေးမှတ်က အမှတ်၁၀၀ပေါ့။ အမှတ် ၅၀-ရရင် အောင်မယ်။ ဒီတော့ chapter ၇-ခုလောက်ပဲ အပိုင်ကျက်ပြီး ကျန် ၁-ခုလောက် ရံထားတာပေါ့။ chapter ၂-ခုလောက်တော့ လွှတ်ထားရတာပဲ။ အရမ်းတော်တဲ့ကျောင်းသားကတော့ တစ်မျိုးပေါ့။ စာများလွန်းတော့ အောင်ဖို့ပဲ အဓိကထားရတယ်။ ”

“အကိုတို့လဲ လက်တွေ့ကုသရေးထဲဝင်တော့မှ ဟိုတုန်းက လွှတ်ထားခဲ့တဲ့ စာတွေထဲက ရောဂါတွေ ကုထုံးတွေ ကြုံလာရော။ လုပ်စရာက ၂-ချက်ပဲရှိတယ်။ စာအုပ်တွေကို သေသသေချာချာ ပြန်ဖတ်ရတယ်။ အဲဒါမှ မရှင်းသေးရင် ဆရာသမားတွေကို မေးရတယ်။ အဲ့ဒါမျိုးဆို တသက်လုံး မမေ့တော့ဘူး။ စာကျက်တာမှ မေ့သွားအုံးမှာ …………။ အကို ပုသိမ်ဆေးရုံမှာ တာဝန်ကျတုံးကဆိုရင် မရှင်းတာရှိရင် မြောက်ဥက္ကလာက ဆရာမ ဆီကို မေးရတယ်။ အချိန်ရရင်တော့စာရေးပြီး ကြုံရာသင်္ဘောနဲ့ ထည့်ပေးရတာပေါ့။ ဆရာမကြီးကလည်း စာရေးပြီး  ပြန်ဖြေပေးတယ်။ အချိန်မရရင်တော့ ဖုန်းဆက်ရတယ်။ ဖုမ်းဈေးကကြီးပြီး ယခုလောက်လဲ မလွယ်သေးဘူးလေ။ အဲဒါကြောင့် မီဒီယာမျိုးစုံ အဆင်ပြေလာတဲ့ ဒီခေတ်မှာ တကယ်ကြိုးစားတဲ့သူအတွက် ပိုပြီး အခွင့်အလမ်း ကောင်းလာတယ်။ အဘိဓာန်ပဲကြည့်။ ဟိုတုန်းကက စာအုပ်အထူကြီးမှာ ပင်ပင်ပန်းပန်း အချိန်ပေးပြီး ရှာရတယ်။ ခုချိန်မှာ လက်ကိုင်ဖုန်းထဲ သိချင်တာ ရိုက်ထည့်ပြီး ကြည့်လိုက်ရုံပဲ။”

“အဲဒီတော့ ညီရဲ့ သမိး ကြိုးစားဖို့ ဇွဲရှိဖို့ စေတနာထားနိုင်ဖို့ပဲ လိုပါတယ်။ လုပ်သာ လုပ်ပါစေ။ မတားပါနဲ့။”

လူထွေးကျေနပ်သွားသည်။ နောင်တော်ကြီး ဒေါက်တာလွင်ကိုလဲ အထူးကျေးဇူးတင်ရပြန်သည်။ လူထွေးက လွန်ခဲ့သော နှစ်၃၀-က လူထွေး၏ အကိုအား ကုသပေးခဲ့မှုကို ဇာတ်ကြောင်းလှန်သည်။ သမားဆိုအိုမှ ဆိုတာ လက်မခံကြောင်း၊ သမားဆို ပျိုမှဟု ဆန့်ကျင်ဖက်ပြောလိုကြောင်း အရွယ်နုပျိုတာကို ဆိုလိုခြင်းမဟုတ်ဘဲ စိတ်ဓာတ်နုပျိုသစ်လွင်ခြင်းကို ဆိုလိုကြောင်း စေတနာထားသူ စေ့စပ်သေချာသူမှသာ စိတ်ဓာတ်နုပျိုသစ်လွင် နိုင်မည်ဟု ယူဆကြောင်း ၊အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စေတနာများဖြင့် နုပျိုသစ်လွင်မှသာ လေးစားအားကိုးစရာ ဆရာဝန်များဖြစ်မည်ဟု ယူဆကြောင်း လူထွေးက ကရားရေလွှတ်ပြောလိုက်သည်။ ဒေါက်တာလွင်က ကန့်ကွက်ခြင်း၊ ထောက်ခံခြင်း မပြုပါ။ သူပြောတာကတော့… … … … ။

“ မင်းပြောသလိုဆိုရင် ငါတောင် သမားအို ဖြစ်နေပြီ။ စိတ်ဓာတ်က နုပျိုသစ်လွင်မှု အားနည်းသွားပြီ။ ငါတို့ ရင်းနှီးအားထုတ်ပင်ပန်းမှုတွေက များတော့ လူနာတွေလာရင် အားလုံးကိုကြည့်နိုင်အောင် အချိန်လုပြီး လုပ်ရတယ်။ ငါဆရာဝန်ဖြစ်ခါစကလောက် လူနာတွေအပေါ်မှာ စေ့စေ့စပ်စပ် သေသေချာချာ မေးမြန်းစစ်ဆေးနိုင်တဲ့ အခြေအနေမရှိတော့ဘူး။ ဟိုနိုင်ငံတွေမှာက စီးပွားရေးကောင်းကြတော့ သေသေချာချာသာလုပ် ထိုက်ထိုက်တန်တန်ကိုရတာ။ ဒိမှာက အဲသလို မဟုတ်ဘူး။ မင်းပြောတာနဲ့ ယခုငါက ဟိုတုံးက ငါ့ကို မမှီဘူး။ ၀င်ငွေတွေမြင့်လာ၊ ဘွဲ့ကြိးတွေထပ်ရလာ၊ ဒါပေမဲ့ စိတ်ဓာတ်က ဟိုတုံးကလို နုပျိုသစ်လွင်မှုမရှိတော့ဘူး။ ရင့်ရော်အိုမင်းလာပြီပေါ့။ ငါတို့အပေါ်မျာ မူတည်သလို၊ ငါတို့ နိုင်ငံရဲ့ အပေါ်မျာလဲ မူတည်တယ်ဆိုတာ မင်းလဲသိမှာပါ။”

ဝိသေသ

၂-၆-၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်