လှကျော်ဇော – ဆိုရှယ်လစ်တပ်မှူးများ – အပိုင်း (၂)

June 7, 2015

လှကျော်ဇော – ဆိုရှယ်လစ်တပ်မှူးများ – အပိုင်း (၂) ဗိုလ်မောင်မောင်

(မိုးမခ) ဇွန် ၇၊ ၂၀၁၅


၁၉၅၁ ခုနှစ် သြဂုတ်လကုန်ရက်တရက်။ ဖေဖေမနက်ရုံးမသွားခင်မှာ မေမေ့ကိုမှာခဲ့တာက “ဒီနေ့ ဗိုလ်မောင်မောင်တို့ ရောက်လာလိမ့်မယ်။ မင်းတို့ လေယာဉ်ပျံကွင်း သွားကြိုပြီး ဧည့်ခံလိုက်ကြပါ” တဲ့။

အဲဒီကာလက ဖေဖေက တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ် မင်္ဂလာဒုံမှာရှိနေပြီး၊ ကေအင်ဒီအိုတွေနဲ့ တိုက်ပွဲအဆုံးသတ်တွေ ဆင်နွှဲနေရချိန်ပါ။ မေမေကတော့ အဲဒီခေတ် အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်တို့၊ ဝန်ကြီးချုပ်ဦးနု ကတော် ဒေါ်မြရီတို့ နာယကများအဖြစ် ဦးစီးဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်း၊ တပ်မတော် အမျိုးသမီးများအသင်း စတာတွေရဲ့ တောင်ပိုင်းတိုင်းဌာနရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေရချိန်ပါ။ အဲဒီအသင်းအဖွဲ့ တွေရဲ့ရည်ရွယ်ချက်ကတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေရတဲ့ တပ်မတော်သားများရဲ့ နေထိုင်စားသောက်ရေး၊ စိတ်ဓာတ်ရေး ရာတွေကို နောက်တန်းကနေ ကူညီပံ့ပိုးဖို့နဲ့ နောက်တန်းမှာကျန်ခဲ့တဲ့ စစ်သားမိသားစုများရဲ့ ဘဝသက်သာချောင်ချိရေးများ အတွက် ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။

ဖေဖေရည်ညွှန်းပြောဆိုလိုက်တဲ့ ဗိုလ်မောင်မောင်ကတော့ ၁၉၄၉ ခုနှစ်အတွင်းက မိတ္ထီလာမှာ ကေအင်ဒီအိုတွေရဲ့ အဖမ်း အဆီးခံလိုက်ရပြီး နှစ်နှစ်ကျော်ကျော် သုံးနှစ်နီးပါး သုံ့ပန်းအဖြစ် နေရာအမျိုးမျိုးရွှေ့ အချုပ်အနှောင်ခံရပြီးမှ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၁ -၂၅ ရက်နေ့အတွင်း ဗမာ့တပ်မတော်ရဲ့ကယ်တင်မှုနဲ့ လွတ်မြောက်လာတဲ့ ဗိုလ်မှူးကြီးမောင်မောင်နဲ့ အရာ ရှိတစုကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ လွတ်မြောက်ပြီးနောက် လေယာဉ်ပျံတွေနဲ့ မင်္ဂလာဒုံကို ခေါ်လာကြတာပါ။

မေမေကလည်း သူ့အဖွဲ့အတွင်းက စစ်ဗိုလ်ကတော်တွေကိုစုစည်းပြီး မင်္ဂလာဒုံလေယာဉ်ကွင်းကို သွားကြိုခဲ့ပါတယ်။ လွတ် လာသူတချို့ရဲ့ ဇနီးတွေလည်း သူတို့အုပ်ထဲမှာ ပါခဲ့ကြတယ်တဲ့။ မေမေတို့က သူတို့ကိုသွားကြိုဆိုပြီး မင်္ဂလာဒုံမှာရှိတဲ့ ဧည့်ဂေဟာ (Guest House) မှာ နေရာချထားပေးပါတယ်။ ဒီနောက် မေမေက “ကဲ ဗိုလ်မှူးတို့ ဘာစားချင်ကြသတုန်း” လို့
မေးတော့ အားလုံးက တသံတည်း “မုန့်ဟင်းခါး” လို့ ဖြေကြသတဲ့။ မုန့်ဟင်းခါးစားချင်တယ်ဆိုတဲ့အဖြေရတော့ သုံးဆယ် သူကြီးဖြစ်တဲ့ မေမေက အကြိုက်ကျသွားတော့တာပါပဲ။

ကျွန်မတို့ မွေးဇာတိ သုံးဆယ်က သုံးဆယ်မုန့်ဟင်းခါးဟာ နာမည်ကြီးပါတယ်။ အဲဒီခေတ်က ရန်ကုန်က အလှူပွဲတွေမှာ သုံးဆယ်မုန့်ဟင်းခါးကို အော်ဒါမှာပြီး ကျွေးတတ်ပါတယ်။ ကျွန်မတို့ငယ်ငယ်က “ဦးဖိုးသူ သုံးဆယ်မုန့်ဟင်းခါး” ဆိုတာ အ လွန်နာမည်ကြီးပြီး ကျွန်မတို့ အဘိုးအဘွား ဆွေမျိုးသားချင်းများရဲ့ အလှူပွဲတွေမှာဖြစ်ဖြစ်၊ အဘိုးရဲ့ရုံးက ဒါဘာပွဲတွေမှာ ဖြစ်ဖြစ်မပါရင် မပြီးပါဘူး။ ကျွန်မတို့အရပ်က အင်းတွေ၊ ကန်တွေ၊ ချောင်းတွေလည်းပေါတော့ ငါးသိပ်ပေါပါတယ်။ ငါးပေါတော့ ငါးပိ၊ ငံပြာရည်လည်း ပေါတော့တာပေါ့။ မုန့်ဟင်းခါးဆိုတာက ငါးနိုင်ရင် ငံပြာရည်နိုင်ရင် ကောင်းတာပဲလေ။ ဒါကြောင့်မေမေက မုန့်ဟင်းခါးချက်ဖို့ဆိုရင် သိပ်တက်ကြွပါတယ်။ သူပိုင်တဲ့ ဘာသာရပ်ကိုး။

ဒါနဲ့ မေမေက စစ်ဗိုလ်ကတော် နှစ်ယောက် သုံးယောက်လောက်ခေါ်ပြီး ရန်ကုန် သိမ်ကြီးဈေးကို ပြေးရပါတယ်။ အဲဒီတုန်းက မင်္ဂလာဒုံဟာ တပ်မြို့နယ်လေးပဲဖြစ်ပြီး ဈေးကလည်း ချောက်ချီးချောက်ချက်ပါပဲ။ မနက် ၁၀ နာရီလောက်ဆို ဈေးကွဲနေပါပြီ။ ဒါကြောင့် မေမေတို့က ရန်ကုန်ထိပြေး၊ ဈေးဝယ်ရတာပါ။ မေမေက မုန့်ဟင်းခါး တပင်တိုင်ဟင်းသက်သက်အတွက်သာမက ဘူးသီးကြော်ကြော်ဖို့ပါ အစုံအလင်ဝယ်ခြမ်းပြီး တနေ့လုံး လုံးပန်း ချက်ပြုတ်ရပါတယ်။

သုံးဆယ်မုန့်ဟင်းခါးက ငါးခူနဲ့ချက်ပါတယ်။ ပြီးမှ အဆာပလာကို ချဲ့ချင်သမျှချဲ့ကြပါတယ်။ ဘဲဥပြုတ်၊ ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် စတာတွေ ထပ်ထည့်စားကြပါတယ်။ တချို့အရပ် (ဥပမာ-ဟင်္သာတ၊ မိုးညို) မှာဆိုရင် ငါးသလောက်နဲ့ချက်ပြီး၊ ငါးသလောက်ဥကြော်တွေကို အဆာပလာအဖြစ် ထည့်တတ်ပါတယ်။ ဟင်းရည်ထဲလည်း ငှက်ပျောအူတို့၊ မင်းတုန်းကြက်သွန် အလုံးလိုက် စတာတွေလည်း ထည့်တတ်ပါသေးတယ်။

မေမေက မုန့်ဟင်းခါးချက်ရင် သူ့မှာ ပုံသေနည်း (ဖော်မြူလာ) ရှိပါတယ်။ လူဘယ်နှစ်ယောက်ဆိုရင် မုန့်အချိန်ဘယ်လောက်၊ ငါးဘယ်နှစ်ပိဿာ စသဖြင့်ပေါ့။ အဲဒီနည်းနဲ့ ချက်တတ်ပါတယ်။ မေမေက အဲဒီနေ့ကအဖြစ်အပျက်ကို ပြောပြတုန်းက “တော်သေးတယ်။ မေမေက အပိုဆောင်းချက်မိပေလို့။ စားမယ့်လူတွေက အားလုံးလည်းယောကျာ်းသားချည်းဖြစ်ပြန်၊ အလွန်တောင့်တနေတဲ့အစားလည်းဖြစ်လို့၊ တော်တော် ပိုပိုမိုမို လုပ်မိပေလို့ပဲ။ ဒါတောင် လာကူတဲ့ရဲဘော်လေးတွေကို ထမင်းပဲကျွေးလိုက်နိုင်တယ်။ ခေါင်းတောင် မဖော်ကြဘူး။ မြိန်ရည်ရှက်ရည် စားလိုက်ကြတာ၊ ကျွေးရတာ အားရလိုက်တာ” တဲ့။ မေမေက သူခါတိုင်းချက်နေကျထက် နှစ်ဆခွဲလောက် ပိုချက်ခဲ့တာတဲ့။

မေမေက အဲဒီအဖြစ်အပျက်တွေကို ပြန်ပြောပြတုန်းက ထူးထူးဆန်းဆန်းစကားတခုလည်း ပြောခဲ့ပါသေးတယ်။ “အဲလူတွေ က ဗိုလ်မောင်မောင်ကို ဖေဖေက ကယ်တာလို့ပြောဆိုပြီး၊ ဖေဖေ့ကို ဗိုလ်မောင်မောင့်ကို ကယ်တဲ့သူရဲကောင်းကြီးအဖြစ် အပြင်မှာ နာမည်ကြီးနေပေမယ့် ကာယကံရှင် ဗိုလ်မောင်မောင်ကိုယ်တိုင်ကတော့ ဒါကို သိပုံတောင်မရဘူး” တဲ့။ ကျွန်မက အဲဒီတုန်းကတော့ ဘာမှဆက်မမေးမိဘဲ မေမေဘာလို့ ဒီလိုပြောပါလိမ့်လို့ ပဟေဠိဖြစ်နေမိပါတယ်။

အဲဒီပုစြွာရဲ့အဖြေကို နောက်နှစ်ပေါင်းများစွာကြာမှ သိလာရပါတယ်။ ၂၀ဝ၆ ခုနှစ်မှာထွက်လာတဲ့ မှူးသမိန် (ဗိုလ်မှူးကြီး စောမြင့်) ရဲ့ “ဘုံဘဝ ကြုံတွေ့ရဇာတ်လမ်းများ” စာအုပ်ထွက်လာပြီး အဲဒီထဲကဆောင်းပါးတွေဖတ်ရမှ ကျွန်မ လိပ်ပတ်လည်
သွားပါတော့တယ်။ အဲဒီစာအုပ်ဟာ ဗိုလ်မှူးကြီးစောမြင့်က မှူးသမိန်ဆိုတဲ့ ကလောင်နာမည်အပါအဝင် ကလောင်ခွဲ နာမည် အမျိုးမျိုးနဲ့ မဂ္ဂဇင်းများမှာရေးခဲ့တဲ့ ဆောင်းပါးအများအပြားထဲက သမိုင်းဝင်မှတ်တမ်းတင်နိုင်တဲ့စာမူများကို ရွေးထုတ်ပြီး လုံးချင်းထုတ်ဝေလိုက်တဲ့ စာအုပ်ပါ။ အဲဒီအထဲက ၁၉၅၁ ခုနှစ်အတွင်းက အဖြစ်အပျက်တွေကို ရေးထားတဲ့ ဆောင်းပါးတွေ ထဲမှာ ဗိုလ်မှူးကြီးမောင်မောင်တို့အဖွဲ့ကို ကယ်တင်တဲ့ကိစ္စကို အတော်ပြည့်ပြည့်စုံစုံ ရေးထားတဲ့ဆောင်းပါး ငါးစောင်တောင် ပါပါတယ်။ ဗိုလ်မောင်မောင်ကိုယ်တိုင်ရေးပေးထားတဲ့ ကိုယ်တွေ့မှတ်တမ်း ကောက်နုတ်ချက်လေးတောင် ပါလိုက်ပါသေး တယ်။ အဲဒီဆောင်းပါးတွေကို ဖတ်မိပြီးနောက် ကျွန်မ မေမေပြောဖူးတဲ့ “ကာယကံရှင် ဗိုလ်မောင်မောင်ကိုယ်တိုင်ကတော့ ဘာမှတောင် သိပုံမရပါဘူး” ဆိုတဲ့ စကားရဲ့ အရင်းခံအကြောင်းကို တွေးမိလိုက်ပါတော့တယ်။

အဲဒီဆောင်းပါးတွေကို ဗိုလ်စောမြင့်ရေးစဉ်က (၁၉၈၀-၁၉၉၀ ခုနှစ်များအကြား) ဖြစ်တာကြောင့် ဖေဖေ ဗမာပြည်ကွန်မြူနစ်ပါ တီထဲပြန်ရောက်ပြီးကာလဖြစ်လို့ ဖေဖေ့နာမည်ကိုမထည့်ဘဲ ‘တောင်ပိုင်းတိုင်း တိုင်းမှူး’၊ ‘တောင်ပိုင်းတိုင်း စစ်ဆင်ရေးမှူးကြီး’ စတဲ့ ရာထူးတာဝန်ပိုင်းနေရာများကိုသာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဗိုလ်စောမြင့်က သူကိုယ်တိုင်ရေးတဲ့ ဆောင်းပါးတွေ မှာတော့၊ သူ ဗိုလ်မောင်မောင်တို့ကယ်ဖို့ (ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်) ဗိုလ်ချုပ်နေဝင်းက ခေါ်တာဝန်ပေးပြီး သူနဲ့ ပေါင်းစပ်ကူညီဖို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အမိန့်ပေးကာ သူ့ကိုလည်း တောင်ပိုင်းတိုင်းမှူး (ဖေဖေ)နဲ့ ဝင်တွေ့ အစီရင် ခံဖို့ လွှတ်လိုက်ကြောင်း၊ ဖေဖေကိုယ်တိုင်ကလည်း တတိုင်းတပြည်လုံး အခြေအနေအခက်အခဲများကိုရှင်းပြပြီး လိုအပ်တဲ့ တပ်အကူအညီတွေပေးဖို့ ခက်ခဲကြောင်း၊ သို့သော် အတတ်နိုင်ဆုံးကြိုးစားပေးမယ်လို့ ကတိပေးပြီး ကတိအတိုင်းလည်း ဆောင်ရွက်လုပ်ကိုင်ပေးကြောင်းတွေ ရေးထားတာ တွေ့ရပါတယ်။

ဖေဖေက သူ့တပ်တွေကို ရက်အတိအကျနဲ့ ဗိုလ်စောမြင့်ကိုထုတ်ပေးတာပါ။ ဒါပေမဲ့ ရက်ကျော် သွားပေမယ့်လည်း ဗိုလ် စောမြင့်ကိုယ်တိုင် သွားအကျိုးအကြောင်းအစီရင်ခံတော့ ဖေဖေက ရက်တိုးပေးလိုက်လို့ ဝမ်းသာရကြောင်းလည်း ရေးထား တာ တွေ့ရပါတယ်။ အမှန်အတိုင်း ရေးထားပုံရပါတယ်။ ဒါပေမဲ့ ဗိုလ်မောင်မောင်ကိုယ်တိုင် ပြန်ရေးထားတဲ့ သူတို့ လွတ် မြောက်လာပုံအကြောင်းအရာတွေ (ဆောင်းပါးအမည် စစ်ဆင်ရေး အလင်းရောင်-၃) ထဲမှာတော့ “ဤကယ်ယူရေး စီမံချက် သည် ဗိုလ်စောမြင့်က တောင်ငူမှ တပ်မဟာမှူးအဖြစ်နဲ့ ကြိုးစား၍ ဆောင်ရွက်ခြင်းဖြစ်သည်။ သူ့စွမ်းဆောင်မှု၊ သူ့ကြိုးပမ်းမှု၊ သူ့မလျှော့သောလုံ့လနဲ့ သူ့ဇွဲဖြင့် သူအခါခါ ကြံစည်ခဲ့ခြင်းဖြစ်၏။ သူ့အထက်မှာ တောင်ပိုင်းစစ်တိုင်း၊ တပ်မှူးကြီး (ဖေဖေ့ကို ဆိုလို) က အားမပေးခဲ့ချေ။ သူကား မိမိတိုင်းအတွင်း ဗိုလ်မောင်မောင်တို့လူစု ကယ်ဆယ်ရေးထက် အရေးပါသော လုပ်ငန်း ပေါင်းများစွာကို ဦးစားပေး၍ လုံးပန်းနေ၏။ ဤကယ်ဆယ်ရေး စစ်ဆင်ရေးအတွက် သူက တပ်မပေးလို၊ မသုံးလိုပေ။ ဗိုလ် စောမြင့်က မိမိတပ်မဟာ၌ရှိသောတပ်မျှဖြင့် ကြိုးပမ်းပါမည်ဟု တောင်းပန်သော်လည်း သူမနှစ်မြို့နိုင်၊  ကေအင်ဒီအိုများကို သာ မဲ၍တိုက်စေခဲ့၏။” လို့ ရေးထားတာ တွေ့ရပါတယ်။

တနေရာမှာလည်း ဗိုလ်စောမြင့်က သူ့စစ်ဆင်ရေးတွေကို ဗိုလ်မောင်မောင်ကိုရှင်းပြရာမှာ စစ်ရုံးက စီစဉ်ပေးသမျှ တပ်နည်း နည်းနဲ့ မရရအောင်ကြိုးစားရကြောင်း၊ ကြန့်ကြာနေလျှင် တိုင်းမှူးက သူ့စစ်ဆင်ရေး စီမံကိန်းများမှာ လှီးလွှဲသုံးမှုဖြင့် စိတ် ဆိုးခံရမှာကို ကြောက်ရကြောင်း စတာတွေလည်း ရေးထားတာ တွေ့ရပါတယ်။ ဗိုလ်မောင်မောင်က သူ့ကယ်တင်ပြီး ၁ ရက် အတွင်း သူရှိရာ တောတွင်းကို သက်စွန့်ကြိုးပမ်း လေယာဉ်ပျံလေး (အဲဒီတုန်းက ဟယ်လီကော်ပတာ မပေါ်သေးပါဘူး။ ဗြိတိသျှလေတပ်က ချန်ခဲ့တဲ့ မီးကျိုးမောင်းပျက် Oxford လေယာဉ်လေးတွေပဲ ရှိတာပါ) နဲ့ အပြေးအလွှား ရောက်လာကြတဲ့ ဗိုလ်အောင်ကြီး (အဲဒီကာလက စစ်ရုံးချုပ်၊ စစ်ဦးစီးအရာရှိ ပထမတန်း) နဲ့ဗိုလ်စောမြင့်တို့ ပြောသမျှကို ယုံရဟန်ရှိပါတယ်။ ဖေဖေကတော့ သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲမှာ ဗိုလ်မောင်မောင်ကယ်တင်ရေး စစ်ဆင်ရေးကြီးကို ဗိုလ်နေဝင်းရဲ့ တာဝန်ပေးချက်အရ လုပ်ဆောင်ရကြောင်း။ အဲသလိုလုပ်ဆောင်ရာမှာ သေနင်္ဂဗျူဟာအရ ယောင်ပြတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း။ ကေအင်ဒီအိုတွေရဲ့ ဗဟိုဌာနချုပ်စခန်းကြီးကို မိမိတို့တပ်မတော်က စစ်ဆင်ရေးအကြီးစားလုပ်ပြီး ချီတက်တိုက် ခိုက်မည့် ‘ဟန်ပြစစ်ဆင်ရေးကြီး’ လုပ်နေစဉ်ကာလမှာ၊ ရန်ကုန်ဘဆွေတို့ဦးစီးတဲ့ ကယ်တင်ရေးပြောက်ကျားတပ်ဖွဲ့က ဗိုလ် မောင်မောင်တို့အဖွဲ့ကို ဖမ်းချုပ်ထားတဲ့စခန်းကိုဝင်ပြီး တိုက်ခိုက် ထိုးသုတ်ကယ်တင်ရန်ဖြစ်သည်လို့ ရေးထားပါတယ်။

ဖေဖေရည်ရွယ်ချက်ကတော့ ကေအင်ဒီအိုများအနေနဲ့ မိမိဗဟိုစခန်းကယ်တင်ရေးကိုပဲ အဓိကထားနေရပြီး၊ ဗိုလ်မောင် မောင်တို့ အကျဉ်းကျအဖွဲ့ကို ဂရုမစိုက်နိုင်အောင် လုပ်တာဖြစ်ပါတယ်။ တကယ်လည်း ကယ်တင်ရေးတပ်ဖွဲ့တွေ အကျဉ်းချ
ထားတဲ့နေရာကို ဝင်သွားတဲ့အခါ ကေအင်ဒီအိုများက ဆုတ်ထားနှင့်ပြီးဖြစ်ကာ အရပ်သားများသာကျန်ခဲ့ပြီး ဘာတိုက်ပွဲမှ ကြီးကြီးကျယ်ကျယ် မဖြစ်လိုက်ပါဘူး။ ဗိုလ်မောင်မောင်တို့ကို တောလမ်းခရီးနဲ့ ၂ ရက်နီးပါးလောက် ခြေကျင်လျှောက် ခေါ် ထုတ်လာရာမှာလည်း လိုက်လံတိုက်ခိုက်တာတွေ မရှိခဲ့ပါဘူး။

အဲဒီဗိုလ်စောမြင့်ရဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ရင် ဆိုရှယ်လစ်အုပ်စုရဲ့ ဂိုဏ်းဂဏ လုပ်ဆောင်မှုတွေကို ကောင်းကောင်း
တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် ဗိုလ်မောင်မောင်က လွတ်မြောက်လာပြီးနောက် စစ်ရှုံးတဲ့ စစ်ဗိုလ်ဟာ စစ်တပ်က ထွက်ရမယ် ဆိုတဲ့ အယူအဆနဲ့ စစ်တပ်ကထွက်မယ်လို့လုပ်တဲ့အခါ သူတို့အုပ်စုတွေ (ဗိုလ်အောင်ကြီး၊ ဗိုလ်စောမြင့်၊ ရန်ကုန် ဘဆွေ) စသူတွေက ဘယ်လိုဝိုင်းဝန်း ဖျောင်းဖျတောင်းပန်ရတယ်ဆိုတာတွေကို တွေ့ရှိနိုင်ပါတယ်။ သူတို့အင်္ဂလိပ်တော်လှန်ရေး၊ ဂျပန်တော်လှန်ရေး စတာတွေကို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အုပ်စု (ဗိုလ်နေဝင်းဦးဆောင်တဲ့ နောင်ဆိုရှယ်လစ်ဂိုဏ်းလို့ အမည်တွင်ခဲ့တဲ့ အုပ်စုဝင်တွေ) တဦးအပေါ်တဦး ဘယ်လောက် သံယောဇဉ်ရှိကြောင်း ဗိုလ်မောင်မောင်ကို ဘယ်လောက် အားထားကြောင်း၊ ဒါကြောင့် ဗိုလ်မောင်မောင် အမြန်လွတ်ရေးအတွက် ဘယ်လောက်ဝိုင်းဝန်းကြိုးစားရကြောင်း စတာတွေ အပြည့်အစုံ ရေးထားတာ ဖတ်ရပါတယ်။ ဟုတ်ပါတယ်။ တကယ်လည်း ဗိုလ်မောင်မောင်ဟာ ထူးချွန်ထက်မြက်သူတဦး၊ ဗမာ့တပ်မတော်ကို တကယ့်အသက်မွေးဝမ်းကြောင်း တပ်မတော် Professional Army  အဖြစ် တည်ဆောက်ဖို့အတွက် အလွန်အားထားရတဲ့ ပုဂ္ဂိုလ်တဦးပါ။

ဗိုလ်မောင်မောင် ဘီအိုင်အေအစောပိုင်းကာလ တပ်ထဲဝင်လာစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းက အလွန်သဘော ကျခဲ့ပြီး၊ သူ့အနားခေါ်ထားတာ မြေတောင်မြှောက်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ဗြိတိသျှတွေနဲ့ လွတ် လပ်ရေးအတွက် ပြောဆိုဆွေးနွေးရယူဖို့ ပြင်ဆင်ရာမှာ အင်္ဂလိပ်တွေနဲ့ဆက်ဆံရာမှာ အမြင်ကောင်းစေဖို့အတွက် မိမိအနား မှာ အင်္ဂလိပ်စကားကျွမ်းကျင်တဲ့၊ အင်္ဂလိပ်တွေရဲ့ထုံးတမ်းစဉ်လာတွေကို နားလည်တဲ့လူတွေကို ထားခဲ့ပါတယ်။ (သတင်း ထောက်ဦးပုကလေးရေးတဲ့ “ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” စာအုပ်ကို ဖတ်ကြည့်ပါ။) ဗိုလ်မောင်မောင်ကိုယ်တိုင် ကလည်း သူတပ်ထဲသာ ဝင်လာရတယ်၊ ဘာစစ်ပညာမှ မတတ်သေးဘူးဆိုပြီး နှိမ့်ချစွာနဲ့ ဖေဖေရဲ့ စံပြကျောင်း (ပဲခူး)ကို လာတက်ခဲ့ပါသေးတယ်။ တကယ်လည်း မျိုးချစ်ပြည်ချစ်စိတ် အပြည့်အဝနဲ့ လွတ်လပ်ရေးလှုပ်ရှားမှု အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တာပါ။ ဂျပန်တော်လှန်ရေးအတွင်းမှာလည်း ကောင်းမှုတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်မောင်မောင်ရဲ့ အဓိကအားနည်းချက်ဟာ အလွန်မာန်မာနကြီးပြီး လူမှုဆက်ဆံရေး အင်မတန်ညံ့ပါတယ်။ အလွန်ထက်မြက်သူတို့ရဲ့ ထုံးစံအတိုင်း မိမိရဲ့ဉာဏ်ရည်မမီသူတွေကို အထင်အမြင်သေးတတ်ပါတယ်။ ဒါ့အပြင် လူတန်း စားလည်း အင်မတန် ခွဲခြားပါတယ်။ အင်္ဂလိပ်ခေတ် မင်းမှုထမ်းမျိုးရိုးက ဆင်းသက်ပြီး ပညာရေးအခြေခံကလည်း (သာ သနာပြုကျောင်းတွေနေပြီး) အလွန်ခိုင်မာကောင်းမွန်တာလည်းပါ။ မိသားစုထဲမှာ တဦးတည်းသော သားယောကျာ်း လေး ဖြစ်လို့ မိဘများရဲ့ ဖူးဖူးမှုတ်မြှောက်စားခြင်းလည်းခံရလေတော့ အလွန်ကို ဘဝင်မြင့်ပါတယ်။ ဘယ်သူနဲ့မှ မတည့်ပါဘူး။ အလွန်ဘုကျသူပါ။ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်တုန်းကတော့ ဗိုလ်ချုပ်ရဲ့အရှိန်အဝါနဲ့ ထိန်းသိမ်းထားလို့ သူ့အားနည်းချက်တွေ သိပ်မပေါ်လွင်လှပါဘူး။ ဗိုလ်ချုပ်ကိုယ်၌ကလည်း ဗိုလ်မောင်မောင်ရဲ့ အင်မတန်ကြီးမားတဲ့ အားကောင်းချက်တွေ (ဥပမာ – မျိုးချစ်ပြည်ချစ်စိတ်၊ ထက်မြက်မှု စသဖြင့်) ကိုသာ အာရုံထားပြီး နောင်တပ်မတော် တည်ဆောက်ရေးအတွက် အားထားခဲ့ပုံရပါတယ်။

ဒါပေမဲ့ BDA ကာလ (၁၉၄၃-၄၄ ခုနှစ်များ) များမှာတော့ သူတို့ရဲ့ ပင်ကိုလူတန်းစား ဗီဇတွေ ပေါ်လာပါတယ်။ BDA ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လှုံ့ဆော်ချက်နဲ့ တပ်ထဲလှိမ့်ဝင်လာတဲ့ ပညာတတ်အုပ်စုကို ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင် ကြီးပေါင်းပြီး ဂိုဏ်းအုပ်စုဖွဲ့ပါတယ်။ “ဂျပန်တော်လှန်ရေးလုပ်ရန်” ဆိုတဲ့အကြောင်းပြချက်နဲ့ စုစည်းလှုပ်ရှားကြတာပါ။ တကယ်တော့ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးဟာ အလွန်ဘက်ညီပါတယ်။ ဗိုလ်မောင်မောင်ဟာ ဆက်ဆံရေးတွေမှာ ဘုကျပေမယ့် ဗိုလ်အောင်ကြီးကတော့ (သူကိုယ်တိုင်ပြောဆိုချက်အရ ကုန်သည်ပွဲစားမျိုးရိုးက ဆင်းသက်လာသူပီပီ) အလွန်ဆက်ဆံရေး ညက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနား အတွင်းရေးမှူးအဖြစ်ရောက်နေတဲ့ ဗိုလ်မောင်မောင်နဲ့ကပ်ပြီး ရသမျှအခွင့်အရေး အသုံးချပါတော့တယ်။ ဗိုလ်အောင်ကြီးအကြောင်းရေးပြီးဖြစ်လို့ ဗိုလ်မောင်မောင်အကြောင်းပဲ ဆက်ရေး
ပါရစေတော့။

အဲဒီ BDA ကာလ ‘ဂျပန်တော်လှန်ရေး’ အတွက် လျှို့ဝှက်လှုပ်ရှားစဉ်ကစလို့ သူတို့ ပြည်သူ့အရေးတော်ပုံပါတီ (ဝါ) နောင် ဆိုရှယ်လစ်ပါတီဆိုတာ သန္ဓေတည်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင်ထဲက ‘ဗိုလ်နေဝင်း’ ကို ဆရာတင်ကာ တပ်တွင်းအာဏာရရေးကို ကြိုးပမ်းခဲ့ကြတာပါ။ သူတို့အတွက် အရေးသာသွားရတဲ့အချက်တွေကတော့ ဗမာပြည်လက်ဝဲသမားအများအကြား အကွဲကွဲ အပြားပြားဖြစ်ကုန်တာ (အလံနီ၊ အလံဖြူ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါ အမျိုးမျိုးကွဲတာ)၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားရတာ၊ ဖဆပလ အဖွဲ့ချုပ်အတွင်း (ဦးနုက ဝန်ကြီးချုပ်ဖြစ်ပေမယ့်) အာဏာကို ဆိုရှယ်လစ်အုပ်စုက အဓိကကိုင်ထားခွင့်ရသွားတာ စတာတွေကြောင့် ဖြစ်ပါတော့တယ်။

လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ် စတောက်လောင်စဉ်ကာလမှာ ဗိုလ်မောင်မောင်ဟာ ကေအင်ဒီအိုတွေရဲ့ စစ်သုံ့ပန်း အဖြစ်နေခဲ့ရပေမယ့် အဲဒီကာလကလွန်မြောက်လာပြီး ကေအင်ဒီအိုအရေးအခင်းတွေ ညှိုးခြောက်သွားပြီး ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ် ပြင်းထန်လာချိန်မှာတော့ လူတန်းစားဗီဇအရကိုက ကွန်မြူနစ်ကို အင်မတန်မှမုန်းတီးတဲ့ဗိုလ်မောင်မောင်တို့ ကံဇာတာ ထလာပါတော့တယ်။

၁၉၅၀ ခုနှစ်လွန်နှစ်များမှာ စစ်ရုံးချုပ်ကို ဆိုရှယ်လစ်တပ်မှူးများ အုပ်စီးလိုက်နိုင်ပါတယ်။ နဝတခေတ်ထုတ် တပ်မတော် သမိုင်း၊ စတုတ္ထ (၁၉၄၈-၁၉၆၂) မှာရေးထားတဲ့ စာပိုဒ်တပိုဒ်ကို ကိုးကားပါရစေ။ (နှာ-၁၄၁ ကြည့်) ၁၉၅၃ ခုနှစ် တပ်မှူးများ ညီလာခံသို့ စစ်ဦးစီးဌာနဆိုင်ရာ လုပ်ငန်းရပ်များကို စစ်ဦးစီးအရာရှိ (ပထမတန်း) ဗိုလ်မှူးကြီး အောင်ကြီးကလည်းကောင်း၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စများကို စစ်ဦးစီးအရာရှိ (လေ့ကျင့်ရေး) ဗိုလ်မှူးကြီး မောင်မောင်ကလည်းကောင်း၊ စစ်ရေးချုပ်ဌာန ဆိုင်ရာလုပ်ငန်းလုပ်ရပ်များကို စစ်ရေးချုပ် ဗိုလ်မှူးချုပ်ကျော်ဝင်းကလည်းကောင်း၊ စစ်ထောက်ချုပ်ဌာနဆိုင်ရာ လုပ်ငန်း လုပ်ရပ်များကို စစ်ထောက်ချုပ် ဗိုလ်မှူးကြီးတင်ဖေကလည်းကောင်း၊ အစီရင်ခံစာများတင်သွင်းကြပြီး စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက နိဂုံးချုပ်မိန့်ခွန်း ¹မွက်ကြားပါသည်လို့ ရေးထားတာ တွေ့ရပါတယ်။

ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်တို့ဟာ ဆိုရှယ်လစ်တပ်မှူးထိပ်သီးတွေအဖြစ် အားလုံးသိပြီးသားပါ။ ဗိုလ်မှူးချုပ် ကျော် ဝင်းဆိုတာကတော့ မဆလခေတ်အထိ ဗိုလ်နေဝင်း လူယုံအဖြစ်ပါခဲ့ပြီး၊ ဦးမောင်မောင်ကျော်ဝင်းဆိုတဲ့အမည်နဲ့ တရုတ်ပြည် သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ တပ်ထဲကို BDA ကာလမှ ဝင်လာတာပါ။ ဒါပေမဲ့ ပညာတတ်ကြီးဖြစ် တာကိုအကြောင်းပြပြီး ဗိုလ်အောင်ကြီးတို့က အတော်ဦးစားပေးပြီး ရာထူးဝါ စီစဉ်တဲ့နေရာမှာ ဖေဖေရှေ့ကထားတတ်လို့ ဖေဖေက မကျေမနပ်ဖြစ်ပြီး ဗိုလ်နေဝင်းကို တိုင်တန်းဖူးကြောင်း ဖေဖေက သူ့စာအုပ်ထဲမှာ ရေးဖူးပါတယ်။

ဗိုလ်တင်ဖေကတော့ မဆလခေတ်မှာ ကုန်သွယ်ရေးဝန်ကြီး လုပ်ခဲ့ဖူးသူပါ။

ဒီတော့ ၁၉၅၃ ခုနှစ်တဝိုက်မှာ စစ်ရုံးချုပ်လုပ်ငန်းတွေအားလုံးကို သူတို့ချုပ်ကိုင်ထားပြီဆိုတာ ရှင်းနေပါတယ်။ (ဒီနေရာမှာ စကားချပ်တရပ်အနေနဲ့ ရေးချင်တာတခုရှိပါသေးတယ်။ အဲဒီစာအုပ်ထဲမှာ ၁၉၅၃ ခုနှစ်မှာ ဗိုလ်အောင်ကြီးကို စစ်ဦးစီးအရာရှိ (ပထမတန်း) လို့ ဖော်ပြထားပေမယ့် မှူးသမိန်ရဲ့ဆောင်းပါးတွေမှာတော့ ၁၉၅၁ ခုနှစ်ကအဖြစ်အပျက်တွေကို ရေးရာမှာ ဗိုလ်အောင်ကြီးကို ဒုကာကွယ်ရေးဦးစီးချုပ်လို့ သွယ်ဝိုက်ရေးထားပါတယ်။ အဲဒါ သူတို့ရဲ့လုပ်ဟန်ပါ။ မိမိတင်ချင်သူတွေကို မသိမသာ တင်မြှောက်ပေးတဲ့ လုပ်ဟန်ပါပဲ။)

အဲဒီတပ်မတော်သမိုင်းစာအုပ်ကိုဖတ်ကြည့်ရင် တပ်မတော်ကို ဘက်စုံ ဘယ်လိုတည်ဆောက်ကြောင်းတွေ ပါပါတယ်။ ဒီနေ ရာမှာ အခရာနေရာက ပါဝင်ခဲ့သူနှစ်ဦးဟာ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်ပါ။ (ဒါပေမဲ့ ဒီစာအုပ်ထဲမှာတော့ နာမည်တွေကို တချို့နေရာများမှာသာဖော်ပြပြီး တချို့နေရာမှာတော့ ရာထူးတွေကိုသာရေးထားတာ တွေ့ရပါတယ်)။ ဗိုလ်မောင်မောင်ကို နောင်ဗိုလ်မှူးချုပ်ရာထူးအထိ တိုးမြှင့်ပေးပါတယ်။ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးအဖြစ်နေရာပေးကာ အနောက်နိုင်ငံ အသီးသီးသို့ ပို့လွှတ်လေ့လာစေကာ တပ်ကို ဘက်စုံကတည်ဆောက်စေပါတယ်။ တပ်မတော် ထောက်လှမ်းရေးဌာနတို့၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့၊ ကာကွယ်ရေးတက္ကသိုလ်တို့ စတာတွေဟာ သူ့ရဲ့လက်ရာတွေပါ။

အိမ်စောင့်အစိုးရခေတ်ကစလို့ ပေါ်ပေါက်ခဲ့တဲ့ ကိုကိုးကျွန်းစခန်းဆိုတာဟာ ဗိုလ်မောင်မောင်ရဲ့ (Brainchild) ပါ။ သူက အစ္စရေးရဲ့ မော့ဇက် (ထောက်လှမ်းရေးအဖွဲ့) ကို အလွန်အားကျ လေ့လာခဲ့သူပါ။ အဲဒီကနည်းတွေကို ယူပြီး ထောက်လှမ်း
ရေးအဖွဲ့ကို တည်ဆောက်ခဲ့တာပါ။

ဗိုလ်အောင်ကြီးက စစ်တပ်ကို ဥစ္စာဓနပြည့်ဝအောင် စီးပွားရေးလုပ်ငန်းများနဲ့ထူထောင်ပေးပြီး ပြည်သူလူထုကို ဖိနှိပ်ဖို့နဲ့ ပြည်တွင်းစစ်ကို မီးကုန်ယမ်းကုန်တိုက်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကိုတော့ ဗိုလ်မောင်မောင်က တည်ဆောက် ပေးခဲ့ တာပါ။ အဲဒီလုပ်ငန်းတွေအတွက် လေ့လာရေးခရီးတွေအဖြစ် အမေရိကန်အပါအဝင် အနောက်နိုင်ငံအတော်များများကို ဗိုလ်မောင်မောင်က သွားခဲ့ဖူးပါတယ်။ ဘရင်ဂျီဘာသာထဲ ပြောင်းဝင်ပြီး အနောက်နိုင်ငံများရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့များကို အလွန်သဘောကျ နှစ်ခြိုက်ပြီး စိတ်ဓာတ်အရလည်း အနောက်တိုင်းဆန်နေတဲ့ ဗိုလ်မောင်မောင်ကို အဲဒီခေတ် အဲဒီအခါက အရှေ့အာရှဒေသတွေထဲ ကိုလိုနီဟောင်းတွေ (အင်္ဂလိပ်၊ ပြင်သစ်) ကိုဖယ် တိုးဝင်လာနေတဲ့ အမေရိကန်က သဘောကျပြီး ချဉ်းကပ်ပုံရပါတယ်။ ဒါမျိုးမှာ ချက်ဆိုနားခွက်က မီးတောက်တဲ့ ဗိုလ်နေဝင်းကရိပ်မိပြီး လက်ဦးမှုရှိစွာ ဘေးဖယ်ခဲ့တာပါပဲ။ တပ်က အနားပေးတယ်ဆိုပြီး သံအမတ်ကြီးအဖြစ်ခန့်ကာ ကတ္တီပါလမ်းခွဲလုပ်လိုက်တာပါပဲ။

တကယ်တော့ ၁၉၅၈ ခုနှစ် ပထမအကြိမ်အာဏာသိမ်းပွဲမှာ ဗိုလ်မောင်မောင်တို့၊ ဗိုလ်အောင်ကြီးတို့ရဲ့ အခန်းကဏ္ဍ အတော် ကြီးပါတယ်။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်တင်ဖေတို့ သုံးဦး (အဲဒီကာလဝန်ကြီးချုပ် ဦးနုကို ဖိအားပေးပြီး၊ ဗိုလ်နေဝင်းကို အာဏာအပ်ခိုင်းအပြီး) ဦးနုအိမ်ဝင်းထဲကထွက်လာတဲ့ကားပေါ်မှာ ပြုံးရွှင်စွာ ရယ်မောပြောဆိုနေတဲ့ ဓာတ်ပုံ တပုံ အဲဒီကာလက ကြေးမုံသတင်းစာမျက်နှာဖုံးမှာ ဖော်ပြဖူးပါတယ်။

ဗိုလ်အောင်ကြီးတို့၊ ဗိုလ်မောင်မောင်တို့ ဘယ်လောက်ပဲ သူ့အပေါ်ကို အကျိုးပြုခဲ့ပြုခဲ့၊ သူ့နေရာ ထိပါးလာတော့မယ်လို့ မြင်လာတဲ့အခါ ဗိုလ်နေဝင်းဟာ ဘယ်သူ့ကိုမှ မညှာပါဘူး။ ၁၉၆၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးမှာ သန့်ရှင်းပထစ အပြတ်အသတ်နိုင်လိုက်တဲ့အခါ ဗိုလ်နေဝင်းအနေနဲ့ ဆိုရှယ်လစ်တွေနဲ့ လမ်းခွဲချိန်တန်ပြီဆိုတာ နားလည်သွားပြီး အစီအစဉ် ရှိစွာနဲ့ ဆိုရှယ်လစ်တပ်မှူး ထိပ်သီးများကို တပ်ထဲကနေ တစတစ ဖယ်ရှားတော့တာပါပဲ။

ဗိုလ်မောင်မောင်ကတော့ သံအမတ်အဖြစ်က ပင်စင်ယူပြီးနောက်မှာတော့ ပညာရေးလောကထဲဝင်ပြီး ပညာရှင်တဦးဖြစ် အောင် ကြိုးစားရာမှာ အောင်မြင်တာ တွေ့ရပါတယ်။ သြစတြေးလျတက္ကသိုလ်တခုမှာ နောက်ပိုင်း စာပေပို့ချတာတွေ လုပ် ဆောင်ပါတယ်။ တိုင်းပြည်အတွက်တော့ အဖိုးတန်ပညာတတ်တဦးပါ။ ဒါပေမဲ့ အခြေခံစိတ်နေစိတ်ထားက ပြောင်းပုံမရပါဘူး။
၁၉၉၀ ခုနှစ်များက သူပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗမာပြည်လွတ်လပ်ရေးရပြီး အခုချိန်အထိ မတိုးတက်တာ ဗမာတွေ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့လို့ပြောသွားပြီး သူနဲ့ အင်မတန်အတွဲညီခဲ့တဲ့ ဗိုလ်အောင်ကြီးကိုတောင် “ဗိုလ် အောင်ကြီးအကြောင်းတော့ မပြောပါနဲ့။ သူက ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်တဲ့သူ မဟုတ်ပါဘူး” လို့ ပယ်ပယ်နယ်နယ် ပြောသွားပါသေးတယ်။

ဖေဖေက အဲဒီဟာတွေနားထောင်ပြီးနောက် “သြော် ဗိုလ်မောင်မောင် အသက်တွေလည်း ရလာနေပြီပဲဟာ အခုအထိ မာန မချသေးပါလား” လို့ မြည်တွန်တောက်တီးပါတယ်။ ဖေဖေက ဆက်ပြီး “ကျွန်တော် အမေရိကန်မှာ လူမဖြစ်ရတာ သိပ်နာ တယ်ဗျာလို့ မပြောတာ တော်သေးတာပေါ့” လို့လည်း ကောက်ချက်ပေးလိုက်ပါသေးတယ်။ ဗိုလ်မောင်မောင်ဟာ အဲသလို လူစားပါ။

၁၇-၅-၂၀၁၂
ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၂၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လှကျော်ဇော, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်