ဂါမဏိ – တနိုင်ငံလုံးကိုဒုက္ခပေးမယ့် တနိုင်ငံလုံးစာချုပ်

June 9, 2015

 
ဂါမဏိ – တနိုင်ငံလုံးကိုဒုက္ခပေးမယ့် တနိုင်ငံလုံးစာချုပ်
(မိုးမခ) ဇွန် ၈၊ ၂၀၁၅
 
၂၀၁၅ ခုမတ်လ ၃၀ ရက်နေ့မှာ တပြည်လုံးအပစ်ရပ်စာချုပ်မူကြမ်းစာသားလို့ ခေါ်တဲ့ စက္ကူတရွက်ကို အပြီးသတ်အတည်ပြုလိုက်ပြီ လို့ ကြံ့ဖွတ်အစိုးရဘက်က အုတ်အော်သောင်းတင်းကြေညာပြီး အဲဒီ့စာသားအတည်ပြုတာကိုဘဲ အပစ်ရပ်စာချုပ် လက်မှတ်ထိုး လိုက်သလိုလို၊ တနိုင်ငံလုံးအပစ်ရပ်ပြီး ငြိမ်းချမ်းရေးရသွားပြီလိုလို ဝါဒဖြန့်ခဲ့တာ ဗမာပြည်သူတွေကြားမှာ ဟာသကြီးဖြစ်ခဲ့ပါတယ် (အူတူတူနိုင်ငံခြားသားတချို့ကဘဲ အဟုတ်ထင်ခဲ့ကြတယ်)။ 
 
ပိုရယ်ရတာက မတ်-ဧပြီ-မေလတွေမှာ ကိုးကန့်ဒေသ၊ ပလောင်ဒေသ၊ ဒေသတွေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး ကိုးကန့်ဒေသမှာ မကြုံစဖူး လက်နက်ကြီးတွေ ပြုံအောသုံး၊ တပ်ရင်းတပ်မတွေ ပြုံအောသုံးပြီး အစိုးရတပ်ဘက်က အရာရှိတွေ အပါ အဝင် စစ်သည်အင်အားတွေ ပြုံအောသေနေတဲ့သတင်းတွေ၊ ဓာတ်ပုံတွေ တက်လာလို့ ဖြစ်ပါတယ်။
 
ဗမာပြည်တောင်ပိုင်းမှာလဲ သထုံခရိုင်၊ တောင်ငူခရိုင်၊ ဖာပွန်ခရိုင်တွေမှာ KNU နဲ့ တိုက်ပွဲဖြစ်တာ၊ လေ့ကျင့်တယ်ဆိုပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ ဒုံးပစ်တာတွေ၊ လွိုင်ကော်နယ်မှာ KNPP နဲ့ ချမလိုလိုဖြစ်တာတွေကို သမိုင်းအရ ထူးမခြားနားတွေ့နေရတယ်။
 
တကယ်တန်းပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီနောက်ဆုံးသဘောတူလိုက်တဲ့ NCA မူကြမ်းစာသားထဲမှာ တိုင်းရင်းသားတွေ မကြိုက် တဲ့ အငြင်းပွားစရာတွေ တော်တော်ရှိနေပါတယ်။
 
အခန်း(၁) အခြေခံမူများ 
 
၁။ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ဆိုရာမှာ ပင်လုံ စိတ်ဓာတ်နဲ့ဖက်ဒရယ်ကိစ္စကို “နိုင်ငံရေးဆွေးနွေးပွဲရလဒ်” နဲ့ ချည်ထားပြီး ဒို့တာဝန်အရေးသုံးပါးကိုတော့ ခြွင်းချက်မရှိလက်ခံရမယ် ဆိုတာ တဖက်သတ်ဖြစ်နေတယ်။ 
 
၂။ အလားတူဘဲ ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စကိုလဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်ဆွေးနွေးဖို့ဘဲပြောထားတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော်ကို ဗမာအစိုးရဘက်က အတိအလင်းလက်ခံထားတာ မရှိသေးတာ တွေ့ရတယ်။ ဒါပေမဲ့ အခုနောက်ဆုံး ဇွန်လမှာလုပ်တဲ့ လော်ခီးလာတိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးညီလာခံမှာတော့ အဖွဲ့ အစည်းတွေ ထက်ဝက်လောက်က အဲဒါလောက်နဲ့ဘဲ လက်မှတ်ထိုးချင်တဲ့သဘော တွေ့ရတယ်။ ကျန်တဲ့တဝက်လောက်ကတော့ အဲဒီစာသားတွေကို ပိုပြီးအာမခံချက်ရှိအောင် ပြင်ချင်ကြတယ်။
 
အခန်း(၂) ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ 
 
၃။ အဓိကပြဿနာဖြစ်ပြီးကျန်နေတာတခုက NCA ကိုလက်မှတ်ထိုးရင် ပါမယ့်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာပါမယ့် အဖွဲ့ အစည်းတွေကိစ္စ ဖြစ်တယ်။ ဗမာအစိုးရနဲ့ ဗမာစစ်တပ်က MNDAA ကိုးကန့်၊ TNLA ပလောင် နဲ့ AA တွေ NCA လက်မှတ်ထိုး ရင် မပါရဘူးပြောနေတယ်။ ဒါကိုတော့ လော်ခီးလာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးလောက်က ကန့်ကွက်နေပြီး ဒီ ၃ ဖွဲ့မပါရင် တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်မထိုးဘူးလို့ ခံယူနေကြတယ်။ 
 
၎။ ဗမာအစိုးရဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ‘တော်လှန်ရေးအဖွဲ့အစည်းများ’ အဖြစ် အသိအမှတ်မပြုဘဲ ‘တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေးဆန္ဒကိုနားလည်ခြင်း’ လို့ဘဲ မူကြမ်းမှာထည့်ထားတာကို တိုင်းရင်းသားတွေက မကျေနပ်ပေမဲ့ ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးကို ရှေ့ရှူပြီး လက်ခံထားလိုက်တယ်။
အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ
 
၅။ အပစ်ရပ်ကိစ္စတွေကို လက်မှတ်ထိုးပြီး ၁၄ ရက်အတွင်း တိကျသောအချိန်ဇယားသတ်မှတ်ဖို့ ပြောထားတာ မရေမရာဖြစ်နေ တယ်။ အခန်း(၄) မှာတော့ စစ်ဘက်ကျင့်ဝတ် (CoC) နဲ့ စည်းကမ်းတွေကို လက်မှတ်ထိုးပြီး ၁ လအတွင်း အပြီးရေးရမယ်လို့ ဆိုပြန်တယ်။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိုတော့ ၂ လအတွင်း ပူးတွဲရေးရမယ်လို့ အခန်း(၅)မှာ ဆိုသေးတယ်။
 
၆။ တပ်ပိုင်းဆိုင်ရာကိစ္စမှာ စခန်းအသစ် မဆောက်ဖို့ဘဲတားမြစ်ထားပြီး စခန်းဟောင်းများလျှော့ချရေးကိစ္စ မပါ။ ဒါ့အပြင် စခန်း အသေမရှိဘဲ လှုပ်ရှားတပ် ပျောက်ကျားတပ်ဘဲရှိတဲ့ တိုင်းရင်းသားပျောက်ကျားဒေသတွေမှာ တိုင်းရင်းသားတပ်တွေဟာ အပစ်ရပ် အခြေအနေသစ်အောက်မှာ အခြေချစခန်း ဆောက်ခွင့်မရှိတဲ့သဘော၊ ဌာနချုပ်စခန်းရှိတဲ့ဆီ ပြန်ဆုတ်ရမယ့်သဘော ဖြစ်နေတယ်။ နောက်တနေရာမှာတော့ တပ်များနေရာပြန်ချမှု ညှိနှိုင်းဆောင်ရွက်ရန်၊ တပ်စခန်းများအရေအတွက် ညှိနှိုင်းဆောင်ရွက်ရန်လို့ ဆိုပြန် တယ်။
တကယ်တော့ အခန်း(၃) အပိုဒ်(၅) ဟာ စစ်ဘက်ကျင့်ဝတ်မရှိသေးဘဲ လိုက်နာဖို့၊ ပူးတွဲစောင့်ကြည့်ကော်မတီ မရှိသေးဘဲ နာခံဖို့ ဖြစ်နေလို့ အဓိပ္ပာယ်မရှိပါ။
 
၇။ အပစ်ရပ်နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးကိစ္စ ညှိနှိုင်းဆောင်ရွက်ရန် နဲ့ တပ်ပိုင်းဆိုင်ရာအုပ်ချုပ်မှုကိစ္စများ ညှိနှိုင်းဆောင် ရွက်ရန် လို့ပြောတာက တိုင်းရင်းသားနယ်မြေထဲ မလိမ့်တပတ်နဲ့တိုးဝင်ဖို့ ရည်ရွယ်တာလား။ 
 
တကယ်တော့ အပစ်ရပ်နယ်မြေဆိုတာ မိမိလွတ်မြောက်ဒေသ (အစိုးရသတ်မှတ်ချက်အရ ‘အနက်ရောင်ဒေသ’) တင်မကဘဲ မိမိ ပျောက်ကျားဒေသ (အစိုးရသတ်မှတ်ချက်အရ ‘အညိုရောင်ဒေသ’) သတ်မှတ်ထားတဲ့ ပြည်နယ်နဲ့တိုင်း မြို့ကြီးတွေ သို့မဟုတ် မြို့ဘေးပတ်ဝန်းကျင်တွေပါအကြုံးဝင်ပြီး အဲဒီနယ်မြေတွေမှာလဲ တရားဥပဒေစိုးမိုးရေးကိစ္စ နဲ့ တပ်ပိုင်းဆိုင်ရာအုပ်ချုပ်မှုကိစ္စများကို နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ဖို့ဖြစ်ရမယ်။
 
၈။ တိုင်းရင်းသားတပ် လူသစ်စုတာကို ‘လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေး’ လုပ်ငန်းစဉ်များအရ ဆွေးနွေး ညှိနှိုင်းလုပ်ရန် လို့ ဆိုထားတယ်။ ဒီ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို အစိုးရဖက်က Disarmament, Demobilization, Reintegration (DDR) လို့ နားလည်သတ်မှတ်ထားပြီး တိုင်းရင်းသားတွေဖက်ကတော့ Security Sector Reform (SSR) လို့ နားလည်သတ်မှတ်ထားတာ အဓိကကွာဟချက်ကြီးဖြစ်နေတယ်။ တိုင်းရင်းသားတွေအဖို့ SSR ဆိုတာ နိုင်ငံရေးကိစ္စရပ်တွေ၊ အထူး သဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဖက်ဒရယ်တပ်မတော်စနစ်တွေနဲ့ ခွဲမရနိုင်လို့ နိုင်ငံရေးဆွေးနွေးပွဲတွေ အားလုံးပြီးပြတ်သွားမှ အခြေခံဥပဒေအပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ တွဲဖက်ပြီးလုပ်ရမယ့်ကိစ္စ ဖြစ်နေတယ်။ 
 
အစိုးရဖက်ကတော့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးတာနဲ့ DDR ကိုအကောင်အထည်ဖော်ပြီး တိုင်းရင်းသားတပ်တွေ လက်နက် ဖြုတ်၊ တပ်ဖျက်စေချင်တာ ဖြစ်တယ်။ အရင်က မူကြမ်းတွေမှာ ဒါကို စစ်အုပ်စုဘက်က တောက်လျှောက်တောင်းဆိုခဲ့တယ်။ နောက်ဆုံးစာသားမှာတော့ DDR/SSR ကို တိတိကျကျမပြောတော့ဘဲ ဝေဝေဝါးဝါးလုပ်ထားတယ်။
 
၉။ နောက်ဆုံးမူကြမ်းစာသားမှာပါတဲ့ ‘ဥပဒေနှင့်အညီ’ ပညာရေး ကျန်းမာရေးလုပ်ငန်းတွေလုပ်ဖို့ဆိုတာ မင်းအောင်လှိုင်ပြောတဲ့ မူ(၆)ချက်ထဲက နံပတ်(၅) ဖြစ်တဲ့ တည်ဆဲဥပဒေများ လိုက်နာရန်ဆိုပြီး လက်အောက်ခံလုပ်ခိုင်းတာဖြစ်တယ်။
 
၁၀။ IDP ကိစ္စနဲ့ NGO ကိစ္စမှာတော့ အစိုးရခွင့်ပြုချက်ယူပြီး တိုင်းရင်းသားလက်နက်ကိုင်နဲ့ ညှိနှိုင်းရန်ဆိုပြီး နှစ်ဖက်စလုံး အရေးပါ သလိုလိုလုပ်ထားပေမဲ့ အနှစ်သာရကတော့ တည်ဆဲဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေအောက် သွင်းတာဘဲ ဖြစ်တယ်။
 
အခန်း(၄) အပစ်ရပ်ခိုင်မာရေး
 
၁၁။ ပူးတွဲစောင့်ကြည့်ကော်မတီမှာ အများယုံကြည်လေးစားသူများပါခွင့်ရပေမဲ့ နိုင်ငံခြားကိုယ်စားလှယ်များကတော့ လေ့လာသူ သို့မဟုတ် အကြံပေး သို့မဟုတ် နည်းပညာအထောက်အကူအဖြစ် မဲပေးခွင့်မရှိတဲ့ပါဝင်ခွင့်ဘဲ ရတယ်။ ဒါပေမဲ့ ပူးတွဲစောင့်ကြည့်ရေး ကိစ္စမှာ နောက်ဆုံး အဆုံးဖြတ်ပေးမယ့်အဖွဲ့က ဗမာအစိုးရဘက်က UPWC/UPCC ဘဲဖြစ်နေတော့ ဘက်မလိုက်ရေး အာမခံနိုင်မှာ မဟုတ်ပါ။ အပစ်ရပ်မှုဖောက်ဖျက်တဲ့ကိစ္စ၊ ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်တဲ့ကိစ္စ၊ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ၊ IDP/NGO ကိစ္စ စတဲ့ အငြင်းပွားမှုတွေမှာ အမြင့်ဆုံးအယူခံကို ဘယ်သူကဆုံးဖြတ်မှာလဲ။
 
အခန်း(၆) ရှေ့လုပ်ငန်းစဉ်
 
၁၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မတရားသင်းကြေညာထားမှု ပယ်ဖျက်မယ်လို့ ကတိမပေးဘဲ ‘မတရားသင်းကြေညာ မှုပယ်ဖျက်ရေး ဆက်လက်ဆောင်ရွက်ရန်’ လို့ဘဲ သဘောတူထားတယ်။
၁၃။ ကြားကာလမှာ အပစ်ရပ်နယ်မြေ ဖွံ့ဖြိုးရေး လုံခြုံရေး နှစ်ဘက်ညှိနှိုင်းလုပ်ရန်ဆိုပြီး တိုင်းရင်းသားနယ်မြေတွေထဲ ကုလားအုပ် ခေါင်းဝင်သလို လုပ်ခွင့်ပေးဖို့ သဘောတူရတယ်။ အခန်း(၃) မှာလဲ ပညာရေး၊ ကျန်းမာရေးကို ‘ဥပဒေနှင့်အညီ’ လုပ်ရမယ်လို့ ဆိုလိုက်သေးတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေအနေနဲ့ မိမိနယ်မြေအတွင်းက မြေယာနဲ့ သယံဇာတစီမံခန့်ခွဲရေးတွေဆိုရင် လုံးဝ လုပ်ခွင့်မရှိတဲ့သဘော ရေးထားသေးတယ်။ ဒါပေမဲ့ စီမံကိန်းကြီးတွေဆိုရင်တော့ ပွင့်လင်းမြင်သာရေးအဖွဲ့ (ETTI) လုပ်ထုံးလုပ် နည်းနဲ့လုပ်ခွင့် တိုင်းရင်းသားတွေဘက်ကရလိုက်တယ်။
 
အခန်း(၅) နိုင်ငံရေးအာမခံချက်
 
၁၄။ နိုင်ငံရေးလမ်းပြမြေပုံဆိုပြီး ပြောထားတာမှာ အဆင့် ၁-၂-၃-၄ လို့မပြောဘဲ က-ခ-ဂ-ဃ နဲ့ ပြောထားတာ တွေ့ရတယ်။ အဲဒီထဲ မှာ အဆင့်(က) NCA လက်မှတ်ထိုး၊ အဆင့်(ခ) မူဘောင်ရေးဆွဲ၊ အဆင့်(ဂ) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး၊ DDR-SSR ဆွေး နွေး၊ ‘ကြိုတင်ဆောင်ရွက်ဖွယ်လုပ်ဆောင်’၊ အဆင့်(ဃ) ပြည်ထောင်စု’ငြိမ်းချမ်းရေး’ ညီလာခံကျင်းပ၊ အဆင့်(င) ပြည်ထောင်စု သဘောတူစာချုပ်ချုပ်၊ အဆင့်(စ) လွှတ်တော်သို့တင်သွင်းအတည်ပြု၊ အဆင့်(ဆ) ပြည်ထောင်စုသဘောတူစာချုပ် အကောင် အထည်ဖော်၊ DDR-SSR လုပ်လို့ ပါတယ်။
 
ဒီနေရာမှာ သတိထားရမှာက ပြည်ထောင်စုညီလာခံမဟုတ်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖြစ်နေတာ၊ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့မပါတာ ဖြစ်နေတယ်။ 
 
၁၅။ ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဖွဲ့ဖို့ ပြောထားပေမဲ့ လုပ်ပိုင်ခွင့်အာဏာ တိတိကျကျသတ်မှတ်မထားပါ။ ဘယ်လိုဖွဲ့စည်း ရမယ်ဆိုတာလဲ ပြောမထားပါ။ တကယ်တော့ ဒီပူးတွဲကော်မတီဟာ UPCC UPWC NCCT စတာတွေနေရာမှာ ငြိမ်းချမ်းရေး-အပစ်အခတ်ရပ်စဲရေးကိစ္စတခုလုံးကို အပြီးသတ်ငြိမ်းချမ်းရေးရတဲ့အထိ ဦးစီးရမယ်၊ ပူးတွဲစောင့်ကြည့်ကော်မတီတွေရဲ့ အမြင့်ဆုံး အယူခံဌာနဖြစ်ရမယ်၊ ပြည်ထောင်စုညီလာခံကိုလဲ ဦးစီးပြီး ၂၀၀၈ အခြေခံဥပဒေပြင်တာကိုလဲ ခေါင်းဆောင်ရမှာဖြစ်တယ်။
 
၁၆။ နိုင်ငံရေးဆွေးနွေးပွဲကို လက်မှတ်ထိုးပြီးရက် ၉၀ အတွင်းလုပ်ရမယ်လို့ ဆိုထားတယ်။ ဖက်ဒရယ်ကိစ္စကို ဆွေးနွေးမှာဖြစ်ပေမဲ့ ဒို့တာဝန် ၃ ပါး ဆွေးနွေးခွင့်မရှိလို့ ကန့်သတ်ထားတာ တဖက်သတ်စည်းကမ်းချတာဖြစ်နေတယ်။
 
နိုင်ငံရေးဆွေးနွေးပွဲကို ငါးပွင့်ဆိုင်လို့ဆိုထားတယ်၊ အစိုးရ-လွှတ်တော်-တပ်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ တရားဝင်နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အခြားပါသင့်သူများ လို့ဆိုတော့ နောက်ဆုံးနှစ်ပွင့်ဟာ သတိထားစရာဖြစ်နေတယ်။ (တရားဝင်နိုင်ငံရေးပါတီများထဲမှာလဲ စစ်အုပ်စု proxy တွေ၊ အခြေခံမရှိတဲ့ နှစ်ယောက်တပိုင်းတွေ ပါအုံးမယ်။) တိုင်းရင်းသား တွေရဲ့ကန့်ကွက်ချက်ကြောင့် အရင်က အစိုးရ-လွှတ်တော်-တပ် ဆိုပြီး ၃ ပွင့်ခွဲဆွေးနွေးမှာကို တပွင့်ထဲပေါင်းပေးလိုက်ရပေမဲ့ ညောင်နှစ်ပင်ညီလာခံတုံးကလို စစ်အုပ်စုက စိတ်ကြိုက်ခေါင်းခေါက်ရွေးထားတဲ့ သူ့ကိုယ်စားလှယ်တွေ အများကြီးထိုးထည့်ပြီး အများစုဆန္ဒလို့ ကလိမ်ကကျစ်လုပ်မှာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မလိုချင်ဘူး။ proxy တွေကို တိုင်းရင်းသားကိုယ် စားလှယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ပညာရှင်ကိုယ်စားလှယ်များ၊ အခြားပါဝင်သင့်ပါဝင် ထိုက်သူများ နာမယ်တွေခံပြီး နိုင်ငံရေးဆွေးနွေးပွဲတက်ခိုင်းချင်နေတာ တွေ့ရတယ်။ ကိုယ်စားလှယ်ရွေးချယ်ရေးပူးတွဲအာဏာပိုင်နဲ့ ရွေးချယ်ရေးမူမရှိရင် ဒုတိယညောင်နှစ်ပင် ဖြစ်မှာသေချာတယ်။
 
၁၇။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ နဲ့ ပြည်ထောင်စု(ငြိမ်းချမ်းရေး)ညီလာခံ ဘာခြားနားသလဲ ဆိုတာလဲ ရေရေရာရာမရှိတာ တွေ့ရတယ်။
 
၁၈။ ပြည်ထောင်စုညီလာခံဆုံးဖြတ်ချက်များ အခြေခံ၍ အခြေခံဥပဒေပြင်ဆင်တာကို ‘လုပ်ထုံးလုပ်နည်းနဲ့အညီ’ လုပ်ရမယ်လို့ ဆိုထားတော့ လွှတ်တော်မှာ ၇၅% မဲမရရင် အားလုံးရေစုံမျောမှာဖြစ်တယ်။ အဲဒီအချိန်ရောက်မှ ပြန်တိုက်ဖို့လဲခက်၊ ဘယ်သူ့ဆီ အယူခံရမလဲမသိဖြစ်မယ့်ပုံပါဘဲ။ ဒါဟာ မင်းအောင်လှိုင်မူ(၆)ချက်ထဲက နောက်ဆုံးအချက် ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် လိုက်ပါဆောင်ရွက်ရန်’ ဆိုတာကို တိုင်းရင်းသားတွေနာခံဖို့ ဖြစ်သွားပါပြီ။
 
ငြိမ်းချမ်းရေး/ဖက်ဒရယ်ပြည်ထောင်စု နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ ခေါင်းနဲ့ပန်းဖြစ်တယ်။ တခုမရှိရင် နောက်တခုမရှိနိုင်ပါ။ လုပ်ထုံးလုပ်နည်းဆိုတဲ့ ၄၃၆ ကို အသေဆုပ်ကိုင်ထားသရွေ့ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ် တော့မှမဖြစ်နိုင်ပါ။
 
တကယ်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ပြည်ထောင်စုညီလာခံတွေမှာ လွှတ်တော်ကိုယ်စားပြုသူတွေပါနေမှာဖြစ်လို့ လွှတ်တော်မှာ မဲခွဲအတည်ပြုဖို့မလိုဘဲ သာမန် ratify လုပ်ပြီး ၂၀၀၈ ကို ပြင်တာ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတာ ဖြစ်ရပါမယ်။
 
ဒါပေမဲ့ ကာချုပ်မင်းအောင်လှိုင်ကတော့ အခုကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်ဖြုတ်ရမယ်ဆိုပြီး အတိ အလင်းပြောနေတဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဟာ ဝေးနေအုံးမယ့်သဘော ရှိနေပါ တယ်။
 
XXX
 
တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အန္တိမရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေးမဟုတ်ပါ၊ တိုင်းရင်းသား တန်းတူရေး နဲ့ ဖက်ဒရယ်ရေးသာဖြစ်ပါတယ်။ ဗမာပြည်မှာ ဒါနဲ့ပတ်သက်ပြီး ထူးခြားအရေးပါတဲ့မှတ်တိုင်နှစ်ခု တွေ့မိတယ်။
 
ပထမအလှည့်အပြောင်းက ၂၀၀၃ ခုဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ခွဲထွက်ရေးကို စွန့် လွှတ်ပြီး ဖက်ဒရယ်စနစ်ကိုလက်ခံလိုက်တာဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတကာဥပဒေအရ ကရင်နီပြည် (ကယားပြည်နယ်) ဟာ ၁၈၇၅ ခု ဗမာဘုရင်နဲ့ အင်္ဂလိပ်အစိုးရချုပ်ဆိုတဲ့စာချုပ်အရ သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်ခွင့်ရှိနေတာကနေ သဘောထားပြောင်းလိုက်တာ ဖြစ်တယ်။
 
ဒုတိယအလှည့်အပြောင်းကတော့ ၂၀၁၅ ခု မေလ ၆ ရက်နေ့မှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က လက်ရှိ ခံစားနေတဲ့ de facto ကွန်ဖက်ဒရေးရှင်းအဆင့်ကို စွန့်လွှတ်ပြီး ဖက်ဒရယ်စနစ်ကိုလက်ခံလိုက်တာ ဖြစ်တယ်။ လက်နက်အင်အား၊ လူအင်အား၊ တိုက်စွမ်းရည်နဲ့ ပထဝီနိုင်ငံရေးအနေအထားကိုအခြေခံပြီး ၁၉၈၉ ခု ဧပြီလကတည်းက သီးခြားနိုင်ငံလိုမျိုး ရပ်တည် နေခဲ့ရာက အခု တခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ကျင့်သုံးဖို့ သဘောထားပြောင်းလိုက်တာဖြစ်တယ်။
 
၂၀၁၅ ခု မေလ ပန်ဆန်းအစည်းအဝေးက ၂၀၀၈ အခြေခံဥပဒေကို ပြောင်ဆန့်ကျင်လိုက်ပြီး စစ်အုပ်စုလက်မခံတဲ့ အဖွဲ့ ၃ ဖွဲ့နဲ့ တသားတည်းသွေးစည်းညီညွတ်မှုကိုပြလိုက်တယ်။ တချိန်ထဲမှာ ခွဲထွက်ရေးမလိုလားကြောင်းလဲ ကြေညာပြီး စစ်အုပ်စုကို သပြေ ခက်ကမ်းလိုက်တယ်။ ဒါကို ဗမာတိုင်းရင်းသားတွေ သေချာစဉ်းစားဖို့လိုပါတယ်။ အခွင့်အရေးဆိုတာ နှစ်ခါမလာတတ်ပါဘူး။
 
၁၉၄၉ စောဘဦးကြီး-ဦးနုဆွေးနွေးပွဲဖြစ်ဖြစ်၊ ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖြစ်၊ ၁၉၈၉ ခု အပစ်အခတ်ရပ်စဲရေးတွေဖြစ်ဖြစ်၊ ၂၀၁၂ ခု အပစ်အခတ်ရပ်စဲရေးတွေဖြစ်ဖြစ် စစ်အုပ်စုဟာ တိုင်းရင်းသားတွေရဲ့ ရိုးသားမှု၊ မျက်နှာပူ အားနာတတ်မှု၊ တချို့ခေါင်း ဆောင်တွေရဲ့ အကျင့်ပျက်ကိုယ်ကျိုးကြည့်မှုတွေကို အသုံးချပြီး စစ်ကျွန်ဇာတ်သွင်းဖို့ အခွင့်ကောင်းယူခဲ့၊ တောက်လျှောက်ကြိုးစား ခဲ့တာချည်းဘဲ ဖြစ်ခဲ့တယ်။
 
ဒါကြောင့် တချို့ပြောသလို သေနတ်မကိုင်တဲ့လူတွေက တိုက်ဖို့ပြောတယ်၊ တကယ် သေနတ်ကိုင်ထားတဲ့ တိုင်းရင်းသားတွေက ငြိမ်းချမ်းချင်တယ်။ နိုင်ငံခြားရောက်တိုင်းရင်းသားတွေ၊ ရန်ကုန်မှာနေတဲ့ တိုင်းရင်းသားတွေက တိုက်ချင်တယ်၊ ပြည်နယ်ထဲမှာ ရွာမှာနေတဲ့ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးရချင်တယ်ဆိုတဲ့စကားဟာ စစ်ကျွန်ဘဝကို လော်ဘီလုပ်နေတာဖြစ်ပါတယ်။ ပြည်မ မှာနေတဲ့ ဗမာတိုင်းရင်းသားတွေ ငြိမ်းချမ်းနေလား မနေလား အများသိဖြစ်ပါတယ်။

 

 
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ တကယ်တော့ လက်နက်ခဲယမ်းပြည့်စုံတာမဟုတ်၊ ရန်ကုန်-မန္တလေး-နေပြည်တော် သိမ်းနိုင်လောက်အောင်လဲ အားရှိတာမဟုတ်၊ သွေးဆာနေတဲ့စစ်သွေးကြွတွေလဲ မဟုတ်ပါ။ ဒါပေမဲ့ တိုင်းရင်းသား တန်းတူရေး-ဖက်ဒရယ်ရေးမရသရွေ့တော့ လက်နက်ချအညံ့ခံသွားတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ နေရာမှာ လက်နက်ကိုင်/လက်နက်မကိုင် ပြန်တိုက်မယ့်တိုင်းရင်းသားတွေ ထပ်ပေါ်အုံးမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးမဲ့ဘဝတွေ အပြောင်းအလဲ မရှိသေးလို့ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်