ပေစောင့်နတ် – နာမည်သညာ ခေါ်စရာကား ရှင်ဘုရင်စိန်

June 10, 2015

 ပေစောင့်နတ် – နာမည်သညာ ခေါ်စရာကား ရှင်ဘုရင်စိန်
(မိုးမခ) ဇွန် ၉၊ ၂၀၁၅

ခေါင်းစည်းတပ်မိမှတော့ ခေါင်းစည်းနဲ့လိုက်ဖက်အောင် ပြောရတော့မှာပေါ့။ ကျုပ်တို့ရွာမှာ ကိုဘစိန်ခေါ် “ရှင်ဘုရင်စိန်” ဆို တဲ့ပုဂ္ဂိုလ်တဦး တကယ့်ကိုရှိခဲ့ဘူးတာပါ။ သူ့ညီအစ်ကို မောင်နှမသားချင်းတစုရဲ့ နာမည်တွေကိုရော လူတွေကိုပါ ကျုပ် ကောင်းကောင်းသိပါတယ်။

သူတို့အမေက သီပေါမင်းလက်ထက်က နန်းတွင်းသူမလေးပါတဲ့။ သီပေါကို အင်္ဂလိပ်ကနန်းချတော့ မောင်းမမိတ်ဿံတွေ ပြေးကြ လွှားကြနဲ့ အဲဒီကလေးမလည်း သူ့ဇာတိရွာကိုလွန်ပြီး ကျုပ်တို့ရွာကိုရောက်လာရော။ အဲ.. သုံးနှစ်လောက်အကြာမှာ အိမ်ထောင်ကျလို့ သားတွေ သမီးတွေထွန်းကားတဲ့အထဲမှာ ကျုပ်တို့ဇာတ်လိုက် ကိုဘစိန်က ဒုတိယသားပေါ့။

ကိုဘစိန်က အလွန်ရိုးသားပါတယ်။ ဒါလည်း ကာယကံနဲ့ဝစီကံကို ပြောတာပါ။ မနောကံကိုတော့ မမြင်ရလို့ မဆုံးဖြတ်တတ် ပါဘူး။ အများအားဖြင့် အဲဒီကံ နှစ်မျိုးကိုလည်း မနောကံကကြိုးကိုင်တာဆိုတော့ စိတ်ထားလည်းကောင်းပုံရပါတယ်။ ရုပ် ရည်က အချောစားကြီးမဟုတ်ပေမယ့် ကြည့်လို့ကောင်းတဲ့အထဲတော့ ပါတယ်လို့ပြောနိုင်ပါတယ်။ သူတို့ခေတ်က ရွာထဲမှာ ရောင် (သျှောင်) ထားတဲ့လူ ငါးယောက်လောက်ရှိရာမှာ သူတယောက်အပါအ၀င်ပါ။ ရောင်လေးကို တဘက်နဲ့ ပင့်ပေါင်းပြီး ရင်ဖုံးအင်္ကျီနဲ့ လုံချည် သပ်သပ်ရပ်ရပ် ၀တ်ထားရင် သူ့ကို အမှတ်တမဲ့ထားပြီး မျက်နှာမလွှဲလောက်ပါဘူး။

ကလေး လူကြီး လူလတ် အရွယ်သုံးမျိုးလုံးနဲ့ သင့်မြတ်အောင် နေတတ်သူပါ။ သူ့ကို သဘောကောင်းမှန်းသိလို့ ပြောင်ကြ နောက်ကြရင်လည်း “ဘုရား…ဘုရား” ဆိုတဲ့ တမ်းချင်းလေးနဲ့ပဲ တုံ့ပြန်လိုက်တာပါ။ ဘယ်တော့မှ ခွန်းကြီး ခွန်းငယ်နဲ့ တုံ့ပြန် လေ့မရှိပါဘူး။

သူ့မှာရှိသမျှ အရည်အသွေးတွေထဲက ထူးခြားတာတွေကတော့ ကလေးအုပ်စုကိုဆွဲဆောင်နိုင်တဲ့ ပုံပြောကောင်းခြင်းပါ။ တစ္ဆေပုံပြင်၊ သရဲပုံပြင်ကအစ ဘုရားလောင်းဘ၀ ဖြစ်စဉ်ပုံပြင်တွေကို ပြောတတ်ပါတယ်။ နောက်တစ်မျိုးက ဇာတ်စာတွေကို အလွတ် လက်တန်းပြောနိုင်ပါတယ်။ အထူးသဖြင့် ရှင်ဘုရင်စာတွေကိုတော့ ဟန်မာန်ပါရောပြီး အပြောကောင်းသူပါ။ ဒါ ကြောင့်လည်း ကျုပ်တို့ရွာက (အရပ်) ဇာတ်မှာ ဘုရင်ခန်းကျရင် ဘုရင်အဖြစ် သရုပ်ဆောင်ရပါတယ်။ ဒါကြောင့်လဲ အပေါင်း အသင်းသူငယ်ချင်းတွေက သူ့ကို “ဘုရင်စိန်” လို့ ခေါ်ကြတာဖြစ်ပါတယ်။ ဒီလိုအခေါ်ခံရပြီဆိုရင် ကိုယ်တော်ချောက သွား တထုပ်လုံးပေါ်အောင်ဖြဲပြီး ပြုံးတော့တာပါပဲ။

ဟော..ဇာတ်ကလို့ ရှင်ဘုရင်ခန်းရောက်ပြီဆိုရင် သစ်သားနဲ့လုပ်ထားတဲ့ သံလျက်ပုံ ဓါးအရိုးကို ဒူးပေါ်ထောက်ပြီး သရုပ် ဆောင်အမတ်ကြီးများဖြစ်ကြတဲ့ သူ့အပေါင်းအသင်းတွေကို “မင်းကြီးများ” ရော “ငယ်ကျွန်ကြီး” များပါ စုံနေအောင် ဖေါဖေါ သီသီသုံးပြီး အခန့်သားခေါ်တော့တာပါဘဲ။ အောက်က အမတ်ကြီးတွေက အောင့်သက်သက်နဲ့ ဇာတ်မှင်မောင်း မပျက်ရ အောင် “မှန်ပါ့ဘုရား” လုပ်နေရပေမယ့် အူပွလှပါပြီ။

အမှန်တော့ သူ့အောက်က ခစားနေကြတဲ့ပုဂ္ဂိုလ်တွေက စီးပွားရေး၊ ပညာရေး စတာတွေမှာ သူ့ထက်သာကြတဲ့ သူတွေဖြစ် ပါတယ်။ သူကတော့ အိမ်တကာမှာ ထမင်းစား ရေသောက် အ၀တ်အစားဖိုးသင့်ရုံပေး တောက်တိုမယ်ရ သဘောမျိုး လောက်ပါ။ အဲ..ရှင်ဘုရင်လုပ်ရပြီဆိုရင်တော့ လူနဲ့မလိုက်အောင် အပြောကောင်း ဟန်မာန်ကောင်းကောင်းနဲ့ သရုပ်ဆောင် အလွန်တော်ပေမယ့် မပြီးနိုင် မစီးနိုင် အလွန်လေကြောရှည်ပါတယ်။

သူတို့အဖွဲ့ ရှင်ဘုရင်ခန်းထွက်ပြီဆိုတာနဲ့ ပွဲကြည့်ပရိသတ်တချို့က အလေး အပေါ့ သွားသူသွား အကြော်ဆိုင် လဘက် ရည်ဆိုင် ထိုင်သူထိုင်နဲ့ ပွဲခင်းထဲမှာ သူတို့အမျိုးတွေနဲ့ ကလေးသူငယ်တသိုက်လောက်ပဲ ကျန်ခဲ့တတ်ပါတယ်။

ဒါပေမယ့် ရှင်ဘုရင်စိန်ကတော့ ပရိသတ်အကဲကို မခတ်ပဲ၊ သူရသမျှ ရှင်ဘုရင်စာတွေကိုရွတ်ရင်း အမတ်ကြီးတွေနဲ့ အတိုင် အဖေါက်မပျက် မာရသွန်ညီလာခံနေတတ်ပါတယ်။ အဲ..ရှင်ဘုရင်ခန်းပြီးလို့ ဇာတ်စင်နောက်ရောက်တဲ့အခါ၊ ဇာတ်စင်ပေါ် တုန်းက လက်အုပ်ချီခဲ့ကြရတဲ့အမတ်ကြီးတွေက ရှင်ဘုရင်ကို ခေါင်းခေါက်သူခေါက် နားရွက်ဆွဲသူဆွဲနဲ့ ဝိုင်းပြီး ဗျင်းကြပါ လေရော။ ဒီတော့လဲ ဘစိန်ဖြစ်သွားပြန်ပြီမို့  “ဘုရား” တနေရတဲ့အဖြစ်ပါ။ သူငယ်ချင်းတွေက လေမရှည်ဘို့ပြောပေမယ့် “အေးပါ” လို့တော့ အာမခံလိုက်တာပဲ၊ နောက်တပွဲကပြန်တော့ ကျည်တောက်ကခွတ်လိုက်တဲ့ ခွေးမြီးက ကောက်မြဲကောက် တာပါပဲ။

အဲ…တခုပြောစရာရှိတာက ဒီရှင်ဘုရင်အုပ်စုကို သဘောမကျစရာ ကောင်းတာကလွဲရင် တခြားပြဇာတ် အော်ပရာ နှစ်ပါး သွားခန်းတွေဆို ပွဲကြည့်ပရိသတ်က လက်ခေါက်မှုတ် လက်ခုတ်တီးပြီး သောသောညံအောင် အားပေးကြတာပါ။ အခါအား လျော်စွာ ကျုပ်တို့ရွာကဇာတ်ကို ရွာနီးနားချင်းတွေကလည်း ငှားတတ်ကြပါတယ်။ ငှားတယ်ဆိုပေမယ့် အခကြေးငွေနဲ့တော့ မဟုတ်ပါဘူး။ အခကြေးငွေမပါဘူးဆိုတော့လည်း ကိုယ့်ထမင်း ကိုယ်စား ဂျီးဒေါ်နွား အလကားကျောင်းလား၊ ဒီလိုလဲမဟုတ် ပါဘူး။ ဟင်းကောင်း ကျွေးကောင်းနဲ့ ထမင်းကြွေး ဧည့်ခံရုံအပြင် ပွဲကတဲ့အခါမှာ ရွာလူကြီးတွေကဖြစ်စေ ကာလသား ကာ လသမီးတွေကဖြစ်စေ မင်းသား မင်းသမီးနဲ့ လူရွှင်တော်တွေထဲက ကိုယ်သဘောကျရာလူကို ဆုတော်ငွေချတတ်တဲ့ အလေ့ အထလေးတော့ ရှိပါတယ်။ ရှင်ဘုရင်လုပ်တဲ့လူလည်း သူ့အစွမ်းအစမပါပေမယ့် ဝေစုရတယ်လို့ ပြောနိုင်ပါတယ်။ အ ကြောင်းက ရသမျှဆုငွေထဲက သုံးပုံနှစ်ပုံကို အဖွဲ့အတွက်သုံးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့်ပါ။

ကျုပ်ပြောလာခဲ့တဲ့ ဇာတ်လမ်းရဲ့အရှိန် (Climax) က အခုမှ ထိပ်ကိုရောက်တော့မှာပါ။ တနေ့တော့ ကျုပ်တို့ရွာနဲ့ ၆ မိုင် လောက်ဝေးတဲ့ရွာတရွာက ဘုရားဆွမ်းချပွဲမှာ ကျုပ်တို့ရွာကဇာတ်ကို ကပြဖျော်ဖြေဘို့ဆိုပြီး လာငှားပါတယ်။ ကျုပ်တို့ရွာက လူငယ်တချို့က လာငှားတဲ့ သူငယ်ချင်းတွေကို ကျန်တဲ့ဇာတ်ခန်းတွေ သဘောတွေ့လောက်ပေမယ့် ရှင်ဘုရင်ခန်းကိုတော့ သည်းခံကြည့်ကြဘို့မှာလိုက်တဲ့အခါ ငှားသူတွေက သူတို့လည်းကြားဘူးနေလို့ ရှင်ဘုရင်ကို ကြည့်ဆုံးမလိုက်ပါမယ်လို့ ပြောသွားသတဲ့။ ဘယ်လို ဆုံးမမလဲဆိုတာတော့ မသိကြဘူးပေါ့။

ဒီလိုနဲ့ အဲဒီရွာဘုရားပွဲမှာ ဇာတ်ကကြတော့ ရှင်ဘုရင်ခန်းရောက်လာရော ဆိုပါတော့။ ထုံးစံအတိုင်းပါဘဲ၊ ရွှေတွင်း ငွေတွင်း ပယင်း ဒုဋ္ဌာ နီလာ ဂေါ်မုတ် …စတာတွေနဲ့ ရှည်ပါလေရော။ အဲဒီလို လေရှည်လို့ကောင်းခိုက် အတော်လေးကြာတော့ ရှင် ဘုရင်ဘစိန် သူ့သစ်သားသံလျက်ကြီးနဲ့ လည်ပင်းကိုပွတ်နေရပါပြီ။ အောက်က အမတ်တွေလည်း ပါးပွတ် နားကုတ်ရုံမက တလှုပ်လှုပ် တရွရွတွေ ဖြစ်ကုန်ပါပြီ။

ဘစိန်ကလည်း သူရထားတဲ့ စာတွေမကုန်သေးတော့ မျက်နှာရှုံ့မဲ့မဲ့နဲ့ ဆက်ပြောနေ၊ အမတ်တွေကလဲ ရှင်ဘုရင်စိန်ကို မော့ကြည့်ရင်း မျက်နှာရိပ် မျက်နှာကဲပြကြ မျက်စောင်းဝိုင်းထိုးကြနဲ့ပေါ့။ အတော်လေးကြာလို့ မနေနိုင်တော့မှ ရှင်ဘုရင်ခမြာ ဟန်မလုပ်နိုင်တော့ပဲ ဟိုကုတ် ဒီဖဲ့ ကုတ်ရင်းဖဲ့ရင်း “မင်းကြီးများ ငါကိုယ်တော်ရှင်မြတ် ယားတော်မူတယ်” ဖြစ်ရော။ အောက်ကလဲ “ကျွန်တော်မျိုးတို့လဲ ယားကြောင်းပါ”ပေါ့။ “ကဲ ဒါဆို မင်းကြီးတို့ ညီလာခံစဲကြစို့ရဲ့” ဆိုတော့ အောက်ကလဲ “သင့်မြတ်လှကြောင်းပါ..ဖုရား” ဆိုပြီး ရှင်ဘုရင်နဲ့ အမတ်တွေတပြုံလုံး ကားလိပ်အောက်တိုး ဇာတ်စင်နောက် ခုန်ဆင်းကြပြီး အင်္ကျီတွေချွတ်၊ လုံချည်တွေခါ၊ တဗျင်းဗျင်း ကုတ်ကြ ဖဲ့ကြ၊ ဘစိန်ကိုလည်း ဆဲကြ ဆိုကြနဲ့ ပွက်လောရိုက်သွားတယ်လို့ ဆိုပါတယ်။

ဘယ်လိုဖြစ်ကြတာလဲဆိုတာ နောက်စုံစမ်းသိရတာက ဇာတ်ငှားစဉ်က ကြည့်ဆုံးမလိုက်ပါမယ်ဆိုတဲ့ ကောင်လေးတွေ နေ့ခင်းကတဲက ခွေးလျားသီးတွေ အပြွတ်လိုက်ခူးပြီး ဇာတ်စင်တောင်ဖက် မှောင်ကျကျနေရာမှာရှိတဲ့ တမာပင်ခွကြား လေ တင်ကနေ အလိုက်သင့် လှုပ်ခါချလိုက်တာပါတဲ့။

အဲဒီလိုဖြစ်ပြီး ဇာတ်ရှိန်ပြတ်သွားမှာစိုးတဲ့ ဇာတ်စီးက ဘစိန်ကိုခေါ် ခေါင်းပေါင်းကိုဆွဲချွတ်၊ တောင်ရှည်ကို ခါးတောင်း ကျိုက်ခိုင်း၊ ဘစိန်မျက်နှာကို ရေနွေးအိုးဖင်နဲ့သုတ်တဲ့ပြီး ဆိုင်းအဖွဲ့ကို မျောက်ဆိုင်း အတီးခိုင်းရင်း “ကဲ..ဘစိန် မင်းကြောင့် ဇာတ်ရှိန်ပျက်ရတာ အရှိန်မပျက်ရအောင် မျောက်ကကပေတော့  ငါလိုက်ခဲ့မယ်” ဆိုပြီး တုတ်တချောင်းဆွဲ ကားလိပ်ရှေ့ တွန်းပို့၊ ဘစိန်ခမျာ မျောက်ဘ၀ချက်ခြင်းရောက်လို့ မျောက်က ကရပြန်ပါတယ်။

ရှင်ဘုရင်ဘ၀တုန်းက ဣနြေ္ဒသိက္ခာနဲ့ ဟဲ့…မင်းကြီးများလုပ်ခဲ့တဲ့ ဘစိန် အခု မျောက်ဘ၀အဖြစ်နဲ့ ဟိုကုတ် ဒီခြစ် တကွိကွိနဲ့ မျောက်က ကရင်းတောင်မှ  သေတ္တာကြီးပေါ် ခုန်တက်ပြီး ထိုင် ထိုင်နေတတ်လို့ မျောက်ထိန်းက  ခဏ ခဏ ရိုက်ချရသတဲ့ဗျာ။ အဲဒီကစလို့ ဘစိန် မျောက်ဘ၀ရောက်တာတောင် ဘုရင်စိတ်မကုန်ဘူးဆိုတဲ့ ပြောစမှတ်လဲ ရသွားပါတယ်။

နောက်တခန်းထွက်ဖို့ အသင့်ဖြစ်လို့အချက်ပြလိုက်တော့ မျောက်ဘစိန်ကို ဇာတ်စင်နောက် ပြန်ခေါ်လိုက်ပါတယ်။

ဘစိန် ဇာတ်စင်နောက်ရောက်တာနဲ့ အမတ်ပြုတ်တွေက သူ့ကို အော်ကြ၊ ငေါက်ကြ၊ ဆဲကြ၊ ဆိုကြနဲ့ ဘစိန်နားထဲ သြဘာသံ တွေ ညံမစဲဝင်လာပါတော့တယ်။ တယောက်သောသူက ဘာပြောလဲဆိုတော့ “မင်းဆိုတဲ့အကောင် သေတ္တာပေါ်ထိုင်ရလို့ သာ တကယ့်ပလ္လင်ပေါ်သာ ထိုင်ရလို့ရှိရင် တသက်လုံး ဆင်းမဲ့ကောင်မဟုတ်ဘူး” တဲ့။

ဒီတော့ ဘစိန်က “မင်းတို့က သေတ္တာကြီးဆိုပေမယ့် ငါက တကယ့်ပလ္လင်လို့ကို ထင်လိုက်တာဗျား”။ “အဲဒီပေါ်ကနေကြည့်လိုက် ရင် တစ်နိုင်ငံလုံး ငါ့လက်အောက်ရောက်သွားတယ်လို့ကို မှတ်လိုက်တာ”

“မင်းလို ကကြီး၊ ခကွေး တောင်ဖြောင့်အောင် မရေးနိုင်တဲ့ကောင်က ဒီလိုထင်ရတယ်လို့ကွာ၊ အံ့ပါ့” ဆိုတော့ “ငါ့လက်ထဲမှာ သံလျက်ရှိတယ်လေကွာ” လို့ ပြန်ချေသတဲ့။

ဇာတ်လမ်းကတော့ ဒီမှာတင် ပြီးသွားပါပြီ။

ကျုပ်ပြောချင်တာက “နာမည်ခိုက်တယ်” ဆိုတာကိုပါ။ အလင်္ကာမှာ ကိုရင်လေးကို ဆရာတော်လို့ခေါ်ရင် မတန်မရာ ခေါ် တာဖြစ်လို့ (အတိဝုတ္တ) အပြစ်သင့်ပါတယ်။ နာမည်က လူကိုပိသွားတတ်ပါတယ်။ တခါတရံတော့လဲ ပညတ်သွားရာ ဓာတ် သက်ပါ ဆိုတာလို နာမည်ကမြှောက်လိုက်တော့ ဘ၀င်ကိုင်ပြီး လူကပါ မြောက်သွားတတ်ပြန်ရော။

နာမည်ခိုက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အားနာပါးနာ ပြောရမှာကတော့ “အာဏာပိုင်အဖွဲ့အစည်း” ဆိုတဲ့ ပညတ်ကိုပါ။ ဒီနေ့ ဒီကာလမှာ စာနယ်ဇင်းတွေက ရပ်ကွက်လူကြီးကစလို့ ဟိုး..အထက်ဆုံးကလို့ ပြောရမယ့်ပုဂ္ဂိုလ်အထိ “အာဏာပိုင်အဖွဲ့ အစည်း”ဆိုတဲ့ အသုံးတွေနဲ့ ရေးသားနေကြတာတွေ တွေ့နေရပါတယ်။

လေးလေးနက်နက် စဉ်းစားကြည့်ကြဖို့ ပြောချင်ပါတယ်။ အိမ်ကိုပိုင်သူကို “အိမ်ရှင်” လို့ပြောနိုင်တယ်မဟုတ်လား၊ အာဏာ ပိုင်ဆိုသူတွေကိုကော “အာဏာရှင်” လို့ မဆိုနိုင်ပေဘူးလား။ သေချာစဉ်းစားကြည့်ရင် ဒီမိုကရေစီခေတ်နဲ့ မဆီလျော်တော့ပဲ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ ပဒေသရာဇ်ခေတ်က အသုံးအနှုန်း တွေပါ။

တပါတီ၊ တမိန့်၊ တအာဏာဆိုတဲ့ ဟစ်တလာလို လူမျိုးတွေကိုခေါ်ခဲ့ကြတဲ့ “အာဏာရှင်” ဆိုတာကို ပြည်သူ့မဲနဲ့ ပြည် သူပေးအပ်တဲ့ တာဝန်ကိုယူနေကြတဲ့ပုဂ္ဂိုလ်တွေက “အာဏာပိုင်အဖွဲ့အစည်း” ဆိုတဲ့ အသုံးအနှုန်းကို ဘာကြောင့်များ သာယာနေကြတာလဲ။ ဒီအသုံးအနှုန်း ဒီအခေါ်အဝေါ်ကို သဘောကျနှစ်ခြိုက်နေကြပြီဆိုရင် ပြည်သူပြည်သားအပေါ် ဘယ်လိုဆက်ဆံကြတော့မယ်ဆိုတာ တွေးကြည့်ပါ၊ အဲ…ပညတ်သွားရာ ဓါတ်သက်ပါပြီပေါ့။

ဒီတော့ ဒီအမည် ဒီအသုံးအနှုန်းကို စာနယ်ဇင်းတွေက မရေးသင့်တော့သလို ကာယကံရှင်တွေကလဲ မသာယာသင့်ပါဘူး။ ဒါဖြင့် ဘယ်လိုသုံးမလဲ စဉ်းစားကြည့်ရအောင်ပါ။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီစွာ ကိုယ့်ကိုယ်ကိုယ် ပြည်သူ့မဲနဲ့ ပြည်သူပေး အပ်တဲ့တာဝန်ကို ယူနေရတယ်လို့တော့ ပထမ မြင်ဘို့လိုပါတယ်။ ဒါဆို တဆင့်တက်လို့ အချိန်ကာလတစ်ခု ပြည်သူပေး အပ်တဲ့ တာဝန်ကိုယူနေသူဟာ တာဝန်ရှိသူလား စဉ်းစားစရာ တွေ့လာပါပြီ။

စဉ်းစားကြည့်ရင် လောကကြီးက တညီတညွတ်ထဲ သတ်မှတ်ထားတဲ့ တာဝန်ရှိပုဂ္ဂိုလ်များဆိုတာ ရှိပါ တယ်။ သူတို့ကတော့ မိဘ၊ ဆရာသမားတွေပါ။ မည်သူ မည်ဝါကမှပေးတဲ့မဲစနစ်နဲ့ အမေ အဖေ ဘ၀ရောက် နေကြတာမဟုတ်ပဲ၊ သဘာဝ အလျှောက် သားသမီးအပေါ်မှာ၊ ဆရာအနေနဲ့ဆိုရင်လည်း လောကထုံးတမ်းအလျှောက် ကျောင်းသားတပည့်တွေ အပေါ် မှာ ဆုံးမပဲ့ပြင်ဘို့ အခွင့်အရေး ရှိနေပါတယ်။

ဒါ့ကြောင့် မဲစနစ်နဲ့ တိုင်းပြည်တာဝန်ကို ယူနေကြတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို “တာဝန်ရှိအဖွဲ့အစည်း“ ဆိုတဲ့ အမည်ကိုသုံးရင် မိဘ ဆရာတွေလို တစ်သက်လုံး ပြည်သူတွေကို သူတို့ကပဲ အုပ်ချုပ်ပိုင်ခွင့် ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားနိုင်သလို၊ သူတို့ကပဲ အုပ်ချုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်သွားမှာ စိုးရပါတယ်။ တကယ်တော့ သူတို့ဟာ မဲစနစ်နဲ့ အချိန်ကာလတစ်ခုအထိ ပြည်သူကပေးအပ်တဲ့ တာဝန်ကိုခံယူသူများသာ ဖြစ်ပါတယ်။

ဒီတော့ ဘစိန်လို လူမျိုးတောင် မအပ်မရာ ဘုရင်စိန် ခေါ်မိတော့  ဘုရင်ဇာတ်ရုပ် မဆိုထားနဲ့ မျောက် ဘ၀ ရောက်တာတောင် ပလ္လင်သေတ္တာပေါ်က မဆင်းချင်သေးတာမို့ နာမည်မခိုက်ရအောင် “အာဏာပိုင်အဖွဲ့ အစည်း” အစား၊ အမည် သညာ ခေါ်စရာကား “တာဝန်ခံအဖွဲ့အစည်း” သာဖြစ်ပါကြောင်းနှင့်  “တာဝန်ခံအဖွဲ့ အစည်း”  ဟုသာ ပြောင်းလဲ ပြင်ဆင် ခေါ်ဝေါ်သုံးစွဲသင့်ပြီဖြစ်ပါကြောင်း။

ပေစောင့်နတ်

ကာတွန်းသရုပ်ဖော် စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်