ရေးသူ။ ။ ဗိုလ်ချုပ်အောင်ဆန်း – ခေတ်သစ်၌ လိုအပ်သော အမြင်သစ်

June 11, 2015

 ရေးသူ။    ။ ဗိုလ်ချုပ်အောင်ဆန်း – ခေတ်သစ်၌ လိုအပ်သော အမြင်သစ်

(ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသည့် ဆောင်းပါး)

(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅

အချိန်မှာ တော်လှန်ရေးအပြီး လူတိုင်း၌ ကျားနာများကဲ့သို့ မဲမဲမြင်ရာ ခဲချင်အုပ်ချင်နှင့် အဖျက်သဘောများ ဖိစီးနေချိန်ဖြစ်၏။ စာပေလောက တခွင်၌လည်း ရေးသမျှစာပေတို့မှာ တော်လှန်ရေးအရှိန် မပြေသေးဘဲ ဂယက်ရိုက်ဆဲဖြစ်၏။ တော်လှန်ရေး အတွင်း ဖြစ်သမျှအရေးအခင်းတို့ကို စားမြုံ့ပြန်ဆဲဖြစ်၏။ အဖျက်သဘော ပင်လယ်ကြောတွင်သာ နစ်မြောလျှက်ရှိကြ သေး၏။ စစ်ဒဏ်ကို အလူးအလိမ့် ခံခဲ့ရာမှာ နလန်ထူစေဖို့ရာ တိုင်းပြည်အတွက် မတွေးကြသေးဘဲ အတိုက်အခိုက် အဖျက် အဆီးအကြောင်းများသာ မိုးမွှန်နေချိန် တနေ့သ၌ဝယ် တသက်လုံး (ဂွ) လက်နက်သာသုံးလျှက် စိတ်အတိုဆုံး ခေါင်းအမာ ဆုံးဖြစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် စစ်အရေးမှ ခေတ်အတွေးသို့ ပြောင်းလဲကာ သစ်လွင်သည့်အယူ အဆများ ထွက်ပေါ်လာသည်ကို တွေ့ရ၏။

အကြောင်းတခုခုကို မူတည်ပြီး ရေးသားကြရာ၌ နောက်ခံအဖြစ်ထားဖို့ သဘောတရားတစ်ခုကို အဆွေတို့အား ကျနော်ရှင်းပြ လိုပါတယ်။ အဆွေတို့လိုက်နာစေလိုတဲ့ သဘောတရားကတော့ သက်မဲ့မဟုတ်ဘဲ အမြဲတမ်း အသက်ဝင်နေပြီး၊ ခေတ်အ လိုက် တိုးတတ်ပြောင်းလဲခြင်း ရှိရမယ်။ “အဖျက်” သဘောမပါဘဲ “အဖြစ်” သဘောပါစေရမယ်။ ရည်ရွယ်ချက်တခုကို အထမြောက်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်အောင် အမြတ်အစွန်းပေါ်စေရမယ်။ အကျိုးဖြစ်ထွန်းစေရမယ်။ နောက်ပြီး အခုပြောတဲ့သဘောတရားမှာ စိတ်ကူသက်သက်နဲ့ ထင်ရာတွေရေးသားခြင်းကင်းပြီး စလယ်ဆုံး သုံးပါးလုံးကို စည်းစနစ်မှန် ကန်စွာနှင့် အဖွင့်အပိတ် စသည်တို့ အံကိုက်စေရမယ်။

အကျယ်အားဖြင့်ဆိုရင် သက်မဲ့သဘောတရားမဟုတ်ဘဲ သက်ရှိ (ဝါ) သက်ဝင်နေသော သဘောတရားမျိုး ခေတ်နှင့်လိုက်၍ တိုးတတ်ပြောင်းလဲခြင်းရှိတဲ့ သဘောတရားမျိုးဆိုတဲ့ အဓိပ္ပါယ်မှာ အခြားမဟုတ် စာပေရေးသားသည့်အခါ နောက်ခံသဘော တရားဟော အသက်မပါသလို လှုံ့ဆော်ခြင်း ပြုပြင်ဖန်တီးခြင်းကင်းမဲ့သော အရာမျိုးမဟုက်ဘဲ အသက်ပါသောအရာကဲ့သို့ ခေတ်မီတိုးတတ်ခြင်း ပြောင်းလဲခြင်း ရှိစေရမယ်။ ခေတ်မှီစေရမယ်။ ရှေ့သို့သာ တိုးတတ်စေရမယ်။ ခေတ်နောက်မ ဆုတ်စေရဘူး။ ခေတ်လည်းမမီ အတိုးအဆုတ်လည်းမရှိတဲ့ ထင်မြင်ယူဆချက်တွေ၊ အကြောင်းအရာတွေချည့်ပါတာမျိုးလည်း မဟုတ်ဘူး။ တဖန် ကျနော်ပြောတဲ့ “အဖျက်” မဟုတ် “အဖြစ်” သဘော အပြုသဘောဖန်တီးခြင်း သဘောပါရမယ် ဆိုတာက အကြောင်းအရာတခုကိုရေးသားလျှင် ကိုယ်ရည်ရွယ်လိုက်သည့်အချက်မှာ တခုခုကို ပြုပြင်ဖန်တီးစေတဲ့ သတ္တိပါ ရမယ်။

ရှိရင်းစွဲ အရာတခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ကောင်းမွန်စေရမယ်။ ကျနော် နောက်ခံသဘောတရားဟာ လောကမှာရှိတာလည်း ဖြစ်ရမယ်။ အဖြစ်သဘောလည်း ပါရမယ်။ တခုခုကို ပြုပြင်ဖန်တီးပေး ရမယ်လို့ ဆိုတယ်။ ဆိုလိုတဲ့အချက်ကတော့ ဘာပဲရေးရေး အဖျက်သဘောမပါစေဘဲ အပြုသဘောအဖြစ် သဘောသာပါစေရမယ်။ မရှိတဲ့အရာ မပါဘဲ၊ ရှိတဲ့အရာ အကြောင်းပါစေရမယ်။ ဝိုးတိုးဝါးတား မထင်ရှားနဲ့ အသိခတ် အမြင်ခတ်တာတွေ မပါဘဲ မျက်ဝါးထင်ထင် တွေ့မြင်သိနိုင်တဲ့ အရာမျိုးကို လုံးလုံးခဲခဲ ပါစေရမယ်။ လေဖမ်းလို့မရသလို အဖတ်မပါ ဗလာသက်သက်မဟုတ်ဘဲ အတုံအတစ် အစိုင်အခဲကိုင်စွဲ ပြနိုင်တဲ့အရာမျိုး ဖြစ်စေမယ်။ ကျနော်တို့ရေးတဲ့ သဘောတရားဟာ ပြုပြင်ဖန်တီးစေတဲ့ သတ္တိပါစေရမယ်။ ဘာကို ပြုပြင်ဖန်တီးရမလဲ။ လူ့လောက လူမူပေါင်းသင်း ဆက်ဆံရေး၊ ရာဇဝင်သမိုင်းအဆက်ဆက် တိုးတတ်ရေး လွတ်လပ်ရေး၊ တန်းတူရေးအစရှိသည် တို့ကို ပြုပြင်ဖန်းတီးပေးစေရမယ်။

ကျနော်ပြောတဲ့ သဘောတရားမှာ လေထဲတိုက်အိမ်ဆောက်တဲ့ အယူအဆမျိုး၊ အိပ်မက်မက်သလို အတွေးအထင်မျိုးတွေ မပါစေရဘူး။ သို့သော် အကြောင်းနဲ့အကျိုး၊ နှလုံးရည်နဲ့ ဉာဏ်ရည်၊ စာဆိုနှင့်လက်တွေ့ ရှေးဖြစ်နဲ့ ခုဖြစ်၊ ခုဖြစ်နဲ့ နောက် အဖြစ်၊ စိတ်ကူးနဲ့မျက်မြင်တို့ကို တခုနဲ့တခု အဆက်အစပ်၊ စနစ်ကျရမယ်။ နည်းမှန်ရမယ်။ ခေတ်မီရမယ်။ တခါတည်း ဖြစ်ကတက်ဆန်း အမှန်တမဲ့နဲ့ မဆီမဆိုင်တဲ့ အတွေးအဆတွေ အကြောင်းအရာတွေကို အမြီးအမောက်မတည့်အောင် အရောရော အထွေးထွေး ရေးသားခြင်းမျိုး မဖြစ်စေရဘူး။

အကယ်၍ အသက်ဝင်နေသော သဘောတရားမျိုး ပါစေလိုလျှင် စာဖတ်ပရိတ်သက်အားလုံးကို လောကထုံးတမ်းဓမ္မတာ အတိုင်း တနေ့ထက်တနေ့၊ တထစ်ထက် တထစ်၊ တိုးတတ်ကြီးပွားစေရမယ်။ ရှေ့သို့သာ တိုး ပွားစေရမယ်။ ခေတ်ပြောင်း ပြောင်းသည့်အလျောက် ကျနေတို့တတွေလည်း အမြဲတမ်း ခေတ်နှင့်လိုက်၍ ပြောင်းလဲပြုပြင်သွားရမယ်။ ကျနော်တို့ဟာ အသက်ရှင်နေထိုင်ဖို့ အသက်ရှင်နေရမယ်ဆိုတာကိုလည်း ကိုယ့်ဟာကိုယ် ယုံကြည်စွဲလန်းနေရမယ်။ အသက်ရှင်နေရမယ် လို့လည်း စိတ်သတ္တိ ပြင်းပြခြင်းရှိရမယ်။ အကယ်၍ ဖန်တီးခြင်းသဘောတရားပါစေလိုလျှင် ရေးသားသမျှ၊ ဝထ္ထု ဆောင်းပါး တို့ကို မရေမရာ မထင်မရှားတဲ့ အယူအဆတွေ၊ တွေး လုံးတွေအပေါ်မှာ အခြေမပြုဘဲ လူ၏လောက လူ့ပေါင်းသင်းရေး လူ့ရာဇဝင် လူ့တိုးတတ်ရေး စသည်တို့ကို ကောင်းမွန်အောင် ဖန်တီးပေးရာ ရောက်စေရမယ်။ ကျနော်တို့တတွေဟာ “ မည် သူမပြု မိမိမူ” ဆိုတဲ့ စကားအတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြသူများ ဖြစ်တယ်။ ကိုယ့်အကြောင်းကို အထင်သေးစိတ် အောက်ကျနောက်ကျစိတ်၊ သေးနုပ်တဲ့ စိတ်ထားကို ပယ်ဖျောက်ပြီး အနိုင်မခံ အရှုံးမပေးသော ဇွဲသတ္တိ ရှိရမယ်။ အရှုံးဆိုတဲ့ စိတ်မျိုးကို လုံး လုံးကင်းစေရမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်၊ အားကိုးချက် ရှိရမယ်။ လူထုကိုလည်း ယုံကြည်ကိုးစားပြီး နောင်ရေးကိုလည်း အမြဲတမ်းကောင်းစားဖို့ စွဲလမ်းချက်ရှိရမယ်။ ကျနော်တို့ဟာ ကျနော်တို့လုပ်ငန်းတခုကိုထမ်းဆောင် ရာမှာ အခက်အခဲတခုကို တွေ့ကြုံရလျှင် ဘယ်အခက်အခဲမျိုးကြောင့်မှ နောက်တွန့်ကြောက်ရွံ့ခြင်းမဖြစ်စေရ၊ လုပ်စရာရှိလျှင် တုံးတိုက်တိုက်၊ တောင်တိုက်တိုက် လုပ်မယ်ဆိုတဲ့ သတ္တိရှိရမယ်။ ကိုယ်စွဲလမ်းယုံကြည် ချက်တစ်ခုအတွက် ဆိုလျှင် ဘယ်ကမ်းဆိုက်ဆိုက်၊ ဘယ်အခြေရောက်ရောက် အထမမြောက်မခြင်း လုပ်လိုစိတ်ရှိရမယ်။ လုပ်ရန်အသင့် ရှိရမယ်။ ‘လေဖမ်း ဝါးတန်းချည်’ သလို ပေါက်ကရ ထင်ရာမြင်ရာ အကြောင်းတွေကို မရေးသားဘဲ၊ စနစ်မှန်မှန်၊ ခေတ်မီမီဖြစ် စေလိုရင် ရေးသားချက်တခုဟာ တကယ်မုချ လောကမှာရှိနေတဲ့ အကြောင်းမှန်တခု ဖြစ်ရမယ်၊ အကျိုးနဲ့အကြောင်း၊ စာဆိုနဲ့လက်တွေ့၊ စိတ်ကူးနဲ့အသိညဏ်၊ အရင်နဲ့အခု၊ အခုနဲ့အနောက်၊ အတွေးစိတ်နဲ့အမြင်တို့ကို အားလုံးတခုနဲ့တခု အဆက်အစပ်ရှိစေရမယ်။ အသွားအလာ ညီညွှတ်စေရမယ်။ သို့မှသာ ရေးသားချက်တခုဟာ နည်းမှန်လမ်းမှန် စနစ်တကျ ဖြစ်ပြီး၊ အရာခပ်သိမ်းတို့ကို အမြင်မှန်တဲ့ မျက်စေ့နဲ့ ကြည့်နိုင်မယ်။ လမ်းမှန်ကို သိနိုင်မယ်။ ပြီးတော့ ရှေ့အလားအလာ အတွေးအခေါ်မှာလည်း ရှင်းလင်းပြတ်သားနိုင်ပေမယ်လို့လည်း ယုံကြည်ခြင်းတရား ရှိရမယ်။ သတ္တိရှိရမယ်၊ ဇွဲရှိရမယ်၊ အဲဒီလို အဘက်ဘက်က လိုလေး သေးမရှိအောင် ပြည့်စုံစွာတက်လှန်းနိုင်မှလည်း အောင်မြင်နိုင်ပေမည်။

ဤသဘောတရားကိုအခြေခံထားပြီး ကျနော်တို့၏ လွတ်လပ်ရေးတိုက်ပွဲကြီးကို ဆင်ခြင်တိုင်းထွာကြည့်မယ်ဆိုရင် ကျနော် တို့ရဲ့ ဗမာပြည် လွတ်လပ်ရေးလုပ်ငန်းကြီးဟာ ကမ္ဘာ့လွတ်လပ်ရေး တိုက်ပွဲကြီးနဲ့  ဆက်စပ်နေကြောင်း တွေ့ရပါမယ်။

ဒီတိုက်ပွဲကြီးဟာ ရာဇဝင်အစလောက်ကစပြီး ခေတ်အမျိုးမျိုးပြောင်း၍ တိုက်ခဲ့ရတဲ့ တိုက်ပွဲဖြစ်တယ်။ အထူးသဖြင့် ယခုဗမာ ပြည်ရဲ့ မရှေးမနှောင်း တိုတောင်းလှတဲ့ နှစ်အပိုင်းအခြားအတွင်းဖြစ်တဲ့ လွတ်လပ်ရေး တိုက်ပွဲဟာဆိုရင် မထမ အင်္ဂလိပ်ဗမာ စစ်ပွဲက စမယ်လို့ ဆိုရပေမယ်။ ယခုအခါ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ ရှေးနှစ်ပေါင်းများစွာက တဆင့်ပြီးတဆင့် တိုး၍ လုပ်ဆောင်လာခဲ့တဲ့ တိုက်ပွဲအဆင့်များမှာရော လွတ်လပ်ရေးလမ်းခရီးတွင် ဗမာရောကမ္ဘာပါ တိုးတတ်ပြောင်း လဲမှုမှာရော မဟာမိတ်တို့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကြီးတို့ ဗမာ့တပ်မတော် တို့ဗမာလူမျိုးတို့ အားလုံး စုပေါင်းပြီး ဆိုင်ရာဆိုင်ရာ ကိုယ်ဝန် ကိုယ်ထမ်း ကြိုးစားဆောင်ရွက်မှုမှာရော ဤအဆင့်ဤအခြေဟာ အဆုံစွန်သော အခြေ၊ အဆုံးစွန်သော အဆင့်ရောက်နေတယ်။

နောက်ဆုံးကြတော့ ထူးချွန်တဲ့ တဦးကောင်း၊ တယောက်ကောင်းများ ပေါ်ပေါက်လာပြီး ကျနော်တို့ရည်မှန်းချက်ရဲ့ တိုး တက်အောင်မြင်မူကို မြန်ချင်လည်း မြန်အောင် လုပ်ကြပေမယ်။ နှေးချင်လည်း နှေးသွားအောင် လုပ်ကြပေမယ်။ သို့သော် တယောက်တည်း လုပ်နိုင်တာ ရှားတယ်။

ဒါကြောင့် အထက်ပါအကြောင်းတွေ စီစစ်လိုက်ရင် သူရသတ္တိ၊ ရဲစွမ်းသတ္တိ၊ ဆန္ဒ၊အား၊ ဇွဲ၊ ကိုယ့်ဂုဏ်ကိုယ်၊ လေးစားရို သေခြင်းဆိုတဲ့ စကားလုံးနဲ့ အခြားဂုဏ်ပုဒ်တွေရဲ့ အဓိပ္ပါယ်သဘောသွားကို မှန်တဲ့အတိုင်း သိမြင်နိုင်တယ်။ အထက်ပါအ ကြောင်းတွေ စီစစ်လိုက်ရင် တဦးတယောက်ကောင်း ပြုတဲ့ သူရသတ္တိ အာဇာနည်သူရဲကောင်းမျိုးမဟုက်ဘဲ လူထုပြတဲ့ သူရသတ္တိများအကြောင်း သိနိုင်ပေတယ်။ သူရသတ္တိနဲ့ ပြည့်စုံတယ်ဆိုတဲ့ ဂုဏ်ဟာ စစ်သားသာရနိုင်တယ်လို့ မဆိုလိုဘူး။ အယုတ်အလတ် အမြတ်မရွေး လူတန်းစားတိုင်း သူရဲကောင်းဖြစ်နိုင်တယ်ဆိုတာလဲ စဉ်းစားကြည့်နိုင်တယ်။ သူရဲကောင်းဆို တာလည်း၊ သူရဲကောင်းဘွဲ့လိုချင်တဲ့စိတ်သက်သက်နဲ့ ထင်ရာလည်း တလွဲလျှောက်လုပ်လို့ မရဘုး။

တခုခုကို ဖန်တီးပြုပြင်ပေးရမယ်။ အကျိုးဖြစ်ထွန်းစေရမယ်။ အဲသလိုလုပ်တဲ့အခါမှာ ခံစားသင့်သမျှ အဆင်းရဲအပင်ပန်းဒုက္ခကို ခံစားရန်အသင့်ရှိရမယ်။ စွန့်စားသင့်သမျှ စွန့်စားပြီး အနစ်နာခံသင့်သမျှ ခံနိုင်ရမယ်။ တိုတိုပြောရရင် ရာဇဝင်ကြွေးဆပ်ရန် လိုသမျှဆပ်ပြီး ရာဇဝင်အခြေအနေလိုက်ပြီး အစအဆုံး အနွံအတာခံနိုင်တဲ့ ဇွဲရှိရမယ်။ ကျွန်တော်တို့ အခုတိုက်ခိုက်နေတာဟာ ငြိမ်းချမ်းရေးရရန်အတွက် တိုက်နေတာ ဖြစ်တယ်။

ငြိမ်းချမ်းရေးဆိုတာလဲ သုသာန်တစပြင်လို တိတ်ဆိတ်ငြိမ်သက်နေတဲ့ သက်မဲ့ငြိမ်းချမ်းရေးမျိုး မဟုတ်ဘူး။ အသက်ရှိတဲ့ ငြိမ်းချမ်းရေးမျိုး၊ ရှေ့ကို အညွနှ့်အတက်ရှိတဲ့ ငြိမ်းချမ်းရေးမျိုးကို ဆိုလိုတယ်။ တိုးတက်ခြင်း၊ ကြီးပွားခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်းတို့ကို အားပေးတဲ့ ငြိမ်းချမ်းရေးကို ဆိုလိုတယ်။ ဒီလိုမှ မဟုက်ရင် တရားနည်းလမ်းလည်း မကျဘူး။ တည်လည်း မတည်မြဲဘူး။

သူရသတ္တိနဲ့ ပြည့်စုံတယ်ဆိုတဲ့ စစ်သည်တော်များ ကြိုးပမ်းတိုက်ခိုက်ကြတဲ့ လူများဟာ ဘယ်လိုလဲဆိုတော့ စစ်သားပီပီ မတရားကျူးကျော်စော်ကားမှု၊ တော်လှန်မှုကို အကြောင်းပြုကာ စွန့်စားခြင်း၊ ရဲရင့်ခြင်းကိုထူးချွန်စွာပြပြီး တိုက်ခုက်တဲ့သူမျိုး ကိုမှ သူရဲကောင်းလို့ ခေါ်တယ်။ ဖက်စစ်စစ်သားတွေကို သူရဲကောင်းလို့မခေါ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အကျိုးဖြစ်ထွန်းအောင် ဖန်တီးပေးတဲ့ လူစားမျိုးမဟုက်ဘူး။ သူတို့ဟာ ပျက်စီးရာပျက်စီးကြောင်းလုပ်တယ်။ ဗရုတ်သုတ်ခဖြစ် အောင်လုပ်တယ်။ သူများအသက်တချောင်းကို ဓားတလတ်နဲ့ မတရားသက်သက် သတ်တယ်။ သူများပစ္စည်းအိုးအိမ်ကို ဖျက်ဆီးမီးရှို့တယ်။ ဒီလိုလူစားမျိုးဟာ သူရဲကောင်းမဟုတ်၊ သူယုတ်မာမျှသာဖြစ်ပြီး နောက်ဆုံး သူတို့က သူများအပေါ်ပြု လေသမျှ သူတို့ပြန်ပြီး ခံရတာပဲ။ သူများကို ဖျက်သလို သူတို့လည်း ပျက်ရတာပဲ။ အဲဒီလို အကျိုးအကြောင်း အပြုအမူကို ထောက်ထားပြီး ကျနော်တို့ဟာ ရဲ စွမ်းသတ္တိရယ်၊ ဇွဲရယ် ဒီနှစ်မျိုးကို ချီးကျူးတတ်ရမယ်။

ရဲစွမ်းသတ္တိဆိုရာမှာလည်း လက်ရုံးရည်ချည်း မဟုက်ဘဲ နှလုံးရည်၊ ဉာဏ်ရည်ပါကောင်းခြင်းနှင့် ပြည့်စုံရမယ်။ ရဲစွမ်းသတ္တိဆို တာ အသက်ရှင်လျှက်နေရဲရမယ်။ တွေးရဲ ကြံရဲရမယ်။ တွေးရဲကြံရဲသလို ထုက်ဟပြောဆို ရေးသားရဲရမယ်။

အပြောသာမဟုတ်၊ အလုပ်လည်း လုပ်ရဲရမယ်။ ဘယ်အလုပ်မျိုးလည်းဆိုလျှင် တခုခု အကျိုးရှိမယ်။ ပြုပြင်ဖန်တီးရာ ရောက်စေမယ်ဆိုတဲ့အလုပ်မျိုး လုပ်ရဲရမယ်။ အဲဒီလို အရဲစွန့်ရာမှာလည်း “ ဖြစ်သမျှအကြောင်း အကောင်းချည်း” ဆိုတဲ့ သဘောမျိုးနဲ့ ဆိုးဆိုးကောင်းကောင်း “နဖူးတွေ့ ဒူးတွေ့” တွေ့ဖို့ အသင့်ရှိရမယ်။ အခြေအနေ အဆိုးရွားဆုံးကိုပင် တွေ့ဖို့ရှိလျှင် ရင်ဆိုင်တွေ့ရန် အသင့်ပြင်ထားရမယ်။ ဒါပေမယ့် ကိုယ်ကတော့ သက်သက်ဆိုးရွားအောင် မလုပ်ရဘူး။ ဇွဲ ဆန္ဒအားကို မွေးမြူရာမှာလည်း သည်နည်းအတိုင်းပါဘဲ။ ကျနော်တို့မွေးမြူတဲ့ဇွဲဟာ ဘယ်လိုဇွဲ ဖြစ်ရမလဲဆိုရင် ရာဇဝင်ရဲ့ အလို၊ ရာဇဝင်ရဲ့ လိုလားချက်များနဲ့ တိုက်ဆိုင်စေရမယ်။

တနည်းအားဖြင့်ဆိုရင် တစုံတရာအကျိုး ဖြစ်ထွန်းဖွယ်အရေးတခုကို ဖြည့်စွမ်းလုပ်ဆောင်တုန်း ကျနော်တို့ တွေ့ကြုံရတဲ့ အခက်အခဲ အကြောင်းတခုခု ပေါ်ပေါက်လာလျှင် အကြောင်းအားလျှော်စွာ အခါမရွေး ထထ ကြွကြွနှင့် ဆောင်ရွက်ဘို့ရာ ဇွဲမျိုး ဖြစ်ရမယ်။

အကျိုးမဲ့သက်သက် အသက်မသေလိုရဘူး။ အကျိုးကျိုးရှိရှိနဲ့ လူ့ပြည်မှာ အသက်ရှင်နေဖို့ရာ စိတ်ဆန္ဒအား ပြင်းပြထက် သန်နေရမယ်။ ဇွဲရှိရမယ်။ အောင်စိတ်ရှိရမယ်။ အောင်ရမယ်ဆိုတဲ့ ဇွဲသတ္တိရှိရမယ်။ ဒီအသက် ရှင်နေဖို့ အောင်နိုင်ဖို့ စိတ်ဆန္ဒရှိရမယ်ဆိုတာလဲ ဇွဲရှိနေဖို့အတွက် သက်သက်မဟုတ် မိမိတို့ ဖန်တီးပြုပြင်လိုတဲ့အရေးအတွက်သာ ဖြစ်စေရမယ်။ ဇွဲဘယ်လိုရှိရမလဲဆိုရင် ဦးဏှောက်သုံးပြီး ဉာဏ်ရှိသလောက် ကြံဆထားတဲ့အရာကို စိတ်ထဲကလဲ အားကြိုးမာန်တက်လုပ်ဖို့ ရာ ဇွဲရှိရမယ်။ လူထုလိုက် သူရသတ္တိနဲ့ ပြည့်စုံရမယ်။ (ဝါ) သူရဲကောင်း လူထုကြီးဆိုရာမှာ  ကျနော်တို့ ရဲဘော်စိတ်ကို တွေ့ရတယ်။ အမြဲတမ်း မတိမ်ကောပဲ ကိုယ့်အမျိုး ကိုယ့်တပ် စသည့် ကိုယ့်ဂုဏ်ကိုယ် ရိုသေလေးစားမှုကို တွေ့ရတယ်။ ဒီအခြင်းအရာဟာ သူရဲကောင်းလူထုကြီးရဲ့အခရာဘဲ။ ဒီလေးစားမှုဟာ လူအဖိုးအတန်ဆုံးဖြစ်တဲ့ တဦးဦးအပြန်အလှန် ချစ် ခင်ကြင်နာခြင်း၊ ရိုင်းပင်းကူညီလိုစိတ်ရှိခြင်း ကို တိုးပွားစေတယ်။

ဥပမာ စစ်ဗိုလ်နဲ့ စစ်သား၊ စစ်သား စစ်သားချင်း တယောက်နှင့်တယောက်ဟာ အသက်ကိုစွန့်ကာ ကိုယ်အမြတ်နိုးဆုံး အရာတို့ကိုပင် အဆုံးအရှုံး ခံတန်ခံကာ ကူညီကြတယ်။ ရိုင်းပင်းကြတယ်။ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အချိန်အခါ မျိုးမှာ တယောက်ကိုတယောက် စွန့်ပစ်၍မထားပဲ အပါးက အမြဲစောင့်ရှောက် ကာကွယ်နေကြတယ်။

“ဆင်းရဲအတူ ချမ်းသာအမျှ” ဆိုသလို တယောက်နှင့်တယောက် ဘယ်အခြေဆိုက်ဆိုက် မခွဲခွာကြဘူး။ သစ္စာရှိကြတယ်။ ဟန်ရေးပန်ရေး လုပ်ချင်စိတ်၊ တကိုယ်ကောင်း၊ “ငို့ဘ” စိတ်၊ မနာလိုဝန်တိုစိတ်၊ ညာဝါးလို စိတ်၊ တစွန်းတစရှိတဲ့ လူတ ယောက်သာ တာဝန်နဲပအလုပ်ကို၊ ရဲဘော်တို့ကို စွန့်ခွာတက်ကြတယ်။ ဒီလိုမှမဟုက်ရင် စွန့်ခွာခဲပါတယ်။

ဒါကြောင့် ကျနော်တို့ပြုစုရမယ့် စာပေအရေးအသားဟာ ဒီသဘောတရားများနဲ့  ပြည့်စုံတဲ့ စာပေမျိုးဖြစ်ရမယ်။ ဒါမှလည်း ကျနော်တို့်ရဲ့စာပေဟာ ကမ္ဘာ့အဆင့်အတန်းကို မှီမယ်။ ကမ္ဘာ့အဆင့်အတန်းမှ ကျပ်ပြည့်ဒင်းပြည့်တန်ဖိုးရှိတယ်။ သို့မှလည်း ယဉ်ကျေးမူစနစ်ကြီးဟာ ချက်ချင်းတိုးတတ်ပြောင်းလဲလာနိုင်မယ်။ ယဉ်ကျေးမူစနစ်ကြီး တိုးတက်ပြောင်းလဲခြင်းမရှိဘဲနှင့် အမျိုးခေတ်ပြောင်း တိုးတက်ရေးဟာ ကောင်းစွာမအောင်မြင်နိုင်ဘူး။ တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းစေတဲ့ အချိန်အခါကြီးဖြစ်တယ်။ ကျနော်တို့လည်း ကမ္ဘာကြီးနှင့်အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။

ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ် လပ်ပြီး တိုးတတ်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်ကြိုးစားကြစို့။ ယခု လက်ဝယ်ရှိတဲ့ လုပ်ငန်းတာဝန်အလိုက် ကျနော်တို့ အလုပ်လုပ်ကြစို့၊ ကျနော်တို့အာလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြစို့။

မှတ်ချက်

• ဤဗိုလ်ချုပ်အောင်ဆန်းဆောင်းပါးကို ၁၃၁၀ ခုနှစ်ထုတ် တက္ကသိုလ်အိုးဝေမဂ္ဂဇင်းပါစာမူမှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါ သည်။

• ဒီမိုကရေစီဂျာနယ် စာမျက်နှာ ၆-၉၊ ၁၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ထုတ်၊ အတွဲ (၁) အမှတ် (၂) မှ မူရင်းအတိုင်း ထုတ် နုတ်၍ ထပ်ဆင့်ဖော်ပြပါသည်။

• ဤဆောင်းပါးအပါအဝင် အခြားဆောင်းပါးများကို စုဆောင်းညွှန်ပြပေးသည့် ဆရာမောင်စွမ်းရည်အား ကျေးဇူးအထူး တင် လျှက် ဂါရဝပြုပါသည်။

အယ်ဒီတာအဖွဲ့

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်