fbpx

Aung Way – Exile Prose (1)

October 24, 2013

EXILE PROSE
နို င် ငံေ ရး အ ကျ ဉ်း သားေ ဟာ င်း ၊
ပြ ည်ေ ပြး က ဗျာ ဆ ရာ ၊
အ ေ ၀ း ေ ရ ာ က် မ င်း ဦးေ အာ င်ေ ၀း
အောင် ဝေး ၊ အောက်တိုဘာ ၂၅၊ ၂၀၁၃
အပိုင်း(၁)
ကျနော့်တစ်ဘ၀လုံးမှာ ခေတ်သုံးခေတ် ရှိခဲ့ဖူးသည်။
          ကျနော်တစ်ဦးတည်းအတွက် ပြောတာဖြစ်သည်။ အနီခေတ်၊ အ၀ါခေတ်၊ အပြာခေတ်။ ဒီခေတ်သုံးခုက ကျနော့်ဘ၀၊ ကျနော့်ဝိညာဉ်နှင့် ထန်းသမားရင်ဘတ် ဖြစ်နေခဲ့သည်။ ထန်းတက်သမား ထန်းပင် တက်သည့်အခါ သူ၏ရင်ဘတ်က ထန်းပင်လုံးနှင့် ထိတုံ ခွာတုံ၊ ပူးလိုက် ခွာလိုက်ဖြစ်
နေသည်မဟုတ်လား။ ယင်း အနီခေတ်၊ အ၀ါခေတ်၊ အပြာခေတ်တွေနှင့်ပဲ အောင်ဝေးကို တည်ဆောက်ထားသည်ဟုဆိုကြပါစို့ ။
          ဆရာဒဂုန်တာရာ ရေးခဲ့ဖူးသည်။ ရှုမ၀မှာလို့ ပဲထင်သည်။ မသေချာ။  ”ဒုတိယချစ်သူနှင့်ကွဲမှ၊ ပထမချစ်သူခေတ်ကို တမ်းတခြင်း” တဲ့။ အခုနေမှာ ကျနော်က လွမ်းမြိုင်ကျေးရဲ့ အဝေးမှာ၊ ဘယ်သူနှင့်ကွဲပြီး၊ ဘယ်သူ့ ကိုတမ်းတနေတာပါလဲ။
          မစ်ရှီဂန်မဲဇာ၏ ဆောင်းဦးသော ချမ်းမြမြ ညတစ်ညမှာ ကျနော်က ပုသိမ်အကျဉ်းထောင်၊ ကြိုးတိုက်သံတိုင်တွေကြားမှာ၊ နေ၀င်း-စန်းယု စစ်အာဏာရှင်အစိုးရဖြုတ်ချရေးတိုက်ပွဲအတွက် “ကျူးဘားတော်လှန်ရေး” အမည်ရှိသော ကဗျာရှည်ကြီးကို လျှို့ ဝှက်ရေးဖွဲ့ နေတယ်လို့ အိပ်မက်
မြင်မက်နေခဲ့လေသည်။
          “ဟာဗာနာကို ချီတက်ကြ”
+ + + + +
          ၁၉၇၆ ခုနှစ်၊ မတ်လ။
          ပို၍တိတိကျကျပြောရလျှင်၊ ၁၉၇၆ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ ၊ ညသန်းခေါင်ယံမှာ ကျနော် ပထမဦးဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရလေသည်။ ထိုစဉ်က ပုသိမ်မြို့ မှာဖြစ်သည်။ စစ်တပ်ထဲကအိမ်မှာ တပ်မတော်ထောက်လှမ်းရေးနှင့် ရဲမှုခင်းတပ်ဖွဲ့ က ကျနော့်ကိုလာဖမ်းခြင်းဖြစ်သည်။ ကျနော့်
အဖေက စစ်သား။ ဒီတုန်းက အဖေ့တပ်ရင်းက ချင်း သ န က (၂)။ အမှတ်(၂) ချင်းသေနတ်ကိုင် တပ်ရင်းပေါ့ ။ (ဒါပေမဲ့၊ တပ်ထဲမှာ ချင်းတိုင်းရင်းသားတွေက မရှိကြတော့ပါဘူး။ ချင်းတောင်ပြန်ကုန်ကြပါပြီ။ နဂိုမူလနာမည်သာ တွင်ကျန်နေရစ်ခဲ့တာဖြစ်သည်) ထိုစဉ်က အဖေက မော်တော်ယာဉ်တပ်စု
တာဝန်ခံ တပ်ကြပ်ကြီး။ MT SERGEANT ဟုခေါ်သည်။
          ကျနော့်ကို လာဖမ်းတဲ့ညက တပ်ရင်းက တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးလှကြည်လည်း ပါလာပါသည်။ ထောက်လှမ်းရေး(၄)ဟုခေါ်သည့်၊ ရန်ကင်းတောင် တပ်မတော်ထောက်လှမ်းရေးတပ်က အရာရှိတစ်ဦးနှင့် မှုခင်းရဲတပ်ဖွဲ့ နှင့် အသည်ကြီးရဲစခန်းမှရဲအရာရှိတွေက ကျနော့်ကို ဂျစ်ကား တစ်စီးပေါ်တင်ပြီးခေါ်လာသည်။ အိမ်မှာတုန်းက အဖေ့ရှေ့ မှာမို့ ထင်သည်၊ ကျနော့်ကိုလက်ထိတ်မခတ်ပါ။ တပ်ဝင်းဂိတ်က မထွက်ခင်အထိ မခတ်ပါ။
တပ်ဝင်းဂိတ်တံခါးကနေကျော်ပြီဆိုတော့မှ ကျနော့်ကို လက်ထိတ်ခတ်လိုက်ကြပါသည်။
          အဲဒီညက ပုသိမ်မြို့ ၊ ကမ်းနားလမ်း၊ အသည်ကြီးရဲစခန်း အချုပ်ခန်းထဲမှာ တစ်ညအိပ်လိုက်ရပါသည်။ နောက်နေ့ မိုးလင်းတော့၊ တရားရုံး ထုတ်၊ ယမန်ယူပြီး၊ ပုသိမ်အကျဉ်းထောင်ထဲ ထည့်လိုက်ကြပါသည်။ ထောင်ထဲရောက်တော့ ထောင်ကလေးတစ်ခုထဲ ပို့ ပြန်သည်။ နောက်ဆုံးမှာ သံတံခါးတွေအထပ်ထပ်နှင့် မိုက်မှောင်လှောင်အိုက်သော ကြိုးတိုက်အခန်းကျဉ်းလေးတစ်ခုထဲ ကျနော့်ကိုထည့်ပိတ်လိုက်ကြလေသည်။ ထောင်မှူးတွေ၊ ထောင်ဝါဒါတွေ ကြိုးတိုက်ထဲက ပြန်ထွက်သွားကြတော့၊ ကျနော် တံခါးသံတိုင်တွေကိုကိုင်ရင်း တွေးကျန်ရစ်ခဲ့ပါသည်။
          သြော်…။ ငါ မဟာကြိုးတိုက်ကြီးထဲ တကယ်ရောက်နေတာပါလား။ ငါ ဆရာဗန်းမော်တင်အောင် ၀တ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်ခဲ့ဖူးတဲ့ နရသိန်ကြိုးတိုက်ကြီးထဲကို ငါရောက်နေပါရောလား။ အား… တိတ်ဆိတ်နေတဲ့ အမှောင်ပါလား။ အိမ်မြှောင်စုတ်ထိုးသံတောင် တိုးတိုးပဲကြားရ။ စိတ်ထဲမှာ ညှီစို့ စို့ အနံ့ တစ်မျိုးရသလိုလို။
          ဒီအချိန်မှာ ကျနော်ပထမဦးဆုံးသတိရမိလိုက်တာက ဂျူးလိယက်ဖူးချစ်ပဲ။ “မောင့်ဂူစတီနာရေ… နွေဦးသစ်ရဲ့ တစ်နံနက်မှာ၊ တို့ ပြန်ဆုံ တွေ့ ကြမယ်နော်” ဆိုတဲ့ ဂျူးလိယက်ဖူးချစ် ပဲပေါ့ ။ ဖူးချစ်ရဲ့ ကြိုးစင်ပေါ်ကမှတ်တမ်းသည် ကျနော်တို့ ငယ်ဘ၀၏ သင်ပုန်းကြီးဖတ်စာအုပ်ဖြစ်ခဲ့သည်။
ကျနော်က ဂျူးလိယက်ဖူးချစ်ကို တမ်းတနေမိဆဲ။
          “ဟိတ်- ကောင်လေး”
          ကျနော့်ရှေ့ ဓားလွယ်ခုတ်အခန်းလောက်ဆီက စကားသံရုတ်တရက်ထွက်လာသည်။
          “နင် လူသတ်ဓားပြလား၊ မုဒိမ်းလူသတ်လား”
          ဗျာ…။ ကျနော် လန့် သွားသည်။ခေါင်းနားပန်းကြီးသွားသည်။ အသံရှင်ကိုကား မတွေ့ ရ။ တစ္ဆေ၊ တစ္ဆေလား။
          “ကောင်လေး၊ ဆေးလိပ်သောက်မလား၊ ငါပစ်ပေးလိုက်မယ်၊ ရော့” ဆိုပြီး၊ ထောင်အခေါ် ပွတ်ချွန်းလို့ ဆိုတဲ့ သတင်းစာစက္ကူနဲ့ ဆေးရွက်ကြီးမှုန့် ကိုလိပ်ထားတဲ့ဆေးလိပ်ကလေး မီးတငွေ့ ငွေ့ နဲ့ ကျနော့်အခန်းရှေ့ အုတ်ခုံပေါ်လာကျသည်။ ကျနော်သံတိုင်ကြားက လက်ကိုထုတ်ပြီးလှမ်းယူ လိုက်သည်။ ပြီးတော့ ဆဆကလေး မျှင်းမျှင်းရှိုက်ဖွာလိုက်သည်။ အား…ကောင်းလိုက်တာ။ ဒါဟာ ကျနော့်အတွက်တော့ ပုသိမ်အကျဉ်းထောင်ထဲမှာ ပထမဆုံးသောက်ရတဲ့ ဆေးလိပ်ပါပဲ။
          “ကောင်လေး၊ ငါ့ နာမည် နဂါးနီလို့ ခေါ်တယ်။ငါက အက်ဖ်၊ အာ၊ စီမှုနဲ့ ရောက်နေတာကြာပြီ”
          ဒီလိုနဲ့ ၊ ထောင်ပိုင် ထောင်မှူးတွေ ကြိုးတိုက်ထဲ နောက်တစ်ခေါက်ပြန်ရောက်မလာခင်၊ ထောင်ဆွေးဆွေး လူဆွေးဆွေး ကုလားအဘိုးကြီး နဂါးနီနဲ့ ကျနော် အကြမ်းဖျင်းမိတ်ဆွေဖြစ်သွားခဲ့ကြပါသည်။ ကျနော်က သူ့ ကို၊  ပုသိမ်ကောလိပ်က တတိယနှစ်ကျောင်းသား၊ အသက်(၂၂)နှစ်၊ အစိုးရဆန့် ကျင်ရေး နိုင်ငံရေးမှုနဲ့ ရောက်လာတာလို့ ရှင်းပြတော့၊ အဘိုးကြီးနဂါးနီ တကျွတ်ကျွတ်နှင့်စုပ်သတ်နေလေတော့သည်။ အတော်ကြီးကြာမှ …
“ကောင်လေး၊ နင်မကြောက်ဘူးလား” တဲ့။
          မကြောက်လို့ လည်း၊ ထောင်ပိုင်ကြီးနဲ့ ထောင်မှူးတွေ နောက်တစ်ခေါက်ထပ်ရောက်လာတဲ့အခါ၊ ကျနော်က ကျနော့်ကို ပုဒ်မ(၅)နဲ့ ဖမ်း ထားတာ၊ ဒီတော့ ပုဒ်မ(၅) ရိက္ခာပေးပါလို့ မဆိုင်းမတွ တောင်းဆိုလိုက်ပါတယ်။ ထောင်ပိုင်ကြီး (ဦးအုန်းမောင်လို့ ထင်သည်။ သေချာမမှတ်မိတော့။ နောင်
မကြာခင် ညွှန်မှူးဖြစ်သွားပြီး၊ ထောင်ပိုင်အသစ် ဦးမောင်မောင် ရောက်လာသည်) က ကျနော့်အခန်းရှေ့ တိုးလာပြီး လေသံခပ်မာမာနဲ့ 
“မင်းတို့ ကျောင်းသားတွေ ထောင်ထဲမရောက်သေးဘူး၊ တစ်ခါတည်း တောင်းဆိုဖို့ တို့ ၊ တိုက်ပွဲဝင်ဖို့ တို့ လုပ်တော့တာပဲ။ ဒီမှာ မောင်ရင်ရဲ့ ၊ မောင်ရင်တို့ ဆရာကြီး သခင်စိုး ထောင်ထဲရောက်လာကတည်းက၊ ပုဒ်မ(၅)ရိက္ခာတို့ ၊ ဘီကလပ်တို့ ဆိုတာ မရှိတော့ဘူး။ အဲဒါတွေ နောက်ထပ်မပြောပါနဲ့ ” တဲ့။
          ထောင်ပိုင်ကြီးက ပြောပြီး ချက်ချင်းထွက်သွားတော့သည်။ အဲဒီညနေက ပထမဆုံးထောင်ပုံစံ ထမင်း ဟင်းနှင့် ကျနော်စညားခဲ့လေတော့သည်။ လုံးတီးဆန်ဖြူ၊ ဟင်းရွက်ပြုတ်ရည်တာလပေါ၊ ငါးပိရေကြော်။ ဆာဆာနှင့် ဖျစ်ညှစ်စားလိုက်တာ၊ အရသာမသိ၊ ကောင်းတယ် ဆိုးတယ်မရှိ၊ တစ်ပန်းကန်တော့ကုန်သွားသည်။ ဗိုက်လည်း အတော်ပြည့်သွားသည်။ ထမင်းစားပြီးတော့ ခံတွင်းကချဉ်သွားသည်။
“နဂါးနီရေ…ပွတ်ချွန်းကလေး တစ်လိပ်လောက် ပစ်ပါဦး”
          မနက်ဖြန်မိုးလင်းရင်တော့၊ မနက်စောစော ဂန်ဇီ(ဆန်ပြုတ်)သောက်ရင် သောက်ရမယ်။ နေ့ လည်စာက ပဲဟင်းတဲ့။ ကြိုးတိုက်ကိုထမင်းလာထိုး(ထမင်းလာပို့ )သည့် ထောင်ကျအကျဉ်းသားတစ်ဦးက တိုးတိုးပြောပြသွားသည်။ လာပါပြီ။ ကျနော့်ဘ၀ရဲ့ ပဲဟင်း။ စစ်တပ်ထဲမှာကြီးပြင်းအရွယ် ရောက်လာတဲ့သူ ဆိုတော့ ပဲဟင်း၊ ငါးပိကြော်က ယဉ်ပါးပြီးသား။ ဖြတ်သန်းဖူးပြီးသား။ မခဲယဉ်း။ တကယ်တော့ တပ်ထဲမှာ ပဲဟင်းစားပြီး ကျနော် လူလားမြောက်လာခဲ့ခြင်း။ ကျနော် အခြေခံကလာတဲ့ကောင်ပါ။ စစ်သားသားသမီးနှင့် ပဲဟင်း၊ ငါးပိကြော် ခွဲခြား၍မရ။
          အဲဒီတော့၊ အဲသည်မှာ ကျနော့်ရဲ့ အ၀ါရောင်ခေတ်စခဲ့သည်ပဲဆိုပါတော့။
+ + + + + +
          ကြိုးတိုက်ထဲမှာ ပဲဟင်း နှစ်ရက်၊ သုံးရက်လောက်စားပြီးသွားတော့၊ ကျနော့်အမှုတွဲတွေလည်း ဟိုက ဒီက အသီးသီး ကြိုးတိုက်ထဲရောက်ရှိ လာခဲ့ကြလေသည်။
          ၁၉၇၆ ခုနှစ်၊ မတ်လ(၂၃)ရက်၊ ရန်ကုန်မှာ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေရဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှစ်တစ်ရာပြည့် အရေးအခင်းဖြစ်ပွားသည်။ မ ဆ လ စစ်အစိုးရက တက္ကသိုလ်၊ ကောလိပ်တွေကို ရုတ်တရက်ချက်ချင်းကြီး ပိတ်ပစ်လိုက်တော့သည်။
          ကျနော်တို့ က ပုသိမ်ကောလိပ်က။ ကျနော်တို့ လည်း ပုသိမ်မှာ မှိုင်းရာပြည့်ပွဲကျင်းပဖို့ ကြံစည်ထားကြသည်။ သို့ သော်…။ ကံကြမ္မာက တစ်မျိုးတစ်ဖုံ ချိုးကွေ့ ပြောင်းရွဲ့ သွားခဲ့သည်။ မတ်လဆန်းထဲမှာ ကျနော်တို့ အဆောင်နေကျောင်းသူကျောင်းသားတွေကြားမှာ၊ ကျောင်းဆောင်ကြေး
နှင့်ထမင်းလခမြင့်တက်သွား၍ မကျေနပ်သံတွေ ဆူညံပေါ်ထွက်လာသည်။ ထိုပြဿနာက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျောင်းတိုင်းမှာဖြစ်တာ ဖြစ်သည်။ မ ဆ လ စစ်အစိုးရသံဖနောင့်အောက် ပြည်သူတွေဆင်းရဲမွဲပြာကျ ကုန်းကောက်စရာမရှိအောင် ချွတ်ခြုံကျနေသည့်ခေတ်လည်းဖြစ်ရာ
ပြဿနာကထိန်းလို့ မရတော့။
          ကျနော်တို့ ပုသိမ်ကောလိပ်က စတင်ပြီး သပိတ်မှောက်လိုက်ကြတော့သည်။ မတ်လ(၁၀)ရက်ညမှ စ ကာ၊ မတ်လ(၁၁)ရက်၊ (၁၂)ရက်။
အဆောင်နေကျောင်းသားတွေသာမက၊ ပုသိမ်မြို့ ပေါ်က နေ့ ကျောင်းသားတွေပါ သပိတ်ထဲ ပါလာခဲ့ကြသည်။ ထိုစဉ်က ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီးမှာ ဦးခင်မောင်တင့် (ဆရာတက္ကသိုလ်ဘုန်းနိုင်) ဖြစ်သည်။
          မတ်လ(၁၂)ရက် ညသန်းခေါင်ယံလောက်မှာတော့၊ သက်ဆိုင်ရာကျောင်းအာဏာပိုင်တွေ၊ ဧရာဝတီတိုင်း ဒေသပါတီကော်မတီနှင့် တိုင်းပြည်သူ့ ကောင်စီကလူကြီးတွေ၊ ကျနော်တို့ သပိတ်စခန်းဖွင့်ထားတဲ့ ကန်သာယာခန်းမကြီးထဲ ရောက်လာပြီး၊ ကျနော်တို့ တောင်းဆိုထားသည့်အချက်
များကို လိုက်လျောပေးခဲ့သဖြင့် သပိတ်လှန်လိုက်ကြပါသည်။ နောက်ရက်တွေမှာ ကျနော်တို့ နဂိုပုံမှန်အတိုင်း တက်စရာရှိသည့်အတန်းတွေတက်နေခဲ့ ကြပါသည်။
          မတ်လ(၂၃)ရက်၊ ရန်ကုန်မှာ မှိုင်းရာပြည့်အရေးအခင်းနှင့် တက္ကသိုလ်၊ ကောလိပ်တွေ ရုတ်တရက်ပိတ်လိုက်ပြီး၊ အဆောင်နေကျောင်းသူ ကျောင်းသားတွေကို အဆောင်ကနေ ချက်ချင်းနှင်ထုတ်လိုက်ပြီ ဆိုတော့မှပဲ၊ ကျနော်တို့ အားလုံးကို တစ်မြို့ စီ တစ်မြို့စီကနေ လိုက်ဖမ်းခဲ့ခြင်းဖြစ်သည်။
ကျနော်က ပုသိမ်ကဆိုတော့ အရင်ဦးဆုံးအဖမ်းခံရသူဖြစ်သွားတော့သည်။
          ပုသိမ်အကျဉ်းထောင် ကြိုးတိုက်ထဲမှာ ကျနော်တို့ လူတွေ စုံလင်သွားကြပြီ။ မတ်လ(၁၁)ရက်၊ (၁၂)ရက် သပိတ်မှောက်အရေးအခင်းမှာ ရှေ့ တန်းက တက်တက်ကြွကြွပါဝင်ခဲ့ကြသူတွေဖြစ်သည်။ ကျောင်းသူသုံးယောက်ပါသည်။ သူတို့ က မိန်းမထောင်ဘက်မှာ။ စုစုပေါင်း(၂၁)ယောက်။
          အမှုက ကျနော်တို့ အားလုံးကို ပုဒ်မ ၅(ဃ) (ည) နှစ်ခုနှင့် ဖမ်းဆီး တရားစွဲဆိုထားခြင်းဖြစ်သည်။
          ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် သန်းဝင်း(ခ) အနန္တလှိုင် (ပါ) ၂၁ ဦးအမှု။
          ကျနော့်မှာ အမေကမွေး၊ ပေးတဲ့နာမည် “သန်းဝင်း” ။ ပုသိမ်ကောလိပ်မှာ ကျနော့်ကလောင်နာမည်က “အနန္တလှိုင်” ပါ။(ကျနော့်ကို ထောက်လှမ်းရေးနဲ့  ရဲက ဖမ်းတာ အနန္တလှိုင် အနေနဲ့ ပါ။ နောက်မှ ကျနော့်နာမည်အရင်း သန်းဝင်း ဖြစ်မှန်းသိသွားပြီး၊ အဲဒီလို သန်းဝင်း(ခ) အနန္တလှိုင်(ပါ) ၂၁ဦး ဖြစ်သွားရတာပါပဲ။
          နောက်ရှိသေးတယ်။ ကျောင်းမှာ မေဂျာပေါင်းစုံဘောလုံးကန်တော့၊ ကျနော်က မြန်မာစာမေဂျာလက်ရွေးစင်။ ဘောလုံးကွင်းထဲမှာ ပရိသတ်က ကျနော့်ကိုအော်ဟစ်အားပေးကြပုံက “အင်ဖဲင်နတီလှိုင်” (INFINITY HLAING) ပါတဲ့ဗျာ။
          ခုတော့ ပုသိမ်အကျဉ်းထောင်ကြီးထဲမှာ ကိုယ့်ကို အင်ဖဲင်နတီလှိုင်လို့ ခေါ်ပြီး အားပေးမယ့်သူလည်းမရှိ။ အမှုတွဲတွေ စုံညီရောက်မလာခင်က ကျနော်တစ်ကိုယ်တော်၊ ဘုန်းမောင်တစ်ယောက်တည်းရယ် ဖြစ်သည်။ ကုလားအဘိုးကြီးနဂါးနီကတော့ ရှိတာပေါ့ လေ။ သူ့ ကျတော့၊
ဆရာမာန်မြင့်ရေးတဲ့ “ဂန္ထ၀င်သာလိကာ” ၀တ္ထုတိုထဲကလို၊ အချစ်ရေ…ကိုယ် ပလေတိုအကြောင်းပြောပြမယ် ဆိုတာမျိုး လုပ်လို့ မရဘူးလေ။
          ဘာပဲဖြစ်ဖြစ်၊ အမေ့ရဲ့  (၂၂) နှစ်သားကလေး၊ ထောင်ထဲရောက်သွားလည်း အားမငယ်ခဲ့ဘူး။
          ကျနော်နဲ့ အတူ…၊ မြောင်းမြက စိုးထိုက်(နောင် စိုးအိမ်ဖြစ်လာ)၊ ကိုထွန်းဝေ( နောင် စိုးသစ်၊ ယခု စိုးနေလင်းဖြစ်လာ)၊ ကိုခင်မောင်စိုး (ယခု ကွယ်လွန်)၊ မြင့်ဝေ(ယခု ကွယ်လွန်)၊ တင့်ရှိန်၊ ခေတ်စိန်၊ ၀င်းမြင့်( နောင် မြေနုဖြစ်လာ)၊ လက်ပံတန်းက မျိုးခင်၊ ပေါင်းတည်က စိန်ဝင်းမောင်
(သူက ထပ်ကွမ်းလူရည်ချွန်)၊ ပေါင်းတလည်က အောင်ဌေးမြင့်၊ ပြည်က ကိုမြ(ယခု ကွယ်လွန်)၊ စိုးသန်း၊ မြင့်သန်းဌေး၊ ဟင်္သာတက မြင့်ဦး နှစ်ယောက်၊ မင်းလှ(ပဲခူးတိုင်း)က မောင်မောင်ငြိမ်း၊ မြန်အောင်က မြင့်သိန်း( ၉၀ရွေးကောက်ပွဲအနိုင်ရ NLD အမတ်၊ ယခု ကွယ်လွန်)၊ ကျောင်းသူတွေက ညောင်တုန်းက ညွန့် ညွန့် ဝေ၊ သုံးဆယ်က ဘေဘီသိန်း နဲ့ လပွတ္တာက ချိုချိုဝင်း၊ စုစုပေါင်း(၂၁)ယောက်။
          ထောင်ထဲမှာ ကျနော်တို့ ”နီ” ခဲ့ကြသည်။ လက်ဝဲစာအုပ်တွေ အများကြီးဖတ်ခွင့်ရခဲ့သည်။ ကျောင်းသားတိုင်း ကြိုးတိုက်ထဲ(နောင် ၀ါလားတိုက်ကိုပြောင်းရတော့လည်း ၀ါလားတိုက်ထဲ)က အခန်းအခန်းတွေထဲမှာ စာအုပ်တွေ၊ စာအုပ်တွေဆိုတာ အပုံလိုက်ပုံထားကြသည်။ တကယ့်ကို
ဘ၀တက္ကသိုလ်။ (အဲဒီတုန်းက ထောင်ပိုင်ခွင့်ပြုသည့် စာအုပ်တွေ ဖတ်ခွင့်ရှိသည်။ တချို့ လက်ဝဲကျမ်းရင်းတွေကိုတော့ အေကေအေပီနှင့် ခိုးသွင်းခိုးထုတ် ဖတ်ကြရသည်)
          နေ့ စဉ် ပဲဟင်းဝါ၀ါနှင့် ရုပ်ကိုအာဟာရ စောင့်ခဲ့ကြသည်။ စာအုပ်နီနီ၊ လက်ဝဲစာပေတွေနှင့် စိတ်ကိုအာဟာရစောင့်ခဲ့ကြသည်။
          “ပဲဟင်းအ၀ါ
          စာအုပ်ပုံအနီ”
          တစ်နှစ်ကျော်အကြာမှာ စီရင်ချက်ချသည်။ ကျနော်၊ စိုးထိုက်၊ ကိုထွန်းဝေ နှင့် စိန်ဝင်းမောင်တို့ က ပုဒ်မ ၅(ဃ)နှင့်သုံးနှစ်၊ ပုဒ်မ ၅(ည) နှင့် သုံးနှစ်၊ ပြစ်ဒဏ်နှစ်ရပ်အတွက် ခြောက်နှစ်။ ကျန်သူတွေထဲက ကျောင်းသားတွေ (၂)နှစ်စီ။ ကျောင်းသူသုံးယောက်က တစ်နှစ်ခွဲဆိုတော့၊ အမိန့် ချတဲ့နေ့ ပဲ ချက်ချင်းလွတ်သွား။
          ကျနော်တို့ လေးယောက်ကလည်း ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံခွင့်ရသဖြင့်၊ သုံးနှစ်မပြည့်ခင် လျှော့ရက်နှင့် ကျနော်တို့  ပြန်လွတ်လာခဲ့ကြသည်။
          ပထမအကြိမ်၊ ပုသိမ်အကျဉ်းထောင် နရသိန်တောရကပြန်လာတော့၊ ကျနော်နဲ့ အတူ ထောင်ထဲမှာရေးခဲ့သည့် “ကျူးဘားတော်လှန်ရေး” ဆိုသည့် ကဗျာရှည်ကြီး လျှို့ ဝှက်ပါလာခဲ့လေသည်။ 
ေ အ ာ င္ ေ ၀ း
၁၀-၂၃-၁၃။
(အပိုင်း-၂ ဆက်ဖတ်ပါရန်)                              
သရုပ်ဖော် ပန်းချီ မင်းကျော်ခိုင်                                                        


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Memories

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)